လုကာ ၂၄:၁-၅၃

  • ယေရှု အသက်ပြန်ရှင်လာ (၁-၁၂)

  • ဧမောက်ရွာကို သွားတဲ့လမ်းမှာ (၁၃-၃၅)

  • တပည့်များကို ယေရှု ကိုယ်ယောင်ထင်ရှားပြ (၃၆-၄၉)

  • ကောင်းကင်ကို ယေရှုတက်သွား (၅၀-၅၃)

၂၄  သီတင်းပတ်ရဲ့ပထမနေ့ မနက်စောစောမှာ အမျိုးသမီးတွေက ပြင်ဆင်ထားတဲ့ အမွှေးနံ့သာတွေယူပြီး သင်္ချိုင်းဂူဆီ ရောက်လာတဲ့အခါ၊+ ၂  ဂူဝကိုပိတ်ထားတဲ့ ကျောက်တုံးကို လှိမ့်ဖယ်ထားမှန်း တွေ့လိုက်ရတယ်။+ ၃  အထဲဝင်ကြည့်လိုက်တော့ သခင်ယေရှုရဲ့အလောင်း မရှိတော့ဘူး။+ ၄  အကြောင်းရင်းကို သူတို့ စဉ်းစားမရဖြစ်နေတုန်း တောက်ပတဲ့ဝတ်ရုံ ဝတ်ဆင်ထားသူ နှစ်ယောက် အနားရောက်လာတယ်။ ၅  သူတို့ ကြောက်ကြောက်နဲ့ ခေါင်းငုံ့ထားတော့ အဲဒီလူနှစ်ယောက်က “လူသေတွေထားတဲ့နေရာမှာ အသက်ရှင်တဲ့သူကို ဘာလို့ လာရှာကြတာလဲ။+ ၆  သူ ဒီမှာမရှိဘူး။ အသက်ပြန်ရှင်သွားပြီ။ ဂါလိလဲနယ်မှာရှိတုန်းက ခင်ဗျားတို့ကို သူ ဘာမှာခဲ့သလဲ ပြန်စဉ်းစားကြည့်ပါဦး။ ၇  လူသားဟာ အပြစ်သားတွေလက်ထဲ အပ်နှံခံရမယ်၊ သစ်တိုင်ပေါ်မှာ ကွပ်မျက်ခံရမယ်၊ သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်လို့ သူ မှာခဲ့တယ်မဟုတ်လား”+ ဆိုပြီးပြောတယ်။ ၈  အဲဒီအခါ သူတို့က ယေရှုရဲ့စကားတွေကို ပြန်သတိရသွားတယ်။+ ၉  ဒါနဲ့ သင်္ချိုင်းဂူကနေ ပြန်လာပြီး တမန်တော် ၁၁ ယောက်နဲ့ ကျန်တဲ့တပည့်တွေကို အကြောင်းစုံ ပြောပြကြတယ်။+ ၁၀  အဲဒီအမျိုးသမီးတွေကတော့ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်ရဲ့မိခင် မာရိတို့ဖြစ်တယ်။ သူတို့နဲ့အတူလိုက်လာတဲ့ တခြားအမျိုးသမီးတွေကလည်း တမန်တော်တွေကို အဲဒီအကြောင်း ပြောပြကြတယ်။ ၁၁  အမျိုးသမီးတွေရဲ့စကားက ယုတ္တိမရှိပုံပေါက်နေတော့ သူတို့ မယုံကြဘူး။ ၁၂  ဒါပေမဲ့ ပေတရုက ထပြီး သင်္ချိုင်းဂူဆီ ပြေးသွားတယ်။ အထဲကိုကိုင်းပြီး ကြည့်လိုက်တော့ ပိတ်ချောထည်ကိုပဲ တွေ့တယ်။ ဘာများဖြစ်သွားပါလိမ့်လို့ တွေးရင်း သူအိမ်ပြန်သွားတယ်။ ၁၃  အဲဒီနေ့မှာပဲ တပည့်နှစ်ယောက်က ဂျေရုဆလင်မြို့နဲ့ ခုနစ်မိုင်လောက်ဝေးတဲ့ ဧမောက်ရွာကို ခရီးသွားရင်း၊ ၁၄  ဖြစ်ပျက်ခဲ့သမျှကို အချင်းချင်း ပြောနေကြတယ်။ ၁၅  အဲဒီလို ပြောဆိုဆွေးနွေးနေတုန်း ယေရှုက အနားရောက်လာပြီး သူတို့နဲ့အတူ လျှောက်လာတယ်။ ၁၆  ဒါပေမဲ့ ယေရှုကို သူတို့ မမှတ်မိကြဘူး။+ ၁၇  ယေရှုက “ခင်ဗျားတို့ ခရီးသွားရင်း ဘာအကြောင်းတွေ ငြင်းခုံနေကြတာလဲ” လို့မေးတော့ သူတို့မျက်နှာညှိုးသွားပြီး ဆက်မလျှောက်တော့ဘဲ ရပ်နေတယ်။ ၁၈  ကလောဖဆိုတဲ့ တစ်ယောက်က “ဂျေရုဆလင်မြို့မှာနေပြီး ဒီရက်ပိုင်းမှာ ဘာတွေဖြစ်နေမှန်း ခင်ဗျားတစ်ယောက်ပဲ မသိတာဆိုတော့ ခင်ဗျားဟာ တိုင်းတစ်ပါးသားလား” လို့ပြောတယ်။ ၁၉  အဲဒီအခါ ယေရှုက “ဘာအကြောင်းများပါလိမ့်” ဆိုတော့ သူတို့က “နာဇရက်မြို့သား ယေရှုရဲ့အကြောင်းပေါ့။+ သူဟာ ဘုရားသခင်ရှေ့၊ လူရှေ့မှာ တန်ခိုးကြီးလုပ်ရပ်တွေ၊ အစွမ်းထက်တဲ့စကားတွေ လုပ်ခဲ့ပြောခဲ့တဲ့ ပရောဖက်တစ်ယောက်ပဲ။+ ၂၀  ပုရောဟိတ်ကြီးတွေ၊ ခေါင်းဆောင်တွေက သူ့ကို သေဒဏ်စီရင်ပြီး+ သစ်တိုင်ပေါ်မှာ ကွပ်မျက်လိုက်ကြပြီ။ ၂၁  အစ္စရေးလူမျိုးကို ကယ်တင်မယ့်သူအဖြစ် သူ့ကို ကျွန်တော်တို့ မျှော်လင့်ခဲ့တာ။+ ဒါတင်ဘယ်ကမလဲ။ ဒါတွေဖြစ်သွားတာ အခုဆို သုံးရက်တောင် ရှိပြီ။ ၂၂  နောက်လိုက်အမျိုးသမီးတချို့ကြောင့် ကျွန်တော်တို့ အံ့အားသင့်နေတယ်။ သူတို့က သင်္ချိုင်းဂူကို အစောကြီး ရောက်သွားပေမဲ့၊+ ၂၃  သူ့အလောင်းကို မတွေ့ဘဲ သူအသက်ရှင်နေပြီလို့ပြောတဲ့ ကောင်းကင်တမန်တွေကိုပဲ တွေ့ခဲ့တဲ့အကြောင်း လာပြောနေလို့ပါ။ ၂၄  ဒါနဲ့ ကျွန်တော်တို့ထဲက တချို့လည်း သင်္ချိုင်းဂူကို သွားကြည့်ကြတာ+ သူတို့ပြောတဲ့အတိုင်း ဟုတ်နေတယ်။ သူ့ကိုတော့ မတွေ့ဘူး” လို့ဖြေတယ်။ ၂၅  အဲဒီအခါ ယေရှုက “ပရောဖက်တွေ ပြောခဲ့သမျှကို နာယူချင်စိတ်မရှိတဲ့ အသိဉာဏ်မဲ့သူတို့၊ ၂၆  ခရစ်တော်ဟာ ဘုန်းအသရေရရှိဖို့+ ဒီလိုဝေဒနာတွေ ခံရမှာပဲ မဟုတ်လား”+ လို့ပြောပြီးတဲ့နောက်၊ ၂၇  သူနဲ့ပတ်သက်ပြီး ကျမ်းစောင်တွေထဲမှာ ရေးထားသမျှကို ရှင်းပြတယ်။ မောရှေနဲ့ ပရောဖက်တွေရေးခဲ့တဲ့ ကျမ်းစောင်တွေကနေစပြီး+ ရှင်းပြတယ်။ ၂၈  ဒီလိုနဲ့ သူတို့သွားမယ့်ရွာနား ရောက်လာတယ်။ ယေရှု ဆက်သွားမယ်လုပ်တော့၊ ၂၉  သူတို့က “ကျွန်တော်တို့ဆီမှာပဲ တည်းလိုက်ပါ။ နေ့တာကုန်လို့ မိုးတောင်ချုပ်တော့မယ်” ဆိုပြီး တိုက်တွန်းနေတာနဲ့ ယေရှုလည်း သူတို့ဆီမှာပဲ ဝင်တည်းလိုက်တယ်။ ၃၀  အတူထိုင်ပြီး စားသောက်ဖို့ပြင်တော့ ယေရှုက မုန့်ကိုယူ၊ ဆုတောင်းပြီးတဲ့နောက် မုန့်ကိုဖဲ့ပြီး သူတို့ကို ပေးတယ်။+ ၃၁  အဲဒီအခါကျမှ ယေရှုဖြစ်နေမှန်း သူတို့ မှတ်မိသွားကြတယ်။ ဒါပေမဲ့ သူတို့ဆီကနေ ယေရှု ကွယ်ပျောက်သွားတယ်။+ ၃၂  ဒါနဲ့ သူတို့က “လမ်းမှာ ငါတို့ကို သူစကားတွေပြောပြီး ကျမ်းချက်တွေ အသေအချာ ရှင်းပြတုန်းက ငါတို့ရင်ထဲမှာ လှိုက်ဆူသွားတာပဲ မဟုတ်လား” လို့အချင်းချင်း ပြောကြတယ်။ ၃၃  ပြီးတာနဲ့ သူတို့ ဂျေရုဆလင်မြို့ကို ထပြန်သွားတယ်။ အဲဒီမှာ တမန်တော် ၁၁ ယောက်နဲ့ အတူရှိနေတဲ့ တပည့်တွေကို တွေ့တယ်။ ၃၄  “သခင် အသက်ပြန်ရှင်လာတာ အမှန်ပဲ။ ရှိမုန်ကို လာတွေ့သွားတယ်”+ လို့ပြောပြကြတော့၊ ၃၅  သူတို့နှစ်ယောက်လည်း လမ်းမှာ ကြုံခဲ့ရတာတွေရော မုန့်ကိုဖဲ့တော့မှ ယေရှုဖြစ်နေမှန်း သိသွားတဲ့အကြောင်းကိုပါ ပြန်ပြောပြလိုက်တယ်။+ ၃၆  အဲဒီလိုပြောနေတုန်း ယေရှုက သူတို့အလယ်မှာ ရပ်ပြီး “ငြိမ်သက်ခြင်း ရှိပါစေ”+ လို့ပြောတယ်။ ၃၇  သူတို့လည်း ဝိညာဉ်ပုဂ္ဂိုလ် ပေါ်လာတယ်လို့ ထင်ပြီး လန့်ဖျပ်သွားတယ်။ ၃၈  ဒါနဲ့ ယေရှုက “ဘာလို့ လန့်သွားတာလဲ။ ဘာလို့ သံသယဝင်နေတာလဲ။ ၃၉  ဒီမှာ ကျွန်တော့်ခြေလက်တွေကို ကြည့်။ ကျွန်တော်ပါပဲ။ ကိုင်ကြည့်၊ စမ်းကြည့်ကြပါဦး။ ဝိညာဉ်ပုဂ္ဂိုလ်ဆိုရင် ဘယ်လိုလုပ်ပြီး ကျွန်တော့်လို အရိုးတွေ၊ အသားတွေ ရှိနိုင်မှာလဲ” လို့ပြောပြီး၊ ၄၀  သူ့ခြေလက်တွေကို ပြတယ်။ ၄၁  သူတို့လည်း အံ့သြပြီး ဝမ်းသာလွန်းလို့ မယုံနိုင်အောင်ဖြစ်နေတော့ ယေရှုက “စားစရာ တစ်ခုခုရှိသလား” လို့ မေးတယ်။ ၄၂  သူတို့က ငါးကင်တစ်ပိုင်း ပေးတဲ့အခါ၊ ၄၃  ယေရှုက ယူပြီး သူတို့ရှေ့မှာ စားတယ်။ ၄၄  အဲဒီနောက် ယေရှုက “ကျွန်တော် ခင်ဗျားတို့နဲ့အတူ ရှိခဲ့တုန်းက+ မောရှေရဲ့ပညတ်ကျမ်း၊ ပရောဖက်ကျမ်းတွေနဲ့ ဆာလံကျမ်းမှာ ကျွန်တော့်အကြောင်း ရေးထားသမျှ ပြည့်စုံရမယ်လို့ ပြောခဲ့တာပဲ”+ ဆိုပြီး၊ ၄၅  ကျမ်းချက်တွေရဲ့အဓိပ္ပာယ်ကို အပြည့်အဝ နားလည်နိုင်အောင် သူတို့ရဲ့ဉာဏ်ကို ဖွင့်ပေးတယ်။+ ၄၆  ပြီးတော့ ယေရှုက “ကျမ်းစာမှာ ခရစ်တော်ဟာ ဝေဒနာခံရမယ်၊ သုံးရက်မြောက်နေ့မှာ သေရာကနေ အသက်ပြန်ရှင်လာမယ်၊+ ၄၇  လူတွေ အပြစ်ခွင့်လွှတ်ခံရဖို့ နောင်တယူရမယ်ဆိုတဲ့အကြောင်း+ ဂျေရုဆလင်မြို့ကစပြီး လူမျိုးအားလုံးကို+ သူ့နာမည်အမှီပြုပြီး ဟောပြောရမယ်လို့+ ရေးထားတယ်။ ၄၈  အဲဒီအကြောင်းတွေကို ခင်ဗျားတို့ သက်သေခံရမယ်။+ ၄၉  အဖဘုရား ကတိပြုထားတဲ့အရာကို ခင်ဗျားတို့ကို ကျွန်တော်ပေးမယ်။ ကောင်းကင်က တန်ခိုးကို ခင်ဗျားတို့ မရမချင်း ဒီမြို့မှာပဲ နေကြဦး”+ လို့ သူတို့ကိုမှာတယ်။ ၅၀  အဲဒီနောက် ယေရှုက တပည့်တွေကို ဗေသနိရွာဆီ ခေါ်သွားတယ်။ အဲဒီမှာ လက်ကိုဆန့်ပြီး သူတို့ကိုကောင်းချီးပေးတယ်။ ၅၁  အဲဒီလိုကောင်းချီးပေးရင်း သူတို့ကို ထားရစ်ပြီး ကောင်းကင်ကို တက်သွားတယ်။+ ၅၂  သူတို့လည်း ယေရှုကို ဦးညွှတ်ပြီး ဂျေရုဆလင်မြို့ဆီ ဝမ်းသာအားရ ပြန်သွားကြတယ်။+ ၅၃  ဗိမာန်တော်မှာ သူတို့ အမြဲရှိနေပြီး ဘုရားသခင်ကို ချီးမွမ်းကြတယ်။+

အောက်ခြေမှတ်ချက်များ