မာတိကာဆီ ကျော်သွား

နှစ်ခြင်းဆိုတာ ဘာလဲ

နှစ်ခြင်းဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

 နှစ်ခြင်းခံတယ်ဆိုတာ ရေထဲ စုံးစုံးမြုပ်တာ ဖြစ်တယ်။ a နှစ်ခြင်းခံသူ များစွာအကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ (တမန်တော် ၂:၄၁) တစ်ယောက်ကတော့ ယေရှု ဖြစ်ပြီး ဂျော်ဒန်မြစ်မှာ နှစ်ခြင်းခံတယ်။ (မဿဲ ၃:၁၃၊ ၁၆) နောက်တစ်ယောက်ကတော့ အီသီယိုးပီးယား မိန်းမစိုးဖြစ်ပြီး ခရီးသွားရင်း ရေရှိတဲ့နေရာ ရောက်တော့ နှစ်ခြင်းခံတယ်။—တမန်တော် ၈:၃၆-၄၀

 နောက်လိုက်တွေ နှစ်ခြင်းခံဖို့ လိုတယ်လို့ ယေရှု သွန်သင်တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) တမန်တော် ပေတရုလည်း အဲဒီလို သွန်သင်တယ်။—၁ ပေတရု ၃:၂၁

ဒီဆောင်းပါးမှာ

 နှစ်ခြင်းဆိုတာ ဘာကို ဆိုလိုသလဲ

 နှစ်ခြင်းခံတယ်ဆိုတာ အပြစ်တွေအတွက် နောင်တရကြောင်း၊ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ဘုရားအလိုအတိုင်း လုပ်ပါ့မယ်လို့ ကတိပေးထားကြောင်း အများမြင်သာအောင် ပြတဲ့ လုပ်ရပ် ဖြစ်တယ်။ ဘဝကဏ္ဍတိုင်းမှာ ဘုရားနဲ့ ယေရှုကို အမြဲ နာခံခြင်းလည်း ပါတယ်။ နှစ်ခြင်းခံတာဟာ ထာဝစဉ် အသက်ရှင်နိုင်ဖို့ ဘုရား တောင်းဆိုထားတဲ့ လမ်းစဉ်အတိုင်း စလျှောက်လှမ်းတာပါပဲ။

 ဘဝမှာ အပြောင်းအလဲတွေ လုပ်လိုက်ပြီ ဖြစ်ကြောင်း ဖော်ပြတဲ့အနေနဲ့ ရေမှာ နှစ်ခြင်းခံတာပါ။ ဒါဟာ သိပ်ကို သင့်တော်တဲ့ အမှတ်အသား ဖြစ်တယ်။ ဘာကြောင့်လဲ။ ကျမ်းစာမှာ နှစ်ခြင်းခံတာကို သဂြိုဟ်ခံရတာနဲ့ နှိုင်းထားတယ်။ (ရောမ ၆:၄။ ကောလောသဲ ၂:၁၂) ရေထဲ နစ်မြုပ်သွားတာဟာ ဘဝလမ်းစဉ်ဟောင်းကို အဆုံးသတ်လိုက်တာ ဖြစ်ပြီး ရေထဲကနေ ပြန်ထွက်လာတာဟာ ဆက်ကပ်အပ်နှံထားတဲ့ ခရစ်ယာန်အဖြစ် ဘဝလမ်းစဉ်သစ်ကို အစပြုလိုက်တာ ဖြစ်တယ်။

 မွေးကင်းစတွေကို နှစ်ခြင်းပေးတာ၊ ရေဖျန်းတာနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ

 “အမည်ပေး ကင်ပွန်းတပ်ခြင်း၊” “ရေဖျန်းခြင်း” အကြောင်း ကျမ်းစာမှာ ဖော်ပြမထားဘူး။ b မွေးကင်းစတွေ နှစ်ခြင်းခံသင့်တယ်လို့လည်း မသွန်သင်ဘူး။

 မွေးကင်းစတွေကို နှစ်ခြင်းပေးတာ ကျမ်းစာနဲ့ မညီဘူး။ နှစ်ခြင်းခံချင်သူတွေအတွက် ကျမ်းစာ တောင်းဆိုချက်တွေ ရှိတယ်။ ဥပမာ၊ အနည်းဆုံး ကျမ်းစာ အခြေခံ သွန်သင်ချက်တွေ နားလည်ရမယ်။ ကျမ်းစာ သွန်သင်ချက်တွေ လိုက်နာရမယ်။ အပြစ်တွေအတွက် နောင်တရ,ရမယ်။ ဆုတောင်းပြီး ဘုရားဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံရမယ်။ ( တမန်တော် ၂:၃၈၊ ၄၁။ ၈:၁၂) ဒီတောင်းဆိုချက်တွေအတိုင်း မွေးကင်းစတွေ မလုပ်နိုင်ဘူး။

 အဖဘုရားရဲ့ နာမည်၊ သားတော်ရဲ့ နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့ နှစ်ခြင်းခံတယ်ဆိုတာ ဘာကို ဆိုလိုသလဲ

 “လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ အဖဘုရားရဲ့ နာမည်၊ သားတော်ရဲ့ နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့ နှစ်ခြင်းပေးကြပါ။ ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ” လို့ နောက်လိုက်တွေကို ယေရှု ညွှန်ကြားတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) အဖဘုရား၊ သားတော်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ “နာမည်နဲ့” နှစ်ခြင်းခံတယ်ဆိုတာ အဖဘုရားနဲ့ သားတော်ရဲ့ အခွင့်အာဏာ၊ အနေအထား၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း ဖြစ်တယ်။ ဥပမာ၊ “နာဇရက်မြို့သား ယေရှုခရစ်ရဲ့ နာမည်ကို အမှီပြုပြီး ပြောမယ်။ ထပြီး လမ်းလျှောက်ပါ” လို့ မွေးရာပါ ခြေဆွံ့သူကို တမန်တော် ပေတရု ပြောတယ်။ (တမန်တော် ၃:၆) ခရစ်တော်ရဲ့ အခွင့်အာဏာကို အသိအမှတ်ပြုတဲ့အနေနဲ့၊ ခရစ်တော်ကြောင့်သာ အံ့ဖွယ်နည်းနဲ့ ကုပေးနိုင်ကြောင်း ဖော်ပြတဲ့အနေနဲ့ ပေတရု အဲဒီလို ပြောတာပါ။

  •   “အဖဘုရား” ဆိုတာ ယေဟောဝါ c ဘုရားကို ပြောတာ ဖြစ်တယ်။ ယေဟောဝါဟာ ဖန်ဆင်းရှင်၊ အသက်ပေးရှင်၊ အနန္တတန်ခိုးရှင် ဖြစ်လို့ အခွင့်အာဏာ အပြည့်အဝ ရှိတယ်။—ကမ္ဘာဦး ၁၇:၁။ ဗျာဒိတ် ၄:၁၁

  •   “သားတော်” ဆိုတာ ကျွန်တော်တို့အတွက် အသက်ပေးသွားတဲ့ ယေရှုခရစ်ကို ပြောတာ ဖြစ်တယ်။ (ရောမ ၆:၂၃) လူတွေအတွက် ဘုရားရည်ရွယ်ချက်မှာ ယေရှုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်မပြုရင်၊ လက်မခံရင် ကယ်တင်ခြင်း မရနိုင်ဘူး။—ယောဟန် ၁၄:၆။ ၂၀:၃၁။ တမန်တော် ၄:၈-၁၂

  •   “သန့်ရှင်းသော စွမ်းအားတော်” ဆိုတာ ဘုရားရဲ့ တန်ခိုး၊ လုပ်ဆောင်နိုင်စွမ်းကို ပြောတာ ဖြစ်တယ်။ d ဖန်ဆင်းရာမှာ၊ သက်ရှိတွေကို ထွက်သက်ဝင်သက် ပေးရာမှာ၊ ပရောဖက်တွေ၊ တခြားသူတွေကို သတင်းစကား ပြောရာမှာ၊ အလိုတော်ဆောင်ဖို့ ခွန်အားရှိစေရာမှာ သန့်ရှင်းသော စွမ်းအားတော်ကို ဘုရား သုံးခဲ့တယ်။ (ကမ္ဘာဦး ၁:၂။ ယောဘ ၃၃:၄။ ရောမ ၁၅:၁၈၊ ၁၉) မိမိအတွေးအခေါ်တွေ မှတ်တမ်းတင်ဖို့ ကျမ်းရေးသူတွေကို လမ်းညွှန်ရာမှာလည်း သန့်ရှင်းသော စွမ်းအားတော် သုံးခဲ့တယ်။—၂ ပေတရု ၁:၂၁

 တစ်ကြိမ်ထက်မက နှစ်ခြင်းခံတာ အပြစ်ရှိသလား

 ဘာသာပြောင်းသူများစွာ ရှိတယ်။ အရင်က တက်ခဲ့တဲ့ ချာ့ချ်မှာ နှစ်ခြင်းခံပြီးပြီဆိုရင် ဘယ်လို လုပ်မလဲ။ နောက်တစ်ခါ နှစ်ခြင်းခံရင် အပြစ် ရှိမလား။ “သခင်ကလည်း တစ်ယောက်တည်း၊ ယုံကြည်ခြင်းတရားကလည်း တစ်မျိုးတည်း၊ နှစ်ခြင်းကလည်း တစ်မျိုးတည်းပဲ ရှိတယ်” ဆိုတဲ့ ဧဖက် ၄:၅ ကို အခြေခံပြီး အပြစ် ရှိတယ်လို့ တချို့ ပြောကြတယ်။ ဒါပေမဲ့ နောက်တစ်ခါ နှစ်ခြင်းခံလို့ မရဘူးလို့ အဲဒီကျမ်းပိုဒ်က ပြောနေတာ မဟုတ်ဘူး။ ဘာကြောင့်လဲ။

 အထက်အောက်စကား။ ဧဖက် ၄:၅ ရဲ့ အထက်အောက်စကားတွေကို ကြည့်ရင် တူညီတဲ့ယုံကြည်ချက်နဲ့ ခရစ်ယာန်စစ်တွေ စည်းလုံးနေရမယ်ဆိုတဲ့အချက်ကို တမန်တော် ပေါလု အလေးပေးပြောနေမှန်း သိရတယ်။ (ဧဖက် ၄:၁-၃၊ ၁၆) အဲဒီလိုစည်းလုံးနိုင်ဖို့ဆိုရင် ခရစ်ယာန်တွေဟာ ခရစ်တော်ယေရှုဆိုတဲ့ သခင်တစ်ပါးတည်းရဲ့ လမ်းစဉ်ကို လိုက်လျှောက်နေရမယ်၊ ယုံကြည်ချက် တူရမယ်၊ ကျမ်းစာ သွန်သင်ချက်တွေကို တစ်ပုံစံတည်း နားလည်နေရမယ်၊ နှစ်ခြင်းအတွက် တူညီတဲ့ ကျမ်းစာ တောင်းဆိုချက်တွေကို လိုက်နာနေရမယ်။

 နောက်တစ်ခါ နှစ်ခြင်းခံဖို့ နှစ်ခြင်းခံပြီးသားသူတချို့ကို တမန်တော် ပေါလု အားပေးတယ်။ ခရစ်ယာန် သွန်သင်ချက်ကို အပြည့်အဝ နားမလည်ဘဲ နှစ်ခြင်းခံခဲ့ကြလို့ပဲ။—တမန်တော် ၁၉:၁-၅

 နှစ်ခြင်းခံရတဲ့ အခြေခံ အကြောင်းရင်း။ ကျမ်းစာ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိပြီး နှစ်ခြင်းခံမှပဲ အဲဒီနှစ်ခြင်းကို ဘုရားသခင် လက်ခံမှာ။ (၁ တိမောသေ ၂:၃၊ ၄) ကျမ်းစာနဲ့ မညီတဲ့ ဘာသာရေး သွန်သင်ချက်တွေကို အခြေခံပြီး နှစ်ခြင်းခံတာဆိုရင် ဘုရား အသိအမှတ်မပြုဘူး။ (ယောဟန် ၄:၂၃၊ ၂၄) စိတ်ရင်းမှန်နဲ့ နှစ်ခြင်းခံခဲ့တာ ဖြစ်နိုင်ပေမဲ့ “တိကျမှန်ကန်တဲ့ အသိအပညာအတိုင်း မဟုတ်ဘူး။” (ရောမ ၁၀:၂) ဘုရားရဲ့ နှစ်သက်လက်ခံမှု ရဖို့ဆိုရင် ကျမ်းစာ အမှန်တရား လေ့လာရမယ်။ လေ့လာသိရှိလာတဲ့အတိုင်း လက်တွေ့ကျင့်ရမယ်။ ဘုရားဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံရမယ်။ နောက်တစ်ခါ နှစ်ခြင်းခံရမယ်။ ဒီလိုအခြေအနေကြောင့် နောက်တစ်ခါ နှစ်ခြင်းခံတာ အပြစ် မရှိဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာ။

 ကျမ်းစာ ဖော်ပြထားတဲ့ နောက်ထပ် နှစ်ခြင်းများ

 ခရစ်တော်နောက်လိုက်တွေရဲ့ နှစ်ခြင်းနဲ့ မတူဘဲ တခြားအဓိပ္ပာယ်၊ အထိမ်းအမှတ်နဲ့ ခံတဲ့ နှစ်ခြင်းတွေအကြောင်းလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာတချို့ သုံးသပ်ကြည့်ပါ။

 နှစ်ခြင်းပေးသူ ယောဟန် ပေးတဲ့ နှစ်ခြင်း။ e ဂျူးတွေ၊ ဂျူးဘာသာပြောင်းဝင်သူတွေ ယောဟန်ဆီမှာ နှစ်ခြင်းခံကြတယ်။ မောရှေကတစ်ဆင့် အစ္စရေးတွေကို ဘုရား ပေးတဲ့ ပညတ်တရား ချိုးဖောက်မိတဲ့ အပြစ်အတွက် နောင်တရတဲ့ အထိမ်းအမှတ်နဲ့ နှစ်ခြင်းခံကြတာ။ မေရှိယဖြစ်တဲ့ နာဇရက်မြို့သား ယေရှုကို အသိအမှတ်ပြုလက်ခံဖို့ ယောဟန်ရဲ့ နှစ်ခြင်းက လူတွေကို အသင့်ပြင်ပေးတယ်။—လုကာ ၁:၁၃-၁၇။ ၃:၂၊ ၃။ တမန်တော် ၁၉:၄

 ယေရှု ခံတဲ့ နှစ်ခြင်း။ နှစ်ခြင်းပေးသူ ယောဟန်ဆီမှာ ယေရှု နှစ်ခြင်းခံတယ်။ ဒါ သိပ်ထူးခြားတယ်။ ယေရှုဟာ စုံလင်သူ ဖြစ်တယ်။ အပြစ် ကျူးလွန်မထားဘူး။ (၁ ပေတရု ၂:၂၁၊ ၂၂) အပြစ်တွေအတွက် နောင်တရတဲ့အနေနဲ့၊ “ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ရဖို့ ဘုရားသခင်ဆီ တောင်းခံ” တဲ့အနေနဲ့ ယေရှု နှစ်ခြင်းခံတာ မဟုတ်ဘူး။ (၁ ပေတရု ၃:၂၁) ကြိုဟောထားတဲ့ မေရှိယ၊ ခရစ်တော်အဖြစ် ဘုရားအလိုတော် ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆက်သတဲ့အနေနဲ့ နှစ်ခြင်းခံတာ။ ဘုရားအလိုတော်လို့ ပြောတဲ့အခါ ကျွန်တော်တို့အတွက် အသက်ပေးဖို့ ပါတယ်။—ဟီဘရူး ၁၀:၇-၁၀

 သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းခံခြင်း။ သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းခံခြင်းအကြောင်း နှစ်ခြင်းပေးသူ ယောဟန်ရော ယေရှုခရစ်ပါ ပြောတယ်။ (မဿဲ ၃:၁၁။ လုကာ ၃:၁၆။ တမန်တော် ၁:၁-၅) အဲဒီနှစ်ခြင်းက သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့ နှစ်ခြင်းခံခြင်းနဲ့ မတူဘူး။ (မဿဲ ၂၈:၁၉) ဘာကြောင့်လဲ။

 ယေရှုနောက်လိုက်ထဲမှာ အရေအတွက် အကန့်အသတ်ပဲ သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းခံကြတယ်။ ခရစ်တော်နဲ့အတူ ဘုရင်တွေ၊ ပုရောဟိတ်တွေအဖြစ် အမှုဆောင်ဖို့ ခေါ်တော်မူခြင်း ခံရတဲ့အတွက် သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရသူတွေ ဖြစ်တယ်။ f (၁ ပေတရု ၁:၃၊ ၄။ ဗျာဒိတ် ၅:၉၊ ၁၀) သူတို့က သာယာလှပတဲ့ ကမ္ဘာမြေပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိတဲ့ ယေရှုနောက်လိုက် သန်းချီကို အုပ်ချုပ်ကြမှာ။—မဿဲ ၅:၅။ လုကာ ၂၃:၄၃

 ခရစ်တော် ယေရှုနဲ့အတူ သေခြင်းမှာ နှစ်ခြင်းခံခြင်း။ သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းခံသူတွေဟာ “ခရစ်တော်နဲ့အတူ” နှစ်ခြင်းခံကြတယ်။ (ရောမ ၆:၃) ဒါကြောင့် ဒီနှစ်ခြင်းဟာ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အုပ်ချုပ်မယ့် ဘိသိက်ခံနောက်လိုက်တွေနဲ့ပဲ ဆိုင်တယ်။ ယေရှုနဲ့အတူ နှစ်ခြင်းခံခြင်းအားဖြင့် ဘိသိက်ခံ အသင်းဝင် ဖြစ်လာကြတယ်။ ယေရှုဟာ ဦးခေါင်း၊ ဘိသိက်ခံတွေဟာ ကိုယ်ခန္ဓာ ဖြစ်တယ်။—၁ ကောရိန္သု ၁၂:၁၂၊ ၁၃၊ ၂၇။ ကောလောသဲ ၁:၁၈

 ဒါ့အပြင် ဘိသိက်ခံ ခရစ်ယာန်တွေဟာ “ခရစ်တော်ရဲ့သေခြင်းမှာ နှစ်ခြင်းခံ” ကြတယ်။ (ရောမ ၆:၃၊ ၄) ကိုယ့်ဆန္ဒအတိုင်း မဟုတ်ဘဲ ဘုရားအလိုအတိုင်း နာခံမှုရှိရှိ အသက်ရှင်ခြင်း၊ ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်ခွင့် မျှော်လင့်ချက်ကို စွန့်လွှတ်ခြင်းအားဖြင့် ယေရှုကို အတုယူကြတယ်။ ခရစ်တော်ရဲ့ သေခြင်းမှာ ခံတဲ့ နှစ်ခြင်းဟာ သူတို့ သေဆုံးချိန်မှာ အဆုံးတိုင်သွားတယ်။ ဝိညာဉ်ခန္ဓာနဲ့ ကောင်းကင်အသက်တာကို ရှင်ပြန်ထမြောက်ကြတယ်။—ရောမ ၆:၅။ ၁ ကောရိန္သု ၁၅:၄၂-၄၄

 မီးနဲ့ နှစ်ခြင်းခံခြင်း။ “သူ [ယေရှု] က ခင်ဗျားတို့ကို သန့်ရှင်းသော စွမ်းအားတော်နဲ့ရော မီးနဲ့ပါ နှစ်ခြင်းပေးလိမ့်မယ်။ စပါးလှေ့တဲ့ ဂေါ်ပြားကို သူ ကိုင်နေပြီ။ ကောက်နယ်တလင်းကို ပြောင်အောင် ရှင်းတော့မယ်။ ဂျုံစပါးတွေကို ကျီထဲ စုသိမ်းပြီး အဖျင်းတွေကိုတော့ မငြိမ်းနိုင်တဲ့ မီးနဲ့ ရှို့လိမ့်မယ်” လို့ နှစ်ခြင်းပေးသူ ယောဟန် ပြောတယ်။ (မဿဲ ၃:၁၁၊ ၁၂) မီးနဲ့ နှစ်ခြင်းခံတာဟာ သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းခံတာနဲ့ မတူဘူးဆိုတာ သတိထားမိသလား။ ယောဟန် ဘာပြောနေတာလဲ။

 ဂျုံစပါးဆိုတာ ယေရှုစကား နားထောင်သူ၊ နာခံသူတွေကို ဆိုလိုတယ်။ သူတို့ဟာ သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းပေးခံရဖို့ မျှော်လင့်ချက် ရှိတယ်။ အဖျင်းဆိုတာ ယေရှုစကား နားမထောင်သူတွေကို ဆိုလိုတယ်။ သူတို့ဟာ မီးနဲ့ နှစ်ခြင်းပေးခံရမယ်။ ထာဝရ ဖျက်ဆီးခံရမှာကို ဆိုလိုတာပါ။—မဿဲ ၃:၇-၁၂။ လုကာ ၃:၁၆၊ ၁၇

a Vine’s Complete Expository Dictionary of Old and New Testament Words အရ “နှစ်ခြင်း” ဆိုတဲ့ ဂရိ စကားလုံးဟာ “ရေထဲ ဆင်းတာ၊ ရေထဲ စုံးစုံးမြုပ်သွားတာ၊ ရေထဲကနေ ပြန်ထွက်လာတာ” ကို ဆိုလိုတယ်။

b “အမည်ပေး ကင်ပွန်းတပ်ခြင်း၊ ရေဖျန်းခြင်း” ဆိုတာ ချာ့ချ်တချို့ လုပ်တဲ့ ထုံးစံတစ်ခု ဖြစ်တယ်။ မွေးကင်းစတွေကို နာမည်ပေးတယ်၊ ကလေးရဲ့ခေါင်းပေါ် ရေဖျန်း၊ ရေလောင်းပြီး “နှစ်ခြင်း” ပေးတယ်။

c ယေဟောဝါဆိုတာ ဘုရားရဲ့ ကိုယ်ပိုင် နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။

dသန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘာလဲ” ဆောင်းပါးကို ကြည့်ပါ။

eနှစ်ခြင်းပေးသူ ယောဟန်ဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။

fဘယ်သူတွေ ကောင်းကင်သွားမလဲ” ဆောင်းပါးကို ကြည့်ပါ။

g အိုးခွက် အသုံးအဆောင်တွေ ဆေးကြောခြင်းလိုမျိုး ကိစ္စမှာလည်း “ရေနှစ်” ဆိုတဲ့ စကားလုံး ကျမ်းစာမှာ သုံးထားတယ်။ (မာကု ၇:၄။ ဟီဘရူး ၉:၁၀) ယေရှု၊ ယေရှုနောက်လိုက်တွေ ရေမှာ စုံးစုံးမြုပ် နှစ်ခြင်းခံတာနဲ့တော့ ဘာမှ မဆိုင်ပါဘူး။