မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအသက်တာတွင် အပြောင်းအလဲများနှင့် ကြုံတွေ့ရသောအခါဘုရားသခင့်ဝိညာဉ်တော်ကို ယုံကြည်ကိုးစားပါ

ဘဝအသက်တာတွင် အပြောင်းအလဲများနှင့် ကြုံတွေ့ရသောအခါဘုရားသခင့်ဝိညာဉ်တော်ကို ယုံကြည်ကိုးစားပါ

ဘဝ​အသက်တာတွင် အပြောင်းအလဲ​များနှင့် ကြုံတွေ့​ရသောအခါ​ဘုရားသခင့်​ဝိညာဉ်​တော်​ကို ယုံကြည်​ကိုးစား​ပါ

“ဘုရားသခင့်​ရှေ့၌ နှစ်သက်​တော်​မူ​ဖွယ်​သော​သူ​အဖြစ်​ဖြင့် ကိုယ်ကို​ဆက်သခြင်း​ငှာ ကြိုးစား​အားထုတ်​လော့။” —၂ တိမောသေ ၂:၁၅၊ သမ္မာ။

၁။ အဘယ်​အပြောင်းအလဲ​များ​က ကျွန်ုပ်​တို့၏ ကောင်းမွန်သော​ဝိညာဉ်​ရေး​အခြေအနေ​အတွက် စိန်ခေါ်ချက်​ဖြစ်စေ​သနည်း။

ကျွန်ုပ်​တို့​ပတ်လည်​ရှိလော​က​ကြီး​သည် အမြဲ​ပြောင်းလဲ​နေသည်။ သိပ္ပံ​ပညာ၊ စက်​မှု​လက်မှု​အတတ်ပညာ​တို့၏ မှတ်သားဖွယ်​တိုးတက်မှု​များနှင့်​ဒွန်တွဲ​လျက် ကျင့်ဝတ်​စံနှုန်း​များ သိသိသာသာ​ကျဆင်း​နေ​မှုများ​ကို ကျွန်ုပ်​တို့ တွေ့မြင်​ရ​ကြသည်။ ရှေ့​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​သည့်​အတိုင်း ခရစ်ယာန်​များသည် ဘုရားသခင်​နှင့်​ဆန့်ကျင်ဘက်​ဖြစ်သော လောက​ဝိညာဉ်​ကို

ခုခံ​တွန်းလှန်​ရမည်။ သို့သော် လောက​အပြောင်းအလဲ​များနှင့်​အတူ ကျွန်ုပ်​တို့​လည်း နည်း​အမျိုးမျိုးဖြင့် ပြောင်းလဲ​နေကြ​သည်။ ကျွန်ုပ်​တို့သည် ကလေး​ဘဝ​မှ လူကြီး​ဘဝသို့ ရောက်ရှိ​လာ​ကြသည်။ ကျွန်ုပ်​တို့သည် ပစ္စည်းဥစ္စာ၊ ကျန်းမာ​ရေး​နှင့် ချစ်​မြတ်နိုး​ရသူများကို ရရှိကြ သို့​မဟုတ် ဆုံးရှုံး​ကြ​ပေမည်။ ထို​ကဲ့သို့​သော အပြောင်းအလဲ​များစွာကို ကျွန်ုပ်​တို့​ထိန်းချုပ်​၍​မရပါ၊ ယင်း​တို့သည် ကျွန်ုပ်​တို့၏ ကောင်းမွန်သော​ဝိညာဉ်​ရေး​အခြေအနေ​အတွက် ခက်ခဲ​သော​စိန်ခေါ်ချက်​အသစ်များ​ကို ဖြစ်စေ​နိုင်​သည်။

၂။ ဒါဝိဒ်​၏​အသက်တာတွင် အဘယ်​အပြောင်းအလဲ​များ​ကို ကြုံတွေ့​ခဲ့​ရသနည်း။

ယေရှဲ​၏​သား၊ ဒါဝိဒ်​ကဲ့သို့ ကြီးမားသော ဘဝ​အခြေအနေ​ပြောင်းလဲမှု​များနှင့် ရင်ဆိုင်​ကြုံတွေ့​ရသူ နည်း​မည်။ ဒါဝိဒ်​သည် သာမန်​သိုး​ကျောင်းသား​လေး​ဘဝ​မှ နိုင်ငံ​၏​သူရဲကောင်း​တစ်ဦး​အဖြစ် အလျင်အမြန် ထင်ပေါ်​ကျော်ကြား​သွားလေသည်။ နောက်ပိုင်း​တွင် သူသည် မနာလို​သော​ဘုရင်​တစ်ပါး​က သားကောင်​ဖမ်း​သကဲ့သို့ လိုက်​ဖမ်း​နေ​မှု​ကြောင့် ထွက်ပြေး​တိမ်းရှောင်​ရသည့်​ဘဝ ရောက်သွား​ပြန်​သည်။ ယင်း​နောက် ဒါဝိဒ်​သည် ဘုရင်​တစ်ပါး၊ အောင်နိုင်သူ​တစ်ဦး ဖြစ်လာ​ပြန်​သည်။ ကြီး​လေး​သော​အပြစ်​ကြောင့် နာကြည်းဖွယ်​အကျိုးဆက်များ​ကို ခံစား​ခဲ့​ရ​ပြန်​လေ​သည်။ မိသားစု​အတွင်း ဝမ်းနည်းဖွယ်​ကောင်းသော စိတ်ဝမ်းကွဲ​ပြား​မှု​တို့ကို ကြုံတွေ့​ခံစား​ခဲ့​ရသည်။ သူသည် စည်းစိမ်ဥစ္စာ​ကြွယ်ဝ​ကာ၊ အသက်အရွယ်​ကြီးရင့်​လာပြီး အိုမင်းမစွမ်း​ဘဝ ရောက်​ရလေ​သည်။ သူ၏​အသက်တာတွင် အပြောင်းအလဲ​များစွာကို ကြုံတွေ့​ရသည့်တိုင် ဒါဝိဒ်​သည် အသက်တာ​တစ်လျှောက်​လုံး​တွင် ယေဟောဝါ​နှင့် ကိုယ်တော်​၏​ဝိညာဉ်​တော်​ကို ယုံကြည်​ကိုးစား​ကြောင်း တင်ပြ​ခဲ့​သည်။ သူသည် “ဘုရားသခင်​ရှေ့၌ နှစ်သက်​တော်​မူ​ဖွယ်​သော​သူ” ဖြစ်​ရန် အတတ်နိုင်ဆုံး​ကြိုးစား​ခဲ့​ပြီး သူ့ကို ဘုရားသခင် ကောင်းချီး​ပေး​ခဲ့​သည်။ (၂ တိမောသေ ၂:၁၅) ကျွန်ုပ်​တို့၏​အခြေအနေ​သည် ဒါဝိဒ်​အခြေအနေ​နှင့် တူ​မည်​မဟုတ်သော်လည်း သူ၏​အသက်တာတွင် ကိစ္စရပ်​များ​ကို သူ​ကိုင်တွယ်​ခဲ့​ပုံ​မှ ကျွန်ုပ်​တို့ သင်ယူ​နိုင်​ပါ​သည်။ သူ၏​ပုံ​နမူနာ​က ကျွန်ုပ်​တို့၏​အသက်တာတွင် အပြောင်းအလဲ​အမျိုးမျိုးနှင့် ရင်ဆိုင်​ရသည့်​အခါ ဘုရားသခင့်​ဝိညာဉ်​တော်​အကူအညီ မည်သို့​ဆက်​ရရှိ​နိုင်​ပုံ​ကို နားလည်​သဘောပေါက်​ရန် အကူအညီ​ပေး​နိုင်​သည်။

ဒါဝိဒ်​၏​စိတ်​နှိမ့်ချမှု—ပုံ​နမူနာ​ကောင်း​တစ်ခု

၃၊ ၄။ ဒါဝိဒ်​သည် သာမန်​သိုး​ကျောင်းသား​လေး​ဘဝ​မှ နိုင်ငံ​ကျော်​တစ်ဦး မည်သို့ ဖြစ်လာ​သနည်း။

လူငယ်​အရွယ်​တွင် ဒါဝိဒ်​သည် သူ၏​မိသားစု​၌​ပင် ပေါ်လွင်​ထင်ရှားသူ​တစ်ဦး မဟုတ်​ခဲ့​ပါ။ ပရောဖက်​ရှမွေလ ဗက်လင်မြို့​သို့​ရောက်လာသော​အခါ ဒါဝိဒ်​၏​ဖခင်​သည် သား​ရှစ်ယောက်​ရှိသည့်​အထဲ​မှ ခု​နစ်​ယောက်​ကို​ခေါ်​ပြ​ခဲ့​သည်။ အငယ်ဆုံး​သား​ဖြစ်သူ ဒါဝိဒ်​ကို သိုးကျောင်း​နေရစ်​စေ​သည်။ သို့သော် ယေဟောဝါ​သည် ဒါဝိဒ်​ကို ဣသရေလ​မင်းလောင်း​အဖြစ် ရွေးချယ်​ခဲ့​သည်။ ဒါဝိဒ်​ကို လယ်ကွင်း​မှ ပြန်လာ​စေ​ခဲ့​သည်။ ထို့နောက် သမ္မာကျမ်းစာ​၌ ဤသို့​မှတ်တမ်း​တင်ထား​၏– “ရှမွေလ​သည်လည်း ဆီ​ဘူး​ကို​ယူ၍ သူ၏​အစ်ကို​စု​ထဲမှာ သူ့ကို​ဘိသိက်ပေး​လေ​၏။ ထို​နေ့​မှ​စ၍ ထာဝရ​ဘုရား​၏​ဝိညာဉ်တော်သည် ဒါဝိဒ်​အပေါ်မှာ သက်ရောက်​လေ​၏။” (၁ ဓမ္မ​ရာဇဝင် ၁၆:၁၂၊ ၁၃) ဒါဝိဒ်​သည် သူ့​အသက်တာ​တစ်လျှောက်​လုံး​တွင် ထို​ဝိညာဉ်​တော်​ကို ယုံကြည်​ကိုးစား​ခဲ့​သည်။

မကြာမီ ထို​သိုး​ကျောင်းသား​လေး​သည် နိုင်ငံ​ကျော်​ဖြစ်လာ​မည်​ဖြစ်သည်။ ဘုရင်​၏​အမှုတော်ထမ်း​ရန် ဖိတ်ခေါ်​ခံရ​ပြီး ဘုရင်​အတွက် တူရိယာ​ဖြင့်​ဖျော်​ဖြေပေး​ခဲ့​ရသည်။ အတွေ့အကြုံ​ရှိသော ဣသရေလ​စစ်သား​များ​ပင် မ​ရင်ဆိုင်​ရဲ​ကြ​သည့် ရက်စက်​ကြမ်းကြုတ်​သော လူ့​ဘီလူးကြီး စစ်သူရဲ​ဂေါလျတ်​ကို သူ​သတ်ခဲ့​သည်။ တိုက်ပွဲ​တွင် ဦးဆောင်​သူ​အဖြစ် တာဝန်ရ​ရှိခဲ့​ပြီး ဒါဝိဒ်​သည် ဖိလိတ္တိ​လူမျိုးများ​ကို အောင်မြင်စွာ တိုက်ခိုက်​ခဲ့​သည်။ သူ့ကို လူများ​က ချစ်​မြတ်နိုး​လာ​ခဲ့​သည်။ လူတို့သည် ဒါဝိဒ်​အတွက် သီချင်း​ရေးစပ်​ကြ​ပြီး ကျယ်လောင်​စွာ သီဆို​ချီးမွမ်း​ခဲ့​ကြသည်။ အစောပိုင်း​၌ ဘုရင်​ရှောလု​အား အကြံပေး​သူက လူငယ်​ဒါဝိဒ်​သည် “စောင်းတီး​သော​အတတ်” တွင်​သာမက “ရဲရင့်ခြင်း​အစွမ်း​သတ္တိ​နှင့်​ပြည့်စုံ​၍ စစ်မှု​၌​လည်းကောင်း၊ ပညာ​စကား​၌​လည်းကောင်း လေ့​ကျက်​ပါ​၏။ အဆင်း​လည်း​လှ​ပါ​၏” ဟု​ဖော်ပြ​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၁၆:၁၈; ၁၇:၂၃၊ ၂၄၊ ၄၅-၅၁; ၁၈:၅-၇

၅။ အဘယ်အရာ​များ​က ဒါဝိဒ်​ကို မာန​ထောင်လွှား​စေနိုင်​သနည်း၊ ထိုသို့​မဖြစ်ခဲ့​ကြောင်း ကျွန်ုပ်​တို့ မည်သို့​သိရှိ​ရသနည်း။

ထင်ပေါ်​ကျော်ကြား​ခြင်း၊ အဆင်းလှ​ခြင်း၊ ငယ်ရွယ်​ခြင်း၊ စကား​အပြောအဆို​ကောင်းခြင်း၊ အ​တီး​အမှု​တ်​ကျွမ်းကျင်​ခြင်း၊ စစ်ရေး​ကျွမ်းကျင်​ခြင်း​နှင့် ဘုရားသခင့်​မျက်နှာသာ​ခံစား​ရခြင်း—ယင်း​တို့အားလုံး​ကို ဒါဝိဒ်​ပိုင်ဆိုင်​ခဲ့​ပုံ​ရသည်။ ထို​အရည်အချင်း​ထဲ​မှ တစ်ခုခု​ပိုင်ဆိုင်ခြင်း​ဖြင့် မာန​ထောင်လွှား​နိုင်​သည်၊ သို့သော် သူသည် ယင်း​တို့​ကြောင့် မာန​မ​ထောင်လွှား​ခဲ့​ပါ။ ဘုရင်​ရှောလု​က သမီးတော်​နှင့်​ထိမ်းမြား​ရန် ဒါဝိဒ်​အား​ကမ်း​လှမ်း​သည့်​အခါ ဒါဝိဒ်​၏​တုံ့ပြန်​ပုံ​ကို သတိပြုပါ။ စစ်မှန်သော​နှိမ့်ချမှု​ဖြင့် ဒါဝိဒ်​ဤသို့​ပြော​ခဲ့​၏– “ကျွန်တော်​သည် ရှင်ဘုရင်​၏​သမက်တော်​ဖြစ်​ရ​ပါ​မည်​အကြောင်း အဘယ်​သို့​သော​သူ​ဖြစ်ပါ​သနည်း။ ကျွန်တော်​အသက်​နှင့် ကျွန်တော်​အဆွေအမျိုး​သည် ဣသရေလ​နိုင်ငံ​၌ အဘယ်​သို့​မြတ်​ပါ​သနည်း။” (၁ ဓမ္မ​ရာဇဝင် ၁၈:၁၈) ဤ​အခန်းငယ်​နှင့်​ပတ်သက်​၍ ကျမ်း​ပညာရှင်​တစ်ဦး ဤသို့​ဝေဖန်ချက်​ပေး​၏– “ဒါဝိဒ်​ဆိုလို​သည့်​အဓိပ္ပာယ်​မှာ သူ၏ ကိုယ်ပိုင်​အရည်အချင်း၊ လူမှုရေး​အဆင့်အတန်း၊ မျိုးရိုး​အဆင့်အတန်း​တစ်ခု​မျှ​သည် ဘုရင်​၏​သမက်တော်​ဖြစ်​နိုင်​လောက်​သည့် ဂုဏ်​အသရေ​မျိုး​မရှိ​ဟု သူ​ပြော​ခြင်း​ဖြစ်သည်။”

၆။ ကျွန်ုပ်​တို့သည် နှိမ့်ချမှုကို အဘယ်ကြောင့် ပြုစု​ပျိုးထောင်​သင့်​သနည်း။

ဒါဝိဒ်​နှိမ့်ချ​ရသည့်​အကြောင်းရင်း​မှာ ယေဟောဝါ​သည် အဘ​က်​ဘက်တွင် မစုံလင်​သော လူသားများ​ထက် အဆပေါင်း​များစွာ သာလွန်​မြင့်မြတ်​သည်ကို သူ​အသိအမှတ်ပြု​ထားခြင်း​ကြောင့်​ဖြစ်သည်။ လူသားများ​အား ဘုရားသခင် ဂရုစိုက်​ခြင်း​ကို​ပင် ဒါဝိဒ်​အံ့အားသင့်​ခဲ့​သည်။ (ဆာလံ ၁၄၄:၃) သူ့​တွင်​ရှိ​နိုင်​ခဲ့​သည့် မည်သည့်​ကြီးမြတ်မှု​မဆို​သည် သူ့​အား ထောက်မ၊ ကာကွယ်၊ စောင့်ရှောက်​ရန် ယေဟောဝါ​ကိုယ်တော်တိုင် နှိမ့်ချမှု​ပြ​ခဲ့​၍​သာ​ဖြစ်​ကြောင်းကို​လည်း သူသိ​ရှိခဲ့​သည်။ (ဆာလံ ၁၈:၃၅က​ဘ) ကျွန်ုပ်​တို့အတွက် နှစ်လိုဖွယ်​သင်ခန်းစာ​ပါ​တကား! ကျွန်ုပ်​တို့၏ ပင်ကိုစွမ်းရည်၊ ကျွန်ုပ်​တို့၏ ပြီးမြောက်​အောင်မြင်မှု​များ၊ အခွင့်ထူး​များ​ကြောင့် မာန်​မာနကြီး​သူ ဘယ်တော့​မျှ​မဖြစ်​သင့်​ပါ။ တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​၏– “သူတစ်ပါး​လက်​မှ​မခံမယူ​ဘဲ အလိုအလျောက်​ရသော​အရာ တစ်စုံတစ်ခု​မျှ သင်၌​ရှိသလော။ သူတစ်ပါး​လက်​မှ​ခံယူ​သည်​မှန်​လျှင် မခံမယူ​သကဲ့သို့ အဘယ်ကြောင့် ဝါကြွား​သနည်း။” (၁ ကောရိန္သု ၄:၇) ဘုရားသခင်​၏ သန့်ရှင်းသော​ဝိညာဉ်​တော်​ရရှိ​ပြီး ကိုယ်တော်​၏​မျက်နှာသာတော် ခံစားရ​ရန် ကျွန်ုပ်​တို့သည် နှိမ့်ချမှုကို ပြုစု​ပျိုးထောင်​ပြီး ထိန်းသိမ်း​ရမည်။—ယာကုပ် ၄:၆

“ကိုယ်တိုင်​အပြစ်​ပြန်၍​မတုံ့​ကြ​နှင့်”

၇။ ဒါဝိဒ်​သည် ဘုရင်​ရှောလု​ကို​သတ်​ရန် အဘယ်​အခွင့်အရေး ရရှိခဲ့​သနည်း။

ဒါဝိဒ်​၏​ထင်ပေါ်​ကျော်ကြား​မှု​က သူ့​အား မာနကြီး​သူ မဖြစ်စေ​သော်လည်း ဘုရားသခင်​၏​ဝိညာဉ်​တော် မရရှိ​တော့​သည့် ဘုရင်​ရှောလု​အဖို့ အလွန်အမင်း​မနာလိုမှု​ကို ဖြစ်စေ​ခဲ့​သည်။ ဒါဝိဒ်​သည် အပြစ်​မပြု​သော်လည်း အသက်​လု​ပြေး​ခဲ့​ရပြီး တောကန္တာရ​ထဲ​တွင် နေခဲ့ရ​သည်။ ဒါဝိဒ်​ကို သဲ​သဲ​မဲ​မဲ​လိုက်​ဖမ်း​နေချိန် တစ်ချိန်​တွင် ဘုရင်​ရှောလုသည် ဒါဝိဒ်​နှင့်​သူ၏​လူများ လိုဏ်ဂူ​ထဲ​တွင် ပုန်းအောင်း​နေမှန်း​မသိဘဲ ထို​ဂူ​ထဲ​သို့ ဝင်လာ​ခဲ့​သည်။ ဘုရားသခင် လမ်း​ဖွင့်ပေး​ပုံ​ရသည့် ဤ​အခွင့်အရေး​ကို အမိ​အရ​ယူ​ကာ ရှောလု​အား​သတ်​ရန် ဒါဝိဒ်​၏​လူများ​က တိုက်တွန်း​ကြသည်။ အမှောင်ထု​ထဲ​တွင် လေသံ​တိုးတိုး​ဖြင့် ဒါဝိဒ်​အား ဤသို့​ပြော​သည်ကို ကျွန်ုပ်​တို့ မြင်ယောင်​နိုင်​ပါ​သည်– “ထာဝရ​ဘုရား​က ‘သင်၏​ရန်သူကို သင့်​လက်၌​ငါ​အပ်​မည်။ သူ၌ သင်​ပြု​ချင်​တိုင်း ပြု​ရသော​အခွင့်​ရှိ​လိမ့်​မည်’ ဟု​ကိုယ်တော်​အား​မိန့်တော်မူသော နေ့ရက်​ရောက်​ပါ​ပြီ။”—၁ ဓမ္မ​ရာဇဝင် ၂၄:၂-၆

၈။ ဒါဝိဒ်​သည် လက်တုံ့ပြန်ခြင်း​မပြု​ရန် အဘယ်ကြောင့်​ချုပ်တည်း​ခဲ့​သနည်း။

ဒါဝိဒ်​သည် ရှောလု​အား ထိခိုက်အောင်​ပြုလုပ်​ဖို့ ငြင်းဆို​ခဲ့​သည်။ ယုံကြည်ခြင်း​နှင့် သည်းခံခြင်း​ကို​တင်ပြ​ကာ ကိစ္စရပ်​များ​ကို ယေဟောဝါ​၏​လက်ထဲ အပ်နှံ​ထားခဲ့​သည်။ ဘုရင်​သည် ဂူ​ထဲ​မှ​ထွက်သွား​ပြီး​နောက် ဒါဝိဒ်​သည် ဘုရင်​အား လှမ်း​၍ ဤသို့​ပြော​ခဲ့​၏– “ထာဝရ​ဘုရား​သည် ကျွန်တော်​နှင့်​ကိုယ်တော်​စပ်ကြား​မှာ စီရင်တော်မူ​ပါစေ​သော။ ကျွန်တော်​အား​ပြစ်မှား​သော​အပြစ်ကို ထာဝရ​ဘုရား ဆပ်ပေး​တော်​မူ​ပါစေ​သော။ သို့ရာတွင် ကျွန်တော်​လက်​သည် ကိုယ်တော်​အပေါ်​သို့ မ​ရောက်​ပါစေ​နှင့်။” (၁ ဓမ္မ​ရာဇဝင် ၂၄:၁၂) ရှောလု​မှား​သည်ကို ဒါဝိဒ်​သိ​သော်လည်း သူကိုယ်တိုင် လက်တုံ့မပြန်​ခဲ့​ပါ၊ သူသည် ရှောလု​ကို​သော်လည်း​ကောင်း၊ ရှောလု​နှင့်​ပတ်သက်​၍​သော်လည်း​ကောင်း ရင့်သီး​ရိုင်းစိုင်း​စွာ ပြောဆိုခြင်း​မရှိခဲ့​ပါ။ အခြား​အချိန်​များစွာ​တွင်​လည်း ဒါဝိဒ်​သည် မိမိ​ကိုယ်တိုင် လက်တုံ့မပြန်​မိ​စေရန် ချုပ်တည်း​ခဲ့​သည်။ ယင်းအစား ကိစ္စရပ်​များ​ကို ဖြောင့်မတ်​စွာ ပြုပြင်​တည့်မတ်​ပေး​ရန် ယေဟောဝါ​အား ယုံကြည်​ကိုးစား​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၂၅:၃၂-၃၄; ၂၆:၁၀၊ ၁၁

၉။ ကျွန်ုပ်​တို့သည် ဆန့်ကျင်မှု သို့​မဟုတ် နှောင့်ယှက်​နှိပ်စက်မှု​နှင့် ကြုံတွေ့​ရသည့်​အခါ အဘယ်ကြောင့် လက်တုံ့မပြန်​သင့်​သနည်း။

ဒါဝိဒ်​ကဲ့သို့​ပင် သင်သည် ခက်ခဲ​သည့်​အခြေအနေ​များ​အောက် ရောက်နေ​ပေမည်။ သင်​နှင့်​ယုံကြည်ခြင်း​မတူ​သော ကျောင်းနေ​ဖက်​များ၊ အလုပ်ဖော်​များ၊ မိသားစုဝင်​များ သို့​မဟုတ် အခြားသူများ​၏ ဆန့်ကျင်မှု သို့​မဟုတ် နှောင့်ယှက်​နှိပ်စက်မှု​တို့ကို ခံရ​ပေမည်။ ပြန်၍​လက်တုံ့မပြန်​ပါ​နှင့်။ ယေဟောဝါ​ကို စောင့်ဆိုင်း​ပါ၊ အကူအညီ​အတွက် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို တောင်းခံ​ပါ။ ထို​မယုံကြည်​သူများ​သည် သင်၏​အမူအကျင့်ကောင်း​ကို စိတ်စွဲ​မှတ်​သွား​ကြ​ပြီး ယုံကြည်သူများ ဖြစ်လာ​နိုင်​သည်။ (၁ ပေတရု ၃:၁) မည်သို့​ပင်​ဖြစ်ပါစေ ယေဟောဝါ​သည် သင်၏​အခြေအနေ​ကို သိမြင်​တော်​မူ​ပြီး ကိုယ်တော်​သတ်မှတ်​ထားသော​အချိန်တွင် တစ်စုံ​တ​ရာ​ပြု​လုပ်ပေး​မည်​ကို ယုံကြည်​စိတ်ချ​ပါ။ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​၏– “ချစ်သူ​တို့၊ သူတစ်ပါး​သည် သင်တို့ကို​ပြစ်မှား​လျှင် ကိုယ်တိုင်​အပြစ်​ပြန်၍​မတုံ့​ကြ​နှင့်။ အမျက်တော်ကို အခွင့်ပေး​ကြလော့။ ကျမ်းစာ​လာ​သည်​ကား ‘ငါသည် အပြစ်​တရားကို​စီရင်ပိုင်​၏။ အပြစ်​နှင့်​အလျောက်​ငါ​ဆပ်ပေး​မည်​ဟု ထာဝရ​ဘုရား မိန့်တော်မူ၏။’”—ရောမ ၁၂:၁၉

“ဆုံးမခြင်း​ကို မ​ပယ်​ကြ​နှင့်”

၁၀။ ဒါဝိဒ်​သည် အပြစ်ပြု​သည့်​အဖြစ်သို့ မည်သို့​ကျရောက်​ခဲ့​သနည်း၊ ယင်းကို​ဖုံးကွယ်​ရန် သူ​မည်သို့ ကြိုးစား​ခဲ့​သနည်း။

၁၀ နှစ်များ ကုန်လွန်​ခဲ့ပြီ။ ဒါဝိဒ်​သည် အလွန်​ထင်ပေါ်​ကျော်ကြား​သော ချစ်​မြတ်နိုး​ခံရ​သည့် ဘုရင်​တစ်ပါး​ဖြစ်လာ​ခဲ့​သည်။ ထူးခြားသော​ယုံကြည်ခြင်း​တင်ပြ​သည့် သူ၏​ဘဝ​အသက်တာ​အပြင် ယေဟောဝါ​အား​ချီးမွမ်း​ရာ​တွင် သူ​ရေးစပ်​သီကုံး​ခဲ့​သော နှစ်လိုဖွယ်​ဆာလံကျမ်း​များ​ကြောင့် သူသည် ကြီး​လေး​သော​အပြစ် ပြု​မိ​သည့်​အဖြစ်မျိုး ဘယ်တော့​မျှ​ဆိုက်ရောက်​လိမ့်​မည်​မဟုတ်​ဟု အလွယ်တကူ ထင်မှတ်​နိုင်​ပေ​သည်။ သို့သော် ကြီး​လေး​သော​အပြစ် ပြု​မိ​သွားလေသည်။ တစ်နေ့​တွင် ဘုရင်​သည် မိမိ၏​နန်းတော်​ခေါင်မိုး​မှ​နေ၍ လှပသော​အမျိုးသမီး​တစ်ဦး ရေချိုး​နေသည်​ကို တွေ့မြင်​ခဲ့​သည်။ ထို​အမျိုးသမီး မည်သူ​ဖြစ်​ကြောင်း သူ​စုံစမ်း​ခဲ့​သည်။ ထို​အမျိုးသမီး​သည် ဗာသရှေဘ​ဖြစ်​ပြီး သူ၏​ခင်ပွန်း ဥရိယ​သည် စစ်​မြေပြင်​သို့​ရောက်နေ​ကြောင်း ဒါဝိဒ်​သိရ​သောအခါ သူ့ကို ဆင့်ခေါ်​ခဲ့​ပြီး သူနှင့်​ပြစ်မှား​ခဲ့​သည်။ ထို့နောက် အမျိုးသမီး​တွင် ကိုယ်ဝန်​ရှိနေပြီ​ဖြစ်​ကြောင်း ဒါဝိဒ်​သိခဲ့​သည်။ ဤ​သတင်း​ပေါက်​ကြား​သွား​မည်​ဆိုလျှင် အလွန်​အရှက်ကွဲ​ရ​ပေ​တော့​မည်! မောရှေ​ပညတ်​အရ သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​သည် သေ​ပြစ်​သင့်​သော အပြစ်​ဖြစ်သည်။ အပြစ်ကို ဖုံးကွယ်​ထား​နိုင်​သည်​ဟု ဘုရင်​ယူဆ​ခဲ့​ဖွယ်​ရှိသည်။ ထို့​ကြောင့် ဥရိယ​ကို ယေရုရှလင်​မြို့​သို့ ပြန်လာ​ရန်​အမိန့်​ပါ​သော​စာ​ကို စစ်​မြေပြင်​သို့​ပို့​ခဲ့​သည်။ ထို​ည​တွင် ဥရိယ​သည် ဗာသရှေဘ​နှင့်အတူ​ပြန်နေ​မည်​ဟု ဒါဝိဒ်​မျှော်လင့်​ခဲ့​သော်လည်း ထို​အတိုင်း​မဖြစ်ခဲ့​ပါ။ ယခု ကြံရာမရ​သည့်​အဆုံး ဒါဝိဒ်​သည် ဥရိယ​ကို စာ​တစ်စောင်​နှင့်အတူ စစ်ဗိုလ်ချုပ် ယွာဘ​ထံ ရှေ့တန်း​သို့​ပြန်ပို့​လိုက်​သည်။ ဥရိယ​ကျဆုံးသွား​စေရန် တိုက်ပွဲ​ပြင်းထန်​သည့်​နေရာတွင် ဥရိယ​ကို​ထား​ဖို့ စာ​တွင် ညွှန်ကြား​ထား​သည်။ ယွာဘ​သည် ထို​အတိုင်း​လုပ်ဆောင်ခဲ့​ပြီး ဥရိယ အသတ်ခံခဲ့ရ​သည်။ ဗာသရှေဘ​သည် ထုံးစံ​အတိုင်း​ပြု​ရသော ငိုကြွေး​မြည်တမ်း​သည့်​ကာလ ကုန်ဆုံး​ပြီး​နောက် ဒါဝိဒ်​သည် ဗာသရှေဘ​ကို မိဖုရား​အဖြစ် သိမ်းယူ​ခဲ့​သည်။—၂ ဓမ္မ​ရာဇဝင် ၁၁:၁-၂၇

၁၁။ နာသန်​သည် ဒါဝိဒ်​အား အဘယ်​အဖြစ်အပျက်​ကို လျှောက်တင်​ခဲ့​သနည်း၊ ဒါဝိဒ်​မည်သို့ တုံ့ပြန်​ခဲ့​သနည်း။

၁၁ အဖြစ်အပျက်​တစ်ခုလုံး​သည် ယေဟောဝါ​ရှေ့၌ အကွယ်အကာ​မရှိ​ထင်ရှား​ကြောင်း ဒါဝိဒ်​သိ​သင့်​သော်လည်း သူ၏​အကြံအစည်​သည် အောင်မြင်​သွား​ပုံ​ရခဲ့​သည်။ (ဟေဗြဲ ၄:၁၃) လပေါင်း​များစွာ​ကြာပြီးနောက် ကလေး​မွေးဖွား​လာ​ခဲ့​သည်။ ထို​အချိန်တွင် ဘုရားသခင်​၏ ညွှန်ကြားချက်​ဖြင့် ပရောဖက်​နာသန်​သည် ဒါဝိဒ်​ထံ​သွားခဲ့​၏။ ပရောဖက်​က သိုးများစွာ​ပိုင်ဆိုင်​သော သူဌေး​တစ်ဦး​သည် ဆင်းရဲသား​တစ်ဦး၏ ချစ်​မြတ်နိုး​ရသော တစ်ကောင်​တည်း​ရှိသည့်​သိုး​ကို ယူ၍​သတ်ခဲ့​သည့် အဖြစ်အပျက်​ကို ဘုရင်​အား လျှောက်တင်​ခဲ့​သည်။ ထို​အဖြစ်အပျက်​သည် ဒါဝိဒ်​၏ တရား​မျှတသော​သဘောထားကို လှုံ့ဆော်ပေး​ခဲ့​သည်၊ သို့သော် နက်နဲ​သည့်​အဓိပ္ပာယ်​ရှိကြောင်း သူ​လုံးဝ​သံသယ​မရှိခဲ့​ပါ။ ဒါဝိဒ်​သည် အဆိုပါ​သူဌေး​ကို အလျင်အမြန် တရား​စီရင်ချက် ထုတ်ပြန်​လိုက်​သည်။ ဘုရင်​သည် ပြင်းစွာ​အမျက်ထွက်​ကာ နာသန်​အား ဤသို့​ပြော​ခဲ့​၏– “ထိုသို့​ပြုသောသူ​သည် အမှန်​သေရ​မည်!”—၂ ဓမ္မ​ရာဇဝင် ၁၂:၁-၆

၁၂။ ဒါဝိဒ်​နှင့်​ပတ်သက်​၍ အဘယ်​တရား​စီရင်ချက်​ကို ယေဟောဝါ​ချမှတ်​ခဲ့​သနည်း။

၁၂ “ထို​သူသည်​ကား ... ကိုယ်တော်​ပင်​ဖြစ်ပါ​၏” ဟု​ပရောဖက်​နာသန် ပြန်​ပြော​ခဲ့​သည်။ ဒါဝိဒ်​သည် မိမိကိုယ်ကို တရား​စီရင်​ခဲ့​ခြင်း​ဖြစ်သည်။ ဒါဝိဒ်​၏​ဒေါသ​သည် အလွန်​ရှက်ကြောက်မှု၊ အလွန့်အလွန်​ဝမ်းနည်းမှု​အဖြစ်သို့ အလျင်အမြန်​ပြောင်းလဲ​ခဲ့​သည်။ ကြက်​သေ​သေသွား​ကာ နာသန်​ပြော​နေသည့် မရှောင်​မလွဲ​နိုင်သော ယေဟောဝါ​ထံ​မှ တရား​စီရင်ချက်​ကို နားထောင်​နေခဲ့​သည်။ နှစ်သိမ့်မှု သို့​မဟုတ် စိတ်သက်သာ​ရစေ​သည့် စကားလုံး​များ မပါ​ခဲ့​ပါ။ ဒါဝိဒ်​သည် ဆိုးသွမ်း​သော​အမှုကို ပြုခြင်း​ဖြင့် ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​ကို မထီမဲ့မြင်​ပြု​မိ​ခဲ့​သည်။ သူသည် ရန်သူ​တို့၏​ဓား​ဖြင့် ဥရိယ​ကို သတ်ခဲ့​သည်မဟုတ်​လော။ ဒါဝိဒ်​၏​အဆွေအမျိုး​တို့သည် ဓား​ဘေး​နှင့် ကင်းလွတ်​မည်​မဟုတ်ပါ။ သူသည် ဥရိယ​၏​မယား​ကို တိတ်တဆိတ်​သိမ်းယူ​ခဲ့​သည်မဟုတ်​လော။ ထို​ကဲ့သို့​သော အဖြစ်ဆိုး​ကို သူကိုယ်တိုင်​ကြုံတွေ့​ရမည်၊ တိတ်တဆိတ်​မဟုတ်ဘဲ လူသိရှင်ကြား​ဖြစ်​မည်။—၂ ဓမ္မ​ရာဇဝင် ၁၂:၇-၁၂

၁၃။ ဒါဝိဒ်​သည် ယေဟောဝါ​၏​ဆုံးမမှု​ကို မည်သို့ တုံ့ပြန်​ခဲ့​သနည်း။

၁၃ ဒါဝိဒ် ကောင်း​သွား​သည့်​အချက်​မှာ မိမိ၏​အပြစ်ကို ဝန်ခံခြင်း​ဖြစ်သည်။ ပရောဖက်​နာသန်​ကို သူ​စိတ်မဆိုး​ခဲ့​ပါ။ သူ​ပြုလုပ်​ခဲ့​ရာ​အတွက် အခြားသူ​အား အပြစ်​ဖို့​ခြင်း သို့​မဟုတ် ဆင်ခြေပေး​ခြင်း​မျိုး မပြု​လုပ်ခဲ့​ပါ။ သူ၏​အပြစ်​များနှင့် ရင်ဆိုင်​ရသည့်​အခါ ယင်း​တို့ကို တာဝန်​ယူ​လက်ခံခဲ့သည်– “ငါသည် ထာဝရ​ဘုရား​ကို ပြစ်မှား​ပါ​ပြီ။” (၂ ဓမ္မ​ရာဇဝင် ၁၂:၁၃) ဆာလံ ၅၁ တွင် သူ၏​အပြစ်​ကြောင့် ပြင်းထန်သော​ဝမ်းနည်းပူဆွေးမှု​နှင့် သူ၏​နောင်တ​အတိမ်အနက်​ကို ဖော်ပြ​ထား​သည်။ ယေဟောဝါ​အား သူ​ဤသို့​အသနားခံ​ခဲ့​သည်– “အကျွန်ုပ်​ကို အထံတော်​ထဲ​က နှင်ထုတ်​တော်​မ​မူ​ပါ​နှင့်။ သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်။” ယေဟောဝါ​သည် သနား​ကြင်နာ​သော​အရှင်ဖြစ်​သဖြင့် အပြစ်​ကြောင့် “ကျိုးပဲ့​ကြေမွ​သော​နှလုံးကို” ငြင်းပယ်​တော်​မ​မူ​ကြောင်း သူ​ယုံကြည်ခဲ့​သည်။ (ဆာလံ ၅၁:၁၁၊ ၁၇) ဒါဝိဒ်​သည် ဘုရားသခင်​၏ သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ဆက်​ယုံကြည်​ကိုးစား​ခဲ့​သည်။ ယေဟောဝါ​သည် အပြစ်​၏ ခါးသီး​သော​အကျိုးဆက်များ​မှ ဒါဝိဒ်​ကို မကာကွယ်​ခဲ့​သော်လည်း ကိုယ်တော် သူ့ကို ခွင့်လွှတ်​ခဲ့​သည်။

၁၄။ ကျွန်ုပ်​တို့သည် ယေဟောဝါ​ဆုံးမ​တော်​မူ​ခြင်း​ကို မည်သို့​တုံ့ပြန်​သင့်​သနည်း။

၁၄ ကျွန်ုပ်​တို့အားလုံး မစုံလင်​ကြ​ပါ၊ ကျွန်ုပ်​တို့အားလုံး အပြစ်ပြု​တတ်ကြ​သည်။ (ရောမ ၃:၂၃) တစ်ခါတစ်ရံ ကျွန်ုပ်​တို့သည် ဒါဝိဒ်​ကဲ့သို့ ကြီး​လေး​သော​အပြစ်ကို ပြု​မိ​ကြ​ပေမည်။ မေတ္တာ​ရှိသော​ဖခင်​သည် မိမိ၏​သားသမီး​များ​ကို ဆုံးမ​သကဲ့သို့ ယေဟောဝါ​သည် ကိုယ်တော်​ကို​ဝတ်ပြု​ရန် ရှာ​သော​သူတို့အား ပဲ့ပြင်​တည့်မတ်​ပေး​တော်​မူ​၏။ ဆုံးမ​ခံရ​ခြင်း​သည် အကျိုးပြု​သော်လည်း လက်ခံရန် မလွယ်ကူ​ပါ။ အမှန်ပင်၊ ယင်းကို တစ်ခါတစ်ရံ “ဝမ်းနည်းစရာ​ထင်​တတ်၏။” (ဟေဗြဲ ၁၂:၆၊ ၁၁) သို့သော် ကျွန်ုပ်​တို့သည် “ဆုံးမခြင်း​ကို ... နားထောင်” ပါ​က ယေဟောဝါ​နှင့် ပြန်လည်​သင့်မြတ်​လာနိုင်​သည်။ (သု. ၈:၃၃) ယေဟောဝါ​၏ ဝိညာဉ်​တော်​ကောင်းချီး​များ​ကို ဆက်၍​မွေ့လျော်​ခံစားရ​ရန် ကျွန်ုပ်​တို့သည် ပဲ့ပြင်​ပေး​မှု​ကို လက်ခံ​ပြီး ဘုရားသခင့် နှစ်သက်​လက်ခံမှု​ရ​ရန် လုပ်ဆောင်​ရမည်။

မ​မြဲ​သော​စည်းစိမ်​ကို မကိုးစား​နှင့်

၁၅။ (က) တချို့​သူတို့သည် မိမိတို့၏​စည်းစိမ်ဥစ္စာ​ကို မည်သည့်​နည်းများဖြင့် သုံးစွဲ​ကြ​သနည်း။ (ခ) ဒါဝိဒ်​သည် မိမိ၏​စည်းစိမ်ဥစ္စာ​ကို မည်သို့ သုံးစွဲ​လို​သနည်း။

၁၅ ဒါဝိဒ်​သည် ထင်ပေါ်​ကျော်ကြား​သော နောက်ခံ​မှ ဆင်းသက်လာ​သည် သို့​မဟုတ် သူ၏​မိသားစု​သည် ငွေကြေး​ချမ်းသာ​သည်​ဟူ၍ ဖော်ပြ​ထားခြင်း​မရှိပါ။ သို့သော် သူ​အုပ်ချုပ်ချိန်​အတွင်း ဒါဝိဒ်​သည် စည်းစိမ်ဥစ္စာ အလွန်​ကြွယ်ဝ​လာ​ခဲ့​သည်။ သင်​သတိပြုမိ​သည့်​အတိုင်း များစွာသော​သူတို့သည် စည်းစိမ်ဥစ္စာ​ကို ရှာဖွေ​စုဆောင်း​ကြ​ပြီး ယင်း​တို့ကို တိုးပွား​စေရန် တပ်မက်​စိတ်​ကြီးစွာ ရှာဖွေကြ သို့​မဟုတ် ယင်း​တို့ကို မိမိတို့​တစ်ကိုယ်ကောင်း​အတွက် အသုံးပြု​ကြသည်။ အခြားသူ​တို့​မှာ​မူ မိမိတို့၏ ငွေကြေး​ကို မိမိတို့​ဘုန်း​အသရေ​ထင်ရှား​စေရန် အသုံးပြု​ကြသည်။ (မဿဲ ၆:၂) ဒါဝိဒ်​သည် သူ၏​စည်းစိမ်ဥစ္စာ​ကို သုံးစွဲပုံ​မှာ ခြားနား​လှ​ပေ​သည်။ သူသည် ယေဟောဝါ​ကို ဂုဏ်တင်​လို​စိတ် ပြင်းပြ​ခဲ့​သည်။ ထို​အချိန်အထိ ယေရုရှလင်​မြို့တွင် “ကုလားကာ​ဖြင့်​သာ ကွယ်ကာ​လျက်” ထား​ရှိသော ပဋိညာဉ်သေတ္တာ​ထား​ရန် ယေဟောဝါ​အတွက် ဝတ်ပြုရာ​အိမ်တော်​တည်ဆောက်​လို​သည့် သူ၏​ဆန္ဒ​ကို နာသန်​အား ဒါဝိဒ်​ပြောပြ​ခဲ့​သည်။ ယေဟောဝါ​သည် ဒါဝိဒ်​၏​ဆန္ဒ​ကို နှစ်သက်​သဘောကျ​သော်လည်း ထို​ဝတ်ပြုရာ​အိမ်တော် တည်ဆောက်ရေး​ကို ဒါဝိဒ်​၏​သားတော် ရှောလမုန်​၏ တာဝန်​ထား​ရမည်ဟု နာသန်​မှ​တစ်ဆင့် မိန့်တော်မူ​ခဲ့​သည်။—၂ ဓမ္မ​ရာဇဝင် ၇:၁၊ ၂၊ ၁၂၊ ၁၃

၁၆။ ဝတ်ပြုရာ​အိမ်တော် ဆောက်လုပ်​ရန် အဘယ်​ပြင်ဆင်ချက်​များ​ကို ဒါဝိဒ်​ပြုလုပ်​ခဲ့​သနည်း။

၁၆ ဒါဝိဒ်​သည် ဤ​ဆောက်လုပ်ရေး​စီမံကိန်း​ကြီး​တွင် အသုံးပြုရန်​အတွက် လိုအပ်သော​ပစ္စည်း​များ​ကို စုဆောင်း​ခဲ့​သည်။ ရှောလမုန်​အား ဒါဝိဒ်​ဤသို့​ပြော​ခဲ့​၏– “ငါသည် ဆင်းရဲခံ​စဉ်​တွင် ထာဝရ​ဘုရား​၏​အိမ်တော်အဖို့ ရွှေ​ချိန်ခွက် နှစ်​သန်း​ခြောက်​သိန်း​နှင့် ငွေ​ချိန်ခွက်​နှစ်​ကုဋေ​ခြောက်​သန်း​ကိုလည်း​ကောင်း၊ အချိန်​မရှိ၊ များစွာသော​ကြေး​နှင့် သံ​ကိုလည်း​ကောင်း​ပြင်ဆင်​ပြီ။ သစ်သား​များနှင့် ကျောက်​များ​ကိုလည်း ပြင်ဆင်​ပြီ။ သင်သည် ထပ်၍​ပြင်ဆင်​ရမည်။” သူ၏​ကိုယ်ပိုင်​ဥစ္စာ​ထဲ​မှ ရွှေ​အခွက် ၇၈,၀၀၀ နှင့် ငွေ​စင် ၁၆၃,၀၀၀ ကို​လှူဒါန်းခဲ့​သည်။ * (၁ ရာဇဝင်ချုပ် ၂၂:၁၄သမ္မာ; ၂၉:၃၊ ၄၊ သမ္မာ) ဒါဝိဒ်​၏ ရက်ရောမှု​သည် ဟန်ပြ​မဟုတ်ပါ၊ ယေဟောဝါ​ဘုရားသခင်​အား ယုံကြည်ခြင်း​နှင့် ဆည်းကပ်​ဝတ်ပြုခြင်း​တို့ကို တင်ပြ​လိုက်ခြင်း​ဖြစ်သည်။ သူ​ပိုင် စည်းစိမ်ဥစ္စာ​၏ ရင်းမြစ်ကို သူ​အသိအမှတ်ပြု​ကာ ယေဟောဝါ​အား သူ​ဤသို့​ပြော​ခဲ့​၏– “ခပ်သိမ်း​သော​အရာ​တို့သည် တန်ခိုးတော်​ကြောင့်​ဖြစ်ပါ​၏။ အကျွန်ုပ်​တို့သည် ကိုယ်တော်​၏​ဥစ္စာ​ထဲ​က​သာ ကိုယ်တော်​အား​ပူဇော်​ပါ​၏။” (၁ ရာဇဝင်ချုပ် ၂၉:၁၄) ဒါဝိဒ်​၏ ရက်ရော​သော​စိတ်နှလုံး​က စင်ကြယ်သော​ဝတ်ပြုရေး တိုးတက်စေ​ရန် သူတတ်​နိုင်​သမျှ​လုပ်ဆောင်ဖို့ လှုံ့ဆော်ပေး​ခဲ့​သည်။

၁၇။ ၁ တိမောသေ ၆:၁၇-၁၉ တွင်​တွေ့ရ​သော ဆုံးမ​စကား​သည် ချမ်းသာ​ကြွယ်ဝသူ​ရော ဆင်းရဲသူ​များနှင့်​ပါ မည်သို့​သက်ဆိုင်​သနည်း။

၁၇ အလားတူ​ပင် ကျွန်ုပ်​တို့သည် ကျွန်ုပ်​တို့၏ ပစ္စည်းဥစ္စာ​ကို ကောင်းမှု​ပြု​ရာ​တွင် အသုံးပြု​ကြ​မည်။ ရုပ်​ဝါဒ​ဆန်​သော​ဘဝ​ပုံစံ​ကို လိုက်စား​မည့်​အစား စစ်မှန်သော​ဉာဏ်ပညာ​နှင့် ပျော်ရွှင်မှု​တို့ကို​ပေး​သည့် ဘုရားသခင်​၏ နှစ်သက်​လက်ခံမှုကို သာ၍​ရှာယူ​သင့်​သည်။ ပေါလု​ဤသို့​ရေးခဲ့​၏– “ဤ​ဘဝ​၌ ငွေ​ရ​တတ်သော​သူတို့သည် မာန်​မာန​စိတ်​နှင့်​ကင်းလွတ်​၍ မ​မြဲ​သော​စည်းစိမ်​ကို မကိုးစား​ဘဲ ငါ​တို့​ခံစား​ဖို့​ရာ​အလုံးစုံ​တို့ကို ကြွယ်ဝ​စွာ​ပေးသနား​တော်​မူ​သော အသက်ရှင်​တော်​မူ​သော ဘုရားသခင်​ကို ကိုးစား​ရမည်​အကြောင်း​နှင့် သူတစ်ပါး​အား​ကျေးဇူးပြု​ခြင်း၊ ကောင်းသော​အကျင့်​၌ ကြွယ်ဝ​ပြည့်စုံခြင်း၊ စွန့်ကြဲ​ချင်​သော စေတနာ​စိတ်​ရှိ​ခြင်း၊ အချင်းချင်း​ဆက်ဆံခြင်း၊ မှန်သော​အသက်ကို ဝင်စား​လို​သော​ငှာ နောင်​ဘဝ​၌ ကောင်းသော​ဘဏ္ဍာ​ကို မိမိတို့​အဖို့ ဆည်းပူးခြင်း​တို့ကို ပြု​ရမည်​အကြောင်း ပညတ်​ထား​လော့။” (၁ တိမောသေ ၆:၁၇-၁၉) ကျွန်ုပ်​တို့၏​ငွေကြေး​အခြေအနေ မည်သို့​ပင်​ရှိပါစေ ဘုရားသခင့် ဝိညာဉ်​တော်​ကို ယုံကြည်​ကိုးစား​ပြီး ‘ဘုရားသခင့်​ရှေ့တော်၌ ကြွယ်ဝသော​သူ’ ဖြစ်စေ​သော အသက်တာ​လမ်းစဉ်​အတိုင်း လျှောက်လှမ်း​ကြပါစို့။ (လုကာ ၁၂:၂၁) ကျွန်ုပ်​တို့၏ မေတ္တာရှင် ကောင်းကင်​ခမည်းတော်​နှင့် မျက်နှာသာ​ရ​အနေအထား​ရှိ​ခြင်း​ထက် သာ၍​တန်ဖိုး​ရှိသော​အရာ မရှိပါ။

ဘုရားသခင်​ရှေ့၌ နှစ်သက်​တော်​မူ​သော​သူ​အဖြစ် ကိုယ်ကို​ဆက်သ​လော့

၁၈။ ဒါဝိဒ်​သည် ခရစ်ယာန်​များ​အတွက် အဘယ်​နည်းဖြင့် ပုံသက်သေ​ကောင်း​ချမှတ်​ခဲ့​သနည်း။

၁၈ ဒါဝိဒ်​၏​အသက်တာ တစ်လျှောက်​လုံး​တွင် ယေဟောဝါ​၏​နှစ်သက်​လက်ခံမှု​ရ​ရန် ရှာကြံ​ကြိုးစား​ခဲ့​သည်။ သီချင်း​တွင် သူ​ဤသို့​သီကျူး​ခဲ့​သည်– “အို​ဘုရားသခင် အကျွန်ုပ်​ကို​သနားတော်မူ​ပါ။ သနားတော်မူ​ပါ။ ... အကျွန်ုပ်၏​ဝိညာဉ်​သည် ကိုယ်တော်​ကို​ခိုလှုံ​ပါ​၏။” (ဆာလံ ၅၇:၁) ယေဟောဝါ​အပေါ် သူ၏​ယုံကြည်​ကိုးစားမှု​သည် အချည်းနှီး​မဖြစ်ခဲ့​ပါ။ ဒါဝိဒ်​အသက်ကြီး​လာပြီး ‘ကျေနပ်ဖွယ်​နေ့ရက်​များ​ကို ပိုင်ဆိုင်​ခဲ့​သည်။’ (၁ ရာဇဝင်ချုပ် ၂၃:၁) ကြီး​လေး​သော​အမှား​များ​ကို ဒါဝိဒ်​ပြုလုပ်​ခဲ့​သော်လည်း ထူးခြားသော​ယုံကြည်ခြင်း​တင်ပြ​ခဲ့​သူ ဘုရားသခင်​၏ သက်သေခံ​များစွာ​ထဲ​တွင် တစ်ဦး​အဖြစ် အမှတ်ရခြင်း​ခံရ​သည်။—ဟေဗြဲ ၁၁:၃၂

၁၉။ ကျွန်ုပ်​တို့သည် ဘုရားသခင် နှစ်သက်​တော်​မူ​ဖွယ်​သော​သူ​အဖြစ် ကိုယ်ကို မည်သို့ ဆက်သ​နိုင်​သနည်း။

၁၉ သင်သည် ဘဝ​အခြေအနေ​အပြောင်းအလဲ​များနှင့် ရင်ဆိုင်​ကြုံတွေ့​ရသည့်​အခါ ယေဟောဝါ​သည် ဒါဝိဒ်​ကို ထောက်မ​ခဲ့၊ ခွန်​အားပေးခဲ့၊ ပဲ့ပြင်​တည့်မတ်​ပေး​ခဲ့​သကဲ့သို့​ကျွန်ုပ်​တို့ကို​လည်း အလားတူ​ပြု​လုပ်ပေး​နိုင်​တော်​မူ​ကြောင်း သတိရပါ။ဒါဝိဒ်​ကဲ့သို့​ပင် တမန်​တော်​ပေါလု​သည် အသက်တာတွင် အပြောင်းအလဲ​များစွာ​နှင့် ကြုံတွေ့​ခဲ့​ရသည်။ သို့​တိုင် သူသည်​လည်း ဘုရားသခင်​၏ ဝိညာဉ်​တော်​ကို ယုံကြည်​ကိုးစားခြင်း​ဖြင့် တည်ကြည်​စွာ​ခံရပ်​ခဲ့​သည်။ သူ​ဤသို့​ရေးခဲ့​၏– “ငါ့ကို​ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​သော အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှုတို့​ကို ငါ​တတ်စွမ်း​နိုင်၏။” (ဖိလိပ္ပိ ၄:၁၂၊ ၁၃သမ္မာ) ကျွန်ုပ်​တို့သည် ယေဟောဝါ​အား ယုံကြည်​ကိုးစား​မည်​ဆိုလျှင် ကျွန်ုပ်​တို့ အောင်မြင်​ရန် ကိုယ်တော်​အကူအညီ​ပေး​တော်​မူ​မည်။ ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို​အောင်မြင်​စေ​လို​တော်​မူ​သည်။ ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​စကား​ကို​နားထောင်ပြီး ကိုယ်တော်​ထံ​ချဉ်းကပ်​မည်​ဆိုလျှင် ကိုယ်တော်​၏​အလိုတော်ကို ဆောင်ရွက်​ရာ​တွင် ကျွန်ုပ်​တို့ကို ခွန်​အားပေး​တော်​မူ​မည်။ ကျွန်ုပ်​တို့သည် ဘုရားသခင့်​ဝိညာဉ်​တော်​ကို ဆက်​ယုံကြည်​ကိုးစား​မည်​ဆိုလျှင် ယခု​နှင့်​ထာဝစဉ် ‘ဘုရားသခင်​ရှေ့၌ နှစ်သက်​တော်​မူ​ဖွယ်​သော​သူ​အဖြစ် ကိုယ်ကို​ဆက်သ’ နိုင်​ကြ​မည်။—၂ တိမောသေ ၂:၁၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 16 မျက်မှောက်ခေတ်​နှုန်း​ထား​အရ ဒါဝိဒ်​လှူဒါန်း​မှု​သည် အမေရိကန်​ဒေါ်လာ ၁,၂၀၀,၀၀၀,၀၀၀ ကျော်​တန်ဖိုး​ရှိသည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

မာနကြီး​ခြင်း​မရှိ​ရန် ကျွန်ုပ်​တို့​မည်သို့ ကာကွယ်​နိုင်​သနည်း။

ကျွန်ုပ်​တို့သည် အဘယ်ကြောင့် လက်တုံ့မပြန်​သင့်​သနည်း။

ဆုံးမ​ပဲ့ပြင်​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​အမြင်မျိုး ရှိ​သင့်​သနည်း။

စည်းစိမ်ဥစ္စာ​ကို​မဟုတ်ဘဲ ဘုရားသခင်​ကို အဘယ်ကြောင့် ယုံကြည် ကိုးစား​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ဒါဝိဒ်​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို ယုံကြည် ကိုးစား​ခဲ့​ပြီး ကိုယ်တော်​၏​နှစ်သက်​လက်ခံမှု​ရ​ရန် ရှာကြံ​ကြိုးစား​ခဲ့။ သင်လည်း ထို​အတိုင်း​လုပ်ဆောင်နေ​သလော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

“ခပ်သိမ်း​သော​အရာ​တို့သည် တန်ခိုးတော်​ကြောင့် ဖြစ်ပါ​၏။ အကျွန်ုပ်​တို့သည် ကိုယ်တော်​၏ ဥစ္စာ​ထဲ​က​သာ ကိုယ်တော်​အား​ပူဇော်​ပါ​၏”