မာကု ၁၄:၁-၇၂

  • ယေရှု​ကို​သတ်​ဖို့ ပု​ရော​ဟိတ်​တွေ ကြံ​စည် (၁၊ ၂)

  • ယေရှု​ကို ဆီ​မွှေး​လောင်း (၃-၉)

  • ယေရှု​ကို ယုဒ သစ္စာ​ဖောက် (၁၀၊ ၁၁)

  • နောက်​ဆုံး​ပသခါ (၁၂-၂၁)

  • သခင့်​ည​စာ​စား​ပွဲ စတင်​ကျင်း​ပ (၂၂-၂၆)

  • ပေတရု ငြင်း​ဆို​မယ့်​အကြောင်း ယေရှု ကြိုပြော (၂၇-၃၁)

  • ဂေသရှေ​မန်​ဥ​ယျာဉ်​မှာ ယေရှု​ဆုတောင်း (၃၂-၄၂)

  • ယေရှု အဖမ်း​ခံ​ရ (၄၃-၅၂)

  • ဂျူး​တ​ရား​ရုံး​ချုပ်​ရှေ့ စစ်​ဆေး​ခံ​ရ (၅၃-၆၅)

  • ယေရှု​ကို မသိ​ကြောင်း ပေတရု သုံး​ကြိမ်​ငြင်း​ဆို (၆၆-၇၂)

၁၄  နောက်​နှစ်​ရက်​အကြာ​မှာ+ ပသ​ခါ​ပွဲ​နဲ့*+ တ​ဆေး​မဲ့​မုန့်​ပွဲ+ ရှိတယ်။ ပု​ရော​ဟိတ်​ကြီး​တွေ​နဲ့ ကျမ်း​တတ်​တွေ​က ယေရှု​ကို အကွက်​ဆင်​ဖမ်း​ပြီး သတ်​ပစ်​ဖို့ နည်း​လမ်း​ရှာ​တယ်။+ ၂  ဒါ​ပေမဲ့ “ပွဲ​တော်​အတွင်း​မှာ​တော့ ဖမ်း​လို့​မဖြစ်​ဘူး။ လူ​တွေ ရုတ်​ရုတ်​သဲ​သဲ ဖြစ်​သွား​နိုင်​တယ်” ဆို​ပြီး ပြော​ကြ​တယ်။ ၃  ဗေ​သနိ​ရွာ​က အနာ​ကြီး​ရော​ဂါ​သည် ရှိ​မုန်​ရဲ့​အိမ်​မှာ ယေရှု​စား​သောက်​နေ​တုန်း အမျိုး​သမီး​တစ်​ယောက်​က တန်​ဖိုး​ကြီး နာ​ဒု* ဆီ​မွှေး​စစ်​စစ်​ပါ​တဲ့ ကျောက်​ဖြူ​ဘူး​ကို ယူ​လာ​တယ်။ ကျောက်​ဖြူ​ဘူး​ကို ဖွင့်​ပြီး ယေရှု​ရဲ့​ခေါင်း​ပေါ် လောင်း​လိုက်​တယ်။+ ၄  အဲဒီ​အခါ တ​ချို့​က စိတ်​ဆိုး​ဆိုး​နဲ့ “ဆီ​မွှေး​ကို ဖြုန်း​တီး​နေ​တာ။ ၅  ဒေ​နာ​ရိ* ၃၀၀ ကျော်​နဲ့ ရောင်း​ပြီး ဆင်း​ရဲ​သား​တွေ​ကို ပေး​လို့ရ​တာ​ပဲ” ဆို​ပြီး အချင်း​ချင်း​ပြော​ကြ​တယ်။ အဲဒီ​အမျိုး​သမီး​ကို​လည်း စိတ်​ဆိုး​ပြီး ဆူ​ကြ​တယ်။ ၆  ယေရှု​က “ထား​လိုက်​ပါ။ သူ့​ကို ဘာ​လို့ နှောင့်​ယှက်​နေ​တာ​လဲ။ သူ​က ကျွန်​တော့်​ကို ကောင်း​မှု​ပြု​နေ​တာ။+ ၇  ဆင်း​ရဲ​သား​တွေ​က ခင်​ဗျား​တို့​နဲ့​အတူ အမြဲရှိ​နေ​မှာ​ပဲ။+ ခင်​ဗျား​တို့ အလို​ရှိ​တဲ့​အခါ​တိုင်း သူတို့​ကို ကောင်း​မှု​ပြု​နိုင်​တယ်။ ကျွန်​တော်​က​တော့ ခင်​ဗျား​တို့​နဲ့​အတူ အမြဲရှိ​နေ​မှာ မဟုတ်​ဘူး။+ ၈  သူ​တတ်​နိုင်​တာ​ကို သူ​လုပ်​တာ​ပဲ။ ကျွန်​တော့်​အပေါ် ဆီ​မွှေး​လောင်း​တာ​ဟာ ကျွန်​တော့်​ကို သင်္ဂြိုဟ်​ဖို့ ကြို​တင်​ပြင်​ဆင်​နေ​တာ။+ ၉  ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ သတင်း​ကောင်း ဟော​လေ​ရာ မြေတစ်​ပြင်​လုံး​မှာ+ သူ့​ကို အမှတ်​ရ​တဲ့​အနေ​နဲ့ သူ​လုပ်​ခဲ့​တာ​တွေ​ကို ပြော​ကြ​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၁၀  တမန်​တော် ၁၂ ယောက်​ထဲ​က ယုဒ​ရှ​ကာ​ရုတ်​က ယေရှု​ကို သစ္စာ​ဖောက်​ပြီး အပ်​နှံ​ဖို့ ပု​ရော​ဟိတ်​ကြီး​တွေ​ဆီ သွား​တယ်။+ ၁၁  ပု​ရော​ဟိတ်​ကြီး​တွေ​က သူ့​ရဲ့​စကား​ကို ကြား​တဲ့​အခါ ဝမ်း​သာ​အား​ရ​ဖြစ်​ပြီး ငွေ​ပေး​မယ်​လို့ ကတိ​ပေး​ကြ​တယ်။+ ဒါ​ကြောင့် ယုဒ​က ယေရှု​ကို သစ္စာ​ဖောက်​အပ်​နှံ​ဖို့ အခွင့်​ကောင်း​ရှာ​နေ​တော့​တယ်။ ၁၂  ပသခါ​ပူ​ဇော်​သက္ကာ​ကို ဆက်​သလေ့​ရှိ​တဲ့+ တ​ဆေး​မဲ့​မုန့်​ပွဲ+ ပထ​မနေ့​မှာ တ​ပည့်တွေ​က “ပသခါ​ည​စာ​ကို ဘယ်​မှာ သွား​ပြင်​ဆင်​ရ​မလဲ” လို့​မေး​တဲ့​အခါ၊+ ၁၃  ယေရှု​က တ​ပည့်​နှစ်​ယောက်​ကို “မြို့​ထဲ ဝင်​သွား​လိုက်။ ရေ​အိုး​ထမ်း​လာ​တဲ့ ယောက်ျား​တစ်​ယောက်​ကို တွေ့​လိမ့်မယ်။ သူ့​နောက်​ကို လိုက်​ပြီး၊+ ၁၄  သူ​ဝင်​တဲ့​အိမ်​ထဲ လိုက်​ဝင်​သွား​ပါ။ ပြီး​တော့ ‘“တ​ပည့်တွေ​နဲ့​အတူ ပသခါ​ ည​စာ​ စား​မယ့်​ဧည့်ခန်း​က ဘယ်​မှာ​လဲ” လို့​ဆရာ​မေး​တယ်’ ဆို​ပြီး အိမ်​ရှင်​ကို ပြော​ပါ။ ၁၅  အိမ်​ရှင်​က အပေါ်​ထပ်​မှာ​ရှိ​တဲ့ ပြင်​ဆင်​ပြီး​သား အခန်း​ကြီး​တစ်​ခု​ကို ပြလိမ့်​မယ်။ အဲဒီ​အခန်း​မှာ ည​စာ​ပြင်​ဆင်​ပါ” လို့​မှာ​ပြီး လွှတ်​လိုက်​တယ်။ ၁၆  တ​ပည့်တွေ​လည်း ထွက်​သွား​ပြီး မြို့​ထဲ​ဝင်​တဲ့​အခါ ယေရှု​မှာ​တဲ့​အတိုင်း တွေ့​တော့ ပသခါ​ပွဲ​အတွက် ပြင်​ဆင်​ကြ​တယ်။ ၁၇  ည​ဦး​ပိုင်း​ရောက်​တော့ ယေရှု​က တမန်​တော် ၁၂ ယောက်​နဲ့​အတူ ရောက်​လာ​တယ်။+ ၁၈  စား​ပွဲ​မှာ ထိုင်​ပြီး စား​သောက်​ကြ​တဲ့​အခါ ယေရှု​က “ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ အတူ​စား​နေ​သူ​တွေ​ထဲ​က တစ်​ယောက် ကျွန်​တော့်​ကို သစ္စာ​ဖောက်​လိမ့်​မယ်”+ လို့​ပြော​တော့၊ ၁၉  တ​ပည့်တွေ ဝမ်း​နည်း​သွား​တဲ့​အ​တွက် “ကျွန်​တော် မဟုတ်​ပါ​ဘူး​နော်” ဆို​ပြီး တစ်​ယောက်​ပြီး​တစ်​ယောက် မေး​ကြ​တယ်။ ၂၀  ယေရှု​က “သူ​ဟာ ခင်​ဗျား​တို့ ၁၂ ယောက်​ထဲ​က​ပဲ။ ကျွန်​တော်​နဲ့​အတူ တစ်​ပန်း​ကန်​တည်း နှိုက်​စား​တဲ့​သူ​ပေါ့။+ ၂၁  ကျမ်း​စောင်​မှာ ရေး​ထား​တဲ့​အတိုင်း လူ​သား​က သွား​ရ​မှာ​ပဲ။ ဒါ​ပေမဲ့ လူ​သား​ကို သစ္စာ​ဖောက်​တဲ့​သူ​က​တော့ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။+ အဲဒီ​လူ မမွေး​လာခဲ့ရင် ပို​ကောင်း​ဦး​မယ်” လို့​ပြော​တယ်။+ ၂၂  သူတို့​စား​သောက်​နေ​ချိန်​မှာ ယေရှု​က မုန့်​ကို​ယူ​ပြီး ဆုတောင်း​တယ်။ မုန့်​ကို​ဖဲ့​ပြီး​နောက် “ယူ​ပါ။ ဒါ​ဟာ ကျွန်​တော့်​ကိုယ်​ခန္ဓာ​ကို ကိုယ်​စား​ပြု​တယ်”+ လို့​ပြော​ပြီး တ​ပည့်တွေ​ကို ဝေ​ပေး​တယ်။ ၂၃  အဲဒီ​နောက် ဝိုင်​ခွက်​ကို​ယူ၊ ဘုရား​သခင်​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​ပြီး ဝေပေး​တဲ့​အခါ သူတို့​အားလုံး သောက်​ကြ​တယ်။+ ၂၄  ယေရှု​က “ဒါ​ဟာ ကျွန်​တော့်ရဲ့​သွေး​ကို+ ကိုယ်​စား​ပြု​တယ်။ လူ​အများ​အတွက် သွန်း​လောင်း​မယ့်+ ‘ပဋိ​ညာဉ်​နဲ့​ဆိုင်​တဲ့ သွေး​ပဲ။’+ ၂၅  ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ ဘု​ရား​သခင့် နိုင်​ငံ​တော်​မှာ စ​ပျစ်​ဝိုင်​အသစ် သောက်​ရ​မယ့်​နေ့ မရောက်​မချင်း အခု​က​စ​ပြီး စ​ပျစ်​ဝိုင်​ကို ကျွန်​တော် လုံး​ဝ​မသောက်​တော့​ဘူး” လို့​ပြော​တယ်။ ၂၆  နောက်​ဆုံး​မှာ သူတို့ ချီး​မွမ်း​သီချင်း​ဆို​ပြီး​နောက် သံ​လွင်​တောင်​ပေါ် တက်​သွား​ကြ​တယ်။+ ၂၇  ယေရှု​က “‘သိုးထိန်း​ကို ငါ​ရိုက်​သတ်​မှာ​ဖြစ်​လို့+ သိုး​တွေ ကွဲ​လွင့်​သွား​လိမ့်​မယ်’+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​တဲ့​အတိုင်း ခင်​ဗျား​တို့​အားလုံး ကျွန်​တော့်​ကို စွန့်​ပြီး ပြေး​ကြ​လိမ့်​မယ်။ ၂၈  ဒါ​ပေမဲ့ ကျွန်​တော် သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​တဲ့​အခါ ဂါ​လိ​လဲ​နယ်​ကို ခင်​ဗျား​တို့​ထက်​အရင် သွား​နှင့်​မယ်”+ လို့​ပြော​တယ်။ ၂၉  ပေတရု​က “တ​ခြား​သူ​တွေ သခင့်​ကို စွန့်​ခွာ​သွား​ရင်​တောင် ကျွန်​တော်​က​တော့ မစွန့်​ဘူး”+ လို့​ပြော​တော့၊ ၃၀  ယေရှု​က “ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ ဒီ​နေ့​ည​မှာ​ပဲ ကြက်​နှစ်​ကြိမ်​မတွန်​ခင် ကျွန်​တော့်​ကို မသိ​ပါ​ဘူး​လို့ ခင်​ဗျား သုံး​ကြိမ်​ငြင်း​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၃၁  ဒါ​ပေမဲ့ ပေတရု​က “အတူ​သေရင် သေပါ​စေ။ သခင့်​ကို မသိ​ဘူး​လို့ ဘယ်​တော့​မှ မငြင်း​ဘူး” ဆို​ပြီး အခိုင်​အမာ ပြော​တယ်။ ကျန်​တဲ့​တပည့်​တွေ​လည်း အဲဒီ​အတိုင်း လိုက်​ပြော​ကြတယ်။+ ၃၂  ဂေသရှေ​မန်​ဆို​တဲ့ နေ​ရာ​ကို ရောက်​လာ​တဲ့​အခါ ယေရှု​က “ကျွန်​တော် ဆုတောင်း​နေ​တုန်း ဒီ​မှာ ထိုင်​နေ​ကြ​ပါ”+ လို့ တ​ပည့်တွေ​ကို မှာ​ခဲ့​ပြီး​နောက်၊ ၃၃  ပေတရု၊ ယာကုပ်​နဲ့ ယောဟန်​ကို ခေါ်​သွား​တယ်။+ ယေရှု​ဟာ အကြီး​အကျယ် စိတ်​ဒုက္ခရောက်​ပြီး သော​က​ဖိ​စီး​နေ​တယ်။ ၃၄  ဒါ​နဲ့ ယေရှု​က “ကျွန်​တော် ဝမ်း​နည်း​လွန်း​လို့+ သေလု​မတတ်​ပဲ။ ဒီ​မှာ နေ​ခဲ့​ကြ​ဦး။ သတိ​နဲ့​စောင့်​နေ​ကြ​ပါ”+ လို့​ပြော​တယ်။ ၃၅  အဲဒီ​နောက် ရှေ့​နား​လေး​ကို သွား​ပြီး မြေပေါ်​ပျပ်​ဝပ်​တယ်။ ဖြစ်​နိုင်​မယ်​ဆိုရင် အဲဒီ​အချိန်​ကို မကြုံ​ပါ​ရ​စေ​နဲ့​လို့ ဆုတောင်း​တယ်။ ၃၆  “အဗ္ဗ၊* အဖဟာ+ အရာ​အားလုံး​ကို လုပ်​နိုင်​ပါ​တယ်။ ဒီ​ခွက်​ကို* လွှဲ​ဖယ်​ပေး​ပါ။ ဒါ​ပေမဲ့ ကျွန်​တော့် ဆန္ဒ​အတိုင်း မဖြစ်​ပါ​စေ​နဲ့။ အဖရဲ့ ဆန္ဒ​အတိုင်း​သာ ဖြစ်​ပါ​စေ” လို့​ဆု​တောင်း​ပြီး​နောက်၊+ ၃၇  သူတို့​ဆီ ပြန်​လာ​တဲ့​အခါ အိပ်​ပျော်​နေ​တာ​ကို​တွေ့​တော့ ပေတရု​ကို “ရှိ​မုန်၊ ဘာ​လို့ အိပ်​ပျော်​နေ​တာ​လဲ။ တစ်​နာ​ရီ​လေး​တောင် သတိ​နဲ့ မစောင့်​နိုင်​ဘူး​လား။+ ၃၈  သွေး​ဆောင်​မှု​နောက် ပါ​မသွား​အောင် သတိ​နဲ့​စောင့်​ပြီး အမြဲဆုတောင်း​နေ​ကြ​ပါ။+ စိတ်​က​တော့ ထက်​သန်​ပါ​ရဲ့။ ကိုယ်​ခန္ဓာ​က အား​နည်း​တယ်”+ လို့​ပြော​တယ်။ ၃၉  အဲဒီ​နောက် ပြန်​ထွက်​သွား​ပြီး အရင်​အတိုင်း​ပဲ ဆုတောင်း​တယ်။+ ၄၀  ပြန်​လာ​တဲ့​အခါ သူတို့​တွေ မျက်​စိ​လေး​ပြီး အိပ်​ပျော်​နေ​တာ​ကို တွေ့​တယ်။ ယေရှု​ကို ဘာ​ပြန်​ပြော​ရ​မှန်း​မသိ ဖြစ်​နေ​ကြ​တယ်။ ၄၁  အဲဒီ​နောက် တ​တိ​ယ​အကြိမ် ပြန်​လာ​ပြီး “ဒီ​လို​အချိန်​မျိုး​မှာ​တောင် အေး​အေး​ဆေး​ဆေး အိပ်​နေ​ကြ​ပါ​လား။ တော်​ပြီ၊ မအိပ်​ကြ​နဲ့​တော့။ လူ​သား​ကို သစ္စာ​ဖောက်​ပြီး အပြစ်​သား​တွေ​လက်​ထဲ အပ်​မယ့်​အချိန် ရောက်​ပြီ။+ ၄၂  ထ​ကြ၊ သွား​ကြ​စို့။ ကျွန်​တော့်​ကို သစ္စာ​ဖောက်​တဲ့​သူ ရောက်​လာ​တော့​မယ်”+ လို့​ပြော​တယ်။ ၄၃  အဲဒီ​လို​ပြော​နေ​တုန်း​မှာ​ပဲ တမန်​တော် ၁၂ ယောက်​ထဲ​က ယုဒ​က ဓား​တွေ၊ တုတ်​တွေ​ကိုင်​ထား​တဲ့ လူ​တွေ​နဲ့​အတူ ရောက်​လာ​တယ်။ အဲဒီ​လူ​တွေ​ကို ပုရော​ဟိတ်​ကြီး​တွေ၊ ကျမ်း​တတ်​တွေ၊ အ​ကြီးအကဲ​တွေ လွှတ်​လိုက်​တာ။+ ၄၄  သစ္စာ​ဖောက်​ယုဒ​က “ငါ​နမ်း​တဲ့​သူ​ဟာ ယေရှု​ပဲ။ သူ့​ကို​ဖမ်း​ပြီး စောင့်​ကြပ်​ခေါ်​သွား​ကြ” လို့​အချက်​ပေး​ထား​ပြီး​ပြီ။ ၄၅  သူ​ရောက်​လာ​တာ​နဲ့ ယေရှု​ဆီ တန်း​သွား​ပြီး “ဆ​ရာ” လို့​ခေါ်​ပြီး နမ်း​တယ်။ ၄၆  လူ​တွေ​လည်း ယေရှု​ကို ဖမ်း​ဆီး​လိုက်​ကြ​တယ်။ ၄၇  အနား​မှာ​ရပ်​နေ​တဲ့ လူ​တစ်​ယောက်​က ဓား​ကို​ဆွဲ​ထုတ်​ပြီး ပု​ရော​ဟိတ်​မင်း​ရဲ့ ကျွန်​ကို ခုတ်​လိုက်​တာ နား​ရွက်​ပြတ်​သွား​တယ်။+ ၄၈  အဲဒီ​အခါ ယေရှု​က “ဓား​ပြကို​ဖမ်း​သလို ကျွန်​တော့်​ကို​ဖမ်း​ဖို့ ဓား​တွေ၊ တုတ်​တွေ​ကိုင်​ပြီး လာရ​သလား။+ ၄၉  ကျွန်​တော် ဗိမာန်​တော်​မှာ နေ့​တိုင်း သွန်သင်​တုန်း​က ခင်​ဗျား​တို့ ရှိ​နေ​တာ​ပဲ။+ အဲဒီ​တုန်း​က မဖမ်း​ကြ​ပါ​လား။ ဒါ​ပေမဲ့ ဒါ​ဟာ ကျမ်း​စာ​ပြည့်​စုံ​ဖို့​ပဲ”+ လို့​ပြော​တယ်။ ၅၀  တ​ပည့်​အားလုံး​က ယေရှု​ကို​ထား​ခဲ့​ပြီး ထွက်​ပြေး​ကုန်​တယ်။+ ၅၁  ဒါ​ပေမဲ့ လူ​ရွယ်​တစ်​ယောက်​က ဝတ်​ရုံ​တစ်​ထည်​ကို​ပဲ​ခြုံ​ပြီး နောက်​က​နေ လိုက်​လာ​တယ်။ လူ​တွေ လိုက်​ဖမ်း​တော့၊ ၅၂  သူ​လည်း ဝတ်​ရုံ​ကို​စွန့်​ပြီး အတွင်း​အင်္ကျီ​နဲ့​ပဲ ထွက်​ပြေး​သွား​တယ်။ ၅၃  လူ​တွေ​က  ယေရှု​ကို  ပု​ရော​ဟိတ်​မင်း​ဆီ ခေါ်​သွား​တယ်။+ အဲဒီ​မှာ ပု​ရော​ဟိတ်​ကြီး​တွေ၊ အကြီး​အကဲ​တွေ၊ ကျမ်း​တတ်​တွေ စု​ဝေး​နေ​တယ်။+ ၅၄  ပေတရု​က ပု​ရော​ဟိတ်​မင်း​ရဲ့ ခြံ​ဝင်း​ထဲ​အထိ ခပ်​လှမ်း​လှမ်း​က​နေ လိုက်​လာ​တယ်။ အိမ်​စေ​တွေ​နဲ့​အတူ ထိုင်​ပြီး မီး​လှုံ​နေ​တယ်။+ ၅၅  ပုရောဟိတ်​ကြီး​တွေ​နဲ့ ဂျူး​တ​ရား​ရုံး​ချုပ်* အဖွဲ့​ဝင်​အားလုံး​က ယေရှု​ကို သေဒဏ်​စီ​ရင်​နိုင်​ဖို့ သက်​သေရှာ​ပေမဲ့ မတွေ့​ဘူး။+ ၅၆  လူ​အ​တော်​များ​များ​က မဟုတ်​မမှန်​သက်​သေထွက်​ဆို​ပေမဲ့+ သူတို့​စကား​က တစ်​ယောက်​တစ်​မျိုး​စီ ဖြစ်​နေ​တယ်။ ၅၇  တ​ချို့​က​လည်း ရှေ့​ကို​ထွက်​လာ​ပြီး မမှန်​မကန် သက်​သေထွက်​ဆို​ကြ​တယ်– ၅၈  “‘လူ​တွေ​တည်​ဆောက်​တဲ့ ဒီ​ဗိမာန်​တော်​ကို ဖြို​ဖျက်​ပြီး လူ​တွေ မတည်​ဆောက်​တဲ့ ဗိမာန်​တော်​ကို သုံး​ရက်​တည်း​နဲ့ တည်​ဆောက်​ပြမယ်’ လို့ သူ​ပြော​ခဲ့​တာ​ကို ကျုပ်​တို့​ကြား​တယ်”+ ဆို​ပြီး ပြော​ကြ​တယ်။ ၅၉  ဒါ​ပေမဲ့ ဒီ​စွဲ​ချက်​မှာ​လည်း သူတို့​ရဲ့​စကား​တွေ​က တစ်​ယောက်​တစ်​မျိုး​စီ ဖြစ်​နေ​တယ်။ ၆၀  ဒါ​နဲ့ ပု​ရော​ဟိတ်​မင်း​က ထ​ရပ်​ပြီး “မင်း ဘာ​မှ ပြန်​မပြော​တော့​ဘူး​လား။ သူတို့​ရဲ့ ထွက်​ဆို​ချက်​ကို မင်း ဘာ​ပြော​မလဲ”+ လို့​မေး​ပေမဲ့၊ ၆၁  ယေရှု​က တစ်​ခွန်း​မှ ပြန်​မဖြေဘဲ နှုတ်​ဆိတ်​နေ​တယ်။+ ပု​ရော​ဟိတ်​မင်း​က “မင်း​ဟာ ခရစ်​တော် ဟုတ်​သလား၊ အမြင့်မြတ်​ဆုံး​အရှင်​ရဲ့​သား ဟုတ်​သလား” လို့​မေး​တော့​မှ၊ ၆၂  ယေရှု​က “ဟုတ်​တယ်။ လူ​သား​ဟာ+ တန်ခိုး​ကြီး​တဲ့​အရှင်​ရဲ့ ညာ​ဘက်​မှာ ထိုင်​နေ​တာ၊+ မိုး​တိမ်​ခြံ​ရံ​ပြီး လာ​နေ​တာ​ကို ခင်​ဗျား​တို့ မြင်​ရ​လိမ့်​မယ်”+ လို့​ဖြေတယ်။ ၆၃  အဲဒီ​အခါ ပု​ရော​ဟိတ်​မင်း​က ကိုယ့်​အဝတ်​ကို ဆွဲ​ဆုတ်​ပြီး “ဘာ​သက်​သေ လို​သေး​လို့​လဲ။+ ၆၄  ဘု​ရား​ကို သူ​စော်​ကား​ပြော​ဆိုလိုက်​တာ ခင်​ဗျား​တို့ ကြား​တယ်​နော်။ ခင်​ဗျား​တို့ ဘယ်​လို ဆုံး​ဖြတ်​မလဲ” လို့​မေး​တယ်။ သူတို့​အားလုံး​က ယေရှု​ကို သေဒဏ်​ခံ​ထိုက်​တယ်​လို့ စီ​ရင်​ချက်​ချ​ကြ​တယ်။+ ၆၅  အဲဒီ​နောက် တ​ချို့​က ယေရှု​ကို တံ​တွေး​ထွေး​တယ်။+ မျက်​နှာ​ကို​ဖုံး၊ လက်​သီး​နဲ့​ထိုး​ပြီး “မင်း​ကို ဘယ်​သူ​ထိုး​တာ​လဲ ဟော​စမ်း​ပါ​ဦး” လို့ ပြော​ကြ​တယ်။ ပါး​ကို​လည်း ရိုက်​ကြ​တယ်။ အဲဒီ​နောက် အစောင့်​တပ်​သား​တွေ​က ယေရှု​ကို ခေါ်​သွား​တယ်။+ ၆၆  ပေတရု​က ခြံ​ဝင်း​ထဲ​မှာ​ပဲ ရှိ​နေ​တုန်း ပု​ရော​ဟိတ်​မင်း​ရဲ့ အစေ​ခံ​မ​လေး​တစ်​ယောက် ရောက်​လာ​တယ်။+ ၆၇  မီး​လှုံ​နေ​တဲ့ ပေတရု​ကို တွေ့​တဲ့​အခါ အသေအချာ ကြည့်​ပြီး “ရှင်​လည်း နာ​ဇ​ရက်​မြို့​သား ယေရှု​နဲ့​တစ်​ဖွဲ့​တည်း မဟုတ်​လား” လို့​ပြော​တယ်။ ၆၈  ပေတရု​က “သူ့​ကို ကျွန်​တော် မသိ​ဘူး။ ခင်​ဗျား ဘာ​တွေ​ပြော​နေ​မှန်း​လည်း ကျွန်​တော် နား​မလည်​ဘူး” လို့​ငြင်း​ပြီး ခြံ​အဝင်​ဝ​ဘက်​ကို ထွက်​သွား​လိုက်​တယ်။ ၆၉  အစေ​ခံ​မလေး​က ပေတရု​ကို ထပ်​တွေ့​ပြန်​တော့ အနား​မှာ ရပ်​နေ​သူ​တွေ​ကို “ဒီ​လူ​ဟာ ယေရှု​ရဲ့ တ​ပည့်​တစ်​ယောက်​ပဲ” လို့​ပြော​တယ်။ ၇၀  ပေတရု​က မဟုတ်​ဘူး​လို့ ငြင်း​ပြန်​တယ်။ ခ​ဏ​ကြာ​တော့ အနား​မှာ ရပ်​နေ​သူ​တွေ​က “ခင်​ဗျား​ဟာ ဂါ​လိ​လဲ​ပြည်​သား​ပဲ။ သူတို့​နဲ့​တစ်​ဖွဲ့​တည်း​ဆို​တာ သေချာ​တယ်” လို့​ ပေတရု​ကို ပြော​တယ်။ ၇၁  ဒါ​ပေမဲ့ ပေတရု​က ကျိန်​တွယ်​သစ္စာ​ဆို​ပြီး “ခင်​ဗျား​တို့ ပြော​နေ​တဲ့​လူ​ကို ကျွန်​တော် မသိ​ဘူး” လို့​ငြင်း​တယ်။ ၇၂  အဲဒီ​အချိန်​မှာ​ပဲ ဒုတိ​ယ​အကြိမ် ကြက်​တွန်​တယ်။+ “ကြက်​နှစ်​ကြိမ်​မတွန်​ခင် ကျွန်​တော့်​ကို မသိ​ပါ​ဘူး​လို့ ခင်​ဗျား သုံး​ကြိမ်​ငြင်း​လိမ့်​မယ်”+ ဆို​တဲ့ ယေရှု​ရဲ့​စကား​ကို ပေတရုသတိ​ရ​ပြီး စိတ်​မထိန်း​နိုင်​ဘဲ ငို​ချ​တော့​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
“ဖေဖေ” လို့​အဓိပ္ပာယ်​ရှိ​တဲ့ ဟီ​ဘ​ရူး (သို့) အာ​ရ​မိတ်​စကား​လုံး။
ဘု​ရား​ကို​စော်​ကား​ပြော​ဆို​သူ​ဆို​တဲ့ စွဲ​ချက်​နဲ့ ယေရှု​သေဆုံး​ဖို့ ဘု​ရား​အလို​ရှိ​တာ​ကို ဆိုလို။
ခက်​ဆစ်​ကို​ကြည့်။