မာတိကာဆီ ကျော်သွား

သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | ယောနသန်

“သိပ်​ရင်းနှီး​သွားကြတယ်”

“သိပ်​ရင်းနှီး​သွားကြတယ်”

တိုက်ပွဲ ပြီးဆုံး​သွားပြီ။ ဧလာ​ချိုင့်ဝှမ်း​တစ်လျှောက် တိတ်ဆိတ်​ငြိမ်သက်​လို့​ပဲ။ ညနေခင်း လေပြည်​လေညင်း​ကြောင့် တပ်​စခန်း တဲ​ရွက်ဖျင်​တွေ လှုပ်ခတ်​နေတယ်။ ရှောလုမင်း​ဟာ သားကြီး ယောနသန် အပါအဝင် လူတချို့​နဲ့ တွေ့ဆုံ​နေတယ်။ သိုးထိန်း​လူငယ် ဒါဝိဒ်က မိမိ​အတွေ့အကြုံကို အားရပါးရ အားမာန်​အပြည့်​နဲ့ ပြန်​ပြောပြ​နေတယ်။ ရှောလု​က​လည်း ဒါဝိဒ် ပြောပြတာတွေကို တစ်လုံး​မကျန် အာရုံ​စူးစိုက် နားထောင်​နေတယ်။ ယောနသန်​ကော ဘယ်လို ခံစား​နေရ​သလဲ။ ယေဟောဝါရဲ့ တပ်​မှာ စစ်မှုထမ်း​တာ ကြာလှပြီ။ အောင်ပွဲ​အလီလီ ရခဲ့တယ်။ ဒီ​ကနေ့ အောင်ပွဲ​ကတော့ ယောနသန်ရဲ့ အောင်ပွဲ မဟုတ်ဘူး။ လူထွားကြီး ဂေါလျတ်ကို သတ်ခဲ့​တဲ့ လူငယ်​ဒါဝိဒ်ရဲ့ အောင်ပွဲ ဖြစ်တယ်။ ဒါဝိဒ်​ကို ဂုဏ်ပြု​ချီးမွမ်း​နေကြ​လို့ ယောနသန် မနာလို​ဖြစ်မိ​သလား။

ယောနသန်ရဲ့ လုပ်ရပ်​ကို သင် အံ့ဩ​မိ​နိုင်တယ်။ “ဒါဝိဒ်က ရှောလုမင်း​ကို လျှောက်တင်​ပြီးတဲ့နောက် ယောနသန်​နဲ့ ဒါဝိဒ်ဟာ သိပ်​ရင်းနှီး​သွားကြတယ်။ ယောနသန်​က ဒါဝိဒ်​ကို ကိုယ်​နဲ့​ထပ်တူ ချစ်ခင်တယ်” လို့ ဖတ်​ရတယ်။ ဒါဝိဒ်​ကို သူ့ရဲ့ အသုံးအဆောင် ပစ္စည်း​တွေ​သာမက လေးကို​ပါ ပေးတယ်။ လေး​ပစ် ကျွမ်းကျင်​တယ်လို့ နာမည်​ရထား​သူ ယောနသန်​ကိုယ်တိုင် သူ့ရဲ့ လေး​ကို ပေးတယ်​ဆိုတော့ နှယ်နှယ်​ရရ လက်ဆောင် မဟုတ်ဘူး။ ဒါ​တင်​မက နှစ်ယောက်​သား ကတိသစ္စာ​ပြု​ကြတယ်။ အချင်းချင်း ရိုင်းပင်း​ကူညီမယ့် မိတ်ဆွေ​တွေ​အဖြစ် သိပ်​ရင်းနှီး​သွားကြတယ်။​—၁ ရှမွေလ ၁၈:၁-၅

ဒီလိုနဲ့ အရင်းနှီးဆုံး မိတ်ဆွေ​တွေ​အဖြစ် ကျမ်းစာမှာ ဖော်ပြ​ခံရတယ်။ ယုံကြည်ခြင်း ရှိသူတွေ​အတွက် မိတ်ဆွေ​အပေါင်းအသင်း အရေးကြီးတယ်။ မိတ်ဆွေတွေကို ပညာရှိရှိ ရွေးချယ်မယ်၊ ကိုယ်တိုင်လည်း ရိုင်းပင်း​ကူညီ​တတ်တဲ့၊ သစ္စာ​ရှိတဲ့ မိတ်ဆွေ ဖြစ်မယ်ဆိုရင် မေတ္တာ​ခေါင်းပါး​တဲ့ ဒီခေတ်​ကြီး​မှာ အချင်းချင်းရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့​စေနိုင်​မယ်။ (ပညာအလိမ္မာ ၂၇:၁၇) ဒါကြောင့် မိတ်ဆွေဖွဲ့​ခြင်းနဲ့​ပတ်သက်လို့ ယောနသန်​ဆီက ဘာတွေ သင်ယူ​နိုင်သလဲ ကြည့်ကြစို့။

မိတ်ဆွေ​ဖြစ်​ခြင်း အကြောင်းရင်း​ခံ

ဘယ်လို​ကြောင့် ဒီလောက်​မြန်မြန် ရင်းနှီးတဲ့ မိတ်ဆွေ​တွေ ဖြစ်သွား​ကြသလဲ။ အကြောင်းရင်း​ခံ​တွေ ရှိလို့ပါ။ နောက်ခံ​အခြေအနေ​တချို့ကို စဉ်းစား​ကြည့်ပါ။ ယောနသန်ဟာ တော်တော်လေး စိတ်​ဆင်းရဲ​နေတယ်။ ခမည်းတော် ရှောလုမင်း​ဟာ ဒီ​နှစ်တွေ​အတွင်း ပြောင်းလဲ​သွားပြီး ဆိုး​သည်ထက် ဆိုး​လာတာကို ယောနသန် ကြုံနေ​ရတယ်။ တစ်ချိန်က စိတ်နှိမ့်ချသူ၊ ယုံကြည်​နာခံ​တတ်​သူ ရှောလုဟာ နာခံမှု မဲ့​လာပြီး ထောင်လွှား​လာတယ်။​—၁ ရှမွေလ ၁၅:၁၇-၁၉၊ ၂၆

သားအဖ​နှစ်ယောက် ရင်းရင်းနှီးနှီး ရှိခဲ့​ကြ​လို့ ခမည်းတော် ရှောလု ပြောင်းလဲသွား​တော့ ယောနသန် တော်တော်လေး စိတ်​ဆင်းရဲ​သွားမှာပဲ။ (၁ ရှမွေလ ၂၀:၂) ရှောလု​ကြောင့် ယေဟောဝါ ရွေးချယ်​ထားတဲ့ လူမျိုးအပေါ် အန္တရာယ်​ကျရောက်​လေ​မလား​ဆိုပြီး ယောနသန် စိုးရိမ်​နိုင်တယ်။ ဘုရင်ကြီးရဲ့ မနာခံမှုကြောင့် တိုင်းသူပြည်သား​တွေ လမ်းလွဲ​ကုန်​ပြီး ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံးသွား​ကြ​မလား။ ယုံကြည်ခြင်း​ရှိသူ ယောနသန်​အတွက် ဘေးကျပ်နံကျပ် အခြေအနေ ဖြစ်နေမှာ သေချာတယ်။

ဒီလို​နောက်ခံ​အခြေအနေ​ကြောင့် လူငယ်​ဒါဝိဒ်​ကို ယောနသန် ခင်မင်​ရင်းနှီး​သွားတာ ဖြစ်နိုင်တယ်။ ဒါဝိဒ်ဟာ ယုံကြည်ခြင်း ခိုင်မာ​သူ ဖြစ်မှန်း ယောနသန် သိတယ်။ ရှောလုရဲ့ စစ်သည်တွေ​နဲ့ မတူဘဲ ဒါဝိဒ်ဟာ လူထွားကြီး ဂေါလျတ်ကို နည်းနည်းမှ မကြောက်​ဘူး။ ယေဟောဝါရဲ့ နာမည်​နဲ့ တိုက်ပွဲဝင်​တာ ဖြစ်လို့ ဂေါလျတ်​နဲ့ သူ့​လက်နက်​တွေ​ထက် ပို​အစွမ်း​ရှိတယ်လို့ ခံယူ​ထားတယ်။​—၁ ရှမွေလ ၁၇:၄၅-၄၇

အစောပိုင်း​နှစ်တွေမှာ ယောနသန်​လည်း အဲဒီလိုပဲ ခံယူ​ခဲ့​တာ။ စစ်လက်နက် အပြည့်အစုံ ရှိတဲ့ ဖိလိတိ​ကင်းတပ် တစ်တပ်လုံး​ကို သူ့​လက်နက်ကိုင်​နဲ့ နှစ်ယောက်​တည်း တိုက်ခိုက်​အနိုင်ယူ​ခဲ့​ဖူး​တယ်။ ဘာကြောင့် အနိုင်​ရခဲ့​သလဲ။ ‘ယေဟောဝါ​ဘုရားကို ဘာကမှ မတားဆီး​နိုင်ဘူး’ လို့ ယောနသန် ပြောခဲ့တယ်။ (၁ ရှမွေလ ၁၄:၆) ယောနသန်​နဲ့ ဒါဝိဒ်​တို့ နှစ်ယောက်စလုံး ယေဟောဝါကို အခိုင်အမာ ယုံကြည်သူတွေ၊ ယေဟောဝါကို သိပ်​ချစ်သူ​တွေ ဖြစ်ကြတယ်။ အဲဒီ​တူညီချက်​ကြောင့် သူတို့​နှစ်ဦး သိပ်​ရင်းနှီး​သွားကြတယ်။ ယောနသန်ဟာ အသက် ၅၀ ပြည့်​တော့​မယ့် လူစွမ်းကောင်း မင်းသား၊ ဒါဝိဒ်ကတော့ အသက် ၂၀ မပြည့်​သေး​တဲ့ သိုးထိန်း​လေး ဖြစ်ပေမဲ့ ဒီ​ကွာခြားချက်​တွေ​က သူတို့​အတွက် အရေး​မပါဘူး။ *

ကတိသစ္စာ​ပြု​ထား​ကြ​တဲ့​အတွက် ခင်မင်​ရင်းနှီးမှုကို ခိုင်မြဲ​စေတယ်။ ဘယ်လို​နည်းနဲ့လဲ။ ဒါဝိဒ်ဟာ အစ္စရေး​ဘုရင်အဖြစ် ယေဟောဝါရဲ့ လျာထား​ခြင်း ခံရ​မှန်း သိထားတယ်။ ယောနသန်​ကို ဒီ​အကြောင်း ဖွင့်​မပြော​ဘဲ နေ​မလား။ မပြော​ဘဲ နေမှာ မဟုတ်ဘူး။ လျှို့ဝှက်၊ လိမ်ညာမှု မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့​အတွက် ခင်မင်​ရင်းနှီးမှု ပို​ခိုင်မြဲ​လာတယ်။ ဒါဝိဒ် ဘုရင်​ဖြစ်မယ့်​အကြောင်း သိလိုက်​ရတော့ ယောနသန် ဘယ်လို တုံ့ပြန်​သလဲ။ သူ​သာ ထီးနန်း ဆက်ခံ​ရ​ရင် ခမည်းတော်​ရဲ့ အမှားတွေကို ပြုပြင်​တည့်မတ်​ရမယ်လို့ မျှော်လင့်ချက် ထားခဲ့​သလား။ ယောနသန်ဟာ အပျက်​သဘောထားတွေ​နဲ့ ရုန်းကန်​နေတဲ့​အကြောင်း ကျမ်းစာမှာ မဖော်ပြထားဘူး။ တကယ် အရေးကြီးတဲ့ ယောနသန်ရဲ့ သစ္စာ​စောင့်သိ​ခြင်းနဲ့ ယုံကြည်ခြင်း​အကြောင်း​ပဲ ဖော်ပြ​ထားတယ်။ ဒါဝိဒ်​နဲ့​အတူ ယေဟောဝါရဲ့ စွမ်းအားတော် ရှိ​မှန်း ယောနသန် သိထားတယ်။ (၁ ရှမွေလ ၁၆:၁၊ ၁၁-၁၃) ဒါကြောင့် ဒါဝိဒ်​ကို ပြိုင်ဖက်​လို့ သဘော​မထား​ဘဲ ကတိသစ္စာ​ပြု​ထားတဲ့​အတိုင်း မိတ်ဆွေ​လို ရင်းနှီး​ချစ်ခင်​နေဆဲ​ပါပဲ။ ယေဟောဝါ အလိုတော်အတိုင်း ဖြစ်လာမှာ​ကို ယောနသန် မြင်တွေ့ချင်​တယ်။

ယောနသန်​နဲ့ ဒါဝိဒ်​တို့ဟာ ယေဟောဝါ​ဘုရားကို အခိုင်အမာ ယုံကြည်ရာ​မှာ၊ ဘုရားကို နှစ်နှစ်ကာကာ ချစ်​ရာ​မှာ တူကြတယ်

အဲဒီ​ခင်မင်​ရင်းနှီးမှုကြောင့် ကောင်းကျိုး ရရှိခဲ့တယ်။ ယောနသန်ရဲ့ ယုံကြည်ခြင်း​ကနေ ဘာတွေ သင်ယူ​နိုင်သလဲ။ ဘုရားသခင်ကို ဝတ်ပြုသူ​မှန်သမျှ မိတ်ဆွေဖွဲ့​ခြင်း အရေးကြီးပုံကို သိမြင်​ရမယ်။ မိတ်ဆွေတွေဟာ သက်တူရွယ်တူ၊ နောက်ခံ​တူ​သူတွေ မဟုတ်​လည်း စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိရင် ကောင်းကျိုး​အများကြီး ရနိုင်တယ်။ ယောနသန်​နဲ့ ဒါဝိဒ်ဟာ အကြိမ်ကြိမ် အပြန်အလှန် အားပေးခဲ့​ကြတယ်။ စမ်းသပ်မှု​ကြီး​တွေ ကြုံရ​တော့​မှာ ဖြစ်လို့ နှစ်ယောက်စလုံး ဒီလို​အားပေး​ထောက်မမှု လိုအပ်​နေပြီ။

ဘယ်သူ့ကို ပို​သစ္စာစောင့်သိ​မလဲ

အစပိုင်းမှာ ရှောလု​က ဒါဝိဒ်​ကို သိပ်​သဘောကျတဲ့​အတွက် စစ်သည်တွေ ကွပ်ကဲ​ဖို့ ခန့်​လိုက်တယ်။ ဒါပေမဲ့ ယောနသန်​မှာ မရှိတဲ့ မနာလိုစိတ်​က ရှောလု​ကို အနိုင်ယူ​သွားတယ်။ အစ္စရေးတွေရဲ့ ရန်သူ ဖိလိတိတွေကို တိုက်ခိုက်​တိုင်း ဒါဝိဒ် အောင်ပွဲခံ​ပြီး ပြန်လာတယ်။ ဒါကြောင့် ဒါဝိဒ်ဟာ ချီးမွမ်း​အားကျ​ခြင်း ခံရတယ်။ အစ္စရေး​အမျိုးသမီး​တချို့​ဆိုရင် “ရှောလု​သတ်​တာ အထောင်​ထောင်၊ ဒါဝိဒ်​သတ်​တာ အသောင်းသောင်း” ဆိုပြီး သီဆို​ကြတယ်။ ဒီ​သီချင်းကို ရှောလု မကြိုက်ဘူး။ “အဲဒီ​နေ့​က​စပြီး ရှောလု​က ဒါဝိဒ်​ကို မသင်္ကာ​စိတ်နဲ့ အမြဲ စောင့်ကြည့်​နေတော့တယ်” လို့ ဖတ်​ရတယ်။ (၁ ရှမွေလ ၁၈:၇၊) ထီးနန်း အလု​ခံရမှာ​ကို စိုးရိမ်​နေတာ။ ရှောလု စဉ်းစားဉာဏ် မရှိတာ​ပဲ။ ဒါဝိဒ်ဟာ ရှောလု​ကို ဆက်ခံ​ရမယ်ဆိုတာ သိထားပေမဲ့ ယေဟောဝါ ဘိသိက်​ပေးထား​သူ၊ နန်းထိုင်​နေဆဲ ဘုရင်ရဲ့ အရိုက်အရာကို ဝင်​ယူဖို့​တော့ တစ်ခါ​မှ မတွေး​ခဲ့​ဘူး။

တိုက်ပွဲ​မှာ ဒါဝိဒ် ကျဆုံးသွား​အောင် ရှောလု စီစဉ်​တယ်။ ဒါပေမဲ့ မအောင်မြင်​ဘူး။ ဒါဝိဒ်ကတော့ တိုက်ပွဲ​အလီလီ အောင်ပွဲခံ​ရင်း လူချစ်​လူခင် များ​လာတယ်။ ဒါနဲ့ ရှောလုလည်း ဒါဝိဒ်​ကို သေကြောင်းကြံ​ဖို့ အိမ်သူ​အိမ်သားတွေကို စည်းရုံး​ပြန်တယ်။ မင်းမှုထမ်း​တွေ​နဲ့ သားတော်​ကြီး​ကို​ပေါ့။ ခမည်းတော်​ရဲ့ လုပ်ရပ်​ကို မြင်ရတော့ ယောနသန် ဘယ်လောက်တောင် စိတ်​ဆင်းရဲ​လိုက်မလဲ မြင်ယောင်​ကြည့်ပါ။ (၁ ရှမွေလ ၁၈:၂၅-၃၀။ ၁၉:၁) ယောနသန်ဟာ သစ္စာ​ရှိတဲ့​သား ဖြစ်​ရုံ​မ​က သစ္စာ​ရှိတဲ့ မိတ်ဆွေ​လည်း ဖြစ်တယ်။ အခု ဘယ်သူ့ကို သစ္စာစောင့်သိ​ရမလဲ။ ဘယ်သူ အနိုင်ရ​မလဲ။

ယောနသန်​က “အရှင်မင်းကြီး၊ မင်းကြီးရဲ့ အမှုထမ်း ဒါဝိဒ်​ကို မပြစ်မှား​ပါ​နဲ့။ သူက မင်းကြီး​ကို မပြစ်မှားတဲ့​အပြင် မင်းကြီးရဲ့ ကောင်းကျိုး​အတွက် အများကြီး လုပ်ဆောင်ခဲ့​ပါတယ်။ သူ့​အသက်ကို ရင်း​ပြီး ဖိလိတိ​လူကို သတ်ခဲ့​လို့ ယေဟောဝါ​ဘုရားက အစ္စရေးတွေကို အကြီးအကျယ် အောင်ပွဲခံ​စေခဲ့တာ​ပဲ။ ဒါကို မင်းကြီး မြင်ပြီး ဝမ်းမြောက်​ဝမ်းသာ ဖြစ်ခဲ့တယ် မဟုတ်လား။ ဒါတောင် သူ့ကို ဘာကြောင့် အကြောင်းမဲ့ သတ်ချင်​ရတာလဲ။ အပြစ်မဲ့​သူကို ဘာကြောင့် ပြစ်မှား​ချင်​ရတာလဲ” လို့ လျှောက်တင်​တယ်။ အသိစိတ် ဝင်လာတဲ့ တစ်ခဏ​မှာ ရှောလုဟာ ယောနသန် ပြောတာကို နားထောင်ပြီး ဒါဝိဒ်​ကို မသတ်​တော့​ပါဘူး​လို့ ကတိသစ္စာ​ဆိုတယ်။ ဒါပေမဲ့ ကတိ မတည်​ဘူး။ ဒါဝိဒ် အောင်မြင်​လေလေ ရှောလု မနာလိုစိတ် ပြင်းထန်လာ​လေ ဖြစ်ပြီး လှံ​နဲ့ ပစ်ပေါက်​လိုက်တယ်။ (၁ ရှမွေလ ၁၉:၄-၆၊ ၉၊ ၁၀) ဒါပေမဲ့ နန်းတော်​ကနေ ဒါဝိဒ် ထွက်ပြေး လွတ်မြောက်​သွားတယ်။

ဘယ်သူ့ကို သစ္စာစောင့်သိ​ရမလဲ​ဆိုတဲ့ အဖြစ်မျိုး ကြုံဖူး​ပါသလား။ တကယ် နာကျင်​ခံစားရ​မှာ​ပဲ။ အဲဒီလို​အခြေအနေ​မျိုး ကြုံရတဲ့​အခါ ကိုယ့်​မိသားစုကို ဦးစား​ပေး​သင့်တယ်လို့ အကြံပြု​တတ်ကြတယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်​သင့်​မှန်း ယောနသန် သိတယ်။ ဒါဝိဒ်ဟာ ယေဟောဝါကို သစ္စာ​ရှိတဲ့၊ နာခံတဲ့ ကိုးကွယ်သူ ဖြစ်နေ​တော့ ခမည်းတော်​ဘက် နေဖို့ မဖြစ်နိုင်ဘူး။ ယေဟောဝါကို သစ္စာ​စောင့်သိဖို့ ရွေးချယ်​ပြီး ဒါဝိဒ်​ဘက် ရပ်တည်​လိုက်တယ်။ ဘုရားသခင်​အပေါ် သစ္စာ​စောင့်သိဖို့ ဦးစား​ပေးခဲ့ပေမဲ့ ခမည်းတော်​အပေါ်လည်း သစ္စာ​မပျက်​ခဲ့​ပါဘူး။ ခမည်းတော်​အကြိုက် မလိုက်​ဘဲ ပြောစရာ ရှိတာ ပွင့်ပွင့်လင်းလင်း ပြောပြီး တည့်မတ်​ပေးခဲ့တာ ကြည့်ရင် သိနိုင်တယ်။ ယောနသန် သစ္စာစောင့်သိ​ပုံကို အတုယူ​ရင် ကောင်းကျိုး​ခံစား​နိုင်တယ်။

သစ္စာ​စောင့်သိ​ခြင်း ရလဒ်

ဒါဝိဒ်​နဲ့ ခမည်းတော်​ရှောလု ပြန်​သင့်မြတ်​စေဖို့ ယောနသန် နောက်​တစ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ယောနသန်​ဆီ ဒါဝိဒ် တိတ်တဆိတ် ရောက်လာပြီး “ကျွန်တော်​နဲ့ သေဘေး ခြေတစ်လှမ်း​ပဲ ခြား​ပါ​တော့​တယ်” ဆိုပြီး အသက်​အန္တရာယ် ရှိနေကြောင်း ပြောပြတယ်။ ဒါနဲ့ ယောနသန်​က ခမည်းတော်​ရဲ့ သဘောထားကို တီး​ခေါက်​ကြည့်ပြီး အခြေအနေကို အသိပေး​မယ်။ ဒါဝိဒ် ပုန်း​နေတဲ့​နေရာ​နား​ကို မြား​တွေ ပစ်​ပြီး သတင်းပို့​မယ်​လို့ ပြောတယ်။ “ယေဟောဝါ​ဘုရားက မင်းရဲ့ ရန်သူ​အားလုံးကို မြေပြင်​ပေါ်ကနေ ဖယ်ရှား​ချိန်​ရောက်ရင်​တောင် ငါ့​အိမ်သားတွေ​အပေါ် ခိုင်မြဲ​တဲ့ မေတ္တာ ဆက်ပြ​ပါ” ဆိုတဲ့ ကတိ​တစ်ခု​ပဲ ဒါဝိဒ်​ဆီက တောင်းဆိုတယ်။ ဒါဝိဒ်က​လည်း ယောနသန်ရဲ့ အိမ်သားတွေကို ကာကွယ်​စောင့်ရှောက်ပါ​မယ်​လို့ ကတိသစ္စာ​ပြုတယ်။​—၁ ရှမွေလ ၂၀:၃၊ ၁၃-၂၇

ယောနသန်​က ဒါဝိဒ်​ကောင်း​ကြောင်း ခမည်းတော်​ရှောလု​ကို ပြော​ကြည့်​တော့ ရှောလု ဒေါသ​ထွက်ပြီး ယောနသန်​ကို “ပုန်ကန်​တတ်တဲ့ မိန်းမရဲ့ သား” လို့ ခေါ်တယ်။ မိသားစုကို အရှက်ကွဲ​ခံ​ပြီး ဒါဝိဒ်​ကို သစ္စာစောင့်သိ​နေတယ်​ဆိုပြီး လှောင်​တယ်။ “ကမ္ဘာပေါ်မှာ ယေရှဲ​ရဲ့​သား အသက်ရှင်​နေသရွေ့ မင်းနဲ့ မင်းရဲ့ ဘုရင့်​အရိုက်အရာ တည်မြဲ​မှာ မဟုတ်ဘူး” လို့ ပြောပြီး ကိုယ့်​အတွက် စဉ်းစား​ခိုင်းတယ်။ ယောနသန်​ကတော့ စိတ်ထား ပြောင်း​မသွား​ဘူး။ “သူ့ကို ဘာလို့ သတ်​ရမှာ​လဲ။ သူ ဘာလုပ်​မိ​လို့​လဲ” ဆိုပြီး ခမည်းတော်ကို အသနားခံ​ပြန်တယ်။ ရှောလု ဒေါသ​ပေါက်ကွဲ​ပြီး ထကြမ်း​တော့​တယ်။ အရွယ်​ကျ​လာပေမဲ့ ခွန်အားကြီး စစ်သည် ဖြစ်နေ​သေး​တဲ့ ရှောလု​က သားတော် ယောနသန်​ကို လှံ​နဲ့ ပစ်ပေါက်​လိုက်တယ်။ လှံ​ပစ် ကျွမ်းကျင်​ပေမဲ့ လွဲသွား​တယ်။ ခမည်းတော်​ကိုယ်တိုင် အရှက်ခွဲ​တာ​ကြောင့် ယောနသန်ဟာ စိတ်ထိခိုက်​ပြီး စိတ်​ဆိုးဆိုး​နဲ့ ထွက်သွားတယ်။​—၁ ရှမွေလ ၂၀:၂၄-၃၄

ကိုယ်ကျိုးရှာ​သူ မဟုတ်​ကြောင်း ယောနသန် ပြခဲ့တယ်

မနက်​ရောက်တော့ ဒါဝိဒ် ပုန်း​နေတဲ့​နေရာ တော​ထဲ​ကို ယောနသန် ထွက်သွားတယ်။ အချိန်းအချက် လုပ်​ထားတဲ့​အတိုင်း မြား​ပစ်​ပြီး ရှောလု သတ်ချင်​နေတုန်း​ဆိုတာ ဒါဝိဒ်​ကို အသိ​ပေးတယ်။ အဲဒီနောက် ယောနသန်​က နောက်လိုက်​ကောင်လေး​ကို မြို့ထဲ ပြန်​ခိုင်း​လိုက်တယ်။ ဒါဝိဒ်​နဲ့ ခဏတစ်ဖြုတ် စကား​ပြောပြီး နှစ်ယောက်​သား ငိုကြွေး​ကြတယ်။ ဒုက္ခသည်​ဘဝနဲ့ မိတ်ဆွေ​လေး ဒါဝိဒ် ထွက်သွားတာကို စိတ်မကောင်း​စွာ ကြည့်ရင်း ကျန်ခဲ့တယ်။​—၁ ရှမွေလ ၂၀:၃၅-၄၂

ယောနသန်ဟာ ကိုယ်ကျိုး​မငဲ့ဘဲ သစ္စာ​စောင့်သိကြောင်း ပြခဲ့တယ်။ သစ္စာ​ရှိသူ မှန်သမျှ​ရဲ့ ရန်သူကြီး စာတန်​ကတော့ ယောနသန် ဖခင်​ခြေရာ နင်း​ပြီး ကိုယ်ကျိုး​အတွက် အာဏာ ရယူ​တာ၊ ဂုဏ်​သတင်း ကျော်ကြား​အောင် လုပ်တာကို မြင်​ချင်မှာပဲ။ စာတန်ဟာ လူတွေရဲ့ တစ်ကိုယ်ကောင်းစိတ်​ကို အသုံးချ​တတ်​မှန်း ပြန်သတိရ​ပါ။ ပထမ​လူသား​မောင်နှံ အာဒံနဲ့ ဧဝတို့ကို အဲဒီနည်းနဲ့ အနိုင်ရ​ခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၆) ယောနသန်​အလှည့်ကျ​တော့ မအောင်မြင်​ဘူး။ စာတန် အတော့်​ကို စိတ်ပျက်​သွားမှာပဲ။ အဲဒီ​နည်း သုံးပြီး သင့်ကို စမ်းသပ်​လာ​ရင် တွန်းလှန်နိုင်​မလား။ တစ်ကိုယ်ကောင်းစိတ် ပျံ့နှံ့နေ​ချိန်မှာ ကျွန်တော်တို့ အသက်​ရှင်​နေကြတယ်။ (၂ တိမောသေ ၃:၁-၅) ကိုယ်ကျိုး​မငဲ့ဘဲ သစ္စာ​စောင့်သိ​ခဲ့​တဲ့ ယောနသန်ရဲ့ စံနမူနာ​ကနေ ကျွန်တော်တို့ သင်ယူ​ကြ​မလား။

သစ္စာရှိ​မိတ်ဆွေ​တစ်ယောက်​အနေနဲ့ ဒါဝိဒ် အန္တရာယ် မကျရောက်​စေဖို့ ယောနသန် အသိ​ပေးတယ်

“အစ်ကို့​ကို ကျွန်တော် သိပ်​ချစ်တယ်”

ရှောလု​ကတော့ ဒါဝိဒ်​ကို ခါးခါးသီးသီး မုန်း​နေတယ်။ အပြစ်မဲ့​သူ​တစ်ယောက်ကို သတ်ဖို့ စစ်သည်တွေ စုရုံး​ပြီး တောနင်း​ရှာ​နေတဲ့၊ အရူး​တစ်ယောက်လို ဖြစ်နေတဲ့ ခမည်းတော်ကို ယောနသန် ဒီအတိုင်းပဲ ကြည့်နေ​ရတယ်။ (၁ ရှမွေလ ၂၄:၁၊ ၂၊ ၁၂-၁၅။ ၂၆:၂၀) ယောနသန်​ကော အလိုတူ​အလိုပါ ဖြစ်ခဲ့​သလား။ အဲဒီ​ရှာဖွေမှု​တွေ​မှာ ယောနသန် ပါဝင်​ပတ်သက်​ခဲ့​ကြောင်း ကျမ်းစာမှာ မဖော်​ပြ​ထားတာ စိတ်ဝင်စားစရာ​ပဲ။ ယေဟောဝါကို​ရော ဒါဝိဒ်​ကို​ပါ သစ္စာစောင့်သိ​သူ၊ မိတ်ဆွေ​တွေ​အဖြစ် ကတိသစ္စာ​ပြု​ထားသူ ယောနသန်​အနေနဲ့ ရှာဖွေမှုမှာ ပါဝင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

မိတ်ဆွေ​လေး​အပေါ် ယောနသန် သဘောထား ပြောင်းလဲ​မသွား​ပါဘူး။ နောက်ပိုင်းမှာ ဒါဝိဒ်​နဲ့ ပြန်ဆုံ​ဖို့ အခွင့်အလမ်း ပေါ်လာတယ်။ “တောအုပ်” လို့ အဓိပ္ပာယ်​ရတဲ့ ဟောရရှ​အရပ်မှာ​ပေါ့။ ဟေဗြုန်​မြို့ အရှေ့​တောင်ပိုင်း​နဲ့ မိုင်​အနည်းငယ် ဝေး​တဲ့ တောရိုင်း​မြေ​ရိုင်း​ဒေသ ဖြစ်တယ်။ ဝရမ်းပြေး​တစ်ယောက်ကို ယောနသန် ဘာကြောင့် သက်စွန့်​ကြိုးပမ်း သွား​တွေ့ရတာ​လဲ။ ဒါဝိဒ်​ဆီ သွားပြီး “ယေဟောဝါကို ယုံကြည်​စိတ်ချဖို့ အားပေးတယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (၁ ရှမွေလ ၂၃:၁၆) ယောနသန် ဘယ်လို အားပေးခဲ့​သလဲ။

ယောနသန်​က “မကြောက်ပါနဲ့။ မင်းကို ခမည်းတော်​ရှောလု ရှာ​လို့ တွေ့​မှာ မဟုတ်ဘူး” လို့ အာမခံတယ်။ ဘာကြောင့် ဒီလို​အာမခံ​ရဲ​သလဲ။ ယေဟောဝါရဲ့ ကတိတော် ကျိန်းသေ ပြည့်စုံမယ်​ဆိုတာ ယောနသန် အခိုင်အမာ ယုံကြည်လို့​ပါပဲ။ “မင်းဟာ အစ္စရေး​ဘုရင် ဖြစ်လာမယ်” လို့​လည်း ပြောတယ်။ အစောပိုင်း​နှစ်တွေ​တုန်း​က ပရောဖက် ရှမွေလ အဲဒီအတိုင်း ပြောခဲ့ဖူး​တယ်။ အခုလည်း ယောနသန်​က ယေဟောဝါရဲ့ စကားတွေ ယုံကြည်​စိတ်ချ​ထိုက်​ကြောင်း ဒါဝိဒ်​ကို ပြန်​အမှတ်​ရစေတယ်။ ကိုယ်တိုင်ရဲ့ ရှေ့ရေး​ကို​ကော ယောနသန် ဘာ​ပြောသလဲ။ “ငါ​ကိုယ်တိုင် မင်းကို ထောက်ခံ​အားပေး​မယ်” တဲ့။ တကယ် စိတ်နှိမ့်ချသူ​ပါပဲ။ ကိုယ့်ထက် အသက် ၃၀ ငယ်​သူရဲ့ လက်အောက်မှာ အမှုထမ်း​ဖို့၊ ညာလက်ရုံး​အဖြစ် ထောက်ခံ​အားပေးဖို့ ကျေကျေနပ်နပ် လက်ခံ​ထားတယ်။ “ဒါကို ခမည်းတော်​လည်း သိထားတယ်” လို့ ပြော​သေးတယ်။ (၁ ရှမွေလ ၂၃:၁၇၊ ၁၈) ဘုရင် ဖြစ်ဖို့ ယေဟောဝါ ရွေးချယ်​ထားသူ​ကို မယှဉ်ပြိုင်​နိုင်မှန်း ရှောလု စိတ်ထဲ​က သိထားတယ်။

ဒါဝိဒ် လိုအပ်​ချိန်မှာ ယောနသန် အားပေး

အဲဒီ​တွေ့ဆုံမှု​ကို နောက်ပိုင်းမှာ ဒါဝိဒ် မကြာမကြာ ပြန်​အမှတ်​ရ​နေမှာ​ပဲ။ နောက်ဆုံး​အကြိမ် တွေ့​ဆုံရတာ​ကိုး။ ဒါဝိဒ်​ကို ထောက်ခံ​အားပေး​မယ်​ဆိုတဲ့ ယောနသန်ရဲ့ မျှော်လင့်ချက် ဖြစ်မလာ​နိုင်​တော့​တာ ဝမ်းနည်းစရာပါပဲ။

ယောနသန်ဟာ ခမည်းတော် ရှောလုမင်း​နဲ့​အတူ အစ္စရေးတွေရဲ့ ရန်သူ ဖိလိတိတွေကို တိုက်​တယ်။ ခမည်းတော် ဘယ်လို​အမှားတွေ ကျူးလွန်​ခဲ့​ပါစေ ယောနသန်​ကတော့ ယေဟောဝါကို အမှုထမ်း​ဖို့ ဦးစား​ထားတဲ့​အတွက် စိတ်​သန့်သန့်​နဲ့ တိုက်ပွဲဝင်​နိုင်ခဲ့တယ်။ အရင်​လို​ပဲ သတ္တိရှိရှိ၊ သစ္စာရှိ​ရှိ တိုက်ပွဲဝင်​ပေမဲ့ အစ္စရေး​တွေ​ဘက်က အခြေအနေ မကောင်း​ဘူး။ ရှောလု​ကတော့ နတ်ဆိုး​ပညာ လိုက်စား​တဲ့​အထိ မိုက်တွင်း​နက်​လာတယ်။ ဘုရား​ပညတ်​အရ သေဒဏ်​ခံထိုက်​တဲ့ ပြစ်မှု ဖြစ်လို့ ရှောလု​ကို ယေဟောဝါ ကောင်းချီး မပေးတော့ဘူး။ တိုက်ပွဲ​မှာ ယောနသန် အပါအဝင် ရှောလုရဲ့ သားတော် သုံးယောက် အသတ်ခံ​လိုက်ရတယ်။ ရှောလု​ကတော့ ဒဏ်ရာ​ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ​လိုက်တယ်။​—၁ ရှမွေလ ၂၈:၆-၁၄။ ၃၁:၂-၆

“မင်းဟာ အစ္စရေး​ဘုရင် ဖြစ်လာမယ်။ ငါ​ကိုယ်တိုင် မင်းကို ထောက်ခံ​အားပေး​မယ်” လို့ ယောနသန် ပြောတယ်။—၁ ရှမွေလ ၂၃:၁၇

ဒါဝိဒ် အကြီးအကျယ် ဝမ်းနည်းပူဆွေး​မိတယ်။ သဘောထားကြီး​သူ ဒါဝိဒ်ဟာ ကိုယ်​စိတ်​ဆင်းရဲ​အောင် ဒုက္ခ​အမျိုးမျိုး ပေးခဲ့တဲ့ ရှောလု​အတွက်​တောင် ဝမ်းနည်း​ကြေကွဲ​မိတယ်။ ရှောလု​နဲ့ ယောနသန်​အတွက် ငိုချင်း​တစ်ပုဒ် စပ်ဆို​တယ်။ ချစ်ခင်​ရတဲ့ မိတ်ဆွေ​လည်း ဖြစ်၊ အကြံဉာဏ်​ပေးသူ​လည်း ဖြစ်တဲ့ ယောနသန်​ကို ရည်စူး​ပြီး ဒါဝိဒ် ဒီလို​ထိထိမိမိ စပ်ဆို​ခဲ့တယ်။ “အစ်ကို​ယောနသန်၊ ကျွန်တော် ဝမ်းနည်းပူဆွေး​နေရ​ပြီ။ အစ်ကို့​ကို ကျွန်တော် သိပ်​ချစ်တယ်။ ကျွန်တော့်ကို ချစ်တဲ့ အစ်ကို့​မေတ္တာဟာ အမျိုးသမီးတွေရဲ့ မေတ္တာ​ထက် သာလွန်တယ်။”​—၂ ရှမွေလ ၁:၂၆

ဒါဝိဒ်ဟာ ယောနသန်​နဲ့ ကတိသစ္စာ​ပြု​ထားတာကို မမေ့ဘူး။ နောက်ပိုင်းမှာ ယောနသန်ရဲ့ ဒုက္ခိတ​သား မေဖိဗောရှက်​ကို ခေါ်ယူ​စောင့်ရှောက်​ထားတယ်။ (၂ ရှမွေလ ၉:၁-၁၃) ယောနသန်ရဲ့ သစ္စာ​စောင့်သိ​ခြင်း၊ ရိုးဖြောင့်​တဲ့​ဂုဏ်၊ အခက်အခဲ ရှိတာတောင် မိတ်ဆွေကောင်း ပီသ​ခြင်းတို့​ကနေ ဒါဝိဒ် အများကြီး သင်ယူ​ခဲ့တယ်။ ကျွန်တော်တို့​ကော သင်ယူ​ကြ​မလား။ ယောနသန်​လို မိတ်ဆွေမျိုး ရှာ​ကြ​မလား။ ကိုယ်တိုင်​ကော မိတ်ဆွေ​ပီသ​သူ ဖြစ်နိုင်​မလား။ ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်ခံ့​လာစေဖို့ မိတ်ဆွေတွေကို ကူညီ​ပေးမယ်​ဆိုရင်၊ ဘုရားကို သစ္စာ​စောင့်သိဖို့ ဦးစား​ထားမယ်​ဆိုရင်၊ ကိုယ်ကျိုး​မငဲ့ဘဲ သစ္စာစောင့်သိ​သူတွေ ဖြစ်မယ်ဆိုရင် ယောနသန်​လို မိတ်ဆွေမျိုး ဖြစ်ပါလိမ့်မယ်။ ယောနသန်ရဲ့ ယုံကြည်ခြင်းကို အတုယူ​သူတွေ ဖြစ်ပါလိမ့်မယ်။

^ အပိုဒ်၊ 7 ရှောလု နန်းတက်​ခါ​စ​အချိန်မှာ ယောနသန်​အကြောင်းကို ပထမဆုံး​အကြိမ် ကျမ်းစာ ဖော်ပြ​ထားတယ်။ တပ်မှူး ဖြစ်နေတဲ့ ယောနသန်ဟာ အနည်းဆုံး​တော့ အသက် ၂၀ ပြည့်​ပြီး​သူ ဖြစ်ရမယ်။ (တောလည်ရာ ၁:၃။ ၁ ရှမွေလ ၁၃:၂) ရှောလုဟာ နှစ်ပေါင်း ၄၀ အုပ်ချုပ်​ခဲ့လို့ ခမည်းတော် သေဆုံး​ချိန်မှာ ယောနသန် အသက် ၆၀ လောက် ရှိနေပြီ။ ဒါဝိဒ်ကတော့ အသက် ၃၀ ရှိပြီ။ (၁ ရှမွေလ ၃၁:၂။ ၂ ရှမွေလ ၅:၄) ဒါကြောင့် ယောနသန်ဟာ ဒါဝိဒ်​ထက် ၃၀ နှစ်လောက် ပို​ကြီး​မှန်း သိရတယ်။