မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်ရည်ရွယ်တော်မူချက်ကိုပြည့်စုံစေသည့် စီမံခန့်ခွဲမှုတစ်ရပ်

ဘုရားသခင့်ရည်ရွယ်တော်မူချက်ကိုပြည့်စုံစေသည့် စီမံခန့်ခွဲမှုတစ်ရပ်

ဘုရားသခင့်​ရည်ရွယ်တော်မူချက်​ကို​ပြည့်စုံ​စေသည့် စီမံခန့်ခွဲမှု​တစ်ရပ်

‘[ဘုရားသခင်​သည်] မိမိ​အလိုတော်နှင့်​အညီ အလုံးစုံ​တို့ကို စီရင်​ပြုပြင်​တော်​မူ​၏။’—ဧဖက် ၁:၁၁

၁။ ယေဟောဝါသက်သေ​များ​၏ အသင်းတော်​အားလုံး​သည် ၂၀၀၆ ခုနှစ် ဧပြီလ ၁၂ ရက်​နေ့တွင် အဘယ်ကြောင့် စုဝေး​ကြ​မည်​နည်း။

ဆယ့်ခြောက်​သန်း​ခန့်​သော​သူတို့သည် ၂၀၀၆ ခုနှစ် ဧပြီလ ၁၂ ရက်၊ ဗုဒ္ဓဟူး​နေ့ ညနေပိုင်း​တွင် သခင့်​ညစာ​စားပွဲ ကျင်းပ​ရန် စုရုံး​ကြ​ပေမည်။ စည်းဝေး​ကျင်းပ​ရာ နေရာ​အသီးသီး​၌ ခရစ်တော်​၏​ကိုယ်ခန္ဓာ​ကို ကိုယ်စား​ပြု​သည့် တဆေးမဲ့​မုန့်​နှင့် ကိုယ်တော်​သွန်းလောင်း​ရာ အသွေးတော်​ကို ပုံဆောင်​သော အနီရောင်​စပျစ်​ဝိုင်​တို့ကို စားပွဲ​ပေါ်​တွင် တည်ခင်း​ထား​ပေမည်။ ယေရှု၏​သေခြင်း အောက်မေ့ရာပွဲ​အဓိပ္ပာယ်​ကို ရှင်းပြ​သည့် ဟောပြောချက်​ပြီး​ခါနီး​တွင် တက်ရောက်​လာ​သူတို့အား အထိမ်းအမှတ်​များ​ဖြစ်သော မုန့်​နှင့်​စပျစ်​ဝိုင်​တို့ကို လက်ဆင့်ကမ်း​ပေး​ပါ​မည်။ ယေဟောဝါသက်သေ​များ​၏ အသင်းတော်​အနည်းငယ်​တွင် မုန့်​နှင့်​စပျစ်​ဝိုင်​သုံးဆောင်​မည့်​သူ တစ်ဦး​နှစ်ဦး​မျှ​သာ​ရှိ​ပေမည်။ သို့သော် အသင်းတော်​အများစု​တွင်​မူ သုံးဆောင်​မည့်​သူ တစ်ဦးမျှ​ရှိ​မည်​မဟုတ်​ချေ။ ကောင်းကင်​တွင် အသက်ရှင်​ရန်​မျှော်လင့်သည့် ခရစ်ယာန်​အနည်းငယ်​သာ သုံးဆောင်​ကြ​ပြီး မြေကြီးပေါ်​တွင် ထာဝစဉ်​အသက်ရှင်​ရန်​မျှော်လင့်သည့် လူ​အများစုမှာ​မူ အဘယ်ကြောင့် မသုံးဆောင်​ကြ​သနည်း။

၂၊ ၃။ (က) ယေဟောဝါ​သည် မိမိ​ရည်ရွယ်တော်မူချက်​အတိုင်း မည်သို့​ဆက်၍ ဖန်ဆင်း​တော်​မူ​ခဲ့​သနည်း။ (ခ) ယေဟောဝါ​သည် ကမ္ဘာ​မြေကြီး​နှင့် လူသားများ​ကို အဘယ်​ရည်ရွယ်ချက်​ဖြင့် ဖန်ဆင်း​တော်​မူ​ခဲ့​သနည်း။

ယေဟောဝါ​သည် ရည်ရွယ်တော်မူချက်​ရှိသည့် ဘုရားသခင်​ဖြစ်​တော်​မူ​၍ ၎င်းကို​ပြည့်စုံစေရန် ‘မိမိ​အလိုတော်နှင့်​အညီ အလုံးစုံ​တို့ကို စီရင်​ပြုပြင်​တော်​မူ​၏။’ (ဧဖက် ၁:၁၁) ကိုယ်တော်​သည် တစ်ပါး​တည်း​သော​သားတော်ကို ဦးဆုံး​ဖန်ဆင်း​တော်​မူ​ခဲ့​၏။ (ယောဟန် ၁:၁၊ ၁၄; ဗျာ. ၃:၁၄) ထို့နောက် ဤ​သားတော်​အားဖြင့် ယေဟောဝါ​သည် ကောင်းကင်သား​များ​ကို ဖန်ဆင်း​ပြီး နောက်ဆုံး​တွင် ကမ္ဘာကြီး​နှင့် လူသား​အပါအဝင် ရူပ​စကြဝဠာ​ကို ဖန်ဆင်း​တော်​မူ​ခဲ့​သည်။—ယောဘ ၃၈:၄၊ ၇; ဆာလံ ၁၀၃:၁၉-၂၁; ယောဟန် ၁:၂၊ ၃; ကောလောသဲ ၁:၁၅၊ ၁၆

ယေဟောဝါ​သည် ခရစ်ယာန်ဘောင်​ချာ့ခ်ျ​များစွာ သွန်သင်​သည့်​အတိုင်း ကောင်းကင်​တွင် ကောင်းကင်သား​များ တိုးများ​လာ​စေရန် ကမ္ဘာကြီး​ကို စမ်းသပ်​ရာ​အရပ်​အဖြစ် ဖန်ဆင်း​တော်​မ​မူ​ခဲ့​ချေ။ မြေကြီးကို “သတ္တဝါ​နေစရာ​ဖို့” အတိအကျ ရည်ရွယ်ပြီး ဖန်ဆင်း​တော်​မူ​ခဲ့​၏။ (ဟေရှာယ ၄၅:၁၈) ဘုရားသခင်​သည် မြေကြီးကို လူသားများ​အတွက်၊ လူသားများ​ကို မြေကြီး​အတွက် ဖန်ဆင်း​တော်​မူ​ခဲ့​၏။ (ဆာလံ ၁၁၅:၁၆) ကမ္ဘာ​မြေ​တစ်ခွင်လုံး ပရဒိသု​ဖြစ်လာ​ကာ ယင်းကို ပြုစု​စောင့်ရှောက်​မည့် ဖြောင့်မတ်​သူများ​ဖြင့် ပြည့်​လာရန်​ဖြစ်သည်။ တစ်နေ့​သောအခါ ကောင်းကင်​သို့​သွား​မည်​ဟူ​သည့် မျှော်လင့်ချက်ကို ပထမ​လူသား​မောင်နှံ​အား တစ်ခါမျှ​မပေးခဲ့​ချေ။—ကမ္ဘာဦး ၁:၂၆-၂၈; ၂:၇၊ ၈၊ ၁၅

ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​ကို စောဒကတက်

၄။ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု ယေဟောဝါ​ကျင့်သုံး​ပုံ​ကို လူ့​သမိုင်းအစ​တွင် မည်သို့​စောဒကတက်​ခဲ့​သနည်း။

ဘုရားသခင်​၏ ကောင်းကင်သား​တစ်ဦး​သည် ပုန်ကန်​ပြီး ဘုရားသခင်​ပေး​ထားသော လွတ်လပ်​စွာ​လုပ်ပိုင်ခွင့် ဆုကျေးဇူး​ကို တလွဲသုံး​ကာ ယေဟောဝါ​၏​ရည်ရွယ်တော်မူချက် ပျက်ပြား​သွားစေရန် ကြံစည်​ခဲ့​သည်။ သူသည် ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို နှစ်သက်​မြတ်နိုး​စွာ လက်အောက်ခံ​သူအား​လုံး​၏ ငြိမ်သက်မှု​ကို မွှေနှောက်​ခဲ့​၏။ စာတန်​သည် ပထမ​လူသား​မောင်နှံကို ဘုရားသခင်​အား မကိုးစား​သည့်​လမ်းစဉ်​ပေါ် ရောက်သွား​အောင် တွန်းပို့​ခဲ့​လေ​သည်။ (ကမ္ဘာဦး ၃:၁-၆) ယေဟောဝါ​၏​တန်ခိုးတော်​ကို သူ​အသိအမှတ်ပြု​သော်လည်း ကိုယ်တော်​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု ကျင့်သုံး​ပုံ​ကို​သာမက အုပ်ချုပ်ပိုင်ခွင့်​ကို​ပါ စောဒကတက်​ခဲ့​၏။ ဤသို့ဖြင့် ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ဆိုင်ရာ အဓိက​အရေးကိစ္စ​သည် ဤ​မြေကြီးပေါ်၊ လူ့​သမိုင်းအစ​တွင်​ပင် ပေါ်ပေါက်​လာ​ခဲ့​သည်။

၅။ အဘယ်​ဒုတိယ​အရေးကိစ္စ ပေါ်ပေါက်​လာ​ခဲ့​သနည်း။ ထို​အရေးကိစ္စ​သည် အခြား​မည်သူ​တို့ကို​ပါ ဂယက်ရိုက်​ခဲ့​သနည်း။

စကြဝဠာ​အကြွင်းမဲ့ ပိုင်သ​အုပ်စိုးမှု​ဆိုင်ရာ ထို​အဓိက​အရေးကိစ္စ​သည် ယောဘ​လက်ထက်​တွင် စာတန်​ပေါ်ပေါက်​စေ​ခဲ့​သည့် ဒုတိယ​အရေးကိစ္စ​နှင့်​လည်း ဆက်နွှယ်​နေ​၏။ ယေဟောဝါ​အား လက်အောက်ခံ​ပြီး အမှုတော်ထမ်း​ဆောင်​နေကြ​သည့် ကိုယ်တော့်​ဖန်ဆင်း​ရာ​သတ္တဝါများ​၏ ရည်ရွယ်ချက်ကို စာတန်​သံသယဝင်​စေ​ခဲ့​သည်။ သူတို့သည် ကိုယ်ကျိုး​အတွက် ထိုသို့​လုပ်ဆောင်ခြင်း​ဖြစ်​ကြောင်း၊ စမ်းသပ်ခံ​ရ​လျှင် ဘုရားသခင်​ကို ဆန့်ကျင်​လိမ့်​မည်​ဖြစ်​ကြောင်း စာတန်​သွယ်ဝိုက်​ပြောဆို​ခဲ့​သည်။ (ယောဘ ၁:၇-၁၁; ၂:၄၊ ၅) ယေဟောဝါ​၏ လူသား​ကျေးကျွန်​တစ်ဦး​နှင့်​ပတ်သက်​၍ ထိုသို့​စောဒကတက်​ခဲ့​သော်လည်း ၎င်း​သည် ဘုရားသခင်​၏​ကောင်းကင်သား​များ​အပြင် ယေဟောဝါ​၏​တစ်ပါး​တည်း​သော သားတော်​နှင့်​ပါ ပတ်သက်​ခဲ့​လေ​သည်။

၆။ ယေဟောဝါ​သည် မိမိ​ရည်ရွယ်တော်မူချက်​နှင့် နာမတော်​အတိုင်း မည်သို့​ပြုမူ​တော်​မူ​ခဲ့​သနည်း။

ယေဟောဝါ​သည် မိမိ​ရည်ရွယ်တော်မူချက်​နှင့် နာမတော်​၏​အဓိပ္ပာယ်​အတိုင်း ကိုယ်တော်တိုင်​အား ပရောဖက်​တစ်ပါး​နှင့် ကယ်တင်ရှင်​တစ်ပါး ဖြစ်လာ​စေ​ခဲ့​သည်။ * စာတန်​ကို ကိုယ်တော် ဤသို့​မိန့်ဆို​တော်​မူ​၏– “သင်​နှင့်​မိန်းမကို​လည်းကောင်း သင်၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကိုလည်း​ကောင်း၊ ငါသည် ရန်ငြိုး​ဖွဲ့​စေမည်။ သူသည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်။ သင်သည် သူ၏​ဖနောင့်​ကို ကြိတ်​လိမ့်​မည်။” (ကမ္ဘာဦး ၃:၁၅) ယေဟောဝါ​သည် မိမိ​ကောင်းကင်​အဖွဲ့အစည်း​၏ အစိတ်အပိုင်း​ဖြစ်သော “မိန်းမ” ၏​မျိုးနွယ်တော်​အားဖြင့် စာတန်​၏​စောဒက​ကို ချေပ​ပြီး အာဒံ​၏​သားစဉ်မြေးဆက်​များ​အား လွတ်မြောက်ခြင်း​နှင့် အသက်ရှင်ခြင်း​မျှော်လင့်ချက် ပေး​မည်​ဖြစ်သည်။—ရောမ ၅:၂၁; ဂလာတိ ၄:၂၆၊ ၃၁

“အလိုတော်​၏ မြင့်မြတ်​သော​လျှို့ဝှက်ချက်”

၇။ ယေဟောဝါ​သည် တမန်​တော်​ပေါလု​မှ​တစ်ဆင့် အဘယ်​ရည်ရွယ်တော်မူချက်​ကို ဖော်ပြ​ခဲ့​သနည်း။

ဧဖက်​ခရစ်ယာန်​များ​ထံ တမန်​တော်​ပေါလု ရေးပို့​သည့်​စာ​တွင် ကိုယ်တော့်​ရည်ရွယ်တော်မူချက် ပြည့်စုံ​လာရန် အလုံးစုံ​တို့ကို ယေဟောဝါ မည်သို့​စီမံခန့်ခွဲ​တော်​မူ​ကြောင်း ပိုင်နိုင်​စွာ​ရှင်းပြ​ထား​သည်။ ပေါလု ဤသို့​ရေးသားခဲ့​၏– “ကိုယ်တော်​သည် မိမိ​အလိုတော်​၏ မြင့်မြတ်​သော​လျှို့ဝှက်ချက်​ကို ငါ​တို့အား သိစေ​တော်​မူ​၏။ ၎င်း​လျှို့ဝှက်ချက်​မှာ ရည်ရွယ်​တော်​မူ​သော သဘော​တော်​မြတ်​နှင့်​အညီ ချိန်းချက်သော​အချိန်ကာလ​များ ပြည့်စုံ​သည့်​အခါ စီမံခန့်ခွဲမှု​တစ်ရပ်​ကို စီစဉ်ခြင်း​ပင်​ဖြစ်သည်။ တစ်နည်း​ဆို​ရ​သော် ကောင်းကင်ပေါ်​ရှိ အရာများ၊ မြေကြီးပေါ်​ရှိ အရာများ ခပ်သိမ်း​ကို ခရစ်တော်​၌ ပြန်လည်​စုစည်း​စေခြင်း​ပင်​ဖြစ်​သတည်း။” (ဧဖက် ၁:၉၊ ၁၀က​ဘ) ယေဟောဝါ​၏​မွန်မြတ်သော ရည်ရွယ်တော်မူချက်​မှာ ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို နှစ်သက်​မြတ်နိုး​စွာ လက်အောက်ခံ​သည့် သတ္တဝါများ​နေထိုင်ကြ​သော စည်းလုံး​ညီညွတ်​သည့် စကြဝဠာ​တစ်ခု ဖြစ်ပေါ်​လာ​စေရန်​ဖြစ်သည်။ (ဗျာ. ၄:၁၁) ဤသို့ဖြင့် ကိုယ်တော်​၏​နာမတော်​သည် သန့်ရှင်း​မြင့်မြတ်​မည်​ဖြစ်​ပြီး စာတန်​သည် မုသာကောင်​ဖြစ်​ကြောင်း ထင်ရှား​လာ​လိမ့်​မည်။ ထို​အခါ ကိုယ်တော်​၏​အလိုတော်သည် “ကောင်းကင်ဘုံ​၌ ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ” လာ​ပါ​လိမ့်​မည်။—မဿဲ ၆:၁၀

၈။ “စီမံခန့်ခွဲမှု” ဟူ၍​ပြန်ဆို​ထား​သည့် စကားလုံး​၏​အဓိပ္ပာယ်​ကား အဘယ်နည်း။

ယေဟောဝါ​၏ “သဘော​တော်​မြတ်” သို့​မဟုတ် ရည်ရွယ်တော်မူချက်​သည် “စီမံခန့်ခွဲမှု​တစ်ရပ်” အားဖြင့် ပြည့်စုံ​လာ​ပါ​လိမ့်​မည်။ ပေါလု​သည် စာသား​အရ “အိမ်ထောင်​စီမံ​အုပ်ချုပ်မှု” ဟူ၍​အဓိပ္ပာယ်​ရှိသည့် စကားလုံး​ကို အသုံးပြု​ခဲ့​၏။ ယင်းသည် မေရှိယနိုင်ငံတော်​အုပ်ချုပ်မှု​ကဲ့သို့​သော အစိုးရ​တစ်ခု​ကို​မဟုတ်ဘဲ စီမံ​အုပ်ချုပ်နည်း​တစ်ရပ်​ကို ရည်ညွှန်း​နေခြင်း​ဖြစ်၏။ * မိမိ​ရည်ရွယ်တော်မူချက် အထမြောက်​ရန် အလုံးစုံ​တို့ကို ယေဟောဝါ​စီမံခန့်ခွဲ​မည့် မွန်မြတ်သော​နည်းလမ်း​တွင် ရာစုနှစ်များ​တစ်လျှောက် အဆင့်ဆင့်​သိရှိ​လာ​မည့် “မြင့်မြတ်​သော​လျှို့ဝှက်ချက်” တစ်ခု​ပါဝင်​သည်။—ဧဖက် ၁:၁၀; ၃:၉က​ဘ၊ အောက်ခြေမှတ်ချက်။

၉။ ယေဟောဝါ​သည် မိမိ​အလိုတော်​၏ မြင့်မြတ်​သော​လျှို့ဝှက်​ချက်​ကို မည်သို့​အဆင့်ဆင့် ဖွင့်ပြ​တော်​မူ​ခဲ့​သနည်း။

ယေဟောဝါ​သည် ဧဒင်​အရပ်၌ ကတိပြု​ခဲ့​သည့် မျိုးနွယ်တော်​နှင့်​ပတ်သက်သော မိမိ​ရည်ရွယ်တော်မူချက် မည်သို့​ပြည့်စုံ​လာ​မည်​ဖြစ်​ကြောင်း ပဋိညာဉ်​တ​သီ​တ​တန်း​ဖြင့် တဖြည်းဖြည်း ဖော်ပြ​တော်​မူ​ခဲ့​သည်။ ကတိထားရာ​မျိုးနွယ်တော်​သည် မြေကြီးပေါ်​တွင် အာဗြဟံ​၏​မျိုးရိုး​မှ ဆင်းသက်လာ​ကာ ၎င်း​အားဖြင့် “လူမျိုးအပေါင်း” ကောင်းချီး​ခံစားရ​မည်​ဖြစ်​ကြောင်း အာဗြဟံ​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​က ဖော်ပြ​၏။ ထို​ပဋိညာဉ်​က မျိုးနွယ်တော်​၏​အဓိက​ပုဂ္ဂိုလ်​နှင့် ပူးပေါင်း​မည့် အခြားသူများ​လည်း​ရှိကြောင်း ဖော်ပြ​၏။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈) ဇာတိ​ဣသရေလ​လူမျိုး​နှင့် ဖွဲ့​ခဲ့​သည့် ပညတ်ပဋိညာဉ်​က “ယဇ်ပုရောဟိတ်​နိုင်ငံ” တစ်ခု​ရှိ​ရန် ယေဟောဝါ​ရည်ရွယ်​တော်​မူ​ကြောင်း ဖော်ပြ​သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆သမ္မာ) ဒါဝိဒ်​နှင့်​ဖွဲ့​ခဲ့​သည့် ပဋိညာဉ်​က မျိုးနွယ်တော်​သည် ဘုရားသခင့်​နိုင်ငံတော်​၏​ဦးစီး အစဉ်အမြဲ ဖြစ်​လိမ့်​မည်​ဟု ဖော်ပြ​သည်။ (၂ ဓမ္မ​ရာဇဝင် ၇:၁၂၊ ၁၃; ဆာလံ ၈၉:၃၊ ၄) ပညတ်ပဋိညာဉ်​က ဂျူး​များ​ကို မေရှိယ​ထံ ပို့ဆောင်​ပြီး​သည်​နှင့် ယေဟောဝါ​သည် မိမိ​ရည်ရွယ်တော်မူချက်​ကို ပြည့်စုံ​စေသည့် နောက်ထပ်​အသွင်အပြင်​များ​ကို ဖော်ပြ​သည်။ (ဂလာတိ ၃:၁၉၊ ၂၄) မျိုးနွယ်တော်​၏​အဓိက​ပုဂ္ဂိုလ်​နှင့် ပူးပေါင်း​သူတို့သည် ကြို​ဟောထား​သည့် “ယဇ်ပုရောဟိတ်​နိုင်ငံ” တွင် ပါဝင်​မည်​ဖြစ်​ကာ ဝိညာဉ်​ရေး ‘ဣသရေလ​လူမျိုး’ အသစ်​အဖြစ် “ပဋိညာဉ်တရား​သစ်” ထဲ​သို့ ဆောင်ကြဉ်း​ခံ​ကြ​ရမည်​ဖြစ်သည်။—ယေရမိ ၃၁:၃၁-၃၄; ဟေဗြဲ ၈:၇-၉ *

၁၀၊ ၁၁။ (က) ယေဟောဝါ​သည် ကြို​ဟောထား​သည့် မျိုးနွယ်တော်​အကြောင်း မည်သို့​ဖော်ပြ​တော်​မူ​ခဲ့​သနည်း။ (ခ) ဘုရားသခင်​၏ တစ်ပါး​တည်း​သော​သားတော်​သည် အဘယ်ကြောင့် မြေကြီးပေါ်​သို့ ကြွလာ​ခဲ့​ရသနည်း။

၁၀ ဘုရားသခင့်​ရည်ရွယ်တော်မူချက်​နှင့်​ဆိုင်​သည့် စီမံ​ခန့်ခွဲ​မှု​နှင့်​အညီ ကမ္ဘာ​ပေါ်​သို့ ကြိုဟော​ထားသော မျိုးနွယ်တော်​ရောက်ရှိ​ရမည့်​အချိန် ဆိုက်ရောက်​လာ​လေ​သည်။ ယေဟောဝါ​သည် ကောင်းကင်တမန်​ဂါဗြေလ​ကို စေလွှတ်​၍ ယေရှု​ဟု အမည်ပေး​ရမည့် သား​တစ်ဦး​မွေးဖွား​လာ​မည့်​အကြောင်း မာရိ​အား ပြောဆို​စေ​သည်။ အဆိုပါ​ကောင်းကင်တမန်​က မာရိ​ကို ဤသို့​ပြော​၏– “ထို​သား​သည်​ကား၊ ကြီးမြတ်သော​သူ​ဖြစ်​လိမ့်​မည်။ အမြင့်ဆုံး​သော​ဘုရား [သခင်] ၏​သားတော်​ဟု ခေါ်ဝေါ်​သမုတ်ခြင်း​ကို ခံရ​လိမ့်​မည်။ သူ့​အဘ​ဒါဝိဒ်​၏ ရာဇ​ပလ္လင်​ကို ထာဝရ​အရှင်​ဘုရားသခင်​သည် သူ့​အားပေး​တော်​မူ​မည်။ ထို​သူသည်​လည်း ယာကုပ်​အမျိုးအနွယ်​ကို အစဉ်မပြတ်​အုပ်စိုး​လိမ့်​မည်။ သူ၏​နိုင်ငံ​သည်လည်း ဆုံး​ခြင်း​မရှိ​ရ။” (လုကာ ၁:၃၂၊ ၃၃) သို့​နှင့် ကတိထားရာ​မျိုးနွယ်တော်​သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ထင်ရှား​လာ​လေ​သည်။—ဂလာတိ ၃:၁၆; ၄:၄

၁၁ ယေဟောဝါ​၏ တစ်ပါး​တည်း​သော​သားတော်​သည် အဆုံးစွန်​စမ်းသပ်ခံ​ရန် မြေကြီးပေါ်​သို့ ကြွလာ​ရမည်​ဖြစ်၏။ စာတန့်​စောဒက​ကို ဟာကွက်​မရှိ ချေပ​နိုင်​ဖို့​ဆို​သည်​မှာ ယေရှု၏​ဘဝ​လမ်းစဉ်​အပေါ် မူတည်​သည်။ ကိုယ်တော်​သည် ခမည်းတော်​အပေါ် သစ္စာရှိ​မည်​လော။ ဤ​တွင် မြင့်မြတ်​သော​လျှို့ဝှက်ချက် ပါဝင်​ပတ်သက်​နေ​၏။ တမန်​တော်​ပေါလု​က နောက်ပိုင်း​တွင် ယေရှု၏​အခန်းကဏ္ဍကို ဤသို့​ရှင်းပြ​ခဲ့​သည်– ‘မှန်သော​ကိုးကွယ်​ခြင်း​၏ နက်နဲ​သော​အရာ [“မြင့်မြတ်​သော​လျှို့ဝှက်ချက်၊” က​ဘ] သည် ကြီးစွာ​သော​အရာ​ဖြစ်သည်ဟု ငြင်းခုံ​ရန်​မရှိ။ ဘုရားသခင်​သည် ကိုယ်ခန္ဓာ​၌ ပေါ်ထွန်း​တော်​မူ​ပြီ။ ဟုတ်မှန်​တော်​မူ​ခြင်း​အကြောင်း​သည် ဝိညာဉ်​တော်​အားဖြင့် ထင်ရှား​ပြီ။ ကောင်းကင်တမန်​တို့သည် ကိုယ်တော်​ကို ရှုမြင်​ရ​ကြပြီ။ တစ်ပါး​အမျိုးသား​တို့သည် သတင်း​တော်​ကို ကြား​ရ​ကြပြီ။ လောကသား​တို့သည် ယုံကြည်​ရ​ကြပြီ။ ဘုန်း​အသရေ​နှင့်​တကွ အထက်​သို့​ဆောင်ယူ​ခြင်း​ကို ခံ​တော်​မူ​ပြီ။’ (၁ တိမောသေ ၃:၁၆) ယေရှုသည် သေ​သည့်​တိုင် မယိမ်းမယိုင် သမာဓိ​စောင့်သိ​ခြင်း​အားဖြင့် စာတန့်​စောဒက​ကို ယတိပြတ်​ချေပ​ခဲ့​၏။ သို့သော် မြင့်မြတ်​သော​လျှို့ဝှက်ချက်​၏ အခြား​အသေးစိတ်​အချက်အလက်​များ​ကို ဆက်​ဖော်ပြ​ရန် ရှိ​နေပါ​သေး​သည်။

“ဘုရားသခင့်​နိုင်ငံတော်​၏ မြင့်မြတ်​သော​လျှို့ဝှက်ချက်”

၁၂၊ ၁၃။ (က) “ဘုရားသခင့်​နိုင်ငံတော်​၏ မြင့်မြတ်​သော​လျှို့ဝှက်ချက်” အသွင်အပြင်​တစ်ခု​ကား အဘယ်နည်း။ (ခ) ကောင်းကင်​သို့​သွား​ရန် အရေအတွက် ကန့်သတ်​ထားသော လူသားများ​ကို ယေဟောဝါ​ရွေးချယ်ရာ​တွင် အဘယ်အရာ​ပါဝင်​သနည်း။

၁၂ ဂါလိလဲ​နယ်​၌ လှည့်လည်​ဟောပြောခဲ့​ချိန်​များ​အနက် တစ်ကြိမ်​တွင် မြင့်မြတ်​သော​လျှို့ဝှက်ချက်​သည် မိမိ၏​မေရှိယနိုင်ငံတော်​အစိုးရ​နှင့် ဆက်စပ်​နေကြောင်း ယေရှု​ဖော်ပြ​ခဲ့​သည်။ တပည့်​နောက်လိုက်​များ​ကို ယေရှု​က “သင်တို့သည် ကောင်းကင်​နိုင်ငံတော် [“ဘုရားသခင့်​နိုင်ငံတော်၊” မာကု ၄:၁၁] ၏ နက်နဲ​သော​အရာ [“မြင့်မြတ်​သော​လျှို့ဝှက်​ချက်၊” က​ဘ] တို့ကို သိရ​သော​အခွင့်​ရှိကြ​၏” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၁၃:၁၁) အဆိုပါ​လျှို့ဝှက်ချက်​၏ အသွင်အပြင်​တစ်ခု​မှာ မျိုးနွယ်တော်​နှင့်​သက်ဆိုင်သူ​များ​အဖြစ် သားတော်​နှင့်အတူ ကောင်းကင်​ဘုန်းဝင်စား​မည့် “သိုးစုငယ်” ဖြစ်သော ၁၄၄,၀၀၀ ကို ယေဟောဝါ​ရွေးချယ်ခြင်း​ဖြစ်၏။—လုကာ ၁၂:၃၂; ဗျာ. ၁၄:၁၊ ၄

၁၃ လူသားများ​ကို မြေကြီးပေါ်​တွင်​နေထိုင်ရန် ဖန်ဆင်း​ခဲ့​သည်​ဖြစ်​ရာ လူတချို့ ကောင်းကင်​သွားဖို့ ယေဟောဝါ “အသစ်​ပြုပြင်​သော” အရာ​လိုအပ်​သည်။ (၂ ကောရိန္သု ၅:၁၇) ထူးမြတ်​သော ဤ​ကောင်းကင်​မျှော်လင့်ချက်ကို ရရှိ​ထား​သူ​တစ်ဦး​အနေ​ဖြင့် တမန်​တော်​ပေတရု​က ဤသို့​ရေးသားခဲ့​၏– “အသက်ရှင်ခြင်း​နှင့်​စပ်ဆိုင်​သော မျှော်လင့်ခြင်း​အကြောင်း​ရှိစေ​ခြင်း​ငှာ၊ ဖောက်ပြန်​ခြင်း၊ ညစ်စွန်း​ခြင်း၊ ညှိုးနွမ်း​ခြင်း​နှင့်​ကင်းစင်​သော အမွေတော်​ကို ငါ​တို့သည် ခံရ​စေမည်​အကြောင်း၊ ယေရှု​ခရစ်​ကို သေခြင်း​မှ ထမြောက်​စေတော်မူ​သော​အားဖြင့် ကြီးစွာ​သော​ကရုဏာတော်​နှင့်​အညီ ငါ​တို့ကို တစ်ဖန်​ဖြစ်ပွား​စေတော်မူ​သော ငါ​တို့​သခင်​ယေရှု​ခရစ်​၏ ခမည်းတော်​ဘုရားသခင်​သည် မင်္ဂလာ​ရှိ​တော်​မူ​စေ​သတည်း။ ထို​အမွေတော်​သည်​ကား  . . . သင်တို့​အဖို့ ကောင်းကင်ဘုံ​၌ သိုထား​လျက်​ရှိသော အမွေ​တည်း။”—၁ ပေတရု ၁:၃-၅

၁၄။ (က) ဂျူး​မဟုတ်​သူများ​သည် “ဘုရားသခင့်​နိုင်ငံတော်​၏ မြင့်မြတ်​သော​လျှို့ဝှက်ချက်” တွင် မည်သို့​ပါဝင်​ခဲ့​ကြ​သနည်း။ (ခ) “ဘုရားသခင်​၏​နက်နဲ​သော​အရာ​တို့ကို” ကျွန်ုပ်​တို့ မည်သို့​နားလည်​လာနိုင်​ကြ​သနည်း။

၁၄ ဘုရားသခင်​၏ အနာဂတ်​အစိုးရ​နှင့်​ပတ်သက်​သည့် မြင့်မြတ်​သော​လျှို့ဝှက်ချက် နောက်တစ်ခု​မှာ ခရစ်တော်​နှင့်အတူ ကောင်းကင်​ဘုန်းဝင်စား​ရန် ခေါ်တော်မူ​ခြင်း​ခံရ​မည့်​သူ လူနည်းစု​တွင် ဂျူး​မဟုတ်​သူများကို​လည်း ပါဝင်​စေရန် ဘုရားသခင် အလိုတော်​ရှိ​ခြင်း​ဖြစ်သည်။ ယေဟောဝါ​၏ “စီမံခန့်ခွဲမှု” သို့​မဟုတ် ကိုယ်တော့်​ရည်ရွယ်တော်မူချက်​ကို ပြည့်စုံ​စေသည့် စီမံ​အုပ်ချုပ်နည်း​၏ ဤ​အသွင်အပြင်​ကို ပေါလု ဤသို့​ရှင်းပြသည်– “ထို​နက်နဲ​သော​အရာ​ကို သန့်ရှင်းသော​တမန်​တော်​တို့​နှင့် ပရောဖက်​တို့အား ယခု​ကာလ​၌ ဝိညာဉ်​တော်​အားဖြင့် ဖွင့်လှစ်​တော်​မူ​သည်​နည်းတူ၊ အခြားသော​ကာလ​တို့​၌ လူမျိုး​တို့အား ပြ​တော်​မ​မူ။ ထို​နက်နဲ​သော​အရာ​ဟူ​မူ​ကား၊ တစ်ပါး​အမျိုးသား​တို့သည် ဧဝံဂေလိတရား​အားဖြင့် ယုဒ​အမျိုးသား​တို့​နှင့်အတူ အမွေခံ​၍၊ တစ်လုံး​တစ်​ဝ​တစ်ကိုယ်တည်း​ဖြစ်​လျက်၊ ခရစ်တော်​နှင့်​ဆိုင်သော​ကတိတော်​ကို ဆက်ဆံ​ရ​ကြ​သတည်း။” (ဧဖက် ၃:၅၊ ၆) မြင့်မြတ်​သော​လျှို့ဝှက်ချက်​၏ ဤ​ကဏ္ဍ​ကို နားလည်စေ​ရန် “သန့်ရှင်းသော​တမန်​တော်​တို့” အား ဖွင့်ဟ​ဖော်ပြ​ခဲ့​၏။ ယနေ့လည်း သန့်ရှင်းသော​ဝိညာဉ်​တော် အကူအညီ​မရ​လျှင် “ဘုရားသခင်​၏​နက်နဲ​သော​အရာ​တို့ကို” ကျွန်ုပ်​တို့ နားလည်​နိုင်​ကြ​မည်​မဟုတ်ပေ။—၁ ကောရိန္သု ၂:၁၀; ၄:၁; ကောလောသဲ ၁:၂၆၊ ၂၇

၁၅၊ ၁၆။ ယေဟောဝါ​သည် ခရစ်တော်​၏​တွဲဖက်​အုပ်စိုးရှင်​များ​ကို လူ​တို့​အထဲက အဘယ်ကြောင့် ရွေးချယ်​တော်​မူ​ခဲ့​သနည်း။

၁၅ ကောင်းကင်​ဇိအုန်​တောင်​တွင် “သိုးသငယ်” နှင့်အတူ ရပ်နေ​ကြ​သည့် “တစ်​သိန်း​လေးသောင်း​လေး​ထောင်” သည် “မြေကြီး​မှ​ရွေးနုတ်သော​သူ၊” “လူ​တို့​အထဲက​ရွေးနုတ်​၍ ဘုရားသခင်​နှင့်​သိုးသငယ် [ခရစ်တော်​ယေရှု] အဖို့ အ​ဦး​သီး​သော​အသီး” များ​ဖြစ်​ကြသည်။ (ဗျာ. ၁၄:၁-၄) ဧဒင်​အရပ်​တွင် ကတိပြု​ခဲ့​သည့် မျိုးနွယ်တော်​၏ အဓိက​ပုဂ္ဂိုလ်​ဖြစ်လာ​ရန် မိမိ၏​ကောင်းကင်သား​များ​တွင် အဦးဆုံး​သော​သူကို ယေဟောဝါ ရွေးချယ်​သည်​မှန်​သော်လည်း ခရစ်တော်​၏​အပေါင်းပါများ​ကို​မူ လူ​တို့​အထဲက အဘယ်ကြောင့် ရွေးချယ်​တော်​မူ​ရသနည်း။ ကန့်သတ်​ထားသော ဤ​အရေအတွက်​ကို “[ယေဟောဝါ​၏] ကြံစည်​တော်​မူ​ခြင်း​အတိုင်း၊” “မိမိ​အလိုတော်​၏​သဘော​တော်​မြတ်​နှင့်​အညီ” ခေါ်တော်မူ​ခဲ့​ခြင်း​ဖြစ်​ကြောင်း တမန်​တော်​ပေါလု​က ရှင်းပြသည်။—ရောမ ၈:၁၇၊ ၂၈-၃၀; ဧဖက် ၁:၅က​ဘ၊ ၁၁; ၂ တိမောသေ ၁:၉

၁၆ ယေဟောဝါ​၏ ရည်ရွယ်တော်မူချက်​မှာ မြင့်မြတ်​သန့်ရှင်းသော မိမိ​နာမတော်​ကို ရိုသေ​လေးမြတ်ခြင်း​ရှိစေရန်၊ မိမိ၏​စကြဝဠာ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​အာဏာကို သံသယ​ကင်းရှင်း​စေရန်​ဖြစ်သည်။ တု​နှိုင်း​မရအောင် ပညာ​ရှိသော မိမိ၏ “စီမံ​ခန့်ခွဲ​မှု” သို့​မဟုတ် စီမံ​အုပ်ချုပ်နည်း​ဖြင့် ယေဟောဝါ​သည် မိမိ​သားဦး​ကို မြေကြီးပေါ်​သို့​စေလွှတ်​ကာ အဆုံးစွန် စမ်းသပ်မှု​ခံစေ​ခဲ့​သည်။ ၎င်း​ပြင် သားတော်​၏ မေရှိယနိုင်ငံတော်​အစိုးရ​တွင် မိမိ၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို သေ​သည့်​တိုင် ထောက်ခံ​ခဲ့​သူတို့ကိုလည်း ပါဝင်​စေဖို့ ယေဟောဝါ ဆုံးဖြတ်ထား​တော်​မူ​၏။—ဧဖက် ၁:၈-၁၂; ဗျာ. ၂:၁၀၊ ၁၁

၁၇။ ခရစ်တော်​နှင့် ကိုယ်တော်​၏​တွဲဖက်​အုပ်စိုးရှင်​များသည် လူသားများ​ကဲ့သို့​ပင် အသက်ရှင်​ဖူး​ခဲ့​ကြ​သည့်​အတွက် ကျွန်ုပ်​တို့ အဘယ်ကြောင့် ဝမ်းသာ​နိုင်​သနည်း။

၁၇ ယေဟောဝါ​သည် မိမိ​သားတော်ကို မြေကြီးပေါ်​သို့ စေလွှတ်​ခြင်း​ဖြင့်​လည်းကောင်း၊ ဘုရားသခင့်​နိုင်ငံတော်​အစိုးရ​တွင် သားတော်​နှင့်အတူ ဘုန်းဝင်စား​မည့်​သူတို့ကို လူ​တို့​အထဲက ရွေးချယ်ခြင်း​ဖြင့်​လည်းကောင်း အာဒံ​၏​သားစဉ်မြေးဆက်​ကို အလွန်​ချစ်​မြတ်နိုး​ကြောင်း ဖော်ပြ​တော်​မူ​ခဲ့​၏။ အာဗေလ​အချိန်​မှ​စ၍ ယေဟောဝါ​အပေါ် သစ္စာရှိခဲ့​သူအပေါင်း​ကို ယင်းက မည်သို့​အကျိုးပြု​နိုင်​သနည်း။ အပြစ်​နှင့်​သေခြင်း​၏ ကျေးကျွန်​များ​အဖြစ် မွေးဖွား​လာ​ရသည့် မစုံလင်​သော​လူသားများ​သည် ယေဟောဝါ​၏ မူလ​ရည်ရွယ်တော်မူချက်​နှင့်​အညီ ဝိညာဉ်​ရေး​နှင့်​ကာယရေး​ဘက် စုံလင်​သည်​အထိ ပြုပြင်​ခံရ​ကြလိမ့်မည်။ (ရောမ ၅:၁၂) မိမိတို့၏​ရှင်ဘုရင်​သည် မြေကြီး​ဓမ္မ​အမှုဆောင်​စဉ် တပည့်​နောက်လိုက်​များ​ကို မေတ္တာ​ပြသ​ခဲ့​သည့်​အတိုင်း မိမိတို့​အပေါ်လည်း မေတ္တာပြ​ကာ စာနာ​ထောက်ထား​မည်​ဖြစ်​ကြောင်း သိရှိ​ရခြင်း​က မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရန် မျှော်လင့်​သူအား​လုံး​အတွက် အလွန်​စိတ်​ချမ်းမြေ့​စ​ရာ​ပင်။ (မဿဲ ၁၁:၂၈၊ ၂၉; ဟေဗြဲ ၂:၁၇၊ ၁၈; ၄:၁၅; ၇:၂၅၊ ၂၆) ထို့​ပြင် ဘုရင်​ယဇ်ပုရောဟိတ်​များ​အဖြစ် ခရစ်တော်​နှင့်အတူ ကောင်းကင်​ဘုန်းဝင်စား​မည့်​သူတို့သည် ကျွန်ုပ်​တို့​ကဲ့သို့​ပင် ကိုယ်​ကိုယ်တိုင်​၏​အားနည်းချက်များ​ကို ဆိုင်ပြိုင်​တိုက်လှန်​ရပြီး ဘဝ​အခက်အခဲ​များ ကြုံတွေ့​ခဲ့​ကြ​ရသူ သစ္စာရှိ​အမျိုးသား အမျိုးသမီးများ​ဖြစ်​ကြောင်း သိရှိ​ရခြင်း​က​လည်း အလွန်​အားရှိစရာ​ပင်။—ရောမ ၇:၂၁-၂၅

ယေဟောဝါ​၏​မပြောင်းလဲ​နိုင်သော ရည်ရွယ်တော်မူချက်

၁၈၊ ၁၉။ ကျွန်ုပ်​တို့အတွက် ဧဖက် ၁:၈-၁၁ ပါ ပေါလု​၏​စကား​များ အဘယ်ကြောင့် ပို​၍​ရှင်းလင်း​လာ​သနည်း။ နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်းကို သုံးသပ်​မည်​နည်း။

၁၈ ဧဖက် ၁:၈-၁၁ တွင်​ဖတ်​ရသည့်​အတိုင်း ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​အား ပေါလု​ပြော​ခဲ့​သည့် စကား​အဓိပ္ပာယ်​ကို ယခု ကောင်းစွာ​နားလည်​နိုင်​ကြ​ပေ​ပြီ။ ယေဟောဝါ​သည် သူတို့ကို “အလိုတော်​၏​နက်နဲ​သော​အရာ [“မြင့်မြတ်​သော​လျှို့ဝှက်ချက်၊” က​ဘ]” ကို​သိရှိ​စေ​ခဲ့​ကြောင်း၊ ခရစ်တော်​နှင့်အတူ “အမွေခံ” မည့်​သူများ​အဖြစ် ခန့်အပ်​ခဲ့​ကြောင်း၊ ‘မိမိ​အလိုတော်နှင့်​အညီ အလုံးစုံ​တို့ကို စီရင်​ပြုပြင်​တော်​မူ​တတ်သော​သူ၏ ကြံစည်ခြင်း​ရှိသည့်အတိုင်း၊ ရှေး​မ​ဆွ​က ခွဲခန့်​မှတ်သား​တော်​မူ’ ခဲ့​ကြောင်း ပေါလု​ပြောပြ​သည်။ ယင်းသည် ယေဟောဝါ​အလိုတော်​ပြည့်စုံ​ရန် အလုံးစုံ​တို့ကို အံ့ဖွယ်​နည်းဖြင့် ကိုယ်တော် “စီမံခန့်ခွဲ” ပုံ​နှင့် အံဝင်ခွင်ကျ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သဘောပေါက်​ကြ​၏။ ထို့​ပြင် သခင့်​ညစာ​စားပွဲ​ကို တက်ရောက်​ကြ​သည့် ခရစ်ယာန်​များစွာ​အနက် အနည်းငယ်​က​သာ မုန့်​နှင့်​စပျစ်​ဝိုင်ကို အဘယ်ကြောင့် သုံးဆောင်​ကြ​ကြောင်းကို​လည်း နားလည်စေ​၏။

၁၉ ခရစ်တော်​၏​သေခြင်း အောက်မေ့ရာပွဲ​သည် ကောင်းကင်​မျှော်လင့်ချက်​ရှိသည့် ခရစ်ယာန်​များ​အတွက် အဘယ်​အဓိပ္ပာယ်​ရှိကြောင်း၊ မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရန် မျှော်လင့်ချက်​ရှိသူ သန်းပေါင်း​များစွာ​သည် အောက်မေ့ရာပွဲ ပုံဆောင်ချက်​များ​ကို အဘယ်ကြောင့် အလွန်​စိတ်ဝင်စား​သင့်​ကြောင်း နောက်​ဆောင်းပါး​မှ သိရှိ​ရ​ပါ​လိမ့်​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 ဘုရားသခင်​၏​နာမတော်​သည် စာသား​အရ “ကိုယ်တော်​ဖြစ်လာ​စေ​သည်” ဟူ၍ အဓိပ္ပာယ်​ရှိ၏။ ယေဟောဝါ​သည် မိမိ​ရည်ရွယ်တော်မူချက်​ပြည့်စုံ​ရန် လိုအပ်​သလို ဖြစ်လာ​နိုင်​သည်။—ထွက်မြောက်ရာ ၃:၁၄; ကျေးဇူးပြု​၍ ယေဟောဝါ​ထံ​ချဉ်းကပ်​လော့၊ အခန်း ၁၊ စာမျက်နှာ ၅၊ အပိုဒ် ၈ ကို​ရှု။

^ အပိုဒ်၊ 8 ပေါလု​က မိမိ​ခေတ်တွင် စီမံခန့်ခွဲမှု​ရှိနေပြီ​ဖြစ်​ကြောင်း ဖော်ပြ​သော်လည်း သမ္မာကျမ်းစာ​က​မူ ၁၉၁၄ ခုနှစ်​မတိုင်မချင်း မေရှိယနိုင်ငံတော် မတည်ထောင်​ခဲ့​ကြောင်း ဖော်ပြ​၏။

^ အပိုဒ်၊ 9 ဘုရားသခင့်​ရည်ရွယ်တော်မူချက် အကောင်အထည်​ပေါ်​ရေး​နှင့်​ဆိုင်​သည့် အဆိုပါ​ပဋိညာဉ်​များ​အကြောင်း အသေးစိတ်​ဆွေးနွေးချက်​ကို သိ​လို​ပါ​က ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီ​လ ၁ ရက်​နေ့​ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၉-၁၅ ကို​ရှု။

ပြန်လည်​သုံးသပ်ချက်

• ယေဟောဝါ​သည် အဘယ်ကြောင့် ကမ္ဘာ​မြေကြီးကို​ဖန်ဆင်း​ပြီး လူသားများ​ကို ထို​တွင် နေထိုင်​စေတော်မူ​သနည်း။

• ယေဟောဝါ​၏ တစ်ပါး​တည်း​သော​သားတော်​သည် ကမ္ဘာ​မြေကြီးပေါ်​တွင် အစမ်းသပ်ခံ​ရန် အဘယ်ကြောင့်​လိုအပ်​သနည်း။

• ယေဟောဝါ​သည် ခရစ်တော်​နှင့်​တွဲဖက်​အုပ်စိုး​မည့်​သူများကို လူ​တို့​အထဲက အဘယ်ကြောင့် ရွေးချယ်​တော်​မူ​ခဲ့​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]