မာကု ၇:၁-၃၇

  • လူ့​ထုံးတမ်း​စဉ်​လာတွေ​ကို ဖော်​ထုတ် (၁-၁၃)

  • စိတ်​နှလုံး​ထဲ​က ထွက်​လာ​တဲ့​အရာ လူ​ကို​ညစ်​ညူး​စေ (၁၄-၂၃)

  • ဖို​နီး​ရှား​ဒေ​သက အမျိုး​သမီး​ရဲ့ ယုံ​ကြည်​ခြင်း​ (၂၄-၃၀)

  • နား​မကြား​တဲ့​လူ​ကို ကု​သ (၃၁-၃၇)

 ဂျေရု​ဆ​လင်​မြို့​က ဖာ​ရိ​ရှဲ​နဲ့ ကျမ်း​တတ်​တ​ချို့​ဟာ ယေရှု​ဆီ ရောက်​လာ​တဲ့​အခါ၊+ ၂  တ​ပည့်​တ​ချို့ မသန့်​ရှင်း​တဲ့​လက်​နဲ့ တစ်​နည်း​အား​ဖြင့် လက်​မဆေး​ဘဲ​နဲ့* အစာ​စား​နေ​တာ​ကို မြင်​တယ်။ ၃  (ဖာ​ရိ​ရှဲ​တွေ​နဲ့ ဂျူး​တွေ​က ရှေး​လူ​ကြီး​တွေရဲ့ ထုံးတမ်း​စဉ်​လာ​ကို လိုက်​ပြီး တံ​တောင်​ဆစ်​အထိ လက်​ဆေး​ပြီး​မှ အစာ​စား​လေ့​ရှိ​တယ်။ ၄  စျေး​က​နေ ပြန်​လာ​တဲ့​အခါ​မှာ ကိုယ်​လက်​မဆေး​ဘဲ အစာ​မစား​ကြ​ဘူး။ ခွက်၊ ကရား၊​ ကြေး​ဖလားတွေ​ကို ရေ​နှစ်​ဆေး​တဲ့ ဓလေ့​ထုံးတမ်း​တွေ​ကို​လည်း လိုက်​နာ​ကျင့်​သုံး​ကြ​တယ်။)+ ၅  ဒါ​ကြောင့် ဖာ​ရိ​ရှဲ​နဲ့ ကျမ်း​တတ်​တွေ​က “ရှေး​လူ​ကြီး​တွေရဲ့ ထုံးတမ်း​စဉ်​လာ​ကို ခင်​ဗျားရဲ့​တ​ပည့်တွေ ဘာ​လို့ မလိုက်​နာ​တာ​လဲ။ မသန့်​ရှင်း​တဲ့​လက်​နဲ့ ဘာ​လို့ အစာ​စား​နေ​ကြ​တာ​လဲ”+ ဆို​ပြီး​မေး​တော့၊ ၆  ယေရှု​က “သူ​တော်​ကောင်း ယောင်​ဆောင်​သူတို့၊ ခင်​ဗျား​တို့​အကြောင်း ဟေရှာယ ပရော​ဖက်​ပြု​ခဲ့​တဲ့ စကား​တွေ​ဟာ သိပ်​မှန်​တာ​ပဲ– ‘ဒီ​လူမျိုး​က ငါ့​ကို နှုတ်​နဲ့​ပဲ ရို​သေတယ်။ သူတို့​ရဲ့​စိတ်​က​တော့ ငါ​နဲ့​ဝေး​လှ​တယ်။+ ၇  သူတို့​က လူ့​ထုံးတမ်း​စဉ်​လာ​ကို ငါ့​အယူ​ဝါ​ဒ​သဖွယ် သွန်သင်​တဲ့​အတွက် ငါ့​ကို​ကိုးကွယ်​နေ​တာ အချည်း​နှီး​ပဲ’+ လို့ သူ​ရေးခဲ့​တယ်။ ၈  ခင်​ဗျား​တို့​က ဘု​ရား​သခင်​ရဲ့​ပညတ်​ကို ပယ်​ပြီး လူ့​ထုံးတမ်း​စဉ်​လာ​ကို​တော့ လိုက်​နာ​တယ်”+ လို့​ပြော​တယ်။ ၉  ဒါ့​အပြင် ယေရှု​က “ထုံးတမ်း​စဉ်​လာ​ကို လိုက်​ဖို့​အတွက် ခင်​ဗျား​တို့​က ဘုရား​သခင်​ရဲ့​ပညတ်​ကို မလိမ့်​တ​ပတ်​နဲ့ ပယ်​ကြ​တယ်။+ ၁၀  ဥပမာ၊ ‘မိ​ဘ​ကို ရို​သေပါ။+ မိ​ဘ​ကို ရင့်ရင့်​သီး​သီး ပြော​ဆို​တဲ့​သူ သေဒဏ်​ ခံ​ရ​မယ်’+ လို့ မော​ရှေ​ပြော​ခဲ့​တယ်။ ၁၁  ဒါ​ပေမဲ့ ခင်​ဗျား​တို့​ကျ​တော့ ‘“အဖေနဲ့​အမေကို ထောက်ပံ့​မယ့်​ပစ္စည်းတွေ​က​ ကော်​ဘန် (ဘု​ရား​သခင်​ဆီ ဆက်​ကပ်​တဲ့​အလှူ) ဖြစ်​သွား​ပြီ” ဆို​ပြီး မိ​ဘ​ကို ပြော​တဲ့​သူ​ဟာ၊ ၁၂  မိ​ဘ​အတွက် ဘာ​မှ​လုပ်​ပေး​စ​ရာ မလို​တော့​ဘူး’+ လို့​ပြော​ကြ​တယ်။ ၁၃  အဆက်​ဆက် ကျင့်​သုံး​လာ​တဲ့ ထုံးတမ်း​စဉ်​လာ​ကို လိုက်​ဖို့​အတွက် ဘုရား​သခင်​ရဲ့ တ​ရား​စကား​ကို ခင်​ဗျား​တို့ ဘေး​ချိတ်​လိုက်​တယ်။+ အဲဒီ​လို​မျိုး လုပ်​တာ​တွေ အများ​ကြီး ရှိ​သေး​တယ်” လို့​ပြော​တယ်။+ ၁၄  လူ​အုပ်​ကို အနား​ခေါ်​ပြီး “ခင်​ဗျား​တို့​အားလုံး ကျွန်​တော်​ပြော​တာ​ကို နား​ထောင်​ပြီး ဆိုလို​ရင်း​ကို နား​လည်​ကြ​ပါ။+ ၁၅  ခံ​တွင်း​ထဲ​ဝင်​တဲ့​အရာ​က လူ​ကို​ညစ်​ညူး​စေ​တာ မဟုတ်​ဘူး။ စိတ်​နှလုံး​ထဲ​က ထွက်​တဲ့​အရာ​က​သာ လူ​ကို​ညစ်​ညူး​စေ​တာ”+ လို့​ပြော​တယ်။ ၁၆  * ၁၇  လူ​အုပ်​ဆီ​က​နေ ယေရှု ထွက်​သွား​ပြီး​နောက် အိမ်​ထဲ​ဝင်​တဲ့​အခါ အဲဒီ​ပုံ​ဥပမာ​အကြောင်း တ​ပည့်တွေ လာ​မေး​တယ်။+ ၁၈  ယေရှု​က “ခင်​ဗျား​တို့​လည်း သူတို့​လို​ပဲ နား​မလည်​သေး​ဘဲ​ကိုး။ ခံ​တွင်း​ထဲ​ဝင်​တဲ့​အရာ​က လူ​ကို မညစ်​ညူး​စေ​နိုင်​ဘူး​ဆို​တာ မသိ​ဘူး​လား။ ၁၉  ခံ​တွင်း​ထဲ​ဝင်​တဲ့​အရာ​က စိတ်​နှလုံး​ထဲ ရောက်​သွား​တာ မဟုတ်​ဘူး။ ဝမ်း​ထဲ​က​တစ်ဆင့် ရေ​အိမ်​ကို ရောက်​သွား​တာ” ဆို​ပြီး အစား​အစာ​ရှိ​သမျှ သန့်​ရှင်း​တယ်​ဆို​တဲ့​အကြောင်း ရှင်း​ပြတယ်။ ၂၀  ပြီး​တော့ “လူ့​စိတ်​နှလုံး​ထဲ​က​ ထွက်​တဲ့​အရာ​က​သာ လူ​ကို​ညစ်​ညူး​စေ​တာ။+ ၂၁  စိတ်​​နှလုံး​ထဲ​က​နေ+ ထွက်​လာ​တဲ့ မကောင်း​တဲ့​အတွေး​​တွေ​ကြောင့် လိင်​အကျင့်​ယို​ယွင်း​တာ၊* ခိုး​တာ၊ လူ့​အသက်​သတ်​တာ၊ ၂၂  အိမ်​ထောင်​ရေး​ဖောက်​ပြန်​တာ၊ လော​ဘ​ကြီး​တာ၊ ဆိုး​သွမ်း​တာ၊ လှည့်​စား​တာ၊ မျက်​နှာ​ပြောင်​တိုက်​တာ၊* မနာ​လို​မျက်​စိ​ရှိ​တာ၊ ဘု​ရား​ကို စော်​ကား​ပြော​ဆို​တာ၊ မာ​န​ထောင်​လွှား​တာ၊ ဆင်​ခြင်​ဉာဏ်​မဲ့​တာ​တွေ​ ဖြစ်ပေါ်​လာ​တယ်။ ၂၃  ဒီ​လို​ဆိုး​ညစ်​တဲ့​အရာတွေ​ဟာ စိတ်​နှလုံး​ထဲ​က ထွက်​လာ​တာ​ဖြစ်​ပြီး လူ​ကို​ညစ်​ညူး​စေ​တယ်” လို့ ဆက်​ပြော​တယ်။ ၂၄  ယေရှု​က အဲဒီ​က​နေ တိုင်​ရာ​နဲ့ ဆိုင်​ဒုန်​နယ်​ဘက်​ကို ထွက်​သွား​တယ်။+ ဘယ်​သူ့​ကို​မှ မသိ​စေ​ချင်​လို့ အိမ်​တစ်​အိမ်​ထဲ ဝင်​သွား​ပေမဲ့ လူ​တွေ သိ​သွား​တယ်။ ၂၅  နတ်​ဆိုး​ပူး​တဲ့ မိန်း​က​လေး​တစ်​ယောက်​ရဲ့ မိ​ခင်​က ယေရှု​အကြောင်း ကြား​တာ​နဲ့ ခြေ​ရင်း​မှာ လာဦး​ညွှတ်​တယ်။+ ၂၆  သူ​ဟာ ဆီးရီး​ယား​ပြည်၊ ဖို​နီး​ရှား​ဒေ​သက ဂရိ​အမျိုး​သမီး​ဖြစ်​ပြီး သူ့​သမီး​ဆီ​မှာ ဝင်​ပူး​နေ​တဲ့ နတ်​ဆိုး​ကို နှင်​ထုတ်​ပေး​ဖို့ တဖွ​ဖွ အသနား​ခံ​တယ်။ ၂၇  ဒါ​ပေမဲ့ ယေရှု​က “အရင်​ဆုံး၊ ကိုယ့်​သား​သမီး​ကို ဝအောင်​ကျွေး​ရ​တယ်။ သား​သမီး​ရဲ့​အစာ​ကို ခွေး​က​လေး​တွေ​အတွက် ချ​မ​ပေး​သင့်​ဘူး”+ လို့​ပြော​တော့၊ ၂၈  အဲ​ဒီ​အမျိုး​သမီး​က “မှန်​ပါ​တယ် သခင်။ ဒါ​ပေမဲ့ စား​ပွဲ​အောက်​က ခွေး​က​လေး​တွေ​တောင် သား​သမီး​တွေရဲ့ စား​ကြွင်း​စား​ကျန်​ကို စား​ရ​ပါ​တယ်” လို့​ပြော​ပြန်​တယ်။ ၂၉  ယေရှု​က “အိမ်​ကို​ပြန်​ပါ။ ခင်​ဗျား အခု​လို​ပြော​တဲ့​အတွက် ခင်​ဗျား​သမီး​ဆီ​က​နေ နတ်​ဆိုး​ထွက်​သွား​ပြီ”+ လို့​ပြော​တယ်။ ၃၀  အဲဒီ​အမျိုး​သမီး အိမ်​ပြန်​ရောက်​တဲ့​အခါ နတ်​ဆိုး​ထွက်​သွား​လို့ သမီး​ငယ် အိပ်​ရာ​မှာ အိပ်​နေ​တာ​ကို တွေ့​လိုက်​ရ​တယ်။+ ၃၁  ယေရှု​က တိုင်​ရာ​နယ်​က​နေ ဂါလိ​လဲ​အိုင်​ဘက် အပြန်​ခ​ရီး​မှာ ဆိုင်​ဒုန်​နယ်၊ အဲဒီ​က​နေ ဒေ​ကာ​ပေါ​လိ​နယ်​ကို+ ဖြတ်​လာ​တယ်။ ၃၂  အဲဒီ​မှာ နား​မကြား၊ စကား​မပြော​နိုင်​တဲ့ လူ​တစ်​ယောက်​ကို ယေရှု​ဆီ ခေါ်​လာ​ပြီး+ သူ့​အပေါ်​မှာ လက်​တင်​ဖို့ အသနား​ခံ​ကြ​တယ်။ ၃၃  ယေရှု​က သူ့​ကို လူ​အုပ်​ထဲ​က​နေ သီး​သန့်​ခေါ်​ထုတ်​သွား​ပြီး သူ့​နား​နှစ်​ဖက်​ထဲ လက်​ညှိုး​ကို သွင်း​လိုက်​တယ်။ အဲဒီ​နောက် တံ​တွေး​ထွေး​ပြီး သူ့​လျှာ​ကို တို့​တယ်။+ ၃၄  ကောင်း​ကင်​ကို မော့​ကြည့်​ရင်း အသက်​ပြင်း​ပြင်း​ရှူ​ပြီး “ဧ​ဖသ” လို့​ပြော​တယ်။ “ပွင့်​စေ” ဆို​တဲ့ အဓိပ္ပာယ်​ရှိ​တယ်။ ၃၅  အဲဒီ​အချိန်​မှာ​ပဲ အဲဒီ​လူ နား​ကြား​ပြီး+ စကား​ပြော​နိုင်​လာ​တယ်။ ၃၆  ယေရှု​က ဒီ​အကြောင်း​ကို ဘယ်​သူ့​ကို​မှ မပြော​ဖို့ တား​ပေမဲ့+ တား​လေ​လေ သတင်း​ပို​ပျံ့​လေ​လေ​ပဲ။+ ၃၇  လူ​တွေ​လည်း အံ့​သြလွန်း​လို့+ “သူ အရာရာ​ကို ကောင်း​အောင် လုပ်​နိုင်​တယ်။ နား​မကြား​သူ​ကို​တောင် နား​ကြား​အောင်၊ စကား​မပြော​နိုင်​သူ​ကို​တောင် စကား​ပြော​အောင် လုပ်​နိုင်​တယ်” ဆို​ပြီး ပြော​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ

ထုံးတမ်း​စဉ်​လာ​အတိုင်း လက်​မဆေး​တာ​ကို ဆိုလို။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။