မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ

မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ

မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ

မမျှော်လင့်ထားသော အခက်အခဲ သို့မဟုတ် တာဝန်တစ်ခုကြောင့် သင် အကြီးအကျယ် စိတ်သောကရောက်ဖူးပါသလော။ စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်နေရခြင်းကြောင့် စိတ်ပင်ပန်းနေပါသလော။ သို့မဟုတ် သင်သည် ဒုက္ခသည်အဖြစ် အမိမြေမှထွက်ပြေးရတော့မည်ဖြစ်သောကြောင့် စိတ်ရှုပ်နေသူ၊ ကြောက်ရွံ့နေသူ သန်းပေါင်းများစွာထဲမှ တစ်ဦးဖြစ်သလော။ သင်ချစ်ရသူတစ်ဦး ဆုံးပါးသွားခြင်းကြောင့် အလွန်ဟာတာတာဖြစ်ကာ ဝမ်းနည်းကြေကွဲနေသလော။

ယေရှု၏မိခင်မာရိသည် ထိုအခက်အခဲအားလုံးကို ကြုံတွေ့ခဲ့ရကြောင်း သင်သိပါသလော။ သို့သော် ယင်းတို့ကို သူ အောင်မြင်စွာရင်ဆိုင်ခဲ့သည်။ မာရိ၏ပုံသက်သေမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

မာရိကို ကမ္ဘာတစ်ဝန်းရှိလူတို့ သိကြသည်။ ယင်းမှာ မဆန်းပါ၊ အကြောင်းမှာ သူသည် ဘုရားသခင့်ရည်ရွယ်ချက်များ ပြည့်စုံလာရေးတွင် ထူးခြားသောကဏ္ဍမှ ပါဝင်ခဲ့၍ဖြစ်သည်။ လူသန်းပေါင်းများစွာသည် မာရိကို ကြည်ညိုလေးမြတ်ကြ၏။ ကက်သလစ်ချာ့ခ်ျသည် မာရိကို မိမိတို့ချစ်မြတ်နိုးရသောမယ်တော်နှင့် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ စိတ်ထားမွန်မြတ်ခြင်းတို့၏ စံနမူနာရှင်အဖြစ် ကြည်ညိုကိုင်းရှိုင်းကြသည်။ မာရိသည် လူတို့အတွက် ဘုရားသခင်ထံ အသနားခံကာ ဖျန်ဖြေပေးသူဖြစ်သည်ဟုလည်း လူများစွာ သွန်သင်ခံရ၏။

ယေရှု၏မိခင်မာရိကို သင်မည်သို့ရှုမြင်သနည်း။ ထို့ထက်အရေးကြီးသည်ကား မာရိကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။

ထူးခြားသောတာဝန်

ဧလိ၏သမီးမာရိသည် အစ္စရေးလူမျိုး၊ ယုဒအနွယ်ဖြစ်သည်။ ကျမ်းစာက သူ့အကြောင်းကို ထူးဆန်းသောဖြစ်ရပ်တစ်ခုဖြင့် အစပြုဖော်ပြထားသည်။ ယင်းမှာ ကောင်းကင်တမန်တစ်ပါး သူ့ထံရောက်ရှိလာပြီး ‘အထူးမျက်နှာသာရသောသူ၊ သင်၌ ငြိမ်သက်ခြင်းရှိပါစေ။ ယေဟောဝါဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူ၏’ ဟုဆိုခြင်းဖြစ်သည်။ အစပိုင်းတွင် သူအလွန်စိတ်ပူသွားပြီး “ဤနှုတ်ဆက်ခြင်းကား အဘယ်အဓိပ္ပာယ်ရှိလိမ့်မည်နည်းဟု ဆင်ခြင်လျက်နေ၏။” သို့နှင့် ကောင်းကင်တမန်က မာရိသည် ဘုရားသခင်၏သားတော်ကို ပဋိသန္ဓေယူကာ မွေးဖွားပြုစုရမည့် အံ့သြဆန်းကြယ်ပြီး အလွန်ကြီးလေးသောတာဝန်အတွက် ရွေးချယ်ခံရကြောင်း ပြောပြလိုက်သည်။—လုကာ ၁:၂၆-၃၃

ဤမိန်းမပျိုလေးအတွက် တာဝန်ကြီးပါတကား။ သူ မည်သို့တုံ့ပြန်သနည်း။ ထိုအကြောင်းကို အဘယ်သူယုံလိမ့်မည်နည်းဟု သူတွေးမိပေမည်။ ဤတာဝန်ကြောင့် သူနှင့်စေ့စပ်ထားသူယောသပ်၏ မေတ္တာကို ဆုံးရှုံးသွားနိုင်သကဲ့သို့ လူရှေ့သူရှေ့တွင်လည်း အရှက်ခွဲခံရနိုင်သည်။ (တရားဟောရာ ၂၂:၂၀-၂၄) သို့သော် ဤကြီးလေးသောတာဝန်ကို လက်ခံရန် သူ မတွန့်ဆုတ်ခဲ့ပေ။

မာရိသည် သူ၏ခိုင်မာသောယုံကြည်ခြင်းကြောင့် ယေဟောဝါဘုရားသခင်၏အလိုတော်ကို လက်အောက်ခံနိုင်ခဲ့သည်။ သူ့ကို ကိုယ်တော်ဂရုစိုက်စောင့်ရှောက်မည်ဖြစ်ကြောင်း သူယုံကြည်စိတ်ချသည်။ ထို့ကြောင့် ‘ကျွန်ုပ်သည် ယေဟောဝါဘုရားသခင်၏ကျွန်မ ဖြစ်ပါ၏။ အရှင့်စကားအတိုင်း ကျွန်မ၌ ဖြစ်ပါစေ’ ဟုဆိုခဲ့သည်။ မာရိသည် သူရရှိသောအခွင့်ထူးကို တန်ဖိုးထားသောကြောင့် ရှေ့တွင်စောင့်ကြိုနေသော အခက်အခဲများကို ရင်ဆိုင်ရန်အသင့်ရှိ၏။—လုကာ ၁:၃၈

မာရိသည် မိမိတွင် ကိုယ်ဝန်ရှိနေကြောင်း ယောသပ်ကိုပြောပြသောအခါ ယောသပ်က စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။ သူတို့နှစ်ဦးစလုံးအတွက် အလွန်နာကျင်ကြေကွဲဖွယ်အချိန်ပင်။ မည်မျှကြာကြာ ထိုသို့ခံစားခဲ့ရကြောင်း ကျမ်းစာက မဖော်ပြပေ။ သို့သော် ယောသပ်ထံ ယေဟောဝါ၏ကောင်းကင်တမန် ရောက်လာချိန်တွင် မာရိနှင့်ယောသပ်နှစ်ဦးစလုံး အလွန်စိတ်သက်သာရာရခဲ့ကြသည်။ ထိုကောင်းကင်တမန်က ယောသပ်အား မာရိတွင် ထူးဆန်းစွာပဋိသန္ဓေစွဲကပ်သည့်အကြောင်းကို ရှင်းပြပြီး မာရိကိုဇနီးအဖြစ် သိမ်းယူရန် ညွှန်ကြားခဲ့သည်။—မဿဲ ၁:၁၉-၂၄

ခက်ခဲသောအချိန်ကာလများ

ယနေ့ မိခင်လောင်းများစွာသည် ကလေးမွေးဖွားလာမည့်အချိန်အတွက် လပေါင်းများစွာ ကြိုတင်ပြင်ဆင်ကြသည်။ မာရိလည်း အလားတူပြုလုပ်ခဲ့ပေမည်။ ဤကလေးသည် သူ၏သားဦးဖြစ်၏။ သို့သော် မမျှော်လင့်ထားသောဖြစ်ရပ်များက သူ၏အစီအစဉ်များကို အလွဲလွဲအချော်ချော်ဖြစ်စေခဲ့သည်။ ကဲသာသြဂုတ္တုသည် လူတိုင်း မိမိတို့မွေးရပ်ဇာတိမြို့တွင် မှတ်ပုံတင်ခြင်းဖြင့် သန်းခေါင်စာရင်းပြုလုပ်ရန် အမိန့်ထုတ်လေသည်။ ထို့ကြောင့် ယောသပ်သည် ကိုယ်ဝန်ကိုးလရှိပြီဖြစ်သည့် မာရိကို မြည်းပေါ်တင်ကာ မိုင် ၉၀ ခန့်ရှိသောခရီးကိုနှင်ခဲ့သည်။ ဘက်သလီဟင်မြို့တွင် လူများပြည့်ကျပ်နေပြီ၊ မာရိသည် သားဖွားရန် နေရာသီးသန့် လိုအပ်သော်လည်း နွားတင်းကုပ်သာကျန်တော့သည်။ နွားတင်းကုပ်တွင် သားဖွားရခြင်းက မာရိအတွက် အလွန်ခက်ခဲပေမည်။ ထို့ပြင် အနေရခက်ပြီး ကြောက်နေပေမည်။

အလွန်ခက်ခဲသော ထိုကာလများတွင် မာရိသည် မိမိနှင့်ကလေးကို ယေဟောဝါဂရုစိုက်စောင့်ရှောက်မည်ဖြစ်ကြောင်း ယုံကြည်ကာ ကိုယ်တော့်ထံ ရင်ဖွင့်ဆုတောင်းခဲ့မည်မှာ သေချာသည်။ နောက်ပိုင်း၊ ကလေးကို တွေ့လိုဇောဖြင့် သိုးထိန်းအချို့ရောက်လာသည်။ သူတို့က ကောင်းကင်တမန်များသည် ဤကလေးကို “သခင်ခရစ်တော်တည်းဟူသော ကယ်တင်ရှင်” ဟူ၍ခေါ်ကြောင်း ပြောပြကြသည်။ ထို့နောက် “မာရိသည် ထိုအကြောင်းအရာအလုံးစုံကို နှလုံးသွင်း၍ ဆင်ခြင်လျက်နေ၏” ဟုကျွန်ုပ်တို့ဖတ်ရသည်။ မာရိသည် ထိုစကားများကို တွေးတောဆင်ခြင်ကာ ယင်းတို့မှ ခွန်အားရယူခဲ့သည်။—လုကာ ၂:၁၁၊ ၁၆-၁၉

ကျွန်ုပ်တို့ကော မည်သို့နည်း။ ကျွန်ုပ်တို့ဘဝတွင် တစ်ချိန်မဟုတ်တစ်ချိန် နာကျင်ကြေကွဲစရာများ ကြုံရပေမည်။ ထို့ပြင် ကျွန်ုပ်တို့အားလုံးသည် “အချိန်နှင့် ကြိုတင်မမြင်ရသောဖြစ်ရပ်များ” ကြောင့် ဘဝခရီးတွင် အခက်အခဲအမျိုးမျိုးကို ကြုံတွေ့နိုင်မည်ဟု ကျမ်းစာက ဖော်ပြသည်။ (ဒေ. ၉:၁၁ကဘ) ထိုသို့ကြုံလာရလျှင် ကျွန်ုပ်တို့ စိတ်နာကြည်းပြီး ဘုရားသခင်ကို အပြစ်တင်မည်လော။ ယင်းအစား မာရိ၏သဘောထားကို အတုယူကာ ဘုရားသခင့်နှုတ်မြွက်တော်သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာ၊ တွေးတောဆင်ခြင်ခြင်းဖြင့် ယေဟောဝါဘုရားသခင်ထံချဉ်းကပ်ခြင်းက ပိုကောင်းမည်မဟုတ်လော။ ယင်းသို့ပြုခြင်းက စုံစမ်းမှုများကို ခံရပ်နိုင်ရန် သေချာပေါက်ကူညီပေးပါလိမ့်မည်။

ဆင်းရဲနွမ်းပါးသော ဒုက္ခသည်တစ်ဦး

မာရိကြုံခဲ့ရသော အခြားခက်ခဲမှုများတွင် ဆင်းရဲနွမ်းပါးမှုနှင့် အမိမြေမှ ရုတ်တရက်ထွက်ပြေးရခြင်းတို့လည်း ပါဝင်သည်။ ထိုခက်ခဲမှုများကို သင်ကြုံဖူးပါသလော။ မှတ်တမ်းတစ်ခုအရ “ကမ္ဘာ့လူဦးရေထက်ဝက်ဖြစ်သည့် လူပေါင်းသန်းသုံးထောင်နီးပါးသည် တစ်ရက်လျှင် နှစ်ဒေါ်လာထက်နည်းသော ဝင်ငွေဖြင့် အသက်ရှင်နေကြပြီး” လူသန်းပေါင်းများစွာမှာ ချမ်းသာပုံရသောနိုင်ငံများတွင် နေထိုင်ကြသော်လည်း စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေကြရသည်။ သင်ကော မည်သို့နည်း။ မိသားစု၏စားဝတ်နေရေးအတွက် နေ့စဉ်ပင်ပန်းစွာရုန်းကန်ရခြင်းကို ငြီးငွေ့လာပြီး တစ်ခါတစ်ရံ စိတ်သောကပင်ရောက်နေသလော။

ယောသပ်နှင့်မာရိသည် အတော်ဆင်းရဲကြောင်း ကျမ်းစာကဖော်ပြသည်။ ယင်းကို မည်သို့သိရသနည်း။ မာရိသားဖွားပြီးနောက် ရက် ၄၀ တွင် သူနှင့်ယောသပ်သည် ပညတ်တရားအရ “ချိုးငှက်တစ်စုံကိုဖြစ်စေ၊ ခိုကလေးနှစ်ကောင်ကိုဖြစ်စေ” ယဇ်ပူဇော်ရန် ဝတ်ပြုရာအိမ်တော်သို့ သွားခဲ့ကြသည်။ * ယင်းသည် ထိုဇနီးမောင်နှံနှင့်ပတ်သက်၍ မဿဲ၊ မာကု၊ လုကာနှင့်ယောဟန် ခရစ်ဝင်ကျမ်းများ ဖော်ပြသည့်အချက်အနည်းငယ်မှ တစ်ချက်ဖြစ်သည်။ (လုကာ ၂:၂၂-၂၄) ထိုပူဇော်ရာယဇ်မှာ သိုးသငယ်အထီးတစ်ကောင်ကို မပူဇော်နိုင်သောဆင်းရဲသားများအတွက်ဖြစ်သည်။ ထို့ကြောင့် ယောသပ်နှင့်မာရိလည်း စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ကြပုံရသည်။ သို့တိုင် မေတ္တာလွှမ်းခြုံသောမိသားစုကမ္ဘာလေးကို သူတို့တည်ဆောက်နိုင်ခဲ့သည်။ သူတို့အတွက် အရေးကြီးဆုံးမှာ ဝတ်ပြုရေးနှင့်ဆိုင်သောကိစ္စများဖြစ်သည်။—တရားဟောရာ ၆:၆၊ ၇

ယေရှုကို ဖွားမြင်ပြီး မကြာမီတွင် မာရိ၏ဘဝ ဗြောင်းဆန်ခဲ့ရပြန်သည်။ ယောသပ်ထံ ကောင်းကင်တမန်တစ်ပါးရောက်လာပြီး အီဂျစ်ပြည်သို့ မိသားစုလိုက်ထွက်ပြေးရန် မိန့်မှာလေ၏။ (မဿဲ ၂:၁၃-၁၅) ရင်းနှီးကျွမ်းဝင်သောဝန်းကျင်ကို မာရိ ဒုတိယအကြိမ်ထားရစ်ခဲ့ရတော့မည်၊ ဤတစ်ကြိမ်တွင်မူ တိုင်းတစ်ပါးသို့ ထွက်ခွာရမည်ဖြစ်သည်။ အီဂျစ်ပြည်တွင် ဂျူးရပ်ကွက်ကြီးတစ်ခုရှိရာ ထိုတွင် သူတို့နေထိုင်ခဲ့ကြပေမည်။ မည်သို့ဆိုစေ တိုင်းတစ်ပါးတွင် နေထိုင်ရခြင်းက ခက်ခဲပြီး စိတ်ရှုပ်စရာဖြစ်နိုင်သည်။ သင်နှင့်သင့်မိသားစုသည် အခြားသန်းပေါင်းများစွာသောသူတို့နည်းတူ သားသမီးများ၏ ကောင်းစားရေးအတွက်ဖြစ်စေ၊ အန္တရာယ်မှ လွတ်မြောက်ရန်ဖြစ်စေ အမိမြေမှထွက်ခွာခဲ့ရသလော။ သို့ဆိုလျှင် အီဂျစ်ပြည်တွင် မာရိကြုံတွေ့နိုင်ဖွယ်ရှိသော အခက်အခဲအချို့ကို ကောင်းစွာနားလည်နိုင်ပါလိမ့်မည်။

သစ္စာရှိသောဇနီးနှင့်မိခင်

ယေရှုဖွားမြင်ခြင်းနှင့် ကိုယ်တော်၏ကလေးဘဝမှတ်တမ်းမှလွဲ၍ ခရစ်ဝင်ကျမ်းများတွင် မာရိအကြောင်းကို သိပ်မဖော်ပြထားပေ။ သို့သော် မာရိနှင့်ယောသပ်တွင် အနည်းဆုံး နောက်ထပ်သားသမီးခြောက်ဦးရှိကြောင်း သိရသည်။ ယင်းကြောင့် သင်အံ့သြမိပေမည်။ သို့သော် ခရစ်ဝင်ကျမ်းများက ယင်းနှင့်ပတ်သက်၍ အဘယ်အရာဆိုကြောင်း သုံးသပ်ကြည့်ပါ။

ဘုရားသခင့်သားတော်အား ဖွားမြင်ရသည့် မာရိ၏အခွင့်ထူးကို ယောသပ် အလွန်လေးမြတ်ခဲ့သည်။ ထို့ကြောင့် သူသည် ယေရှုမဖွားမြင်မီ မာရိနှင့် လိင်မဆက်ဆံခဲ့ပေ။ ယောသပ်သည် “သားကို မမွေးမချင်း မာရိနှင့် သံဝါသမပြုဘဲနေ၏” ဟုမဿဲ ၁:၂၅ ကဆိုသည်။ ထိုအခန်းငယ်ပါ “မမွေးမချင်း” ဟူသောစကားလုံးက ယောသပ်နှင့်မာရိသည် ယေရှုကိုဖွားမြင်ပြီးနောက် လင်မယားအဖြစ် လိင်ဆက်ဆံကြောင်း ဖော်ပြသည်။ ထို့ကြောင့် မာရိတွင် ယောသပ်နှင့်ရသော သားသမီးများရှိသည်ဟု ခရစ်ဝင်ကျမ်းမှတ်တမ်းများက ဆိုခြင်းဖြစ်သည်။ ယာကုပ်၊ ယောသေ၊ ရှိမုန်နှင့်ယုဒတို့သည် ယေရှု၏ မိတူဖကွဲညီများဖြစ်သည်။ မာရိတွင် အနည်းဆုံး သမီးနှစ်ဦးလည်းရှိသည်။ (မဿဲ ၁၃:၅၅၊ ၅၆) ထိုသားသမီးများကို ပုံမှန်နည်းအတိုင်း ပဋိသန္ဓေရရှိခဲ့ခြင်းဖြစ်သည်။ *

မာရိသည် ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးရှိခြင်းကို အလွန်တန်ဖိုးထားလေးမြတ်သူဖြစ်၏။ ပညတ်တရားအရ ပသခါပွဲကို အမျိုးသမီးများ တက်ရောက်ဖို့မလိုအပ်သော်လည်း မာရိသည် ယောသပ်နှင့်အတူ ပွဲတော်တက်ရန် ဂျေရုဆလင်သို့ နှစ်စဉ်သွားခဲ့သည်။ (လုကာ ၂:၄၁) အသွားအပြန် မိုင် ၁၉၀ နီးပါးကို သားငယ်သမီးငယ်များနှင့်အတူ သူတို့ နှစ်စဉ်ခရီးနှင်ခဲ့သည်။ ထိုခရီးစဉ်များသည် မိသားစုအတွက် ပျော်ရွှင်ဖွယ်အချိန်အခါများဖြစ်သည်မှာ သေချာသည်။

ယနေ့ အမျိုးသမီးများစွာသည် မာရိ၏ပုံသက်သေကောင်းကို တုပနေကြသည်။ သူတို့သည် မိမိတို့၏ကျမ်းပေးတာဝန်ကို ကျေပွန်စေရန် ကိုယ်ကျိုးမငဲ့ဘဲ ကြိုးစားအားထုတ်နေသည်။ ထိုသစ္စာရှိဇနီးများသည် ကြီးစွာသောစိတ်ရှည်မှု၊ ခံနိုင်ရည်နှင့် နှိမ့်ချမှုတို့ကို မကြာခဏတင်ပြကြရသည်။ မာရိ၏သဘောထားကို တွေးတောဆင်ခြင်ခြင်းက သက်သောင့်သက်သာဖြင့် ဇိမ်ကျကျနေလိုသည့်ဆန္ဒထက် ဝတ်ပြုရေးနှင့်ဆိုင်သောကိစ္စများကို ဦးစားထားရန် သူတို့ကို ကူညီပေးသည်။ ခင်ပွန်း၊ သားသမီးများနှင့်အတူ ဘုရားသခင်ကို ဝတ်ပြုခြင်းသည် အိမ်ထောင်ကို ခိုင်မာစည်းလုံးစေကြောင်း မာရိနည်းတူ သူတို့ကောင်းစွာသိနားလည်ကြသည်။

တစ်ကြိမ်တွင် ယောသပ်နှင့်မာရိသည် ယေရှု၏ညီငယ်ညီမငယ်များနှင့်အတူ ဂျေရုဆလင်မြို့ရှိပွဲတော်မှအပြန်တွင် ၁၂ နှစ်အရွယ် ယေရှု ပါမလာကြောင်း သတိပြုမိသည်။ သားကိုလိုက်ရှာနေသည့် သုံးရက်အတွင်း မာရိ မည်မျှစိတ်ပူနေမည်ကို သင်စိတ်ကူးကြည့်နိုင်သလော။ နောက်ဆုံး ယောသပ်နှင့်မာရိသည် ယေရှုကို ဝတ်ပြုရာအိမ်တော်တွင် တွေ့သောအခါ ယေရှုက “ကျွန်ုပ်သည် အဖ၏အိမ်တော်၌ ရှိနေမည်အကြောင်းကို မသိကြသလော” ဟုဆို၏။ ဤတွင်လည်း မာရိသည် “ထိုအကြောင်းအရာအလုံးစုံကို နှလုံးသွင်းထားလေ၏” ဟုမှတ်တမ်းကဆိုသည်။ ယင်းက မာရိသည် ကိစ္စရပ်များနှင့်ပတ်သက်၍ ဘုရားသခင့်အမြင်ကို အလွန်လေးစားကြောင်း ထပ်မံဖော်ပြလိုက်ခြင်းဖြစ်သည်။ ယေရှုနှင့်ပတ်သက်၍ ဖြစ်ပျက်သမျှအားလုံးကို သူကောင်းစွာဆင်ခြင်သုံးသပ်ခဲ့သည်။ နှစ်များကုန်လွန်ပြီးနောက် ယေရှု၏ကလေးဘဝမှ ဤဖြစ်ရပ်အပြင် အခြားဖြစ်ရပ်များနှင့်ပတ်သက်၍ ကောင်းစွာအမှတ်ရနေသည့်အရာများကို ခရစ်ဝင်ကျမ်းရေးသူများအား သူပြောပြခဲ့ပေမည်။—လုကာ ၂:၄၁-၅၂

ကြေကွဲဝမ်းနည်းဖွယ်ဆုံးရှုံးမှုကို ရင်ဆိုင်ခံရပ်ခြင်း

ယေရှု၏မွေးစားဖခင်ယောသပ် မည်သို့ဖြစ်သွားသနည်း။ ခရစ်ဝင်ကျမ်းမှတ်တမ်းတွင် ယောသပ်သည် ယေရှုကလေးဘဝမှ အထက်ပါအဖြစ်အပျက်တွင် ခဏပေါ်လာပြီးနောက် ဇာတ်မြုပ်သွားသည်။ ထို့ကြောင့် ယေရှု ဓမ္မအမှုလုပ်ငန်း မစတင်မီ ယောသပ်သေဆုံးသွားခြင်းဖြစ်သည်ဟု အချို့ယူဆကြ၏။ * မည်သို့ပင်ဖြစ်စေ၊ ယေရှု၏ဓမ္မအမှုပြီးဆုံးချိန်တွင် မာရိသည် မုဆိုးမတစ်ဦးဖြစ်နေပုံရသည်။ ထို့ကြောင့် ယေရှုသည် သေဆုံးခါနီးတွင် မိခင်ကို တမန်တော်ယောဟန်လက်ထဲအပ်ခဲ့ခြင်းဖြစ်သည်။ (ယောဟန် ၁၉:၂၆၊ ၂၇) ယောသပ်သာ သက်ရှိထင်ရှားရှိနေသေးလျှင် ယေရှု ထိုသို့ပြုခဲ့မည်မဟုတ်ပေ။

မာရိနှင့်ယောသပ်သည် ဘဝအတွေ့အကြုံများစွာကို တူနှစ်ကိုယ်ရင်ဆိုင်ခဲ့ကြသည်။ သူတို့ထံ ကောင်းကင်တမန်များ ရောက်လာသည်၊ မင်းစိုးရာဇာလက်မှ လွတ်မြောက်ခဲ့သည်၊ အကြိမ်ကြိမ် ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး မိသားစုကြီးတစ်ခုကို အတူတည်ဆောက်ခဲ့ကြသည်။ အနာဂတ်တွင် ယေရှုအဘယ်အရာများ ကြုံရမည်ကို တွေးပူလျက်၊ ကိုယ်တော့်ကို နည်းမှန်လမ်းကျ ထိန်းကျောင်းပြင်ဆင်ပေးနေမနေကို စိတ်ပူလျက် ကိုယ်တော့်အကြောင်း အတူထိုင်ပြောခဲ့သည့် ညနေခင်းများစွာရှိပေမည်။ ထို့နောက် ရုတ်တရက် မာရိတစ်ကိုယ်တည်းဖြစ်သွားသည်။

သေခြင်းတရားကြောင့် သင်နှင့်သင့်အိမ်ထောင်ဖက် ခွဲခွာခဲ့ရသလော။ နှစ်များစွာကုန်လွန်သွားသည့်တိုင် ထိုဆုံးရှုံးမှုကြောင့် နာကျင်ကြေကွဲမှုနှင့် ဟာတာတာဖြစ်မှုကို ခံစားနေရဆဲလော။ ရှင်ပြန်ထမြောက်လာမည်ဟူသော ယုံကြည်ချက်နှင့်အသိပညာကြောင့် မာရိ နှစ်သိမ့်မှုခံစားခဲ့ရသည်မှာ သေချာသည်။ * (ယောဟန် ၅:၂၈၊ ၂၉) သို့သော် ထိုနှစ်သိမ့်မှုက မာရိ၏ပြဿနာများကို မပြေလည်စေခဲ့ပါ။ ယနေ့ ကြင်ဖော်မဲ့မိခင်များစွာနည်းတူ မာရိသည် သားသမီးများကို ခင်ပွန်းမရှိဘဲ မွေးမြူစောင့်ရှောက်ရသည့် အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။

ယောသပ်သေဆုံးပြီးနောက် မိသားစုကို ယေရှုသာ အဓိကရှာဖွေကျွေးမွေးခဲ့မည်ဟု ယူဆခြင်းက ကျိုးကြောင်းဆီလျော်ပါသည်။ ယေရှု၏ညီများ ကြီးပြင်းလာသည်နှင့် မိသားစုတာဝန်ကို သူတို့လည်း ခွဲယူကြပေမည်။ ယေရှုသည် “အသက်သုံးဆယ်ခန့်” တွင် အိမ်မှခွဲထွက်ကာ ဓမ္မအမှုလုပ်ငန်းကိုစတင်ခဲ့သည်။ (လုကာ ၃:၂၃) မိဘအများစုသည် အရွယ်ရောက်ပြီဖြစ်သည့်သားသမီးတစ်ဦး အိမ်မှခွဲထွက်ချိန်တွင် ဝမ်းနည်းဝမ်းသာဖြစ်တတ်ကြသည်။ မိဘတို့သည် ကလေးတစ်ဦးအတွက် အချိန်နှင့်ခွန်အားများစွာ စိုက်ထုတ်ပြီး အလွန်မြတ်နိုးယုယခဲ့ကြရာ သူတို့ခွဲထွက်သွားချိန်တွင် အလွန်အထီးကျန်ကြရသည်။ သင်၏သားသမီးတစ်ဦးဦးသည် ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်ရန် အိမ်မှခွဲထွက်သွားဖူးသလော။ သူတို့အတွက် ဂုဏ်ယူသော်လည်း တစ်ခါတစ်ရံ သူတို့နှင့်အတူနေလိုသည့်ဆန္ဒ ဖြစ်သလော။ သို့ဆိုလျှင် ယေရှု အိမ်မှထွက်သွားချိန်တွင် မာရိမည်သို့ခံစားရမည်ကို သင်ကိုယ်ချင်းစာနိုင်ပါသည်။

မမျှော်လင့်ထားသော စမ်းသပ်မှုများ

မာရိသည် မိမိကြုံရမည့်နောက်ထပ်စမ်းသပ်မှုတစ်ခုကို တစ်ခါမျှမျှော်လင့်ထားပုံမရပေ။ ယေရှုဓမ္မအမှုဆောင်စဉ် လူများစွာမှာ ကိုယ်တော့်နောက်သို့လိုက်ကြသော်လည်း ကိုယ်တော်၏ညီများ မပါဝင်ပေ။ “ညီတော်များသည် ကိုယ်တော်အား ယုံကြည်ကြောင်း မတင်ပြကြ” ဟုကျမ်းစာကဆိုသည်။ (ယောဟန် ၇:၅) ယေရှုသည် “ဘုရားသခင်၏သား” ဖြစ်သည်ဟု ကောင်းကင်တမန်ပြောခဲ့သည်ကို သူတို့အား မာရိပြောပြခဲ့မည်မှာ သေချာသည်။ (လုကာ ၁:၃၅) သို့တိုင် ယာကုပ်၊ ယောသေ၊ ရှိမုန်နှင့်ယုဒတို့သည် ယေရှုအား အစ်ကိုအဖြစ်သာ ယူမှတ်ကြသည်။ ထို့ကြောင့် မာရိ၏မိသားစုတွင် ဘာသာရေးအမြင်မတူမှုများရှိခဲ့သည်။

မာရိသည် ထိုအခြေအနေကို စိတ်ဓာတ်ကျပြီး လက်မြှောက်အရှုံးပေးခဲ့သလော။ လုံးဝမပေးခဲ့ပါ။ ဂါလိလဲနယ်တွင် အမှုဆောင်နေသည့် တစ်ကြိမ်တွင် ယေရှုသည် အစာစားရန် အိမ်တစ်အိမ်သို့သွား၏။ ထိုတွင် ကိုယ်တော်ဟောသည်ကို နားထောင်ရန် လူအုပ်စုရုံးလာသည်။ အပြင်တွင် မည်သူတို့ ကိုယ်တော့်ကိုရှာနေသနည်း။ ယေရှု၏မိခင်မာရိနှင့် ညီများဖြစ်၏။ ထို့ကြောင့် မာရိသည် သူ၏အိမ်အနီးအနားတွင် ယေရှုဟောစဉ် အခြားသားသမီးများနှင့်အတူ ကိုယ်တော့်နောက် လိုက်ခဲ့ကြောင်း ထင်ရှားသည်။ ဤသို့ဖြင့် ကိုယ်တော်နှင့်ပတ်သက်သည့် သူတို့၏သဘောထား ပြောင်းလဲလာမည်ဟု မျှော်လင့်၍ဖြစ်နိုင်သည်။—မဿဲ ၁၂:၄၆၊ ၄၇

သင်လည်း မိသားစုဝင်များ၏ အမြင်မတူမှုများကြားမှ ယေရှုနောက်သို့ ကြိုးစားလိုက်နေသည့် ခက်ခဲမှုကို ရင်ဆိုင်နေရပေမည်။ သို့သော် စိတ်မပျက်ပါနှင့်၊ အရှုံးမပေးလိုက်ပါနှင့်။ လူများစွာသည် မိမိတို့၏မိသားစုဝင်များ သဘောထားမပြောင်းလာမီ သူတို့ကို မာရိနည်းတူ နှစ်ပေါင်းများစွာ စိတ်ရှည်ရှည် အားပေးခဲ့ကြသည်။ အခြားသူများ တုံ့ပြန်သည်ဖြစ်စေ၊ မတုံ့ပြန်သည်ဖြစ်စေ ထိုသို့ခံနိုင်ရည်ရှိခြင်းကို ဘုရားသခင်တန်ဖိုးထားပါသည်။—၁ ပေတရု ၃:၁၊ ၂

အကြီးမားဆုံးစမ်းသပ်မှု

ကျမ်းစာတွင်မှတ်တမ်းတင်ထားသည့်အတိုင်း မာရိ၏နောက်ဆုံးစမ်းသပ်မှုမှာ သူ့အတွက် နာကျင်ကြေကွဲဖွယ်အကောင်းဆုံးဖြစ်သည်။ ချစ်မြတ်နိုးရသည့်သားဖြစ်သူသည် လူတို့၏ငြင်းပယ်မှုခံရပြီးနောက် ယခုပြင်းပြစွာဝေဒနာခံစားကာ အသက်ထွက်သည်ကို သူ ကြည့်နေခဲ့ရသည်။ ငယ်ရွယ်သည့်သားသမီးဖြစ်စေ၊ အရွယ်ရောက်နေပြီဖြစ်သည့်သားသမီးဖြစ်စေ သားသမီးတစ်ဦးသေဆုံးခြင်းက မိဘတို့အတွက် “အကြီးမားဆုံး ဆုံးရှုံးမှု” နှင့် “ဝမ်းအနည်းစေဆုံး သေဆုံးမှု” ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် အစောပိုင်းဆယ်စုနှစ်များတွင် ကြိုဟောထားသည့်အတိုင်း ယေရှုသေဆုံးချိန်တွင် မာရိသည် မိမိစိတ်နှလုံးကို သန်လျက်ခွင်းသကဲ့သို့ ခံစားခဲ့ရသည်။—လုကာ ၂:၃၄၊ ၃၅

ထိုနောက်ဆုံးစမ်းသပ်မှုကြောင့် မာရိသည် အလွန်စိတ်ထိခိုက်ပြီး ပြန်နာလန်မထူနိုင်တော့အောင် အလဲလဲအပြိုပြိုဖြစ်ခဲ့သလော သို့မဟုတ် ယေဟောဝါအပေါ် ယုံကြည်ခြင်း အားနည်းသွားသလော။ သူ လုံးဝ ထိုသို့မဖြစ်စေခဲ့ပါ။ မာရိအကြောင်း နောက်တစ်ကြိမ်ဖော်ပြထားသည့် ကျမ်းစာမှတ်တမ်းတွင် သူသည် ယေရှု၏တပည့်များနှင့်အတူ “အမြဲဆုတောင်း” နေကြောင်း တွေ့ရှိရသည်။ ထို့ပြင် သူတစ်ဦးတည်းမဟုတ်ပါ။ အစ်ကိုဖြစ်သူယေရှုကို ယုံကြည်လာပြီဖြစ်သည့် သူ၏အခြားသားများလည်း ထိုတွင် သူနှင့်အတူရှိနေသည်။ ထို့ကြောင့် မာရိ အလွန်စိတ်သက်သာရာရခဲ့ပေမည်။ *တမန်တော် ၁:၁၄

မာရိသည် သစ္စာရှိသောဇနီးနှင့်မိခင်အဖြစ် ကျေနပ်ပျော်ရွှင်ဖွယ်ဘဝကို ပိုင်ဆိုင်ခဲ့သည်။ ဘုရားသခင့်အမှုဆောင်ခဲ့သည့်ကာလတစ်လျှောက် ကျေနပ်ဖွယ်အတွေ့အကြုံများစွာကိုလည်း ရရှိခဲ့သည်။ စမ်းသပ်မှုနှင့်အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သည်။ ကျွန်ုပ်တို့လည်း မမျှော်လင့်ထားသောခက်ခဲမှုများ ကြုံရသည့်အခါ သို့မဟုတ် မိသားစုပြဿနာများကြောင့် စိတ်ပူပန်နေသည့်အခါ မာရိ၏သစ္စာရှိရှိခံရပ်ခဲ့သည့် ပုံသက်သေမှ များစွာသင်ယူနိုင်ပါသည်။—ဟေဗြဲ ၁၀:၃၆

သို့သော် မာရိအား ဘာသာရေးတွင် စံထားလောက်ဖွယ် အထူးပုဂ္ဂိုလ်အဖြစ် ရှုမြင်ခြင်းကို မည်သို့ဆိုမည်နည်း။ မာရိ၏ထူးခြားသောကဏ္ဍနှင့်ပတ်သက်သည့် ကျမ်းစာမှတ်တမ်းက သူ့ကိုဝတ်ပြုခြင်းသည် သင့်လျော်ကြောင်းဖော်ပြသည့် အထောက်အထားလော။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 17 ငှက်တစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရသည်။ (ဝတ်ပြုရာ ၁၂:၆၊) ယင်းကိုပူဇော်ခြင်းဖြင့် မိမိသည် အခြားမစုံလင်သူအားလုံးကဲ့သို့ပင် ပထမလူသားအာဒံထံမှ အပြစ်၏ဆိုးကျိုးများကို အမွေရခဲ့ကြောင်း မာရိအသိအမှတ်ပြုခဲ့သည်။—ရောမ ၅:၁၂

^ အပိုဒ်၊ 26 ယေရှု၏ဓမ္မအမှုမှတ်တမ်းတွင် ယောသပ်အကြောင်း မဖော်ပြထားခြင်းက သူသေဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြသည်၊ အကြောင်းမှာ ထိုမှတ်တမ်းတွင် ယေရှု၏မိခင်နှင့် ညီ၊ ညီမများအကြောင်း ဖော်ပြထားသောကြောင့်ဖြစ်သည်။ ဥပမာ၊ မာရိသည် ကာနမြို့မင်္ဂလာပွဲတွင် တက်တက်ကြွကြွပါဝင်ခဲ့ပြီး စပျစ်ရည်ကုန်ပြီဖြစ်ကြောင်းကိုပင် ယေရှုအား အစပြုပြောဆိုခဲ့သော်လည်း ယောသပ်အကြောင်း လုံးဝမဖော်ပြထားပါ။ (ယောဟန် ၂:၁-၁၁) ထို့ပြင် ခရစ်တော်၏ဇာတိမြို့မှလူတို့သည် ကိုယ်တော့်ကို ယောသပ်၏သားအဖြစ်မဟုတ်ဘဲ “မာရိ၏သား” ဟုခေါ်ခဲ့ကြောင်း တွေ့ရသည်။—မာကု ၆:၃

^ အပိုဒ်၊ 28 ကျမ်းစာတွင်ပါသော ရှင်ပြန်ထမြောက်ခြင်းကတိအကြောင်း ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် အခန်း ၇ တွင်ကြည့်ပါ။

^ အပိုဒ်၊ 36 စာမျက်နှာ ၇ မှ  “သူ့တွင်ပြောင်းလဲရဲသည့်သတ္တိရှိ” လေးထောင့်ကွက်ကို ကြည့်ပါ။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

 ယေရှုတွင် ညီအစ်ကိုမောင်နှမများ ရှိပါသလော

ရှိပါသည်။ ထိုအကြောင်းကို ခရစ်ဝင်ကျမ်းများတွင် အကြိမ်များစွာဖော်ပြထားသော်လည်း ဘာသာရေးပညာရှင်အချို့က ယင်းကို ကန့်ကွက်လိုကြသည်။ (မဿဲ ၁၂:၄၆၊ ၄၇; ၁၃:၅၄-၅၆; မာကု ၆:၃) သို့သော် မာရိနောက်ထပ်သားမဖွားတော့ဟူသော ယူဆချက်များနှင့်ပတ်သက်၍ အချက်နှစ်ချက်ကို ကျမ်းပညာရှင်များ သတိပြုမိကြသည်။ တစ်ချက်မှာ၊ ထိုယူဆချက်များ ဖြစ်ပေါ်လာရသည့်အကြောင်းရင်းဖြစ်သည်။ ယင်းမှာ မာရိသည် ဘဝတစ်လျှောက်လုံး အပျိုစင်အဖြစ်နေထိုင်ခဲ့သည်ဟူသော နှစ်ပေါင်းများစွာကြာပြီးနောက်မှ ပေါ်ပေါက်လာသည့် ချာ့ခ်ျ၏သွန်သင်ချက်ကို ထောက်ခံရန်ဖြစ်သည်။ ဒုတိယအချက်မှာ ထိုယူဆချက်များကိုယ်နှိုက်က မမှန်ကန်ကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။

ဥပမာ၊ ယေရှု၏ “ညီ” ဟူသောစကားလုံးသည် အမှန်မှာ ယောသပ်၏ ယခင်အိမ်ထောင်နှင့်ရသည့်သားများဖြစ်သည်ဟု ထိုယူဆချက်တစ်ခုကဆိုသည်။ ယင်းမှာ မမှန်ပေ၊ ထိုသို့ဆိုခြင်းက ယေရှုသည် ဒါဝိဒ်၏အရိုက်အရာကို ဆက်ခံရန် တရားဝင်သားဦးဖြစ်သည်ဟူသည့်အချက်ကို ငြင်းဆိုရာကျပါလိမ့်မည်။ —၂ ဓမ္မရာဇဝင် ၇:၁၂၊ ၁၃

နောက်ယူဆချက်တစ်ခုက ထိုညီများသည် အမှန်အားဖြင့် ယေရှု၏ဝမ်းကွဲများဖြစ်သည်ဟု ဆိုသည်။ သို့သော် ဂရိကျမ်းစောင်တွင် “ညီ၊” “ဝမ်းကွဲ” နှင့် “ဆွေမျိုး” ဟူသောစကားလုံးများကို ကွဲကွဲပြားပြားအသုံးပြုထားပါသည်။ ထို့ကြောင့် ကျမ်းပညာရှင် ဖရန့်အီးဂါဘလင်းက ထိုယူဆချက်များကို လုံးဝမဖြစ်နိုင်သောလုပ်ဇာတ်များဟု ခေါ်ထားသည်။ ထို့နောက် “ ‘ညီများ’ ဟူသောစကားလုံးသည် . . . မာရိနှင့်ယောသပ်၏သားများ၊ ယေရှု၏ မိတူဖကွဲညီများကို ဆိုလိုသည်ဟု နားလည်ခြင်းက သဘာဝအကျဆုံးဖြစ်သည်” ဟုသူဆက်ပြောသည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

 သူ့တွင် ပြောင်းလဲရဲသည့် သတ္တိရှိ

မာရိသည် ဂျူးမိသားစုတွင် မွေးဖွားလာပြီး ဂျူးဘာသာဝင်တစ်ဦးဖြစ်သည်။ မိမိဒေသမှ တရားဇရပ်ဟုခေါ်သည့် ဂျူးတို့၏ဝတ်ပြုရာနေရာကို သူသွားတက်ရောက်ပြီး ဂျေရုဆလင်ရှိ ဝတ်ပြုရာအိမ်တော်သို့လည်း သွားသည်။ သို့သော် ဘုရားသခင့်ရည်ရွယ်ချက်များကို ပို၍နားလည်သဘောပေါက်လာသည်နှင့်အမျှ ဘိုးဘေးတို့၏ဓလေ့ထုံးစံများကို ဘုရားသခင်မနှစ်သက်တော့ကြောင်း မာရိသိမြင်လာသည်။ နောက်ပိုင်း ဂျူးဘာသာရေးခေါင်းဆောင်များသည် သူ၏သားဖြစ်သူမေရှိယကို သတ်ပစ်ခဲ့ကြသည်။ ထိုသို့မသတ်မီ ယေရှုက သူတို့အား ‘သင်တို့၏အိမ်တော်သည် စွန့်ပစ်ခံရလေပြီ’ ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၃:၃၈) မာရိ ငယ်စဉ်ဘဝကတည်းက ခံယူကျင့်သုံးခဲ့သည့် ဘာသာရေးစနစ်ကို ယေဟောဝါ ကောင်းချီးမပေးတော့ပေ။—ဂလာတိ ၂:၁၅၊ ၁၆

ခရစ်ယာန်အသင်းတော် စတင်တည်ထောင်ချိန်တွင် မာရိ အသက် ၅၀ ခန့် ရှိပေမည်။ သူ အဘယ်အရာပြုလုပ်မည်နည်း။ ဂျူးဘာသာတွင် မွေးဖွားလာသည့်အတွက် ဘိုးဘေးတို့၏ ဓလေ့ထုံးစံများကိုသာ ဆက်ခံယူသွားမည်ဟု သူတွေးတောခဲ့သလော။ အလွန်အသက်ကြီးနေပြီဖြစ်ရာ မပြောင်းလဲလိုတော့ပါဟု သူပြောသလော။ ထိုသို့လုံးဝ မတွေးခေါ်၊ မပြောဆိုခဲ့ပေ။ ယခု ခရစ်ယာန်အသင်းတော်ကို ဘုရားသခင်ကောင်းချီးပေးနေကြောင်း မာရိသိနားလည်သည့်အတွက် ပြောင်းလဲရဲသည့် ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိရှိခဲ့သည်။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ဒုက္ခသည်များအဖြစ် အီဂျစ်ပြည်သို့ ထွက်ပြေးခြင်း

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မိခင်တစ်ဦးအတွက် အဆိုးရွားဆုံး အတွေ့အကြုံ