မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပညာရှိလော့—ဘုရားသခင်ကို ကြောက်ရွံ့လော့

ပညာရှိလော့—ဘုရားသခင်ကို ကြောက်ရွံ့လော့

ပညာရှိ​လော့—ဘုရားသခင်​ကို ကြောက်ရွံ့​လော့

‘ယေဟောဝါ​ကို​ကြောက်ရွံ့​သော​သဘော​သည် ပညာ​၏​မူလအမြစ်​ဖြစ်၏။’—သု. ၉:၁၀

၁။ လူအများသည် ဘုရားသခင်​အား ကြောက်ရွံ့​ခြင်း​အယူအဆကို အဘယ်ကြောင့်​နားလည်​ရ​ခက်​သနည်း။

ဘုရားသခင်​ကို​ကြောက်ရွံ့​သူ​ဟု တစ်ဦး​တစ်ယောက်ကို​ခေါ်​ဆိုလျှင် သူ့ကို​ချီးမွမ်း​ရာ​ရောက်​သည်​ဟု ထင်မှတ်​သည့်​အချိန် ရှိခဲ့​ဖူး​သည်။ ယနေ့ လူအများသည် ဘုရားသခင်​အား ကြောက်ရွံ့​ခြင်း​ကို ခေတ်​နောက်ကျ​ပြီး နားလည်​ရ​ခက်​သော​အယူအဆ​ဟု ထင်မှတ်​ကြသည်။ ‘ဘုရားသခင်​သာ ချစ်ခြင်း​မေတ္တာ​ဖြစ်တယ်​ဆိုရင် ကိုယ်တော့်​ကို ဘာလို့​ကြောက်​ရမှာ​လဲ’ ဟု​မေး​ပေမည်။ ဤ​သူတို့သည် ကြောက်ရွံ့​ခြင်း​ကို အပျက်​သဘောဖြင့် ထိတ်လန့်​တုန်လှုပ်​စ​ရာ​ဟု ရှုမြင်ကြ​သည်။ သို့ရာတွင် ဘုရားသခင်​ကို အမှန်တကယ်​ကြောက်ရွံ့​ခြင်း​သည် အဓိပ္ပာယ်​ကျယ်ပြန့်​ပြီး ခံစားချက်​မျှ​သာ​မဟုတ်​ကြောင်း ကျွန်ုပ်​တို့​တွေ့ရှိ​ရမည်​ဖြစ်သည်။

၂၊ ၃။ ဘုရားသခင်​ကို အမှန်တကယ်​ကြောက်ရွံ့​ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

သမ္မာကျမ်းစာ​က​မူ ဘုရားသခင်​အား ကြောက်ရွံ့​ခြင်း​ကို အပြု​သဘောဖြင့် သုံးနှုန်းထား​သည်။ (ဟေရှာယ ၁၁:၃) ယင်းသည် ဘုရားသခင်​ကို အလွန့်အလွန်​ကြည်ညို​လေးစားခြင်း၊ ကိုယ်တော်​မနှစ်သက်​ရာ​ကို မပြု​လုပ်​လို​သည့်​ဆန္ဒ​ပြင်းပြ​ခြင်း​တို့​ဖြစ်သည်။ (ဆာလံ ၁၁၅:၁၁) ဘုရားသခင်​အား ကြောက်ရွံ့​ခြင်း​တွင် ကိုယ်တော်​၏​ကျင့်ဝတ်​စံနှုန်း​များ​ကို လက်ခံခြင်း၊ တိတိကျကျ​လိုက်နာခြင်း၊ အမှားအမှန်​နှင့်​ပတ်သက်​၍ ဘုရားသခင်​မိန့်ဆို​သည့်​အတိုင်း အသက်ရှင်​လို​ခြင်း​တို့​ပါဝင်​သည်။ အဆိုပါ​အကျိုးပြုသော​ကြောက်ရွံ့​ခြင်း​သည် “ဘုရားသခင်​အပေါ်​ထား​ရှိသော အဓိကကျ​သည့်​သဘောထား​ဖြစ်​ပြီး ပညာရှိရှိ​ပြုမူ​စေ​သည်၊ ဆိုးညစ်မှု​မှန်သမျှကို ရှောင်ကြဉ်​စေ​သည်” ဟု ကိုးကားချက်​တစ်ခု​က​ဆို​၏။ ထို့​ကြောင့် ‘ယေဟောဝါ​ကို​ကြောက်ရွံ့​သော​သဘော​သည် ပညာ​၏​မူလအမြစ်​ဖြစ်၏’ ဟု​သမ္မာကျမ်းစာ​ဆို​ခြင်း​သည် လျောက်ပတ်​ပေ​၏။—သု. ၉:၁၀

မှန်ပါသည်၊ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​တွင် လူ့​ဘဝ​ကဏ္ဍအသီးသီး အကျုံးဝင်​သည်။ ယင်းသည် ဉာဏ်ပညာ​နှင့်​သာမက ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ကြီးပွားခြင်း၊ အသက်ရှည်​ခြင်း၊ မျှော်လင့်ခြင်း၊ ကိုးစားခြင်း၊ ယုံကြည်​စိတ်ချ​ခြင်း​တို့​နှင့်​လည်း ဆက်နွှယ်​နေသည်။ (ဆာလံ ၂:၁၁; သု. ၁:၇; ၁၀:၂၇; ၁၄:၂၆; ၂၂:၄; ၂၃:၁၇၊ ၁၈; တမန်​တော် ၉:၃၁) ယုံကြည်ခြင်း၊ ချစ်ခြင်း​တို့​နှင့် အလွန်​နီးစပ်​သည့်​ပြင် ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး၊ လူ​လူ​ချင်း​ဆက်ဆံ​ရေး​တို့​နှင့်​လည်း ပတ်သက်​သည်။ (တရားဟောရာ ၁၀:၁၂; ယောဘ ၆:၁၄; ဟေဗြဲ ၁၁:၇) ဘုရားသခင်​အား ကြောက်ရွံ့​ခြင်း​တွင် ကောင်းကင်​ခမည်းတော်​သည် ကျွန်ုပ်​တို့​တစ်ဦးစီ​ကို ဂရုစိုက်​တော်​မူ​ကြောင်း၊ အပြစ်​များ​ကို​ခွင့်လွှတ်​ရန် အသင့်​ရှိကြောင်း အပြည့်အဝ​ယုံကြည်​စိတ်ချ​ခြင်း​လည်း ပါဝင်​သည်။ (ဆာလံ ၁၃၀:၄) နောင်တ​မယူ​သော​လူဆိုးများ​သာ ဘုရားသခင်​ရှေ့ ကြောက်​ဒူး​တုန်​စ​ရာ​အကြောင်း​ရှိသည်။။ *ဟေဗြဲ ၁၀:၂၆-၃၁

ယေဟောဝါ​ကို​ကြောက်ရွံ့​တတ်​ရန် သင်ယူခြင်း

၄။ “ယေဟောဝါ​ကို​ကြောက်ရွံ့” တတ်​ရန် အဘယ်အရာက ကူညီ​ပေး​နိုင်​သနည်း။

ပညာရှိ​ဆုံးဖြတ်ချက်​များ​ချရန်၊ ဘုရားသခင့်​ကောင်းချီး​များ​ရရှိရန် ယေဟောဝါ​ကို​ကြောက်ရွံ့

ခြင်း​က အဓိကကျ​သောကြောင့် “ဘုရားသခင်​ကို​ကြောက်ရွံ့” တတ်​ရန် မည်သို့​သင်ယူ​နိုင်​မည်​နည်း။ (တရားဟောရာ ၁၇:၁၈) “ငါ​တို့ကို ဆုံးမ” လို​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​သော အမျိုးသား၊ အမျိုးသမီးများ​စွာ​၏​ပုံ​နမူနာ​များ​ကို သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​သည်။ (ရောမ ၁၅:၄) ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​ကြောင်း အမှန်​သဘောပေါက်​နိုင်​ရန် ရှေး​ဣသရေလ​ဘုရင် ဒါဝိဒ်​၏​ပုံ​နမူနာကို သုံးသပ်ကြည့်​ကြ​စို့။

၅။ ဒါဝိဒ်​သည် သိုးကျောင်း​ရင်း ယေဟောဝါ​ကို မည်သို့​ကြောက်ရွံ့​တတ်လာ​သနည်း။

ဣသရေလ​နိုင်ငံ​၏  ပထမ​ဆုံး​ရှင်ဘုရင် ရှောလုသည် ယေဟောဝါ​ကို​ကြောက်ရွံ့​မည့်​အစား  လူကို​ကြောက်ရွံ့​သောကြောင့် သူ့ကို ဘုရားသခင်​ငြင်းပယ်​လိုက်​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၅:၂၄-၂၆) ဒါဝိဒ်​မူ ဘုရားသခင်​ကို အမှန်​ကြောက်ရွံ့​သူ​တစ်ဦး​ဖြစ်​ကြောင်း သူ၏​အသက်တာ​လမ်းစဉ်​နှင့် ယေဟောဝါ​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​ခြင်း​တို့​က ဖော်ပြ​သည်။ ဒါဝိဒ်​ငယ်​စဉ်​က ဖခင်​၏​သိုးများ​ကို ထိန်းကျောင်း​ပေးလေ့​ရှိသည်။ (၁ ဓမ္မ​ရာဇဝင် ၁၆:၁၁) လ​ရော​င်​ကြယ်ရောင်​အောက် သိုးကျောင်း​ရင်း ယေဟောဝါ​ကို ကြောက်ရွံ့​တတ်လာ​သည်။ အပြောကျယ်​လှ​သည့်​စကြဝဠာ​၏ တစ်စိတ်​တစ်ပိုင်း​လေး​ကို​သာ သူ​မြင်နိုင်​သော်လည်း ဘုရားသခင်​သည် ကြည်ညို​လေးစားထိုက်​ကြောင်း မှန်ကန်​စွာ​ကောက်ချက်​ချ​နိုင်​ခဲ့​သည်။ နောက်ပိုင်း​တွင် သူ​ဤသို့​ရေးသား​သည်– “လက်ညှိုးတော်​အလုပ်​တည်း​ဟူသော ကိုယ်တော်​၏​မိုးကောင်းကင်ကို​လည်းကောင်း၊ ပြင်ဆင်​တော်​မူ​သော လ​နှင့်​ကြယ်​များ​ကိုလည်း​ကောင်း အကျွန်ုပ်​ဆင်ခြင်​သော် လူသည် အဘယ်​သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည် အောက်မေ့​တော်​မူ​ရသနည်း။”—ဆာလံ ၈:၃၊ ၄

၆။ ယေဟောဝါ​၏​ကြီးမြတ်မှု​ကို နားလည်ခြင်း​ကြောင့် ဒါဝိဒ် မည်သို့​ခံစားရ​သနည်း။

ဒါဝိဒ်​သည် ကြယ်အတိ​ပြီး​သော​ကောင်းကင်​၏ အပြောကျယ်​မှု​နှင့် မိမိ၏​သေးနုပ်​မှု​ကို နှိုင်းယှဉ်​လိုက်​သည့်​အခါ အလွန်​စိတ်စွဲ​မှတ်​သွား​သည်။ ယင်းကြောင့် သူ​ထိတ်လန့်​သွား​မည့်​အစား ယေဟောဝါ​ကို ဤသို့​ချီးမွမ်း​သည်– “မိုးကောင်းကင်​သည် ဘုရားသခင်​၏​ဘုန်း​အသရေတော်​ကို ကြား​ပြော​၍ မိုး​မျက်နှာကြက်​သည် လက်တော်​နှင့်​လုပ်သော​အရာများ​ကို ပြသ​၏။” (ဆာလံ ၁၉:၁) ဒါဝိဒ်​သည် ယေဟောဝါ​ကို ကြည်ညို​လေးစား​သောကြောင့် ကိုယ်တော်​နှင့်​ပို​ရင်းနှီး​လာပြီး ကိုယ်တော်​၏​စုံလင်သော​နည်းလမ်းတော်​များ​ကို သင်ယူ​လိုက်လျှောက်​လို​ခြင်း​ဖြစ်သည်။ ‘ကိုယ်တော်​သည် ကြီးမြတ်​၍ အံ့သြဖွယ်​တို့ကို​ပြု​တော်​မူ​၏။ ကိုယ်တော်​တစ်ပါး​တည်း​သာ​လျှင် ဘုရားသခင်​ဖြစ်​တော်​မူ​၏။ အို​ထာဝရ​ဘုရားသခင် ကိုယ်တော်​၏​လမ်းကို အကျွန်ုပ်​အား ပြညွှန်​တော်​မူ​ပါ။ ကိုယ်တော်​၏​သမ္မာတရား​လမ်း​သို့ လိုက်သွား​ပါ​မည်။ နာမတော်​ကို​ကြောက်ရွံ့​မည်​အကြောင်း အကျွန်ုပ်၏​နှလုံးကို စေ့စပ်​စေတော်မူ​ပါ’ ဟူ၍ ဒါဝိဒ်​သီဆို​ချိန်​တွင် သူ​မည်သို့​ခံစား​မည်​ကို စဉ်းစား​ကြည့်​ပါ​လေ။—ဆာလံ ၈၆:၁၀၊ ၁၁

၇။ ဂေါလျတ်​ကို​တိုက်​ရန် ဘုရားသခင်​အား​ကြောက်ရွံ့​ခြင်း​က ဒါဝိဒ်​ကို မည်သို့​အကူအညီ​ပေး​သနည်း။

ဣသရေလ​နိုင်ငံ​ကို ဖိလိတ္တိ​လူ​တို့ ကျူးကျော်​တိုက်ခိုက်​သည့်​အခါ ၎င်းတို့၏​ချန်ပီယံ အရပ်​ခြောက်​ပေ​ခွဲ​ရှိသော ဂေါလျတ်​သည် ‘ငါ​နဲ့ တစ်ယောက်ချင်း​ချဖို့ မင်းတို့​ထဲ​က တစ်ယောက်​ထွက်​ခဲ့! မင်းတို့​နိုင်​ရင် ငါ မင်းတို့ရဲ့​ကျွန်ခံ​မယ်’ ဟူ​သည့်​သဘော​မျိုး​ဖြင့် ဣသရေလလူ​တို့ မခံ​ချင်​အောင်​စိန်ခေါ်​ခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၇:၄-၁၀) ရှောလု​နှင့်​သူ့​စစ်တပ်​တစ်တပ်လုံး ကြောက်ရွံ့​တုန်လှုပ်​နေကြ​သော်လည်း ဒါဝိဒ်​မူ​ကား မကြောက်ရွံ့​ပေ။ ယေဟောဝါ​တစ်ပါး​တည်း​ကို​သာ ကြောက်ရွံ့​ထိုက်​ပြီး မည်မျှ​ပင်​အစွမ်း​တန်ခိုး​ကြီး​ပါစေ လူကို​မကြောက်​သင့်​ကြောင်း သူသိ​ထား​သည်။ ထို့​ကြောင့် ဂေါလျတ်​ကို ‘ငါသည် သင်​ကြိမ်း​ပ​သော ဣသရေလ​ဗိုလ်ခြေ​တို့၏​ဘုရားသခင်၊ ကောင်းကင်​ဗိုလ်ခြေ​အရှင် ယေဟောဝါ​၏​နာမတော်​ပါ​လျက် သင်​ရှိရာသို့​လာ​၏။ ယေဟောဝါ​သည် ဓား၊ လှံ​အားဖြင့် ကယ်တင်​တော်​မ​မူ​ကြောင်းကို ဤ​ပရိသတ်အပေါင်း​တို့သည် သိရ​ကြလိမ့်မည်။ အကြောင်း​မူ​ကား ယေဟောဝါ​သည် စစ်မှု​ကို​ပိုင်​၍ ငါ​တို့​လက်​သို့​အပ်နှံ​တော်​မူ​မည်’ ဟု​ဆို​ခဲ့​၏။ ထို့နောက် ဒါဝိဒ်​သည် ယေဟောဝါ​၏​ကူညီ​မှု​ကြောင့် လူထွားကြီး​ကို လောက်​လွှဲ​နှင့်​ကျောက်​တစ်လုံး​ဖြင့် ကွပ်မျက်​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၁၇:၄၅-၄၇

၈။ ကျမ်းစာ​တွင်​ပါရှိ​သော ဘုရားသခင်​ကို​ကြောက်ရွံ့​သူတို့၏​ပုံ​နမူနာ​များ​က ကျွန်ုပ်​တို့ကို အဘယ်အရာ​သင်ပေး​သနည်း။

ကျွန်ုပ်​တို့​လည်း ဒါဝိဒ်​ရင်ဆိုင်ခဲ့​ရသော အခက်အခဲ​မျိုး၊ ရန်သူ​မျိုးကို  ရင်ဆိုင်​ကောင်း​ရင်ဆိုင်​နေရ​ပေမည်။ သို့​ဖြစ်​လျှင် ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။  ဒါဝိဒ်​နှင့် ရှေးခေတ်​က အခြား​သစ္စာရှိ​ပုဂ္ဂိုလ်​များ​နည်းတူ ဘုရားသခင်​ကို​ကြောက်ရွံ့​စိတ်ဖြင့် ရင်ဆိုင်​ဖြေရှင်း​နိုင်​သည်။ ဘုရားသခင်​ကို​ကြောက်ရွံ့​မည်​ဆိုလျှင် လူကို​ကြောက်​သော​စိတ် ပျောက်​သွား​နိုင်​သည်။ ဘုရားသခင့်​သစ္စာရှိ​ကျေးကျွန် နေဟမိ​သည် ဆန့်ကျင်သူ​များ​၏​ဖိနှိပ်မှု​ခံ​နေရ​သော ဣသရေလလူ​တို့ကို ဤသို့​တိုက်တွန်း​၏– ‘ရန်သူ​တို့ကို မကြောက်​ကြ​နှင့်။ ကြီးမြတ်​၍ ကြောက်မက်​ဖွယ်​ဖြစ်​တော်​မူ​သော ထာဝရ​ဘုရားသခင်​ကို အောက်မေ့​ကြလော့။’ (နေဟမိ ၄:၁၄) ဒါဝိဒ်၊ နေဟမိ​နှင့် ဘုရားသခင့်​သစ္စာရှိ​ကျေးကျွန်​တို့သည် ယေဟောဝါ​၏​အကူအညီ​ဖြင့် ဘုရားသခင်​ပေး​တာဝန်​များ​ကို ကျေပွန်​စွာ​ထမ်းဆောင်​နိုင်​ခဲ့​ကြသည်။ ကျွန်ုပ်​တို့​လည်း ဘုရားသခင်​ကို​ကြောက်ရွံ့​ပါ​က အလားတူ​လုပ်ဆောင်​နိုင်​မည်​ဖြစ်သည်။

ဘုရားသခင်​ကို​ကြောက်ရွံ့​စိတ်ဖြင့် အခက်အခဲ​များ​ကို ဖြေရှင်းခြင်း

၉။ အဘယ်​အခြေအနေ​များ​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​ကြောင်း ဒါဝိဒ်​တင်ပြ​ခဲ့​သနည်း။

ဒါဝိဒ်​သည် ဂေါလျတ်​ကို​သတ်​ပြီး​နောက် ယေဟောဝါ​က သူ့ကို စစ်ပွဲ​များစွာ အနိုင်​ရရှိစေ​ခဲ့​သည်။ မနာလို​ဖြစ်နေ​သော​ရှောလုသည် ဒါဝိဒ်​ကို အစပိုင်း​တွင် စိတ်​လိုက်​မာန်​ပါ၊ ထို့နောက် စဉ်းလဲ​စွာ၊ နောက်ဆုံး​တွင် စစ်တပ်​နှင့်​တကွ သတ်​ရန်​ကြိုးစား​လေ​သည်။ ဒါဝိဒ်​သည် ရှင်ဘုရင်​ဖြစ်လာ​မည်​ဟူသော ယေဟောဝါ​၏​အာမခံချက် ရရှိ​ထား​သော်လည်း နှစ်​အတန်ကြာ ထွက်ပြေး​တိမ်းရှောင် တိုက်ခိုက်​နေရ​ပြီး မိမိ​အား ဘုရားသခင် ဘုရင်​ခန့်အပ်​မည့်​အချိန်ကို စောင့်ဆိုင်း​နေရ​ရှာ​သည်။ ထို​ကာလ​တစ်လျှောက် ဒါဝိဒ်​သည် ယေဟောဝါ​ကို​ကြောက်ရွံ့​ကြောင်း တင်ပြ​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၁၈:၉၊ ၁၁၊ ၁၇; ၂၄:၂

၁၀။ဒါဝိဒ်​သည်  အသက်ဘေး​နှင့်​ရင်ဆိုင်​ရချိန်တွင်  ဘုရားသခင်​ကို​ကြောက်ရွံ့​ကြောင်း မည်သို့​တင်ပြ​ခဲ့​သနည်း။

၁၀ တစ်ခါ​က ဒါဝိဒ်​သည် ဂေါလျတ်​၏​နေရပ် ဂါသ​မြို့ရှိ ဖိလိတ္တိ​မင်းကြီး​အာခိတ်​ထံ ပြေးဝင်​ခိုလှုံ​ခဲ့​ရသည်။ (၁ ဓမ္မ​ရာဇဝင် ၂၁:၅-၁၅) ထို​မင်းကြီး​၏​ကျွန်​တို့​က ဒါဝိဒ်​သည် ရန်သူ​တစ်ဦး​ဖြစ်​ကြောင်း ဖော်ထုတ်​ကြသည်။ ထို​အသက်​အန္တရာယ်​ရှိသော​အခြေအနေ​မျိုး​တွင် ဒါဝိဒ် မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ သူသည် ယေဟောဝါ​ထံ ခံစားချက်​အပြည့်​ဖြင့် ရင်ဖွင့်​ဆုတောင်း​လေ​သည်။ (ဆာလံ ၅၆:၁-၄၊ ၁၁-၁၃) သူ​လွတ်မြောက်​ရန် ရူး​ဟန်ဆောင်​လိုက်ရ​သော်လည်း အမှန်​အားဖြင့် ယေဟောဝါ​ကြောင့်​သာ မိမိ​လွတ်မြောက်​ခဲ့​သည်ကို သူသိ​၏။ ဒါဝိဒ်​သည် ယေဟောဝါ​ကို မှီခို​အားထား​ကာ အကြွင်းမဲ့​ကိုးစား​သည့်​အတွက် ဘုရားသခင်​ကို အမှန်တကယ်​ကြောက်ရွံ့​သူ​ဖြစ်​ကြောင်း ဖော်ပြ​သည်။—ဆာလံ ၃၄:၄-၆၊ ၉-၁၁

၁၁။ ဒါဝိဒ်​နည်းတူ အခက်အခဲ​များ​ကြား ဘုရားသခင်​ကို​ကြောက်ရွံ့​ကြောင်း မည်သို့​ဖော်ပြ​နိုင်​သနည်း။

၁၁ ကျွန်ုပ်​တို့၏​အခက်အခဲ​များ​ကို ဖြေရှင်း​နိုင်​ရန် ယေဟောဝါ ကူညီ​ပေး​မည်​ဟူသော​ကတိတော်​ကို ယုံကြည်​စိတ်ချ​ခြင်း​ဖြင့် ဒါဝိဒ်​နည်းတူ ကိုယ်တော်​အား​ကြောက်ရွံ့​ကြောင်း တင်ပြ​နိုင်​ကြသည်။ ‘ကိုယ်​အမှုအရာ​ကို ထာဝရ​ဘုရားသခင်​၌​အပ်​လော့။ ကိုယ်တော်​ကို ကိုးစား​လော့။ သို့ပြုလျှင် စီရင်တော်မူ​မည်’ ဟု​ဒါဝိဒ်​ဆို​ခဲ့​၏။ (ဆာလံ ၃၇:၅) ယင်းကြောင့် ကျွန်ုပ်​တို့၏​အခက်အခဲ​များ​ကို ကိုယ်တိုင်​မဖြေရှင်း​ဘဲ ယေဟောဝါ​ဖြေရှင်း​ပေး​မည်​ဟု​မျှော်လင့်​ကာ ကိုယ်တော့်​ထံ အပ်​လိုက်ရမည်​ဟု​မဆိုလို​ပါ။ ဒါဝိဒ်​သည် ဆုတောင်း​ရုံ​သာ​မပြု​ဘဲ ယေဟောဝါ​ပေးသနား​သည့် ကိုယ်စွမ်း၊ ဉာဏ်စွမ်း​ရှိသမျှ​ဖြင့် ထို​အခက်အခဲ​များ​ကို ကြိုးစား​ဖြေရှင်း​ခဲ့​သည်။ တစ်ချိန်တည်း​တွင် လူ့​အစွမ်းအစ​ဖြင့်​သာ မအောင်မြင်​နိုင်​ကြောင်း သူသိ​ထား​သည်။ ကျွန်ုပ်​တို့​လည်း ထိုသို့​ပြုသင့်​သည်။ ကျွန်ုပ်​တို့​တတ်နိုင်​သမျှ​လုပ်ဆောင်​ပြီး​မှ​သာ ယေဟောဝါ​လက်ထဲ အပ်​ထား​ရမည်။ များသောအားဖြင့် ယေဟောဝါ​ကို​အားကိုး​ရုံ​မှ​လွဲ​၍ အဘယ်အရာကို​မျှ မတတ်နိုင်​တော့​သည့်​အခါ​မျိုး​လည်း​ရှိသည်။ ဤ​အခါ​မျိုး​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​ကြောင်း ဖော်ပြ​ရမည့်​အချိန်​ဖြစ်သည်။ စိတ်ရင်းမှန်​ဖြင့် ဒါဝိဒ်​ပြော​ခဲ့​သော ဤ​စကား​မှ စိတ်သက်သာ​မှု ရယူ​နိုင်​သည်– ‘ယေဟောဝါ​ကို​ကြောက်ရွံ့​သော​သူတို့သည် ကိုယ်တော်မြတ်​နှင့် မိတ်သဟာယ​ဖွဲ့​ရသော​အခွင့် ရှိကြ​၏။’—ဆာလံ ၂၅:၁၄

၁၂။ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို အဘယ်ကြောင့် အလေးအနက်​သဘောထား​ရမည်​နည်း။ အဘယ်​သဘောထားမျိုး လုံးဝ​မရှိသင့်​သနည်း။

၁၂ ထို့​ကြောင့် ကျွန်ုပ်​တို့သည် မိမိ၏​ဆုတောင်းချက်​များ​အပြင် ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး​ကို​ပါ အလေးအနက်​သဘောထား​သင့်​သည်။ ယေဟောဝါ​ကို ကျွန်ုပ်​တို့​ဆုတောင်း​သည့်​အခါ ‘ဘုရားသခင်​ရှိ​တော်​မူ​ကြောင်း​နှင့် ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ​သည်ကို ယုံကြည်​ရမည်။’ (ဟေဗြဲ ၁၁:၆; ယာကုပ် ၁:၅-၈) ကျွန်ုပ်​တို့ကို ကိုယ်တော်​ကူညီ​မစ​သည့်​အခါ တမန်​တော်​ပေါလု​အကြံပေး​သည့်​အတိုင်း “ကျေးဇူးတော်​ကို​သိသောစိတ်” တင်ပြ​သင့်​သည်။ (ကောလောသဲ ၃:၁၅၊ ၁၇) အတွေ့အကြုံရင့်​ကျက်​သော ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​တစ်ဦး​ဖော်ပြ​သည့် လူစားမျိုး​နှင့် ကျွန်ုပ်​တို့ လုံးဝ,မတူ​လို​ကြ​ပါ။ သူ​ဤသို့​ဆို​သည်– “သူတို့က ဘုရားသခင်​ကို ကောင်းကင်​အစေအပါး​တစ်ဦး​လို သဘောထား​ကြတယ်။ သူတို့​တစ်ခုခု​လိုအပ်​ရင် လက်​ဖျောက်​တီး​ပြီး ခေါ်​လိုက်တယ်။ သူတို့​ဆန္ဒပြည့်​သွား​ရင် ဘုရားသခင်​ကို အလို​မရှိကြ​တော့​ဘူး။” အဆိုပါ​သဘောထား​သည် ဘုရားသခင်​ကို​မကြောက်ရွံ့​ကြောင်း တင်ပြ​၏။

ဘုရားသခင်​ကို​ကြောက်စိတ်​လျော့နည်း​သွား​သည့်​အခါ

၁၃။ ဒါဝိဒ်​သည် အဘယ်​အချိန်တွင် ဘုရားသခင့်​ပညတ်​ကို မလိုက်နာ​ခဲ့​သနည်း။

၁၃ ဒါဝိဒ်​သည် ဆင်းရဲ​ခက်ခဲ​မှုကြုံ​ရချိန်တွင် ယေဟောဝါ​၏​အကူအညီ​ရရှိခဲ့​ခြင်း​ကြောင့် ဘုရားသခင်​ကို ပိုမို​ကြောက်ရွံ့​လာပြီး ကိုယ်တော်​အပေါ် ယုံကြည်​စိတ်ချမှု​တိုးလာ​၏။ (ဆာလံ ၃၁:၂၂-၂၄) သို့ရာတွင် ဒါဝိဒ်​သည် ထူးခြားသော​ဖြစ်ရပ်​သုံးခု​တွင် ဆိုးကျိုး​များ​ခံစားရ​သည့်​အထိ ဘုရားသခင်​ကို​ကြောက်စိတ် လျော့နည်း​သွားခဲ့သည်။ ပထမ​ဖြစ်ရပ်​တွင် ယေဟောဝါ​၏​ပ​ဋိညာ​ဉ်​သေတ္တာ​ကို ယေရုရှလင်​မြို့​သို့ ဘုရားသခင့်​ပညတ်​အတိုင်း လေဝိ​သားတို့​ကို ထမ်း​ယူသွား​စေ​မည့်​အစား လှည်း​ဖြင့်​သယ်ဆောင်​ခဲ့​သည်။ လှည်း​ကို​နှင်​ရသော ဩ​ဇ​သည် ယို​င်​သွားသော​သေတ္တာတော်​ကို လှမ်း​ထိန်း​လိုက်​ရာ သူ၏​မ​ခန့်​လေးစား​လုပ်ရပ်​ကြောင့် ပွဲချင်းပြီး သေဆုံး​ရလေ​သည်။ ဩ​ဇ​သည် ကြီး​လေး​သော​အပြစ်ပြု​ခဲ့​သော်လည်း အမှန်​ဆို​ရ​လျှင် ဘုရားသခင့်​ပညတ်​ကို ဒါဝိဒ်​မလိုက်နာ​ခဲ့​ခြင်း​ကြောင့် ထိုသို့​ဆိုးရွား​သော​အကျိုးဆက် ဖြစ်ပေါ်​လာ​ရခြင်း​ဖြစ်၏။ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​ဟူသည် ကိုယ်တော်​၏​ပညတ်​အတိုင်း လုပ်ဆောင်ခြင်း​ဖြစ်သည်။—၂ ဓမ္မ​ရာဇဝင် ၆:၂-၉; တောလည်ရာ ၄:၁၅; ၇:၉

၁၄။ ဣသရေလ​စစ်သူရဲ​တို့ကို ဒါဝိဒ်​ရေတွက်​သည့်​အတွက် အဘယ်​ရလဒ်​ဖြစ်ပေါ်​ခဲ့​သနည်း။

၁၄ နောက်ပိုင်း​တွင် စာတန်​၏​တိုက်တွန်းမှု​ဖြင့် ဒါဝိဒ်​သည် ဣသရေလ​စစ်သူရဲ​တို့ကို ရေတွက်​လေ​သည်။ (၁ ရာဇဝင်ချုပ် ၂၁:၁) ဒါဝိဒ် ထိုသို့​ရေတွက်ခြင်း​က ဘုရားသခင်​ကို မကြောက်ရွံ့​ကြောင်း ဖော်ပြ​လိုက်ခြင်း​ပင်။ ယင်းကြောင့် ဣသရေလလူ ၇၀,၀၀၀ သေဆုံး​ခဲ့​ရသည်။ ဒါဝိဒ် နောင်တ​ယူ​ခဲ့​သော်လည်း သူနှင့်​သူ၏​လူ​တို့ အကြီးအကျယ်​နစ်နာ​ဆုံးရှုံး​ရလေ​သည်။—၂ ဓမ္မ​ရာဇဝင် ၂၄:၁-၁၆

၁၅။ ဒါဝိဒ်​သည် အဘယ်ကြောင့် မတရားမေထုန်​ပြု​မိ​သနည်း။

၁၅ ဒါဝိဒ်​သည် ဘုရားသခင်​ကို​ကြောက်စိတ် အခိုက်အတန့်​လျော့နည်း​သွားခြင်း​ကြောင့် ဥရိယ​၏​မယား ဗေသရှေဘ​နှင့် မှားယွင်း​ခဲ့​သည်။ သူ့​မယား​ကို​ပြစ်မှားခြင်း သို့​မဟုတ် သူ့​မယား​ကို​တပ်မက်​ခြင်း​ပင် မှားယွင်း​ကြောင်း ဒါဝိဒ်​သိထား​သည်။ (ထွက်မြောက်ရာ ၂၀:၁၄၊ ၁၇) ဗေသရှေဘ​ရေချိုး​နေသည်​ကို ဒါဝိဒ်​မြင်တွေ့​ချိန်​မှ ပြဿနာ​စ​လေ​တော့​သည်။ ဘုရားသခင်​ကို ဒါဝိဒ် အမှန်တကယ်​ကြောက်ရွံ့​ပါ​က ချက်ချင်း​မျက်နှာလွှဲ​ကာ အာရုံပြောင်း​လိုက်​မည်​ဖြစ်သည်။ ယင်းအစား သူသည် လိင်​စိတ်မွှန်​ပြီး ဘုရားသခင်​ကို​ကြောက်စိတ် ပျောက်​သွား​သည့်​အထိ ဆက်​ကြည့်​နေသည်​မှာ ထင်ရှား​၏။ (မဿဲ ၅:၂၈; ၂ ဓမ္မ​ရာဇဝင် ၁၁:၁-၄) ယေဟောဝါ​သည် မိမိကို​အတွင်းကျကျ​သိကြောင်း ဒါဝိဒ်​မျက်ခြည်ပြတ်​သွား​သည်။

၁၆။ ဒါဝိဒ်​၏​အမှား​ကြောင့် အဘယ်​ဆိုးကျိုး​များ​ခံစား​ခဲ့​ရသနည်း။

၁၆ ဒါဝိဒ်​နှင့်​ဗေသရှေဘ တိတ်​တိတ်​ပုန်း​မှားယွင်း​ပြီး​နောက် သား​တစ်ဦး​ရလာ​သည်။ မကြာမီ ယေဟောဝါ​သည် ပရောဖက်​နာသန်​ကို​စေလွှတ်​၍ ဒါဝိဒ်​၏​အပြစ်ကို ဖော်ပြ​ခဲ့​သည်။ ထို​အခါ သူသည် အသိတရား​ဝင်လာ​ကာ ဘုရားသခင်​ကို​ကြောက်​သော​စိတ် ပြန်​ပေါ်လာ​ပြီး နောင်တ​ယူ​လေ​သည်။ မိမိကို မစွန့်ပစ်​ရန်၊ မိမိ​ထံ​မှ သန့်ရှင်းသော​ဝိညာဉ်​တော် မ​ရုပ်သိမ်း​ရန် ယေဟောဝါ​ထံ သူ​အသနားခံ​ခဲ့​သည်။ (ဆာလံ ၅၁:၇၊ ၁၁) ယေဟောဝါ​သည် ဒါဝိဒ်​ကို ခွင့်လွှတ်​၍ ပြစ်ဒဏ်​လျော့ပေါ့​ပေး​ခဲ့​သော်လည်း သူ့​အပြစ်​၏​ဆိုးကျိုး​များ​မှ ကာကွယ်​မပေးခဲ့​ချေ။ ဗေသရှေဘ​နှင့်​ရသော​သား သေဆုံး​ချိန်​မှ​စ၍ သူ့​မိသားစု​အပေါ် ဘေးဆိုးများ​ကျရောက်​ခဲ့​သည်။ ဘုရားသခင်​ကို​ကြောက်စိတ် လျော့နည်း​သွားခြင်း​ကြောင့် ပေး​ဆပ်​လိုက်ရ​သည့်​အဖိုးအခ ကြီးမား​လိုက်​လေ​ခြင်း!—၂ ဓမ္မ​ရာဇဝင် ၁၂:၁၀-၁၄; ၁၃:၁၀-၁၄; ၁၅:၁၄

၁၇။ အပြစ်ပြု​ခြင်း​ကြောင့် ဖြစ်ပေါ်​လာ​သည့် စိတ်နာ​ကြည်း​မှု​ကို ဥပမာ​ပေး​ပါ။

၁၇ ယနေ့လည်း အလားတူ​ပင်။ ဘုရားသခင်​ကို ကြောက်စိတ်​ပျောက်​ပြီး ကိုယ်ကျင့်တရား​ပျက်ပြား​မည်​ဆိုလျှင် ဆိုးရွား​သည့်​အကျိုးဆက်များ​ကို ရေရှည်​ခံစားရ​ပေမည်။ ခရစ်ယာန်​ခင်ပွန်း​ဖြစ်သူ​သည် နိုင်ငံ​ရပ်​ခြား​တွင် အလုပ်လုပ်​စဉ်​က ဖောက်ပြန်​ခဲ့​ကြောင်း ဇနီးသည်​သိရ​သည့်​အခါ အထိတ်တလန့်​ဖြစ်သွား​ပြီး စိတ်ထိခိုက်​၍ ချုံးပွဲချ​ငို​လိုက်​သည့်​အဖြစ်ကို မြင်ယောင်​ကြည့်​ပါ။ ခင်ပွန်း​ဖြစ်သူ​အနေ​နှင့် ဇနီး​၏​ယုံကြည်​လေးစားမှု ပြန်​ရရှိရန် အတော်​အချိန်​ယူရ​ပေမည်။ ဘုရားသခင်​ကို​ကြောက်ရွံ့​မည်​ဆိုလျှင် အဆိုပါ​အဖြစ်ဆိုး​ကို ရှောင်နိုင်​ပေမည်။—၁ ကောရိန္သု ၆:၁၈

ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​က အပြစ်​မပြု​ရန် တားဆီး​ပေး

၁၈။ စာတန်​၏​ရည်ရွယ်ချက်ကား အဘယ်နည်း။ အဘယ်နည်း​လမ်းကို သူ​အသုံးပြု​နေသနည်း။

၁၈ လောက​၏​ကျင့်ဝတ်​စံနှုန်း​များ​ကို စာတန်​တစ်ဟုန်ထိုး​ကျဆင်း​နေ​စေ​သည်။ အထူးသဖြင့် ခရစ်ယာန်စစ်​များ​ကို အကျင့်ပျက်​ပြား​စေ​လို​သည်။ ထိုသို့​ဖြစ်စေ​ရန် စိတ်နှလုံး​ထဲ တိုက်ရိုက်​ရောက်​နိုင်​သည့်​နည်းလမ်းများ အထူးသဖြင့် အကြားအာရုံ၊ အမြင်​အာရုံ​ကို အသုံးချ​နေသည်။ (ဧဖက် ၄:၁၇-၁၉) ညစ်ညမ်း​သော​ရုပ်ပုံများ၊ အပြောအဆို​များ၊ အကျင့်ပျက်သူ​များနှင့် ပက်ပင်းတိုး​သည့်​အခါ သင်​မည်သို့​ပြု​မည်​နည်း။

၁၉၊ ၂၀။ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​သည် အပြစ်​မပြု​ရန် မည်သို့​တားဆီး​နိုင်​သနည်း။

၁၉ ဥရောပ​မှ ခရစ်ယာန်​အကြီးအကဲ​လည်း​ဖြစ်၊ ဖခင်​တစ်ဦး​လည်း​ဖြစ်သူ​ဆရာဝန် အင်​ဒ​ရီ ၏​ဖြစ်ရပ်​ကို သုံးသပ်ကြည့်​ပါ။ အင်​ဒ​ရီ​သည် ဆေးရုံ​၌ ည​တာဝန်ကျ​ချိန်​တွင် အမျိုးသမီး​ဆရာဝန်​များ​က သူတို့နှင့်​လိင်ဆက်ဆံ​ရန် မြှူဆွယ်​ပြီး သူ၏​ခေါင်းအုံး​တွင် အသည်း​ပုံ​ရေး​ခြယ်ထား​သည့် စာတို​များ​ကို ပင်​အပ်​ဖြင့်​တွဲ​ထား​လေ့​ရှိသည်။ အင်​ဒ​ရီ * သည် ထို​မြှူဆွယ်မှု​နောက် လိုက်​မပါ​သွား​ချေ။ ထို့​ပြင် ထို​မကောင်းသော​အသိုင်းအဝိုင်း​မှ ရှောင်ထွက်​နိုင်​ရန် အခြား​အလုပ်ရှာ​ခဲ့​သည်။ ယနေ့ အင်​ဒ​ရီ​သည် သူ့​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏​ဌာနခွဲ​တွင် အချိန်ပိုင်း​အမှုဆောင်​လျက်​ရှိသည်။ သူ၏​ဖြစ်ရပ်​က ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​သည် ပညာရှိ​ပြီး ကောင်းချီး​များစွာ​ရရှိစေ​ကြောင်း တင်ပြ​၏။ ၁၉။ ခရစ်ယာန်​တစ်ဦး​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​ကြောင့် သွေးဆောင်မှုများ​ကို မည်သို့​အောင်မြင်​ကျော်လွှား​နိုင်​ခဲ့​သနည်း။ မှားယွင်း​သည့်​အတွေးအခေါ်​များ​ကို တနုံ့နုံ့​တွေး​နေ​မည်​ဆိုလျှင် မိမိ​မပိုင်​သည့်​အရာ​ကို​ရယူရန် ယေဟောဝါ​နှင့်​ကျွန်ုပ်​တို့၏ အဖိုးထိုက်​လှ​သော​ဆက်ဆံ​ရေး​ကို​ပင် အရှုံး​ခံ​လို​သည့်​အထိ ဖြစ်သွား​နိုင်​သည်။ (ယာကုပ် ၁:၁၄၊ ၁၅) သို့သော် ယေဟောဝါ​ကို​ကြောက်ရွံ့​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ကိုယ်ကျင့်တရား​ကို ပျက်ပြား​စေနိုင်​သည့် ပုဂ္ဂိုလ်​များ၊ နေရာများ၊ လုပ်ဆောင်မှုများ၊ အပန်းဖြေမှု​များ​ကို ဝေးဝေးရှောင်​နေ​ပေမည်။ (သု. ၂၂:၃) မည်သည့်​အခက်အခဲ​ပင်​ကြုံ​ရ​ပါစေ၊ မည်မျှ​ပင်​အနစ်နာခံ​ရ​ပါစေ၊ ဘုရားသခင့်​မျက်နှာသာ​ရခြင်း​နှင့် နှိုင်းယှဉ်​လိုက်​လျှင် ယင်း​တို့သည် အသေးအဖွဲ​မျှ​ဖြစ်သည်။—မဿဲ ၅:၂၉၊ ၃၀

၂၀ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​ဟူသည် ညစ်ညမ်း​သော​အရာ​မှန်သမျှ၊ အကျင့်​ယိုယွင်း​စေသည့်​အရာ​မှန်သမျှ​တို့ကို တမင်တကာ​မပြု​လုပ်​ဘဲ “[အချည်းနှီး]ကို​ပမာဏ​မပြု​စေခြင်း​ငှာ” အကျွန်ုပ်​တို့၏​မျက်စိ​ကို အခြား​သို့​လွှဲ​ခြင်း​ဖြစ်သည်။ သို့​ဆိုလျှင် ယေဟောဝါ​သည် ‘ကျွန်ုပ်​တို့ကို အသက်ရှင်​စေတော်မူ’ ပြီး ကျွန်ုပ်​တို့​အမှန်​လိုအပ်​သည့်​အရာ​ကို ပေး​တော်​မူ​မည်​ဟု စိတ်ချ​နိုင်​ပါ​သည်။—ဆာလံ ၈၄:၁၁; ၁၁၉:၃၇

၂၁။ နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း သုံးသပ်ကြ​မည်​နည်း။

၂၁ ဘုရားသခင်​ကို အမှန်​ကြောက်ရွံ့​သော​စိတ်ဖြင့် ပြုမူခြင်း​သည် အမြဲ​ပင် ပညာရှိ​လမ်းစဉ်​ဖြစ်၏။ ထို့​ပြင် စစ်မှန်သော​ပျော်ရွှင်​မှု ရရှိစေ​သည်။ (ဆာလံ ၃၄:၉) ယင်းကို နောက်​ဆောင်းပါး​က ရှင်းပြပါ​လိမ့်​မည်။

သင်​ရှင်းပြ​နိုင်​သလော

• ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​တွင် အဘယ်​ခရစ်ယာန်​အရည်အသွေးများ ပါဝင်​သနည်း။

• ဘုရားသခင်​ကို​ကြောက်ရွံ့​သောကြောင့် လူကို​ကြောက်စိတ် မည်သို့​ပျောက်​သွား​သနည်း။

• ဆုတောင်းခြင်း​ကို အလေးအနက်​သဘောထားကြောင်း မည်သို့တင်ပြ​နိုင်​သနည်း။

• ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​က အပြစ်​မပြု​ရန် မည်သို့​တားဆီး​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ၂၀၀၁၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်​မှ “ယေဟောဝါ​အား ကြောက်ရွံ့​သည့်​စိတ်နှလုံး​ကို မွေးမြူ​လော့” လေ့လာ​ရန်​ဆောင်းပါး​ကို​ရှု။

^ အပိုဒ်၊ 19 နာမည်​ပြောင်း​ထား​သည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​ဖန်ဆင်း​ခြင်း​လက်ရာကို ဒါဝိဒ်​ရှုစားခြင်း​ကြောင့် ဘုရားသခင်​အား ကြောက်ရွံ့တတ်လာ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

သွေးဆောင်မှုများ​နှင့် ပက်ပင်းတိုး​သည့်​အခါ သင်​မည်သို့​ပြုလုပ်​မည်​နည်း