မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၃ ယေရှုနှင့်ဆိုင်သော အမှန်တရားကို သင်ယူပါ

၃ ယေရှုနှင့်ဆိုင်သော အမှန်တရားကို သင်ယူပါ

၃ ယေရှုနှင့်ဆိုင်သော အမှန်တရားကို သင်ယူပါ

“ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာဝရအသက်ကို ရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆

အတားအဆီးကား အဘယ်အရာနည်း။ ယေရှုသည် အမှန်တကယ်အသက်မရှင်ခဲ့ပါဟူ၍ လူအချို့ဆိုကြသည်။ အခြားသူများကမူ ယေရှု အမှန်တကယ်အသက်ရှင်ခဲ့ကြောင်း အသိအမှတ်ပြုသော်လည်း ကိုယ်တော်သည် ကြာမြင့်စွာကပင် သေဆုံးသွားပြီဖြစ်သော သာမန်လူသားတစ်ဦးမျှသာဖြစ်သည်ဟု အခိုင်အမာပြောကြသည်။

ထိုအတားအဆီးကို သင် မည်သို့ကျော်လွှားနိုင်သနည်း။ တပည့်တစ်ဦးဖြစ်သူ နာသနေလကို အတုယူပါ။ * သူ၏မိတ်ဆွေဖိလိပ္ပုက “ယောသပ်၏သား၊ နာဇရက်မြို့သား ယေရှု” တည်းဟူသော မေရှိယကိုတွေ့ ပြီဟု သူ့ကိုပြောသည်။ သို့သော် နာသနေလသည် ဖိလိပ္ပု၏စကားကို ချက်ချင်းလက်မခံဘဲ “နာဇရက်မြို့ထဲက ကောင်းသောအရာ တစ်စုံတစ်ခုထွက်နိုင်သလော” ဟုပြန်ပြောသည်။ သူသည် ထိုသို့သံသယဝင်နေသည့်ကြားမှပင် ကိုယ်တိုင် “လာ၍ကြည့်ပါ” ဟုဖိလိပ္ပုဖိတ်ခေါ်သောအခါ လက်ခံခဲ့သည်။ (ယောဟန် ၁:၄၃-၅၁) သင်လည်း ယေရှုနှင့်စပ်လျဉ်းသော သက်သေအထောက်အထားများကို ကိုယ်တိုင်ဆန်းစစ်ကြည့်ခြင်းဖြင့် အကျိုးရရှိပါလိမ့်မည်။ သင် အဘယ်အရာပြုလုပ်နိုင်သနည်း။

ယေရှု အမှန်တကယ်အသက်ရှင်ခဲ့သည်ဟူသော သမိုင်းဝင်အထောက်အထားများကို ဆန်းစစ်ပါ။ ပထမရာစုခေတ်တွင် ဂျိုစီဖတ်စ်နှင့်တက်စီတပ်စ်တို့သည် ရိုသေလေးစားခံရသော သမိုင်းပညာရှင်နှစ်ဦးဖြစ်ပြီး ခရစ်ယာန်များမဟုတ်ကြပါ။ ယေရှုခရစ်သည် အမှန်တကယ်အသက်ရှင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သူတို့ဖော်ပြခဲ့သည်။ အေဒီ ၆၄ တွင် ရောမ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ရောမဧကရာဇ်နီရိုက ခရစ်ယာန်များအား အပြစ်ပုံချခဲ့ပုံကို တက်စီတပ်စ် ဤသို့ဖော်ပြခဲ့သည်– “နီရိုသည် ခရစ်ယာန်လမ်းစဉ်ကြောင့် ရောမတို့အလွန်မုန်းတီးသော ခရစ်ယာန်များကို မီးလောင်မှုဖြစ်ပွားစေသောတရားခံများဟု အပြစ်ပုံချကာ အပြင်းအထန်နှိပ်စက်လေတော့သည်။ ထိုခရစ်ယာန်ဟူသောအမည်သည် တိဗေရိမင်းနန်းစံချိန်တွင် ဘုရင်ခံပုန္တိပိလတ် သတ်ခဲ့သည့် ခရစ္စတပ်စ်[ခရစ်တော်]ဟူသောပုဂ္ဂိုလ်ကို အစွဲပြုကာ ခေါ်ဆိုသောအမည်ဖြစ်သည်။”

ယေရှုနှင့် အစောပိုင်းခရစ်ယာန်များအကြောင်း ပထမနှင့်ဒုတိယရာစုရှိ သမိုင်းပညာရှင်များ၏ ကိုးကားချက်များနှင့်ပတ်သက်၍ ၂၀၀၂ ခုနှစ်ထုတ် ဗြိတိန်နီကာစွယ်စုံကျမ်းတွင် ဤသို့ဆိုသည်– “ရှေးခေတ်က ခရစ်ယာန်ဘာသာကိုဆန့်ကျင်သူများပင် သမိုင်းတွင် ယေရှုအမှန်ကယ်အသက်ရှင်ခဲ့သည်ဟူသောအချက်ကို ယုံကြည်ကြကြောင်း ဤဘက်မလိုက်သောမှတ်တမ်းများက သက်သေထူပါလျက် ၁၈ ရာစုအဆုံးပိုင်း၊ ၁၉ ရာစုအတွင်းနှင့် ၂၀ ရာစုအစပိုင်းတွင် ယင်းကိစ္စကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ လူတို့စတင်ငြင်းခုံလာကြသည်။” ၂၀၀၂ ခုနှစ်တွင် ဝေါလ်စထရိဂျာနယ်၏အယ်ဒီတာ့အာဘော်ဆောင်းပါး၌ ဤသို့ဖော်ပြထားသည်– “ဘာသာတရားမဲ့သူအချို့မှလွဲ၍ ကျမ်းပညာရှင်အများစုသည် နာဇရက်မြို့သားယေရှုကို သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် လက်ခံကြသည်။”

ယေရှုရှင်ပြန်ထမြောက်ခဲ့သည်ဟူသော သက်သေအထောက်အထားကို ဆန်းစစ်ပါ။ ယေရှု၏အရင်းနှီးဆုံးမိတ်ဆွေများသည် ဆန့်ကျင်သူများ ကိုယ်တော့်ကိုဖမ်းဆီးချိန်တွင် စွန့်ခွာပြေးကြသည့်အပြင် ပေတရုက ကိုယ်တော့်ကိုမသိပါဟူ၍ သုံးကြိမ်တိုင် ကြောက်ရွံ့စွာငြင်းပယ်ခဲ့သည်။ (မဿဲ ၂၆:၅၅၊ ၅၆၊ ၆၉-၇၅) ယေရှုကိုဖမ်းဆီးပြီးနောက်ပိုင်းတွင် နောက်လိုက်များ ကွဲလွင့်သွားကြ၏။ (မဿဲ ၂၆:၃၁) သို့သော် သူတို့ ချက်ချင်း ပြန်လှုပ်ရှားတက်ကြွလာသည်။ ပေတရုနှင့်ယောဟန်သည် ယေရှုကိုသတ်ပစ်ရန် ဉာဏ်ဆင်ဖန်တီးခဲ့သူများအား ရဲရင့်စွာရင်ဆိုင်သည်။ ထို့ပြင် တပည့်များသည် အလွန်စိတ်အားတက်လာသောကြောင့် ကိုယ်တော်၏သွန်သင်ချက်များကို ရောမအင်ပါယာတစ်ခွင်လုံးသို့ ပျံ့နှံ့စေခဲ့ပြီး သူတို့၏ယုံကြည်ချက်များကို အလျှော့ပေးလိုက်မည့်အစား သေခြင်းကိုရင်ဆိုင်ရန် တလိုတလားရွေးချယ်ခဲ့ကြသည်။

တပည့်များ၏စိတ်ဓာတ်ကို အဘယ်အရာက ထိုသို့အကြီးအကျယ်ပြောင်းလဲစေခဲ့သနည်း။ အကြောင်းရင်းတစ်ခုမှာ ယေရှုသည် သေရာမှပြန်ရှင်လာသောကြောင့်ဖြစ်သည်၊ ကိုယ်တော်သည် “ကေဖ [ပေတရု]ထံသို့လည်းကောင်း၊ ထို့နောက် တစ်ဆယ့်နှစ်ပါးတို့ထံသို့လည်းကောင်း ကိုယ်ကိုထင်ရှားပြတော်မူ၏။ ထို့နောက် ညီအစ်ကိုငါးရာကျော်တို့ရှေ့ တစ်ပြိုင်နက် ထင်ရှားပြတော်မူ၏” ဟု တမန်တော်ပေါလုရှင်းပြသည်။ ထိုမျက်မြင်သက်သေအများစုသည် ထိုစကားများကို ပေါလုရေးသားချိန်တွင် အသက်ရှင်နေဆဲဖြစ်သည်။ (၁ ကောရိန္သု ၁၅:၃-၇) မျက်မြင်သက်သေတစ်ဦး သို့မဟုတ် နှစ်ဦး၏သက်သေထွက်ဆိုချက်သည် ဝေဖန်ရေးသမားများ၏သံသယကို အလွယ်တကူဖယ်ရှားပစ်နိုင်မည် မဟုတ်ပေ။ (လုကာ ၂၄:၁-၁၁) သို့သော် မျက်မြင်သက်သေငါးရာကျော်၏ထွက်ဆိုချက်က ယေရှုသည် သေရာမှပြန်ရှင်လာကြောင်း အခိုင်အမာသက်သေထူသည်။

အကျိုးကျေးဇူးကား အဘယ်နည်း။ ယေရှုကိုယုံကြည်ပြီး ကိုယ်တော့်ကိုနာခံသူများသည် အပြစ်များခွင့်လွှတ်ခံရကာ စင်ကြယ်သည့် ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို ပိုင်ဆိုင်နိုင်ကြသည်။ (မာကု ၂:၅-၁၂; ၁ တိမောသေ ၁:၁၉; ၁ ပေတရု ၃:၁၆-၂၂) သူတို့သေဆုံးသွားပါက “နောက်ဆုံးသောနေ့၌” ရှင်ပြန်ထမြောက်စေမည်ဟု ယေရှုကတိပြုထားသည်။—ယောဟန် ၆:၄၀

ထပ်ဆင့်သိလိုပါက သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ် အခန်း ၄၊ “ယေရှုခရစ်ကား မည်သူနည်း” နှင့် အခန်း ၅၊ “ရွေးနုတ်ဖိုး—ဘုရားသခင်ထံမှ အကြီးမြတ်ဆုံးဆုကျေးဇူး” တွင်ကြည့်ပါ။ *

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 ခရစ်ဝင်ကျမ်းရေးသူများဖြစ်သော မဿဲ၊ မာကုနှင့် လုကာတို့သည် နာသနေလကို ဗာသောလမဲဟူ၍ ရည်ညွှန်းခဲ့ဟန်တူသည်။

^ အပိုဒ်၊ 10 ယေဟောဝါသက်သေများထုတ်ဝေသည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

နာသနေလကဲ့သို့ပင် ယေရှုနှင့်ပတ်သက်သော သက်သေအထောက်အထားများကို သေချာဆန်းစစ်ပါ