မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေ​က သွေးသွင်း​ခြင်း​ကို ဘာဖြစ်လို့ လက်မခံ​တာလဲ

ယေဟောဝါသက်သေတွေ​က သွေးသွင်း​ခြင်း​ကို ဘာဖြစ်လို့ လက်မခံ​တာလဲ

အထင်လွဲ​မှား​လေ့​ရှိတဲ့ အချက်များ

အထင်မှား​မှု– ယေဟောဝါသက်သေတွေ​က ဆေးဝါး​နဲ့ ဆေး​ကုသမှု​တွေကို အယုံအကြည်​မရှိဘူး။

အဖြစ်မှန်– ကိုယ့်​အတွက်​နဲ့ မိသားစု​အတွက် အကောင်းဆုံး ဆေး​ကုသမှု​တွေကို ကျွန်ုပ်တို့ ရရှိ​ချင်​ပါတယ်။ ကျွန်ုပ်တို့ မကျန်းမမာ​ဖြစ်တဲ့အခါ ဆေး​ကုသမှု​မှာ ကျွမ်းကျင်တဲ့​ဆရာဝန်တွေ၊ သွေးမဲ့​ခွဲစိတ်မှု​မှာ ကျွမ်းကျင်တဲ့ ခွဲစိတ်​ဆရာဝန်တွေ​ဆီ သွား​ပြ​ကြတယ်။ ဆေး​လောကမှာ နည်းပညာ ထွန်းကား​လာတဲ့​အတွက်လည်း ကျွန်ုပ်တို့ ဝမ်းသာ​ကြတယ်။ တကယ်တော့ သက်သေခံ​လူနာ​တွေကို ကူညီပေး​ရင်း​နဲ့ ပေါ်ထွက်​လာတဲ့ သွေးမဲ့​ကုသနည်း​တွေကို အခု​ဆိုရင် တခြားသူတွေ​အတွက်လည်း အသုံးပြု​နေကြပါ​ပြီ။ နိုင်ငံ​များစွာမှာ လူနာ​တွေဟာ သွေးမသွင်း​ဖို့ ရွေးချယ်​နိုင်ကြတယ်။ ဒါကြောင့် သွေး​ကနေ​တစ်ဆင့် ကူးစက်​တဲ့​ရောဂါတွေ၊ ကိုယ်ခံအား​စနစ်​ဖောက်ပြန်မှု​တွေ​နဲ့ သွေး​မှား​သွင်း​မိ​တာတွေကို ရှောင်ရှား​နိုင်ကြ​ပါတယ်။

အထင်မှား​မှု– ဖျားနာမှု​တွေကို ယုံကြည်ခြင်း​ကုထုံး​နဲ့ ကုသ​လို့​ရတယ်လို့ ယေဟောဝါသက်သေတွေ ယုံကြ​တယ်။

အဖြစ်မှန်– ယုံကြည်ခြင်း​ကုထုံး​ကို ကျွန်ုပ်တို့ လက်မခံ​ဘူး။

အထင်မှား​မှု– သွေးမသွင်း​ဘဲ ကုသတာက ကုန်ကျ​စရိတ် များ​လွန်း​တယ်။

အဖြစ်မှန်– သွေးမသွင်း​တဲ့ ကုသနည်း​တွေဟာ ကုန်ကျ​စရိတ်​နည်းတဲ့ ကုသနည်း​တွေ​ဖြစ်တယ်။ *

အထင်မှား​မှု– ကလေးတွေ​အပါအဝင် ယေဟောဝါ​သက်သေ​များစွာဟာ သွေးမသွင်း​လို့ နှစ်စဉ် သေဆုံး​နေကြတယ်။

အဖြစ်မှန်– ဒါဟာ အထောက်အထား လုံးဝ​မပြ​နိုင်တဲ့ ဖော်ပြချက်​တစ်ခုပါ။ နှလုံး​ခွဲစိတ်​ကုသမှု၊ အရိုး​ခွဲစိတ်​ကုသမှု၊ ကိုယ်အင်္ဂါ​အစားထိုး​မှု​စတဲ့ အကြီးစား​ခွဲစိတ်​ကုသမှု​တွေကို ခွဲစိတ်​ဆရာဝန်တွေ​က သွေးမသွင်း​ဘဲ ပြုလုပ်​နေကြပါတယ်။ * သွေးမသွင်း​တဲ့ ကလေး​အပါအဝင် လူနာ​တွေဟာ သွေးသွင်း​တဲ့​လူနာ​တွေ​လို​ပဲ ကျန်းမာ​လာ​တတ်တယ်။ ဒါမှမဟုတ် သွေးသွင်း​တဲ့​လူနာ​တွေ​ထက် ပို​ပြီးတော့​တောင် ကျန်းမာ​လာ​တတ်တယ်။ * ဘယ်လို​အခြေအနေ​မှာ​ပဲ​ဖြစ်ဖြစ်၊ သွေးမသွင်း​လို့ သေမယ်လို့ တပ်အပ်​မပြော​နိုင်သလို သွေးသွင်း​ရင် အသက်ရှင်မယ်လို့​လည်း အာမ,မခံနိုင်​ပါဘူး။

ယေဟောဝါသက်သေတွေ​က ဘာဖြစ်လို့ သွေးမသွင်း​ကြတာလဲ

သွေးမသွင်း​ရတာက ဆေးပညာ​ကြောင့်​မဟုတ်ဘဲ ဘာသာရေး​ခံယူချက်​ကြောင့် ဖြစ်တယ်။ ဓမ္မဟောင်းကျမ်း​မှာ​ရော၊ ဓမ္မသစ်ကျမ်း​မှာပါ သွေး​ကို​ရှောင်​ဖို့ ရှင်းရှင်းလင်းလင်း မိန့်မှာ​ထားတယ်။ (ကမ္ဘာဦး ၉:၄; ဝတ်ပြုရာ ၁၇:၁၀; တရားဟောရာ ၁၂:၂၃; တမန်တော် ၁၅:၂၈၊ ၂၉) ဒါ့အပြင် ဘုရားသခင့်​အမြင်မှာ သွေးဟာ အသက်ကို ကိုယ်စား​ပြုတယ်။ (ဝတ်ပြုရာ ၁၇:၁၄) ဘုရားသခင့် မိန့်မှာချက်ကို နာခံ​ရုံ​မ​က အသက်ပေး​ပိုင်ရှင်​ဖြစ်တဲ့ ဘုရားသခင်ကို လေးစားတဲ့​အတွက် ကျွန်ုပ်တို့ သွေးမသွင်း​ရခြင်း ဖြစ်တယ်။

အမြင်​တွေ ပြောင်းလာ

အကြီးစား​ခွဲစိတ်မှု​တွေကို သွေးမသွင်း​ဘဲ အောင်မြင်စွာ လုပ်ဆောင်​နိုင်

တစ်ချိန်​တုန်း​က သွေးသွင်း​ခြင်း​ကို​ရှောင်​တဲ့ ကုသနည်း​တွေ (သွေးမဲ့​ကုသမှု​လို့​လည်း​ခေါ်) ကို အစွန်းရောက်​တဲ့၊ ကိုယ့်ကိုယ်ကိုယ်​သေစေတဲ့ နည်း​တွေ​လို့ မြင်ခဲ့​ကြပေမဲ့ မကြာသေး​ခင်​နှစ်တွေမှာ​တော့ အဲဒီ​အမြင်​တွေ​က ပြောင်းလဲသွား​ပြီ​ဖြစ်တယ်။ ဥပမာ၊ ၂၀၀၄ ခုနှစ်​ထုတ် ဆေးပညာ​ဂျာနယ်​တစ်စောင်​မှာ “ယေဟောဝါ​သက်သေ​လူနာ​တွေကို ကူညီပေး​ရင်း​နဲ့ ပေါ်ထွက်​လာတဲ့ ကုသနည်း​ပညာ​တွေ​က အနာဂတ်မှာ စံ​အနေနဲ့ အသုံးပြု​လာ​ကြမယ်” လို့ ဖော်ပြ​ထားတယ်။ * ၂၀၁၀ ခုနှစ်​ထုတ် Heart, Lung and Circulation ဂျာနယ်​မှာ “သွေးမဲ့​ခွဲစိတ်မှု​တွေဟာ ယေဟောဝါသက်သေတွေ​အတွက်ပဲ မဖြစ်​သင့်​တော့​ဘူး။ ခွဲစိတ်မှု​တိုင်းမှာ သွေးမဲ့​ခွဲစိတ်နည်း​ကို အသုံးပြု​သင့်တယ်” လို့ ဖော်ပြ​ထားတယ်။

ကမ္ဘာ​တစ်ဝန်း​က ဆရာဝန်​ထောင်ပေါင်း​များစွာဟာ သွေး​ထွက်​နည်း​အောင် လုပ်တဲ့​နည်းတွေကို​သုံးပြီး သွေးမဲ့​အကြီးစား​ခွဲစိတ်မှု​တွေကို လုပ်ဆောင်နေ​ကြတယ်။ သွေးမသွင်း​တဲ့ အဲဒီလို​ကုသနည်း​တွေကို ဖွံ့ဖြိုးဆဲ​နိုင်ငံတွေမှာတောင် အသုံးပြု​နေကြပြီး ယေဟောဝါ​သက်သေ​မဟုတ်တဲ့ လူနာ​တွေ​လည်း အဲဒီနည်းနဲ့​ကုသ​ပေးဖို့ တောင်းဆို​နေကြတယ်။

^ အပိုဒ်၊ 6 Transfusion and Apheresis Science, အတွဲ ၃၃၊ နံပါတ် ၃၊ စာမျက်နှာ ၃၄၉ ကို​ကြည့်ပါ။

^ အပိုဒ်၊ 8 The Journal of Thoracic and Cardiovascular Surgery, အတွဲ ၁၃၄၊ နံပါတ် ၂၊ စာမျက်နှာ ၂၈၇–၂၈၈; Texas Heart Institute Journal, အတွဲ ၃၈၊ နံပါတ် ၅၊ စာမျက်နှာ ၅၆၃; Basics of Blood Management, စာမျက်နှာ ၂; Continuing Education in Anaesthesia, Critical Care & Pain, အတွဲ ၄၊ နံပါတ် ၂၊ စာမျက်နှာ ၃၉ ကို​ကြည့်ပါ။

^ အပိုဒ်၊ 8 The Journal of Thoracic and Cardiovascular Surgery, အတွဲ ၈၉၊ နံပါတ် ၆၊ စာမျက်နှာ ၉၁၈; Heart, Lung and Circulation, အတွဲ ၁၉၊ စာမျက်နှာ ၆၅၈ ကို​ကြည့်ပါ။

^ အပိုဒ်၊ 10 Continuing Education in Anaesthesia, Critical Care & Pain, အတွဲ ၄၊ နံပါတ် ၂၊ စာမျက်နှာ ၃၉။