မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်တစ်ပါးတည်းသာ ကမ္ဘာမြေကို ကယ်တင်နိုင်

ဘုရားသခင်တစ်ပါးတည်းသာ ကမ္ဘာမြေကို ကယ်တင်နိုင်

ဘုရားသခင်တစ်ပါးတည်းသာ ကမ္ဘာမြေကို ကယ်တင်နိုင်

“တဖိတ်ဖိတ်တောက်ပနေသော ဖြူပြာရောင်ကျောက်မျက်တစ်ပွင့်။” အာကာသယာဉ်မှူး အက်ဂါမစ်ရှဲလ်သည် မဟူရာအာကာသမှမြင်ရသော ကမ္ဘာကို ထိုသို့သရုပ်ဖော်ထားသည်။

ဘုရားသခင်သည် ကမ္ဘာမြေကို လူသားတို့အတွက် စံအိမ်ဖြစ်လာစေရန် များစွာကြိုးစားပြင်ဆင်ခဲ့သည်။ ထိုဖန်ဆင်းမှုကြောင့် ကောင်းကင်တမန်များ ‘ဝမ်းမြောက်စွာကြွေးကြော်ကြ’ သည်။ (ယောဘ ၃၈:၇) ကျွန်ုပ်တို့လည်း ဤကမ္ဘာဂြိုဟ်၏အံ့ဖွယ်ရာများကို လေ့လာပြီးနောက် ထိုသို့ဝမ်းမြောက်စွာကြွေးကြော်သင့်သည့် အကြောင်းရင်းရှိပါသည်။ ကမ္ဘာပေါ်တွင် သက်ရှိများကိုရှင်သန်စေနိုင်သော ရှုပ်ထွေးသည့်ဂေဟစနစ် (သက်ရှိများနှင့်ပတ်ဝန်းကျင် အပြန်အလှန်အကျိုးပြုသောစနစ်) များစွာရှိ၏။ လူသိအများဆုံးစနစ်တစ်ခုမှာ အစိမ်းရောင်အပင်များက နေရောင်ခြည်မှစွမ်းအင်ကိုရယူ၍ လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေကိုစုပ်ယူကာ အစာချက်လုပ်ခြင်းဖြစ်သည်။ ထို့နောက် ကျွန်ုပ်တို့အသက်ရှင်သန်ရန် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကို လေထုထဲပြန်ထုတ်လွှတ်ပေးသည်။

ဘုရားသခင်သည် ကမ္ဘာမြေကိုစောင့်ရှောက်ထိန်းသိမ်းရန် လူတို့ကို ယုံကြည်စိတ်ချစွာအပ်နှံထားကြောင်း ကျမ်းစာကဖော်ပြသည်။ (ကမ္ဘာဦး ၁:၂၈; ၂:၁၅) သို့သော် ကမ္ဘာ့ဂေဟစနစ် မျှတကောင်းမွန်နေရန် လူတို့တွင် သဘောထားမှန်ရှိဖို့လိုအပ်သည်။ သူတို့၏မြေကြီးစံအိမ်ကို ချစ်မြတ်နိုးဖို့လိုသည်။ လှပသောအခြေအနေအတိုင်းဆက်ရှိနေရန် ထိန်းသိမ်းလိုစိတ်ရှိရမည်။ သို့သော် လူတို့သည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် အပ်နှင်းခံရသောကြောင့် ကမ္ဘာမြေကို အလွဲသုံးစားလုပ်၍အမြတ်ထုတ်ရန် ရွေးချယ်နိုင်စွမ်းလည်းရှိပေမည်။ ထိုအတိုင်းပင် သူတို့လုပ်ဆောင်ခဲ့ကြသည်။ လူတို့၏ဂရုမစိုက်မှုနှင့် လိုဘကြီးမှုတို့ကြောင့် ကမ္ဘာမြေမှာ ရစရာမရှိအောင်ပျက်စီးခဲ့ရသည်။

အောက်ပါတို့မှာ ပြဿနာအချို့ဖြစ်၏– (၁) သစ်တောပြုန်းတီးခြင်းက ကမ္ဘာမြေ၏ ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူနိုင်စွမ်းကို ဟန့်တားပြီး ယင်းကြောင့် ရာသီဥတုဖောက်ပြန်မှုများ ပို၍ဖြစ်ပေါ်လာနိုင်သည်။ (၂) ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့် ဝတ်မှုန်ကူးခြင်းအပါအဝင် ဂေဟစနစ်၏ အရေးပါသောလုပ်ဆောင်မှုများကို ဆောင်ရွက်နေသော အင်းဆက်ပိုးများစွာ သေကြေပျက်စီးရသည်။ (၃) အလွန်အကျွံငါးဖမ်းခြင်း၊ ပင်လယ်ရေနှင့်မြစ်ရေများ ညစ်ညမ်းခြင်းတို့ကြောင့် ငါးကောင်ရေ အကြီးအကျယ်လျော့နည်းလာသည်။ (၄) ကမ္ဘာမြေ၏သဘာဝသယံဇာတများကို လောဘတကြီးထုတ်ယူသုံးစွဲနေသောကြောင့် နောင်မျိုးဆက်များအတွက် အနည်းငယ်သာကျန်ရှိတော့သည့်အပြင် ယင်းက ကမ္ဘာ့အပူချိန်ကို တိုးများစေသည်ဟု ယူဆကြ၏။ ထို့ပြင် အာတိတ်နှင့်အန္တာတိတ်ဒေသရှိ ရေခဲပြင်များအရည်ပျော်ခြင်း၊ ရေခဲတောင်များ ကွာကျခြင်းသည် ကမ္ဘာချီပူနွေးမှု၏သက်သေဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းသူအချို့က ဆိုကြသည်။

ကမ္ဘာက တန်ပြန်တိုက်ခိုက်၍ဖြစ်ပေါ်လာသည်ဟု အချို့ဆိုကြသော သဘာဝဘေးဒဏ်များ တိုးများလာခြင်းကြောင့်လည်း လူတို့စိတ်သောကရောက်ရသည်။ အမှန်မှာ၊ ဘုရားသခင်သည် ကမ္ဘာ့စံအိမ်ကို လူတို့နေထိုင်ရန် အခမဲ့ပေးအပ်ထားရာ လူတို့သည် အိမ်ငှားများအဖြစ် အခမဲ့နေထိုင်ကြရသည်။ (ကမ္ဘာဦး ၁:၂၆-၂၉) သို့သော် လက်ရှိကမ္ဘာ့ဖြစ်ရပ်များက လူများစွာသည် သာယာလှပသောကမ္ဘာ့စံအိမ်ကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်မရှိကြောင်း ဖော်ပြနေသည်။ ယင်းအစား သူတို့သည် ကိုယ်ကျိုးအတွက်သာ နေထိုင်ကြသည်။ ထို့ကြောင့် သူတို့သည် ဗျာ. ၁၁:၁၈ တွင် ဖော်ပြထားသည့်အတိုင်း “မြေကြီးကိုဖျက်ဆီး” နေခြင်းဖြင့် ကျေးဇူးကန်းသောအိမ်ငှားများဖြစ်ကြောင်း ထင်ရှားနေသည်။

ကမ္ဘာ့သက်ရှိများကို ထောက်မပေးသော ဂေဟစနစ်၏ ဖန်ဆင်းရှင်၊ အတိုင်းအဆမဲ့တန်ခိုးရှင်ယေဟောဝါသည် ကျေးဇူးကန်းသည့်အိမ်ငှားများအား “နှင်ထုတ်” ရန် အချိန်ရောက်ပြီဟု အမိန့်ထုတ်ထားကြောင်း ကျမ်းစာပရောဖက်ပြုချက်များက ဖော်ပြသည်။ (ဇေဖနိ ၁:၁၄; ဗျာ. ၁၉:၁၁-၁၅) ကမ္ဘာမြေကို လူတို့ လုံးဝမဖျက်ဆီးနိုင်မီ ဘုရားသခင်သည် ကျွန်ုပ်တို့မျှော်လင့်သည်ထက်စော၍ အရေးယူဆောင်ရွက်တော်မူမည်။ * (မဿဲ ၂၄:၄၄) မှန်ပါသည်၊ ဘုရားသခင်တစ်ပါးတည်းသာ ကမ္ဘာမြေကိုကယ်တင်နိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 အချိန်၏အရေးကြီးမှုနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်များအတွက် ယေဟောဝါသက်သေများထုတ်ဝေသော စောင့်နေကြလော့!ဘရိုရှာတွင် ကြည့်ပါ။