မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ငန်း ဘယ်က​ငွေနဲ့ လည်ပတ်​နေသလဲ

ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ငန်း ဘယ်က​ငွေနဲ့ လည်ပတ်​နေသလဲ

ကျွန်တော်​တို့ရဲ့ ကမ္ဘာချီ​လုပ်ငန်း​ကို အဓိက​အားဖြင့် ယေဟောဝါသက်သေ​တွေ စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ လည်ပတ်​နေပါတယ်။ * ဝတ်ပြု​စည်းဝေး​တဲ့​နေရာတွေမှာ အလှူငွေ​သေတ္တာ​တွေ ထားရှိ​ပါတယ်။ အလှူငွေ​ထည့်ဝင်​နိုင်တဲ့ တခြား​နည်းလမ်းတွေကို အလှူငွေ​စာမျက်နှာမှာ ဖော်ပြ​ထားပါ​တယ်။ ကမ္ဘာချီ​လုပ်ငန်း​အတွက် ထည့်​မလား၊ ဒေသခံ​ကုန်ကျ​စရိတ်​အတွက် ထည့်​မလား ဒါမှ​မဟုတ် နှစ်ခုစလုံး​အတွက် ထည့်​မလား​ဆိုတာ ရွေးချယ်​နိုင်တယ်။

ဆယ်ဖို့တစ်ဖို့​ပေးဖို့၊ သတ်သတ်မှတ်မှတ် ပမာဏ​ပေးဖို့၊ ဝင်ငွေ​ရဲ့ ဘယ်လောက်​ရာခိုင်နှုန်း ပေးဖို့​ဆိုပြီး ယေဟောဝါသက်သေ​တွေ​ဆီကနေ မတောင်းဆိုပါဘူး။ (၂ ကောရိန္သု ၉:၇) ကျွန်တော်​တို့ရဲ့ အစည်းအဝေးတွေမှာ အလှူငွေ ကောက်ခံခြင်း​မရှိ​သလို ကျွန်တော်​တို့ရဲ့ ဓမ္မအမှု​ဆောင်​တွေ​ဟာ နှစ်ခြင်း၊ ဈာပန၊ လက်ထပ်​ထိမ်းမြား​ပွဲနဲ့ တခြား ဘာသာရေး​အစီအစဉ်တွေ လုပ်ဆောင်ပေး​တဲ့​အခါ အခကြေးငွေ မ​တောင်းခံ​ကြဘူး။ မုန့်​ရော​င်း​ပွဲ၊ ရန်ပုံငွေ ဈေး​ပွဲတော်၊ အားကစား​ပြိုင်ပွဲ၊ ကာ​နီ​ဗယ်​ပွဲတော်၊ ညစာ​စားပွဲ၊ ကံ​စမ်း​မဲ​ဖောက်​ခြင်း စတဲ့ ရန်ပုံငွေ​ပွဲ​တွေ ကျင်းပ​ပြီး အလှူငွေ​ရှာ​တာ​မျိုး မ​လုပ်​သလို အလှူငွေ​တောင်းခံ​ခြင်း​လည်း မလုပ်ကြဘူး။ အလှူငွေ ထည့်​သူတွေရဲ့ အချက်အလက်​ကို ကြေညာ​ပေးခြင်း၊ လူအများ​သိအောင် ထုတ်ဖော်​ပေးခြင်း​လည်း မ​လုပ်​ဘူး။ (မဿဲ ၆:၂-၄) ရန်ပုံငွေ​ရဖို့​အတွက် ကျွန်တော်​တို့ရဲ့ ဝက်ဘ်ဆိုက်​နဲ့ စာပေတွေ​မှာ ကြော်ငြာ​ထည့်​ခြင်း​မျိုး​လည်း မ​လုပ်​ဘူး။

ယေဟောဝါသက်သေ​တွေ​ရဲ့ အသင်းတော်​တိုင်းမှာ လစဉ် ငွေ​စာရင်း​မှတ်တမ်း​ကို အစည်းအဝေးတွေမှာ အများ​သိအောင် ကြေညာ​ပေး​ပါတယ်။ လှူဒါန်း​ထားတဲ့ အလှူငွေတွေကို တော်လျော်​စွာ အသုံးပြု​ကြောင်း သေချာ​စေဖို့ အသင်းတော် ငွေ​စာရင်း​မှတ်တမ်းတွေကို ပုံမှန် စာရင်း​စစ်​ပါတယ်။—၂ ကောရိန္သု ၈:၂၀၊ ၂၁

လှူဒါန်း​နိုင်တဲ့ နည်းလမ်းများ

  • အလှူငွေ သေတ္တာ​များ– ဝတ်ပြုရာ​ခန်းမ​တွေ၊ စည်းဝေးပွဲ​ခန်းမ​တွေ​နဲ့ ကျွန်တော်​တို့ အစည်းအဝေးတွေ ကျင်းပ​တဲ့ တခြား​နေရာတွေမှာ​ထားတဲ့ အလှူငွေ​သေတ္တာ​ထဲ​ကို ငွေသား ဒါမှ​မဟုတ် ချက်​လက်မှတ်​တွေ ထည့်​နိုင်ပါတယ်။

  • အွန်လိုင်း​မှ အလှူငွေ​ထည့်​ခြင်း– နိုင်ငံ​များစွာမှာ “ယေဟောဝါသက်သေ​များ​ထံ လှူဒါန်း​ပါ” စာမျက်နှာ​ကို အသုံးပြုပြီး ခရက်ဒစ်ကတ်၊ ဒီ​ဘ​စ်​ကတ်၊ ဘဏ်​ငွေ​လွှဲ​ခြင်း​အပြင် တခြား​အီလက်ထရောနစ် နည်း​စနစ်​တွေ​နဲ့ အလှူငွေ​ထည့်ဝင်​နိုင်​ကြတယ်။ * ယေဟောဝါသက်သေ​တချို့က အဲဒီ​နည်း​တွေ​ထဲ​က တစ်နည်း​နည်းကို အသုံးပြုပြီး ပုံမှန်​အလှူငွေ ထည့်​နိုင်ဖို့​အတွက် လစဉ် “သီးသန့်​ဖယ်ထား” ဖို့ ဆုံးဖြတ်​ကြတယ်။—၁ ကောရိန္သု ၁၆:၂

  • ကြိုတင်​စီစဉ်​ပြီး ပေးလှူခြင်း– လှူဒါန်း​နိုင်တဲ့ နည်းလမ်း​တချို့ဟာ ကြိုတင်​စီစဉ်​ဖို့ နဲ့/ဒါမှ​မဟုတ် ဥပဒေ အကြံပြုချက်​တွေ လိုအပ်​ပါတယ်။ အဲဒီလို စီစဉ်​ထားမယ်​ဆိုရင် သင့်​နိုင်ငံရဲ့ အခွန်​နဲ့​ပတ်သက်​တဲ့ အကျိုးအမြတ်​တွေ ရရှိနိုင်​ကြတယ်။ များစွာသော​သူတွေဟာ သူတို့ အသက်ရှင်နေ​ချိန်​အတွင်း ပြုလုပ်​နိုင်တဲ့ ဒါမှ​မဟုတ် သေ​ပြီးနောက်ပိုင်း အကျိုး​သက်ရောက်​မယ့် လှူဒါန်းခြင်း​အကြောင်း ပို​သိလာတဲ့​အတွက် အကျိုး​ရရှိ​ခဲ့​ကြတယ်။ အောက်ပါ​ပုံစံ​တွေ​နဲ့ လှူဒါန်း​ချင်တယ်​ဆိုရင် ထပ်ဆင့် အသေးစိတ်​အချက်အလက်​တွေ​အတွက် ဒေသခံ ဌာနခွဲရုံး​ကို ဆက်သွယ်ပါ။

    • ဘဏ်​စာရင်းများ

    • အာမခံ​နဲ့ ပင်စင်​ခံစားခွင့်​များ

    • အိမ်ရာ အဆောက်အအုံ​များ

    • အစုရှယ်ယာ​လက်မှတ်​နဲ့ ငွေချေး​စာချုပ်​များ

    • သေတမ်းစာ​နဲ့ လွှဲအပ်​စာချုပ်​များ

သင့်​ဒေသမှာ လှူဒါန်း​နိုင်တဲ့ နည်းလမ်း​တွေ​အကြောင်း ထပ်​သိချင်ရင် “ယေဟောဝါသက်သေ​များ​ထံ လှူဒါန်း​ပါ” စာမျက်နှာမှာ ကြည့်​ပါ။

^ အပိုဒ်၊ 1 ယေဟောဝါသက်သေ မဟုတ်​သူတချို့​လည်း ကျွန်တော်​တို့ရဲ့​လုပ်ငန်း​ကို ထောက်မ​ဖို့ အလှူငွေ ထည့်ဝင်​ကြ​ပါတယ်။

^ အပိုဒ်၊ 5 ထပ်ဆင့်​အချက်အလက်​အတွက် အင်တာနက်​က​တစ်ဆင့် အလှူငွေ​ထည့်​နိုင်ပုံ ဗီဒီယိုကို​ကြည့်​ပါ။