မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာမှ ဥပစာစကားများ ယင်းတို့ကို သင် သဘောပေါက်ပါသလော

သမ္မာကျမ်းစာမှ ဥပစာစကားများ ယင်းတို့ကို သင် သဘောပေါက်ပါသလော

သမ္မာကျမ်းစာမှ ဥပစာစကားများ ယင်းတို့ကို သင် သဘောပေါက်ပါသလော

ရုပ်ပုံတစ်ခုသည် စကားလုံးထောင်ပေါင်းများစွာ ဖော်ပြနိုင်၏၊ သို့သော် တစ်ခါတစ်ရံ စကားလုံးတစ်လုံးနှစ်လုံးမျှဖြင့် ပုံရိပ်တစ်ခုကို စိတ်ထဲပုံဖော်နိုင်သည်။ သမ္မာကျမ်းစာ၌ စာဖတ်သူ၏စိတ်အာရုံတွင် ရုပ်လုံးပေါ်စေသော ဥပစာစကား မြောက်မြားစွာပါဝင်သည်။ * ဥပမာ၊ လေ့လာမှုတစ်ခုအရ ယေရှုသည် တောင်ပေါ်တွင်ဟောပြောသော တရားတော်တစ်ခုတည်းတွင်ပင် ဥပစာစကား ၅၀ ကျော် အသုံးပြုခဲ့သည်။

ထိုဥပစာစကားများကို သင် အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။ အကြောင်းရင်းတစ်ခုမှာ ယင်းတို့ကိုသဘောပေါက်ခြင်းက သင်၏ကျမ်းစာဖတ်ရှုမှုကို ပို၍စိတ်ဝင်စားဖွယ်ဖြစ်စေပြီး ကျမ်းစာအပေါ် သင့်လေးမြတ်မှုကို တိုးပွားစေမည်ဖြစ်သောကြောင့်ပင်။ ထို့ပြင် သင်သည် ဥပစာစကားများ၏အဓိပ္ပာယ်ကို မှန်ကန်စွာသဘောပေါက်လျှင် ကျမ်းစာသတင်းတရားကို ပို၍နားလည်လာပေမည်။ အမှန်မှာ၊ ကျမ်းစာမှဥပစာစကားတစ်ခုကို သဘောမပေါက်ပါက စိတ်ရှုပ်ထွေးစေသည့်အပြင် ကောက်ချက်အမှားများ ချမိစေနိုင်သည်။

ဥပစာစကားများကို သဘောပေါက်ခြင်း

ဥပစာစကားဟူသည် အယူအဆတစ်ခုကို အခြားအယူအဆတစ်ခုနှင့် ခိုင်းနှိုင်းခြင်းဖြစ်သည်။ အနှိုင်းခံရသောအယူအဆကို အကြောင်းအရာဟုခေါ်၏၊ ခိုင်းနှိုင်းလိုက်သောအရာကို တင်စားချက်ဟုခေါ်၏။ ယင်းတို့နှစ်ခုစပ်ကြား ခိုင်းနှိုင်းချက်ကို ဆင်တူချက်ဟုခေါ်၏။ ထို့ကြောင့် ဥပစာစကားတစ်ခု၏အဓိပ္ပာယ်အမှန်ကို သဘောပေါက်နိုင်ဖို့ ထိုအချက်သုံးချက်ကို ကောင်းစွာသိထားရန် အရေးကြီးသည်။

တစ်ခါတစ်ရံ၊ အကြောင်းအရာနှင့်တင်စားချက်ကို အလွယ်တကူ သိမြင်နားလည်နိုင်သည်။ သို့သော် ဆင်တူချက်နှင့်ပတ်သက်၍ ဖြစ်နိုင်ခြေများစွာရှိနိုင်သည်။ သို့ဆိုလျှင် ဆင်တူချက်ကို တိကျစွာသဘောပေါက်နိုင်ရန် အဘယ်အရာက ကူညီပေးမည်နည်း။ ရှေ့နောက်စကားတွင် အဖြေတွေ့ရလေ့ရှိသည်။ *

ဥပမာ၊ ယေရှုသည် သာဒိအသင်းတော်ကို “သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါအမှန်လာမည်” ဟုပြောဆိုခဲ့သည်။ ဤတွင် ယေရှုသည် မိမိရောက်လာခြင်း(အကြောင်းအရာ)ကို သူခိုးရောက်လာခြင်း(တင်စားချက်)နှင့် ခိုင်းနှိုင်းထားသည်။ သို့သော် ဆင်တူချက်ကား အဘယ်နည်း။ ရှေ့နောက်စကားက သိရှိစေသည်။ “ငါလာမည့် အချိန်နာရီကိုလည်း သင်လုံးဝသိရမည်မဟုတ်” ဟုယေရှုဆက်ပြောခဲ့သည်။ (ဗျာ. ၃:၃) ထို့ကြောင့် ထိုခိုင်းနှိုင်းချက်သည် ကိုယ်တော်ရောက်လာခြင်း၏ရည်ရွယ်ချက်ကို ထောက်ပြနေခြင်းမဟုတ်ပေ။ တစ်စုံတစ်ရာကိုခိုးယူရန် ရောက်လာမည်ဟု ကိုယ်တော်ဆိုလိုနေခြင်းမဟုတ်ပါ။ ခိုင်းနှိုင်းချက်၏ဆိုလိုရင်းမှာ မထင်မှတ်သော၊ ကြိုတင်မသိနိုင်သောအချိန်တွင် ကိုယ်တော်ရောက်လာခြင်းဖြစ်သည်။

တစ်ခါတစ်ရံ၊ ကျမ်းစာအပိုင်းတစ်ပိုင်းမှ ဥပစာစကားတစ်ခုသည် နောက်အပိုင်းတစ်ခုမှ ထပ်တူဥပစာစကားကို နားလည်ရန် ကူညီပေးနိုင်သည်။ ဥပမာ၊ တမန်တော်ပေါလုသည် ယေရှုမိန့်ဆိုခဲ့သောဥပစာစကားကိုသုံး၍ ‘ယေဟောဝါဘုရားသခင်၏နေ့ရက်သည် ညအချိန် သူခိုးလာသကဲ့သို့ရောက်လာမည်ကို သင်တို့ကိုယ်တိုင် ကောင်းစွာသိကြ၏’ ဟုရေးခဲ့သည်။ (၁ သက်သာလောနိတ် ၅:၂) ယင်း၏ရှေ့နောက်စကားသည် ဆင်တူချက်ကို ရှင်းလင်းစွာမဖော်ပြပေ။ သို့သော် ထိုဥပစာစကားကို ဗျာ.ကျမ်း ၃:၃ ပါ ယေရှုအသုံးပြုခဲ့သော ဥပစာစကားနှင့်နှိုင်းယှဉ်ခြင်းက ဆင်တူချက်ကို သဘောပေါက်စေနိုင်သည်။ ထိုဥပစာစကားသည် ခရစ်ယာန်စစ်အားလုံး ဝတ်ပြုရေးနှင့်ပတ်သက်လျှင် နိုးနိုးကြားကြားရှိနေသင့်ကြောင်း သတိပေးချက်တစ်ရပ်ပင်။

ဘုရားသခင်အကြောင်း သွန်သင်ပေးသော ဥပစာစကားများ

ယေဟောဝါသည် မည်သို့သောဘုရားသခင်ဖြစ်ကြောင်း၊ အဘယ်အရာလုပ်ဆောင်နိုင်ကြောင်းနှင့်ပတ်သက်သော ကဏ္ဍအားလုံးကို မည်သည့်လူသားမျှ နားလည်နိုင်မည်မဟုတ်ပါ။ ရှေးခေတ်တွင် ဘုရင်ဒါဝိဒ်သည် ယေဟောဝါ၏ “ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်” ဟုရေးခဲ့သည်။ (ဆာလံ ၁၄၅:၃) ယောဘသည် ဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာအချို့ကို သုံးသပ်ပြီးနောက် “ဤရွေ့ကား အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော်အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုးကြိုးသံကို အဘယ်သူနားလည်နိုင်သနည်း” ဟုမြွက်ဆို၏။—ယောဘ ၂၆:၁၄

သို့တိုင် ကောင်းကင်ဘုံရှိဘုရားသခင်၏ ထူးမြတ်လှသောအရည်အသွေးများကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်ရန် ကျမ်းစာတွင် ဥပစာစကားများကို အသုံးပြုထားသည်။ ယေဟောဝါကို ရှင်ဘုရင်၊ ပညတ်တရားရှင်၊ တရားသူကြီး၊ စစ်သူရဲစသော သင် လေးစားသင့်သူအဖြစ် ပုံဖော်ထားသည်။ ထို့ပြင် ကိုယ်တော့်ကို သိုးထိန်း၊ သွန်သင်ရှင်၊ ဆရာ၊ ဖခင်၊ ကုသပေးသူ၊ ကယ်တင်ရှင်စသော သင် ချစ်ခင်နိုင်သူအဖြစ်လည်း ပုံဖော်ထားသည်။ (ဆာလံ ၁၆:၇; ၂၃:၁; ၃၂:၈; ၇၁:၁၇; ၈၉:၂၆; ၁၀၃:၃; ၁၀၆:၂၂; ဟေရှာယ ၃၃:၂၂; ၄၂:၁၃; ယောဟန် ၆:၄၅) ထိုရိုးရှင်းသောပုံဖော်ချက်တစ်ခုစီသည် နှစ်သက်ဖွယ်တင်စားချက်များနှင့် ဆင်တူချက်များစွာကို စိတ်ထဲပေါ်လာစေသည်။ ထိုဥပစာစကားများသည် စကားလုံးများစွာက ဖော်ပြနိုင်သည်ထက် ပို၍ရုပ်လုံးပေါ်စေသည်။

ကျမ်းစာတွင် ယေဟောဝါကို သက်မဲ့အရာဝတ္ထုများနှင့်လည်း ခိုင်းနှိုင်းထားသည်။ ကိုယ်တော်ကို “ဣသရေလအမျိုး၏ကျောက်၊” “မြို့ရိုး” အဖြစ် ဖော်ပြသည်။ (၂ ဓမ္မရာဇဝင် ၂၃:၃; ဆာလံ ၁၈:၂; တရားဟောရာ ၃၂:၄) ဆင်တူချက်ကား အဘယ်နည်း။ ကျောက်ဆောင်ကြီးသည် မယိမ်းမယိုင် ခိုင်ခံ့မြဲမြံသည့်နည်းတူ ယေဟောဝါဘုရားသခင်သည် ကျောက်ဆောင်ပမာ မယိမ်းယိုင်ဘဲ လုံခြုံမှုအမြဲပေးနိုင်သောအရှင်ဖြစ်သည်။

ဆာလံကျမ်းတွင် ယေဟောဝါသည် မည်သို့သောအရှင်ဖြစ်ကြောင်း အသေးစိတ်ဖော်ပြသောဥပစာစကားများစွာ ပါဝင်သည်။ ဥပမာ၊ ဆာလံ ၈၄:၁၁ တွင် ယေဟောဝါကို ‘နေနှင့်အကွယ်အကာ’ အဖြစ် ဖော်ပြသည်၊ အကြောင်းမှာ ကိုယ်တော်သည် အလင်း၊ အသက်၊ စွမ်းအင်နှင့် အကာအကွယ်၏ရင်းမြစ် ဖြစ်သောကြောင့်ပင်။ သို့သော် ဆာလံ ၁၂၁:၅ တွင် ‘ယေဟောဝါသည် သင်၏လက်ယာဘက်၌ရှိသော သင်ခိုလှုံရာအရိပ်ဖြစ်တော်မူ၏’ ဟုဆိုသည်။ အရိပ်သည် နေရောင်ဒဏ်မှ ကာကွယ်ပေးနိုင်သကဲ့သို့ ယေဟောဝါသည် ဘေးဆိုးများ၏ဒဏ်ကို ခံစားနေသူများအတွက် အကာအကွယ်ပေးနိုင်သည်၊ ကိုယ်တော့် “လက်” တော်တွင် သို့မဟုတ် “အတောင်တော်အရိပ်” အောက်တွင် ကာကွယ်မှုခံစားရနိုင်သည်။—ဟေရှာယ ၅၁:၁၆; ဆာလံ ၁၇:၉; ၃၆:၇

ယေရှုအကြောင်းဖော်ပြသော ဥပစာစကားများ

ကျမ်းစာတွင် ယေရှုကို “ဘုရားသခင်၏သားတော်” ဟူ၍အကြိမ်ကြိမ်ခေါ်ဆိုထားသည်။ (ယောဟန် ၁:၃၄; ၃:၁၆-၁၈) ခရစ်ယာန်မဟုတ်သူအချို့က ယင်းကိုနားလည်ရခက်နေကြသည်၊ အကြောင်းမှာ ဘုရားသခင်တွင် ပကတိမိန်းမ,မရှိ၊ လူ့သဘောသဘာဝလည်းမရှိသောကြောင့်ဖြစ်သည်။ ရှင်းနေသည်မှာ ဘုရားသခင်သည် သားတစ်ဦးကို လူသားတို့နည်းတူ မွေးဖွားခြင်းမဟုတ်ပါ။ ထိုစကားလုံးသည် ဥပစာစကားဖြစ်၏။ ယေရှုသည် ဘုရားသခင်နှင့် သားအဖကဲ့သို့ ရင်းနှီးသောဆက်ဆံရေးရှိကြောင်း စာဖတ်သူများနားလည်စေရန် ဖြစ်သည်။ ထို့ပြင် ယေရှုသည် ယေဟောဝါထံတော်မှ အသက်ရရှိကြောင်း၊ ယေရှုကို ကိုယ်တော်ဖန်ဆင်းခဲ့ကြောင်း အလေးပေးရန်လည်းဖြစ်၏။ အလားတူသဘောမျိုးဖြင့် ပထမလူသားအာဒံကိုလည်း “ဘုရားသခင်၏သား” ဟုဖော်ပြထားသည်။—လုကာ ၃:၃၈

ဘုရားသခင်၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာတွင် မိမိ၏အခန်းကဏ္ဍအသီးသီးကို ဖော်ပြရန် ဥပစာစကားများကို ယေရှုအသုံးပြုခဲ့သည်။ ဥပမာ၊ “ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်၏” ဟုကိုယ်တော်မိန့်ဆိုသည်။ ထို့နောက် ယေရှုက တပည့်များကို စပျစ်ခက်များနှင့်ခိုင်းနှိုင်းသည်။ (ယောဟန် ၁၅:၁၊) ထိုဥပစာစကားသည် အဘယ်အရေးကြီးသောအချက်များကို သွန်သင်ပေးသနည်း။ စပျစ်ခက်များသည် ဆက်ရှင်သန်နိုင်ရန်၊ အသီးသီးနိုင်ရန် စပျစ်ပင်နှင့်ဆက်နွှယ်နေရမည်။ အလားတူ၊ ခရစ်တော်၏တပည့်များသည် ကိုယ်တော်နှင့်တစည်းတလုံးတည်းရှိနေရမည်။ “ငါနှင့်ကင်းကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ” ဟုယေရှုဆိုသည်။ (ယောဟန် ၁၅:၅) ဥယျာဉ်မှူးသည် စပျစ်ပင်မှ စပျစ်သီး,သီးရန် မျှော်လင့်သကဲ့သို့ ယေဟောဝါသည်လည်း ခရစ်တော်နှင့်တစည်းတလုံးတည်းရှိနေသူများထံမှ ပုံဆောင်အသီးများသီးနေရန် မျှော်လင့်သည်။—ယောဟန် ၁၅:၈

ဆင်တူချက်ကို ကောင်းစွာသိရှိပါ

ကျွန်ုပ်တို့သည် ဥပစာစကားတစ်ခု၏ ဆင်တူချက်ကို နားမလည်ပါက မှားယွင်းစွာကောက်ချက်ချမိနိုင်သည်။ ဥပမာ၊ ရောမ ၁၂:၂၀ တွင် “သင်၏ရန်သူသည် ဆာမွတ်လျှင် ကျွေးမွေးလော့။ ရေငတ်လျှင် သောက်စရာပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကို ပုံထားရာရောက်လိမ့်မည်” ဟုဖော်ပြသည်။ လူတစ်ဦး၏ခေါင်းပေါ် မီးခဲပုံထားခြင်းသည် လက်စားချေခြင်းကို ရည်ညွှန်းသလော။ ဆင်တူချက်ကိုနားလည်ပါက ထိုသို့ယူဆမည်မဟုတ်ပါ။ ထိုဥပစာစကားသည် ရှေးခေတ်သတ္တုအရည်ကျိုသည့်နည်းမှ ဆင်းသက်လာသောစကားလုံးဖြစ်၏။ မီးခဲများကို သတ္တု၏အောက်တွင်သာမက သတ္တု၏အပေါ်တွင်လည်း ပုံရသည်။ ယင်းက သတ္တုကိုအရည်ပျော်စေပြီး သတ္တုမှအညစ်အကြေးများ ကွာကျကာ သန့်စင်သွားစေသည်။ အလားတူ၊ ကြင်နာမှုပြခြင်းက လူတစ်ဦး၏သဘောထားကို ပျော့ပျောင်းစေပြီး သူ၏အရည်အသွေးကောင်းများ ပေါ်ထွက်စေသည်။

ဥပစာစကားများကို မှန်ကန်စွာနားလည်ခြင်းက ကျွန်ုပ်တို့ကို ဉာဏ်အလင်းပေးရုံသာမက စိတ်နှလုံးကိုလည်း ထိမိစေသည်။ ကျမ်းစာတွင် အပြစ်ကို အကြွေးနှင့်ခိုင်းနှိုင်းထားရာ ယင်းသည် အလွန်လေးလံသောဝန်ထုပ်ဖြစ်ကြောင်း ကျွန်ုပ်တို့ကိုသိမြင်စေနိုင်သည်။ (လုကာ ၁၁:၄) သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့ကိုခွင့်လွှတ်ပြီး အပြစ်ကြွေးများကို လျှော်လိုက်သောအခါ အလွန်စိတ်ပေါ့ပါးစရာပါတကား။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ‘ဖုံးအုပ်သည်၊’ သင်ပုန်းချေလိုက်သည့်အလား ‘ပယ်ဖျက်သည်’ ဟုဆိုသောကြောင့် ထိုအပြစ်များကို ဆက်၍တေးမှတ်မထားကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။ (ဆာလံ ၃၂:၁၊ ၂; တမန်တော် ၃:၁၉) အပြစ်များသည် ကတ္တီပါနီတမျှ နီသောအဆင်းရှိလျှင်ပင် မိုးပွင့်ကဲ့သို့ဖြူစင်စေရန် ယေဟောဝါလုပ်ဆောင်နိုင်ကြောင်း သိရှိရခြင်းက အလွန်စိတ်သက်သာစရာပါတကား။—ဟေရှာယ ၁:၁၈

ယင်းတို့သည် သမ္မာကျမ်းစာတွင်တွေ့ရသော ဥပစာစကားအချို့သာဖြစ်၏။ ထို့ကြောင့် သင်သည် ကျမ်းစာဖတ်ရှုသောအခါ ဥပစာစကားများကို အလေးထားဖတ်ရှုပါ။ ဆင်တူချက်ကို ကောင်းစွာနားလည်ရန်နှင့် တွေးတောဆင်ခြင်ရန် အချိန်ယူပါ။ ထိုသို့ပြုခြင်းဖြင့် ကျမ်းစာကို ပို၍နားလည်ကာ လေးမြတ်လာပေလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 2 ဤဆောင်းပါးတွင် အသုံးပြုထားသည့်အတိုင်း “ဥပစာစကား” ဟူသောအသုံးအနှုန်းသည် ရူပကအလင်္ကာ၊ ဥပမာအလင်္ကာနှင့် အခြားပုံဆောင်စကားများအပါအဝင် တင်စားချက်အားလုံးကို ရည်ညွှန်းသည်။

^ အပိုဒ်၊ 6 ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာအပေါ်ထိုးထွင်းအမြင် အတွဲနှစ်တွဲပါသည့်ကျမ်းစာစွယ်စုံကျမ်း [အင်္ဂလိပ်] တွင် ဆင်တူချက်ကိုသိနိုင်ရန် ကူညီပေးသော နောက်ခံအချက်အလက်များစွာ ပါရှိသည်။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

ဥပစာစကားများက ကူညီပေးပုံ

ဥပစာစကားများသည် ကျွန်ုပ်တို့ကို နည်းမျိုးစုံဖြင့် ကူညီပေးသည်။ ခက်ခဲသောဆိုလိုရင်းအချက်တစ်ချက်ကို နားလည်လွယ်သောအရာတစ်ခုနှင့် ခိုင်းနှိုင်းနိုင်သည်။ သတ်သတ်မှတ်မှတ်အကြောင်းအရာတစ်ခု၏ အသွင်အပြင်အသီးသီးကို ရှင်းလင်းဖော်ပြရန် ဥပစာစကားတစ်ခုထက်မက  အသုံးပြုနိုင်သည်။  အရေးကြီးသောအယူအဆများကို ဥပစာစကားများဖြင့် အလေးပေးဖော်ပြနိုင်သည် သို့မဟုတ် ပို၍စိတ်ဝင်စားဖွယ်ဖြစ်စေနိုင်သည်။

[စာမျက်နှာ ၁၄ ပါလေးထောင့်ကွက်]

ကွဲပြားသောအချက်များကို ခွဲခြားသိမြင်ပါ

ဥပစာစကား– “သင်တို့သည် မြေကြီး၏ဆားဖြစ်ကြ၏။” (မဿဲ ၅:၁၃)

အကြောင်းအရာ– သင်တို့ (ယေရှု၏တပည့်များ)

တင်စားချက်– ဆား

ရှေ့နောက်စကားတွင် ဆင်တူချက်– မပုပ်သိုးမပျက်စီးအောင် ထိန်းသိမ်းထားနိုင်စွမ်း

သင်ခန်းစာ– လူများစွာကို မပျက်စီးစေဘဲ အသက်ကယ်တင်ပေးနိုင်စွမ်းရှိသော သတင်းတရားကို တပည့်များရရှိထားကြသည်

[စာမျက်နှာ ၁၅ ပါ အကျဉ်းဖော်ပြချက်]

‘ယေဟောဝါသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။’—ဆာလံ ၂၃:၁