မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသူတို့သည် ကောင်းချီးခံစားရကြ

ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသူတို့သည် ကောင်းချီးခံစားရကြ

ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​သူတို့သည် ကောင်းချီး​ခံစားရ​ကြ

‘အို​ယေဟောဝါ​ဘုရားသခင် . . . လူမျိုးအပေါင်း​တို့သည် ချဉ်းကပ်​လျက် ရှေ့တော်၌​ပျပ်ဝပ်​၍ နာမတော်​ကို​ချီးမြှောက်​ကြ​ပါ​လိမ့်​မည်။’—ဆာလံ ၈၆:၉

၁။ ကျွန်ုပ်​တို့သည် အဘယ်ကြောင့် သက်မဲ့​ဖန်ဆင်း​ရာ​များ​ထက်သာ​လွန်​စွာ ဘုရားသခင်​၏​ဘုန်းတော်​ကို ချီးမွမ်း​နိုင်​ကြ​သနည်း။

ယေဟောဝါ​သည် ဖန်ဆင်း​ရာ​အားလုံး​၏ ချီးမွမ်းမှု​ကို ရထိုက်​တော်​မူ​၏။ သက်မဲ့​ဖန်ဆင်း​ရာ​များ​က ကိုယ်တော်​အား အသံတိတ်​ချီးမွမ်း​နေကြ​သော်လည်း ကျွန်ုပ်​တို့​လူသားများ​မှာ​မူ ကျိုးကြောင်း​ဆင်ခြင်​နိုင်စွမ်း၊ နားလည်​နိုင်စွမ်း၊ ကျေးဇူး​တင်​နိုင်စွမ်း၊ ဝတ်ပြု​ကိုးကွယ်​နိုင်စွမ်း​ရှိကြသည်။ သို့​နှင့် ဆာလံဆရာ​က ကျွန်ုပ်​တို့ကို ဤသို့​ဆို​သည်– “မြေကြီးသား​အပေါင်း​တို့ ဘုရားသခင့်​ရှေ့တော်၌ ကျူးဧ​သော​အသံကို​ပြု​၍၊ နာမတော်​၏​ဂုဏ်​ကို သီချင်းဆို​ကြလော့။ ချီးမွမ်း​ခြင်း​၏​ဂုဏ်​အသရေ​ကို ပြ​ကြလော့။”—ဆာလံ ၆၆:၁၊ ၂

၂။ ဘုရားသခင်​၏​နာမတော်​ကို ချီးမွမ်း​ရန် မိန့်မှာချက်ကို မည်သူ​တို့​လိုက်နာ​ခဲ့​ကြပြီ​နည်း၊ အဘယ်ကြောင့်​နည်း။

လူသား​အများစု​သည် ဘုရားသခင်​အား အသိအမှတ်​မပြု၊ ဘုန်းတော်​ကို မ​ချီးမွမ်း​ကြ​ချေ။ သို့ရာတွင် နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​ရှိ ယေဟောဝါသက်သေ ခြောက်​သန်း​ကျော်​သည် ကိုယ်တော်​၏​ဖန်ဆင်း​ရာ​များ​၌ ဘုရားသခင်​၏ “မျက်မြင်မရ​သော​ဂုဏ်အင်္ဂါ​များ” တွေ့ မြင်ကြ​ကြောင်း​နှင့် ဖန်ဆင်း​ရာ​များ​၏ အသံတိတ်​သက်သေခံချက်​ကို “ကြား” နေကြ​ရ​ကြောင်း ဖော်ပြ​ကြသည်။ (ရောမ ၁:၂၀ခေတ်သုံး; ဆာလံ ၁၉:၂၊ ၃) သူတို့သည် သမ္မာကျမ်းစာ​ကို လေ့လာခြင်း​ဖြင့်​လည်း ယေဟောဝါ​အား သိကျွမ်း​လာကြပြီး ချစ်​မြတ်နိုး​လာ​ကြ​၏။ ဆာလံ ၈၆:၉၊ ၁၀ တွင် ဤသို့​တင်ကြို​ဖော်ပြ​ထား​သည်– “အို​ထာဝရ​ဘုရား[သခင်]၊ ဖန်ဆင်း​တော်​မူ​သော​လူမျိုးအပေါင်း​တို့သည် ချဉ်းကပ်​လျက် ရှေ့တော်၌​ပျပ်ဝပ်​၍ နာမတော်​ကို​ချီးမြှောက်​ကြ​ပါ​လိမ့်​မည်။ ကိုယ်တော်​သည်​ကြီးမြတ်​၍ အံ့သြဖွယ်​တို့ကို​ပြု​တော်​မူ​၏။ ကိုယ်တော်​တစ်ပါး​တည်း​သာ​လျှင် ဘုရားသခင်​ဖြစ်​တော်​မူ​၏။”

၃။ “လူအုပ်ကြီး” သည် “နေ့​ည​မပြတ်” မည်သို့​အမှုဆောင်​ကြ​သနည်း။

‘ဝတ်ပြုရာ​အိမ်တော်၌ ဘုရားသခင်​ဝတ်​ကို နေ့​ည​မပြတ်​ပြု’ နေကြ​သည့် “လူအုပ်ကြီး” အကြောင်းကို ဗျာ. ၇:၉၊ ၁၅ က အလားတူ ဖော်ပြ​ထား​သည်။ ဘုရားသခင်​သည် မိမိ၏​ကျေးကျွန်​များ​အား မနားတမ်း​ချီးမွမ်း​ကြ​ရန် စာသား​အတိုင်း တောင်းဆိုခြင်း​မဟုတ်ပါ၊ သို့သော် ကိုယ်တော်​အား​ဝတ်ပြုသူ​များသည် ကမ္ဘာချီ​အဖွဲ့အစည်း​တစ်ခု​ဖြစ်သည်။ ထို့​ကြောင့် တချို့​နိုင်ငံ​ဒေသ​များ​တွင် ည​အချိန်​ဖြစ်သည့်​အခါ ကမ္ဘာ့​တစ်ဖက်​ခြမ်း​မှ ဘုရားသခင်​၏​ကျေးကျွန်​များသည် သက်သေခံခြင်း​လုပ်ငန်း​၌ အလုပ်များ​နေကြ၏။ ထို့​ကြောင့် ယေဟောဝါ​အား ချီးမွမ်း​နေသူတို့​အပေါ် ဘယ်တော့​မျှ​နေ​မဝင်​ဟု ဆိုနိုင်​ပါ​သည်။ မကြာမီ “အသက်​ရှိသောသူ​အပေါင်းတို့သည်” အသံလွှင့်​၍ ယေဟောဝါ​အား ချီးမွမ်း​ကြ​ပါ​လိမ့်​မည်။ (ဆာလံ ၁၅၀:၆) သို့သော် ဤ​အချိန်​အတောအတွင်း ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ဘုရားသခင်​၏ ဘုန်းတော်​ကို မည်သို့​ထင်ရှားစေ​နိုင်​သနည်း။ အဘယ်​စိန်ခေါ်ချက်​များ​ကို ရင်ဆိုင်​ကြ​ရမည်​နည်း။ ဘုရားသခင့်​ဘုန်းတော်​ကို ထင်ရှားစေ​သူတို့​အတွက် အဘယ်​ကောင်းချီး​များ​ရှိ​သနည်း။ အဖြေ​ရ​ရန် ဣသရေလ​လူမျိုး​ဖြစ်သော ဂဒ်​အနွယ်​အကြောင်း ကျမ်းစာ​မှ​မှတ်တမ်း​တစ်ခု​ကို သုံးသပ်ကြည့်​ကြပါစို့။

ရှေးခေတ်​က စိန်ခေါ်ချက်​တစ်ခု

၄။ ဂဒ်​မျိုးနွယ်​သည် အဘယ်​စိန်ခေါ်ချက်​ကို ရင်ဆိုင်ခဲ့​ရသနည်း။

ကတိထားရာပြည်​ထဲ မဝင်​မီ ဣသရေလ​လူမျိုး​မှ ဂဒ်​အမျိုးသားများသည် တိရစ္ဆာန်​အတွက်​စားကျက်​ကောင်းသော ယော်ဒန်​မြစ်​အရှေ့ပိုင်း​၌ အခြေချ​နေထိုင်ခွင့်​ပေး​ရန် တောင်းဆို​ခဲ့​ကြသည်။ (တောလည်ရာ ၃၂:၁-၅) ထို​ဒေသ​တွင် အခြေချ​နေထိုင်ရန် ဆိုးရွား​သော​စိန်ခေါ်ချက်​များ​ကို ရင်ဆိုင်​ကြ​ရ​လိမ့်​မည်။ ယော်ဒန်​မြစ်​အနောက်ဘက်ခြမ်း​ရှိ မျိုးနွယ်များ​သည် ရန်သူများ​မှ သဘာဝ​အရံ​အတား​ဖြစ်သော ယော်ဒန်​ချိုင့်ဝှမ်း​ရှိ၏။ (ယောရှု ၃:၁၃-၁၇) သို့ရာတွင် ယော်ဒန်​မြစ်​အရှေ့ပိုင်း​မှ ဒေသ​များနှင့်​ပတ်သက်​၍ ဂျော့ဂျ် အယ်​ဒမ်​စ​မ​စ်သ်​၏ သန့်ရှင်းသော​မြေ​၏ သမိုင်းဝင်​ပထဝီဝင်​စာအုပ်​က ဤသို့​ဆို​သည်– “ထို​နယ်မြေ​သည် အာရေဗျ​ကုန်းပြင်မြင့်​ကြီး​ပေါ်​တွင် အရံ​အတား​မရှိ ပြန့်ပြူး​သည့်​ဒေသ​ဖြစ်၏။ ထို့​ကြောင့် ၎င်း​ဒေသ​၌​နေထိုင်သူ​များသည် ရေ​ကြည်​ရာ​မြက်​နု​ရာ လှည့်လည်​သွားလာ​နေထိုင်သူ​တို့၏ ကျူးကျော်မှု​ကို ခေတ်​အဆက်ဆက်​ခံရ​ပြီး နှစ်​တိုင်း​လို​လို စားကျက်​လု​ခံရ​ကြသည်။”

၅။ တိုက်ခိုက်​ခံရ​သည့်​အခါ မည်သို့​တုံ့ပြန်​ရန် ယာကုပ်​က ဂဒ်​မျိုးနွယ်များ​ကို အားပေးခဲ့​သနည်း။

ဂဒ်​မျိုးနွယ်​သည် ထိုသို့​အမြဲ​ဖိအား​ပေး​ခံရ​သည့်​အတွက် သူတို့​အခြေအနေ မည်သို့​ရှိ​သနည်း။ ရာစုနှစ်များစွာ​က ၎င်းတို့၏​ဘိုးဘေး​ဖြစ်သူ ယာကုပ် မသေဆုံးမီ​လေး​တွင် ဤသို့​ကြိုတင်​ပရောဖက်ပြု​ခဲ့​သည်– “ဂဒ်​မှာ​မူ တပ်သား​တို့သည် သူ့ကို​တိုက်ခိုက်​လုယက်​လိမ့်​မည်။ သူ​မူ​ကား နောက်က​လိုက်၍ ပြန်​တိုက်​လိမ့်​မည်။” (ကမ္ဘာဦး ၄၉:၁၉သမ္မာ) အပေါ်ယံ​ကြည့်​လျှင် ယင်း​စကား​များသည် စိတ်ပျက်ဖွယ်​ဖြစ်ပုံရ​၏။ အမှန်​မှာ ဂဒ်​အမျိုးသားများ​အား ပြန်​တိုက်ခိုက်​ဖို့ မိန့်မှာ​နေခြင်း​ဖြစ်၏။ ထိုသို့​ပြန်​တိုက်ခိုက်​သည့်​အခါ ကျူးကျော်သူ​များသည် အရှက်တကွဲ​ထွက်ပြေး​နေကြ​စဉ် ဂဒ်​အမျိုးသားများ သူတို့​နောက် လိုက်​တိုက်​လိမ့်​မည်​ဟု ယာကုပ် အခိုင်အမာ​ပြော​ခဲ့​သည်။

မျက်မှောက်ခေတ်​၌ ကျွန်ုပ်​တို့၏​ဝတ်ပြုရေး​အတွက် စိန်ခေါ်ချက်​များ

၆၊ ၇။ မျက်မှောက်ခေတ် ခရစ်ယာန်​များ​၏​အခြေအနေ​သည် ဂဒ်​မျိုးနွယ်​၏​အခြေအနေ​နှင့် မည်သို့​ဆင်တူ​သနည်း။

ဂဒ်​မျိုးနွယ်​ကဲ့သို့​ပင် မျက်မှောက်ခေတ်​ခရစ်ယာန်​များသည်​လည်း စာတန့်​စနစ်​၏ ဖိအားပေး​မှုများ​ကို​ကြုံနေ​ကြ​ရပြီး ဝန်ထုပ်ဝန်ပိုး​များ ထမ်း​နေကြ​ရသည်; ယင်း​တို့ကို​ဆိုင်ပြိုင်​တွန်းလှန်​ရန် ကျွန်ုပ်​တို့ကို အံ့ဖွယ်​နည်းဖြင့်​ကာကွယ်​ပေး​သည့်​အရာ အဘယ်အရာမျှ​မရှိ​ချေ။ (ယောဘ ၁:၁၀-၁၂) ကျွန်ုပ်​တို့​အများစု​သည် ကျောင်းတက်​ရခြင်း၊ ဝမ်းစာရှာ​ရခြင်း၊ သားသမီး​မွေးမြူခြင်း​နှင့်​ဆိုင်သော ဖိအားပေး​မှုများ​ကို ရင်ဆိုင်​နေကြ​ရမည်။ ကိုယ်ရေးကိုယ်တာ၊ သို့​မဟုတ် အတွင်းစိတ်​၏ ဖိအားပေး​မှုများ​ကိုလည်း ထည့်တွက်​ရဦး​မည်။ တချို့​ဆိုလျှင် ကိုယ်​အင်္ဂါ​ချို့တဲ့မှု​တစ်မျိုး​မျိုး၊ ဖျားနာ​မှု​တစ်ခုခု​ကြောင့် “ကိုယ်​၌​စူးသော​ဆူး” ဒဏ်​ကို ခံ​နေကြ​ရမည်။ (၂ ကောရိန္သု ၁၂:၇-၁၀) အခြားသူများ​မှာ​မူ မိမိသည် တန်ဖိုး​မရှိ​ဟူ​သည့် ခံစားချက်​မျိုး ရှိနေ​ပေမည်။ အိုမင်း​မှု​၏ “ဆိုးသော​ကာလ” ရောက်လာ​သောကြောင့် ယေဟောဝါ​၏​အမှုတော်ကို တစ်ချိန်က အားကြိုးမာန်တက် ထမ်းဆောင်​နိုင်​ခဲ့​သလော​က် မ​ထမ်းဆောင်​နိုင်​တော့​ဘဲ​ဖြစ်​ပေမည်။—ဒေ. ၁၂:၁

“ငါ​တို့သည် . . . မိုးကောင်းကင်​၌​နေသော နတ်ဆိုး​တို့​နှင့် . . . ဆိုင်ပြိုင်​တိုက်လှန်​ရ​ကြ​၏” ဟု​တမန်​တော်​ပေါလု သတိပေး​ထား​သေး​သည်။ (ဧဖက် ၆:၁၂) စာတန်​နှင့် နတ်ဆိုး​များ မြေ​တောင်​မြှောက်​ပေး​သည့် “လောက​ဝိညာဉ်၊” ပုန်ကန်​လို​သည့်​စိတ်​နှင့် အကျင့်​ယိုယွင်းမှု​တို့ကို ကျွန်ုပ်​တို့ မပြတ်​တမ်း​တွေ့ကြုံ​ရင်ဆိုင်​နေကြ​ရသည်။ (၁ ကောရိန္သု ၂:၁၂; ဧဖက် ၂:၂၊ ၃) ဘုရားသခင်​ကို ကြောက်ရွံ့​သည့် လောတ​ကဲ့သို့ ကျွန်ုပ်​တို့​ပတ်ဝန်းကျင်​ရှိ လူ​တို့​ပြောဆို​လုပ်ဆောင်နေ​ကြ​သည့် ယုတ်ညံ့​သော​အမှု​များ​ကြောင့် စိတ်​ဆင်းရဲ​နေရ​ကြ​ပေမည်။ (၂ ပေတရု ၂:၇) ထို့​အပြင် စာတန်​၏​တိုက်ရိုက်​တိုက်ခိုက်မှု​ကိုလည်း ခံ​နေကြ​ရသည်။ စာတန်​သည် “ဘုရားသခင်​၏​ပညတ်တော်​တို့ကို ကျင့်​၍၊ ယေရှု၏​သက်သေခံ​တော်​မူ​ချက်​ကို​စွဲလမ်း​သော” ဝိညာဉ်​တော်​ဖွား​အကြွင်းအကျန်​ကို မီးကုန်ယမ်းကုန်​တိုက်ခိုက်​နေ​၏။ (ဗျာ. ၁၂:၁၇) ယေရှု၏ “အခြားသိုး” သည်လည်း ပိတ်ပင်​မှု​နှင့် ညှဉ်းပန်း​နှိပ်စက်မှု​အသွင်​ဖြင့် စာတန်​၏​တိုက်ခိုက်မှု​ကို ခံ​နေကြ​ရသည်။—ယောဟန် ၁၀:၁၆

အလျှော့ပေး​မည်​လော၊ ပြန်​တိုက်​မည်​လော

၈။ စာတန်​၏​တိုက်ခိုက်မှု​များ​ကို မည်သို့​တုံ့ပြန်​သင့်​သနည်း၊ အဘယ်ကြောင့်​နည်း။

စာတန်​၏​တိုက်ခိုက်မှု​များ​ကို ကျွန်ုပ်​တို့​မည်သို့​တုံ့ပြန်​သင့်​သနည်း။ ရှေးခေတ်​ဂဒ်​မျိုးနွယ်​ကဲ့သို့ ကျွန်ုပ်​တို့သည် ဝိညာဉ်ရေးတွင် သန်မာ​ပြီး ဘုရားသခင်​၏​လမ်းညွှန်ချက်များ​နှင့်​အညီ ပြန်​တိုက်​ကြ​ရမည်။ ဝမ်းနည်းစရာ​ကား တချို့​သည် မိမိတို့၏​ဝိညာဉ်​ရေး​တာဝန်​များ​ကို လျစ်လျူရှု​ကာ ဖိအားပေး​မှုများ​ကို အလျှော့ပေး​စ​ပြု​လာကြပြီ​ဖြစ်သည်။ (မဿဲ ၁၃:၂၀-၂၂) သက်သေခံ​တစ်ဦး​က သူ၏​အသင်းတော်တွင် အစည်းအဝေး​တက်ရောက်သူ​အရေအတွက် လျော့​သွားခြင်း​နှင့်​ပတ်သက်​၍ ဤသို့​ဆို​သည်– “ညီအစ်ကို​တွေ မော​နေကြပြီ။ သူတို့ ဖိအားပေး​မှု​ဒဏ် မခံနိုင်​ကြ​တော့​ဘူး။” မှန်ပါသည်၊ ယနေ့​လူ​တို့ မောပန်း​နွမ်းလျ​စ​ရာ​အကြောင်း များစွာ​ရှိ၏။ ထို့​ကြောင့် ဘုရားသခင်​၏​ဝတ်ပြုရေးကို ဝန်လေး၍​ပင်ပန်း​စ​ရာ၊ ဖိအားပေး​မှု​တစ်ခု​အဖြစ်​ယူမှတ်​ရန် လွယ်ကူ​လာ​ပေ​သည်။ သို့သော် ယင်းသည် ကောင်းမွန်သော၊ မှန်ကန်သော သဘောထား​လော။

၉။ ခရစ်တော်​၏​ထမ်းပိုး​ကို ထမ်း​ခြင်း​သည် မည်သို့​လန်းဆန်းမှု​ဖြစ်စေ​သနည်း။

ဘဝ၏​ဖိစီးမှုများ​ကြောင့် အလားတူ​နွမ်းလျ​နေကြ​သည့် မိမိ​ခေတ်​မှ​လူအုပ်​အား ယေရှု​မိန့်ဆိုခဲ့​သည့်​စကား​ကို သုံးသပ်ကြည့်​ပါ– “ဝန်လေး၍​ပင်ပန်း​သော​သူအပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည်​ချမ်းသာပေး​မည်။” ဘုရားသခင့်​အမှုတော်​ဆောင်ခြင်း​ကို လျှော့​လိုက်ခြင်း​အားဖြင့် လန်းဆန်းမှု​ရမည်ဟု ယေရှု​ဆို​ခဲ့​ပါသလော။ ထိုသို့​ဆို​မည့်​အစား ယေရှု​က “ငါ့​ထမ်းပိုး​ကို​တင်၍​ထမ်း​ကြလော့။ ငါ့ထံ၌​နည်းခံ​ကြလော့။ ငါသည် နူးညံ့​သိမ်မွေ့​နှိမ့်ချသော စိတ်သဘော​ရှိ၏။ သင်တို့​စိတ်နှလုံး​သည် သက်သာခြင်း​ကို​ရ​လိမ့်​မည်” ဟု မိန့်တော်မူ​ခဲ့​သည်။ ထမ်းပိုး​ဟူသည် လေးလံ​သော​ဝန်ထုပ်​တစ်ခု​ကို လူတစ်ဦး သို့​မဟုတ် တိရစ္ဆာန်​တစ်ကောင်​အား ထမ်း​နိုင်​စေသည့် သစ်သား သို့​မဟုတ် သံ​ဘောင်​တစ်ခု​ဖြစ်သည်။ သို့​ဆိုလျှင် အဆိုပါ​ထမ်းပိုး​မျိုးကို အဘယ်ကြောင့် ထမ်း​လို​မည်​နည်း။ ကျွန်ုပ်​တို့ “ဝန်​လေး” ပြီး​ဖြစ်နေ​ကြပြီ​မဟုတ်လော။ မှန်ပါသည်၊ သို့သော် ဂရိ​ဘာသာ​ဖြင့် ဤသို့​လည်း​ဖတ်​နိုင်​သည်– “ငါ​၏​ထမ်းပိုး​ကို ငါ​နှင့်အတူ ထမ်း​ကြလော့။” စဉ်းစား​ကြည့်​ပါ– ကျွန်ုပ်​တို့၏​ဝန်ကို ကူ​ထမ်း​မည်​ဟု ယေရှု​ပြောဆို​နေ​လေ​ပြီ! ကိုယ့်​ခွန်အား​ဖြင့် ကိုယ်​ထမ်း​စ​ရာ​မလို​ချေ။—မဿဲ ၉:၃၆; ၁၁:၂၈၊ ၂၉၊ အောက်ခြေမှတ်ချက်; ၂ ကောရိန္သု ၄:၇

၁၀။ ဘုရားသခင်​၏​ဘုန်းတော် ထင်ရှား​စေရန် ကျွန်ုပ်​တို့​ကြိုးစား​အားထုတ်မှု​မှ အဘယ်​အကျိုး​ရလဒ်များ ရရှိ​သနည်း။

၁၀ တပည့်ဖြစ်​ခြင်း​ထမ်းပိုး​ကို ကျွန်ုပ်​တို့​ထမ်းရွက်​လိုက်​သည်​နှင့် စာတန်​ကို ကျွန်ုပ်​တို့​တိုက်ခိုက်​ကြ​ရတော့​သည်။ “[စာတန်]ကို​ဆီးတား​ကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့​ထံ​က​ပြေး​သွား​လိမ့်​မည်” ဟု​ယာကုပ် ၄:၇ တွင်​ကတိပြု​ထား​သည်။ ထိုသို့​ပြုခြင်း​သည် လွယ်ကူ​မည်​မဟုတ်ပါ။ ဘုရားသခင်​၏​အမှုတော်ထမ်း​ခြင်း​တွင် အတော်အတန်​ကြိုးစား​အားထုတ်မှု​ရှိဖို့လို​သည်။ (လုကာ ၁၃:၂၄) သို့သော် ဆာလံ ၁၂၆:၅ တွင် ဤသို့​ကတိပြု​ထား​သည်– “မျက်ရည်ကျ​လျက် မျိုးစေ့ကြဲ​သော​သူတို့သည် ရွှင်လန်း​လျက် စပါး​ရိတ်​ကြလိမ့်မည်။” မှန်ပါသည်၊ ကျေးဇူး​မတင်​တတ်သော ဘုရားသခင်​အား ကျွန်ုပ်​တို့​ဝတ်ပြု​နေကြ​သည်မဟုတ်။ ကိုယ်တော်​သည် “ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ” ပြီး ကိုယ်တော်​၏​ဘုန်းတော်​ကို ထင်ရှားစေ​သူတို့အား ကောင်းချီး​ပေး​တော်​မူ​၏။—ဟေဗြဲ ၁၁:၆

ဘုရားသခင့်​နိုင်ငံတော် ဟောပြောသူများ​အဖြစ် ဘုရားသခင်​အား ဂုဏ်တင်​ချီးမွမ်း​ခြင်း

၁၁။ လယ်ကွင်း​ဓမ္မ​အမှုသည် စာတန့်​တိုက်ခိုက်မှု​များ​မှ မည်သို့​ကာကွယ်​ပေး​သနည်း။

၁၁ ယေရှု​က “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို​ငါ့​တပည့်​ဖြစ်စေ . . . ကြလော့” ဟု​မိန့်မှာ​ခဲ့​သည်။ ဟောပြောခြင်း​လုပ်ငန်း​သည် “ချီးမွမ်း​ခြင်း​ယဇ်” ကို​ဘုရားသခင်​ထံ ပူဇော်​သည့် အဓိက​နည်းလမ်း​ဖြစ်သည်။ (မဿဲ ၂၈:၁၉; ဟေဗြဲ ၁၃:၁၅) “ငြိမ်သက်ခြင်း​နှင့်ယှဉ်သော​ဧဝံဂေလိတရား​ကို ဟောပြော​အံ့​သော​ငှာ ပြင်ဆင်​သော​အဖြစ်​တည်း​ဟူသော ခြေစွပ်​ကို​စွပ်” ထားခြင်း​သည် စာတန်​၏​တိုက်ခိုက်မှု​များ​ကို ခုခံ​ကာကွယ်​ရာ​တွင် မရှိမဖြစ်​ဝတ်ဆင်​ထား​ရသော “လက်နက်စုံ” တွင်​ပါဝင်​သည်။ (ဧဖက် ၆:၁၁-၁၅) လယ်ကွင်း​ဓမ္မ​အမှု​တွင် ဘုရားသခင်​အား ချီးမွမ်း​ခြင်း​သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ဖြည့်တင်း​ပေး​သည့် နည်းလမ်း​ကောင်း​တစ်ခု​ဖြစ်၏။ (၂ ကောရိန္သု ၄:၁၃) သို့​ပြုခြင်း​ဖြင့် အပျက်သဘောထား​များ မရှိစေရန် ကူညီ​ပေး​သည်။ (ဖိလိပ္ပိ ၄:၈) လယ်ကွင်း​ဓမ္မ​အမှု​တွင် ပါဝင်ခြင်း​ဖြင့် ဝတ်ပြုသူချင်း​များနှင့် ဆောက်​တည်​မှု​ရှိ​ရှိ​ပေါင်းသင်း​စေ​သည်။

၁၂၊ ၁၃။ လယ်ကွင်း​ဓမ္မ​အမှု​တွင် မှန်မှန်​ပါဝင်ခြင်း​သည် မိသားစု​များ​ကို မည်သို့​အကျိုးပြု​နိုင်​သနည်း။ ဖော်ပြ​ပါ။

၁၂ ဟောပြောခြင်း​လုပ်ငန်း​သည် မိသားစု​လိုက် ဆောင်ရွက်​နိုင်သော အကျိုးပြု​လုပ်ငန်း​တစ်ခု​လည်း ဖြစ်​နိုင်​သည်။ လူငယ်များသည် ဟန်ချက်ညီ​သည့် အပန်းဖြေမှု​လိုအပ်​သည်​မှာ မှန်ပါသည်။ သို့ရာတွင် လယ်ကွင်း​ဓမ္မ​အမှု၌ မိသားစု​လိုက်ပါ​ဝင်​ခြင်း​သည် ငြီးငွေ့စရာ​အလုပ်​တစ်ခု ဖြစ်စရာ​မလိုပါ။ မိဘများသည် သားသမီး​များ​အား ခရစ်ယာန်​ဓမ္မ​အမှု​တွင် ထိထိရောက်ရောက်​ဟောပြော​တတ်​သူများ ဖြစ်လာ​စေရန် လေ့ကျင့်​ပေးခြင်း​ဖြင့် ယင်း​လုပ်ငန်း​ကို ပို​၍​ပျော်ရွှင်စရာ​ဖြစ်စေ​နိုင်​သည်။ လူငယ်များသည် မိမိတို့​ကောင်းစွာ​လုပ်ကိုင်​နိုင်​သည့် အလုပ်​မှ ပျော်ရွှင်မှု​ရ​တတ်ကြ​သည်မဟုတ်​လော။ မိဘများသည် လူငယ်များ​ထံ​မှ သူတို့​တတ်နိုင်​သည်ထက် မတောင်းဆို​ဘဲ မျှတ​သည့်​သဘော​ပြ​ခြင်း​ဖြင့် ဓမ္မ​အမှု​တွင် သူတို့ကို​ရွှင်လန်းမှု​ရရှိ​စေနိုင်​သည်။—ကမ္ဘာဦး ၃၃:၁၃၊ ၁၄

၁၃ ထို့​အပြင် ဘုရားသခင်​ကို အတူတကွ ချီးမွမ်း​သည့်​မိသားစု​သည် ရင်းနှီးမှု​နှောင်ကြိုး​ကို​ဖြစ်စေ​သည်။ မယုံကြည်​သူ​ခင်ပွန်း​သည်​က စွန့်ပစ်​ထား​၍ သားသမီး​ငါး​ဦး​နှင့် ကျန်ရစ်​ခဲ့​သူ ညီအစ်မ​တစ်ဦး​ကို သုံးသပ်ကြည့်​ပါ။ သူသည် သားသမီး​များ​ကို ကျွေးမွေး​ပြုစု​ရန် အလုပ်ဝင်​လုပ်ခဲ့​ရသည်။ သားသမီး​များ​၏​ဝိညာဉ်​ရေး​ကို လျစ်လျူရှု​သည့်​အထိ သူ​အလုပ်များ​လွန်း​ခဲ့​သလော။ သူ ဤသို့​ပြန်​ပြောပြ​သည်– “ကျမ်းစာ​နဲ့ ကျမ်းစာ​စာပေ​တွေ​ကို ဝီရိယ​ရှိ​ရှိ ကျွန်မ​လေ့လာ​ပြီး ဖတ်​ခဲ့​သမျှ​ကို လက်တွေ့​ကျင့်သုံး​ဖို့ ကြိုးစား​ခဲ့​တယ်။ သားသမီးတွေကို အစည်းအဝေးတွေနဲ့ တစ်အိမ်​မှ​တစ်အိမ်​ဓမ္မ​အမှုမှာ​ပါဝင်​ဖို့ မှန်မှန်​ခေါ်​သွားတယ်။ ကျွန်မ​ကြိုးစား​ခဲ့​တဲ့​ရလဒ်​က ဘာလဲ။ သားသမီး​ငါး​ယောက်​စ​လုံး နှစ်ခြင်း​ခံ​ပြီး​ကြပြီ။” ဓမ္မ​အမှု​တွင် အပြည့်အဝ​ပါဝင်ခြင်း​က သင့်​သားသမီး​များ​ကို ‘ယေဟောဝါ​၏​အလိုတော်နှင့်​အညီ ဆုံးမ​သွန်သင်’ ရန် သင့်​ကြိုးစား​အားထုတ်မှု​များ​ကို ထောက်ကူ​ပေး​ပါ​လိမ့်​မည်။—ဧဖက် ၆:၄

၁၄။ (က) လူငယ်များသည် ကျောင်းတွင် ဘုရားသခင်​၏​ဘုန်းတော်​ကို မည်သို့​ထင်ရှားစေ​နိုင်​သနည်း။ (ခ) ‘သတင်းကောင်း​ကြောင့် ရှက်ကြောက်ခြင်း’ မရှိစေရန် လူငယ်များ​ကို အဘယ်အရာက ကူညီ​ပေး​နိုင်​သနည်း။

၁၄ လူငယ်တို့၊ ဥပဒေက ခွင့်ပြု​သည့်​တိုင်းပြည်​တွင် သင်တို့​နေထိုင်​သည်​ဆိုလျှင် ကျောင်းတွင် သက်သေခံခြင်း​အားဖြင့် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​သလော၊ သို့​မဟုတ် လူကို​ကြောက်စိတ်​က သင့်ကို ဟန့်တား​သလော။ (သု. ၂၉:၂၅) ပွာတီရီကို​မှ ၁၃ နှစ်အရွယ် သက်သေခံ​တစ်ဦး​က ဤသို့​စာရေး​သည်– “ဒါဟာ အမှန်တရား​ပဲ​လို့ သိထားတဲ့​အတွက် ကျောင်း​မှာ ဟောပြောဖို့​မရှက်​ဘူး။ အတန်း​ထဲမှာ လက်ထောင်​ပြီး ကျမ်းစာ​ကနေ သိခဲ့​တာတွေကို အမြဲတမ်း​ပြောပြ​တယ်။ အားတဲ့အချိန်​မှာ စာကြည့်တိုက်​သွားပြီး လူငယ်များ​အမေး​စာအုပ်​ကို ကျွန်မ​ဖတ်​တယ်။” * သူ၏​ကြိုးစား​မှု​ကို ယေဟောဝါ ကောင်းချီး​ပေး​ခဲ့​သလော။ သူ ဤသို့​ပြောပြ​၏– “တစ်ခါ​တ​လေ ကျွန်မ​ရဲ့​အတန်းဖော်​တွေ​က မေးခွန်းတွေ​မေးကြတယ်၊ စာအုပ်​တောင် တောင်း​ကြည့်​တယ်။” ဤသို့​မပြု​ဘဲ သင်​တွန့်ဆုတ်​နေ​မည်​ဆိုလျှင် သင်သည် ဝီရိယ​ရှိ​ရှိ ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်​ပြီး “ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ စုံလင်သော​အရာ​တည်း​ဟူသော ဘုရားသခင်​အလိုတော်” ကား အဘယ်အရာ​ဖြစ်​ကြောင်း အတိအကျ​သိရှိ​လာဖို့​လို​ပေမည်။ (ရောမ ၁၂:၂) သင်​သိရှိ​လာ​သည့်​အရာ​သည် အမှန်တရား​ပင်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​ပြီ​ဆိုလျှင် ‘သတင်းကောင်း​ကြောင့်’ ဘယ်တော့​မျှ “ရှက်ကြောက်” တော့​မည်​မဟုတ်​ချေ။—ရောမ ၁:၁၆

လုပ်ငန်းတော် ‘တံခါး’ တစ်ခု

၁၅၊ ၁၆။ အဘယ် ‘ကြီးစွာ​သော[လုပ်ငန်းတော်]တံခါး​ထဲ ခရစ်ယာန်​အချို့ ဝင်ရောက်​ခဲ့ပြီ​နည်း၊ အဘယ်​ကောင်းချီး​များ ခံစား​ခဲ့​ရပြီ​နည်း။

၁၅ တမန်​တော်​ပေါလု​က မိမိ​အတွက် “အလွန်​ကြီးစွာ​သော [လုပ်ငန်းတော်] တံခါး” ပွင့်​လျက်​ရှိသည်​ဟု ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၁၆:၉) သင့်​အခြေအနေ​များ​က သင့်​အား လုပ်ငန်းတော်​တံခါး တစ်ခုခု​ထဲ​ဝင်ခွင့်​ပြု​ပါသလော။ မှန်မှန် သို့​မဟုတ် အရန်ရှေ့ဆောင်​လုပ်ငန်း​၌ သင်​ပါဝင်​မည်​ဆိုလျှင် ဟောပြောခြင်း​လုပ်ငန်း​တွင် တစ်လ​လျှင် နာရီ ၇၀ သို့​မဟုတ် ၅၀ ပါဝင်​ဖို့​လို​မည်။ ရှေ့ဆောင်​များ​၏ သစ္စာရှိ​လုပ်ဆောင်မှု​အတွက် ခရစ်ယာန်​ချင်း​များ​က သူတို့ကို တန်ဖိုး​ထား​လေးမြတ်​ကြသည်။ သို့သော် သူတို့သည် ဓမ္မ​အမှု​တွင် အချိန်ပို​၍​ပါဝင်​ကြ​သည့်​အတွက် အခြား​ညီအစ်ကို​ညီအစ်မ​များ​ထက် ထူးကဲ​သည်မဟုတ်​ပါ။ ယင်းအစား ယေရှု​အားပေးခဲ့​သည့် ဤ​သဘောထားမျိုးကို သူတို့​မွေးမြူရန် ကြိုးစား​ကြသည်– “ငါ​တို့သည်​သခင်၌ ကျေးဇူးပြု​သော​အစေအပါး​ဖြစ်သည်​မဟုတ်။ ဝတ်​ပြေ​ရုံ​မျှ​သာ​ရှိသည်။”—လုကာ ၁၇:၁၀

၁၆ ရှေ့ဆောင်​လုပ်ငန်း​၌​ပါဝင်​ရန် ကိုယ့်​ကိုယ်ကို​ပဲ့ပြင်​ဖို့၊ ကိုယ်ရေးကိုယ်တာ​ကိစ္စ​တို့ကို အစီအစဉ်​စနစ်တကျ​ပြုလုပ်​ဖို့​နှင့် ကိုယ်ကျိုး​စွန့်​ဖို့​လို​သည်။ သို့သော် ရရှိ​သည့်​ကောင်းချီး​များသည် လုပ်ကိုင်​ရကျိုးနပ်​၏။ “ဘုရားသခင်​ရဲ့ နှုတ်[မြွက်]တော်​ကို မှန်ကန်​စွာ​ကိုင်တွယ်​နိုင်​ခြင်း​က တကယ့်​ကောင်းချီး​တစ်ခု​ပါ​ပဲ” ဟု တာ​မီ​ကာ​အမည်​ရှိ ရှေ့ဆောင်​လူငယ်​တစ်ဦး​က ပြော​သည်။ “ရှေ့ဆောင်​လုပ်တဲ့​အခါ ကျမ်းစာ​ကို များများ​အသုံးပြု​ရတယ်။ ကျွန်မ တစ်အိမ်​မှ​တစ်အိမ်​သွားတဲ့အခါ အိမ်ရှင်​တစ်ဦးစီ​နဲ့​သင့်တော်မယ့် ကျမ်းချက်​တွေ​ကို အခု​စဉ်းစားတတ်​ပြီ။” (၂ တိမောသေ ၂:၁၅) မိုက်​ကာ​အမည်​ရှိ ရှေ့ဆောင်​တစ်ဦး​က “လူ့​အသက်တာကို အမှန်တရားက ဘယ်လောက် အကျိုးပြု​နိုင်တယ်​ဆိုတာ​ကို တွေ့မြင်​ရတာ တကယ့်​ကောင်းချီး​တစ်ခု​ပဲ” ဟု​ဆို​သည်။ မက်သယူး​အမည်​ရှိ လူငယ်​တစ်ဦး​က​လည်း “အမှန်တရား​ထဲ တစ်ယောက်ယောက်​ဝင်လာ​တာ​ကို တွေ့ မြင်ရ​တဲ့” ရွှင်လန်းမှု​ကို အလားတူ​ဖော်ပြ​ခဲ့​တယ်။ “ဘယ်လို​ရွှင်လန်းမှု​မျိုးနဲ့​မှ အစားထိုးလို့​မရဘူး။”

၁၇။ ရှေ့ဆောင်​လုပ်ခြင်း​နှင့်​ပတ်သက်​၍ အပျက်သဘော​ကို ခရစ်ယာန်​တစ်ဦး မည်သို့​အောင်မြင်​ခဲ့​သနည်း။

၁၇ ရှေ့ဆောင်​လုပ်ငန်း​တံခါး​ထဲ ဝင်ရန် သင်​စဉ်းစား​ကြည့်​နိုင်​မည်​လော။ သင်​ဝင်​လို​စိတ်​ရှိ​မည်​ဖြစ်သော်လည်း အရည်အချင်း​မရှိ​ဟု ခံစား​နေရ​ပေမည်။ “ရှေ့ဆောင်​လုပ်ငန်း​နဲ့​ပတ်သက်ပြီး ကျွန်မ အပျက်သဘော​ရှိခဲ့တာ” ဟူ ကဲ​န်​ယာ​တာ​အမည်​ရှိ ညီအစ်မ​ငယ်​တစ်ဦး ပြောပြ​သည်။ “ကျွန်မ​မှာ အရည်အချင်း​မရှိဘူးလို့ ခံယူ​ခဲ့​တယ်။ နိဒါန်း​တွေ ဘယ်လို​ပျိုး​ရ​မှန်း၊ ကျမ်းချက်​တွေ​ကို ဘယ်လို​ကျိုးကြောင်း​ဆင်ခြင်​ရ​မှန်း မသိခဲ့ဘူး။” သို့ရာတွင် အကြီးအကဲ​များ​က ရင့်ကျက်သော​ရှေ့ဆောင်​ညီအစ်မ​တစ်ဦး​အား သူနှင့်​အတူ တွဲ​အမှုဆောင်ရန် စီစဉ်​ပေး​ခဲ့​ကြသည်။ ကဲ​န်​ယာ​တာ​က “သူနဲ့အတူ တွဲ​အမှုဆောင်​ရတာ ပျော်စရာ​ပဲ။ ဒါနဲ့​ပဲ ကျွန်မ ရှေ့ဆောင်​လုပ်ချင်​လာတော့​တယ်” ဟု​ပြောပြ​သည်။ အသင်​လည်း အားပေးမှု​နှင့် လေ့ကျင့်ပေး​မှု​ရ​လျှင် ရှေ့ဆောင်​လုပ်ငန်း​တွင် ပါဝင်​လို ပေမည်။

၁၈။ ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ထမ်းဆောင်သူ​တို့ အဘယ်​ကောင်းချီး​များ ခံစား​နိုင်​စ​ရာ​ရှိ​သနည်း။

၁၈ ရှေ့ဆောင်​လုပ်ငန်း​မှ တခြား​လုပ်ငန်းတော်​အခွင့်ထူး​များ ရရှိ​လာပေမည်။ သာဓက​အနေ​နှင့် စုံတွဲ​တချို့​သည် နိုင်ငံ​ရပ်​ခြား​တစ်​နေရာ​ရာ​တွင် သွားရောက်​ဟောပြောနိုင်​ရန် ခရစ်ယာန်​သာသနာပြု​သင်တန်းတက်​ဖို့ အရည်အချင်း​ပြည့်မီ​လာ​ကြ​ပေမည်။ ခရစ်ယာန်​သာသနာပြု​များသည် နိုင်ငံ​အသစ်​တစ်ခု​တွင် အလိုက်သင့်​ပြုပြင်​ပြောင်းလဲ​ရ၏၊ ဘာသာ​စကား​အသစ်၊ ယဉ်ကျေးမှု​အသစ်​ကို သင်ယူ​ရ၏၊ အစားအစာ​အသစ်​တို့ကို စား​တတ်လာ​ရ၏။ သို့သော် ရရှိ​သည့်​ကောင်းချီး​များသည် အဆိုပါ​အဆင်မပြေမှု​များ​ကို အသေးအဖွဲ​ဖြစ်စေ​ပါ​သည်။ မက္ကဆီကို​နိုင်ငံ​မှ ဝါရင့်​ခရစ်ယာန်​သာသနာပြု​တစ်ဦး​ဖြစ်သူ မီလ်ဒ​ရက်​က ဤသို့​ပြောပြ​သည်– “ခရစ်ယာန်​သာသနာပြု​တစ်ယောက်​ဖြစ်​ဖို့ ကျွန်မ​ဆုံးဖြတ်​ခဲ့​တာ​ကို တစ်ခါ​မှ ဝမ်း​မနည်း​ခဲ့​ဖူး​ဘူး။ ကလေး​ဘဝက​တည်း​က ကျွန်မ သာသနာပြု​ဖြစ်ချင်​ခဲ့​တာ။” အဘယ်​ကောင်းချီး​များ​ကို သူ​ခံစား​ခဲ့​ရပြီ​နည်း။ “ကျွန်မ​ရဲ့​ဇာတိမြေ​မှာ ကျမ်းစာ​သင်အံမှု​ရဖို့ မလွယ်​ဘူး။ ဒီမှာ​တော့ ကျမ်းစာ​သင်သား​လေးယောက်ကို လယ်ကွင်း​လုပ်ငန်းမှာ တစ်ချိန်တည်း စ​ပါဝင်​ဖို့ ကူညီ​ပေး​ခွင့်​ရတယ်။!”

၁၉၊ ၂၀။ ဗေသလ​လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ​လုပ်ငန်း​နှင့် ဓမ္မ​အမှု​လေ့ကျင့်ရေး​ကျောင်း​တို့သည် လူများစွာ​အား အဘယ်​ကောင်းချီး​များ ခံစား​စေ​ခဲ့ပြီ​နည်း။

၁၉ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​များ​ရှိ ဗေသလ​လုပ်ငန်း​တွင် အမှုထမ်း​နေကြ​သူတို့​သည်လည်း ကြွယ်ဝသော​ကောင်းချီး​များ ခံစား​နေကြ​ရသည်။ ဂျာမနီ​နိုင်ငံ​တွင် အမှုထမ်း​နေသော လူငယ်​ညီအစ်ကို စ​ဗဲန်​က သူ၏​ဗေသလ​လုပ်ငန်း​နှင့်​ပတ်သက်​၍ ဤသို့​ပြောပြ​သည်– “တည်မြဲ​တဲ့​တန်ဖိုး​ရှိ​လုပ်ငန်း​ကို ကျွန်တော်​လုပ်ကိုင်​နေရ​တယ်လို့ ယူဆတယ်။ ကျွန်တော်​ကျွမ်းကျင်​တဲ့​အလုပ်ကို ဒီ​လောကမှာ အသုံးချ​နိုင်​ပါ​တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် ဒေဝါလီ​ခံ​တော့​မယ့် ဘဏ်​မှာ ငွေစု​နေတာ​နဲ့​ပဲ​တူတယ်။” မှန်ပါသည်၊ လစာ​မဲ့​စေတနာ့​ဝန်ထမ်း​တစ်ဦး​အဖြစ် အမှုဆောင်ဖို့ အတော်​ကိုယ်ကျိုး​စွန့်​ရသည်။ သို့သော် စ​ဗဲန်​က ဤသို့​ဆို​သည်– “အိမ်ပြန်ရောက်​သွားတဲ့အခါ တစ်နေ့လုံး​လုပ်ကိုင်​ခဲ့​တာ​တွေ​ဟာ ယေဟောဝါ​အတွက်​လို့ သိရတယ်။ အဲဒီ​အသိစိတ်​က တကယ့်ကို​ပျော်ရွှင်စရာ​ကောင်းတယ်။”

၂၀ ညီအစ်ကို​တချို့​သည် နိုင်ငံ​ရပ်​ခြား​ရှိ ဌာနခွဲ​ဆောက်လုပ်ရေး အပြည်ပြည်ဆိုင်ရာ​လုပ်ငန်းတော်တွင် ပါဝင်​ရသည့် ကောင်းချီး​ကို ခံစား​နေကြ​ရသည်။ နိုင်ငံ​ခြား​တွင် ရှစ်နှစ်​တာဝန်​ထမ်းဆောင်​ခဲ့​သည့် စုံတွဲ​တစ်တွဲ​က ဤသို့​ရေးသားခဲ့​သည်– “ဒီမှာ​ရှိတဲ့ ညီအစ်ကို​တွေ​ဟာ သိပ်​ချစ်စရာ​ကောင်းတယ်။ သူတို့နဲ့​ခွဲခွာ​ရမှာ​ကို​စဉ်းစား​ပြီး ဝမ်းနည်း​တယ်၊ ဒါနဲ့​ဆိုရင် ‘ဝမ်းနည်း​ကြေကွဲ’ ရတာ ရှစ်​ကြိမ်​မြောက်​ပဲ။ တကယ်​ထူးခြားတဲ့ အတွေ့အကြုံ​ပဲ!” ထို့​အပြင် ဓမ္မ​အမှု​လေ့ကျင့်ရေး​ကျောင်း​လည်း​ရှိသေး၏။ ထို​တွင်​အရည်အချင်း​ပြည့်မီ​သော တစ်ကိုယ်ရေ​ညီအစ်ကို​များ ဝိညာဉ်​ရေးလေ့​ကျင့်​မှု​ရရှိ​သည်။ ကျောင်းဆင်း​တစ်ဦး​က ဤသို့​ရေးသားခဲ့​သည်– “သိပ်​ကောင်း​တဲ့ ဒီ​ကျောင်း​ကို တက်ခွင့်​ရတဲ့​အတွက် ဘယ်လို​ကျေးဇူး​တင်​စကားပြော​ရ​မှန်း မသိ​ဘူး။ တခြား​ဘယ်​အဖွဲ့အစည်း​က အဲ​သလော​က် ကြိုးစား​ပြီး လေ့ကျင့်ပေး​မှာ​လဲ။”

၂၁။ ဘုရားသခင့်​လုပ်ငန်းတော်တွင် ခရစ်ယာန်​အားလုံး အဘယ်​စိန်ခေါ်ချက်​ကို ရင်ဆိုင်​ရသနည်း။

၂၁ မှန်ပါသည်၊ လုပ်ငန်းတော်​တံခါးများ​စွာ ပွင့်​လျက်​ရှိ၏။ ကျွန်ုပ်​တို့​အများစု​သည် ဗေသလ​တွင်​ဖြစ်စေ၊ နိုင်ငံ​ခြား​ရပ်​ခြား​တွင်​ဖြစ်စေ အမှုထမ်းဆောင်​ခွင့် ရရှိ​မည် မဟုတ်ပါ။ ခရစ်ယာန်​များသည် အခြေအနေ​အမျိုးမျိုး​ကြောင့် “အသီး” သီး​သည့်​ပမာဏ​ချင်း​တူ​ကြ​မည် မဟုတ်​ကြောင်း ယေရှု​ကိုယ်တိုင် အသိအမှတ်ပြု​ခဲ့​သည်။ (မဿဲ ၁၃:၂၃) သို့​ဖြစ်၍ ခရစ်ယာန်​များ​အဖြစ် ကျွန်ုပ်​တို့၏​စိန်ခေါ်ချက်​မှာ အခြေအနေ​ပေး​သလော​က် ယေဟောဝါ​၏​အမှုတော်တွင် အတတ်နိုင်ဆုံး အပြည့်အဝ​ပါဝင်​ရန်ဖြစ်​သည်။ ထိုသို့​လုပ်ဆောင်​သည့်​အခါ ယေဟောဝါ​၏​ဘုန်းတော်​ကို ထင်ရှား​နေ​စေ​ကြ​သဖြင့် ကိုယ်တော်​၏​စိတ်တော်နှင့်​တွေ့​ကြောင်း စိတ်ချ​နိုင်​သည်။ ပုဂ္ဂလိက​ဆေးရုံ​တစ်ခု​မှ သက်ကြီးရွယ်အို ညီအစ်မ​အက်​သဲ​လ်​အကြောင်း သုံးသပ်ကြည့်​ပါ။ သူသည် အခြား​လူနာများ​ကို မှန်မှန်​သက်သေခံ​သည်၊ တယ်လီဖုန်း​ဖြင့်​လည်း သက်သေခံ​သည်။ များစွာ​မစွမ်းဆောင်​နိုင်​သော်လည်း လုပ်ငန်းတော်တွင် စိုးလ်​အကြွင်းမဲ့ သူပါ​ဝင်​လျက်​ရှိသည်။—မဿဲ ၂၂:၃၇

၂၂။ (က) ကျွန်ုပ်​တို့သည် နောက်ထပ်​အဘယ်​နည်းများဖြင့် ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှားစေ​နိုင်​သနည်း။ (ခ) အဘယ် အလွန်​ပျော်စရာ​ကောင်းသော​အချိန်ကို စောင့်မျှော်​နိုင်​သနည်း။

၂၂ ဟောပြောခြင်းသည် ယေဟောဝါ​၏​ဘုန်းတော်​ကို ထင်ရှားစေ​သည့် နည်း​တစ်နည်း​မျှ​ဖြစ်သည်။ ကျွန်ုပ်​တို့သည် အလုပ်လုပ်​စဉ်၊ ကျောင်းတက်​စဉ်၊ အိမ်​တွင်​ရှိ​စဉ် ကျွန်ုပ်​တို့၏​အမူအကျင့်​နှင့် အသွင်အပြင်​တို့ကို ဂရုစိုက်​ခြင်း​ဖြင့် ယေဟောဝါ​၏​စိတ်တော်​ကို ရွှင်ပြုံး​စေနိုင်​ကြသည်။ (သု. ၂၇:၁၁) နယပုံပြင် ၂၈:၂၀ တွင် ဤသို့​ကတိပြု​သည်– “[တည်ကြည်]သော​သူသည် ကောင်းချီး​မင်္ဂလာ​နှင့်​ကြွယ်ဝ​လိမ့်​မည်။” ထို့​ကြောင့် ကောင်းချီး​ကြွယ်ဝ​စွာ​ရိတ်သိမ်း​နိုင်​မည်​အကြောင်း ဘုရားသခင့်​လုပ်ငန်းတော်တွင် ‘များစွာ​ကြဲ’ သင့်​၏။ (၂ ကောရိန္သု ၉:၆) ဤသို့​ပြုခြင်း​ဖြင့် “အသက်​ရှိသောသူ​အပေါင်းတို့သည်” ယေဟောဝါ​ရ​သင့်​ရထိုက်​တော်​မူ​သည့် ဘုန်း​ကို ထင်ရှားစေ​ကြ​မည့် အလွန်​ပျော်ရွှင်စရာ​ကောင်းသော ထို​အချိန်တွင် ကျွန်ုပ်​တို့​အသက်ရှင်ခွင့် ရရှိကြ​ပါ​လိမ့်​မည်!—ဆာလံ ၁၅၀:၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 လူငယ်များ​အမေး—တာသွား​သည့်​အဖြေ​စာအုပ်​ကို ယေဟောဝါသက်သေ​များ​ထုတ်ဝေ။

သင်​မှတ်မိ​သလော

ဘုရားသခင့်​လူမျိုး​သည် ယေဟောဝါ​၏​အမှုတော်ကို “နေ့​ည​မပြတ်” မည်သို့​ထမ်းဆောင်​ကြ​သနည်း။

ဂဒ်​မျိုးနွယ်​သည် အဘယ်​စိန်ခေါ်ချက်​ကို ရင်ဆိုင်ခဲ့​ရသနည်း၊ ယင်းက ခရစ်ယာန်​များ​အား ယနေ့ အဘယ်အရာ သွန်သင်ပေး​သနည်း။

လယ်ကွင်း​ဓမ္မ​အမှု​က စာတန်​၏​တိုက်ခိုက်မှု​များ​ကို မည်သို့ ကာကွယ်​ပေး​သနည်း။

အဘယ် ‘ပွင့်​လျက်​ရှိသော​တံခါး’ ထဲ လူတချို့ ဝင်​ခဲ့​ကြပြီ​နည်း၊ သူတို့ အဘယ်​ကောင်းချီး​များ ခံစား​ကြ​ရသနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဂဒ်​အမျိုးသားများသည် တိုက်ခိုက်​လုယက်​သူတို့ကို တိုက်ထုတ်​ရ သကဲ့သို့ ခရစ်ယာန်​များလည်း စာတန့်​တိုက်ခိုက်မှု​များ​ကို တိုက်​ရမည်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

လယ်ကွင်း​ဓမ္မ​အမှု​တွင် တည်ဆောက်မှု ဖြစ်စေ​သော ပေါင်းသင်းမှု​မှ ကျွန်ုပ်​တို့​အကျိုး​ခံစားရ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ရှေ့ဆောင်​လုပ်ငန်း​သည်

၁။ အပြည်ပြည်ဆိုင်ရာ​လုပ်ငန်း

၂။ ဗေသလ​လုပ်ငန်း

၃။ ခရစ်ယာန်​သာသနာပြု​လုပ်ငန်းများ​အပါအဝင် အခြား​လုပ်ငန်းတော်​အခွင့်ထူး​များ​အတွက် တံခါး​ပွင့်​စေ