လုကာ ၁၉:၁-၄၈

  • ဇက်​ခဲ​ဆီ ယေရှု အလည်​သွား (၁-၁၀)

  • ဆယ်​မိုင်​နာ ပုံဥပမာ (၁၁-၂၇)

  • မြို့​ထဲ​ကို ယေရှု အောင်​ပွဲ​ခံ ဝင်​လာ (၂၈-၄၀)

  • ဂျေရု​ဆ​လင်​အတွက် ယေရှု ငို​ကြွေး (၄၁-၄၄)

  • ယေရှု ဗိမာန်​တော်​ကို သန့်​စင်​အောင် လုပ် (၄၅-၄၈)

၁၉  ယေရှု​က ယေ​ရိ​ခေါ​မြို့​ထဲ​ဝင်​ပြီး ဖြတ်​လျှောက်​သွား​တယ်။ ၂  အဲဒီ​မြို့​မှာ ဇက်​ခဲ​လို့​ခေါ်​တဲ့ အခွန်​ခံ​မှူး​တစ်​ယောက် ရှိ​တယ်။ သူ​ဟာ ချမ်း​သာ​ကြွယ်​ဝ​သူ​ပဲ။ ၃  သူ​က ယေရှု​ကို သိပ်​မြင်​ချင်​တယ်။ ဒါ​ပေမဲ့ အရပ်​က​လည်း ပု၊ ယေရှု​ပတ်​လည်​မှာ​လည်း လူ​တွေ​ ဝိုင်း​အုံ​နေ​လို့ မမြင်​ရ​ဘူး။ ၄  ဒါ​နဲ့ ယေရှု​သွား​မယ့် လမ်း​အတိုင်း ရှေ့​က​နေ ပြေး​ပြီး သူ့​ကို​မြင်​ရ​အောင် သဖန်း​ပိုး​စာ​ပင်​ပေါ် တက်​တယ်။ ၅  ယေရှု​က အဲဒီ​နေ​ရာ​ကို ရောက်​လာ​တဲ့​အခါ မော့​ကြည့်​ပြီး “ဇက်ခဲ၊​ မြန်​မြန်​ဆင်း​ခဲ့။ ဒီ​နေ့ ခင်​ဗျား​အိမ်​မှာ ကျွန်​တော်​တည်း​မယ်” လို့​ပြော​တယ်။ ၆  ဇက်​ခဲ​လည်း မြန်​မြန်​ဆင်း​လာ​ပြီး ယေရှု​ကို ဝမ်း​သာ​အား​ရ ဧည့်​ခံ​တယ်။ ၇  ဒါ​ကို လူ​တွေ​မြင်​တဲ့​အခါ “အပြစ်​သား​ရဲ့​အိမ်​မှာ သွား​တည်း​ခို​နေ​ပါ​လား” ဆို​ပြီးမကျေ​မနပ်​ပြော​ကြ​တယ်။+ ၈  ဇက်ခဲ​က ထ​ပြီး “သခင်၊ ကျွန်​တော့်ရဲ့ ဥစ္စာ​ပစ္စည်း​တစ်​ဝက်​ကို ဆင်း​ရဲ​သား​တွေ​ကို ပေး​ပါ့​မယ်။ ဘယ်​သူ့​ဆီ​က​ဖြစ်​ဖြစ် မတ​ရား​ယူ​ခဲ့​တာ​တွေ​ကို လေး​ဆ​ပြန်​ပေး​ပါ့​မယ်” လို့​ပြော​တော့၊+ ၉  ယေရှု​က “ဒီ​နေ့ ဘုရား​သခင်​က ဒီ​အိမ်​သား​တွေ​ကို ကယ်​တင်​လိုက်​ပြီ။ ခင်​ဗျား​ဟာ အာဗြဟံ​ရဲ့​သား​ဖြစ်​လို့​ပဲ။ ၁၀  တ​ကယ်​တော့ လူ​သား​ဟာ ပျောက်​တဲ့​သူ​တွေ​ကို ရှာ​ပြီး ကယ်​တင်​ဖို့ ရောက်​လာ​တာ” လို့​ပြော​တယ်။+ ၁၁  ဒါ​နဲ့ ယေရှု​က နား​ထောင်​နေ​တဲ့ တ​ပည့်တွေ​ကို ပုံ​ဥပမာ​တစ်​ခု ထပ်​ပြော​ပြတယ်။ ဂျေရု​ဆ​လင်​မြို့​ကို ရောက်ရင် ဘုရား​သခင့် နိုင်​ငံ​တော် ချက်​ချင်း​လာ​မယ်​ဆို​ပြီး သူတို့ ယူ​ဆ​ထား​လို့​ပဲ။+ ၁၂  ယေရှု အခု​လို​ပြော​တယ်– “မင်း​ညီ​မင်း​သား​တစ်​ယောက်​က ထီး​နန်း​ဆက်​ခံ​ပြီး​မှ ပြန်​လာ​မယ်​ဆို​ပြီး တိုင်း​တစ်ပါး​ကို​ ခရီး​ထွက်​သွား​တယ်။+ ၁၃  မသွား​ခင် ကျွန်​ဆယ်​ယောက်​ကို ခေါ်​ပြီး ဆယ်​မိုင်​နာ* အပ်​ပေး​တယ်။ ပြီး​တော့ ‘ငါ​ပြန်​လာ​ချိန်​အထိ ဒီ​ငွေ​နဲ့​အ​ရောင်း​အဝယ် လုပ်​ထား​ကြ​ပါ’ လို့​မှာ​တယ်။+ ၁၄  ပြည်​သား​တွေ​က​တော့ သူ့​ကို မကြိုက်​တဲ့​အတွက် သံ​တ​မန်​အဖွဲ့​ကို စေ​လွှတ်​ပြီး ‘ဒီ​လူ အုပ်​ချုပ်​မှာ​ကို ငါ​တို့ မလို​လား​ဘူး’ လို့​ပြော​ခိုင်း​တယ်။ ၁၅  “သူ ထီး​နန်း​ဆက်​ခံ​ပြီး​နောက် ပြန်​လာ​တဲ့​အခါ အရောင်း​အဝယ်​လုပ်​လို့ အမြတ်​ငွေ ဘယ်​လောက်​ရ​သလဲ​ဆို​တာ သိ​ဖို့ ငွေ​အပ်​ခဲ့​တဲ့ ကျွန်​တွေ​ကို ခေါ်​လိုက်​တယ်။+ ၁၆  ပထ​မကျွန်​က ရှေ့​ထွက်​လာ​ပြီး ‘သခင်​အပ်​ထား​တဲ့​ငွေ​နဲ့ ကျွန်​တော် ဆယ်​မိုင်​နာ အမြတ်ရ​ပါ​တယ်’ လို့​ပြော​တော့၊+ ၁၇  သခင်​က ‘တော်​လိုက်​တာ။ မင်း​ဟာ ကျွန်​ကောင်း​ပဲ။ အသေး​အမွှား​ ကိစ္စ​မှာ​တောင်​ သစ္စာ​ရှိ​တယ်​ဆို​တော့ မြို့​ဆယ်​မြို့​ကို အပိုင်​စား​စေ’+ လို့​ပြော​တယ်။ ၁၈  ဒုတိ​ယ​ကျွန်​က လာ​ပြီး ‘သခင်​အပ်​ထား​တဲ့​ငွေ​နဲ့​ ကျွန်​တော် ငါး​မိုင်​နာ အမြတ်ရ​ပါ​ပြီ’ လို့​ပြော​တော့၊+ ၁၉  သခင်​က​ ‘မင်း​လည်း မြို့​ငါး​မြို့​ကို အပိုင်​စား​စေ’ လို့​ပြော​တယ်။ ၂၀  ကျွန်​နောက်​တစ်​ယောက်​က ‘ဒီ​မှာ၊ သခင့်ရဲ့​ငွေ​ပါ။ အဝတ်​နဲ့​ထုပ်​ပြီး သိမ်း​ထား​ပါ​တယ်။ ၂၁  သခင်​ဟာ ခက်​ထန်​သူ၊ ကိုယ်​မအပ်​ထား​တဲ့​ငွေ​ကို သိမ်း​ယူ​တတ်​ပြီး ကိုယ်​မစိုက်​တဲ့​အရာ​ကို ရိတ်​သိမ်း​တတ်​သူ​ဖြစ်​မှန်း သိ​လို့ ကျွန်​တော်​ကြောက်​နေ​တာ’ ဆို​ပြီး လာ​ပြော​တယ်။+ ၂၂  သခင်​က ‘ကျွန်​ဆိုး၊ မင်း​ရဲ့​စကား​အတိုင်း မင်း​ကို ငါ​စီ​ရင်​မယ်။ ငါ​ဟာ ခက်​ထန်​တဲ့​သူ၊ ကိုယ်​မအပ်​ထား​တဲ့​ငွေ​ကို သိမ်း​ယူ​တတ်​ပြီး ကိုယ်​မစိုက်​တဲ့​အရာ​ကို ရိတ်​သိမ်း​တတ်​သူ​ဖြစ်​မှန်း မင်း​သိ​တယ်​ဆို​ရင်၊+ ၂၃  ငါ့​ငွေ​ကို အတိုး​ချ​ထား​သင့်​တာ​ပေါ့။ ဒါ​ဆို​ရင် ငါ​ပြန်​လာ​တဲ့​အခါ အရင်းရော အတိုး​ပါ ရဦး​မှာ’ လို့​ပြော​တယ်။ ၂၄  “အဲဒီ​နောက် အနား​မှာ​ရပ်​နေ​သူ​တွေ​ကို ‘သူ့​ဆီ​က​ငွေ​ကို ယူ​ပြီး ဆယ်​မိုင်​နာ​ရှိ​သူ​ကို ပေး​လိုက်’+ လို့​ပြော​တယ်။ ၂၅  သူတို့​က ‘သခင်၊ သူ့​ဆီ​မှာ ဆယ်​မိုင်​နာ​ရှိ​ပြီး​သား​ပဲ’ လို့​ပြော​တော့၊ ၂၆  သခင်​က ‘ငါ​ပြော​မယ်။ ရှိ​ထား​တဲ့​သူ​ဟာ ထပ်​ပြီး​ရ​လိမ့်​မယ်။ မရှိ​တဲ့​သူ​က​တော့ ရှိ​ထား​တာ​တောင် အသိမ်း​ခံ​ရ​လိမ့်​မယ်။+ ၂၇  အခု၊ ငါ​အုပ်​ချုပ်​တာ​ကို မကြိုက်​တဲ့ ရန်​သူ​တွေ​ကို ခေါ်​ခဲ့​ပြီး ငါ့​ရှေ့​မှာ ကွပ်​မျက်​စေ’ လို့​ပြော​တယ်။” ၂၈  ယေရှု​က အဲလို​ပြော​ပြီး​တဲ့​နောက် ဂျေရု​ဆ​လင်​မြို့​ကို ခ​ရီး​ဆက်​တယ်။ ၂၉  သံ​လွင်​တောင်​မှာ​ရှိ​တဲ့+ ဗက်​ဖာ​ဂေရွာ​နဲ့ ဗေ​သနိ​ရွာ​ရောက်​ခါ​နီး​မှာ တ​ပည့်​နှစ်​ယောက်​ကို စေ​လွှတ်​ပြီး၊+ ၃၀  “ရှေ့​မှာ​မြင်​နေ​ရ​တဲ့ ရွာ​ကို သွား​ကြ။ ရွာ​ထဲ​ဝင်​တာ​နဲ့ ဘယ်​သူ​မှ​မစီး​ဖူး​တဲ့ မြည်း​က​လေး​တစ်​ကောင် ချည်​ထား​တာ​ကို တွေ့​ရ​လိမ့်​မယ်။ ကြိုး​ဖြေပြီး ဒီ​ကို​ဆွဲ​လာခဲ့။ ၃၁  တစ်​ယောက်​ယောက်​က ‘ဘာ​လို့ မြည်း​ကြိုး​ကို ဖြေတာ​လဲ’ လို့​မေး​ခဲ့ရင် ‘သခင်​အသုံး​လို​လို့​ပါ’ ဆို​ပြီး​ပြော​လိုက်” လို့​မှာ​တယ်။ ၃၂  တ​ပည့်​နှစ်​ယောက်​လည်း ထွက်​သွား​ပြီး ယေရှု​ပြော​တဲ့​အတိုင်း တွေ့​တယ်။+ ၃၃  မြည်း​ကြိုး​ကို ဖြေနေ​တုန်း ပိုင်​ရှင်​တွေ​က “ဘာ​လို့ မြည်း​ကြိုး​ကို ဖြေတာ​လဲ” လို့​မေး​တော့၊ ၃၄  တ​ပည့်တွေ​က “သခင်​အသုံး​လို​လို့​ပါ” လို့​ပြန်​ဖြေတယ်။ ၃၅  ဒါ​နဲ့ မြည်း​က​လေး​ကို ယေရှု​ဆီ ဆွဲ​လာ​ပြီး သူတို့​ရဲ့​ဝတ်​ရုံ​ကို မြည်း​ကျော​ပေါ် ခင်း​ပေး​တယ်။ ယေရှု​က မြည်း​က​လေး​ကို စီး​လာ​တယ်။+ ၃၆  ယေရှု မြည်း​က​လေး စီး​လာ​တဲ့​အခါ လူ​တွေ​က သူတို့​ရဲ့​ဝတ်​ရုံ​ကို လမ်း​ပေါ် ဖြန့်​ခင်း​ကြ​တယ်။+ ၃၇  သံလွင်​တောင် အဆင်း​လမ်း​နား​ကို ရောက်​လာ​တဲ့​အခါ တ​ပည့်​အတော်​များ​များ​က​ သူ​တို့​မြင်​ခဲ့​တဲ့ အံ့​ဖွယ်​လုပ်​ရပ်တွေ​ကြောင့် ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ပြီး ဘုရား​သခင်​ကို အကျယ်​ကြီး အခု​လို​ချီး​မွမ်း​ကြ​တယ်– ၃၈  “ယေဟောဝါ​ရဲ့* နာမည်​နဲ့ ရောက်​လာ​တဲ့​ဘု​ရင် ကောင်း​ချီး​ခံစား​ရ​ပါ​စေ။ ကောင်း​ကင်​မှာ ငြိမ်သက်​ခြင်း​ရှိ​ပါ​စေ။ ကောင်း​ကင်​မှာ​စံမြန်း​တဲ့ ဘုရား​ကို ဂုဏ်​တင်​ချီး​မွမ်း​ကြ​ပါ​စေ။”+ ၃၉  လူ​အုပ်​ထဲ​မှာ​ပါ​လာ​တဲ့ ဖာ​ရိ​ရှဲ​တ​ချို့​က “ဆ​ရာ၊ တ​ပည့်တွေ​ကို တိတ်​တိတ်​နေ​ဖို့ ပြော​ပါ​ဦး”+ လို့​ပြော​တော့၊ ၄၀  ယေရှု​က “ကျွန်​တော် ပြော​မယ်။ သူတို့​သာ တိတ်​တိတ်​နေ​မယ်​ဆို​ရင် ကျောက်​ခဲ​တွေ ကြွေး​ကြော်​ကြ​လိမ့်​မယ်” လို့​ပြန်​ပြော​တယ်။ ၄၁  ဂျေရု​ဆ​လင်​မြို့ ရောက်​ခါ​နီး​မှာ ယေရှု​က မြို့​ကို​ကြည့်​ပြီး ငို​တယ်။+ ၄၂  ပြီး​တော့ “ငြိမ်သက်​မှု​ပေး​တဲ့​အရာတွေ​က ဘာ​တွေ​လဲ​ဆို​တာ မင်း​ကို သိ​စေ​ချင်​လိုက်​တာ။ အခု​တော့ အဲ​ဒါ​တွေ​ကို မင်း​မသိ​နိုင်​ပါ​လား။+ ၄၃  ရန်​သူ​တွေ​က မင်း​ရဲ့​ပတ်​လည်​မှာ တုတ်​ချွန်​ခံ​တပ်​ကို ဆောက်​ပြီး လေး​ဖက်​လေး​တန် ဝိုင်း​ရံ​ပိတ်​ဆို့​မယ့်​အချိန် ရောက်​လာ​လိမ့်​မယ်။+ ၄၄  သူတို့​က မင်း​နဲ့ မင်း​ရဲ့​သား​သမီး​တွေ​ကို လုံး​ဝ ဖျက်​ဆီး​ပစ်​လိမ့်​မယ်။+ ကျောက်​တစ်​တုံး​ပေါ်​တစ်​တုံး ဆင့်​ပြီး ကျန်​နေ​မှာ မဟုတ်​ဘူး။+ ဘာ​ကြောင့်​လဲ​ဆို​တော့ မင်း​ကို ကြည့်​ရှု​စစ်​ဆေး​တဲ့ အချိန်​ကို မင်း​မသိ​လို့​ပဲ” လို့​ပြော​တယ်။ ၄၅  အဲဒီ​နောက် ယေရှု​က ဗိမာန်​တော်​ကို​ဝင်​ပြီး အဲဒီ​မှာ ရောင်း​ဝယ်​နေ​သူ​တွေ​ကို မောင်း​ထုတ်​လိုက်​တယ်။+ ၄၆  “‘ငါ့​အိမ်​ဟာ ဆုတောင်း​ရာ​အိမ် ဖြစ်​လိမ့်​မယ်’+ လို့ ကျမ်း​စာ​မှာ ရေး​ထား​ပေမဲ့ ခင်​ဗျား​တို့​က အိမ်​တော်​ကို ဓား​ပြခို​အောင်း​တဲ့​နေ​ရာ ဖြစ်​စေ​ကြ​ပြီ”+ ဆို​ပြီး သူတို့​ကို ပြော​တယ်။ ၄၇  ယေရှု​က ဗိမာန်​တော်​မှာ နေ့​တိုင်း သွန်သင်​ပေး​တယ်။ ပု​ရော​ဟိတ်​ကြီး​တွေ၊ ကျမ်း​တတ်​တွေ၊ အကြီး​အကဲ​တွေ​က ယေရှု​ကို​သတ်​ဖို့ နည်း​လမ်း​ရှာ​ပေမဲ့၊+ ၄၈  ရှာ​လို့ မတွေ့​ဘူး။ လူ​အား​လုံး​က ယေရှု​ရဲ့​စကား​ကို ဂရု​တ​စိုက် နား​ထောင်​နေ​လို့​ပဲ။+

အောက်ခြေမှတ်ချက်များ

ဂရိ​ငွေ တစ်​မိုင်​နာ​က ၃၄၀ ဂရမ်​လေး​တယ်။ ဒ​ရက်​မာ ၁၀၀ နဲ့ တန်​ဖိုး​ညီ​တယ်။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။