မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အချိန်ရောက်လာပြီ!”

“အချိန်ရောက်လာပြီ!”

“အချိန်​ရောက်လာ​ပြီ!”

‘ဤ​လောက​မှ​ခမည်းတော်​ထံ​သို့ ပြောင်း​ရသော​အချိန်​ရောက်ပြီ။’—ယောဟန် ၁၃:၁

၁။ စီ.အီး. ၃၃ ပသခါပွဲ​နီးကပ်​လာ​သည်​နှင့်​အမျှ ယေရုရှလင်​မြို့​သည် အဘယ်​ထင်ကြေး​များ​ဖြင့် လှုပ်လှုပ်ရှားရှား​ဖြစ်​လျက်​ရှိ​သနည်း၊ အဘယ်ကြောင့်​နည်း။

စီ.အီး. ၂၉၊ နှစ်ခြင်း​ခံ​ချိန်​တွင် ယေရှုသည် မိမိ၏​သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း​နှင့် ဘုန်းထင်ရှား​ခြင်း​တို့​ဖြစ်စေ​မည့် “အချိန်” သို့​ဦးတည်​ပေး​သော​လမ်းစဉ်​ကို စတင်​လျှောက်လှမ်း​ခဲ့​သည်။ ယခု​အချိန်​ကား စီ.အီး. ၃၃ နွေဦး​ရာသီ​ဖြစ်သည်။ ဂျူး​အထက်​တရားရုံး ဆဲန်ဟီဒရင်​မှ ယေရှုကို​သတ်​ဖို့ တိုင်ပင်​ကြံစည်​ခဲ့​သည်​မှာ သီတင်းပတ်​အနည်းငယ်​သာ​ရှိသေး​သည်။ သူတို့၏​အကြံအစည်​ကို ကိုယ်တော်​နှင့်​ခင်မင်​ရင်းနှီး​သည့် ဆဲန်ဟီဒရင်​အဖွဲ့ဝင်​တစ်ဦး​ဖြစ်သူ နိကောဒင်​ထံ​မှ ယေရှု​သိရှိ​ပုံ​ရပြီး ယေရုရှလင်​မြို့မှ​ထွက်​ကာ ယော​ဒန်​မြစ်​တစ်ဖက်​ကမ်းရှိ ကျေးလက်​ဒေသ​သို့​ကြွသွား​လေ​သည်။ ပသခါပွဲ​နီးလာသည်နှင့် ကျေးလက်​ဒေသ​မှ များစွာသော​သူတို့သည် ယေရုရှလင်​မြို့​သို့​ရောက်လာ​ကြ​ရာ မြို့တော်​သည် ယေရှု​နှင့်​ပတ်သက်​သည့် ထင်ကြေး​များ​ဖြင့် အုတ်​အုတ်​ကျက်​ကျက်​ဖြစ်​လျက်​ရှိ၏။ “အချင်း​တို့၊ အဘယ်​သို့​ထင်ကြ​သနည်း။ သူသည် ပွဲ​သို့​မလာ​သလော” ဟု​အချင်းချင်း​မေးမြန်း​ကြ​၏။ ယဇ်ပုရောဟိတ်​မင်းကြီး​နှင့် ဖာရိရှဲ​တို့​က ယေရှုကို တွေ့ရှိ​သူ​မည်သူ​မဆို​သည် သူတို့​ထံ​အကြောင်းကြား​ရမည်ဟု အမိန့်ထုတ်​ထားခြင်း​ဖြင့် အခြေအနေ​ကို ပို​၍​ရုတ်ရုတ်သဲသဲ​ဖြစ်စေ​သည်။—ယောဟန် ၁၁:၄၇-၅၇

၂။ မာရိ​၏​အဘယ်​အပြုအမူက အငြင်းပွားမှု​ဖြစ်စေ​သနည်း၊ သူ့​ဘက်​မှ ယေရှု​ကာကွယ်​ပေး​သည့်​အဖြေ​က “ကိုယ်တော်​၏​အချိန်” နှင့်​ပတ်သက်​၍ အဘယ်အရာကို​သိရှိ​ထား​ကြောင်း ဖော်ပြ​သနည်း။

ပသခါပွဲ​မတိုင်မီ ခြောက်​ရက်​အလို နိသန်လ ၈ ရက်​နေ့တွင် ယေရှုသည် ယေရုရှလင်​မြို့​ဝန်းကျင်​သို့ ပြန်ရောက်​နေသည်။ ကိုယ်တော်​၏​ချစ်​မိတ်ဆွေများ​ဖြစ်သော မာသ၊ မာရိနှင့် လာဇရု​တို့၏​ဇာတိမြေ၊ ယေရုရှလင်​မြို့မှ နှစ်​မိုင်​ခန့်အကွာ​တွင် တည်ရှိ​သည့်​ဗေသနိ​ရွာ​သို့ ကိုယ်တော်​ကြွလာ​သည်။ ၎င်းမှာ သောကြာ​နေ့​ညနေပိုင်း​ဖြစ်​ပြီး ယေရှုသည် ဥပုသ်​နေ့ကို ထို​တွင်​ကုန်လွန်​စေ​သည်။ နောက်​တစ်နေ့​ညနေပိုင်း​တွင် မာရိသည် တန်ဖိုး​ကြီးသော​ရေမွှေး​နှင့် ကိုယ်တော်​အားပြု​စု​ဧည့်ခံ​သောအခါ တပည့်တော်​များ​ကန့်ကွက်​ကြ​၏။ ယေရှု​က “ထို​မိန်းမကို​ရှိစေ​တော့။ ငါ​၏​အလောင်းကို​သင်္ဂြိုဟ်ခြင်း​ငှာ ပြင်ဆင်​သော​နေ့​တိုင်အောင် သူသည် ဤ​ဆီမွှေး​ကို​သိုထား​ပြီ။ ဆင်းရဲသော​သူတို့​ကား သင်တို့၌​အစဉ်​ရှိကြ​၏။ ငါ​မူ​ကား၊ အစဉ်​ရှိသည်​မဟုတ်” ဟု​တုံ့ပြန်​သည်။ (ယောဟန် ၁၂:၁-၈; မဿဲ ၂၆:၆-၁၃) ‘ဤ​လောက​မှ​ခမည်းတော်​ထံ​သို့ ပြောင်း​ရသော​အချိန်​ရောက်ပြီ​ကို’ ယေရှု​သိထား​သည်။ (ယောဟန် ၁၃:၁) နောက်ထပ်​ငါး​ရက်​အကြာတွင် ကိုယ်တော်​သည် “မိမိ​အသက်ကို​စွန့်​၍ လူများ​ကို​ရွေး” တော်​မူ​မည်။ (မာကု ၁၀:၄၅) ထို့​ကြောင့် ယေရှု​ပြု​လေ​သမျှ​နှင့် သွန်သင်​လေ​သမျှ​တွင် အရေးတကြီး​သဘောထား သက်ရောက်​နေသည်။ ဤ​အစီအစဉ်​စနစ်​အဆုံးကို စိတ်​ထက်သန်​စွာ စောင့်​နေကြ​စဉ် ကျွန်ုပ်​တို့အတွက်​ထား​ရှိခဲ့​သည့် အလွန်​ကောင်းသော​ပုံသက်သေ​ပါ​တကား! နောက်​တစ်နေ့​တွင် ယေရှု​၌​အဘယ်​သို့​ဖြစ်ပျက်​ကြောင်း သုံးသပ်ကြည့်​ပါ။

ယေရှု၏ အောင်ပွဲခံ​ဝင်ရောက်​သည့်​နေ့

၃။ (က) ယေရှုသည် နိသန် ၉ ရက်၊ တနင်္ဂနွေ​နေ့တွင် ယေရုရှလင်​မြို့ကို မည်သို့​ဝင်ရောက်​လာ​သနည်း၊ ကိုယ်တော့်​ပတ်လည်​ရှိသူ​အများစုက မည်သို့​တုံ့ပြန်​ကြ​သနည်း။ (ခ) လူအုပ်​နှင့်​ပတ်သက်​၍ မကျေမနပ်​ဖြစ်သော​ဖာရိရှဲ​များ​ကို ယေရှု​မည်သို့​ဖြေဆို​သနည်း။

နိသန်လ ၉ ရက်၊ တနင်္ဂနွေ​နေ့တွင် ယေရှုသည် ယေရုရှလင်​မြို့​သို့ အောင်ပွဲခံ​ဝင်ရောက်​လာ​သည်။ ဇာခရိ ၉:၉ ၏​ပြည့်စုံချက်​အနေ​နှင့် မြည်း​ကလေး​ကို​စီး​လျက် မြို့ကို​ချဉ်းကပ်​လာစဉ် ကိုယ်တော့်​အနီး စုရုံး​နေကြ​သူ​အများစု​သည် မိမိတို့၏​ဝတ်လုံကို လမ်း၌​ခင်း​ကြ​ပြီး အချို့​တို့​မူ သစ်​ခက်​များ​ကို​ခုတ်​၍ ခင်း​ကြ​၏။ “ထာဝရ​ဘုရား​၏​အခွင့်​နှင့် ကြွလာ​တော်​မူ​သော​ရှင်ဘုရင်​သည် မင်္ဂလာ​ရှိစေ​သတည်း” ဟု​သူတို့​ကြွေးကြော်​ကြ​၏။ လူအုပ်​ထဲ​မှ​ဖာရိရှဲ​အချို့​က ယေရှုကို မိမိ၏​တပည့်တော်​များ​အား ဆုံးမ​ဟန့်တား​ပေး​စေ​လို​ကြသည်။ သို့သော် ယေရှု​ဤသို့​ဖြေဆို​သည်– “ငါ​ဆိုသည်ကား၊ ဤ​သူတို့သည် တိတ်ဆိတ်​စွာ​နေလျှင် ကျောက်ခဲ​တို့သည် ချက်ချင်း​ကြွေးကြော်​ကြလိမ့်မည်။”—လုကာ ၁၉:၃၈-၄၀; မဿဲ ၂၁:၆-၉

၄။ ယေရုရှလင်​မြို့​သို့ ယေရှု​ဝင်ရောက်​သောအခါ အဘယ်ကြောင့်​ရုတ်ရုတ်သဲသဲ​ဖြစ်သွား​သနည်း။

လွန်​ခဲ့​သည့်​သီတင်းပတ်​အနည်းငယ်​ခန့်​က​ပင် လူအုပ်​ထဲ​ရှိ​အများစု​သည် လာဇရု​အား ယေရှု​ရှင်ပြန်ထမြောက်​ပေး​သည်ကို မြင်တွေ့ခဲ့ကြ​သည်။ ယခု ဤ​သူတို့သည် ထို​အံ့ဖွယ်အမှု​အကြောင်း အခြား​သူတို့ကို​ပြောပြ​နေကြ​သည်။ ထို့​ကြောင့် ယေရုရှလင်​မြို့​သို့ ယေရှု​ဝင်ရောက်​သောအခါ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ​ဖြစ်သွား​သည်။ “ဤ​သူ​ကား​အဘယ်သူ​နည်း” ဟု​လူ​တို့​မေး​ကြသည်။ “ဤ​သူသည် ဂါလိလဲ​ပြည် နာဇရက်​မြို့၌​ပေါ်ထွန်း​သော ပရောဖက်​ယေရှု​ပေ​တည်း” ဟု​အဆက်မပြတ်​ပြော​နေကြ​သည်။ ဖြစ်ပျက်​နေ​သမျှ​ကို​ကြည့်​လျက် ဖာရိရှဲ​တို့​က “ဤ​လောကသည် ထို​သူ​နောက်သို့ လိုက်သွား​ပါ​ပြီ​တကား” ဟု​မြည်တမ်း​ကြ​၏။—မဿဲ ၂၁:၁၀၊ ၁၁; ယောဟန် ၁၂:၁၇-၁၉

၅။ ဝတ်ပြုရာ​အိမ်တော်​သို့ ယေရှု​သွားသော​အခါ အဘယ်အရာ​ဖြစ်ပျက်​သနည်း။

ယေရုရှလင်​မြို့​သို့​ရောက်​သောအခါ ကြီးမြတ်သော​ဆရာ၊ ယေရှုသည် ထုံးစံ​ရှိသည်​အတိုင်း ဝတ်ပြုရာ​အိမ်တော်​သို့​သွား​၍ သွန်သင်​လေ​၏။ ထို​တွင် မျက်စိကန်း​သူများ​နှင့် မစွမ်းမသန်​သူတို့သည် အထံတော်​သို့​လာ​ကြ​ရာ ကိုယ်တော်​သည် သူတို့ကို ကုသ​ပေး​တော်​မူ​၏။ ထို​အံ့ဖွယ်​အမှုကို​မြင်​သည့်​အပြင် သူငယ်​တို့​က​လည်း ‘ဒါဝိဒ်​၏​သားတော် ကယ်တင်​တော်​မူ​ပါ၊ ကျွန်ုပ်​တို့​ဆုတောင်း​ပါ​၏’ ဟု​ဝတ်ပြုရာ​အိမ်တော်၌​ကြွေးကြော်​ကြသည်​ကို​ကြား​သောအခါ ယဇ်ပုရောဟိတ်​အကြီး​နှင့် ကျမ်း​ပြု​ဆရာ​တို့သည် အမျက်ထွက်​ကြ​၏။ “ဤ​သူတို့သည် အဘယ်​သို့​ပြောဆို​သည်ကို​ကြား​သလော” ဟု​သူတို့​ကန့်ကွက်​ကြ​၏။ “ငါ​ကြား​၏။ ‘နို့စို့​သူငယ်​တို့​နှုတ်​ထဲ​မှ ကိုယ်တော်​သည် ချီးမွမ်း​ခြင်း​ကို​ပြင်ဆင်​တော်​မူ​သည်’ ဟူသော​စကား​ကို သင်တို့သည် တစ်ရံ​တစ်ခါမျှ​မဖတ်ဖူး​သလော” ဟု​ယေရှု​က ပြန်၍​မိန့်ကြား​လိုက်​သည်။ ယေရှု​ဆက်၍​သွန်သင်​စဉ် ဝတ်ပြုရာ​အိမ်တော်၌​ဖြစ်ပျက်​နေရာ​တို့ကို စေ့စေ့စပ်စပ်​ကြည့်ရှု​တော်​မူ​၏။—မဿဲ ၂၁:၁၅၊ ၁၆; မာကု ၁၁:၁၁

၆။ ယခု ယေရှု၏​ချဉ်းကပ်​ပုံ​သည် အစောပိုင်းက​ချဉ်းကပ်​ပုံ​နှင့် မည်သို့​ကွာခြား​သနည်း၊ အဘယ်ကြောင့်​နည်း။

အစောပိုင်း​ခြောက်​လ​က ယေရှု၏​ချဉ်းကပ်​ပုံ​နှင့် ယခု​အကြိမ် ကွာခြား​လိုက်​လေ​ခြင်း! ထို​အချိန်​က ကိုယ်တော်​သည် သကေနေပွဲ​အတွက် ယေရုရှလင်​မြို့​သို့ “မထင်မရှား” ကြွလာ​တော်​မူ​၏။ (ယောဟန် ၇:၁၀) ထို့​ပြင် အသက်​အန္တရာယ်​ကြုံ​ရသည့်​အခါ ကိုယ်တော်​သည် အစဉ်သဖြင့်​ချင့်ချိန်​ကာ ရှောင်တိမ်း​သွား​တတ်​သည်။ ယခု ကိုယ်တော်​အား​ဖမ်းဆီး​ဖို့ အမိန့်ထုတ်​ထား​သည့်​မြို့​အတွင်း​သို့ ပေါ်ပေါ်ထင်ထင်​ဝင်ရောက်​လေ​သည်! ထို့​ပြင် ယေရှုသည် မိမိကိုယ်ကို​မေရှိယ​အဖြစ် ကြေညာ​လေ့​မရှိပါ။ (ဟေရှာယ ၄၂:၂; မာကု ၁:၄၀-၄၄) မိမိ​အကြောင်း ဆူညံ​စွာ​ကြေညာ​ခြင်း သို့​မဟုတ် တစ်ဆင့်​စကား​တစ်ဆင့်​ကြား​ပြော​သဖြင့် အလွဲလွဲ​အမှား​မှား​ဖြစ်သည်​ကို ကိုယ်တော်​မလိုလား​ချေ။ ယခု​တွင် လူအုပ်ကြီး​မှာ ကိုယ်တော်​သည် ရှင်ဘုရင်​နှင့် ကယ်တင်ရှင်—မေရှိယ—ဖြစ်​ကြောင်း အထင်အရှား​ကြေညာ​နေကြ​ပြီး သူတို့ကို တိတ်​ခိုင်း​ဖို့ ဘာသာရေး​ခေါင်းဆောင်​များ​၏ တောင်းဆိုချက်​ကို ကိုယ်တော်​ငြင်းဆို​လိုက်ပါ​သည်​တကား! အဘယ်ကြောင့်​ပြောင်းလဲ​သွား​သနည်း။ နောက်​တစ်နေ့​တွင် ယေရှု​ကြေညာ​သည့်​အတိုင်း “လူသား​သည် ဘုန်းပွင့်​ရသော​အချိန်​ရောက်လာ​ပြီ” ဖြစ်သော​ကြောင့်​တည်း။—ယောဟန် ၁၂:၂၃

ရဲရင့်​သော​အပြု​အမူ—ထို့နောက် အသက်ကယ် သွန်သင်ချက်​များ

၇၊ ၈။ စီ.အီး. ၃၃ နိသန်လ ၁၀ ရက်​မှ ယေရှု၏​လုပ်ရပ်များ​က စီ.အီး. ၃၀ ပသခါပွဲ​တွင် ဝတ်ပြုရာ​အိမ်တော်၌ ကိုယ်တော်​ပြုလုပ်​ခဲ့​ရာ​ကို မည်သို့​ထင်ဟပ်​စေ​သနည်း။

နိသန်လ ၁၀ ရက်၊ တနင်္လာ​နေ့၌ ဝတ်ပြုရာ​အိမ်တော်​သို့​ရောက်ရှိ​လာ​ရာ ယေရှုသည် ယ​မ​န်​နေ့​မွန်းလွဲပိုင်း​တွင် တွေ့ရှိ​ခဲ့​ရာ​ကို အရေးယူ​ဆောင်ရွက်​လေ​သည်။ ကိုယ်တော်​သည် စ​တင်၍ ‘ဝတ်ပြုရာ​အိမ်တော်၌​ရောင်းဝယ်​နေ​သူများကို နှင်ထုတ်​တော်​မူ​ပြီး ငွေ​လဲလှယ်​သူများ​၏​စားပွဲ၊ ချိုးငှက်​များ​ရောင်းသူ​တို့၏​ခုံ​များ​ကို မှောက်လှန်​တော်​မူ​၏; ဝတ်ပြုရာ​အိမ်တော်ကို​ဖြတ်၍ ပစ္စည်း​များ​သယ်ဆောင်​ခွင့်​မပြု​ပေ။’ အမှား​ပြုသူ​တို့ကို ပြစ်တင်​ရှုတ်ချ​လျက် ကိုယ်တော်​ဤသို့​ကြေညာ​သည်– “‘ငါ့​အိမ်ကို လူအမျိုးမျိုး​ဆုတောင်းရာ​အိမ်​ဟူ၍​ခေါ်ဝေါ်​ကြ​လတ္တံ့’ ဟု​ကျမ်းစာ​၌​လာ​သည်မဟုတ်​လော။ သို့သော်လည်း သင်တို့သည် ထို​အိမ်ကို ဓားပြ​တွင်း​ဖြစ်စေ​ကြပြီ​တကား။”—မာကု ၁၁:၁၅-၁၇

ယေရှု၏​လုပ်ရပ်များ​သည် လွန်ခဲ့သော​သုံးနှစ်၊ စီ.အီး. ၃၀ ပသခါပွဲ​ခံ​ချိန်​က ဝတ်ပြုရာ​အိမ်တော်​သို့​ရောက်ရှိ​လာချိန်​၌ ကိုယ်တော်​ပြုလုပ်​ခဲ့​ရာ​ကို ပြန်၍​ထင်ဟပ်​စေ​သည်။ သို့သော် ယခု​တစ်ကြိမ် လူသိရှင်ကြား​ရှုတ်ချ​ပြောဆိုခြင်း​သည် ပို​၍​ပြင်း​သည်။ ယခု​တွင် ဝတ်ပြုရာ​အိမ်တော်​ရှိ​ကုန်သည်​များ​ကို “ဓားပြ” များ​ဟု​ရည်ညွှန်းခဲ့​သည်။ (လုကာ ၁၉:၄၅၊ ၄၆; ယောဟန် ၂:၁၃-၁၆) ထိုသို့​ဖြစ်​ရခြင်း​မှာ သူတို့သည် ယဇ်​ပူဇော်​ရန် တိရစ္ဆာန်​များ​ဝယ်​ဖို့​လို​သူတို့​ထံ​မှ ဈေး​အဆ​မတန်​တောင်း​သောကြောင့်​ဖြစ်သည်။ ယေရှု​လုပ်ဆောင်မှုကို ယဇ်ပုရောဟိတ်​အကြီး​များ၊ ကျမ်းတတ်​များနှင့် အကြီးအကဲ​များ​ကြားသိ​သောအခါ ကိုယ်တော်​အား​သတ်​ရန် ရှာကြံ​ကြ​ပြန်​သည်။ သို့သော် လူအပေါင်း​တို့​က ကိုယ်တော်​၏​သွန်သင်ချက်​များ​ကို အံ့သြ​မိန်းမော​လျက် စေ့စေ့​နားထောင်​ကြသော​ကြောင့် ယေရှု​အား​မည်သို့​သုတ်သင်ပစ်​ရမည်ကို သူတို့​မသိကြ။—မာကု ၁၁:၁၈; လုကာ ၁၉:၄၇၊ ၄၈

၉။ ယေရှုသည် ဝတ်ပြုရာ​အိမ်တော်၌ အဘယ်​သင်ခန်းစာ​ကို သွန်သင်ပေး​ပြီး မိမိ​အား​နားထောင်သူ​တို့ကို အဘယ်​ဖိတ်ခေါ်ချက်​ကို ကမ်း​လှမ်း​သနည်း။

ဝတ်ပြုရာ​အိမ်တော်၌ ယေရှု​ဆက်၍​သွန်သင်​စဉ် ကိုယ်တော်​ဤသို့​ကြေညာ​သည်– “လူသား​သည်​ဘုန်းပွင့်​ရသော​အချိန်​ရောက်လာ​ပြီ။” မှန်ပါသည်၊ လူသား​အသက်တာ ရက်​အနည်းငယ်​သာ​ကျန်ရှိ​ကြောင်း ကိုယ်တော်​သိထား​သည်။ စပါး​တစ်စေ့​သည် အသီးသီး​ဖို့ ပျက်ရ​ပုံ​ကို ပြောပြ​ပြီး​နောက်—မိမိ၏​သေခြင်းနှင့် အခြားသူများ ထာဝရ​အသက်​ရရှိစေ​သည့် နည်း​တစ်နည်း​ဖြစ်လာ​ကြောင်းကို ဆက်စပ်​ပြ​လျက်—နားထောင်သူ​တို့ကို ဤသို့​ဖိတ်ခေါ်​ကမ်း​လှမ်း​သည်– “ငါ​၏​အမှုကို​ဆောင်ရွက်​သော​သူ​ဖြစ်​လျှင် ငါ့​နောက်သို့​လိုက်ရမည်။ ငါ​၏​အမှုဆောင်​သည်လည်း ငါ​ရှိရာ​အရပ်၌​ရှိ​လိမ့်​မည်။ ငါ​၏​အမှုကို​ဆောင်ရွက်​သော​သူ​ဖြစ်​လျှင် ထို​သူကို ခမည်းတော်​သည် ချီးမြှောက်​တော်​မူ​လတ္တံ့။”—ယောဟန် ၁၂:၂၃-၂၆

၁၀။ ရင်ဆိုင်​ရမည့် ပြင်းစွာ​သော​ဝေဒနာ​ဖြင့် သေဆုံး​ခြင်း​နှင့်​ပတ်သက်​၍ ယေရှု​မည်သို့​ခံစားရ​သနည်း။

၁၀ လေး​ရက်​သာ​လို​တော့​သည့် ပြင်းစွာ​သော​ဝေဒနာ​ဖြင့် မိမိ​သေဆုံး​ရမည့်​အကြောင်း တွေးတော​လျက် ယေရှု​က​ဤသို့​ဆက်​ပြော​သည်– “ငါသည် ယခု​စိတ်နှလုံး​ပူပန်ခြင်း​ရှိ၏။ အဘယ်​သို့​လျှောက်​ရမည်​နည်း။ ဤ​အချိန်နာရီ​မှ အကျွန်ုပ်​ကို​ကယ်တင်​တော်​မူ​ပါ၊ အဘ။” သို့သော် ဖြစ်လာ​တော့​မည့်​အရာ​ကို ယေရှု​မရှောင်​လွှဲ​နိုင်​ပေ။ “သို့ရာတွင် ဤ​အကြောင်းကြောင့် ဤ​အချိန်နာရီ​သို့ အကျွန်ုပ်​ရောက်လာ​ပါ​ပြီ” ဟု​ကိုယ်တော်​ဆို​သည်။ အမှန်​မှာ ဘုရားသခင်​၏​အစီအစဉ်​တစ်ခုလုံး​ကို ယေရှု​သဘောတူ​လက်ခံ​ထား​သည်။ ယဇ်​သကာ​သေခြင်း​တိုင်အောင် မိမိ၏​လုပ်ရပ်များ​ကို ဘုရားသခင့်​အလိုတော်​က​ထိန်းချုပ်​စေဖို့ ကိုယ်တော်​စိတ်ပိုင်းဖြတ်​ထား​သည်။ (ယောဟန် ၁၂:၂၇သမ္မာ) ဘုရားသခင့်​အလိုတော်ကို အပြည့်အဝ​လက်အောက်ခံခြင်း​ဆိုင်ရာ စံနမူနာ​ကောင်း​ကို ကျွန်ုပ်​တို့အတွက် ကိုယ်တော်​ချမှတ်​ခဲ့​သည်​တကား!

၁၁။ ကောင်းကင်​မှ​အသံ​ကြား​လိုက်ရ​သည့် လူအုပ်စုကြီး​ကို ယေရှု​အဘယ်​သွန်သင်ချက်​များ​ပေး​သနည်း။

၁၁ မိမိ၏​သေခြင်း​ကြောင့် ခမည်းတော်​၏​ဂုဏ်တော် မည်သို့​ထိခိုက်​မည်​ကို အလွန်​တွေးပူ​လျက် ယေရှု​က “အို​အဘ၊ ကိုယ်တော်​၏​နာမတော်​ကို ချီးမြှောက်​တော်​မူ​ပါ” ဟု​ဆုတောင်း​လေ​၏။ ဝတ်ပြုရာ​အိမ်တော်၌​စုရုံး​လျက်​ရှိသော လူအုပ်ကြီး​အတွက် အံ့အားသင့်​စ​ရာ ကောင်းကင်​မှ​အံ့ဖွယ်​အသံတော်​က “ငါ​ချီးမြှောက်​ခဲ့ပြီ။ တစ်ဖန်​ချီးမြှောက်​ဦး​မည်” ဟု​ကြေညာ​သည်။ ကြီးမြတ်သော​ဆရာ​က ဤ​အခွင့်အရေး​ကို​ယူ၍ အဘယ်ကြောင့် ဤ​အသံကို​ကြား​ရ​ကြ​ကြောင်း၊ မိမိ​သေခြင်း​၏​အကျိုးဆက်​သည် အဘယ်အရာ​ဖြစ်​ကြောင်း​နှင့် အဘယ်ကြောင့်​သူတို့​ယုံကြည်ခြင်း​တင်ပြ​ဖို့​လို​ကြောင်း မြွက်ကြား​တော်​မူ​သည်။ (ယောဟန် ၁၂:၂၈-၃၆) ကျန်ရှိ​သည့်​နှစ်​ရက်​တာ​သည် ယေရှု​အတွက် အမှန်ပင်​လှုပ်ရှား​ဆောင်ရွက်စရာ​များနှင့် ပြည့်နှက်​လျက်​ရှိသည်။ သို့သော် ခက်ခဲ​သော​နေ့ရက်​သည် ရှေ့တွင်​ရှိနေသေး​သည်။

လူသိရှင်ကြား​ရှုတ်ချ​ပြောဆို​သည့်​နေ့

၁၂။ နိသန်လ ၁၁ ရက်၊ အင်္ဂါ​နေ့တွင် ဘာသာရေး​ခေါင်းဆောင်​များသည် ယေရှုကို​အကွက်​ဆင်​ဖမ်း​ဖို့ မည်သို့​ကြိုးပမ်း​ကြ​ပြီး ရလဒ်​ကား​အဘယ်နည်း။

၁၂ နိသန်လ ၁၁ ရက်၊ အင်္ဂါ​နေ့တွင် ယေရှုသည် ဝတ်ပြုရာ​အိမ်တော်၌ သွန်သင်​ပေးဖို့ တစ်ဖန်​သွား​ပြန်​သည်။ ရန်လို​နေသော​ပရိသတ်​မှာ ကိုယ်တော့်​အနီး​တွင်​ရှိသည်။ ယ​မ​န်​နေ့​က ယေရှု၏​လုပ်ရပ်​ကို​ရည်ညွှန်း​လျက် ယဇ်ပုရောဟိတ်​အကြီး​တို့​နှင့် လူ​အကြီးအကဲ​တို့​က “ကိုယ်တော်​သည် ဤ​အမှု​များ​ကို အဘယ်​အခွင့်​နှင့်​ပြု​သနည်း။ ထို​အခွင့်​ကို အဘယ်သူ​ပေး​သနည်း” ဟု​မေး​ကြသည်။ ကြီးမြတ်သော​ဆရာ​သည် မိမိ၏​အဖြေ​အားဖြင့် သူတို့ကို​မိန်းမော​တွေဝေ​စေပြီး ကိုယ်တော်​အား​ဆန့်ကျင်သူ​တို့ မည်မျှ​ဆိုးညစ်​ကြောင်း အထုပ်​ဖြေ​ပြ​သည့် ရှင်းလင်း​ပြတ်သား​သော ပုံ​ဥပမာ​သုံးခု—နှစ်ခု​မှာ စပျစ်​ဥယျာဉ်​အကြောင်း​ဖြစ်​ပြီး တစ်ခု​မှာ မင်္ဂလာပွဲ​အကြောင်း—ကို​ပြောပြ​သည်။ ဘာသာရေး​ခေါင်းဆောင်​တို့သည် သူတို့​ကြား​ရသည့်​အရာ​ကြောင့် အမျက်ထွက်​ကာ ကိုယ်တော်​အား​ဖမ်းဆီး​လို​ကြသည်။ သို့သော် ယေရှု​အား​ပရောဖက်​အဖြစ်​ယူဆကြ​သော လူထု​ကို သူတို့​ကြောက်​သည်။ ထို့​ကြောင့် ကိုယ်တော်​အား အကွက်​ဆင်​ဖမ်းဆီး​နိုင်​ဖို့ သူတို့​ကြံစည်​ကြ​၏။ ယေရှု​ပေး​သော​အဖြေ​များ​က သူတို့ကို​နှုတ်ဆိတ်​သွား​စေ​သည်။—မဿဲ ၂၁:၂၃–၂၂:၄၆

၁၃။ မိမိ​အား​နားထောင်သူ​တို့ကို ကျမ်းတတ်​များ၊ ဖာရိရှဲ​များနှင့်​ပတ်သက်​၍ ယေရှု​အဘယ်​အကြံပေး​သနည်း။

၁၃ ကျမ်းတတ်​များနှင့် ဖာရိရှဲ​တို့သည် ဘုရားသခင်​၏​ပညတ်တော်​ကို သွန်သင်ပေး​သည်​ဆို​သောကြောင့် ယေရှု​က မိမိ​အား​နားထောင်သူ​တို့ကို ယခု​ဤသို့​တိုက်တွန်း​သည်– “သူတို့​စီရင်ထုံး​ဖွဲ့​သမျှ​တို့ကို စောင့်ရှောက်​၍​ပြု​ကြလော့။ သူတို့၏​အကျင့်​အတိုင်း မကျင့်​ကြ​နှင့်။ အကြောင်း​မူ​ကား သူတို့သည် စီရင်ထုံး​ဖွဲ့​သော်လည်း ကိုယ်တိုင်​မကျင့်​ကြ။” (မဿဲ ၂၃:၁-၃) လို​ရင်း​ရောက်​သော လူသိရှင်ကြား​ရှုတ်ချ​ပြောဆိုချက်​ပါ​တကား! သို့သော် ယေရှုသည် ယင်း​တို့​နှင့်​မဆုံး​သေး​ပါ။ ဤ​ကား ဝတ်ပြုရာ​အိမ်တော်၌ ကိုယ်တော်​၏​နောက်ဆုံး​နေ့​ဖြစ်​ပြီး ရဲရင့်စွာ​ဖြင့် ဆက်တိုက်​ဖော်ထုတ်​မှု​ဖြစ်သည်– ပဲ့​တင်​ပြန်​သည့်​မိုးချုန်းသံ​နှယ်​ဖြစ်သည်။

၁၄၊ ၁၅။ ကျမ်းတတ်​များ၊ ဖာရိရှဲ​များ​ကို​တိုက်ခိုက်​သည့် အဘယ်​ပြင်းထန်သော လူသိရှင်ကြား​ရှုတ်ချ​ပြောဆိုမှု​များ​ကို ယေရှု​မြွက်ကြား​သနည်း။

၁၄ “လျှို့ဝှက်​သော​ကျမ်း​ပြု​ဆရာ၊ ဖာရိရှဲ​တို့၊ သင်တို့သည် အမင်္ဂလာ​ရှိကြ​၏” ဟု​ယေရှု​ခြောက်​ကြိမ်​ကြေညာ​သည်။ ထိုသို့​ဖြစ်​ကြ​ခြင်း​မှာ ကိုယ်တော်​ရှင်းပြ​သကဲ့သို့ သူတို့သည် ကောင်းကင်​နိုင်ငံတော်​တံခါး​ကို လူ​တို့​ရှေ့၌​ပိတ်​ထား​ကြ​ပြီး ဝင်​လို​သူတို့ကိုလည်း ဝင်ခွင့်​မပြု​ကြသော​ကြောင့်​ဖြစ်၏။ ဤ​အရေခြုံ​သူတို့သည် လူတစ်ဦးကို​ဘာသာ​သွင်း​ဖို့ ကုန်း​ကြောင်း ရေကြောင်း​လှည့်လည်​၍ လက်ခံသူ​ကိုလည်း ထာဝရ​ပျက်စီးခြင်း​သို့​ရောက်​စေ​ကြသည်။ “တရား​သဖြင့်​စီရင်ခြင်း၊ သူတစ်ပါးကို​သနားခြင်း၊ သစ္စာစောင့်ခြင်း​တည်း​ဟူသော ပညတ်တရား​တွင် လေး​သော​အရာ​တို့ကို” လျစ်လျူရှု​ထား​ကြ​စဉ် သူတို့သည် ဆယ်ဖို့တစ်ဖို့​ပေးခြင်း​ကို အထူး​အာရုံစိုက်​နေကြ​သည်။ တစ်နည်း​အားဖြင့် သူတို့သည် “ဖလား၊ လင်ပန်း​ကို အပြင်​၌​ဆေးကြော​ကြ​၏။ အတွင်း​၌​ကား လုယူခြင်း၊ မတရား​သဖြင့်​ကျင့်​ခြင်း​နှင့် ပြည့်လျက်​ရှိကြ” ပြီး သူတို့​အတွင်း​၌ ပုပ်ပျက်​နေသော​အကျင့်​တို့ကို ဘုရားတရား​ကြည်ညို​ဟန်​ဖြင့် ဖုံးကွယ်​ကြသည်။ ထို့​ပြင် သူတို့သည် “ပရောဖက်​တို့ကို​သတ်​သော​သူတို့၏ အမျိုးအနွယ်” ဖြစ်​ကြသော်လည်း သူတို့၏​ရက်ရောမှု​ကို လူများ​အာရုံစိုက်ရန် ပရောဖက်​တို့၏​သင်္ချိုင်းဂူများကို စိတ်ပါလက်ပါ​တည်လုပ်​၍ တန်ဆာဆင်​ပေး​ကြသည်။—မဿဲ ၂၃:၁၃-၁၅၊ ၂၃-၃၁

၁၅ မိမိ​အား​ဆန့်ကျင်သူ​တို့၏ ဝိညာဉ်​ရေး​စံနှုန်း​များ​ကင်းမဲ့မှု​ကို​ရှုတ်ချ​လျက် ယေရှု​က “လမ်းပြ​သော​လူ​ကန်း​တို့၊ သင်တို့သည် အမင်္ဂလာ​ရှိကြ​၏” ဟု​မိန့်ဆို​သည်။ ဝတ်ပြု​ကိုးကွယ်​သည့်​နေရာ​၏ ဝိညာဉ်​ရေး​စံနှုန်း​ထက် ဝတ်ပြုရာ​အိမ်တော်​၏​ရွှေ​ကို ပို​၍​အလေးအနက်​ထား​ကြသော​ကြောင့် သူတို့သည် ကျင့်ဝတ်​တရား​အရ​ကန်း​နေကြ​သည်။ ယေရှုသည် ပြင်းထန်​သည့်​လူသိရှင်ကြား​ရှုတ်ချ​စကား​များ​ကို ဆက်၍​မိန့်မြွက်​သည်။ “မြွေ​ဆိုး​အမျိုး​တို့၊ သင်တို့သည် အပြစ်​ငရဲ [“ဂေဟင်္နာ၊” က​ဘ] မှ အဘယ်​သို့​လွတ်​နိုင်​ကြ​မည်​နည်း” ဟု​ကိုယ်တော် မြွက်ကြား​၏။ မှန်ပါသည်၊ သူတို့သည် ဆိုးယုတ်​သော​လမ်းစဉ်​သို့​လိုက်​သောကြောင့် ထာဝရ​ဖျက်ဆီးခြင်း​ခံရ​လိမ့်​မည်​ဟု ယေရှု​မိန့်မြွက်​နေသည်။ (မဿဲ ၂၃:၁၆-၂၂၊ ၃၃) ကျွန်ုပ်​တို့​လည်း ဘုရားသခင့်​နိုင်ငံတော်​သတင်း ကြေညာ​ရာ​၌ ဗာဗုလုန်​ဘာသာရေး​ကို ဖော်ထုတ်ခြင်း​နှင့် ပတ်သက်​လာ​လျှင်​ပင် အလားတူ​ရဲရင့်မှု​ပြ​နိုင်​ကြ​ပါစေ။

၁၆။ သံလွင်​တောင်ပေါ်​ထိုင်​နေကြ​စဉ် ယေရှုသည် မိမိ၏​တပည့်တော်​များ​ကို အဘယ်​အရေးပါသော​ပရောဖက်ပြုချက်​ကို မြွက်ကြား​သနည်း။

၁၆ ယခု ဝတ်ပြုရာ​အိမ်တော်​မှ ယေရှု​ထွက်ခွာ​သည်။ ညနေစောင်း​ပိုင်း​တွင် ကိုယ်တော်​နှင့်​တမန်​တော်​များသည် သံလွင်​တောင်ပေါ်​တက်​သွား​ကြသည်။ တောင်ပေါ်​တွင်​ထိုင်​နေကြ​စဉ် ယေရှုသည် ဝတ်ပြုရာ​အိမ်တော်​ပျက်စီးခြင်း၊ ကိုယ်တော်​ရောက်ရှိ​နေခြင်း​နှင့် ဤ​အစီအစဉ်​စနစ်​၏​အဆုံး​တို့​နှင့်​ပတ်သက်​၍ ပရောဖက်ပြု​သည်။ ဤ​ပရောဖက်ပြု​စကား​များသည် ကျွန်ုပ်​တို့​ခေတ်​အထိ အရေးပါ​သည်။ ထို​ညနေ​တွင် မိမိ၏​တပည့်တော်​များ​ကို ယေရှု​ဤသို့​ဆို​သေး​သည်– “နှစ်​ရက်​လွန်​မှ ပသခါပွဲ​နေ့​ရောက်မည်​ကို သင်တို့​သိ​ကြ​၏။ ထို​အခါ လူသားကို လက်ဝါးကပ်တိုင်​မှာ​ရိုက်​သတ်​စေခြင်း​ငှာ အပ်နှံ​ကြလိမ့်မည်။”—မဿဲ ၂၄:၁-၁၄; ၂၆:၁၊ ၂

ယေရှုသည် “မိမိလူ​တို့ကို အဆုံးတိုင်အောင်​ချစ်တော်မူ”

၁၇။ (က) နိသန်လ ၁၄ ရက်၊ ပသခါပွဲ​အတွင်း ယေရှုသည် ၁၂ ပါး​ကို အဘယ်​သင်ခန်းစာပေး​သနည်း။ (ခ) ယေရှုသည် ယုဒရှကာရုတ်​ကို ထွက်သွား​စေပြီး​နောက် အဘယ်​အထိမ်းအမှတ်ပွဲ​ကို စတင်​ကျင်းပ​သနည်း။

၁၇ ယေရှုသည် နောက်ထပ်​နှစ်​ရက်—နိသန် ၁၂ နှင့် ၁၃—တွင် ဝတ်ပြုရာ​အိမ်တော်၌ မထင်မရှား​နေ​တော်​မူ​၏။ ဘာသာရေး​ခေါင်းဆောင်​များသည် ယေရှုကို​သတ်​ဖို့​ရှာကြံ​နေကြပြီ​ဖြစ်​ရာ တမန်​တော်​များနှင့်​အတူ ပသခါပွဲ​ကျင်းပ​စဉ် မည်သည့်​အနှောင့်အယှက်​မျှ ကိုယ်တော်​မလိုလား​ပေ။ ကြာသပတေး​နေ့ နေဝင်ချိန်​သည် နိသန် ၁၄ ရက်—လူသား​တစ်ဦး​အဖြစ် ယေရှု၏​မြေကြီး​အသက်တာ​နောက်ဆုံး​နေ့—၏​အစ​ဖြစ်သည်။ ထို​ညနေ​တွင် ယေရှု​နှင့်​တမန်​တော်​များသည် ပသခါပွဲ​ကျင်းပ​ဖို့ သူတို့​အတွက်​ပြင်ဆင်​ထားသော ယေရုရှလင်​မြို့ရှိ​အိမ်​တစ်အိမ်​၌​စုရုံး​ကြသည်။ ပသခါပွဲ​ကို​အတူတကွ​ကျင်းပ​နေကြ​စဉ် ကိုယ်တော်​သည် ၁၂ ပါး​၏​ခြေ​များ​ကို​ဆေး​ပေးခြင်း​ဖြင့် နှိမ့်ချ​ခြင်း​ဆိုင်ရာ နှစ်လိုဖွယ်​သင်ခန်းစာ​တစ်ခု​ကို သင်ပေး​သည်။ မောရှေ၏​ပညတ်​အရ ကျွန်​တစ်ဦး၏​တန်ဖိုး​မျှ​သာ​ဖြစ်သော ငွေ ၃၀ ဖြင့် မိမိ၏​သခင်​ကို သစ္စာဖောက်​အပ်နှံ​ရန်​သဘောတူ​သည့် ယုဒရှကာရုတ်​ကို ထွက်ခွာ​စေပြီး​နောက် ယေရှုသည် မိမိ၏​သေခြင်း​အောက်မေ့ရာပွဲကို စတင်​ပြုလုပ်​သည်။—ထွက်မြောက်ရာ ၂၁:၃၂; မဿဲ ၂၆:၁၄၊ ၁၅၊ ၂၆-၂၉; ယောဟန် ၁၃:၂-၃၀

၁၈။ ယေရှုသည် မိမိ၏​သစ္စာရှိ​တမန်​တော် ၁၁ ပါး​ကို အဘယ်​ထပ်ဆင့်​သွန်သင်ချက်​များ ချစ်ခင်​စွာ​ပေး​သနည်း၊ နီးကပ်​လျက်​ရှိသော မိမိ၏​ခွဲခွာ​မှု​အတွက် ကိုယ်တော်​မည်သို့​ပြင်ဆင်​ပေး​သနည်း။

၁၈ အောက်မေ့ရာပွဲကို အစပြု​ပေး​ပြီး​နောက် တမန်​တော်​များသည် မည်သူ​ပို​၍​ကြီးမြတ်​ကြောင်း အပြင်းအထန်​ငြင်းခုံ​ကြသည်။ ယေရှုသည် သူတို့ကို​ဆူ​မည့်​အစား သူတစ်ပါး​၏​အစေခံခြင်း​၏​တန်ဖိုး​ကို စိတ်ရှည်​စွာ​သွန်သင်ပေး​သည်။ စမ်းသပ်ခံ​ရချိန်​အတွင်း မိမိ​၌​သူတို့​ဆည်းကပ်​ကြခြင်း​ကို လေးမြတ်​လျက် ကိုယ်တော်​သည် ဘုရားသခင့်​နိုင်ငံတော်​အတွက် သူတို့နှင့်​သီးသန့်​ပဋိညာဉ်ဖွဲ့​တော်​မူ​၏။ (လုကာ ၂၂:၂၄-၃၀) ထို့​ပြင် သူတို့ကို​ကိုယ်တော်​ချစ်​သကဲ့သို့ သူတို့​အချင်းချင်းချစ်​ကြ​ရန် ယေရှု​မိန့်မှာ​သည်။ (ယောဟန် ၁၃:၃၄) ထို​အခန်း​၌​ရှိနေစဉ် ယေရှုသည် နီးကပ်​လျက်​ရှိသော မိမိ၏​ခွဲခွာ​မှု​အတွက် သူတို့ကို ချစ်ခင်​စွာ​ပြင်ဆင်​ပေး​တော်​မူ​သည်။ သူတို့ကို ကိုယ်တော်​က မိတ်ဆွေ​အဖြစ်​သဘောထားကြောင်း စိတ်ချ​စေ​၍၊ ယုံကြည်ခြင်း​တင်ပြ​ဖို့ တိုက်တွန်း​ပေး​ကာ၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏ အထောက်အကူ​ပေး​မည်​ဟု ကတိပြု​သည်။ (ယောဟန် ၁၄:၁-၁၇; ၁၅:၁၅) အိမ်​မှ​မထွက်ခွာမီ ယေရှု​က​ခမည်းတော်​အား ဤသို့​အသနားခံ​လေ​သည်– “အကျွန်ုပ်​အချိန်​ရောက်​ပါ​ပြီ။ . . . သားတော်​သည် ကိုယ်တော်​၏​ဘုန်း​ကို ထင်ရှား​စေပါ​မည်​အကြောင်း သားတော်​၏​ဘုန်း​ကို ထင်ရှားစေ​တော်​မူ​ပါ။” စင်စစ်​အားဖြင့် ယေရှုသည် မိမိ၏​ခွဲခွာ​မှု​အတွက် တမန်​တော်​များ​အား​ပြင်ဆင်​ပေး​ထားပြီ​ဖြစ်​ရာ အမှန်ပင် “မိမိလူ​တို့ကို . . . အဆုံးတိုင်အောင်​ချစ်တော်မူ​၏။”—ယောဟန် ၁၃:၁; ၁၇:၁၊ ၂

၁၉။ ယေရှုသည် ဂေသရှေမန်​ဥယျာဉ်​အတွင်း​၌ အဘယ်ကြောင့်​ပြင်းစွာ​သော​ဝေဒနာ​ခံရ​သနည်း။

၁၉ ဂေသရှေမန်​ဥယျာဉ်​သို့ ယေရှု​နှင့် ကိုယ်တော်​၏​သစ္စာရှိ​တမန်​တော် ၁၁ ပါး​ရောက်​သောအခါ သန်း​ခေါင်​ကျော်​ပေ​ပြီ။ ထို​နေရာသို့ တမန်​တော်​များနှင့်​အတူ ကိုယ်တော်​သွား​နေကျ​ဖြစ်၏။ (ယောဟန် ၁၈:၁၊ ၂) နာရီ​ပိုင်း​အတွင်း ယေရှုသည် ယုတ်ညံ့​သော​ရာဇဝတ်သား​တစ်ဦး​ကဲ့သို့ သေဆုံး​ရတော့မည်။ ကြိုတင်​မျှော်လင့်​ထားသော ဤ​တွေ့ကြုံ​ရမည့်​အရာ​နှင့် ယင်းက ခမည်းတော်​အပေါ် ကဲ့ရဲ့​ရှုတ်ချ​စ​ရာ​ဖြစ်စေ​နိုင်​သည်​ဟူသော ဝေဒနာ​မှာ ပြင်းထန်​လွန်း​သဖြင့် ယေရှု​ဆုတောင်း​စဉ်​တွင် ချွေး​တို့သည်​သွေးစက်​ကဲ့သို့ မြေပေါ်​သို့​ကျ​လေ​သည်။ (လုကာ ၂၂:၄၁-၄၄) ယေရှု​က “အချိန်​ရောက်လာ​ပြီ။ . . . ငါ့ကို​အပ်နှံ​သော​သူသည်​ရောက်လာ​ပြီ” ဟု​တပည့်တော်​များ​အား မိန့်ဆို​သည်။ ကိုယ်တော်​ပြောဆို​နေစဉ်​မှာ​ပင် ယုဒရှကာရုတ်​သည် မီးတုတ်၊ မီးခွက်၊ လက်နက်များ​ကိုင်ဆောင်​လာ​ကြသော လူအုပ်ကြီး​နှင့်အတူ ချဉ်းကပ်​လာ​သည်။ ယေရှု​အား​ဖမ်းဆီး​ဖို့ လာ​ခြင်း​ဖြစ်၏။ ကိုယ်တော်​မခုခံ​ပါ။ “သို့​ဖြစ်​လျှင် ဤသို့​သော​အမှုအရာ​တို့သည် ဖြစ်​ရမည်​ဟူသော​ကျမ်းစာ​အချက်​သည် အဘယ်​သို့​ပြည့်စုံ​အံ့​နည်း” ဟု​ကိုယ်တော်​ရှင်းပြသည်။—မာကု ၁၄:၄၁-၄၃; မဿဲ ၂၆:၄၈-၅၄

လူသား​သည် ဘုန်းပွင့်​တော်​မူ​ပြီ!

၂၀။ (က) ယေရှု​အဖမ်း​ခံရ​ပြီး​နောက် အဘယ်​ရက်စက်​ယုတ်မာ​မှုများ တွေ့ကြုံ​ရသနည်း။ (ခ) မသေဆုံးမီ​ကလေး​၌ “အမှု​ပြီးပြီ” ဟု ယေရှု​အဘယ်ကြောင့်​ကြွေးကြော်​သနည်း။

၂၀ ယေရှု​အဖမ်း​ခံရ​ပြီး​နောက် ကိုယ်တော်​သည် မမှန်​သော​သက်သေ​များ​၏​စွပ်စွဲမှု​ကို​ခံ​ခဲ့​ရသည်၊ ဘက်လိုက်​သည့်​တရားသူကြီး​များ​၏ ဒဏ်​စီရင်ခြင်း​ခံ​ခဲ့​ရသည်၊ ပုန္တိပိလတ်​မင်း​၏​စီရင်ချက်​ချ​ခံ​ခဲ့​ရသည်၊ ယဇ်ပုရောဟိတ်​များနှင့် လူအုပ်​၏​မထီမဲ့မြင်​ပြုခြင်း​ခံ​ခဲ့​ရပြီး စစ်သား​များ​၏​လှောင်ပြောင်မှု​နှင့် နှိပ်စက်မှု​ကို​ခံ​ခဲ့​ရသည်။ (မာကု ၁၄:၅၃-၆၅; ၁၅:၁၊ ၁၅; ယောဟန် ၁၉:၁-၃) သောကြာ​နေ့​မွန်းတည့်​ချိန်​တွင် ယေရှုသည် ညှဉ်းဆဲ​ရာ​နှက်တိုင်​တွင် သံ​ရိုက်ခံရ​ပြီး ကိုယ်ခန္ဓာ​အလေးချိန်​က ကိုယ်တော်​၏​လက်​နှင့်​ခြေ​၌​ရှိသော သံ​ချက်​ရာ​တို့ကို​စုတ်ပြဲ​စေ​သဖြင့် မချိမဆံ့​နာကျင်မှုကို​ခံရ​လေ​သည်။ (ယောဟန် ၁၉:၁၇၊ ၁၈) မွန်းလွဲ​သုံးနာရီ​ခန့်​တွင် ယေရှု​က “အမှု​ပြီးပြီ” ဟု​ကြွေးကြော်​သည်။ မှန်ပါသည်၊ မြေကြီးပေါ်​၌​ပြု​ရမည့် အမှု​အားလုံး​ကို ကိုယ်တော်​အပြီး​တိုင်​လုပ်ဆောင်​သွားပြီ။ ဘုရားသခင်​ထံ​မိမိ၏​ဝိညာဉ်​ကို​အပ်​လျက် ခေါင်းတော်​ကို​ညွတ်​၍ သေဆုံး​သွား​သည်။ (ယောဟန် ၁၉:၂၈၊ ၃၀; မဿဲ ၂၇:၄၅၊ ၄၆; လုကာ ၂၃:၄၆) ထို့နောက် သုံးရက်​အကြာ​၌ ယေဟောဝါ​သည် မိမိ၏​သားတော်ကို​ရှင်ပြန်ထမြောက်​ပေး​တော်​မူ​သည်။ (မာကု ၁၆:၁-၆) ရှင်ပြန်ထမြောက်​ပြီး ရက်​လေးဆယ်​အကြာတွင် ယေရှုသည် ကောင်းကင်​သို့​တက်ကြွ​တော်​မူ​ပြီး ဘုန်း​အသရေ​ကို​ခံစားရ​သည်။—ယောဟန် ၁၇:၅; တမန်​တော် ၁:၃၊ ၉-၁၂; ဖိလိပ္ပိ ၂:၈-၁၁

၂၁။ ယေရှုကို​ကျွန်ုပ်​တို့ မည်သို့​တုပ​နိုင်​သနည်း။

၂၁ ‘ယေရှု၏​ခြေရာ​ကို’ ကျွန်ုပ်​တို့​မည်သို့ ‘အနီးကပ်​လိုက်လျှောက်’ နိုင်​သနည်း။ (၁ ပေတရု ၂:၂၁) ကျွန်ုပ်​တို့သည် ယေရှု​ကဲ့သို့ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် အားသွန်ခွန်စိုက်​ကြိုးပမ်း​ကာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အကြောင်း​ဟောပြော​ရာ​၌ ရဲရင့်​ကြပါစို့။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; တမန်​တော် ၄:၂၉-၃၁; ဖိလိပ္ပိ ၁:၁၄) အချိန်​ရေစီးကြောင်း​၏ အဘယ်​နေရာတွင် ကျွန်ုပ်​တို့​ရောက်နေ​ကြောင်း မည်သည့်​အခါ​မျှ မျက်ခြည်မပြတ်​ဘဲ ချစ်ခင်​စိတ်​ရှိစေရန်​နှင့် ကောင်းသော​အကျင့်ကို​ကျင့်​စေရန် အချင်းချင်း​တိုက်တွန်း​နှိုးဆော်​ဖို့ မည်သည့်​အခါ​မျှ မပျက်ကွက်​ကြ​စို့​နှင့်။ (မာကု ၁၃:၂၈-၃၃; ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျွန်ုပ်​တို့၏​အပြု​အမူ​လမ်းစဉ်​တစ်ရပ်လုံး​ကို ယေဟောဝါ​ဘုရားသခင်​၏​အလိုတော်နှင့် “အမှု​ကုန်​ရသည်​ကာလ” ၌​ကျွန်ုပ်​တို့​အသက်ရှင်နေ​သည်​ဟူသော အသိ​က​ထိန်းထားပါ​စေ။—ဒံယေလ ၁၂:၄

သင်​မည်သို့​ဖြေဆို​မည်​နည်း

• မိမိ​သေဆုံး​ဖို့​နီးပြီ​ဟူသော ယေရှု၏​အသိ​က ယေရုရှလင်​မြို့ရှိ ဝတ်ပြုရာ​အိမ်တော်၌ ကိုယ်တော်​၏​နောက်ဆုံး​အမှုဆောင်ခြင်း​အပေါ် အဘယ်​အကျိုး​သက်ရောက်မှု​ရှိခဲ့​သနည်း။

• ယေရှုသည် “မိမိလူ​တို့ကို . . . အဆုံးတိုင်အောင်​ချစ်” တော်​မူ​ခဲ့​ကြောင်း အဘယ်အရာက​ပြသ​နည်း။

• ယေရှု​ဘဝ၏​နောက်ဆုံး​အချိန်နာရီ​အနည်းငယ်​တွင် ဖြစ်ပျက်​ခဲ့​ရာ​များ​က ကိုယ်တော်​နှင့်​ပတ်သက်​၍ အဘယ်အရာ​ဖော်ပြ​သနည်း။

• ကျွန်ုပ်​တို့၏​အမှုဆောင်ခြင်း​တွင် ခရစ်တော်​ယေရှုကို မည်သို့​တုပ​နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေရှုသည် “မိမိလူ​တို့ကို . . . အဆုံးတိုင်အောင်​ချစ်တော်မူ​၏”