မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေ ဘာကို ယုံကြည်​သလဲ

ယေဟောဝါသက်သေတွေ ဘာကို ယုံကြည်​သလဲ

ယေဟောဝါ​သက်သေတွေဟာ ယေရှု သင်ကြား​ပေးခဲ့​ပြီး တမန်တော်တွေ ကျင့်သုံးခဲ့တဲ့ ခရစ်ယာန်​လမ်းစဉ်​အတိုင်း ကြိုးစား​နေထိုင်ကြ​တယ်။ ကျွန်ုပ်တို့ရဲ့ အခြေခံ​ယုံကြည်ချက်တွေကို ဒီ​ဆောင်းပါး​မှာ အကျဉ်းချုပ်​ဖော်ပြ​ထားပါ​တယ်။

  1. ၁။ ဘုရားသခင်– ယေဟောဝါ​အမည်ရှိတဲ့ တစ်ပါးတည်းသော​ဘုရား၊ အနန္တ​တန်ခိုးရှင်၊ ဖန်ဆင်းရှင်ကို ကျွန်ုပ်တို့ ဝတ်ပြု​ကိုးကွယ်​ကြပါတယ်။ (ဆာလံ ၈၃:၁၈; ဗျာဒိတ် ၄:၁၁) ကိုယ်တော်ဟာ အာဗြဟံ၊ မောရှေ၊ ယေရှု​တို့ ကိုးကွယ်​ကြ​တဲ့ ဘုရားသခင် ဖြစ်တယ်။​—ထွက်မြောက်ရာ ၃:၆; ၃၂:၁၁; ယောဟန် ၂၀:၁၇

  2. ၂။ သမ္မာကျမ်းစာ– ကျမ်းစာဟာ လူသားတွေ​အတွက် ဘုရားသခင်​ဆီကလာ​တဲ့ သတင်း​စကားဖြစ်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်​ထားတယ်။ (ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆) ကျွန်ုပ်တို့ရဲ့​ယုံကြည်ချက်တွေ​ဟာ “ဓမ္မဟောင်းကျမ်း” သာမက “ဓမ္မသစ်ကျမ်း” ပါ,ပါဝင်တဲ့ ကျမ်းစောင် ၆၆ စောင်​အပေါ် အခြေခံတယ်။ ဒီ​အချက်​နဲ့​ပတ်သက်ပြီး ဘာသာရေးဆိုင်ရာ တွဲဖက်​ပါမောက္ခ ဂျက်​ဆန် ဒီ. ဘီ​ဒန် ခုလို​ပြောတယ်– ယေဟောဝါ​သက်သေတွေဟာ “ကျမ်းစာမှာ ဘယ်​အကြောင်းပါ​သင့်တယ်​ဆိုပြီး ကြိုတင်​ထင်မြင်ချက်​ပေးတာမျိုး​မလုပ်ဘဲ သူတို့ရဲ့​ယုံကြည်ချက်တွေ၊ အကျင့်အကြံ​တွေကို သမ္မာကျမ်းစာ​အပေါ် အခြေပြု​ထားတယ်။” *

    ကျွန်ုပ်တို့ဟာ ကျမ်းစာ​တစ်အုပ်လုံး​ကို လက်ခံတယ်​ဆိုပေမဲ့ ရှိရင်းစွဲဝါဒီ (fundamentalists) တွေ​တော့ မဟုတ်ပါဘူး။ ကျမ်းစာထဲက တချို့​အပိုင်းတွေကို ဥပစာစကားနဲ့ ရေး​ထားတာ​ဖြစ်လို့ စာသား​အတိုင်း အဓိပ္ပာယ်​ကောက်​လို့​မရဘူး​ဆိုတာ ကျွန်ုပ်တို့​ယုံကြည်တယ်။​—ဗျာဒိတ် ၁:၁

  3. ၃။ ယေရှု– ကျွန်ုပ်တို့​က ယေရှုခရစ်ရဲ့ သွန်သင်ချက်၊ စံနမူနာ​အတိုင်း လိုက်လျှောက်ပြီး ကိုယ်တော့်​ကို ကယ်တင်ရှင်၊ ဘုရားသခင့်​သားတော်အဖြစ် ဂုဏ်တင်​ကြတယ်။ (မဿဲ ၂၀:၂၈; တမန်တော် ၅:၃၁) ဒါကြောင့် ကျွန်ုပ်တို့ဟာ ခရစ်ယာန်တွေ​ဖြစ်ကြတယ်။ (တမန်တော် ၁၁:၂၆) ဒါပေမဲ့ ယေရှုဟာ အနန္တ​တန်ခိုးရှင်​ဘုရားသခင် မဟုတ်ဘူး၊ သုံးပါး​ပေါင်း​တစ်ဆူ သွန်သင်ချက်အတွက် ကျမ်း​ဆိုင်ရာ​အကြောင်းပြချက် မရှိဘူးဆိုတာ​ကို ကျမ်းစာကနေ ကျွန်ုပ်တို့ သိရှိခဲ့ကြတယ်။​—ယောဟန် ၁၄:၂၈

  4. ၄။ ဘုရားသခင့်​နိုင်ငံတော်– ဘုရားသခင့်​နိုင်ငံတော်​ဆိုတာ ခရစ်ယာန်တွေရဲ့ နှလုံးသား​ထဲက အခြေအနေ​တစ်ခုကို ပြောတာ​မဟုတ်ဘဲ ကောင်းကင်မှာ​တည်ရှိတဲ့ တကယ့်​အစိုးရ​ဖြစ်တယ်။ ဘုရားသခင့်​နိုင်ငံတော်​က လူ့​အုပ်ချုပ်မှုကို အစားထိုး​ပြီး မြေကြီးနဲ့​ပတ်သက်တဲ့ ဘုရားသခင့်​ရည်ရွယ်ချက်ကို အကောင်အထည်ဖော်​သွားမှာ ဖြစ်တယ်။ (ဒံယေလ ၂:၄၄–၄၅; မဿဲ ၆:၉၊ ၁၀) ကျွန်ုပ်တို့ဟာ “နောက်ဆုံးသော​နေ့ရက်​များ” မှာ အသက်ရှင်နေ​ကြတယ်လို့ ကျမ်းစာမှာ​ကြို​ဟောထား​တာ​ကြောင့် မကြာခင် ဘုရားသခင့်​နိုင်ငံတော်​က အဲဒီလို​ဖြစ်အောင် လုပ်ဆောင်ပါ​တော့​မယ်။​—၂ တိမောသေ ၃:၁–၅; မဿဲ ၂၄:၃–၁၄

    ယေရှုဟာ ကောင်းကင်မှာ​တည်ရှိတဲ့ ဘုရားသခင့်​နိုင်ငံတော်ဘုရင် ဖြစ်နေ​ပါပြီ။ ၁၉၁၄ ခုနှစ်​က​စပြီး ကိုယ်တော် အုပ်စိုး​နေပြီ။​—ဗျာဒိတ် ၁၁:၁၅

  5. ၅။ ကယ်တင်ခြင်း– ယေရှုရဲ့ ရွေးနုတ်ဖိုး​ပူဇော်ရာယဇ်ကြောင့်​သာ အပြစ်နဲ့​သေခြင်းကနေ ကယ်တင်ခံရ​တာ ဖြစ်တယ်။ (မဿဲ ၂၀:၂၈; တမန်တော် ၄:၁၂) ရွေးနုတ်ဖိုး​ကနေ အကျိုး​ခံစားချင်​တယ်​ဆိုရင် ယေရှုကို ယုံကြည်​ကြောင်း​တင်ပြ​ရမယ့်​အပြင် ဘဝပုံစံကို​ပြောင်းလဲ​ပြီး နှစ်ခြင်းခံရမယ်။ (မဿဲ ၂၈:၁၉၊ ၂၀; ယောဟန် ၃:၁၆; တမန်တော် ၃:၁၉၊ ၂၀) ယုံကြည်ခြင်း​ရှိတယ်​ဆိုတာကို လုပ်ရပ်​နဲ့​ပြသ​ရမယ်။ (ယာကုပ် ၂:၂၄၊ ၂၆) ဒါပေမဲ့ ကယ်တင်ခြင်းဟာ လုပ်ရပ်​ကြောင့်​ရလာ​တာ​မဟုတ်ဘဲ “ဘုရားသခင်၏ မဟာ​ကရုဏာတော်” ကြောင့်​ရရှိတာ ဖြစ်တယ်။​—ဂလာတိ ၂:၁၆၊ ၂၁

  6. ၆။ ကောင်းကင်– ယေဟောဝါဘုရား​သခင်၊ ယေရှု​ခရစ်​နဲ့ သစ္စာရှိ​ကောင်းကင်တမန်တွေ​က ကောင်းကင်မှာ နေထိုင်တယ်။ * (ဆာလံ ၁၀၃:၁၉–၂၁; တမန်တော် ၇:၅၅) လူ ၁၄၄,၀၀၀ သာ ဘုရား​နိုင်ငံတော်မှာ ယေရှုနဲ့အတူ တွဲဖက်​အုပ်ချုပ်​ဖို့ ကောင်းကင်​အသက်တာကို ရှင်ပြန်ထမြောက်​မှာ​ဖြစ်တယ်။​—ဒံယေလ ၇:၂၇; ၂ တိမောသေ ၂:၁၂; ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁၊

  7. ၇။ မြေကြီး– လူသားတွေ​အတွက် ထာဝရ​စံအိမ်​ဖြစ်ဖို့ မြေကြီးကို ဘုရားသခင် ဖန်ဆင်းခဲ့တယ်။ (ဆာလံ ၁၀၄:၅; ၁၁၅:၁၆; ဒေသနာ ၁:၄) ဘုရားသခင်က နာခံမှု​ရှိတဲ့​လူသားတွေကို သာယာ​လှပတဲ့​မြေကြီးပေါ်မှာ ဒေါင်ဒေါင်မြည်​တဲ့ ကျန်းမာရေး​နဲ့ ထာဝစဉ်​အသက်ရှင်ခွင့်​ပေးပြီး ကောင်းချီး​ပေးပါလိမ့်မယ်။​—ဆာလံ ၃၇:၁၁၊ ၃၄

  8. ၈။ ဆိုးသွမ်းမှု၊ ဆင်းရဲဒုက္ခ– ဘုရားသခင့်​ကောင်းကင်တမန်​တစ်ပါး ပုန်ကန်မှု​ကြောင့် ဆိုးသွမ်းမှု​တွေ၊ ဆင်းရဲဒုက္ခတွေ စတင်​ဖြစ်ပေါ်လာတယ်။ (ယောဟန် ၈:၄၄) ပုန်ကန်တဲ့​ကောင်းကင်တမန်​ကို “စာတန်၊” “မာရ်နတ်” လို့ ခေါ်တယ်၊ ပထမဆုံး​လူသား​မောင်နှံကို သူ့​ဘက်​ပါ​အောင် လိမ်ညာ​လှည့်ဖြား​ခဲ့​တာ​မို့ သူ့​ကြောင့် လူသား​မျိုးနွယ်​တစ်ရပ်လုံး ဒုက္ခ​ပင်လယ်​ဝေ​ခဲ့​ရတယ်။ (ကမ္ဘာဦး ၃:၁–၆; ရောမ ၅:၁၂) စာတန်​ကြောင့်​ဖြစ်ပေါ်လာတဲ့ ကိုယ်ကျင့်တရား​ဆိုင်ရာ​ပြဿနာတွေကို ဖြေရှင်း​နိုင်ဖို့ ဘုရားသခင်က ဆိုးသွမ်းမှု​နဲ့ ဆင်းရဲဒုက္ခတွေကို ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ အမြဲ​ခွင့်ပြု​သွားမှာ​တော့ မဟုတ်ဘူး။

  9. ၉။ သေခြင်း– လူသေ​သွား​ရင် ဘာမှ​မတည်ရှိ​တော့​ဘူး။ (ဆာလံ ၁၄၆:၄; ဒေသနာ ၉:၅၊ ၁၀) လူသေ​တွေဟာ မီးငရဲမှာလည်း ညှဉ်းဆဲ​မခံရ​ပါဘူး။

    ဘုရားသခင်က ရှင်ပြန်ထမြောက်ခြင်း​အစီအစဉ်ကို​သုံးပြီး လူ​သန်းပေါင်း​များစွာကို အသက်ပြန်ရှင်​အောင် လုပ်ပေးမှာ​ဖြစ်တယ်။ (တမန်တော် ၂၄:၁၅) ဒါပေမဲ့ အသက်ပြန်ရှင်​လာ​သူတွေဟာ ဘုရားသခင့်​လမ်းစဉ်​တွေကို မသင်ယူ​ချင်ဘူး​ဆိုရင်တော့ ထာဝစဉ်​ဖျက်ဆီး​ခံရ​ပါလိမ့်မယ်။​—ဗျာဒိတ် ၂၀:၁၄၊ ၁၅

  10. ၁၀။ မိသားစု– အိမ်ထောင်မင်္ဂလာ​နဲ့​ပတ်သက်တဲ့ ဘုရားသခင်ရဲ့​မူလ​စံနှုန်းက ယောက်ျား​တစ်ဦး​နဲ့ မိန်းမ​တစ်ဦး​တို့ ရိုး​မြေ​ကျ ပေါင်းဖက်​ခြင်း​ဖြစ်တယ်။ ဒီ​စံနှုန်းကို ကျွန်ုပ်တို့ အခိုင်အမာ​ကိုင်စွဲ​ထားပါ​တယ်။ ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသော ခိုင်လုံတဲ့​အကြောင်းရင်း​က အိမ်ထောင်ရေး​ဖောက်ပြန်​ခြင်း ဖြစ်တယ်။ (မဿဲ ၁၉:၄–၉) ကျမ်းစာပါ ပညာရှိ​လမ်းညွှန်ချက်တွေ​က မိသားစု​ဘဝကို အောင်မြင်​စေတယ်ဆိုတာ ကျွန်ုပ်တို့ အကြွင်းမဲ့ယုံ​ကြည်စိတ်ချ​တယ်။​—ဧဖက် ၅:၂၂–၆:၁

  11. ၁၁။ ဝတ်ပြုရေး– လက်ဝါး​ကားတိုင်တခြား​ရုပ်ပုံ၊ ရုပ်တုတွေကို ကျွန်ုပ်တို့ မကိုးကွယ်​ပါဘူး။ (တရားဟောရာ ၄:၁၅–၁၉; ၁ ယောဟန် ၅:၂၁) ကျွန်ုပ်တို့ရဲ့​ဝတ်ပြုရေးမှာ ပါဝင်တဲ့​အဓိက​အချက်​တွေ​က–

  12. ၁၂။ ကျွန်ုပ်တို့ရဲ့ အဖွဲ့အစည်း– အသင်းတော်တွေကို​ဖွဲ့စည်းထားပြီး အသင်းတော်​တိုင်းမှာ အကြီးအကဲအဖွဲ့​တစ်ဖွဲ့​စီ​က ကြီးကြပ်ကွပ်ကဲ​ပေးတယ်။ ဒါပေမဲ့ အကြီးအကဲ​တွေဟာ လခစား ဓမ္မဆရာ​အတန်းအစား မဟုတ်ပါဘူး။ (မဿဲ ၁၀:၈; ၂၃:၈) ဆယ်ဖို့တစ်ဖို့​တောင်းတာ​မရှိသလို အသင်းတော်​အစည်းအဝေးတွေမှာ အလှူငွေ​ကောက်ခံ​တာ​လည်း မရှိပါဘူး။ (၂ ကောရိန္သု ၉:၇) ကျွန်ုပ်တို့ရဲ့​လုပ်ဆောင်မှု​အားလုံးကို အမည်​မဖော်​တဲ့ လှူဒါန်း​မှု​တွေနဲ့ လုပ်ဆောင်နေ​ကြတာပါ။

    ရင့်ကျက်​ပြည့်ဝတဲ့ ခရစ်ယာန်​လူနည်းစု​လေး​နဲ့ ဖွဲ့စည်းထားတဲ့အုပ်ချုပ်ရေးအဖွဲ့ဟာ ကျွန်ုပ်တို့ရဲ့ ကမ္ဘာ့​ဌာနချုပ်​ကနေ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါ​သက်သေတွေကို လမ်းညွှန်​ပေးနေ​ပါတယ်။​—မဿဲ ၂၄:၄၅

  13. ၁၃။ ကျွန်ုပ်တို့ရဲ့ စည်းလုံးမှု– ဘယ်မှာ​ပဲ​နေ​နေ ကျွန်ုပ်တို့ ယုံကြည်ချက်တွေ​က တစ်မျိုးတည်း​ပါပဲ။ (၁ ကောရိန္သု ၁:၁၀) လူနေမှု​အဆင့်အတန်း၊ အသားအရောင်၊ လူမျိုး၊ ဇာတ်​နိမ့်​ဇာတ်​မြင့်​ခွဲခြား​တာ​မျိုး​မရှိအောင် ကျွန်ုပ်တို့ ကြိုးစား​ကြတယ်။ (တမန်တော် ၁၀:၃၄၊ ၃၅; ယာကုပ် ၂:၄) ဒါပေမဲ့ ကျွန်ုပ်တို့​ယောက်တိုင်းမှာ ကိုယ်ပိုင်​ရွေးချယ်ခွင့် ရှိတယ်။ ကျမ်းစာနဲ့​လေ့ကျင့်​ထားတဲ့ မှားမှန်သိစိတ်နဲ့​အညီ ယေဟောဝါ​သက်သေ​တစ်ဦးစီ​က ကိုယ်ပိုင်​ဆုံးဖြတ်ချက်တွေ ချ​ကြတယ်။​—ရောမ ၁၄:၁–၄; ဟေဗြဲ ၅:၁၄

  14. ၁၄။ ကျွန်ုပ်တို့ရဲ့ ပြုမူ​ကျင့်ကြံပုံ– ဘယ်​ကိစ္စမှာ​မဆို ကိုယ်ကျိုးမဖက်​တဲ့ မေတ္တာတင်ပြ​နိုင်အောင် ကျွန်ုပ်တို့ ကြိုးစား​ကြတယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) သွေး​ကို​တလွဲ​အသုံးပြု​တာ​မျိုး​ဖြစ်တဲ့ သွေးသွင်း​ခြင်းအပါအဝင် ဘုရားသခင်​ရွံမုန်းတဲ့ အကျင့်အကြံ​အားလုံးကို ကျွန်ုပ်တို့ ရှောင်ကြတယ်။ (တမန်တော် ၁၅:၂၈၊ ၂၉; ဂလာတိ ၅:၁၉–၂၁) ကျွန်ုပ်တို့ဟာ ငြိမ်းချမ်း​စွာ​အတူ​ယှဉ်တွဲ​နေထိုင်ကြ​ပြီး စစ်ပွဲတွေမှာ မပါဝင်​ကြဘူး။ (မဿဲ ၅:၉; ဟေရှာယ ၂:၄) ကျွန်ုပ်တို့​နေထိုင်တဲ့​နိုင်ငံရှိ အစိုးရကို ရိုသေ​လေးစား​ပြီး ဘုရားသခင့်​ပညတ်​တွေ​နဲ့ မဆန့်ကျင်သရွေ့ နိုင်ငံ​ဥပဒေ​ကို လေးစား​လိုက်နာကြတယ်။​—မဿဲ ၂၂:၂၁; တမန်တော် ၅:၂၉

  15. ၁၅။ လူမှု​ဆက်ဆံရေး– “လူသားချင်း​ကို ကိုယ်နှင့်အမျှ ချစ်​လော့” ဆိုပြီး ယေရှု မိန့်မှာခဲ့တယ်။ ဒါ့အပြင် ခရစ်ယာန်တွေဟာ “လောက​နှင့်​မသက်ဆိုင်” ဘူးလို့​လည်း ကိုယ်တော်​ပြောခဲ့တယ်။ (မဿဲ ၂၂:၃၉; ယောဟန် ၁၇:၁၆) ဒါကြောင့် “လူတိုင်းကို ကောင်းမှုပြု” နိုင်အောင် ကျွန်ုပ်တို့​ကြိုးစားတယ်၊ နိုင်ငံရေးမှာ ကြားနေတယ်တခြား​ဘာသာရေး​တွေ​နဲ့ ရောနှော​တာ​မျိုး မလုပ်ကြဘူး။ (ဂလာတိ ၆:၁၀; ၂ ကောရိန္သု ၆:၁၄) ဒါပေမဲ့ ဒီ​ကိစ္စ​တွေ​နဲ့​ပတ်သက်ပြီး တခြား​သူတွေရဲ့ ရွေးချယ်မှု​တွေကို ကျွန်ုပ်တို့ လေးစားပါ​တယ်။​—ရောမ ၁၄:၁၂

ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တွေနဲ့​ပတ်သက်ပြီး ထပ်​သိချင်​တယ်​ဆိုရင် ကျွန်ုပ်တို့ရဲ့​ဝက်ဘ်ဆိုက်​မှာ အကျယ်တဝင့် ဖတ်ရှု​နိုင်ပါတယ်၊ ကျွန်ုပ်တို့ရဲ့ ရုံး​တစ်ခုခုကို ဆက်သွယ်​နိုင်သလို သင့်​ဒေသ​အနီးတစ်ဝိုက်​မှာ​ရှိတဲ့ ဝတ်ပြုရာ​ခန်းမမှာ အစည်းအဝေး​တက်ရောက်​နိုင်တယ်၊ သင့်​ဒေသ​ရှိ ယေဟောဝါ​သက်သေ​တစ်ဦး​နဲ့ စကားပြော​ဆို​နိုင်ပါတယ်။

^ အပိုဒ်၊ 2 Truth in Translation, စာမျက်နှာ ၁၆၅ ကို​ကြည့်ပါ။

^ အပိုဒ်၊ 6 ကောင်းကင်တမန်ဆိုးတွေဟာ နာမ်ဝိညာဉ်​နယ်ပယ်​မှာ ဆက်ရှိ​နေတယ်​ဆိုပေမဲ့ သူတို့ဟာ ကောင်းကင်​ကနေ နှင်ချ​ခံခဲ့ရတယ်။​—ဗျာဒိတ် ၁၂:​၇–၉