မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိုးရေအတွက် ကျေးဇူးတင်ပါ

မိုးရေအတွက် ကျေးဇူးတင်ပါ

မိုးရေအတွက် ကျေးဇူးတင်ပါ

မိုးရေ။ မိုးရေသာ မရွာသွန်းပါက ကျွန်ုပ်တို့အဘယ်အရာပြုလုပ်နိုင်မည်နည်း။ မိုးများခြင်းကြောင့် ရေလွှမ်းမိုးမှုများဖြစ်နိုင်သည်မှာ မှန်ပါသည်။ ထို့ပြင် ထိုသို့သောအေးမြစိုစွတ်သည့် ရာသီဥတုတွင်နေထိုင်ရသူများက မိုးကိုအမြဲနှစ်သက်ကြမည်မဟုတ်ပေ။ (ဧဇရ ၁၀:၉) သို့သော် ပူပြင်းခြောက်သွေ့သောရာသီဥတုတွင်သာ အများအားဖြင့် နေထိုင်နေရသည့် လူသန်းပေါင်းများစွာကော မည်သို့နည်း။ မိုးရွာသွန်းလိုက်သည်နှင့် သူတို့ပျော်ရွှင်လိုက်သည်ဖြစ်ခြင်း။

ခရစ်ယာန်သာသနာပြုအဖြစ် တမန်တော်ပေါလု အမှုဆောင်ခဲ့သည့် အာရှမိုင်းနားကုန်းတွင်းပိုင်းကဲ့သို့သော ကျမ်းစာနယ်မြေများတွင် ထိုသို့ပင်ဖြစ်သည်။ ပေါလုသည် ထိုတွင်ရှိစဉ် ရှေးခေတ်လုတ္တရမြို့သားများအား “[ဘုရားသခင်သည်] သင်တို့အပေါ် ကောင်းမှုပြုလျက် အစားအစာကို အလျှံပယ်ပေး၍ သင်တို့၏စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံစေရန် မိုးကောင်းကင်မှ မိုးရွာစေ၍ အသီးအနှံတို့ကို သီးစေတတ်သောဥတုကို ပေးတော်မူသောအားဖြင့် ကိုယ်တော်ရှိတော်မူကြောင်း သက်သေမခံဘဲ နေတော်မမူ” ဟုပြောခဲ့သည်။ (တမန်တော် ၁၄:၁၇) ပေါလုသည် မိုးအကြောင်း အရင်ဖော်ပြကြောင်း သတိပြုပါ၊ မိုးမရှိပါက အဘယ်အရာကိုမျှ စိုက်ပျိုးနိုင်မည်မဟုတ်၊ “အသီးအနှံတို့ကို သီးစေတတ်သောဥတု” လည်းရှိမည်မဟုတ်ပေ။

ကျမ်းစာတွင် မိုးအကြောင်း များစွာဆိုထားပါသည်။ မိုးဟုပြန်ဆိုထားသော ဟေဗြဲနှင့်ဂရိစကားလုံးသည် ကျမ်းစာတွင် အကြိမ်ပေါင်းတစ်ရာကျော် ပါရှိသည်။ အံ့ဖွယ်ဆုကျေးဇူးဖြစ်သည့်မိုးအကြောင်း သင် ပို၍သိလိုပါသလော။ တစ်ချိန်တည်းတွင် ကျမ်းစာသည် သိပ္ပံပညာနှင့်ကိုက်ညီမှုရှိသည်ဟူသော ယုံကြည်ချက်ကိုလည်း ခိုင်မာစေလိုပါသလော။

မိုးအကြောင်း ကျမ်းစာပြောဆိုရာ

မိုးရွာနိုင်ရန် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုအကြောင်း ယေရှုခရစ် မိန့်ဆိုခဲ့သည်။ “သင်တို့အဘသည် ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏” ဟုကိုယ်တော်ဆို၏။ (မဿဲ ၅:၄၅) ယေရှုသည် မိုးအကြောင်း မမိန့်ဆိုမီ နေအကြောင်း မိန့်ဆိုသည်ကို သင်သတိပြုမိသလော။ ယင်းက သင့်လျော်ပါသည်၊ အကြောင်းမှာ နေသည် အပင်များရှင်သန်ကြီးထွားစေရန် စွမ်းအင်ပေးသည့်အပြင် ရေသံသရာကိုလည်း ဖြစ်ပေါ်စေသောကြောင့်ဖြစ်သည်။ မှန်ပါသည်၊ နေ၏အပူရှိန်ကြောင့် နှစ်စဉ် ပင်လယ်ရေ ကုဗမိုင် ၁၀၀,၀၀၀ နီးပါးသည် သန့်ရှင်းချိုမြသောရေခိုးရေငွေ့အဖြစ် အငွေ့ပြန်ကြသည်။ ယေဟောဝါဘုရားသခင်သည် နေကိုဖန်ဆင်းသည့်အရှင်ဖြစ်ရာ မိုးရွာစေရန် ရေကိုအထက်သို့ဆွဲယူတော်မူသူဟု ကိုယ်တော့်ကိုခေါ်ဆိုခြင်းက သင့်လျော်ပါသည်။

“ဘုရားသခင်သည် ... ရေကို ... အထက်သို့ဆွဲယူတော်မူသဖြင့် ရေငွေ့ရှိသည်အတိုင်း မိုးရွာတတ်၏။ မိုးတိမ်မှ လူတို့အပေါ်သို့ မိုးပေါက်ကျ၍ များစွာသောမိုးရွာတတ်၏” ဟူ၍ ရေသံသရာအကြောင်းကို ကျမ်းစာကဖော်ပြသည်။ (ယောဘ ၃၆:၂၆-၂၈) သိပ္ပံပညာအရ တိကျမှန်ကန်မှုရှိသော ထိုစကားများကို ရေးသားပြီးစီးချိန်မှစ၍ နှစ်ထောင်ပေါင်းများစွာအတွင်း လူတို့သည် ရေသံသရာကို နားလည်သဘောပေါက်ရန် များစွာကြိုးပမ်းခဲ့ကြ၏။ “မိုးစက်များ ဖြစ်ပေါ်လာပုံယန္တရားကို ယခုတိုင် အသေအချာမသိရှိသေးပါ” ဟု ၂၀၀၃ ခုနှစ်ထုတ် ကျောင်းသင်ရိုးစာအုပ်တစ်အုပ်က ဆိုသည်။ (Water Science and Engineering)

မိုးစက်များသည် အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော အလွန်သေးငယ်သည့်အမှုန်များမှ ဖြစ်ပေါ်လာကြောင်း၊ ထိုအမှုန်များသည် မိုးတိမ်ထဲတွင် သေးငယ်သောအစက်အပေါက်များ၏ အလယ်ဗဟိုပိုင်းများဖြစ်လာကြောင်း သိပ္ပံပညာရှင်များ သိကြသည်။ ထိုသေးငယ်သောအစက်တစ်စက်စီသည် မိုးစက်တစ်စက်ဖြစ်လာရန် အဆပေါင်းတစ်သန်း သို့မဟုတ် ထို့ထက်မက ကြီးထွားလာရမည်။ ယင်းသည် နာရီပေါင်းများစွာကြာသော ရှုပ်ထွေးသည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။ သိပ္ပံသင်ရိုးစာအုပ်တစ်အုပ်က ဤသို့ဆိုသည်– “သေးငယ်သောအစက်အပေါက်များမှတစ်ဆင့် မိုးစက်များ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ယူဆချက်များစွာရှိသည်၊ ထိုယူဆချက်သဘောတရားများကို အတွင်းကျကျလေ့လာကြည့်သည့်အခါ သုတေသနပညာရှင်များ နောက်ထပ်များစွာလေ့လာဖို့လိုသေးကြောင်းသာ ဖော်ပြနေသည်။” (Hydrology in Practice)

မိုးကိုဖြစ်ပေါ်စေသည့် ယန္တရားများကို ဖန်ဆင်းသည့်အရှင်သာ မိမိကျေးကျွန်ယောဘအား မာန်စွယ်ကျိုးစေသော ဤမေးခွန်းများကို မေးနိုင်ခဲ့သည်– “မိုးရေ၌ အဘရှိသလော။ နှင်းပေါက်များကို အဘယ်သူဖြစ်ပွားစေသနည်း။ တိမ်ပုပ်များထဲသို့ ပညာကိုအဘယ်သူသွင်းသနည်း။ ... ပညာရှိ၍ မိုးတိမ်များကို အဘယ်သူရေတွက်နိုင်သနည်း။ ... မိုးကောင်းကင်၏ရေဘူးများကို အဘယ်သူသွန်ချသနည်း။” (ယောဘ ၃၈:၂၈၊ ၃၆-၃၈သမ္မာ) ထိုသို့မေးပြီး အနှစ် ၃,၅၀၀ ခန့်ကုန်လွန်သွားသည့် ယနေ့တိုင် သိပ္ပံပညာရှင်များသည် ထိုခက်ခဲသောမေးခွန်းများ၏အဖြေရရန် ကြိုးစားနေဆဲပင်။

ရေသံသရာ လည်ပတ်ပုံကား မည်သို့ရှိသနည်း

ဂရိအတွေးအခေါ်ပညာရှင်များသည် မြစ်ရေ၏မူလအစမှာ မိုးမဟုတ်ဘဲ ပင်လယ်ရေဖြစ်ကြောင်း၊ ပင်လယ်ရေသည် မြေကြီးအောက်မှ တောင်ထိပ်များပေါ်သို့ တစ်နည်းနည်းဖြင့် စီးသွားကာ သန့်ရှင်းသောစမ်းရေအဖြစ် ပြန်စီးဆင်းလာကြောင်း သွန်သင်ကြသည်။ ကျမ်းစာရှင်းလင်းချက်စာအုပ်တစ်အုပ်က ရှောလမုန်လည်း အလားတူရှုမြင်သည်ဟု ဆို၏။ သန့်ရှင်းသောစွမ်းအားတော်လမ်းညွှန်မှုဖြင့် ရေးသားခဲ့သော ရှောလမုန်၏ဤစကားများကို သုံးသပ်ကြည့်ပါ– “ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ရောက်ကြ၏။ သို့သော်လည်း ပင်လယ်သည်မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။” (ဒေ. ၁:၇) ပင်လယ်ရေသည် တစ်နည်းနည်းဖြင့် တောင်များအတွင်းသို့စီးသွားပြီး မြစ်တို့၏မြစ်ဖျားခံရာဖြစ်လာသည်ဟု ရှောလမုန် အမှန်တကယ် ဆိုလိုပါသလော။ ထိုမေးခွန်းကို ဖြေဆိုနိုင်ရန် ရေသံသရာနှင့်ပတ်သက်၍ ရှောလမုန်၏အမျိုးသားချင်းများ အဘယ်အရာယုံကြည်ကြောင်း လေ့လာကြည့်ကြစို့။ သူတို့လည်း ထိုသို့မှားယွင်းစွာ ရှုမြင်ခဲ့ကြပါသလော။

ရှောလမုန်ခေတ်ပြီးနောက် နှစ်ပေါင်းတစ်ရာနီးပါးတွင် ဘုရားသခင့်ပရောဖက်ဧလိယသည် မိုးအစပြုသည့်နေရာနှင့်ပတ်သက်၍ မိမိသိရှိထားရာကို ဖော်ပြခဲ့သည်။ သူ့လက်ထက်တွင် တိုင်းပြည်၌ သုံးနှစ်ကျော် အကြီးအကျယ်မိုးခေါင်နေ၏။ (ယာကုပ် ၅:၁၇) ယေဟောဝါဘုရားသခင်၏လူတို့သည် ခါနာန်လူမျိုးတို့၏ မိုးနတ်သားဗာလကို ကိုးစားပြီး ဘုရားသခင်ကို စွန့်ပယ်ခဲ့သောကြောင့် ထိုဘေးဆိုးကို ကိုယ်တော်ကျရောက်စေခဲ့သည်။ သို့သော် ဧလိယသည် အစ္စရေးလူမျိုးကို နောင်တပြန်ရရန် ကူညီပေးခဲ့ရာ ယခု မိုးရွာစေရန် သူဆုတောင်းနေသည်။ ဆုတောင်းနေစဉ် သူ၏ကျွန်အား “ပင်လယ်သို့ကြည့်ရှု” ရန်ပြော၏။ “လူလက်နှင့်တူသော မိုးတိမ်ငယ်တစ်ခုသည် ပင်လယ်ထဲကတက်ပါ၏” ဟူသောစကားကို ကြားသောအခါ မိမိ၏ဆုတောင်းချက်ကို ဘုရားသခင်ဖြေကြားပြီဖြစ်ကြောင်း ဧလိယသဘောပေါက်ခဲ့သည်။ မကြာမီ “မိုးကောင်းကင်သည် မိုးသက်မုန်တိုင်းနှင့်မည်း၍ ပြင်းစွာမိုးရွာ၏။” (၃ ဓမ္မရာဇဝင် ၁၈:၄၃-၄၅) ယင်းက ရေသံသရာကို ဧလိယသိကြောင်း ဖော်ပြ၏။ မိုးတိမ်များသည် ပင်လယ်ထက်တွင် ငွေ့ရည်ဖွဲ့ကာ အရှေ့လေအားဖြင့် ကတိထားရာပြည်ပေါ်သို့ ရောက်လာမည်ကို သူသိသည်။ ယနေ့တိုင် ယင်းဒေသတွင် ထိုနည်းဖြင့် မိုးရွာနေသည်။

မိုးရွာစေရန် ဧလိယဆုတောင်းပြီး အနှစ်တစ်ရာခန့်ကြာသော် အာမုတ်အမည်ရှိ နိမ့်ကျသောလယ်သမားတစ်ဦးသည် ရေသံသရာ၏မူလအစနှင့်ပတ်သက်သည့် အရေးကြီးသောအသေးစိတ်အချက်အလက်တစ်ခုကို ဖော်ပြခဲ့သည်။ အစ္စရေးလူမျိုးသည် ဆင်းရဲသားများကို နှိပ်ကွပ်ပြီး မှားယွင်းသောနတ်ဘုရားများကို ကိုးကွယ်နေသောကြောင့် သူတို့ကို သတိပေးရန် အာမုတ်ကို ဘုရားသခင်မိန့်မှာသည်။ ဘုရားသခင့်ဖျက်ဆီးခြင်းဘေးမှ လွတ်မြောက်နိုင်ရန် ‘ယေဟောဝါကိုရှာကြလော့။ ရှာလျှင်အသက်ချမ်းသာရကြလိမ့်မည်’ ဟု သူတို့ကို အာမုတ်သတိပေးခဲ့သည်။ ထို့နောက် ယေဟောဝါသည် “ပင်လယ်ရေကိုခေါ်၍ မြေပေါ်မှာသွန်းလောင်းထသော” ဖန်ဆင်းရှင်ဖြစ်သောကြောင့် ကိုယ်တော်တစ်ပါးတည်းကိုသာဝတ်ပြုသင့်ကြောင်း သူတို့ကိုပြောပြ၏။ (အာမုတ် ၅:၆၊) ရေသံသရာနှင့် ရေသံသရာလည်ပတ်ပုံတို့နှင့်ပတ်သက်သော ထိုအချက်ကို နောက်ပိုင်းတွင် အာမုတ်ပြန်ပြောခဲ့သည်။ (အာမုတ် ၉:၆) ထို့ကြောင့် မိုးရေမြစ်ဖျားခံရာမှာ ပင်လယ်သာဖြစ်ကြောင်း အာမုတ်ဖော်ပြခဲ့၏။

အဒ်မန်ဟယ်လီသည် ၁၆၈၇ ခုနှစ်တွင် ထိုအချက်ကို သိပ္ပံပညာဖြင့် သက်သေထူခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာကြာမှ ဟယ်လီ၏အထောက်အထားကို လူတို့လက်ခံလာသည်။ “ပင်လယ်ရေသည် တောင်ထိပ်များသို့ စီးသွားကာ ထိုမှတစ်ဖန် မြစ်များသို့ စီးဆင်းသွားသည့် လည်ပတ်မှုစနစ်တစ်ခု ကမ္ဘာမြေအတွင်းတွင် ရှိနေသည်ဟူသောအယူအဆမှာ ၁၈ ရာစုအစောပိုင်းအထိရှိနေသည်” ဟုစွယ်စုံကျမ်းတစ်အုပ်က ဆိုသည်။ (Encyclopædia Britannica Online) ယနေ့၊ ရေသံသရာလည်ပတ်ပုံနှင့်ပတ်သက်သော အမှန်တရားကို ကမ္ဘာသိဖြစ်သည်။ ထိုစွယ်စုံကျမ်းကပင် “ပင်လယ်ရေသည် အငွေ့ပြန်ပြီး လေထုထဲတွင် ငွေ့ရည်ဖွဲ့ကာ ကမ္ဘာပေါ်သို့ မိုးရေအဖြစ် ရွာချပြီး နောက်ဆုံးတွင် မြစ်များမှတစ်ဆင့် ပင်လယ်ထဲသို့ပြန်စီးဆင်းသွားသည်” ဟုဆိုသည်။ ထို့ကြောင့် ဒေ. ၁:၇ တွင် မှတ်တမ်းတင်ထားသော မိုးရေသံသရာနှင့်ပတ်သက်သည့် ရှောလမုန်၏စကားများသည် မိုးတိမ်နှင့်မိုးရေပါဝင်သော အထက်ပါဖြစ်စဉ်ကိုပင် ရည်ညွှန်းနေခြင်းဖြစ်သည်။

ယင်းက အဘယ်အရာပြုရန် သင့်ကိုလှုံ့ဆော်ပေးသင့်သနည်း

ကျမ်းရေးသူများစွာသည် ရေသံသရာအကြောင်းကို အလွန်တိကျစွာ ဖော်ပြထားသည်။ ယင်းအချက်က ကျမ်းစာသည် လူသားတို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်၏ စွမ်းအားတော်လမ်းညွှန်မှုဖြင့် ရေးသားထားသည်ဟူသော အထောက်အထားများစွာထဲမှ တစ်ခုဖြစ်သည်။ (၂ တိမောသေ ၃:၁၆) ကမ္ဘာ့ရာသီဥတုစနစ်များသည် လူသားတို့၏ စီမံကွပ်ကဲမှုညံ့ဖျင်းခြင်းကြောင့် အလွန်ကပြောင်းကပြန်ဖြစ်လာသည်။ ယင်းကြောင့် အချို့ဒေသများတွင် အကြီးအကျယ်ရေလွှမ်းမိုးကာ အခြားဒေသများတွင်မူ မိုးခေါင်လျက်ရှိသည်။ သို့သော် ရေသံသရာကိုဖန်ဆင်းသည့်အရှင် ယေဟောဝါဘုရားသခင်သည် နောက်ဆုံးတွင် ကြားဝင်ဆောင်ရွက်မည်ဖြစ်ပြီး “မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” မည်ဟု ကြာမြင့်စွာကပင် ကတိပြုထားသည်။—ဗျာ. ၁၁:၁၈

ထိုအတောအတွင်း မိုးရေကဲ့သို့သော ဘုရားသခင့်လက်ဆောင်မွန်များကို တန်ဖိုးထားကြောင်း သင်မည်သို့တင်ပြနိုင်သနည်း။ ကိုယ်တော်၏နှုတ်မြွက်တော်သမ္မာကျမ်းစာကို လေ့လာကာ သိရှိလာရာများကို အသက်တာတွင် လက်တွေ့ကျင့်သုံးခြင်းဖြင့် ထိုသို့တင်ပြနိုင်ပါသည်။ သို့ဆိုလျှင် ဘုရားသခင့်လက်ဆောင်မွန်အားလုံးကို ထာဝစဉ်မွေ့လျော်စံစားနိုင်မည့် ဘုရားသခင့်ကမ္ဘာသစ်တွင် အသက်ရှင်ကျန်မည့်မျှော်လင့်ချက်ကို သင်ရရှိပါလိမ့်မည်။ အကြောင်းမှာ “ကောင်းမြတ်သော ဆုကျေးဇူး၊ ပြည့်ဝစုံလင်သော လက်ဆောင်ရှိသမျှသည်” မိုးရေ၏မူလအစဖြစ်သော ယေဟောဝါဘုရားသခင်ထံမှ လာသောကြောင့်ပင်ဖြစ်ပေသည်။—ယာကုပ် ၁:၁၇

[စာမျက်နှာ ၁၆၊ ၁၇ ပါ ပုံကြမ်း/ရုပ်ပုံ]

(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ငွေ့ရည်ဖွဲ့ခြင်း

မိုးရေအဖြစ် ရွာချခြင်း

အပင်မှ ရေအငွေ့ပြန်ခြင်း

အငွေ့ပြန်ခြင်း

မြေအောက်သို့ မစိမ့်ဝင်ဘဲ စီးဆင်းသွားသောရေ

မြေအောက်ရေ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဧလိယ ဆုတောင်းနေစဉ် သူ၏ကျွန်သည် “ပင်လယ်သို့ကြည့်ရှု”