မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စေ့စေ့စပ်စပ် သက်သေခံရန် လေ့ကျင့်ပေးခံရ

စေ့စေ့စပ်စပ် သက်သေခံရန် လေ့ကျင့်ပေးခံရ

စေ့စေ့စပ်စပ် သက်သေ​ခံရန် လေ့ကျင့်ပေး​ခံရ

“သင်တို့သည် . . . ယေရုရှလင်​မြို့မှ​စ​သော ယုဒပြည်၊ ရှမာရိ​ပြည်၊ မြေကြီးစွန်း​တိုင်အောင် ငါ​၏​သက်သေ​ဖြစ်​ကြလိမ့်မည်။”—တမန်​တော် ၁:၈

၁၊ ၂။ ပေတရု​၏​တာဝန်​ကား အဘယ်နည်း၊ အဘယ်သူ​သည် သူ့ကို ထို​တာဝန်​အပ်နှင်း​ခဲ့​သနည်း။

‘နာဇရက်​မြို့သား​ယေရှုသည် အသက်ရှင်​သော​သူတို့နှင့် သေ​သော​သူတို့ကို တရား​စီရင်​သော​သခင်​ဖြစ်စေ​ခြင်း​ငှာ၊ ဘုရားသခင်​ခန့်​ထား​တော်​မူ​ကြောင်းကို လူအပေါင်း​တို့အား ဟောပြောကြ​လော့။ သက်သေခံ​ကြလော့​ဟု ငါ​တို့အား ပညတ်​ထား​တော်​မူ​၏။’ (တမန်​တော် ၁၀:၃၈၊ ၄၂) ထိုစကား​နှင့်အတူ တမန်​တော်​ပေတရု​သည် ကော်နေလိ​နှင့် သူ၏​မိသားစု​အား ဧဝံဂေလိ​ဟောပြောသူ​အဖြစ် သူ​ရရှိခဲ့​သည့်​တာဝန်​ကို ရှင်းပြ​ခဲ့​သည်။

ယေရှုသည် ထို​တာဝန်​ကို အဘယ်​အချိန်တွင် အပ်နှင်း​ခဲ့​သနည်း။ ရှင်ပြန်ထမြောက်​ခဲ့​သော ယေရှုသည် ကောင်းကင်​သို့​မတက်ကြွမီ မိန့်မှာ​ခဲ့​ရာ​ကို ပေတရု စဉ်းစား​နေခြင်း​ဖြစ်​နိုင်​ဖွယ်​ရှိ၏။ ထို​အချိန်​က ယေရှုသည် တည်ကြည်သော​တပည့်​များ​ကို ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့သည် . . . ယေရုရှလင်​မြို့မှ​စ​သော ယုဒပြည်၊ ရှမာရိ​ပြည်၊ မြေကြီးစွန်း​တိုင်အောင် ငါ​၏​သက်သေ​ဖြစ်​ကြလိမ့်မည်။” (တမန်​တော် ၁:၈) သို့သော် ထို​အချိန်​မတိုင်မီ​က​ပင် ယေရှု၏​တပည့်​တစ်ဦး​ဖြစ်သူ ပေတရု​သည် ယေရှု​၌ မိမိ၏​ယုံကြည်ခြင်းကို သူတစ်ပါး​အား ပြောပြ​ရမည်​ဖြစ်​ကြောင်း သိရှိ​ထား​သည်။

သုံးနှစ်​တာ လေ့ကျင့်မှု

၃။ ယေရှုသည် အဘယ်​အံ့ဖွယ်​အမှုကို ပြုလုပ်​တော်​မူ​ခဲ့​သနည်း၊ ပေတရု​နှင့် အန္ဒြေတို့​အား အဘယ်​ဖိတ်ခေါ်ချက်​ကို ကမ်း​လှမ်း​ခဲ့​သနည်း။

ယေရှုသည် စီ.အီး. ၂၉ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ပြီး လ​အတန်ကြာ​၌ ဂါလိလဲ​ပင်လယ်​တွင် ငါးဖမ်း​နေသည့် ပေတရု​နှင့် သူ၏​ညီ​အန္ဒြေတို့​ကို ဟောပြောခဲ့​သည်။ သူတို့သည် တစ်ညလုံး ငါးဖမ်း​နေကြ​သော်လည်း တစ်ကောင်​မျှ​မရချေ။ သို့​တိုင် ယေရှု​က သူတို့ကို “ရေ​နက်​ရာ​အရပ်သို့ ရွှေ့​ဦး​လော့။ ပိုက်ကွန်​ကို​ချ​၍ ငါး​ကို​အုပ်​စမ်း​လော့” ဟု​မိန့်တော်မူ၏။ ယေရှု၏​အမိန့်တော်​အတိုင်း သူတို့​လုပ်ဆောင်​သည့်​အခါ “အလွန်​များစွာသော​ငါး​တို့ကို အုပ်မိ​သဖြင့် ပိုက်ကွန်​သည် စုတ်ပြတ်​စ​ရှိ၏။” ထို​အံ့ဖွယ်​အမှုကို ပေတရု​မြင်​သောအခါ ကြောက်ရွံ့​ခဲ့​သော်လည်း ယေရှု​က “ကြောက်ရွံ့​ခြင်း​မရှိ​နှင့်။ သင်သည် ယခု​မှ​စ၍ လူ​တို့ကို ဖမ်းမိ​သော​သူ​ဖြစ်​လိမ့်​မည်” ဟု သူ့​အား မိန့်တော်မူ၏။—လုကာ ၅: ၄-၁၀

၄။ (က) ယေရှုသည် မိမိ၏​တပည့်​များ သက်သေ​ခံနိုင်​ရန် မည်သို့​လေ့ကျင့်ပေး​ခဲ့​သနည်း။ (ခ) ယေရှု​နှင့် မိမိ​တပည့်​များ​၏ ခရစ်ယာန်​ဓမ္မ​အမှုကို နှိုင်းယှဉ်​သော် မည်သို့​နည်း။

ပေတရု​နှင့်​အန္ဒြေတို့​အပြင် ဇေဗေဒဲ​၏​သားများ​ဖြစ်​ကြသော ယာကုပ်နှင့်​ယောဟန်တို့သည်​လည်း သူတို့၏​လှေများ​ကို​စွန့်​၍ ယေရှု​နောက်သို့ ချက်ချင်း​လိုက်ခဲ့​ကြသည်။ သူတို့သည် သုံးနှစ်​နီးပါး​အထိ ယေရှု၏​ဟောပြောခြင်း​ခရီးစဉ်​တွင် ကိုယ်တော်​နှင့်အတူ လိုက်ပါ​သွားပြီး ဧဝံဂေလိ​ဟောပြောသူများ​အဖြစ် လေ့ကျင့်မှု​ခံယူ​ခဲ့​ကြသည်။ (မဿဲ ၁၀:၇; မာကု ၁: ၁၆၊ ၁၈၊ ၂၀၊ ၃၈; လုကာ ၄:၄၃; ၁၀: ၉) လေ့ကျင့်မှု​ပြီးဆုံးချိန် စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်​နေ့တွင် ယေရှု​က “ငါ့ကို​ယုံကြည်​သော​သူသည် ငါ​ပြုသော​အမှုတို့​ကို ပြု​လိမ့်​မည်။ ထို​အမှုတို့​ထက် သာ၍ကြီးသော အမှုတို့​ကိုလည်း ပြု​လိမ့်​မည်” ဟု​သူတို့ကို မိန့်ဆိုခဲ့​၏။ (ယောဟန် ၁၄:၁၂) ယေရှု၏​တပည့်​များသည် ယေရှု​လုပ်ဆောင်ခဲ့​သည်ထက် သာ၍​ကြီးမားသော​အတိုင်းအတာ​ဖြင့် စေ့စေ့စပ်စပ် သက်သေခံ​ကြ​မည်​ဖြစ်သည်။ မကြာမီ သူတို့​သိရှိ​ခဲ့​ကြ​သည့်​အတိုင်း သူတို့နှင့် နောင်​တပည့်​များသည် ‘လူမျိုးတကာ​တို့ကို ကပ်ကမ္ဘာ​ကုန်’ သည့်​အထိ သက်သေခံ​ကြ​မည်​ဖြစ်သည်။—မဿဲ ၂၈:၁၉၊ ၂၀

၅။ နောက်လိုက်​များ​ကို ယေရှု၏​လေ့ကျင့်ပေး​မှု​မှ အဘယ်​နည်းများဖြင့် ကျွန်ုပ်​တို့ အကျိုး​ရယူ​နိုင်​သနည်း။

ကျွန်ုပ်​တို့သည် “ဤ​စနစ်​ဆုံးခန်း” ကာလ​တွင် နေထိုင်​လျက်​ရှိကြသည်။ (မဿဲ ၂၄:၃က​ဘ) အဆိုပါ ကနဦး​တပည့်​များနှင့်​မတူ​သည်​မှာ ကျွန်ုပ်​တို့သည် ယေရှု​နှင့်အတူ​လိုက်ပါ​ပြီး လူ​တို့အား ကိုယ်တော်​၏​ဟောပြောခြင်းကို မ​တွေ့ရ​ခြင်း​ဖြစ်သည်။ သို့သော် ကိုယ်တော်​မည်သို့​ဟောပြောခဲ့​ပုံ​နှင့် နောက်လိုက်​များ​အား အဘယ်​ညွှန်ကြားချက်​များ​ပေး​ခဲ့​သည်ကို သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​အားဖြင့် ကိုယ်တော်​၏​လေ့ကျင့်ပေး​မှု​မှ အကျိုး​ရယူ​နိုင်​သည်။ (လုကာ ၁၀:၁-၁၁) သို့သော် ဤ​ဆောင်းပါး​တွင် တပည့်​များ​ကို ယေရှု​ပြသ​ခဲ့​သည့် အလွန်​အရေးကြီးသော အခြား​အကြောင်းအရာ​ဖြစ်သည့် ဟောပြောခြင်း​လုပ်ငန်း​အပေါ် စိတ်ရင်းမှန်​ထား​ရှိ​ခြင်း​အကြောင်း ဆွေးနွေး​သွား​မည်။

လူ​တို့ကို ဂရုစိုက်

၆၊ ၇။ ယေရှု၏​အဘယ်​အရည်အသွေး​က ကိုယ်တော်​၏​ဓမ္မ​အမှုကို ထိရောက်​မှု​ရှိစေခဲ့​သနည်း၊ ဤ​ကဏ္ဍ​တွင် ကိုယ်တော့်​ကို ကျွန်ုပ်​တို့ မည်သို့​တုပ​နိုင်​သနည်း။

ယေရှုသည် အဘယ်ကြောင့် ဤမျှ​ထိရောက်​စွာ သက်သေ​ခံနိုင်​ခဲ့​သနည်း။ အကြောင်းရင်း​တစ်ခု​မှာ ကိုယ်တော်​သည် လူ​တို့ကို အလွန်​စိတ်ဝင်စား​ပြီး ဂရုစိုက်​တော်​မူ​ခြင်း​ဖြစ်သည်။ ယေရှုသည် “ဆင်းရဲသူ​နှင့် နွမ်းပါး​သူကို သနား” တော်​မူ​မည်​ဖြစ်​ကြောင်း ဆာလံဆရာ​က ကြို​ဟောခဲ့​သည်။ (ဆာလံ ၇၂:၁၃သမ္မာ) ကိုယ်တော်​သည် ထို​ပရောဖက်ပြုချက်​ကို အမှန်​ပြည့်စုံ​စေ​ခဲ့​၏။ အခါသမယ​တစ်ခု​နှင့်​ပတ်သက်​၍ ကျမ်းစာ​က ဤသို့​ဆို​သည်– “လူ​အစုအဝေး​တို့ကို မြင်တော်မူ​လျှင် သနားခြင်း​စိတ်​ရှိ​တော်​မူ​၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် ပင်ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မရှိဘဲ ပစ်ထား​သော​သိုး​ကဲ့သို့​ဖြစ်​ကြ​၏။” (မဿဲ ၉:၃၅၊ ၃၆) အလွန်​ဆိုးသော​သူများ​ပင် ကိုယ်တော်​၏​ဂရုစိုက်​မှု​ကို ခံစား​မိ​ပြီး ကိုယ်တော့်​ထံ ဆွဲဆောင်​ခံရ​ကြ​၏။—မဿဲ ၉:၉-၁၃; လုကာ ၇:၃၆-၃၈; ၁၉:၁-၁၀

ယနေ့ ကျွန်ုပ်​တို့သည် လူ​တို့ကို ထို​နည်းတူ ဂရုစိုက်​မည်​ဆိုလျှင် ထိရောက်​မှု​ရှိ​မည်။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် မပါဝင်​မီ လူ​တို့အတွက် သင်,ယူဆောင်​သွားသော သတင်းတရားသည် သူတို့​အတွက် မည်မျှ​အရေးတကြီး​လိုအပ်ကြောင်း အချိန်​အနည်းငယ်​ယူ၍ သုံးသပ်ကြည့်​ပါ​လေ။ ဘုရားသခင့်​နိုင်ငံတော်​က​သာ ဖြေရှင်း​ပေး​နိုင်​မည့် သူတို့၏​အခက်အခဲ​များ​ကို စဉ်းစား​ကြည့်​ပါ။ သတင်းတရားကို မည်သူ​လက်ခံ​လာ​မည်​ကို သင်,မသိသော​ကြောင့် လူတိုင်း​အပေါ် အပြုသဘောထား​ရှိ​ရန် သန္နိ​ဋ္ဌာန်​ချပါ။ သင်​ချဉ်းကပ်​လိုက်​သော နောက်​တစ်ဦး​သည် အသင်​ကဲ့သို့​သော တစ်ဦး​တစ်ယောက် သူ့​ထံ​လာပြီး ကူညီပေး​ပါ​ရန် ဆုတောင်း​ထား​သူ ဖြစ်​နိုင်​ပေ​သည်!

မေတ္တာက လှုံ့ဆော်ပေး

၈။ ယေရှုကို​တုပ​၍ သတင်းကောင်း​ဟောပြောရန် ကိုယ်တော်​၏​နောက်လိုက်​များ​ကို အဘယ်အရာက လှုံ့ဆော်ပေး​သနည်း။

ယေရှု​ကြေညာ​ခဲ့​သော သတင်းကောင်းသည် လူသား​တို့၏​ရှေ့မှောက်​တွင် အရေးကြီးဆုံး​အရေးကိစ္စ​များ​ဖြစ်သည့် ယေဟောဝါ​၏​အလိုတော် ပြီးမြောက်​အောင်မြင်ခြင်း၊ ကိုယ်တော်​၏​နာမတော် သန့်ရှင်း​မြင့်မြတ်ခြင်း​နှင့် ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု သံသယ​ကင်းရှင်း​ခြင်း​တို့​နှင့် ဆက်နွှယ်​ပတ်သက်​၏။ (မဿဲ ၆:၉၊ ၁၀) ယေရှုသည် ခမည်းတော်​ကို ချစ်သော​ကြောင့် အဆုံးတိုင် သမာဓိ​စောင့်ထိန်း​ရန်​နှင့် အဆိုပါ​အရေးကိစ္စ​များ​ကို ဖြေရှင်း​ပေး​မည့် ဘုရားသခင့်​နိုင်ငံတော်​အကြောင်း စေ့စေ့စပ်စပ်​သက်သေ​ခံရန် လှုံ့ဆော်​ခံ​ခဲ့​ရသည်။ (ယောဟန် ၁၄:၃၁) ယနေ့ ယေရှု၏​နောက်လိုက်​များသည်​လည်း အလားတူ​လှုံ့ဆော်မှု​ခံရ​သောကြောင့် သူတို့၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ဝီရိယ​ရှိနေကြ​သည်။ သတင်းကောင်း​ဟောပြောပြီး တပည့်​ဖြစ်စေ​ပါ​ဟူသော မိန့်မှာချက်​အပါအဝင် “ပညတ်တော်​တို့ကို စောင့်​ခြင်း​အရာ​သည် ဘုရားသခင်​ကို ချစ်​ရာ​ရောက်​၏” ဟု​တမန်​တော်​ယောဟန်​က ပြော​ခဲ့​သည်။—၁ ယောဟန် ၅:၃; မဿဲ ၂၈:၁၉၊ ၂၀

၉၊ ၁၀။ ဘုရားသခင်​၏​မေတ္တာ​အပြင် အခြား​အဘယ်​မေတ္တာက စေ့စေ့စပ်စပ် သက်သေ​ခံရန် ကျွန်ုပ်​တို့အား လှုံ့ဆော်ပေး​သနည်း။

ယေရှုသည် မိမိ၏​နောက်လိုက်​များ​ကို ဤသို့​မိန့်မှာ​ခဲ့​သည်– “ငါ့ကို​ချစ်​လျှင် ငါ့​ပညတ်​တို့ကို စောင့်ရှောက်​ကြလော့။ ငါ့​ပညတ်​တို့ကို​ရ​၍ စောင့်ရှောက်သော​သူသည် ငါ့ကို​ချစ်သော​သူ​ဖြစ်၏။” (ယောဟန် ၁၄:၁၅၊ ၂၁) သို့​ဖြစ်၍ အမှန်တရား​အကြောင်း သက်သေ​ခံရန်​နှင့် ယေရှု၏​တခြား​မိန့်မှာချက်​များ​ကို စောင့်ရှောက်​ရန် ယေရှု၏​မေတ္တာက ကျွန်ုပ်​တို့ကို လှုံ့ဆော်​သင့်​သည်။ ယေရှုသည် ရှင်ပြန်ထမြောက်​ပြီး ကိုယ်ယောင်​ထင်ရှားပြ​သည့်​တစ်ချိန်​တွင် ပေတရု​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– ‘ငါ​၏​သိုးသငယ်​တို့ကို ကျွေးမွေး​လော့။ ငါ​၏​သိုး​တို့ကို ထိန်း​လော့။ ငါ​၏​သိုး​တို့ကို ကျွေးမွေး​လော့။’ ထိုသို့​လုပ်ဆောင်ရန် အဘယ်အရာက ပေတရု​ကို လှုံ့ဆော်ပေး​သင့်​သနည်း။ ‘ငါ့ကို​ချစ်​သလော၊ ငါ့ကို​ချစ်​သလော၊ ငါ့ကို​ချစ်​သလော’ ဟူ၍ ပေတရု​ကို ယေရှု ထပ်ခါတလဲ​လဲ​မေး​စဉ်​က အဖြေကို ဖော်ပြ​ခဲ့​သည်။ မှန်ပါသည်၊ ယေရှုကို ပေတရု​ချစ်​သည့်​မေတ္တာ၊ တွယ်တာမှု​တို့​က စေ့စေ့စပ်စပ် သက်သေ​ခံရန်၊ ယေရှု၏ “သိုး​တို့ကို” တွေ့​အောင်​ရှာပြီး​နောက် သူတို့​အတွက် ဝိညာဉ်​ရေး​သိုးထိန်း​တစ်ဦး​ဖြစ်​ရန် သူ့ကို လှုံ့ဆော်ပေး​၏။—ယောဟန် ၂၁:၁၅-၁၇

၁၀ ယနေ့ ကျွန်ုပ်​တို့သည် ပေတရု​ကဲ့သို့ ယေရှု​နှင့် တရင်းတနှီး​မနေ​ခဲ့​ရ​ပါ။ သို့​တိုင် ကျွန်ုပ်​တို့အတွက် ယေရှု​ပြုလုပ်​ပေး​ထားခဲ့​ရာ​ကို နက်နက်ရှိုင်းရှိုင်း နားလည်​ထား​ကြသည်။ “လူအပေါင်း​တို့အတွက်​ကြောင့် အသေခံ” စေသော ကိုယ်တော်​၏​ကြီးမားသော​မေတ္တာက ကျွန်ုပ်​တို့၏​နှလုံးကို လှုံ့ဆော်ပေး​၏။ (ဟေဗြဲ ၂:၉; ယောဟန် ၁၅:၁၃) “အသက်ရှင်​သော​သူတို့သည် တစ်ဖန်​ကိုယ်​အလို​သို့​လိုက်၍​မ​ရှင် . . . သူ၏​အလို​သို့​လိုက်၍ ရှင်​စေမည်​အကြောင်း . . . ခရစ်တော်​၏​ချစ်ခြင်း​မေတ္တာတော်​သည် ငါ​တို့ကို အနိုင်အထက်​သွေးဆောင်​၏” ဟု​ပေတရု​ရေးခဲ့​စဉ်​က သူ​ခံစား​ခဲ့​ရသကဲ့သို့ ကျွန်ုပ်​တို့ ခံစား​ကြ​ရသည်။ (၂ ကောရိန္သု ၅:၁၅) ကျွန်ုပ်​တို့ကို​ချစ်​သည့် ယေရှု၏​မေတ္တာကို အလွန်​တန်ဖိုး​ထား​ကြောင်း​ပြ​ကာ စေ့စေ့စပ်စပ် သက်သေခံခြင်း​တာဝန်​ကို ထက်ထက်သန်သန်​လုပ်ဆောင်ခြင်းဖြင့် ကိုယ်တော့်​ကို​ချစ်​ကြောင်း ကျွန်ုပ်​တို့ ပြသ​ကြသည်။ (၁ ယောဟန် ၂:၃-၅) ယေရှု၏​ပူဇော်ရာ​ယဇ်ကို တန်ဖိုး​မထားသည့်​အလား ဟောပြောခြင်း​လုပ်ငန်း​ကို ပေါ့ပေါ့တန်တန် လုပ်ဆောင်နေ​ခြင်း​မျိုး မည်သည့်​အခါ​မျှ အဖြစ်​ခံ​လို​မည်​မဟုတ်ပါ။—ဟေဗြဲ ၁၀:၂၉

တော်မှန်​သော​အာရုံ စိုက်​ထားခြင်း

၁၁၊ ၁၂။ ယေရှုသည် အဘယ်​ရည်ရွယ်ချက်​အတွက် ဤ​လောက​သို့ ကြွလာ​ခဲ့​သနည်း၊ ကိုယ်တော်​သည် ယင်းကို မည်သို့​အာရုံစိုက်ခဲ့​သနည်း။

၁၁ ပုန္တိပိလတ်​မင်း​ရှေ့မှောက် ယေရှု​ရောက်​စဉ်​အခါ ‘အမှန်တရား​ဘက်၌ သက်သေခံခြင်း​ငှာ ငါသည် မွေးဖွားခြင်း​ကို​ခံ​၍ ဤ​လောက​သို့​ကြွလာ​ပြီ’ ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၈:၃၇) ယေရှုသည် အမှန်တရားကို​သက်သေခံခြင်း​မှ အဘယ်အရာ​ကြောင့်​မျှ သွေဖည်​သွားခြင်း​မျိုး အဖြစ်​မခံခဲ့​ချေ။ ယင်းသည် မိမိ​လုပ်ဆောင်​ရမည့် ဘုရားသခင်​၏​အလိုတော်​ဖြစ်၍​တည်း။

၁၂ စာတန်​သည် ယင်း​ကိစ္စ​တွင် ယေရှုကို စမ်းသပ်​ခဲ့​သည်။ ယေရှု​နှစ်ခြင်း​ခံ​ပြီး မကြာမီ စာတန်​သည် ကိုယ်တော်​အား “ဤ​လောက​၌​ရှိသမျှ​သော တိုင်းနိုင်ငံ​တို့ကို​လည်းကောင်း၊ ထို​တိုင်းနိုင်ငံ​တို့၏ ဘုန်း​စည်းစိမ်​ကိုလည်း​ကောင်း” ပေး​၍ ဤ​လောက​၏​အထင်ကရ​ပုဂ္ဂိုလ်​တစ်ဦး​ဖြစ်စေ​မည်​ဟု ကမ်း​လှမ်း​ခဲ့​သည်။ (မဿဲ ၄:၈၊ ၉) နောက်ပိုင်း​တွင် ဂျူး​တို့သည် ကိုယ်တော့်​အား ရှင်ဘုရင်​အဖြစ် တင်မြှောက်​လို​ခဲ့​ကြ​၏။ (ယောဟန် ၆:၁၅) အဆိုပါ​ကမ်းလှမ်းချက်​များ​ကို ယေရှု​လက်ခံ​လိုက်​လျှင် အကျိုးရှိ​နိုင်​မည်​ဟု အချို့​က ယူဆကြ​မည်၊ လူ့​ရှင်ဘုရင်​အဖြစ် ယေရှုသည် လူသား​တို့၏​အကျိုးကို ပို​၍​သယ်ပိုး​ပေး​နိုင်​မည်​ဟူသော အကြောင်းပြချက်​ဖြစ်​နိုင်​ပေမည်။ သို့သော် ယေရှုသည် ထိုသို့​သော​စဉ်းစား​တွေးခေါ်မှု​ကို လက်မခံခဲ့​ပေ။ အမှန်တရားကို သက်သေခံခြင်း​အပေါ်​သာ ကိုယ်တော် အာရုံစိုက်ခဲ့​၏။

၁၃၊ ၁၄။ (က) အဘယ်အရာ​သည် ယေရှုကို အာရုံ​မ​ပြောင်း​စေနိုင်​ခဲ့​သနည်း။ (ခ) ယေရှုသည် ရုပ်ပစ္စည်း​အရ ဆင်းရဲ​သော်လည်း အဘယ်အရာ လုပ်ဆောင်ပေး​ခဲ့​သနည်း။

၁၃ ထို့​ပြင် ယေရှုသည် ချမ်းသာ​ကြွယ်ဝမှု​နောက်လိုက်​ကာ အာရုံပြောင်း​သွား​သည့်​အဖြစ်မျိုး မရှိခဲ့​ချေ။ ထို့​ကြောင့် ချမ်းသာ​ကြွယ်ဝသော​ဘဝဖြင့် ကိုယ်တော် မနေထိုင်​ခဲ့​ချေ။ ကိုယ်တော့်​တွင် ကိုယ်ပိုင်​အိမ်​ပင်မ​ရှိခဲ့​ချေ။ တစ်ချိန်​တွင် ကိုယ်တော်​က “မြေခွေး​သည် မြေတွင်း​ရှိ၏။ မိုးကောင်းကင်​၌ ကျင်လည်​သော​ငှက်​သည် နား​နေရာ​အရပ်​ရှိ၏။ လူသား​မူ​ကား၊ ခေါင်းချ​ရာ​မျှ​မရှိ” ဟု​မိန့်တော်မူ၏။ (မဿဲ ၈:၂၀) ယေရှု​ကွယ်လွန်​သည့်​အခါ မှတ်တမ်းအရ ကိုယ်တော်​၏​တစ်ခု​တည်း​သော တန်ဖိုး​ရှိ​ပိုင်ဆိုင်ရာ​မှာ အဝတ်​တော်​ဖြစ်​ပြီး ယင်းကို ရောမ​စစ်သား​များ မဲ​နှိုက်၍ ယူ​ခဲ့​ကြသည်။ (ယောဟန် ၁၉:၂၃၊ ၂၄) သို့ရာတွင် ယေရှု၏​ဘဝ ရှုံးနိမ့်​ခဲ့​သလော။ လုံးဝ​မ​ရှုံးနိမ့်​ခဲ့​ပါ!

၁၄ ယေရှုသည် အချမ်းသာဆုံး အများ​အကျိုးဆောင်သူ​၏ လုပ်ပေး​နိုင်​သမျှ​ထက် သာ၍​ပင် အကျိုးဆောင်​ပေး​နိုင်​ခဲ့​သည်။ ပေါလု​က “ငါ​တို့​သခင်​ယေရှုသည် စည်းစိမ်​ရှိသော်လည်း ဆင်းရဲ​တော်​မူ​ခြင်း​အားဖြင့် သင်တို့သည် စည်းစိမ်​ရှိစေ​ခြင်း​ငှာ သင်တို့​အတွက်​ကြောင့် ဆင်းရဲခြင်း​ကို​ခံ​တော်​မူ​သော ကျေးဇူးတော်​ကို သင်တို့​သိ​ကြ​၏” ဟု​ပြော​ခဲ့​သည်။ (၂ ကောရိန္သု ၈:၉; ဖိလိပ္ပိ ၂:၅-၈) ယေရှုသည် ရုပ်ပစ္စည်း​အရ ဆင်းရဲ​သော်လည်း စိတ်​နှိမ့်ချ​သူများ စုံလင်သော​ထာဝရ​အသက်​ရရှိစေရန် လမ်းဖွင့်​ပေး​ခဲ့​၏။ ကိုယ်တော့်​ကို အလွန်​ကျေးဇူး​တင်စရာ​ပင်! ထို့​ပြင် ဘုရားသခင်​၏​အလိုတော်​ဆောင်ခြင်း​အပေါ် အာရုံစိုက်ခဲ့​ခြင်း​ကြောင့် ယေရှု​ရရှိခဲ့​သော ဆုကျေးဇူး​အတွက် ကျွန်ုပ်​တို့ တကယ့်ကို အားရ​ရွှင်လန်း​ကြ​၏!—ဆာလံ ၄၀:၈; တမန်​တော် ၂:၃၂၊ ၃၃၊ ၃၆

၁၅။ စည်းစိမ်ဥစ္စာ​ထက် အဘယ်အရာက ပို​၍​တန်ဖိုး​ရှိ​သနည်း။

၁၅ ယနေ့ ယေရှုကို ကြိုးစား​တုပ​နေကြ​သော ခရစ်ယာန်​များသည်​လည်း ချမ်းသာ​ကြွယ်ဝမှု​နောက်လိုက်​ကာ အာရုံပြောင်း​သွားခြင်း​မျိုး အဖြစ်​မခံကြ​ချေ။ (၁ တိမောသေ ၆:၉၊ ၁၀) စည်းစိမ်ဥစ္စာ​သည် ဘဝကို သက်သောင့်သက်သာ​ရှိစေ​နိုင်​သော်လည်း ထာဝရ​အနာဂတ်​ကို ဖန်တီး​ပေး​နိုင်စွမ်း​မရှိကြောင်း သူတို့ သိရှိ​ထား​ကြသည်။ ယေရှု​ကွယ်လွန်​စဉ်​က ကိုယ်တော်​၏​အဝတ်​တော်​သည် ကိုယ်တော်​အတွက် တန်ဖိုး​မရှိ​သကဲ့သို့ ခရစ်ယာန်​တစ်ဦး ကွယ်လွန်​သည့်​အခါ သူ၏​စည်းစိမ်ဥစ္စာ​များသည် သူ့​အတွက်​လည်း တန်ဖိုး​ရှိတော့မည်​မဟုတ်။ (ဒေ. ၂:၁၀၊ ၁၁၊ ၁၇-၁၉; ၇:၁၂) ခရစ်ယာန်​တစ်ဦး ကွယ်လွန်​သောအခါ သူ​ပိုင်ဆိုင်​သည့် တစ်ခု​တည်း​သော အမှန်တကယ် တန်ဖိုး​ရှိရာ​မှာ ယေဟောဝါ​နှင့်​လည်းကောင်း၊ ယေရှု​ခရစ်​နှင့်​လည်းကောင်း သူ၏​ဆက်ဆံ​ရေး​ပင်​ဖြစ်သည်။—မဿဲ ၆:၁၉-၂၁; လုကာ ၁၆:၉

အတိုက်အခံ​ကြောင့် အတားအဆီး​မဖြစ်

၁၆။ ယေရှုသည် အတိုက်အခံပြု​ခြင်း​ကို မည်သို့​ရင်ဆိုင်ခဲ့​သနည်း။

၁၆ အတိုက်အခံ​ကြောင့် အမှန်တရားကို သက်သေခံခြင်း​အပေါ် ယေရှု၏​အာရုံ မ​ပျံ့လွင့်​သွားခဲ့​ချေ။ ကိုယ်တော်​၏​မြေကြီး​ဓမ္မ​အမှုသည် ပူဇော်ရာ​ယဇ်​အဖြစ် သေဆုံး​ခြင်း​နှင့် အဆုံးတိုင်​ရမည်ကို သိထား​လျက်​ပင် စိတ်ပျက်​အားလျော့ခြင်း​မရှိခဲ့​ချေ။ ယေရှု​နှင့်​ပတ်သက်​၍ ပေါလု​က ဤသို့​ဆို​သည်– “ထို​သခင်သည် မိမိ​ရှေ့၌​ထားသော ဝမ်းမြောက်ခြင်း​အကြောင်းကြောင့် ရှက်ကြောက်​သော​အရာ​ကို​မ​မှတ်​ဘဲ လက်ဝါးကပ်တိုင်​၌​ခံ​ပြီး​မှ ဘုရားသခင်​၏​ပလ္လင်တော်​လက်ယာဘက်​၌ ထိုင်​နေ​တော်​မူ​၏။” (ဟေဗြဲ ၁၂:၂) ယေရှုသည် “ရှက်ကြောက်​သော​အရာ​ကို မ​မှတ်” ခဲ့​ကြောင်း သတိပြုပါ။ အတိုက်အခံပြု​သူများ​က မိမိ​နှင့်​ပတ်သက်​၍ မည်သို့​ထင်မှတ်​နေ​မည်​ကို ကိုယ်တော် အရေးမစိုက်​ပါ။ ဘုရားသခင်​၏​အလိုတော် ထမ်းဆောင်ခြင်း​အပေါ် အာရုံစိုက်ခဲ့​သည်။

၁၇။ ကျွန်ုပ်​တို့သည် ယေရှု၏​ခံနိုင်ရည်​မှ အဘယ်​သင်ခန်းစာယူ​နိုင်​သနည်း။

၁၇ ပေါလု​သည် ယေရှု၏​ခံနိုင်ရည် သင်ခန်းစာ​ကို လက်တွေ့​ကျင့်သုံး​ပြီး ခရစ်ယာန်​များ​အား ဤသို့​တိုက်တွန်း​၏– “အပြစ်ရှိ​သော​သူတို့​လက်​တွင် ထို​မျှ​လောက် ကြီးစွာ​သော​ဆီးတား​နှောင့်ယှက်ခြင်း​ကို ခံ​တော်​မူ​သော​သခင်​ကို ထောက်ရှု​ဆင်ခြင်​သော​အားဖြင့် အားလျော့​စိတ်ပျက်ခြင်း​နှင့် ကင်းလွတ်​အံ့​သော​ငှာ ကြိုးစား​ကြလော့။” (ဟေဗြဲ ၁၂:၃) မှန်ပါသည်၊ အတိုက်အခံ သို့​မဟုတ် ပြောင်လှောင်မှု​ကို တစ်နေ့​ပြီး​တစ်နေ့ ရင်ဆိုင်​နေရ​၍ စိတ်​မော​လူ​ပန်း​ဖြစ်လာ​နိုင်၏။ “တစ်ခုခု​ပြုလုပ်” ဖို့ ကျွန်ုပ်​တို့ကို တိုက်တွန်း​သည့် ဆွေမျိုး​များ​၏ အပြစ်တင်​စကား​များ ဖြစ်​ကောင်း​ဖြစ်​နိုင်သော လောက​၏​သွေးဆောင်မှုများ​ကို ဆက်တိုက်​တွန်းလှန်​နေရ​၍ လက်ပန်းကျ​လာနိုင်​မည်။ သို့သော် ယေရှု​နည်းတူ ကျွန်ုပ်​တို့၏​အသက်တာတွင် ဘုရားသခင့်​နိုင်ငံတော်​ကို ဇွဲရှိ​ရှိ ရှေးဦး​ထား​ရင်း ယေဟောဝါ​၏​ထောက်မမှုကို ကျွန်ုပ်​တို့ မျှော်ကိုး​ကြ​၏။—မဿဲ ၆:၃၃; ရောမ ၁၅:၁၃; ၁ ကောရိန္သု ၂:၄

၁၈။ ပေတရု​ကို ယေရှု​မိန့်ဆို​သော စကား​များ​မှ အဘယ်​သင်ခန်းစာ​ကောင်း ရနိုင်​သနည်း။

၁၈ ယေရှုသည် မိမိ​သေရ​တော့​မည်​ကို တပည့်​များ​အား ပြောပြ​ချိန်​တွင် ကိုယ်တော်​၏​အာရုံ ထွေ​မသွားကြောင်း ထင်ရှား​၏။ ပေတရု​သည် ယေရှု​အား မိမိကိုယ်ကို “ကြင်နာ” ရန်​အားပေးပြီး “ဤ​အဖြစ်ဆိုး​မျိုး ကိုယ်တော်၌​ရောက်မည်​မဟုတ်” ဟု​လည်း စိတ်ချ​စေ​ခဲ့​သည်။ ယေရှုသည် ယေဟောဝါ​၏​အလိုတော်ကို ထမ်းဆောင်​မည်​ဟူသော သန္နိ​ဋ္ဌာန် အားပျော့​သွား​စေ​မည့် မည်သည့်​အရာ​ကို​မဆို နားမထောင်​ခဲ့​ချေ။ ကိုယ်တော်​သည် ပေတရု​ကို မျက်နှာလွှဲ​၍ “အချင်း​စာတန်၊ ငါ့​နောက်သို့​ဆုတ်​လော့။ အသင်​သည် ငါ​တိုက်မိ​၍ လဲစရာ​အကြောင်း​ဖြစ်၏။ အသင်​သည် ဘုရားသခင်​အကြံအစည်​များ​ကို မစဉ်း​စား၊ လူသား​တို့၏​အကြံအစည်​များ​ကို​သာ စဉ်းစားတတ်​၏” ဟု​မိန့်တော်မူသည်။ (မဿဲ ၁၆:၂၁-၂၃က​ဘ) ကျွန်ုပ်​တို့​လည်း လူတို့၏​အကြံအစည်​များ​ကို ငြင်းဆန်​ရန် ထို​နည်းတူ သန္နိ​ဋ္ဌာန်​ချ​နိုင်​ကြ​ပါစေ။ ထိုသို့​ငြင်းဆန်​ပြီး၊ ဘုရားသခင့်​အကြံအစည်​များ​၏ လမ်းညွှန်မှုကို အမြဲ ခံယူ​ကြပါစို့။

စစ်မှန်သော​အကျိုးကျေးဇူးများ ရရှိစေ

၁၉။ ယေရှုသည် အံ့ဖွယ်အမှု​ပြုလုပ်​သူ​ဖြစ်သော်လည်း ကိုယ်တော်​၏​ဓမ္မ​အမှု​တွင် အရေးကြီးဆုံး​အပိုင်း​ကား အဘယ်နည်း။

၁၉ ယေရှုသည် မိမိ​မေရှိယ​ဖြစ်​ကြောင်း​ဖော်ပြ​ရန် အံ့ဖွယ်အမှု​များစွာ ပြုလုပ်​ပြ​ခဲ့​သည်။ လူသေများ​ကို​ပင် ထမြောက်​ပေး​ခဲ့​၏။ အဆိုပါ​လုပ်ရပ်များ​သည် လူအုပ်​အတွက် ဆွဲဆောင်မှု​ဖြစ်​ခဲ့​သော်လည်း ယေရှုသည် လူမှုရေး​ကိစ္စ​ကို​သာ လုပ်ဆောင်ဖို့ ကမ္ဘာ​မြေ​သို့ ကြွလာခြင်း​မဟုတ်​ချေ။ အမှန်တရားကို သက်သေ​ခံရန် ကြွလာခြင်း​ဖြစ်၏။ ကိုယ်တော်​ပြုလုပ်​ပေး​သော မည်သည့်​ရုပ်ပိုင်း​အကျိုးကျေးဇူး​မဆို​သည် ခေတ္တ​ခဏ​အတွက်သာ​ဖြစ်​ကြောင်း ကိုယ်တော်​သိရှိ​တော်​မူ​သည်။ ရှင်ပြန်ထမြောက်​ခဲ့​သူများ​ပင် ပြန်​သေ​ရ၏။ အမှန်တရားကို သက်သေခံခြင်း​ဖြင့်​သာ အချို့​ကို ထာဝရ​အသက်​ရရှိစေရန် ကိုယ်တော်​ကူညီပေး​နိုင်​ခဲ့​သည်။—လုကာ ၁၈:၂၈-၃၀

၂၀၊ ၂၁။ ခရစ်ယာန်စစ်​များသည် ကောင်းမှု​ပြုခြင်း​တွင် အဘယ်​သို့ မျှမျှတတ​ရှိစေ​ကြ​သနည်း။

၂၀ ယနေ့ အချို့​သူတို့သည် ဆေးရုံ​များ​ဖွင့်​ခြင်း​ဖြင့်​လည်းကောင်း၊ ကမ္ဘာ့​ဆင်းရဲသား​များ​အတွက် တခြား​လူမှုရေး​လုပ်ငန်းများ လုပ်ဆောင်ပေး​ခြင်း​ဖြင့်​လည်းကောင်း ယေရှု၏​ကောင်းမှု​ကို တုပ​ရန် ကြိုးစား​ကြသည်။ အချို့​ကိစ္စ​များ​တွင် အကြီးအကျယ်​အနစ်နာခံ​၍ လုပ်ဆောင်ပေး​သည့် သူတို့၏​စိတ်ရင်းမှန်မှု​သည် ချီးကျူး​ဖွယ်​ကောင်း​၏၊ သို့သော် သူတို့​ပေး​သော မည်သည့်​သက်သာမှု​အထောက်အပံ့​မဆို ခေတ္တ​ယာယီ​သာ​ခံ​၏။ ဘုရားသခင့်​နိုင်ငံတော်​က​သာ​လျှင် သက်သာမှု​ကို ထာဝစဉ်​ပေး​သွားပါ​လိမ့်​မည်။ ထို့​ကြောင့် ယေဟောဝါသက်သေ​များသည် ယေရှု​ကဲ့သို့ ထို​ဘုရားသခင့်​နိုင်ငံတော်​နှင့်​ပတ်သက်​သည့် အမှန်တရားကို သက်သေခံခြင်း​အပေါ် အာရုံစိုက်​ထား​ကြသည်။

၂၁ အမှန်​ဆို​ရ​လျှင် ခရစ်ယာန်စစ်​များသည် ကောင်းမှု​များ လုပ်ဆောင်နေ​ကြသည်။ ပေါလု​က “ငါ​တို့သည် အဆင်သင့်​သည်​အတိုင်း ယုံကြည်ခြင်း​၏​အိမ်သူအိမ်သား​တို့​၌ အထူးသဖြင့် ကျေးဇူး [“ကောင်းမှု၊” က​ဘ] ပြုလျက် ခပ်သိမ်း​သော​သူတို့အား ကျေးဇူး [“ကောင်းမှု၊” က​ဘ] ပြု​ကြ​ကုန်​အံ့” ဟု​ရေးသားခဲ့​သည်။ (ဂလာတိ ၆:၁၀) အရေးကြုံ​ချိန်​တွင် သို့​မဟုတ် တစ်ဦး​တစ်ယောက် အကူအညီ​လို​သည့်​အခါ ကျွန်ုပ်​တို့၏​အိမ်နီးချင်း​ကို​ဖြစ်စေ၊ ခရစ်ယာန်​ညီအစ်ကို​များ​ကို​ဖြစ်စေ “ကောင်းမှု​ပြု” ရန် ကျွန်ုပ်​တို့​မတွန့်​ဆုတ်​ကြ​ချေ။ မည်သို့​ပင်​ဖြစ်စေ၊ ကျွန်ုပ်​တို့သည် အမှန်တရားကို သက်သေခံခြင်း​အပေါ် အဓိက​အာရုံစိုက်​ထား​ကြသည်။

ယေရှု၏​ပုံသက်သေ​မှ သင်ယူ​လော့

၂၂။ ခရစ်ယာန်​များသည် သူတို့၏​အိမ်နီးချင်း​များ​ကို အဘယ်ကြောင့် ဟောပြောကြ​သနည်း။

၂၂ ပေါလု​က “မဟောဘဲ​နေလျှင် အမင်္ဂလာ​ရှိ၏” ဟု​ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၉:၁၆) ဟောပြောသူ​ရော၊ နားထောင်သူ​ကို​ပါ အသက်​ရစေသော​ကြောင့် သူသည် သတင်းကောင်း​နှင့်​ပတ်သက်​၍ ပေါ့ပေါ့တန်တန် သဘော​မထား​ခဲ့​ချေ။ (၁ တိမောသေ ၄:၁၆) ကျွန်ုပ်​တို့​လည်း ခရစ်ယာန်​ဓမ္မ​အမှုကို ထို​နည်းတူ ရှုမြင်ကြ​၏။ ကျွန်ုပ်​တို့၏​အိမ်နီးချင်း​များ​ကို ကူညီပေး​လို​ကြ​၏။ ယေဟောဝါ​ကို ကျွန်ုပ်​တို့​ချစ်​မြတ်နိုး​ကြောင်း ပြသ​လို​ကြ​၏။ ယေရှုကို ကျွန်ုပ်​တို့​ချစ်​မြတ်နိုး​ကြောင်း၊ ကျွန်ုပ်​တို့ကို​ချစ်​သည့် ကိုယ်တော်​၏​ကြီးမားသော​မေတ္တာကို တန်ဖိုး​ထား​လေးမြတ်​ကြောင်း သက်သေပြ​လို​ကြ​၏။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် သတင်းကောင်း​ဟောပြောပြီး ‘လူတို့၏​တပ်မက်​ခြင်း​တရားကို​မကျင့်၊ ဘုရားသခင်​၏​အလိုတော်အတိုင်း ကျင့်​လျက်’ အသက်ရှင်နေ​ထိုင်​ကြသည်။—၁ ပေတရု ၄:၁၊ ၂

၂၃၊ ၂၄။ (က) ကျွန်ုပ်​တို့သည် ငါးဖမ်း​ခြင်း​အံ့ဖွယ်အမှု​မှ အဘယ်​သင်ခန်းစာ​ရရှိကြ​သနည်း။ (ခ) ယနေ့ အဘယ်သူ​တို့သည် စေ့စေ့စပ်စပ် သက်သေခံ​နေကြ​သနည်း။

၂၃ အခြားသူများ​က လှောင်ပြောင်​သည့်​အခါ​ဖြစ်စေ၊ ကျွန်ုပ်​တို့၏​သတင်းတရားကို စိတ်ဆိုး​မာန်​ဆိုး ငြင်းပယ်​လိုက်​သည့်​အခါ​ဖြစ်စေ ယေရှု​နည်းတူ ကျွန်ုပ်​တို့၏​အာရုံ ထွေ​သွား​မည်​မဟုတ်။ ပေတရု​နှင့်​အန္ဒြေတို့​ကို မိမိ​နောက်သို့​လိုက်​ရန် ယေရှု​ခေါ်​သောအခါ ကိုယ်တော်​လုပ်ဆောင်ခဲ့​သည့် အံ့ဖွယ်အမှု​မှ သင်ခန်းစာ​တစ်ခု​ကို ကျွန်ုပ်​တို့​ရရှိ​ကြသည်။ ယေရှု၏​စကား​ကို​နာခံ​ပြီး ပုံဆောင်​သဘော​အရ ငါး​ရှိ​ပုံ​မရ​သည့်​ရေ​တွင်​ပင် ပိုက်ကွန်​ကို​ချ​မည်​ဆိုလျှင် ငါး​များစွာ​ဖမ်းမိ​မည်​ကို ကျွန်ုပ်​တို့​သိရှိ​ထားခဲ့​ကြပြီ။ ခရစ်ယာန်​တံငါသည်​များစွာ​သည် ငါး​ရှိ​ပုံ​မရ​သည့်​ရေ​တွင် နှစ်​နှင့်​ချီ​လုပ်ဆောင်​ပြီး​နောက် ငါး​များစွာ​ဖမ်းမိ​ခဲ့​ကြသည်။ အခြား​သူများ​သည် ငါး​များစွာ​ရနိုင်​မည့် နေရာသို့ ပြောင်းရွှေ့​သွား​ကြ​ပြီး ထို​တွင် များစွာ​ဖမ်းမိ​ခဲ့​ကြ​၏။ မည်သို့​ပင်​ဖြစ်ပါစေ၊ ကျွန်ုပ်​တို့သည် ပိုက်ကွန်​ချ​ခြင်း​ကို ရပ်တန့်​ပစ်​မည်​မဟုတ်ပေ။ ဟောပြောခြင်း​လုပ်ငန်း အဆုံးတိုင်​ပြီ​ဟု ကမ္ဘာ​၏​မည်သည့်​အပိုင်း​တွင်​မှ ယေရှု မ​ကြေညာ​သေး​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ကြသည်။—မဿဲ ၂၄:၁၄

၂၄ ယခု​အခါ ယေဟောဝါသက်သေ ခြောက်​သန်း​ကျော်​သည် နိုင်ငံ​ပေါင်း ၂၃၀ ကျော်​တွင် အလုပ်များလျက်​ရှိကြသည်။ ၂၀၀၅၊ ဖေဖော်ဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်​တွင် ၂၀၀၄ လုပ်ငန်းတော်နှစ်​အတွင်း သူတို့၏​ကမ္ဘာချီ​လုပ်ငန်း နှစ်ချုပ်​မှတ်တမ်း ပါရှိ​မည်။ ဟောပြောခြင်း​လုပ်ငန်း​ကို ယေဟောဝါ ကောင်းချီး​ပေး​နေကြောင်း ထို​မှတ်တမ်းက ဖော်ပြ​ပါ​လိမ့်​မည်။ ဤ​အစီအစဉ်​စနစ် ကျန်ရှိ​နေချိန်​တွင် ပေါလု​၏​စိတ်​လှုပ်ရှား​ဖွယ် ဤ​စကား​များ​ကို နှလုံး​သွင်း​နိုင်​ကြ​ပါစေ– ‘နှုတ်မြွက်​တရားတော်​ကို ဟောပြော​လော့။ ထို​အမှုကို အရေးကြီး​စွာ​ပြု​လော့။’ (၂ တိမောသေ ၄:၂) ထို​လုပ်ငန်း​ကို ရပ်ပါ​ဟူ၍ ယေဟောဝါ မပြော​မချင်း စေ့စေ့စပ်စပ် ဆက်၍​သက်သေခံ​ကြပါစို့။

ဤ​နှစ်​မှ​စ၍ ယေဟောဝါသက်သေ​များ​၏ ကမ္ဘာချီ​လုပ်ငန်းတော် နှစ်ချုပ်​မှတ်တမ်း​သည် ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်​တွင် ပါရှိ​တော့​မည်​မဟုတ်​ချေ။ ၎င်း​အစား၊ ဖေဖော်ဝါရီ ၁ ရက်ထုတ်​တွင် ပါရှိ​ပါ​လိမ့်​မည်။

သင်​ဖြေဆို​နိုင်​သလော

တပည့်​များ​ကို ယေရှု​လေ့ကျင့်ပေး​မှု​မှ ကျွန်ုပ်​တို့ မည်သို့​အကျိုး​ရယူ​နိုင်​သနည်း။

ယေရှု​ဟောပြောခဲ့သည့် လူ​တို့​အပေါ် ကိုယ်တော် အဘယ်​သဘောထား​ရှိခဲ့​သနည်း။

စေ့စေ့စပ်စပ် သက်သေ​ခံရန် ကျွန်ုပ်​တို့ကို အဘယ်အရာ​များ​က လှုံ့ဆော်ပေး​သနည်း။

ကျွန်ုပ်​တို့သည် ယေရှု​ကဲ့သို့ ဘုရားသခင်​၏​အလိုတော် ထမ်းဆောင်ခြင်း​အပေါ် အဘယ်​နည်းများဖြင့် အာရုံစိုက်​ထား​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် ယေရှု​ကဲ့သို့ လူ​တို့ကို ဂရုစိုက်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏ ခရစ်ယာန်​ဓမ္မ​အမှုသည် ထိရောက်​အောင်မြင်​လိမ့်​မည်

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

အမှန်တရားကို အဓိက​သက်သေ​ခံရန် ကမ္ဘာ​မြေ​သို့ ယေရှု​ကြွလာ​ခဲ့

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေ​များသည် စေ့စေ့စပ်စပ် သက်သေခံခြင်း​အပေါ် အာရုံစိုက်​ထား​ကြ