မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားရဲနှင့် ယင်း၏အမှတ်တံဆိပ်ကို

သားရဲနှင့် ယင်း၏အမှတ်တံဆိပ်ကို

သားရဲ​နှင့် ယင်း​၏​အမှတ်​တံဆိပ်​ကို

ဖော်ထုတ်ခြင်း

ပဟေဠိ​တစ်ခု​၏​အဖြေ ရှာ​ရသည်ကို သင်​ပျော်မွေ့​သလော။ ထိုသို့​ပြု​ရန် အဖြေရှာ​တွေ့​စေ​မည့် သဲလွန်စ​များ​ကို သင်​ရှာဖွေ​ကြည့်​သည်။ ဗျာဒိတ်ကျမ်း​အခန်းကြီး ၁၃ တွင်​ပါ​သော သားရဲ​၏​အမည် သို့​မဟုတ် အမှတ်​တံဆိပ်​ဖြစ်သည့် ၆၆၆ ဂဏန်း​နှင့်​ပတ်သက်သော လိုအပ်​သည့်​သဲလွန်စ​များ​ကို မိမိ၏​မှုတ်သွင်းခံ​သမ္မာကျမ်းစာ​၌ ဘုရားသခင်​ဖော်ပြ​ထား​ပါ​သည်။

ဤ​ဆောင်းပါး​တွင် သားရဲ​အမှတ်​တံဆိပ်​၏ အဓိပ္ပာယ်​ကို​ဖော်​မည့် အဓိက​အကြောင်းရင်း​လေး​ရပ်—အရေးပါသော​သဲလွန်စ​များ—ကို ကျွန်ုပ်​တို့​စိစစ်​ကြည့်ရှု​ကြ​မည်။ (၁) တစ်ခါတစ်ရံ ကျမ်းစာ​ပါ နာမည်​များ​ကို မည်သို့​ရွေးချယ်​ကြောင်း၊ (၂) သားရဲ​သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း၊ (၃) “လူ့​ကိန်း​ဂဏန်း” ဖြစ်သော ၆၆၆ သည် အဘယ်အရာကို​ဆိုလို​ကြောင်း​နှင့် (၄) ၆ ဂဏန်း​၏​အဓိပ္ပာယ်​နှင့် ယင်းကို အဘယ်ကြောင့်​သုံးခါ​ပြန်၊ တစ်နည်း​အားဖြင့် ၆ အပေါင်း ၆၀ အပေါင်း ၆၀၀၊ သို့​မဟုတ် ၆၆၆ ဟု​ရေးသား​ကြောင်းကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်။—ဗျာ. ၁၃:၁၈

ကျမ်းစာ​ပါ​နာမည်​များ—အမည်ခံ​အမှတ်အသား​မျှ​မ​က

သမ္မာကျမ်းစာ​၌​ပါ​သော နာမည်​များသည် အများအားဖြင့် ထူးခြားသော​အဓိပ္ပာယ်​ရှိ၏၊ အထူးသဖြင့် ဘုရားသခင်​ပေး​သော​နာမည်​များ​ဖြစ်သည်။ သာဓက​အနေ​နှင့် အာဗြံ​သည် လူမျိုး​တို့၏​အဘ​ဖြစ်လာ​မည်​ဖြစ်သော​ကြောင့် ဘုရားသခင်​သည် ဘိုးဘေး​အာဗြံ​ကို “လူမျိုး​အများ​တို့၏​အဘ” ဟု​အဓိပ္ပာယ်​ရှိသော အာဗြဟံ​ဟု အမည်​ပြောင်း​ပေး​ခဲ့​သည်။ (ကမ္ဘာဦး ၁၇:၅သမ္မာ) မွေးဖွား​လာ​မည့်​ကလေး​ကို ‘ယေဟောဝါ​သည် ကယ်တင်ခြင်း​ဖြစ်၏’ ဟု​အဓိပ္ပာယ်​ရှိသော ယေရှု​အမည်​ဖြင့်​မှည့်​ရန် ယောသပ်​နှင့် မာရိ​ကို ဘုရားသခင်​မိန့်မှာ​ခဲ့​သည်။ (မဿဲ ၁:၂၁; လုကာ ၁:၃၁) ထို​အဓိပ္ပာယ်​ရှိသော​အမည်​နှင့်​အညီ ယေရှု၏ အမှုတော်​နှင့် ပူဇော်ရာ​ယဇ်​သေခြင်း​တို့အား​ဖြင့် ကျွန်ုပ်​တို့​ကယ်တင်ခြင်း​ရနိုင်ဖို့ ယေဟောဝါ စီစဉ်​ပေး​ခဲ့​သည်။—ယောဟန် ၃:၁၆

သို့​ဖြစ်၍ ဘုရားသခင်​ပေး​ထားသော ဂဏန်း-နာမည် ၆၆၆ သည် သားရဲ​၏​ထူးခြားသော​စရိုက်​လက္ခဏာ​ဟု ဘုရားသခင်​ယူမှတ်​သည့် အမှတ်​သင်္ကေတ​ဖြစ်​ရ​ပေမည်။ အဆိုပါ​စရိုက်​လက္ခဏာများ​ကို ကျွန်ုပ်​တို့ သိ​နားလည်​ရန် သားရဲ​ကိုယ်နှိုက်​ကို ခွဲခြား​သိမြင်ပြီး ယင်း​၏​လှုပ်ရှားမှုများ​ကို သိထားဖို့​လို​ပေ​သည်။

သားရဲ​ဖော်ထုတ်​ခံရ

သင်္ကေတ​ဖြင့်​ဖော်ပြ​သော သားရဲများ​၏​အဓိပ္ပာယ်​ကို ဒံယေလကျမ်း​က အလင်းဖြာ​ပေး​ပါ​သည်။ အခန်းကြီး ၇ တွင် “သားရဲ​ကြီး​လေးကောင်”—ခြင်္သေ့၊ ဝက်ဝံ၊ ကျားသစ်​နှင့် သံ​သွား​ကြီး​များ​ရှိသည့် အလွန်​ကြောက်မက်​ဖွယ်​သော​သားရဲ—တို့ကို ကွက်ကွက်ကွင်းကွင်း ရုပ်လုံး​ဖော်ပြ​သည်။ (ဒံယေလ ၇:၂-၇) ဤ​သားရဲများ​သည် အင်ပါယာ​ကြီး​များ​ကို ဆက်ခံ​အုပ်ချုပ်​သည့် “ဘုရင်” များ သို့​မဟုတ် တိုင်းနိုင်ငံ​များ​ကို ပုံဆောင်​သည်​ဟု ဒံယေလကျမ်း​က ပြောပြ​ပါ​သည်။—ဒံယေလ ၇:၁၇၊ ၂၃သမ္မာ။

ဗျာ. ၁၃:၁၊ ၂ ပါ​သားရဲ​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​၏​စကားပြန်​အဘိဓာန်​က ၎င်း​သားရဲ​တွင် “ဒံယေလ​အဆင်းအာရုံ​ပါ သားရဲ​လေးကောင်​၏ စရိုက်​လက္ခဏာ​အားလုံး ပေါင်းစပ်​ပါရှိ​သည် ... ။ သို့​ဖြစ်၍ [ဗျာဒိတ်ကျမ်း​ပါ] ဤ​ပထမ​သားရဲ​သည် ဘုရားသခင်​ကို​ဆန့်ကျင်​သော ဤ​လောက​ရှိ အုပ်စိုးမှု​အရပ်ရပ်​၏ စုပေါင်း​အင်အားစု​များ​ကို ကိုယ်စား​ပြု​သည်။” ဤ​တွေ့ရှိချက်​ကို ဗျာ. ၁၃:၇ က​အတည်ပြု​သည်၊ ထို​တွင် သားရဲ​နှင့်​ပတ်သက်​၍ ဤသို့​ဆို​၏– “အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့ကို အုပ်စိုး​ရသော​အခွင့်​ကိုလည်း​ရ၏။” *

သမ္မာကျမ်းစာ​က လူ့​အုပ်စိုးမှု​ကို အဘယ်ကြောင့် သားရဲများ​ဖြင့် ပုံခိုင်း​ထား​သနည်း။ အနည်းဆုံး အကြောင်းရင်း​နှစ်ခု​ရှိပါ​သည်။ ပထမ​အကြောင်းရင်း​မှာ လူ့​အုပ်စိုးမှု​များသည် ရာစုနှစ်များ​တစ်လျှောက် သားရဲများ​ပ​မာ သွေးသွန်းမှု​များ​ဖြစ်စေ​ခဲ့​သောကြောင့်​ဖြစ်သည်။ “ယဉ်ကျေးမှု သို့​မဟုတ် ဒီ​မို​က​ရေ​စီ​အခြေ​တည်​နေပြီ​ဖြစ်သော်လည်း စစ်မှု​မှာ လျော့နည်း​ပပျောက်​သွားခြင်း​မရှိဘဲ သမိုင်း​တွင် ရှိ​မြဲ​အရာတစ်ခု​ဖြစ်နေ​သည်” ဟု ဝီလ်​နှင့် အေ​ရီ​ယဲလ် ဒူးရန့်​တို့​က ရေးသားခဲ့​သည်။ “လူသည် တစ်ဦး​ပေါ်​တစ်ဦး အကျိုး​နစ်နာ​အောင်​အုပ်စိုး​လာ​ခဲ့​ကြ” သည်​မှာ အမှန်ပင်! (ဒေ. ၈:၉က​ဘ) ဒုတိယ​အကြောင်းရင်း​မှာ “နဂါး [စာတန်] သည် မိမိ​တန်ခိုး​နှင့်​မိမိ​ပလ္လင်​ကိုလည်း​ကောင်း၊ ကြီးစွာ​သော​အာဏာစက်​ကိုလည်း​ကောင်း သားရဲ​၌​အပ်ပေး” သောကြောင့်​ဖြစ်သည်။ (ဗျာ. ၁၂:၉; ၁၃:၂) ထိုသို့​နှင့်​အညီ လူ့​အုပ်ချုပ်မှု​သည် စာတန်​၏​ဖန်တီးမှု​လက်ရာ​ဖြစ်သည့်​အတွက် သားရဲ​နှင့်​တူသော၊ နဂါးနှင့်​တူသော​စိတ်​သဘောထားများကို ထင်ဟပ်ပြ​လေ​သည်။—ယောဟန် ၈:၄၄; ဧဖက် ၆:၁၂

သို့သော် ယင်းက လူ့​အုပ်စိုးရှင်​မှန်သမျှ စာတန့်​တိုက်ရိုက်​လက်ကိုင်တုတ်​ဖြစ်သည်ဟု မဆိုလို​ပါ။ အမှန်​မှာ၊ လူ့​အစိုးရ​များသည် တစ်နည်း​အားဖြင့်​ဆိုလျှင် လူ့​အဖွဲ့အစည်း​ကို တည်ငြိမ်​စေသော “ဘုရားသခင်​၏​အစေခံများ” ဖြစ်​ကြသည်၊ ၎င်း​မရှိပါ​က ဖရိုဖရဲ၊ ပရမ်းပတာ​ဖြစ်​ပေမည်။ ထို့​ပြင် အချို့​သော​ခေါင်းဆောင်​များသည် စာတန်​အလို​မရှိသော​အရာ—စစ်မှန်သော​ဝတ်ပြုရေးကို ကိုးကွယ်​လိုက်စား​ခွင့်​အပါအဝင် အခြေခံ​လူ့​အခွင့်အရေး​များ​ကို ကာကွယ်​ပေး​ခဲ့​ကြပြီ။ (ရောမ ၁၃:၃၊ ၄; ဧဇရ ၇:၁၁-၂၇; တမန်​တော် ၁၃:၇) သို့သော် စာတန့်​သြဇာလွှမ်း​မှု​ကြောင့် တည်မြဲသော​ငြိမ်သက်မှု​နှင့် လုံခြုံမှု​ကို အဘယ်​လူသား သို့​မဟုတ် အဘယ်​လူ့​အဖွဲ့အစည်း​မျှ မ​ဆောင်ကြဉ်း​ပေး​နိုင်​ပါ။ *ယောဟန် ၁၂:၃၁

‘လူသား​ကိန်း​ဂဏန်း’

၆၆၆ ဂဏန်း​အဓိပ္ပာယ်​၏ တတိယ​သဲလွန်စ​သည် “လူ့​ကိန်း​ဂဏန်း” သို့​မဟုတ် အကျယ်​ဖွင့်ဆို​သည့်​သမ္မာကျမ်း​အရ ‘လူသား​ကိန်း​ဂဏန်း’ ဖြစ်သည်​ဟူ​သည့်​အချက်​ပေါ်​တွင် ရှိ​နေသည်။ မည်သည့်​လူ​မျှ​မဟုတ်ဘဲ စာတန်​သည်​သာ သားရဲ​အပေါ် ဩဇာ​ရှိသောကြောင့် ဤ​အသုံးအနှုန်း​သည် လူသား​တစ်ဦး​တစ်ယောက်ကို ရည်ညွှန်းခြင်း​မဖြစ်​နိုင်​ပါ။ (လုကာ ၄:၅၊ ၆; ၁ ယောဟန် ၅:၁၉; ဗျာ. ၁၃:၂၊ ၁၈) ယင်းအစား သားရဲ​တွင် ‘လူသား​ကိန်း​ဂဏန်း’ သို့​မဟုတ် အမှတ်​တံဆိပ်​ရှိ​ခြင်း​က ယင်းသည် ဝိညာဉ် သို့​မဟုတ် နတ်ဆိုး​မဟုတ်ဘဲ လူ့​သဘာဝ​ရှိကြောင်း ပြ​သည်၊ ယင်းကြောင့် ၎င်း​သည် လူ့​စရိုက်​လက္ခဏာ​အချို့​ကို ထင်ရှား​ဖော်ပြ​သည်။ အဘယ်​စရိုက်​လက္ခဏာများ ဖြစ်​နိုင်​သနည်း။ သမ္မာကျမ်းစာ​က ဤသို့​အဖြေပေး​သည်– “လူအပေါင်း​တို့သည် [မကောင်းမှု] ကို​ပြု​၍ ဘုရားသခင့်​ရှေ့တော်၌ အသရေပျက်​ကြပြီ။” (ရောမ ၃:၂၃) ထို့​ကြောင့် သားရဲ​တွင် လူ့​ကိန်း​ဂဏန်း​ရှိ​ခြင်း​က လူ့​အုပ်စိုးမှု​များ​တွင် အပြစ်​နှင့် မစုံလင်မှု​၏​အမှတ်သညာ​ဖြစ်သော အပြစ်သား​လူ့​အခြေအနေ​မျိုး တွေ့ရ​မည်​ဖြစ်​ကြောင်း ဖော်ပြ​သည်။

၎င်း​မှန်​ကြောင်း သမိုင်းက သက်သေထူ​ပါ​သည်။ ယူ.အက်စ်. အတွင်းရေးမှူး​ဟောင်း ဟင်နရီ က​စ်​စင်း​ဂျား​က ဤသို့​ဆို​ခဲ့​သည်– “တည်ရှိ​ခဲ့​ဖူး​သမျှ ယဉ်ကျေးမှု​တိုင်း​သည် အဆုံး​၌ နိဂုံး​ချုပ်​သွား​ကြ​လေ​သည်။ သမိုင်း​ဟူသည် အရာ​မထင်​သည့်​လုံ့လ၊ အကောင်အထည်​မ​ပေါ်​သည့် ရည်မှန်းချက်​တို့​နှင့်​ပြည့်​သော ပုံပြင်​တစ်ပုဒ်​သာ​တည်း။ ... ထို့​ကြောင့် သမိုင်း​သုတေသီ​တစ်ဦး​အနေ​နှင့် မရှောင်​လွှဲ​နိုင်သော ဝမ်းနည်းပူဆွေး​ခြင်း​ကို ရင်​ဝယ်​ပိုက်​၍ အသက်ရှင်​ရသည်။” က​စ်​စင်း​ဂျား​၏ ပွင့်လင်း​သော​သုံးသပ်ချက်​က “လူသည် မိမိ​သွားရာလမ်းကို​အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေရာ​တို့ကို မစီရင်​တတ်” ဟူသော ကျမ်းစာ​အခြေခံ​အမှန်တရားကို သက်သေထူ​၏။—ယေရမိ ၁၀:၂၃

သားရဲ​သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း​နှင့် ယင်းကို ဘုရားသခင်​မည်သို့​ယူမှတ်​ကြောင်း ယခု ကျွန်ုပ်​တို့​သိရှိ​ခဲ့ပြီ​ဖြစ်​ရာ ပဟေဠိ​၏​နောက်ဆုံး​အဆင့်​ကို ဆန်းစစ်​ကြည့်​နိုင်​သည်၊ ခြောက်​ဂဏန်း​နှင့် ယင်းကို အဘယ်ကြောင့်​သုံးခါ​ပြန်၊ တစ်နည်း​အားဖြင့် ၆ အပေါင်း ၆၀ အပေါင်း ၆၀၀ ဟု​ရေးသား​ထား​ရသည့်​အကြောင်း ဖြစ်သည်။

သုံးခါ​ပြန် ခြောက်—အဘယ်ကြောင့်

သမ္မာကျမ်းစာ​တွင် အချို့​သော​ကိန်း​ဂဏန်း​များ​၌ အထိမ်းအမှတ်​အဓိပ္ပာယ်​များ​ရှိကြသည်။ ဥပမာ၊ ခု​နစ်​ဂဏန်း​သည် ဘုရားသခင့်​အမြင်​တွင် ပြည့်စုံခြင်း သို့​မဟုတ် စုံလင်ခြင်း အထိမ်းအမှတ်​အဖြစ် အသုံးပြုလေ့​ရှိသည်။ သာဓက​အနေ​နှင့် ဘုရားသခင်​၏​ဖန်ဆင်း​ရာ ရက်သတ္တပတ်​တွင် ခု​နစ် ‘ရက်’ ပါဝင်​သည် သို့​မဟုတ် ကြာညောင်း​သည်၊ ထို​အတောအတွင်း ဘုရားသခင်​သည် မြေကြီး​နှင့်​ပတ်သက်သော ဖန်ဆင်း​ခြင်း​ဆိုင်ရာ​ရည်ရွယ်ချက်ကို အပြည့်အစုံ​ပြီးမြောက်​ခဲ့​သည်။ (ကမ္ဘာဦး ၁:၃–၂:၃) ဘုရားသခင်​၏ “စကားတော်” များသည် “ခု​နစ်​ကြိမ်​စစ်​သော” ငွေ​ကဲ့သို့​ဖြစ်သည်၊ သို့ဖြင့် လုံးလုံးလျားလျား သန့်စင်​၏။ (ဆာလံ ၁၂:၆; သု. ၃၀:၅၊ ၆) နူနာ​စွဲ​နေသော​နေမန်​သည် ယော်ဒန်​မြစ်​တွင် ခု​နစ်​ကြိမ်​ရေချိုး​ရန် မှာကြား​ခံရ​ပြီး လုံးဝ​ရောဂါ​ပျောက်ကင်း​ခဲ့​သည်။—၄ ဓမ္မ​ရာဇဝင် ၅:၁၀၊ ၁၄

ခြောက်​ဂဏန်း​သည် ခု​နစ်​ပြည့်​ရန် တစ်​လို​၏။ ယင်းက ဘုရားသခင့်​အမြင်​တွင် မစုံလင်​သော၊ ချို့ယွင်းချက်​ပါ​သော​အရာ​ကို တင်စား​ခြင်း​သည် မ​လျောက်ပတ်​ပေ​လော။ ဧကန်​အမှန်ပင်! (၁ရာဇဝင်ချုပ် ၂၀:၆၊ ၇) ထို့​အပြင် ခြောက်​ဂဏန်း​ကို တတိယ​အဆင့်​အထိ ၆၆၆ ဟု​ရေးသားခြင်း​က ဤ​မစုံလင်မှုကို သာ၍​အလေးစီး​စေ​သည်။ ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​သည့်​အတိုင်း ၆၆၆ သည် ‘လူသား​ကိန်း​ဂဏန်း’ ဖြစ်သည့်​အချက်​က​လည်း ၎င်း​မှန်​ကြောင်း သက်သေထူ​သည်။ ထို့​ကြောင့် သားရဲ​၏​ရာဇဝင်၊ ယင်း​၏ ‘လူသား​ကိန်း​ဂဏန်း’ နှင့် ၆၆၆ ဂဏန်း​ကိုယ်နှိုက်​တို့​က ယေဟောဝါ​အမြင်​တွင် ယင်းသည် လုံးလုံးလျားလျား​စံ​မမီ၊ မပြည့်မီ​ဟူသော မမှား​နိုင်​သည့် ကောက်ချက်​ကို​ချ​စေ​သည်။

သားရဲ​၏​မစုံမလင်​ချို့တဲ့မှု​ကို သရုပ်ဖော်​ထား​ပုံ​က ရှေးခေတ်​ဗာဗုလုန်​ဘုရင် ဗေလရှာဇာ​နှင့်​ပတ်သက်သော​ဖော်ပြချက်​ကို ပြန်သတိရ​စေ​သည်။ ထို​အုပ်စိုးရှင်​ကို ယေဟောဝါ​က “[သင့်]ကို​ချိန်ခွင်​နှင့်​ချိန်​၍ လျော့​ကြောင်းကို​တွေ့မြင်​တော်​မူ​၏” ဟု ဒံယေလ​မှ​တစ်ဆင့် မိန့်တော်မူ​ခဲ့​သည်။ ထို​ည​တွင်​ပင် ဗေလရှာဇာ ကွပ်မျက်​ခံရ​ပြီး ဗာဗုလုန်​အင်ပါယာ​ကြီး ကျရှုံး​ခဲ့​သည်။ (ဒံယေလ ၅:၂၇၊ ၃၀) ထို​နည်းတူ နိုင်ငံရေး​နှင့်​ဆိုင်သော​သားရဲ​နှင့် ယင်း​၏​အမှတ်​တံဆိပ်​ခံယူ​သူများကို ဘုရားသခင်​တရား​စီရင်ခြင်း​က ၎င်း​သားရဲ​နှင့် ယင်းကို​ထောက်ခံသူ​များ​၏ နိဂုံး​ကို​ဆိုလို​သည်။ သို့သော် ဤ​တစ်ကြိမ်​တွင် ဘုရားသခင်​သည် နိုင်ငံရေး​စနစ်​တစ်ခု​တည်း​ကို​သာ​မဟုတ် လူ့​အုပ်ချုပ်မှု​အစ​အ​န​မှန်သမျှကို အမြစ်​မကျန် ချေမှုန်း​သုတ်သင်​ပါ​လိမ့်​မည်။ (ဒံယေလ ၂:၄၄၊ ၄၅; ဗျာ. ၁၉:၁၉၊ ၂၀) ထို့​ကြောင့် ကျွန်ုပ်​တို့သည် သားရဲ​၏​သေစေနိုင်​သော အမှတ်​တံဆိပ်​ကို မခံယူဖို့ အရေးကြီး​လှ​ပေ​သည်!

အမှတ်​တံဆိပ်​ကို အဓိပ္ပာယ်​ဖွင့်​ခြင်း

၆၆၆ ဂဏန်း​ကို​ဖော်​ပြပြီး​ပြီး​ချင်း သိုးသငယ် ယေရှု​ခရစ်​၏​နောက်လိုက်​များ​ဖြစ်သော ၁၄၄,၀၀၀ အကြောင်းကို ဗျာဒိတ်ကျမ်း​က​ဖော်ပြ​ပါ​သည်၊ ကိုယ်တော်​၏​နာမ​နှင့် ခမည်းတော်​၏​နာမ ယေဟောဝါ​ကို နဖူး​၌ အက္ခရာ​တင်ထား​သူများ​ဖြစ်သည်။ ၎င်း​အမည်​နာမ ခံယူ​သူများ​သည် သူတို့​ဂုဏ်ယူ​စွာ သက်သေခံ​ကြသော ယေဟောဝါ​နှင့် ကိုယ်တော့်​သားတော်​၏ ပိုင်ဆိုင်ရာ​များ​ဖြစ်​ကြောင်း ဖော်ပြ​သည်။ အလားတူ သားရဲ​၏​အမှတ်​တံဆိပ်​ရှိ​သူများ​က မိမိတို့သည် သားရဲ​၏​လက်​ပါး​စေ​များ​ဖြစ်​ကြောင်း သိရှိ​စေ​သည်။ သို့​ဖြစ်၍ ပုံဆောင်​သဘောဖြင့်​ပြော​ရ​လျှင် လက်ယာလက်​၌​ဖြစ်စေ၊ နဖူး​၌​ဖြစ်စေ အမှတ်​တံဆိပ်​ရှိ​ခြင်း​က ထို​သူသည် သားရဲ​နှင့်​တူသော လောက​နိုင်ငံရေး​စနစ်​ကို ကြည်ညို​လေးစား​ထောက်ခံသူ​ဖြစ်သည့် အမှတ်​သင်္ကေတ​ဖြစ်သည်။ ထို​အမှတ်​တံဆိပ်​ခံ​သူတို့သည် ဘုရားသခင်​ပိုင်ထိုက်ရာ​ကို “ကဲသာ” အား ပေး​ကြသည်။ (လုကာ ၂၀:၂၅; ဗျာ. ၁၃:၄၊ ၈; ၁၄:၁) မည်သို့​ပေး​ကြ​သနည်း။ မျှော်လင့်ချက်​နှင့် ကယ်မ​ခြင်း​အတွက် သူတို့​မျှော်ကိုး​သော တိုင်းနိုင်ငံ၊ ယင်း​၏​အထိမ်းအမှတ်​များနှင့် ယင်း​၏ စစ်​အင်အား​များ​ကို ကြည်ညို​သ​မှု ဂုဏ်တင်​ပြုခြင်း​အားဖြင့် ဖြစ်သည်။ စစ်မှန်သော​ဘုရားသခင်​ကို သူတို့ ဝတ်ပြု​ကိုးကွယ်​ကြ​ခြင်း​ဟူသည် လေ​သာ​ဖြစ်သည်။

ယင်း​နှင့်​ဆန့်ကျင်​လျက် သမ္မာကျမ်းစာ​က ဤသို့​တိုက်တွန်း​သည်– “မင်း​များ​မှ​စ၍ မ​ကယ်တင်​နိုင်သော​လူသားကို မကိုးစား​ကြ​နှင့်။ သူသည်​အသက်​ထွက်၍ မြေ​သို့​ပြန်သွား​တတ်၏။ ထို​နေ့​ခြင်း​တွင် သူ၏​အကြံအစည်​တို့သည် ပျက်စီး​ကြ​၏။” (ဆာလံ ၁၄၆:၃၊ ၄) ပညာ​ရှိသော ထို​အကြံပြုချက်ကို လိုက်နာသူ​တို့သည် အုပ်ချုပ်ရေး​များ မိမိတို့၏​ကတိ​များ​ကို မ​ဖြည့်စွမ်း​နိုင်သော​အခါ သို့​မဟုတ် ဩဇာ​ရှိသော​ခေါင်းဆောင်​များ ဂုဏ်​ရှိန်​ကျ​သွားသော​အခါ စိတ်ပျက်​အားလျော့​ရခြင်း​မျိုး မဖြစ်​ကြ​ချေ။—သု. ၁:၃၃

ယင်းက ခရစ်ယာန်စစ်​များသည် လူ့​အဖြစ်​များနှင့်​ပတ်သက်​၍ ငုတ်​တုတ်​ထိုင်​နေကြ​သည်​ဟု မဆိုလို​ပါ။ ထိုသို့​နေ​မည့်​အစား လူ့​ပြဿနာ​များ​ကို ဖြေရှင်း​ပေး​မည့် တစ်ခု​တည်း​သော​အုပ်ချုပ်ရေး​ဖြစ်​ပြီး သူတို့​ကိုယ်တိုင် ကိုယ်စား​ပြု​သည့် ဘုရားသခင့်​နိုင်ငံတော်​အကြောင်းကို သူတို့​တက်ကြွ​စွာ ကြေညာ​ကြသည်။—မဿဲ ၂၄:၁၄

ဘုရားသခင့်​နိုင်ငံတော်—လူသား​တို့၏​တစ်ခု​တည်း​သော မျှော်လင့်ချက်

မြေကြီးပေါ်​ရှိ​စဉ်​အခါ​က ယေရှုသည် ဘုရားသခင့်​နိုင်ငံတော်​အကြောင်းကို အဓိက​ထား ဟောပြောခဲ့​သည်။ (လုကာ ၄:၄၃) တစ်ခါတစ်ရံ သခင့်​ဆုတောင်းချက်​ဟု​ခေါ်​သော စံပြ​ဆုတောင်းနည်း​တွင် ထို​နိုင်ငံတော်​လာဖို့​နှင့် မြေကြီးပေါ်​တွင် ဘုရားသခင့်​အလိုတော်​ပြည့်စုံ​စေဖို့ ဆုတောင်း​ရန် နောက်လိုက်​များ​အား ကိုယ်တော်​သွန်သင်​ခဲ့​သည်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်​နိုင်ငံတော်​သည် မြေကြီး​တစ်ပြင်လုံး​ကို မြေကြီးဆိုင်ရာ​မြို့တော်​တစ်ခု​မှ မဟုတ်ဘဲ ကောင်းကင်​မှ​အုပ်ချုပ်​မည့် အစိုးရ​တစ်ခု​ဖြစ်သည်။ ထို့​ကြောင့် ယင်းကို ယေရှု​က “ကောင်းကင်​နိုင်ငံတော်” ဟု​ခေါ်ဆို​ခဲ့​သည်။—မဿဲ ၁၁:၁၂

မိမိ၏​လက်အောက်ခံ​ဖြစ်​မည့်​သူများ​အတွက် အသေခံ​ခဲ့​သော ယေရှု​ခရစ်​ထက် သာ၍​သင့်တော်​လျောက်ပတ်​သော နိုင်ငံတော်​ဘုရင်​ရှိပါ​ဦး​မည်​လော။ (ဟေရှာယ ၉:၆၊ ၇; ယောဟန် ၃:၁၆) ယခု တန်ခိုး​ကြီးသော​ဝိညာဉ်​သတ္တဝါ​ဖြစ်သော ဤ​စုံလင်​သည့်​အုပ်စိုးရှင်​သည် မကြာမီ သားရဲ၊ ယင်း​၏​ရှင်ဘုရင်များ​နှင့် စစ်သည်​ဗိုလ်ပါ​များ​ကို ထာဝရ​ဖျက်ဆီးခြင်း အထိမ်းအမှတ်​ဖြစ်သော“ကန့်​နှင့်​လောင်​သော​မီး​အိုင်” ထဲ​သို့ ချပစ်​ပါ​လိမ့်​မည်။ သို့သော် ထို​မျှ​နှင့်​မပြီး​ချေ။ ယေရှုသည် စာတန်​ကိုလည်း ဖယ်ရှားပစ်​ပါ​လိမ့်​မည်၊ ယင်းသည် မည်သည့်​လူသား​မျှ မတတ်နိုင်​သော​အရာတစ်ခု​ဖြစ်သည်။—ဗျာ. ၁၁:၁၅; ၁၉:၁၆၊ ၁၉-၂၁; ၂၀:၂၊ ၁၀

ဘုရားသခင့်​နိုင်ငံတော်​သည်​ယင်း​၏​နာခံမှု​ရှိသော လက်အောက်ခံ​များ​အားလုံး​အတွက်​ငြိမ်သက်ခြင်း​ကို ဆောင်ကြဉ်း​ပေး​ပါ​လိမ့်​မည်။ (ဆာလံ ၃၇:၁၁၊ ၂၉; ၄၆:၈၊ ၉) ဝမ်းနည်းခြင်း၊ နာကျင်ခြင်း​နှင့် သေခြင်း​ပင် ရှိတော့မည်​မဟုတ်။ သားရဲ​၏​အမှတ်​တံဆိပ်​ကို​မခံ ကင်းကင်းရှင်းရှင်း​နေ​သူများ​အတွက် အလွန်​ထူးမြတ်​သည့် အလားအလာ​ပါ​တကား!—ဗျာ. ၂၁:၃၊ ၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ဤ​အခန်းငယ်​များနှင့်​ပတ်သက်သော အသေးစိတ်​ဆွေးနွေးချက်​များ​ကို ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့​သော ဗျာဒိတ်ကျမ်း—ယင်း​၏​မဟာ​အထွတ်အထိပ်​နီးပြီ!စာအုပ် အခန်း ၂၈ ကို​ရှု။

^ အပိုဒ်၊ 12 လူ့​အုပ်ချုပ်မှု​သည် သားရဲ​နှင့်​တူ​လေ့​ရှိကြောင်း အသိအမှတ်ပြု​သော်လည်း ခရစ်ယာန်စစ်​များသည် သမ္မာကျမ်းစာ​ညွှန်ကြား​သည့်​အတိုင်း အစိုးရ​နှင့်​ဆိုင်သော “မင်း​အာဏာစက်” ကို လက်အောက်ခံ​ကြ​ပါ​သည်။ (ရောမ ၁၃:၁) သို့သော် ဘုရားသခင့်​ပညတ်​နှင့် ဆန့်ကျင်​ရာ​ကို ၎င်း​အာဏာစက်​များ စေခိုင်း​သည့်​အခါ သူတို့သည် “လူ​ထက်​ဘုရားသခင်​ကို ... သာ၍​နာခံ” ကြ​ပါ​သည်။—တမန်​တော် ၅:၂၉၊ က​ဘ။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

၆၆၆ ဂဏန်း​၏​အဓိပ္ပာယ် သဲလွန်စ​များ

၁။ အာဗြဟံ၊ ယေရှု​နှင့် အခြားသူများ​စွာ​တို့၏​အဖြစ်​မှာ​ကဲ့သို့ ကျမ်းစာ​ပါ အမည်များသည် ၎င်း​အမည်ခံ​ယူ​သူ၏​စရိုက်​များ သို့​မဟုတ် သူ၏​အသက်တာ​အကြောင်း ဖော်ပြ​လေ့​ရှိသည်။ ထို​နည်းတူ သားရဲ​၏​ဂဏန်း​တပ်​အမည်​က ယင်း​၏​စရိုက်​လက္ခဏာများ​ကို ရုပ်လုံးပေါ်​စေ​သည်။

၂။ ဒံယေလကျမ်း​စာစောင်​တွင် ပုံသဏ္ဌာန်​အမျိုးမျိုး​ရှိသော သားရဲများ​သည် အစဉ်အဆက် ဆင်းသက်​ဆက်ခံ​သော တိုင်းနိုင်ငံ​များ သို့​မဟုတ် အင်ပါယာ​များ​ကို ကိုယ်စား​ပြု​သည်။ ဗျာ. ၁၃:၁၊ ၂ ပါ ပေါင်းစပ်​ထားသော​သားရဲ​သည် စာတန် အာဏာ​အပ်နှင်း​ထားပြီး ထိန်းချုပ်​ထားသော ကမ္ဘာချီ​နိုင်ငံရေး​စနစ်​ကို ပုံခိုင်း​သည်။

၃။ သားရဲ​တွင်“လူ့​ကိန်း​ဂဏန်း”သို့​မဟုတ်‘လူသား​ကိန်း​ဂဏန်း’ ရှိ​ခြင်း​က ယင်းသည် နတ်ဆိုး​တစ်ပါး​မဟုတ်ဘဲ လူ့​သဘာဝ​ရှိ​ခြင်း​ကို ဖော်ပြ​သည်။ ထို့​ကြောင့် အပြစ်​နှင့် မစုံလင်မှု​ကြောင့် ဖြစ်ပေါ်​လာသော လူ့​အားနည်းချက်များ​ကို ထင်ဟပ်ပြ​သည်။

၄။ ဘုရားသခင့်​အမြင်​တွင် ဂဏန်း​ခြောက်​သည် ကျမ်းစာ​ရှုထောင့်​အရ ပြည့်စုံသော သို့​မဟုတ် စုံလင်သော ခု​နစ်​ဂဏန်း​ကို စံ​မမီ​သဖြင့် မစုံလင်​ခြင်း​ကို​ဖော်ပြ​သည်။ ၆၆၆ ဂဏန်း​အမှတ်​တံဆိပ်​က တတိယ​အဆင့်​အထိ ချို့တဲ့​ကြောင်း အလေးအနက်​ဖော်ပြ​သည်။

[စာမျက်နှာ ပါ ရုပ်ပုံ]

၆၆၆ ဂဏန်း​ဖြင့် လျောက်ပတ်​စွာ​ပုံခိုင်း​ထားသော လူ့​အုပ်ချုပ်မှု​သည် စံ​မမီ​ကြောင်း သက်သေထူ​ခဲ့ပြီ

[Credit Line]

Starving child: UNITED NATIONS/Photo by F. GRIFFING

[စာမျက်နှာ ပါ ရုပ်ပုံ]

ယေရှု​ခရစ်​သည် ကမ္ဘာ​မြေကြီးကို စုံလင်သော​အုပ်ချုပ်မှု​ဖြင့် အုပ်ချုပ်​ပါ​လိမ့်​မည်