လုကာ ၁၆:၁-၃၁

  • မဖြောင့်​မတ်​တဲ့ ဘဏ္ဍာ​စိုး ဥပမာ (၁-၁၃)

    • ‘အသေး​အမွှား​ကိစ္စ​မှာ သစ္စာ​ရှိ​သူ​ဟာ ကြီး​လေး​တဲ့​ကိစ္စ​မှာ သစ္စာ​ရှိ’ (၁၀)

  • ပညတ်​ကျမ်း။ ဘု​ရား​သခင့်​နိုင်​ငံ​တော် (၁၄-၁၈)

  • သူ​ဌေး​နဲ့​လာ​ဇ​ရု ပုံဥပမာ (၁၉-၃၁)

၁၆  အဲဒီ​နောက် ယေရှု​က တ​ပည့်တွေ​ကို ပြော​တယ်– “သူ​ဌေး​တစ်​ယောက်​မှာ ဘဏ္ဍာ​စိုး ရှိ​တယ်။ ဘဏ္ဍာ​စိုး​က သခင့်​ဥစ္စာတွေ​ကို အလ​ဟ​ဿ​ဖြစ်​အောင် လုပ်​တယ်​လို့ စွပ်​စွဲ​ခံ​ရ​တယ်။ ၂  ဒါ​နဲ့ သခင်​က သူ့​ကို​ခေါ်​ပြီး ‘မင်း​နဲ့​ပတ်​သက်​ပြီး မကောင်း​တဲ့​သတင်း ငါ​ကြား​တယ်။ မင်း​လုပ်​ထား​တဲ့ စာ​ရင်း​အင်း​တွေ ငါ့​ကို​အပ်​စမ်း။ အခု​က​စ​ပြီး ဘဏ္ဍာ​စိုး မလုပ်​နဲ့​တော့’ လို့​ပြော​လိုက်​တယ်။ ၃  အဲဒီ​အခါ ဘဏ္ဍာ​စိုး​က ‘ဘယ်​လို​လုပ်​ရ​ပါ့​မလဲ။ သခင်​က ငါ့​ကို ဘဏ္ဍာ​စိုး​အလုပ်​က​နေ ထုတ်​တော့​မယ့်​ပုံ​ပဲ။ လယ်​လုပ်​ရ​အောင်​လည်း ငါ့​မှာ ခွန်​အား​မရှိ​ဘူး။ တောင်း​စား​ဖို့​ကျ​တော့​လည်း ရှက်​တယ်။ ၄  ဘဏ္ဍာ​စိုး​အလုပ်​က​နေ အထုတ်​ခံ​ရ​တဲ့​အခါ လူ​တွေ သူတို့​အိမ်​မှာ ငါ့​ကို ကြည်​ကြည်​ဖြူ​ဖြူ လက်ခံ​ထား​နိုင်​အောင် ငါ​ဘာ​လုပ်​ရ​မလဲ။ ဟုတ်​ပြီ။ အကြံ​ရ​ပြီ’ လို့​တွေး​ပြီး၊ ၅  သခင့်​ဆီ​မှာ အကြွေး​တင်​နေသူ​တွေ​ကို တစ်​ယောက်​ချင်း​စီ ခေါ်​လိုက်​တယ်။​ တစ်​ယောက်​ကို ‘ကျုပ်​သခင်​ဆီ အကြွေး ဘယ်​လောက်​တင်​နေ​သလဲ’ လို့​မေး​တဲ့​အခါ၊ ၆  သူ​က ‘သံ​လွင်​ဆီ အခွက်* ၁၀၀ အကြွေး​တင်နေ​ပါ​တယ်’ လို့​ဖြေတယ်။ ဘဏ္ဍာ​စိုး​က ‘ကဲ၊ မင်း​ရဲ့​စာချုပ်​ကို ပြန်​ယူ။ အခု​ထိုင်​ပြီး အခွက် ၅၀ လို့ ခပ်​မြန်​မြန် ပြင်​ရေး​လိုက်’ လို့​ပြော​တယ်။ ၇  နောက်​တစ်​ယောက်​ကို​‘ခင်​ဗျား​ကော အကြွေး ဘယ်​လောက်​တင်​နေ​သလဲ’ လို့​မေး​တော့ သူ​က ‘ဂျုံ​စပါး တင်း* ၁၀၀ အကြွေး​တင်​နေ​ပါ​တယ်’ လို့​ဖြေတယ်။ ဘဏ္ဍာ​စိုး​က “ကောင်း​ပြီ။ မင်း​ရဲ့​စာ​ချုပ်​ကို ပြန်​ယူ။ တင်း ၈၀ လို့ ပြင်​ရေး​လိုက်’ ဆို​ပြီး​ပြော​တယ်။ ၈  ဘဏ္ဍာ​စိုး​က မရိုး​သား​ပေမဲ့ အမြော်​အမြင်​ရှိ​ရှိ လုပ်​ဆောင်​တဲ့​အတွက် သခင် ချီး​မွမ်း​တယ်။ ဒါ​ကြောင့် ကျွန်​တော်​ပြော​ချင်​တာ​က ဒီ​လော​က​စနစ်*​ မှာ​ရှိ​တဲ့ လူ​တွေ​ဟာ သူတို့​ရဲ့ ကိစ္စ​ဝိစ္စတွေ​ကို စီ​မံ​တဲ့​နေ​ရာ​မှာ အလင်း​ထဲ​ရှိ​နေ​သူ​တွေ​ထက် ပိုပြီး အမြော်​အမြင်​ရှိ​ကြ​တယ်။+ ၉  “ကျွန်​တော် ပြော​ဦး​မယ်။ ခင်ဗျား​တို့​လည်း မဖြောင့်​မတ်​တဲ့ စည်း​စိမ်​ကို​သုံး​ပြီး မိတ်​ဖွဲ့​ထား​ပါ။+ စည်း​စိမ်​ကုန်​သွား​တဲ့​အခါ သူတို့​က ခင်​ဗျား​တို့​ကို ထာ​ဝ​ရ​စံ​အိမ်​မှာ လက်ခံ​ထား​လိမ့်​မယ်။+ ၁၀  အသေး​အမွှား​ကိစ္စတွေ​မှာ သစ္စာ​ရှိ​တဲ့​သူ​ဟာ ကြီး​လေး​တဲ့​ကိစ္စတွေ​မှာ သစ္စာ​ရှိ​လိမ့်​မယ်။ အသေး​အမွှား​ကိစ္စတွေ​မှာ မရိုး​သား​တဲ့​သူ​ဟာ ကြီး​လေး​တဲ့​ကိစ္စတွေ​မှာ ရိုး​သား​မှာ မဟုတ်​ဘူး။ ၁၁  ခင်ဗျား​တို့​လည်း မဖြောင့်​မတ်​တဲ့​စည်း​စိမ်​နဲ့ ပတ်​သက်​လာ​တဲ့​အခါ သစ္စာ​မရှိ​ရင် စစ်မှန်​တဲ့​စည်း​စိမ်​ကို ခင်​ဗျား​တို့​လက်​ထဲ ဘယ်​သူ​မှ​အပ်​မှာ​မဟုတ်​ဘူး။ ၁၂  သူ​တစ်ပါး ပိုင်​ဆိုင်​ရာ​နဲ့​ပတ်​သက်​လာ​တဲ့​အခါ ခင်​ဗျား​တို့ သစ္စာ​မရှိ​ရင် ခင်​ဗျား​တို့​အတွက် ရည်​ရွယ်​ထား​တဲ့ ဆု​ကျေး​ဇူး​ကို ဘယ်​သူ​မှ​ပေး​မှာ မဟုတ်​ဘူး။+ ၁၃  ဘယ်​သူ​မှ သခင်​နှစ်​ဦး​ဆီ​မှာ အစေ​ခံ​လို့​မရ​ဘူး။ သခင်​တစ်​ဦး​ကို မုန်း​ပြီး နောက်​တစ်​ဦး​ကို ချစ်​မှာ​ပဲ။ တစ်​ဦး​ကို သစ္စာ​ရှိ​ပြီး တစ်​ဦး​ကို မထီ​လေး​စား​လုပ်​မှာ​ပဲ။ ခင်​ဗျား​တို့​လည်း ဘုရား​သခင်​အတွက်​ရော စည်း​စိမ်​အတွက်​ပါ တစ်​ပြိုင်​တည်း အစေ​ခံ​လို့​မရ​ဘူး။”+ ၁၄  ငွေ​မက်​တဲ့ ဖာ​ရိ​ရှဲ​တွေ​က ယေရှု​ပြော​တာ​တွေ​ကို ကြား​တဲ့​အခါ နှာ​ခေါင်း​ရှုံ့​ကြ​တယ်။+ ၁၅  ဒါ​နဲ့ ယေရှု ပြော​လိုက်​တာ​က– “ခင်​ဗျား​တို့​က ဖြောင့်​မတ်​တယ်​လို့ အထင်​ခံ​ရ​အောင် လူ​ရှေ့​သူ​ရှေ့ လုပ်​ပြတတ်​ပေမဲ့+ ဘုရား​သ​ခင်​က​တော့ ခင်​ဗျား​တို့​ရဲ့​စိတ်​ကို သိ​တယ်။+ လူ့​အမြင်​မှာ အထင်​ကြီး​စ​ရာ​ဟာ ဘုရား​သခင်​ရဲ့ အမြင်​မှာ​တော့ စက်​ဆုပ်​စရာ​ပဲ။+ ၁၆  “ပညတ်​ကျမ်း​နဲ့ ပရော​ဖက်​ကျမ်း​ကို* ယောဟန်​လက်​ထက်​အထိ ဟော​ပြော​ခဲ့​တယ်။ ဒါ​ပေမဲ့ အခု​အချိန်​က​စ​ပြီး ဘုရား​သခင့်​နိုင်​ငံ​တော် သတင်း​ကောင်း​ကို ဟော​ပြော​နေ​ပြီ။ လူ​အမျိုး​မျိုး​က နိုင်ငံ​တော်​ဝင်​ခွင့်​ရ​ဖို့ မဆုတ်​မနစ် ကြိုး​စား​ကြ​တယ်။+ ၁၇  ကောင်း​ကင်​နဲ့ မြေကြီး ကွယ်​ပျောက်​ဖို့​ဆို​တာ လွယ်​ကောင်း​လွယ်​လိမ့်​မယ်။ ပညတ်​ကျမ်း​က​တော့ အက္ခရာ​တစ်​လုံး၊ ဝစ္စ​ပေါက်​တစ်​လုံး​တောင် မပြည့်​စုံ​ဘဲ မနေ​ဘူး။+ ၁၈  “ကိုယ့်​ဇနီး​ကို ကွာ​ရှင်း​ပြီး​ တ​ခြား​မိန်း​မနဲ့​လက်​ထပ်​တဲ့​သူ​ဟာ အိမ်​ထောင်​ရေး​ဖောက်​ပြန်​သူ​ပဲ။ ကွာ​ရှင်း​ထား​တဲ့​မိန်း​မကို လက်​ထပ်​တဲ့​သူ​က​လည်း အိမ်​ထောင်​ရေး​ဖောက်​ပြန်​သူ​ပဲ။+ ၁၉  “သူ​ဌေး​တစ်​ယောက်​က ခ​ရမ်းရောင်​ပိတ်​ချော​ကို ဝတ်​ဆင်​ပြီး နေ့​တိုင်း စည်း​စိမ်​ယစ်​နေ​တယ်။ ၂၀  တစ်​ကိုယ်​လုံး အနာ​ပေါက်​နေ​တဲ့ သူ​တောင်း​စား​လာ​ဇ​ရု​ကို သူ့​အိမ်​တံခါး​ဝ​မှာ လူ​တွေ လာ​ထား​လေ့​ရှိ​တယ်။ ၂၁  လာ​ဇ​ရု​က သူ​ဌေး​ရဲ့ စား​ပွဲ​က​နေ​ကျ​တဲ့ စား​ကြွင်း​စား​ကျန်​ကို စား​ရ​ဖို့ မျှော်​နေ​တတ်​တယ်။ ခွေး​တွေ​က သူ့​ကိုယ်​ပေါ်​က အနာ​တွေ​ကို လာ​လျက်​ကြ​တယ်။ ၂၂  တစ်​နေ့​တော့၊ လာ​ဇ​ရု သေဆုံး​သွား​တဲ့​အ​တွက်​ ကောင်း​ကင်​တ​မန်​တွေ​က သူ့​ကို အာဗြဟံ​အနား* ပို့​ပေး​ကြ​တယ်။ “သူ​ဌေး​လည်း ကွယ်​လွန်​သွား​တော့ သင်္ဂြိုဟ်​လိုက်​ကြ​တယ်။ ၂၃  သူ​က သင်္ချိုင်း​မှာ အလူး​အလိမ့် ဝေ​ဒ​နာ​ခံ​နေ​ရ​တုန်း မျှော်​ကြည့်​လိုက်​တဲ့​အခါ အဝေး​မှာ အာဗြဟံ​ကို မြင်​တယ်။ အာဗြဟံ​ရဲ့​ဘေး​မှာ လာ​ဇ​ရု​ကို​လည်း မြင်​တယ်။ ၂၄  ဒါ​နဲ့ သူ​က ‘အဖအာဗြဟံ၊ ကျွန်တော့်​ကို သနား​ပါ​ဦး။ လာ​ဇ​ရု​ကို ကျွန်​တော့်​ဆီ လွှတ်​ပေး​ပါ​လား။ သူ့​လက်​ညှိုး​ကို ရေ​မှာ​နှစ်​ပြီး ကျွန်​တော့်​လျှာ​ပေါ် တစ်​ပေါက်​လောက်​ချ​ပေး​ရင် အေး​မြ​သွား​မှာ​ပါ။ ဒီ​မီး​လျှံ​ထဲ​မှာ ကျွန်​တော် အလူး​အလဲ ခံ​နေ​ရလို့​ပါ’ ဆို​ပြီး တောင်း​ပန်​တယ်။ ၂၅  အာဗြဟံ​က ‘ငါ့​သား၊ မင်း အသက်​ရှင်​တုန်း​က စည်း​စိမ်​အပြည့် ခံစား​ခဲ့ရ​ပေမဲ့ လာ​ဇ​ရု​က​တော့ ဆင်း​ဆင်း​ရဲရဲ နေ​ခဲ့ရ​တာ သတိ​ရ​ပါ​ဦး။ အခု သူ​က ဒီ​မှာ သက်​သက်​သာ​သာ ဖြစ်​နေ​ပြီ။ မင်း​က​တော့ ဝေ​ဒ​နာ အလူး​အ​လိမ့် ခံ​နေ​ရ​ပြီ။ ၂၆  ပြီး​တော့ မင်း​နဲ့​ငါ​တို့​ကြား​မှာ ချောက်​နက်​ကြီး ခြား​ထား​တယ်။ ဒီ​နေ​ရာ​က​နေ မင်း​ဆီ​ကို လာ​ချင်​တိုင်း လာလို့​မရ​ဘူး။ မင်း​ဆီ​က​နေ​လည်း ဒီ​နေ​ရာ​ကို လာ​ချင်​တိုင်း လာလို့​မရ​ဘူး’ လို့​ပြော​တယ်။ ၂၇  အဲဒီ​အခါ သူ​ဌေး​က ‘အဖ၊ ဒါ​ဆို​ရင် လာ​ဇ​ရု​ကို ကျွန်တော့်​ဖခင်​ရဲ့ အိမ်​ဆီ လွှတ်​ပေး​ပါ​လား။ ၂၈  ကျွန်​တော့်​မှာ ညီ​အစ်​ကို​ငါး​ယောက် ရှိ​ပါ​တယ်။ ဝေဒ​နာ​ခံ​ရ​တဲ့ ဒီ​နေ​ရာ​ကို သူတို့​ရောက်​မလာ​စေ​ဖို့ လာ​ဇ​ရု​ကို ဆက်​ဆက် ပြော​ပြခိုင်း​ပါ’ ဆို​တော့၊ ၂၉  အာဗြဟံ​က ‘သူတို့​မှာ မော​ရှေ​နဲ့ ပရော​ဖက်​တွေ ရေးခဲ့​တဲ့ ကျမ်း​စောင်​တွေ ရှိ​သား​ပဲ။ အဲဒီ​ကျမ်း​တွေ​ကို သူတို့ နာ​ယူ​ပါ​စေ​ပေါ့’+ လို့​ဖြေတယ်။ ၃၀  ဒါ​ပေမဲ့ သူ​ဌေး​က ‘အဖ အာဗြဟံ၊ သူတို့​နာ​ယူ​မှာ မဟုတ်​ဘူး။ သေရာ​က ပြန်​ရှင်​လာ​သူ​တစ်​ယောက် သူတို့​ဆီ​သွား​မှ​ပဲ နောင်​တ​ရ​ကြ​မှာ​ပါ’ လို့​ပြော​တယ်။ ၃၁  အာဗြဟံ​က ‘မော​ရှေ​နဲ့ ပရော​ဖက်​တွေ ရေးခဲ့​တဲ့ ကျမ်း​စကား​ကို​တောင် သူတို့ မနာ​ယူ​မှ​တော့+ သေရာ​က​နေ ပြန်​ရှင်​လာ​သူ ပြော​ရင်​လည်း နား​ထောင်​မှာ မဟုတ်​ဘူး’ လို့​ပြော​တယ်။”

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဗတ်။” တစ်​ဗတ်​က ၂၂ လီ​တာ (၅.၈၁ ဂါ​လံ) နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ကော​ရ။” တစ်​ကော​ရ​က ၂၂၀ လီ​တာ​ဆံ့​တဲ့​ပုံး တစ်​ပုံး​စာ​ရှိ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
‘ပညတ်​ကျမ်း​နဲ့ ပရော​ဖက်​ကျမ်း’ ဆို​တာ ဟီ​ဘ​ရူး​ကျမ်း​စောင်​အားလုံး​ကို ရည်​ညွှန်း။
မူ​ရင်း၊ “အာဗြဟံ​ရဲ့ ရင်​ခွင်​ဆီ။”