၁ ယောဟန် ၂:၁-၂၉

  • အပြစ်​ဖြေရာ​ပူ​ဇော်​သက္ကာ ယေရှု (၁၊ ၂)

  • ဘု​ရား​သခင်​ရဲ့ ပညတ်​တွေ​ကို လိုက်​နာ​ခြင်း (၃-၁၁)

    • ပညတ်​သစ်​နဲ့ ပညတ်​ဟောင်း (၇၊ ၈)

  • စာ​ရေးရ​တဲ့ အကြောင်း​ရင်း​များ (၁၂-၁၄)

  • လော​က​ကို မချစ်​ပါ​နဲ့ (၁၅-၁၇)

  • အန္တိ​ခ​ရစ်တွေ​ကို ရှောင်​ဖို့ သတိ​ပေး​ချက် (၁၈-၂၉)

 သား​သမီး​တို့၊ ဒီ​အကြောင်း​အရာတွေ​ကို ရေးရ​တာ​က ခင်ဗျား​တို့ အပြစ်​မလုပ်​မိ​အောင်​ပါ။ ဒါ​ပေမဲ့ တစ်​ယောက်​ယောက် အပြစ်​လုပ်​မိ​ရင်​တောင် ကူညီ​ပေး​မယ့်​သူ* ရှိ​ပါ​တယ်။ သူ​က​တော့ အဖ​ဘုရား​နဲ့​အတူ ရှိ​နေ​တဲ့ ဖြောင့်မတ်​သူ ယေရှု​ခရစ်​ပဲ။+ ၂  သူ​ဟာ ကျွန်တော်​တို့​သာ​မက+ တစ်​လောက​လုံး​ရဲ့ အပြစ်​အတွက်+ အပြစ်​ဖြေရာ ပူဇော်​သက္ကာ​ပဲ။+ ၃  အဲ​ဒီ​အပြစ်​ဖြေရာ ပူဇော်​သက္ကာ​ကြောင့် သူ့​ကို ကျွန်တော်​တို့ သိ​ကျွမ်း​လာ​တယ်။ သူ့​ရဲ့ ပညတ်​ချက်​တွေ​ကို အမြဲ လိုက်နာ​မယ်​ဆို​ရင် သူ့​ကို သိ​ကျွမ်း​သူ​တွေ ဖြစ်​မှန်း သိ​ရ​တယ်။ ၄  “သူ့​ကို သိ​ကျွမ်း​တယ်” လို့ ပြော​ပေမဲ့ ပညတ်​တွေ​ကို မလိုက်နာ​တဲ့​သူ​ဟာ လူ​လိမ်​ပဲ။ အဲ​ဒီ​လူ​မှာ အမှန်​တရား မရှိ​ဘူး။ ၅  သူ့​စကား​ကို လိုက်နာ​တဲ့​သူ​က​တော့ ဘုရား​သခင်​ကို တကယ် ချစ်​တဲ့​သူ​ပဲ။+ ကျွန်တော်​တို့​ဟာ သူ​နဲ့ တစ်စိတ်​တစ်ဝမ်းတည်း ဖြစ်​နေ​မှန်း ဒီ​နည်း​နဲ့ သိ​ရ​တယ်။+ ၆  သူ​နဲ့ တစ်စိတ်​တစ်ဝမ်းတည်း ရှိ​တယ်​လို့ ပြော​တဲ့​သူ​ဟာ သူ​လျှောက်လှမ်း​ခဲ့​တဲ့ လမ်းစဉ်​အတိုင်း အမြဲ လျှောက်လှမ်း​ရ​မယ့် တာဝန် ရှိ​တယ်။+ ၇  ချစ်​ရ​သူ​တို့၊ ပညတ်​သစ်​ကို ကျွန်တော် ပေး​နေ​တာ မဟုတ်​ဘူး။ အစ​ကတည်းက ခင်ဗျား​တို့ ရ​ထား​တဲ့ ပညတ်​ဟောင်း​အကြောင်း+ ပြော​ပြနေ​တာ။ အဲ​ဒီ​ပညတ်ဟောင်း​ဆို​တာ ခင်ဗျား​တို့ ကြား​ခဲ့ရ​တဲ့ တရား​စကား​ပဲ။ ၈  ဒါ​ပေမဲ့ ကျွန်တော် ပြော​ပြမယ့် ပညတ်​ကို ပညတ်​သစ်​လို့​လည်း ပြော​လို့​ရ​ပါ​တယ်။ အဲ​ဒီ​ပညတ်​နဲ့​ပတ်​သက်​ပြီး ယေရှု​ကိုယ်တိုင် နမူနာ ပြခဲ့​သလို ခင်ဗျား​တို့​လည်း လိုက်နာ​နေ​လို့​ပါ။ ဒါ​ကြောင့် အမှောင် ကွယ်ပျောက်​ပြီး စစ်မှန်​တဲ့​အလင်း ထွန်းလင်း​နေ​ပြီ။+ ၉  အလင်း​ထဲ​မှာ ရှိ​တယ်​လို့ ပြော​ပေမဲ့ ကိုယ့်​ညီ​အစ်ကို​ကို မုန်း​နေ​တယ်​ဆို​ရင်+ သူ​ဟာ အမှောင်​ထဲ​မှာ ရှိ​နေ​တုန်း​ပဲ။+ ၁၀  ကိုယ့်​ညီ​အစ်ကို​ကို ချစ်​တဲ့​သူ​ဟာ အလင်း​ထဲ​မှာ ရှိ​နေ​တယ်။+ ခလုတ်​တိုက်​လဲ​စရာ​အကြောင်း မရှိ​ဘူး။ ၁၁  ကိုယ့်​ညီ​အစ်ကို​ကို မုန်း​တဲ့​သူ​က​တော့ အမှောင်​ထဲ​မှာ ရှိ​နေ​တယ်။ အမှောင်​ထဲ​မှာ လျှောက်လှမ်း​နေ​တယ်။+ အမှောင်​ထဲ​မှာ ဘာ​မှ မမြင်​ရတဲ့အတွက် ဘယ်​ကို သွား​နေ​မှန်း မသိ​ဘူး။+ ၁၂  သား​သမီး​တို့၊ ဘုရား​သခင်​က သူ့​နာမည်​ကို ထောက်​ပြီး+ ခင်ဗျား​တို့​ရဲ့ အပြစ်​တွေ​ကို ခွင့်လွှတ်​လိုက်ပြီ ဖြစ်​လို့ ကျွန်တော် စာ​ရေး​လိုက်​တာ​ပါ။ ၁၃  ဖခင်​တို့၊ အစ​အဦး​ကတည်းက တည်​ရှိ​တဲ့​သူ​ကို ခင်ဗျား​တို့ သိကျွမ်း​လာ​တဲ့​အတွက် ကျွန်တော် စာ​ရေး​လိုက်​တာ​ပါ။ လူပျို​တို့၊ ဆိုးညစ်​သူ​ကို ခင်ဗျား​တို့ အနိုင်​ရ​တဲ့​အတွက်+ ကျွန်တော် စာ​ရေး​လိုက်​တာ​ပါ။ သား​သမီး​တို့၊ အဖဘုရား​ကို ခင်ဗျား​တို့ သိကျွမ်း​လာ​တဲ့​အတွက်+ ကျွန်တော် စာ​ရေး​လိုက်​တာ​ပါ။ ၁၄  ဖခင်​တို့၊ အစ​အဦး​ကတည်းက တည်​ရှိ​တဲ့​သူ​ကို ခင်ဗျား​တို့ သိကျွမ်း​လာ​တဲ့​အတွက် ကျွန်တော် စာ​ရေး​လိုက်​တာ​ပါ။ လူပျို​တို့၊ ခင်ဗျား​တို့​ဟာ ခွန်​အား​ရှိ​သူ​တွေ၊+ ရင်​ထဲ​မှာ တရား​စကား စွဲ​မြဲ​နေ​သူ​တွေ၊+ ဆိုး​ညစ်​သူ​ကို အနိုင်​ရ​သူ​တွေ ဖြစ်​လို့+ ကျွန်တော် စာ​ရေး​လိုက်​တာ​ပါ။ ၁၅  လောက​ကို​ဖြစ်​စေ၊ လောက​မှာ​ရှိ​တဲ့ အရာတွေ​ကို​ဖြစ်​စေ မချစ်​ကြ​နဲ့။+ လောက​ကို ချစ်​တဲ့​သူ​ဟာ အဖဘုရား​ကို မချစ်​တဲ့​သူ​ပဲ။+ ၁၆  သွေးသား​အလို​ဆန္ဒ၊+ မျက်စိ​ရဲ့ အလို​ဆန္ဒ၊+ မိမိ​စည်းစိမ်​အကြောင်း ဝါ​ကြွား​ခြင်း​စတဲ့ လောက​မှာ​ရှိ​တဲ့ အရာ​အားလုံး​ဟာ အဖဘုရား​ဆီ​က လာ​တာ မဟုတ်​ဘူး။ လောက​မှာ​ရှိ​တဲ့ လူ​တွေ​ဆီ​က လာ​တာ​ပဲ။ ၁၇  အဲ​ဒီ​အပြင် ဒီ​လောက​ရော လောက​မှာ​ရှိ​တဲ့ လူ​တွေ လို​ချင်​ရာ အားလုံး​ပါ ရွေ့သွား​ကွယ်ပျောက်​နေ​တယ်။+ ဘုရား​သခင်​ရဲ့ အလို​တော်​ကို ဆောင်​တဲ့​သူ​က​တော့ အမြဲ တည်​တယ်။+ ၁၈  သား​သမီး​တို့၊ အခု​အချိန်​ဟာ နောက်ဆုံး​အချိန်​ပဲ။ ခရစ်​တော်​ကို ဆန့်​ကျင်​သူ* ပေါ်​လာ​မယ်​လို့+ ခင်ဗျား​တို့ ကြား​ထား​တဲ့​အတိုင်း ခရစ်​တော်​ကို ဆန့်​ကျင်​သူ အမြောက်​အမြား အခု​ပဲ ပေါ်​လာ​ပြီ။+ ဒါ​ကြောင့် နောက်ဆုံး​အချိန်​ကို ရောက်​နေ​ပြီဆို​တာ သိ​နိုင်​တယ်။ ၁၉  သူ​တို့​ဟာ ကျွန်တော်​တို့​လို လူ​စား​မျိုး မဟုတ်​တော့ ကျွန်တော်​တို့​ဆီ​က​နေ ထွက်​သွား​ကြ​ပြီ။+ ကျွန်တော်​တို့​လို လူစား​မျိုး ဖြစ်​ရင် ကျွန်တော်​တို့​နဲ့​အတူ ရှိ​နေ​မှာ​ပဲ။ အခု သူ​တို့ ထွက်​သွား​ပြီဆို​တော့ ကျွန်တော်​တို့​လို လူ​စား​မျိုး မဟုတ်​မှန်း ထင်​ရှား​ပြီပေါ့။+ ၂၀  သန့်ရှင်း​မြင့်မြတ်​တဲ့ ဘုရား​သခင်​က ခင်ဗျား​တို့​ကို ဘိသိက်​ပေး​ထား​ပြီ။+ အမှန်​တရား​ကို ခင်ဗျား​တို့​အားလုံး သိ​ကြ​ပြီ။ ၂၁  အမှန်​တရား​ကို မသိ​လို့ မဟုတ်​ဘဲ+ အမှန်​တရား​ကို ခင်ဗျား​တို့ သိ​နေ​လို့၊ ကျွန်တော် ပြော​နေ​တဲ့ အမှန်​တရား​မှာ မုသာ မရှိ​လို့+ ကျွန်တော် စာရေး​လိုက်​တာ​ပါ။ ၂၂  ယေရှု​ဟာ ခရစ်​တော် ဖြစ်​တယ်​ဆို​တာ​ကို ငြင်းပယ်​သူ​ဟာ လူလိမ် မဟုတ်​လား။+ အဖ​ဘုရား​နဲ့ သားတော်​ကို ငြင်းပယ်​သူ​ဟာ ခရစ်​တော်​ကို ဆန့်ကျင်​သူ​ပဲ။*+ ၂၃  သားတော်​ကို ငြင်းပယ်​သူ​ဟာ အဖ​ဘုရားရဲ့ ကျွန် မဟုတ်​ဘူး။+ သားတော်​ကို အသိ​အမှတ်​ပြု​သူ​ဟာ+ အဖ​ဘုရားရဲ့ ကျွန်​ပဲ။+ ၂၄  ခင်ဗျား​တို့​က​တော့ အစ​ကတည်းက ကြား​နာ​ခဲ့​တာ​တွေ​ကို ရင်​ထဲ​မှာ စွဲ​မြဲ​နေ​စေ​ပါ။+ အစ​ကတည်းက ကြား​နာ​ခဲ့​တဲ့​အရာ​ဟာ ရင်​ထဲ​မှာ စွဲ​မြဲ​နေ​ရင် သားတော်​နဲ့​ရော အဖ​ဘုရား​နဲ့​ပါ တစ်စိတ်​တစ်ဝမ်းတည်း ဖြစ်​လိမ့်​မယ်။ ၂၅  အဲ​ဒီ​အပြင် ထာဝရ​အသက်​ကို​ပါ ရ​လိမ့်​မယ်​လို့+ ဘုရား​သခင်​ကိုယ်​တိုင် ကတိ​ပေး​ထား​တယ်။ ၂၆  လူ​တချို့​က ခင်ဗျား​တို့​ကို လှည့်စား​ဖို့ ကြိုးစား​နေ​လို့ ဒီ​အကြောင်း​တွေ ကျွန်တော် ရေး​လိုက်​တယ်။ ၂၇  ဘုရား​သခင်​က ခင်ဗျား​တို့​ကို စွမ်းအား​တော်​နဲ့ ဘိသိက်​ပေး​ထား​တာ ဖြစ်​လို့+ ခင်ဗျား​တို့​ဆီ​မှာ စွမ်းအား​တော် ရှိ​နေ​လိမ့်​မယ်။ ခင်ဗျား​တို့​ကို ဘယ်သူ​မှ သင်​ပေး​စရာ မလို​ဘူး။ ဘုရား​သခင်​က စွမ်းအား​တော်​ကို သုံး​ပြီး ခင်ဗျား​တို့​ကို အရာရာ သွန်သင်​ပေး​နေ​တယ်။+ ခင်ဗျား​တို့​ကို ဘိသိက်​ပေး​ထား​တယ်​ဆိုတဲ့ အချက်​ဟာ မှန်​တယ်၊ မုသာ​စကား မဟုတ်​ဘူး။ ဒါ​ကြောင့် စွမ်းအား​တော် သွန်သင်​ပေး​တဲ့​အတိုင်း သူ​နဲ့ တစ်စိတ်​တစ်ဝမ်းတည်း ဖြစ်​နေ​ကြ​ပါ။+ ၂၈  သား​သမီး​တို့၊ သူ​နဲ့ တစ်စိတ်​တစ်ဝမ်းတည်း ဖြစ်​နေ​ကြ​ပါ။ ဒါ​ဆို​ရင် သူ​ပေါ်​ထွန်း​တဲ့​အခါ ရဲရဲ​ဝံ့ဝံ့ ပြော​ဆို​ခွင့်*+ ရှိ​ကြ​လိမ့်​မယ်။ သူ​ရောက်​ရှိ​ချိန်​မှာ ရှက်​စိတ်​နဲ့ နောက်ဆုတ်​နေ​ရ​တဲ့ အဖြစ်​မျိုး ကြုံ​ရ​မှာ မဟုတ်​ဘူး။ ၂၉  သူ​ဟာ ဖြောင့်မတ်​သူ ဖြစ်​မှန်း ခင်ဗျား​တို့ သိ​တယ်​ဆို​ရင် ဖြောင့်မှန်​ရာ​ကို လုပ်ဆောင်​သူ​တိုင်း​ဟာ ဘုရား​သခင်​ရဲ့ သား​သမီး​တွေ ဖြစ်​မှန်း​လည်း ခင်​ဗျား​တို့ သိ​ကြ​မှာ​ပဲ။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ရှေ့​နေ​လိုက်​ပေး​မယ့်​သူ။”
ခက်​ဆစ် “အန္တိ​ခ​ရစ်” ကို​ကြည့်။
ခက်​ဆစ် “အန္တိ​ခ​ရစ်” ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။