မာတိကာဆီ ကျော်သွား

ဘာသာတရားအားလုံး အတူတူပဲလား၊ ဘုရားသခင်ကော လက်ခံသလား

ဘာသာတရားအားလုံး အတူတူပဲလား၊ ဘုရားသခင်ကော လက်ခံသလား

ကျမ်းစာအဖြေ

 ဘာသာတရားအားလုံး မတူကြပါဘူး။ ဘုရားသခင် လက်မခံတဲ့ဘာသာတရားများစွာကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဘုရားသခင်လက်မခံရတဲ့ အခြေခံအကြောင်းရင်း ၂ ချက်ရှိပါတယ်။

အကြောင်းရင်း ၁- ဘုရားအတုအယောင်တွေကို ဝတ်ပြုကိုးကွယ်ခြင်း

 ဘုရားအတုအယောင်တွေကို “အချည်းနှီး”၊ “အသုံးမဝင်၊ အကျိုးမပေး” စတဲ့ စကားလုံးတွေနဲ့ ဆက်စပ်ပြီး ကျမ်းစာမှာဖော်ပြထားတယ်။ (ယေရမိ ၁၀:၃–၅; ၁၆:၁၉၊ ၂၀ခမ) ယေဟောဝါဘုရား aက “ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်” နဲ့လို့ ရှေးခေတ်အစ္စရေးလူမျိုးကို မိန့်မှာခဲ့တယ်။ (ထွက်မြောက်ရာ ၂၀:၃၊ ၂၃; ၂၃:၂၄) ရှေးခေတ်အစ္စရေးတွေက တခြားဘုရားတွေကို ကိုးကွယ်တဲ့အခါ “ထာဝရဘုရား [ယေဟောဝါဘုရား] သည် အမျက်ထွက်” ခဲ့တယ်။—တောလည်ရာ ၂၅:၃; ဝတ်ပြုရာ ၂၀:၂; တရားသူကြီး ၂:၁၃၊ ၁၄

 ခုချိန်မှာလည်း “နာမည်ခံ ဘုရား” တွေကို ကိုးကွယ်တာနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့စိတ်သဘောထားက အဲဒီအတိုင်းပါပဲ။ (၁ ကောရိန္သု ၈:၅၊ ၆ခမ; ဂလာတိ ၄:၈) ဘုရားအတုအယောင်တွေ ကိုးကွယ်တဲ့သူတွေနဲ့ ရင်းရင်းနှီးနှီး မပေါင်းသင်းဖို့ ဘုရားသခင်မိန့်မှာခဲ့တယ်။ ဒါ့အပြင် “ထိုသူတို့အထဲမှထွက်၍ တသီးတခြားနေကြ” ဖို့လည်း ပြောခဲ့တယ်။ (၂ ကောရိန္သု ၆:၁၄–၁၇) တကယ်လို့ ဘာသာတရားအားလုံးအတူတူဖြစ်ပြီး ဘုရားသခင်လက်ခံတယ်ဆိုရင် ဘာကြောင့် ကိုယ်တော် အဲဒီလို မိန့်မှာခဲ့ရတာလဲ။

အကြောင်းရင်း ၂- စစ်မှန်တဲ့ဘုရားသခင် မနှစ်သက်တဲ့ပုံစံနဲ့ ဝတ်ပြုကိုးကွယ်ခြင်း

 တစ်ခါတလေ ရှေးခေတ်အစ္စရေးတွေက ဘာသာရေးအတုအယောင်တွေကနေ ဆင်းသက်လာတဲ့ ယုံကြည်ချက်တွေနဲ့ ဓလေ့ထုံးစံတွေကို အသုံးပြုပြီး ယေဟောဝါဘုရားကို ဝတ်ပြုကိုးကွယ်ကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဘာသာတရားကို အတုအယောင်နဲ့ ကြိုးစားရောနှောတာကို ဘုရားသခင် လုံးဝလက်မခံဘူး။ (ထွက်မြောက်ရာ ၃၂:၈; တရားဟောရာ ၁၂:၂–၄) ယေရှုက သူ့ခေတ်မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ ဝတ်ပြုကိုးကွယ်မှုပုံစံကြောင့် ပြစ်တင်ရှုတ်ချခဲ့တယ်။ သူတို့က ဘာသာတရားကို ဗန်းပြပြီး “တရားမျှတခြင်း၊ သနားခြင်း၊ သစ္စာရှိခြင်း စသည့် ပညတ်ကျမ်းတွင် သာ၍အရေးပါသောအရာများကိုမူကား လျစ်လျူရှုကြ” တဲ့ ဘာသာရေးအရေခြုံသမားတွေလို့ ယေရှုပြောခဲ့တယ်။—မဿဲ ၂၃:၂၃

 ဒီနေ့မှာလည်း အလားတူပါပဲ။ အမှန်တရားကို အခြေခံထားတဲ့ စစ်မှန်တဲ့ဘာသာတရားတစ်ခုတည်းကိုပဲ ဘုရားသခင်လက်ခံပါတယ်။ အဲဒီအမှန်တရားကို ကျမ်းစာထဲမှာ တွေ့နိုင်ပါတယ်။ (ယောဟန် ၄:၂၄; ၁၇:၁၇; ၂ တိမောသေ ၃:၁၆၊ ၁၇) ကျမ်းစာနဲ့မကိုက်ညီတဲ့ သွန်သင်ချက်တွေကို သင်ပေးနေတဲ့ ဘာသာတရားတွေဟာ လူတွေကို ဘုရားသခင်နဲ့ဝေးကွာသွားအောင် လုပ်ဆောင်နေကြတယ်။ သုံးပါးပေါင်းတစ်ဆူမသေနိုင်တဲ့ဝိညာဉ်ထာဝစဉ်ညှဉ်းဆဲခြင်း စတဲ့ သွန်သင်ချက်တွေဟာ ကျမ်းစာအပေါ် အခြေခံထားတယ်လို့ လူတွေ ယူမှတ်နေကြတယ်။ တကယ်တော့ အဲဒီသွန်သင်ချက်တွေက အတုအယောင်ဘုရားတွေကို ကိုးကွယ်တဲ့ ဘာသာတရားကနေ ဆင်းသက်လာတာဖြစ်တယ်။ အဲဒီသွန်သင်ချက်တွေကို သင်ပေးနေတဲ့ ဘာသာတရားတွေက ဘုရားသခင်တောင်းဆိုချက်တွေအစား ဘာသာရေးထုံးတမ်းစဉ်လာတွေကိုပဲ ဦးစားပေးနေတာကြောင့် အသုံးမကျပဲ “အချည်းနှီး” ဖြစ်သွားတယ်။—မာကု ၇:၇၊ ၈

 ဘုရားသခင်က ဘာသာရေးကြောင်သူတော်တွေကို လုံးဝ မနှစ်သက်ပါဘူး။ (တိတု ၁:၁၆) ဘာသာတရားက ထုံးတမ်းစဉ်လာတွေ၊ ကျင့်စဉ်တွေကိုသာ အဓိကဦးစားမထားဘဲ လူတွေရဲ့နေ့စဉ်အသက်တာအပေါ် အကျိုးသက်ရောက်မှုရှိပြီး ဘုရားသခင်နဲ့ သူတို့ရင်းနှီးလာအောင် ကူညီပေးနိုင်ရမယ်။ ဥပမာ၊ ကျမ်းစာမှာ ဒီလို ဖော်ပြထားတယ်- “မှန်ကန်စွာဝတ်ပြုနေသည်ဟု မိမိကိုယ်ကိုထင်မှတ်သော်လည်း မိမိလျှာကို မထိန်းနိုင်၊ မိမိစိတ်နှလုံးကို လှည့်ဖြားနေသူဖြစ်လျှင် ထိုသူ၏ ဝတ်ပြုမှုသည် အချည်းနှီးဖြစ်၏။ ငါတို့အဖ ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အညစ်အကြေးကင်းစင်သော ဝတ်ပြုမှုဟူမူကား မိဘမဲ့ကလေးများနှင့် မုဆိုးမများ ဒုက္ခရောက်ချိန်တွင် ကြည့်ရှုစောင့်ရှောက်ခြင်း၊ မိမိကိုယ်ကို လောကအညစ်အကြေးနှင့် ကင်းစင်စေခြင်းဖြစ်၏။” (ယာကုပ် ၁:၂၆၊ ၂၇) အညစ်အကြေးကင်းစင်သောဝတ်ပြုမှုကို King James Version  ကျမ်းမှာ “သန့်ရှင်းစင်ကြယ်သော ဘာသာတရား” လို့ ပြန်ဆိုထားပါတယ်။ အကြောင်းက သန့်ရှင်းစင်ကြယ်ပြီး ဟန်ဆောင်မှု၊ အရေခြုံမှု မပါတဲ့ဝတ်ပြုကိုးကွယ်မှုဖြစ်လို့ပါ။