မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၁– နှစ်ခြင်းရဲ့ အဓိပ္ပာယ်

ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၁– နှစ်ခြင်းရဲ့ အဓိပ္ပာယ်

 ယေဟောဝါသက်သေ မိသားစုမှာ ကြီးပြင်းလာတဲ့ လူငယ်များစွာဟာ နှစ်စဉ် နှစ်ခြင်းခံနေကြတယ်။ သင်ကော နှစ်ခြင်းခံဖို့ စဉ်းစားနေသလား။ စဉ်းစားနေတယ်ဆိုရင် အရင်ဆုံး ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့ အဓိပ္ပာယ်ကို သိဖို့ လိုတယ်။

 နှစ်ခြင်းဆိုတာ ဘာလဲ

 ကျမ်းစာမှာ ဖော်ပြထားတဲ့ နှစ်ခြင်းဆိုတာ ရေထဲကို စုံးစုံး နှစ်မြှုပ်တာကို ဆိုလိုတယ်။ ရေနဲ့ ဖျန်းရုံပဲ မဟုတ်ဘူး။ နှစ်ခြင်းက အရေးကြီးတဲ့ အချက်တစ်ချက်ကို ပုံဆောင်တယ်။

  •   နှစ်ခြင်းခံတဲ့အခါ ရေထဲ နစ်မြုပ်သွားတာက သင်ဟာ သင့်အကြိုက်အတိုင်း အသက်မရှင်တော့ဘူးလို့ လူတွေရှေ့မှာ ပြသလိုက်တာ ဖြစ်တယ်။

  •   ရေထဲကနေ ပြန်ပေါ်လာတာက ဘုရား နှစ်သက်တာကိုပဲ လုပ်တော့မယ်ဆိုတဲ့ ဘဝပုံစံသစ်နဲ့ အသက်ရှင်နေထိုင်တော့မယ်လို့ ပြသလိုက်တာ ဖြစ်တယ်။

 နှစ်ခြင်းခံတာက ယေဟောဝါမှာ အမှားအမှန်စံနှုန်း ချမှတ်ပိုင်ခွင့် ရှိတယ်ဆိုတာ အသိအမှတ်ပြုကြောင်း၊ ဘုရား လုပ်စေချင်တာကိုပဲ အမြဲ လုပ်တော့မယ်ဆိုတာ ကတိပြုကြောင်း အများသိအောင် ဖော်ပြလိုက်တာ ဖြစ်တယ်။

 စဉ်းစားကြည့်ပါ။ ယေဟောဝါကို နာခံတဲ့ အသက်တာမျိုးနဲ့ပဲ အသက်ရှင်တော့မယ်လို့ ဘာကြောင့် လူအများ သိအောင် ဖော်ပြသင့်သလဲ။ ၁ ယောဟန် ၄:၁၉ နဲ့ ဗျာဒိတ် ၄:၁၁ ကို ဖတ်ပါ။

 ဆက်ကပ်အပ်နှံခြင်းဆိုတာ ဘာလဲ

 နှစ်ခြင်းမခံခင်မှာ သင့်ကိုသင် ယေဟောဝါဆီ သီးသန့် ဆက်ကပ်အပ်နှံ သင့်တယ်။ ဘယ်လိုနည်းနဲ့လဲ။

 ဘယ်လို အခြေအနေမျိုးပဲ ပေါ်လာပါစေ၊ တခြားသူတွေ ဘာပဲ လုပ်ပါစေ သင်ကတော့ ဘုရားကို ထာဝစဉ် ဝတ်ပြုမယ်၊ ဘုရား လုပ်စေချင်တာကိုပဲ လုပ်မယ်လို့ ကိုယ်ပိုင်ဆုတောင်းချက်မှာ ယေဟောဝါကို ပြောပြတယ်။

 နှစ်ခြင်းခံတာက ကိုယ့်ရဲ့ သီးသန့် ဆက်ကပ်အပ်နှံမှုကို လူအများ သိအောင် ဖော်ပြတာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် မပိုင်တော့ဘူး၊ ယေဟောဝါ ပိုင်သွားပြီလို့ တခြားသူတွေကို ပြောပြတာဖြစ်တယ်။—မဿဲ ၁၆:၂၄

 စဉ်းစားကြည့်ပါ။ သင့်ကို ယေဟောဝါ ပိုင်သွားတဲ့အခါ သင့်ဘဝ ဘယ်လို ပို တိုးတက် ကောင်းမွန်လာသလဲ။ ဟေရှာယ ၄၈:၁၇၊ ၁၈ နဲ့ ဟီဘရူး ၁၁:၆ ကို ဖတ်ပါ။

 နှစ်ခြင်းက ဘာကြောင့် အရေးကြီးသလဲ

 မိမိရဲ့ တပည့်ဖြစ်ဖို့ နှစ်ခြင်းခံရမယ်လို့ ယေရှု သတ်မှတ်ခဲ့တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ဒါကြောင့် ခရစ်ယာန်တွေဟာ နှစ်ခြင်းခံဖို့ လိုတယ်။ ကယ်တင်ခံရဖို့ နှစ်ခြင်းခံရမယ်လို့ ကျမ်းစာက ဆိုတယ်။—၁ ပေတရု ၃:၂၁

 ဒါပေမဲ့ နှစ်ခြင်းခံဖို့ သင့်ကို လှုံ့ဆော်ပေးတဲ့အရာက ယေဟောဝါကို ချစ်တဲ့ မေတ္တာကြောင့်၊ ဘုရားနဲ့ သင့်ရဲ့ ဆက်ဆံရေးကို တန်ဖိုးထားတဲ့အတွက်ကြောင့် ဖြစ်သင့်တယ်။ သင့်ရဲ့ သဘောထားက ဆာလံဆရာရဲ့ သဘောထားနဲ့ တူသင့်တယ်။ သူ ဒီလို ရေးခဲ့တယ်– “ယေဟောဝါ လုပ်ပေးခဲ့တဲ့ ကောင်းမှုအားလုံးအတွက် ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲ။ . . . ယေဟောဝါရဲ့ နာမည်ကို ခေါ်ပြီး ဆုတောင်းမယ်။ ယေဟောဝါကို သစ္စာကတိပြုထားတဲ့အတိုင်း . . . လုပ်ဆောင်မယ်။”—ဆာလံ ၁၁၆:၁၂-၁၄

 စဉ်းစားကြည့်ပါ။ သင့်အတွက် ယေဟောဝါ ဘာကောင်းမှုတွေ လုပ်ပေးထားသလဲ။ ဘယ်လို ကျေးဇူးဆပ်မလဲ။ တရားဟောရာ ၁၀:၁၂၊ ၁၃ နဲ့ ရောမ ၁၂:၁ ကို ဖတ်ပါ။