လုကာ ၁၁:၁-၅၄

  • ဆုတောင်း​နည်း (၁-၁၃)

    • စံပြ​ဆုတောင်း​ချက် (၂-၄)

  • နတ်​ဆိုး​တွေ​ကို စွမ်းအား​တော်​နဲ့​နှင်​ထုတ် (၁၄-၂၃)

  • နတ်​ဆိုး ပြန်​ရောက်​လာ (၂၄-၂၆)

  • စစ်​မှန်​တဲ့ ပျော်​ရွှင်​ချမ်း​မြေ့မှု (၂၇၊ ၂၈)

  • ယောန​ အံ့​ဖွယ်​အမှု (၂၉-၃၂)

  • ခန္ဓာ​ကိုယ်​ရဲ့ မီး​ခွက် (၃၃-၃၆)

  • ဘာ​သာ​ရေး​အရေ​ခြုံ​သူ​တွေ အဖြစ်​ဆိုး​ကြုံ (၃၇-၅၄)

၁၁  ယေရှု​က တစ်​နေ​ရာ​မှာ​ ဆု​တောင်း​နေ​တယ်။ ပြီး​သွား​တဲ့​အခါ တ​ပည့်​တစ်​ယောက်​က “သခင်၊ ကျွန်​တော်​တို့​ကို ဆုတောင်း​နည်း သင်​ပေး​ပါ။ ယောဟန်​လည်း သူ့​တ​ပည့်တွေ​ကို သင်​ပေး​ခဲ့​တယ်” လို့​ပြော​တယ်။ ၂  ယေရှု​က “ခင်​ဗျား​တို့ ဆုတောင်း​တဲ့​အခါ ‘အဖ၊ နာ​မတော် သန့်​ရှင်း​မြင့်မြတ်​ပါ​စေ။+ နိုင်​ငံ​တော် လာ​ပါ​စေ။+ ၃  ကျွန်​တော်​တို့ နေ့​စဉ်​လို​အပ်​တဲ့ အစား​အစာ​ကို ပေး​သနား​ပါ။+ ၄  သူ​တစ်ပါး​ရဲ့ အပြစ်​ကြွေး​တွေ​ကို ကျွန်​တော်​တို့ ခွင့်​လွှတ်​သလို+ ကျွန်​တော်​တို့​ရဲ့ အပြစ်​တွေ​ကို​လည်း ခွင့်​လွှတ်​ပေး​ပါ။+ သွေး​ဆောင်​မှု​နောက် ပါ​မသွား​အောင် ကူညီ​ပေး​ပါ’+ လို့​ဆုတောင်း​ကြ​ပါ” ဆို​ပြီး​ပြော​တယ်။ ၅  အဲဒီ​နောက် ယေရှု​က “ခင်​ဗျား​တို့​မှာ မိတ်ဆွေ​တစ်​ယောက်​ရှိ​တယ် ဆို​ပါ​စို့။ မိတ်ဆွေ​ရဲ့​အိမ်​ကို ည​သန်း​ခေါင်​ကြီး သွား​ပြီး ‘မုန့်​သုံး​လုံး​လောက် ချေး​ပါ​ဦး။ ၆  ငါ့​သူ​ငယ်​ချင်း​တစ်​ယောက် ခရီး​သွား​ရင်း အခု​လေး​တင် ရောက်​လာ​တာ။ သူ့​ကို​ကျွေး​စ​ရာ ဘာ​မှ​မရှိ​လို့​ပါ’ ဆို​ပြီး​ပြော​တဲ့​အခါ၊ ၇  မိတ်ဆွေ​က ‘မနှောင့်​ယှက်​ပါ​နဲ့​ကွာ။ တံခါး​ပိတ်​ပြီး​လို့ ငါ့​သား​သမီး​တွေ​တောင် အိပ်​ကုန်​ပြီ။ ထပြီး​ မပေး​နိုင်​ဘူး’ လို့ အိမ်​ထဲ​က​နေ လှမ်း​ပြော​တယ်။ ၈  ကျွန်​တော်​ပြော​မယ်။ သူ​က မိတ်ဆွေ​ဖြစ်​နေ​တာ​တောင် အိပ်​ရာ​က​ထ​ပြီး မပေး​ချင်​ဘူး။ ဒါ​ပေမဲ့ တောင်း​တဲ့​သူ​က ဇွဲ​မလျှော့​ဘဲ တောင်း​နေ​တော့+ လို​သမျှ ထ​ပေး​လိုက်​ရ​တာ​ပဲ။ ၉  ဒါ​ကြောင့် ကျွန်​တော်​ပြော​မယ်။ တောင်း​မြဲတောင်း​ပါ၊+ ရ​လိမ့်​မယ်။ ရှာမြဲရှာ​ပါ၊ တွေ့​လိမ့်​မယ်။ ခေါက်​မြဲခေါက်ပါ၊ တံခါး​ပွင့်​လာ​လိမ့်​မယ်။+ ၁၀  တောင်း​တဲ့​သူ​တိုင်း ရ​လိမ့်​မယ်။+ ရှာ​တဲ့​သူ​တိုင်း တွေ့​လိမ့်​မယ်။ ခေါက်​တဲ့​သူ​တိုင်း​အတွက် တံခါး​ပွင့်​လာ​လိမ့်​မယ်။ ၁၁  သား​က ငါး​ကို​တောင်း​ရင် မြွေပေး​မယ့်​အဖေ ရှိ​သလား။+ ၁၂  ကြက်​ဥ​တောင်း​ရင် ကင်း​မြီး​ကောက်​ပေး​မှာ​လား။ ၁၃  ခင်​ဗျား​တို့ အပြစ်​သား​တွေ​တောင် ကိုယ့်​သား​သမီး​ကို ကောင်း​တာ​တွေ​ပေး​တတ်​ရင် ကောင်း​ကင်​မှာ စံမြန်း​တဲ့ အဖဘုရား​က တောင်း​တဲ့​သူ​တွေ​ကို သန့်​ရှင်း​သော စွမ်းအား​တော်* ပို​လို့​တောင်​ပေး​မှာ မဟုတ်​လား”+ လို့​ပြော​တယ်။ ၁၄  တစ်​နေ့​မှာ ယေရှု​က ဆွံ့​အစေ​တဲ့ နတ်​ဆိုး​ကို နှင်​ထုတ်​လိုက်​တဲ့​အခါ+ ဆွံ့​အတဲ့​သူ စကား​ပြော​နိုင်​လာ​တယ်။ လူ​တွေ​လည်း တ​အံ့​တ​သြ ဖြစ်​ကုန်​ကြ​တယ်။+ ၁၅  ဒါ​ပေမဲ့ တ​ချို့​က “ဒီ​လူ​ဟာ နတ်​ဆိုး​မင်း ဗေ​လ​ဇေ​ဗု​လ* အကူ​အညီ​နဲ့ နတ်​ဆိုး​တွေ​ကို နှင်​ထုတ်​နေ​တာ”+ လို့​ပြော​ကြ​တယ်။ ၁၆  တချို့​ကျ​တော့ ယေရှု​ကို အကဲ​စမ်း​တဲ့​အနေ​နဲ့ ဘုရား​ဆီ​က အံ့​ဖွယ်​အမှု​တစ်​ခု​လောက် ပြပါ​လို့ တောင်း​ဆို​ကြ​တယ်။+ ၁၇  သူတို့ ဘာ​တွေး​နေ​မှန်း​သိ​လို့+ ယေရှု​က “နိုင်​ငံ​တစ်​ခု​မှာ ပြည်​သူ​တွေ စိတ်​ဝမ်း​ကွဲ​နေ​ရင် အဲဒီ​နိုင်ငံ​ ပျက်​စီး​မှာ​ပဲ။ မိသား​စု​တစ်​စု​မှာ အိမ်​သား​တွေ စိတ်​ဝမ်း​ကွဲ​နေ​ရင် အဲဒီ​မိသား​စု ပြို​ကွဲ​မှာ​ပဲ။ ၁၈  အဲဒီ​လို​ပဲ စာ​တန်​ရဲ့​နိုင်ငံ​လည်း စိတ်​ဝမ်း​ကွဲ​နေ​ရင် ဘယ်​လို​လုပ် တည်​မြဲမှာ​လဲ။ ကျွန်​တော်​က ဗေ​လ​ဇေ​ဗု​လ အကူ​အညီ​နဲ့ နတ်​ဆိုး​တွေ​ကို နှင်​ထုတ်​တယ်​လို့ ခင်​ဗျား​တို့​ပြော​တယ်။ ၁၉  ဗေ​လ​ဇေ​ဗု​လ အကူ​အညီ​နဲ့ နတ်​ဆိုး​တွေ​ကို ကျွန်​တော် နှင်​ထုတ်​တယ်​ဆို​ရင် ခင်​ဗျား​တို့​ရဲ့ တ​ပည့်တွေ​က​ရော ဘယ်​သူ့​အကူ​အညီ​နဲ့ နတ်​ဆိုး​တွေ​ကို နှင်​ထုတ်​တာ​လဲ။ ဒီ​တော့ ခင်​ဗျား​တို့​မှား​နေ​မှန်း ခင်ဗျား​တို့​ရဲ့​တ​ပည့်တွေ ထောက်​ပြနေ​တာ​ပဲ။ ၂၀  ဘုရား​သခင်​ရဲ့​တန်ခိုး​နဲ့*+နတ်​ဆိုး​တွေ​ကို ကျွန်​တော်​နှင်​ထုတ်​တာ​ဆို​ရင်​တော့ ခင်​ဗျား​တို့ ဘုရား​သခင့် နိုင်​ငံ​တော်​နဲ့ လွဲ​သွား​ပြီ။+ ၂၁  ခွန်​အား​ကြီး​သူ​က လက်​နက်​အပြည့်​အစုံ​နဲ့ သူ့​အိမ်​ကို​စောင့်​နေ​ရင် သူ့​ပစ္စည်းတွေ လုံ​လုံ​ခြုံ​ခြုံ​ရှိ​တယ်။ ၂၂  ဒါ​ပေမဲ့ သူ့​ထက်​ခွန်​အား​ကြီး​သူ​က သူ့​ကို တိုက်​ခိုက်​အနိုင်​ယူ​ပြီး သူ​အား​ကိုး​တဲ့ လက်​နက်​တွေ​ကို သိမ်း​ယူ​တတ်​တယ်။ ရ​သမျှ​ပစ္စည်းတွေ​ကို ခွဲ​ဝေ​ယူ​တတ်​တယ်။ ၂၃  ကျွန်​တော့်​ဘက်​မှာ မရပ်​တည်​သူ​ဟာ ကျွန်​တော့်ရန်​သူ​ပဲ။ ကျွန်​တော်​နဲ့​အတူ မစု​သိမ်း​သူ​ဟာ​လည်း ကွဲ​လွင့်​စေ​သူ​ပဲ။+ ၂၄  “နတ်​ဆိုး​တစ်​ကောင်​ဟာ လူ​ထဲ​က​ထွက်​ပြီး ခြောက်​သွေ့​တဲ့​အရပ်တွေ​မှာ နား​စ​ရာ​နေ​ရာ ရှာ​တယ်။ ရှာ​မတွေ့​တဲ့​အခါ ‘ငါ​ထွက်​ခဲ့​တဲ့ အိမ်​ကို​ပဲ ပြန်​တော့​မယ်’+ လို့​ပြော​တယ်။ ၂၅  သူ​ပြန်​ရောက်​လာ​တဲ့​အခါ အိမ်​ဟာ လှည်း​ကျင်း​ပြီး ပြင်​ဆင်​ထား​တာ​ကို တွေ့​တော့၊ ၂၆  သူ့​ထက်​ဆိုး​တဲ့ နတ်​ဆိုး​ခုနစ်​ကောင်​ကို သွား​ခေါ်​လာ​ပြီး အဲဒီ​မှာ ဝင်​နေ​ကြ​တယ်။ နောက်​ဆုံး​တော့ အဲဒီ​လူ​ရဲ့ အခြေ​အနေ​ဟာ အရင်​က​ထက် ပို​ဆိုး​သွား​တယ်” လို့​ပြော​တယ်။ ၂၇  အဲဒီ​လို​ပြော​နေ​တုန်း လူ​အုပ်​ထဲ​က အမျိုး​သမီး​တစ်​ယောက်​က “ဆ​ရာ့​ကို ဝမ်း​နဲ့​လွယ်​ပြီး နို့​တိုက်​ခဲ့​တဲ့ မိ​ခင်​ဟာ ပျော်​ရွှင်​ချမ်း​မြေ့မှာ​ပဲ”+ လို့​ ပြော​တော့၊ ၂၈  ယေရှု​က “ဘုရား​သခင်​ရဲ့ တ​ရား​စကား​ကို ကြား​နာ​ပြီး လိုက်​လျှောက်​တဲ့​သူ​ဟာ ပို​ပြီး​ပျော်​ရွှင်​ချမ်း​မြေ့တယ်”+ လို့​ပြန်​ပြော​တယ်။ ၂၉  လူ​တွေ ကြိတ်​ကြိတ်​တိုး စု​ရုံး​လာ​တဲ့​အခါ ယေရှု​က “ဆိုး​ညစ်​တဲ့ ဒီ​လူမျိုး​ဆက်​ဟာ အံ့​ဖွယ်​အမှု​ကို မြင်​ချင်​ကြ​တယ်။ ဒါ​ပေမဲ့ ယောန​အံ့​ဖွယ်​အမှု​က​လွဲ​လို့ ဘယ်​အံ့​ဖွယ်​အမှု​ကို​မှ မြင်​ရ​မှာ မဟုတ်​ဘူး။+ ၃၀  ယောန+ ကြုံ​ခဲ့ရ​တာ​တွေ​ဟာ နိ​န​ဝေ​မြို့​သား​တွေ​အတွက် အံ့​ဖွယ်​အမှု​ဖြစ်​ခဲ့​သလို လူ​သား​က​လည်း ဒီ​လူမျိုး​ဆက်​အတွက် အံ့ဖွယ်​အမှု​ဖြစ်​လိမ့်​မယ်။ ၃၁  တ​ရား​စီ​ရင်​ချိန်​မှာ တောင်​ပြည်​ရဲ့​ဘု​ရင်​မက+ ဒီ​လူမျိုး​ဆက်​နဲ့​အတူ အသက်​ပြန်​ရှင်​လာ​ပြီး ဒီ​လူမျိုး​ဆက်​ဟာ အပြစ်​ရှိ​သူ​တွေ​ဖြစ်​မှန်း ထောက်​ပြလိမ့်​မယ်။ သူ​ဟာ ရှော​လ​မုန်​မင်း​ကြီး​ရဲ့ ပညာ​ရှိ​စကား​ကို ကြား​နာ​ဖို့ ဟိုး​အဝေး​ကြီး​က​နေ လာခဲ့လို့​ပဲ။ အခု ဒီ​နေ​ရာ​မှာ ရှော​လ​မုန်​ထက် ပို​ကြီးမြတ်​တဲ့​သူ ရှိ​နေ​တယ်။+ ၃၂  တ​ရား​စီ​ရင်​ချိန်​မှာ နိ​န​ဝေ​မြို့​သား​တွေ​က ဒီ​လူမျိုး​ဆက်​နဲ့​အတူ အသက်​ပြန်​ရှင်​လာ​ပြီး ဒီ​လူမျိုး​ဆက်​ဟာ အပြစ်​ရှိ​သူ​တွေ​ဖြစ်​မှန်း ထောက်​ပြကြ​လိမ့်​မယ်။ သူတို့​က ယောန​ဟော​တဲ့ စကား​ကြောင့် နောင်​တ​ရခဲ့​ကြ​လို့​ပဲ။+ အခု ဒီ​နေ​ရာ​မှာ ယောန​ထက် ပို​ကြီးမြတ်​တဲ့​သူ ရှိ​နေ​တယ်။ ၃၃  မီး​ခွက်​ကို​ထွန်း​ပြီး ချောင်​ထဲ​မှာ ထား​လေ့​မရှိ​ဘူး။ တောင်း​နဲ့ အုပ်​ထား​လေ့​မရှိ​ဘူး။ အိမ်​ထဲ​ဝင်​လာ​သူ​တွေ အလင်း​ရ​အောင် ဆီ​မီး​တိုင်​ပေါ်​မှာ တင်​ထား​လေ့​ရှိ​တယ်။+ ၃၄  မျက်​လုံး​ဟာ ခန္ဓာ​ကိုယ်​ရဲ့ မီး​ခွက်​ပဲ။ တစ်​ခု​တည်း​ကို​ပဲ အာ​ရုံ​စိုက်​ကြည့်​ရင် တစ်​ကိုယ်​လုံး လင်း​နေ​လိမ့်​မယ်။ ဒါ​ပေမဲ့ မနာ​လို​တဲ့​စိတ်​နဲ့ ကြည့်​နေ​ရင်* တစ်​ကိုယ်​လုံး မှောင်​နေ​လိမ့်​မယ်။+ ၃၅  ဒါ​ကြောင့် ခင်​ဗျား​တို့​ရဲ့ အလင်း​ဟာ အမှောင်​ဖြစ်​မသွား​အောင် နိုး​ကြား​နေ​ပါ။ ၃၆  အစိတ်​အပိုင်း​တစ်​ခု​မှ မမှောင်​ဘဲ လင်း​နေ​တဲ့ ကိုယ်​ခန္ဓာ​ဟာ မီး​ခွက်​လင်း​နေ​သလို​မျိုး ထိန်​ထိန်​လင်း​နေ​လိမ့်​မယ်” လို့​ပြော​တယ်။ ၃၇  အဲဒီ​လို​ပြော​ပြီး​တဲ့​အခါ ဖာ​ရိ​ရှဲ​တစ်​ယောက်​က စား​သောက်​ဖို့ ဖိတ်​ခေါ်​တဲ့​အတွက် ယေရှု​လည်း သူ့​အိမ်​ထဲ​ဝင်​ပြီး စား​ပွဲ​မှာ ထိုင်​တယ်။ ၃၈  ယေရှု လက်​မဆေး​ဘဲ* အစား​စား​တာ​ကို အဲဒီ​ဖာ​ရိ​ရှဲ​မြင်​တဲ့​အခါ အံ့သြသွား​တယ်။+ ၃၉  သခင်​ယေရှု​က​ “ဖာ​ရိ​ရှဲ​တို့၊ ခင်ဗျား​တို့​က အိုး​ခွက်​အပြင်​ဘက်​ကို ဆေး​ကြော​ပါ​ရဲ့။ အတွင်း​မှာ​တော့ လော​ဘ​တွေ၊ ကောက်​ကျစ်​မှု​တွေ ပြည့်​နေ​တယ်။+ ၄၀  ဆင်​ခြင်​ဉာဏ်​မဲ့​သူတို့၊ အပြင်​ပိုင်း​ကို ဖန်​ဆင်း​တဲ့​ဘုရား​က​အ​တွင်း​ပိုင်း​ကို​လည်း ဖန်​ဆင်း​ထား​တယ် မဟုတ်​လား။ ၄၁  စေတနာ​စိတ်​နဲ့​ ပေး​ကမ်း​ခြင်း​အား​ဖြင့် နွမ်း​ပါး​သူ​တွေ​ကို ကောင်း​မှု​ပြု​ကြပါ။ ဒါ​ဆို​ရင် အရာရာ​တိုင်း​မှာ ခင်​ဗျား​တို့ စင်​ကြယ်​သွား​လိမ့်​မယ်။ ၄၂  ဖာရိ​ရှဲ​တို့၊ ခင်​ဗျား​တို့ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ခင်​ဗျား​တို့​က ပင်​စိမ်း၊ စ​မြိတ်၊ ဆေး​ဖက်​ဝင်​အပင်​အမျိုး​မျိုး​ကို ဆယ်​ဖို့​တစ်​ဖို့ ပေး​လှူ​ပေမဲ့+ ဘုရား​သခင်​လို တ​ရား​မျှ​တ​ဖို့၊ မေတ္တာ​ပြဖို့​ကျ​တော့ လျစ်​လျူ​ရှု​ထား​ကြ​တယ်။ ဆယ်​ဖို့​တစ်​ဖို့ ပေး​လှူ​ရ​မှာ မှန်​ပေမဲ့ ဘုရား​သခင်​လို တ​ရား​မျှ​တ​ဖို့၊ မေတ္တာ​ပြဖို့​ကို​လည်း မေ့​မထား​သင့်​ဘူး။+ ၄၃  ဖာ​ရိ​ရှဲ​တို့၊ ခင်​ဗျား​တို့ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ခင်​ဗျား​တို့​က တ​ရား​ဇ​ရပ်​ဆို​ရင် ရှေ့​ဆုံး​ခုံ​မှာ ထိုင်​ချင်​တယ်။ စျေး​မှာ ရို​ရို​သေသေ နှုတ်​ဆက်​တာ​ကို ခံ​ချင်​တယ်။+ ၄၄  ခင်​ဗျား​တို့ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ခင်​ဗျား​တို့​ဟာ မမြင်​သာ​တဲ့ သင်္ချိုင်း​တွင်းတွေ​နဲ့ တူ​တယ်။+ လူ​တွေ​က သင်္ချိုင်း​တွင်း​မှန်း မသိ​ဘဲ အဲဒီ​အပေါ်​မှာ သွား​လာ​ကြ​တယ်” လို့​ပြော​တယ်။ ၄၅  အဲဒီ​အခါ ပညတ်​ကျမ်း နှံ့​စပ်​သူ​တစ်​ယောက်​က “ဆ​ရာ အခု​လို​ပြော​တာ ကျွန်​တော်​တို့​ကို​ပါ စော်​ကား​လိုက်​တာ​ပဲ” လို့​ပြော​တော့၊ ၄၆  ယေရှု​က​ “ပညတ်​ကျမ်း​နှံ့​စပ်​သူတို့၊ ခင်​ဗျား​တို့​လည်း အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ခင်ဗျား​တို့​က လေး​လံ​တဲ့ ဝန်​တွေ​ကို တခြား​သူတွေ​ရဲ့​ပခုံး​ပေါ် တင်​တတ်​တယ်။ ကိုယ်တိုင်​ကျ​တော့ လက်​ဖျား​နဲ့​တောင်​မထိဘူး။+ ၄၇  “ခင်​ဗျား​တို့​လည်း အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ဘာ​လို့​လဲ​ဆို​တော့ ခင်​ဗျား​တို့​ရဲ့ ဘိုး​ဘေး​တွေ​က ပရော​ဖက်​တွေ​ကို သတ်​ခဲ့​တယ်။ ခင်​ဗျား​တို့​ကျ​တော့ အဲဒီ​ပရော​ဖက်​တွေ​အတွက် သင်္ချိုင်း​ဂူ ဆောက်​ပေး​တယ်။+ ၄၈  ဘိုး​ဘေး​တွေရဲ့​လုပ်​ရပ်​ကို သိ​လျက်​နဲ့ သူတို့​သတ်​ခဲ့​တဲ့ ပရော​ဖက်​တွေ​အတွက် သင်္ချိုင်း​ဂူ ဆောက်​ပေး​တာ​ကို​ကြည့်​ရင် ခင်​ဗျား​တို့​ဟာ သူတို့​နဲ့ အလို​တူ​အလို​ပါ​ပဲ​ဆို​တာ သိ​နိုင်​တယ်။+ ၄၉  ဒါ​ကြောင့် ဉာဏ်​ပညာ​ကြီး​စွာ​နဲ့ ဘုရား​သခင်​က ‘ပရော​ဖက်​တွေ၊ တမန်​တော်တွေ​ကို သူတို့​ဆီ ငါ​စေ​လွှတ်​မယ်။ သူတို့​က တ​ချို့​ကို သတ်၊ တ​ချို့​ကို ညှဉ်း​ဆဲ​လိမ့်​မယ်။ ၅၀  ဒါ​ကြောင့် ငါ​က ဒီ​လူမျိုး​ဆက်​ကို လူ့​လော​က​အစ​ပြု​ချိန်* က​စ​ပြီး ကျ​ခဲ့​တဲ့ ပရော​ဖက်​အားလုံး​ရဲ့​သွေး၊+ ၅၁  အာ​ဗေ​လ​က​အစ+ ပူ​ဇော်ရာ​ပလ္လင်​နဲ့ ဗိမာန်​တော်​ကြား​မှာ အသတ်​ခံ​ခဲ့ရ​တဲ့ ဇာ​ခ​ရိ​အဆုံး+ သူတို့​အားလုံး​ရဲ့ သွေး​အတွက် ဒဏ်​ခတ်​မယ်’ လို့​ပြော​ခဲ့​တယ်။ ကျွန်​တော်​ပြော​မယ်။ သူတို့​ရဲ့​သွေး​အတွက် အဖိုး​အခ​ကို ဒီ​လူမျိုး​ဆက် ပေး​ဆပ်​ရ​လိမ့်​မယ်။ ၅၂  “ပညတ်​ကျမ်း​နှံ့​စပ်​သူတို့၊ ခင်ဗျား​တို့ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ခင်ဗျား​တို့​က အသိ​ပညာ တံခါး​သော့​ကို သိမ်း​ထား​တယ်။ ကိုယ်​တိုင်​လည်း မဝင်​ဘူး။ ဝင်​မယ့်​သူ​တွေ​ကို​လည်း တား​ကြ​တယ်။”+ ၅၃  အဲဒီ​က​နေ ယေရှု​ထွက်​သွား​တဲ့​အခါ ကျမ်း​တတ်​တွေ၊ ဖာ​ရိ​ရှဲ​တွေ​က ချောင်​ပိတ်​ပြီး မေး​ခွန်း​တွေ တ​ရ​စပ်​မေး​ကြ​တယ်။ ၅၄  ယေရှု​ရဲ့​စကား​မှာ အမှား​ရှာ​ဖို့ အကွက်​ဆင် မေး​မြန်း​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ် “စွမ်းအား” ကို​ကြည့်။
စာ​တန်​ကို ရည်​ညွှန်း​တဲ့​နာ​မည်။
မူ​ရင်း၊ “လက်​ညှိုး​တော်​နဲ့။”
ဒါ​မှ​မဟုတ်၊ “ဆိုး​ညစ်​တဲ့​အရာ​ကို အာ​ရုံ​စိုက် ကြည့်​နေ​ရင်။”
ထုံးတမ်း​စဉ်​လာ​နဲ့​အညီ လက်​မဆေး​တာ​ကို ဆိုလို။
အာ​ဒံ​နဲ့​ဧ​ဝ သား​သမီး​ရ​တဲ့​အချိန်။