၁ ပေတရု ၁:၁-၂၅
၁ ယေရှုခရစ်ရဲ့ တမန်တော်+ ပေတရုက ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊+ အာရှနယ်၊ ဗိသုနိပြည်တွေမှာ ကွဲလွင့်နေတဲ့ ယာယီ နေထိုင်သူတွေ၊ ရွေးချယ်ခံရသူတွေဆီ စာရေးလိုက်ပါတယ်။
၂ အဖဘုရားသခင်က ကြိုတင် သိမြင်ထားတဲ့အတိုင်း+ ခင်ဗျားတို့ကို ရွေးချယ်ပြီး စွမ်းအားတော်နဲ့ သန့်စင်ပေးတယ်။+ ရည်ရွယ်ချက်က ခင်ဗျားတို့ကို နာခံမှု ရှိစေဖို့၊ ယေရှုခရစ်ရဲ့ သွေးကြောင့်+ သန့်ရှင်းလာစေဖို့ပါ။
ခင်ဗျားတို့ဆီမှာ မဟာကရုဏာနဲ့ ငြိမ်သက်ခြင်း တိုးပွားပါစေ။
၃ သခင်ယေရှုခရစ်ရဲ့ အဖဘုရားသခင်ကို ချီးမွမ်းကြပါ။ ဘုရားသခင်က ကရုဏာ ကြီးမားလှတဲ့အတွက် ကျွန်တော်တို့ကို တစ်ဖန် မွေးဖွားစေတယ်၊+ ယေရှုခရစ်ကို သေရာကနေ ရှင်ပြန်ထမြောက်စေခြင်းအားဖြင့်+ ကျွန်တော်တို့ကို တည်မြဲတဲ့ မျှော်လင့်ချက် ပေးခဲ့တယ်။+
၄ မပုပ်ပျက်နိုင်တဲ့၊ မညစ်ညူးတဲ့၊ မညှိုးနွမ်းတဲ့ အမွေကိုလည်း ပေးခဲ့တယ်။+ အဲဒီအမွေကို ခင်ဗျားတို့အတွက် ကောင်းကင်မှာ သိမ်းထားပေးတယ်။+
၅ ခင်ဗျားတို့မှာ ယုံကြည်ခြင်း ရှိတဲ့အတွက် ဘုရားသခင်က ခင်ဗျားတို့ကို ကယ်တင်ခြင်း ရစေဖို့ တန်ခိုးတော်နဲ့ စောင့်ရှောက်တယ်။ အဲဒီကယ်တင်ခြင်းဟာ အဆုံးပိုင်းကာလမှာ ပေါ်လွင်ထင်ရှားလာလိမ့်မယ်။
၆ ဒါကြောင့် ခင်ဗျားတို့ဟာ စမ်းသပ်မှု အမျိုးမျိုး+ ကြုံရလို့ ခဏတာ ဝမ်းနည်းရတာ မှန်ပေမဲ့ သိပ်ဝမ်းမြောက်နေကြတယ်။
၇ မီးနဲ့ စမ်းသပ်ထားပေမဲ့ ပျက်စီးသွားတတ်တဲ့ ရွှေထက် ခင်ဗျားတို့ရဲ့ အစမ်းသပ်ခံ ယုံကြည်ခြင်းဟာ+ အများကြီး တန်ဖိုးရှိတယ်။ အဲဒီလို ယုံကြည်ခြင်း ရှိတဲ့အတွက် ယေရှုခရစ် ပေါ်ထွန်းချိန်မှာ ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဂုဏ်အသရေတွေကို ခင်ဗျားတို့ ခံစားရလိမ့်မယ်။+
၈ ခရစ်တော်ကို ခင်ဗျားတို့ မမြင်ဖူးပေမဲ့ ချစ်ကြတယ်။ အခု၊ သူ့ကို မမြင်ရပေမဲ့ ယုံကြည်သက်ဝင်ပြီး မပြောပြတတ်လောက်အောင် အလွန် ဝမ်းမြောက်ရွှင်လန်းနေကြတယ်။
၉ ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်း ရမယ်ဆိုတာကို ခင်ဗျားတို့ စိတ်ချနေလို့ပဲ။+
၁၀ ပရောဖက်တွေက ခင်ဗျားတို့အတွက် ရည်စူးထားတဲ့ မဟာကရုဏာတော်အကြောင်း ကြိုဟောခဲ့တယ်၊ အဲဒီကယ်တင်ခြင်းအကြောင်း အပတ်တကုတ် မေးမြန်းရှာဖွေခဲ့ကြတယ်။+
၁၁ ခရစ်တော် ဘာတွေ ကြုံရမယ်၊ ဘယ်အချိန်မှာ ကြုံရမယ်ဆိုတာနဲ့ပတ်သက်ပြီး စွမ်းအားတော် ဖော်ပြတဲ့အရာကို သူတို့ မပြတ် ဆန်းစစ်လေ့လာကြတယ်။+ ခရစ်တော်ဟာ ဆင်းရဲဒုက္ခ ခံရပြီးနောက် ချီးမြှောက်ခံရမယ်ဆိုတဲ့အကြောင်း စွမ်းအားတော် ကြိုတင် အသိပေးထားလို့ပဲ။+
၁၂ ကိုယ့်အတွက် မဟုတ်ဘဲ ခင်ဗျားတို့အတွက် ပရောဖက်ပြုရမယ် ဆိုပြီး သူတို့ကို ဘုရားသခင် အသိပေးခဲ့တယ်။ သူတို့က ကောင်းကင်ကနေ စေလွှတ်လိုက်တဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ သတင်းကောင်း ဟောခဲ့လို့+ အခု ခင်ဗျားတို့ အဲဒီအကြောင်း ကြားသိနေရတယ်။ ကောင်းကင်တမန်တွေဆိုရင် အဲဒီအကြောင်းတွေကို သိပ်သိချင်နေကြတာ။
၁၃ ဒါကြောင့် အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့ စိတ်ကို အသင့်ပြင်ထားကြပါ။+ အပြည့်အဝ သတိရှိကြပါ။+ ယေရှုခရစ် ပေါ်ထွန်းချိန်မှာ ခံစားရမယ့် မဟာကရုဏာကိုပဲ မျှော်လင့်နေကြပါ။
၁၄ နာခံတတ်တဲ့ သားသမီးတွေ ဖြစ်ကြပါ။ ဘုရားသခင်ကို မသိခင်က ခင်ဗျားတို့မှာ ရှိခဲ့တဲ့ အလိုဆန္ဒတွေရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။
၁၅ ခင်ဗျားတို့ကို ခေါ်ယူတဲ့ အရှင်ဟာ သန့်ရှင်းတဲ့အတွက် ခင်ဗျားတို့လည်း ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ။+
၁၆ “ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။
၁၇ မျက်နှာမလိုက်ဘဲ တစ်ယောက်စီရဲ့ အကျင့်နဲ့အညီ တရားစီရင်တဲ့ အဖဘုရားကို+ ခင်ဗျားတို့ ဆုတောင်းတယ်ဆိုရင် ဒီလောကမှာ ယာယီ နေထိုင်ချိန်အတွင်း ဘုရားကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ ကျင့်ကြံပြုမူကြပါ။+
၁၈ ဘိုးဘေးတွေဆီက ဆက်ခံရရှိတဲ့ အချည်းနှီး ဘဝကနေ ခင်ဗျားတို့ကို လွတ်မြောက်စေခဲ့တာဟာ ရွှေငွေစတဲ့ ပျက်စီးတတ်တဲ့အရာတွေ မဟုတ်မှန်း+ ခင်ဗျားတို့ သိပါတယ်။
၁၉ အနာအဆာ၊ အစွန်းအထင်း ကင်းတဲ့ သိုးသငယ်ရဲ့+ သွေးနဲ့ တူတဲ့ ခရစ်တော်ရဲ့+ တန်ဖိုးကြီးတဲ့ သွေးနဲ့+ လွတ်မြောက်စေခဲ့တာပါ။
၂၀ ဘုရားသခင်က ခရစ်တော်ကို လူ့လောက အစပြုချိန်* မတိုင်ခင်ကတည်းက+ ရွေးချယ်ခဲ့ပေမဲ့ ခင်ဗျားတို့ရဲ့ အကျိုးအတွက် အဆုံးပိုင်းကာလကျမှ ဖော်ပြတယ်။+
၂၁ ခရစ်တော်ကို သေရာကနေ အသက်ပြန်ရှင်စေပြီး+ ဘုန်းတန်ခိုး ပေးခဲ့တဲ့+ ဘုရားသခင်ကို ခရစ်တော်အားဖြင့် ခင်ဗျားတို့ ယုံကြည်လာတယ်။+ ဒီနည်းနဲ့ ခင်ဗျားတို့ဟာ ဘုရားသခင်ကို ယုံကြည်လာပြီး မျှော်လင့်ချက် ရှိလာကြတယ်။
၂၂ အမှန်တရားကို နာခံတဲ့အတွက် ခင်ဗျားတို့ သန့်စင်လာကြပြီ။ ဒါကြောင့် ခင်ဗျားတို့မှာ ဟန်ဆောင်မှု ကင်းတဲ့ ညီရင်းအစ်ကိုမေတ္တာမျိုး+ ရှိလာပြီ ဖြစ်လို့ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။+
၂၃ ခင်ဗျားတို့ဟာ ပုပ်ပျက်တတ်တဲ့ မျိုးစေ့အားဖြင့် မဟုတ်ဘဲ မပုပ်ပျက်တတ်တဲ့ မျိုးစေ့*+ အားဖြင့် တစ်ဖန် မွေးဖွားခံရပြီ။+ မပုပ်ပျက်တတ်တဲ့ မျိုးစေ့ဆိုတာ အသက်ရှင်ပြီး ထာဝစဉ် တည်မြဲတဲ့ ဘုရားသခင်ရဲ့ တရားစကားပဲ။+
၂၄ “လူသားအားလုံးဟာ မြက်ပင်တွေလိုပဲ။ သူတို့ရဲ့ ဂုဏ်သရေဟာ လယ်ပြင်မှာ ပေါက်တဲ့ ပန်းတွေလိုပဲ။ မြက်ပင်ဆိုတာ ညှိုးနွမ်းတတ်တယ်၊ ပန်းတွေလည်း ကြွေတတ်တယ်။
၂၅ ယေဟောဝါရဲ့* တရားစကားကတော့ ထာဝစဉ် တည်မြဲတယ်။”+ အဲဒီ “တရားစကား” ဟာ ကျွန်တော်တို့ ဟောတဲ့ သတင်းကောင်းပဲ။+
အောက်ခြေမှတ်ချက်များ
^ အာဒံနဲ့ဧဝ သားသမီးရတဲ့အချိန်။
^ သီးပွင့်ဖြစ်ထွန်းနိုင်စွမ်းရှိတဲ့ မျိုးစေ့ကို ဆိုလို။
^ နောက်ဆက်တွဲ က၅ ကိုကြည့်။