မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ မွေ့လျော်လော့

ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ မွေ့လျော်လော့

ယေဟောဝါ​၏​ဖြောင့်မတ်ခြင်း​၌ မွေ့လျော်​လော့

“ဖြောင့်မတ်ခြင်း​တရား​နှင့် [“ချစ်ခင်​ကြင်နာ​မှု၊” က​ဘ] ကို​ရှာ​သော​သူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ်​အသရေ​ထင်ရှား​ခြင်း​ကို​တွေ့​တတ်၏။”—သု. ၂၁:၂၁

၁။ ယနေ့ လူတို့၏​အဘယ်​လမ်းစဉ်​များ​က ဆိုးကျိုး​များ​ပေါ်​စေ​သနည်း။

“လူ​ထင်​သည်​အတိုင်း မှန်သော​လက္ခဏာ​ရှိသော်လည်း အဆုံး​၌​သေခြင်း​သို့​ပို့​သော လမ်း​တစ်မျိုး​ရှိ၏။” (သု. ၁၆:၂၅) ဤ​ကျမ်း​စကား​က မျက်မှောက်ခေတ် လူအများစု​၏​လမ်းစဉ်​ကို အတိအကျ​ဖော်ပြခြင်း​ပါ​တကား! အများအားဖြင့် လူတို့သည် သူတစ်ပါး​၏ အလိုအပ်ဆုံး​အရာများ​ကို​ပင် လျစ်လျူရှု​ကာ မိမိတို့​အမြင်​၌ မှန်​၏​ဟု​ထင်မှတ်​ရာ​ကို​သာ လုပ်ဆောင်ကြ​သည်။ (သု. ၂၁:၂) သူတို့သည် တိုင်းပြည်​၏​ဥပဒေ​များနှင့် စံနှုန်း​များ​ကို လေးစား​သည်​ဟု​ဆို​ကြသော်လည်း အခွင့်အရေး​ရ​လျှင် ဥပဒေ​မချိုးဖောက်​ဘဲ ရှောင်ကွင်း​ရန်​ကြိုးစား​ကြသည်။ အကျိုးဆက်​မှာ အစိတ်စိတ်အမြွှာမြွှာ​ကွဲပြား​၍ ရှုပ်ထွေး​ပွေလီ​နေသော လူ့​အဖွဲ့အစည်း​ဖြစ်သည်။—၂ တိမောသေ ၃:၁-၅

၂။ လူသား​တို့၏​ကောင်းကျိုး​အတွက် အဘယ်အရာ အရေးတကြီး​လိုအပ်​လျက်​ရှိ​သနည်း။

ကျွန်ုပ်​တို့၏​ကောင်းကျိုး—နှင့် လူ့​မိသားစု​တစ်ခုလုံး​၏ ငြိမ်သက်မှု​နှင့် လုံခြုံမှု​အတွက်—တရား​မျှတ​၍ ဖြောင့်မတ်​သော၊ လူတိုင်း​လက်ခံ​၍ လိုက်နာ​လို​သော ဥပဒေ သို့​မဟုတ် စံ​တစ်ခု အရေးတကြီး​လိုအပ်​လျက်​ရှိသည်။ မည်မျှ​ပင်​ပညာရှိ​ပါစေ၊ မည်မျှ​ပင်​ရိုး​ဖြောင့်​ပါစေ အဘယ်​မည်​သော​လူသား​မဆို​ထုတ်ဆင့်​သည့် ဥပဒေ သို့​မဟုတ် စံ​တစ်ခု​သည် အဆိုပါ​လိုအပ်ချက်​ကို မပြည့်မီ​နိုင်​ကြောင်း ထင်ရှား​သည်။ (ယေရမိ ၁၀:၂၃; ရောမ ၃:၁၀၊ ၂၃) ထို​စံ​မျိုး​ရှိ​မည်​ဆိုလျှင် အဘယ်တွင် တွေ့​နိုင်​သနည်း၊ ယင်းသည် အဘယ်အရာ​နှင့် တူ​မည်​နည်း။ ထို​ထက်​အရေးကြီး​မည်​မှာ ထိုသို့​သော​စံ​ရှိလျှင် ၎င်းကို သင်​နှစ်သက်​မည်​လော၊ ထို​အတိုင်း လိုက်နာ​ဆောင်ရွက်​မည်​လော​ဟူ၍​ဖြစ်သည်။

ဖြောင့်မတ်​သော​စံ ရှာဖွေ​တွေ့ရှိ​ခြင်း

၃။ လူအားလုံး​လက်ခံနိုင်ဖွယ်​ဖြစ်​ပြီး အကျိုးရှိ​မည့်​စံ​တစ်ခု​ကို ပြဋ္ဌာန်း​ရန် အရည်အချင်း​အပြည့်မီဆုံး​သူ​ကား မည်သူ​နည်း၊ အဘယ်ကြောင့်​နည်း။

လူတိုင်း​လက်​ခံနိုင်​ပြီး လူတိုင်းကို​အကျိုး​လည်း​ပြု​မည့် စံ​တစ်ခု​ရှာဖွေ​တွေ့ရှိ​ရန် နိုင်ငံရေး၊ လူမျိုးရေး​နှင့် ယဉ်ကျေးမှု​ကန့်သတ်ချက်​များ​အောက် မရှိသူ၊ လူတို့၏ အမြော်အမြင်​နည်း​မှု၊ အားနည်းမှု​တို့​မရှိသူ​တစ်ဦးထံ သွား​ရမည်။ တစ်ဦးတည်း​သော အရည်အချင်း​ပြည့်မီ​သူ​မှာ အတိုင်းအဆမဲ့​တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ဖန်ဆင်း​ရှင်၊ ယေဟောဝါ​ဘုရားသခင်​ဖြစ်​ပြီး ကိုယ်တော်​ဤသို့​ကြေညာ​သည်– “မိုးကောင်းကင်​သည် မြေကြီး​ထက်​သာ၍​မြင့်​သကဲ့သို့ငါ​၏​အကျင့်​သည် သင်တို့၏​အကျင့်​ထက်​လည်းကောင်း၊ ငါ​၏​အကြံအစည်​သည် သင်တို့၏​အကြံအစည်​ထက်​လည်းကောင်း သာ၍​မြင့်​၏။” (ဟေရှာယ ၅၅:၉) ထို့​အပြင် သမ္မာကျမ်းစာ​က ယေဟောဝါ​ကို “[တည်ကြည်] သော​ဘုရား[သခင်]၊ အပြစ်ကင်း​လွတ်​၍ ဟုတ်မှန်​ဖြောင့်မတ်​သော​ဘုရား[သခင်]” ဟု ဖော်ပြ​ထား​၏။ (တရားဟောရာ ၃၂:၄) “ထာဝရ​ဘုရား​သည် ဖြောင့်မတ်​တော်​မူ​၏” ဟူသော​အသုံးအနှုန်း​ကို သမ္မာကျမ်းစာ​တစ်လျှောက် ဖတ်ရှု​ရသည်။ (ထွက်မြောက်ရာ ၉:၂၇; ၂ ရာဇဝင်ချုပ် ၁၂:၆; ဆာလံ ၁၁:၇; ၁၂၉:၄; မြည်တမ်းစကား ၁:၁၈; ဗျာဒိတ် ၁၉:၂က​ဘ၊ အောက်ခြေမှတ်ချက်။) ယေဟောဝါ​သည် တည်ကြည်သော၊ တရား​မျှတ​၍ ဖြောင့်မတ်​သော​အရှင် ဖြစ်​တော်​မူ​သောကြောင့် အမြင့်မြတ်ဆုံး​စံ​ကို​ရဖို့ ကိုယ်တော်​အား ကျွန်ုပ်​တို့​မျှော်ကိုး​နိုင်​ကြသည်။

၄။ “ဖြောင့်မတ်” ဟူသော​စကားလုံး​၏​အဓိပ္ပာယ်​ကား အဘယ်နည်း။

“ဖြောင့်မတ်” ဟူသော​စကားလုံး​သည် ယနေ့ ခေတ်​မစား​တော့​သည့် စကားလုံး​ဖြစ်နေ​သည်​မှာ​မှန်​၏။ လူအများစုက ထိုစကား​လုံး​ကို တန်ဖိုး​ယုတ်လျော့​စေသည့်​အထိ အပျက်​သဘောဖြင့် ရှုမြင်ကြ​ပြီး သူတော်ကောင်း​ယောင်ဆောင်​သော သို့​မဟုတ် ဘာသာ​တရား​ကိုင်းရှိုင်း​၍ ဘုရားတရား​ကြည်ညို​လေးမြတ် ဟန်ဆောင်ခြင်း​နှင့် တ​တန်း​တ​စား​တည်း​ထား​တတ်ကြ​သည်။ သို့ရာတွင် အဘိဓာန်​တစ်စောင်​အရ “ဖြောင့်မတ်” ဟူသည် “တရား​မျှတသော၊ တည့်မတ်​သော၊ သန့်ရှင်း​ဖြူစင်​သော; အပြစ်မဲ့​သော; ဘုရားသခင့်​ပညတ် သို့​မဟုတ် ကိုယ်ကျင့်တရား​ဆိုင်ရာ လက်ခံ​ထားသော​စံ​များနှင့်​ညီ​ခြင်း; ဖြောင့်မှန်​စွာ သို့​မဟုတ် တရား​မျှတ​စွာ​ပြုမူခြင်း” အဓိပ္ပာယ်​ရှိ၏​ဟု​ဆို​သည်။ ဤသို့​သော​ဂုဏ်အင်္ဂါ​များ​ပါဝင်​သည့် ဥပဒေ သို့​မဟုတ် စံ​တစ်ခု​ကို သင်​နှစ်မြို့​မည်​မဟုတ်ပေ​လော။

၅။ သမ္မာကျမ်းစာ​တွင်​ဖော်ပြ​ထား​သည့် ဖြောင့်မတ်ခြင်း​ဂုဏ်ရည်တော်​ကို ပုံဖော်​ပြ​ပါ။

ဖြောင့်မတ်ခြင်း​အရည်အသွေး​နှင့်​ပတ်သက်​၍ ဂျူး​ဒေးယ​ကား​စွယ်စုံ​ကျမ်း​က ဤသို့​ဖော်ပြ​သည်– “ဖြောင့်မတ်ခြင်း​သည် တွေးတော​ယူဆချက်​သက်​သက်​မျှ​မဟုတ်ဘဲ ဆက်ဆံ​ရေး​အားလုံး​၌ တရား​မျှတ​၍ ဟုတ်မှန်ရာကို ပြုလုပ်ခြင်း​ပါဝင်​သည်။” ဥပမာ၊ ဘုရားသခင့်​ဖြောင့်မတ်ခြင်း​သည် ကိုယ်တော်၌​ရှိသည့် သန့်ရှင်း​စင်ကြယ်​ခြင်း​ကဲ့သို့​သော အတွင်းသဘော သို့​မဟုတ် ကိုယ်ပိုင်​ဂုဏ်ရည်တော်​မျှ​သာ​မဟုတ်ပါ။ သို့​ဖြစ်​မည့်​အစား ၎င်း​သည် ဟုတ်မှန်​သည့်​နည်းများဖြင့် ကိုယ်တော့်​ပင်ကိုသဘော​ထား​၏ ဖော်ပြချက်​ဖြစ်သည်။ ယေဟောဝါ​သည် သန့်ရှင်း​စင်ကြယ်သော​ကြောင့် ကိုယ်တော်​ပြု​လေ​သမျှ၊ ကိုယ်တော်​ထံ​မှ စ​ဖြစ်ပေါ်​လာသမျှ​သည် ဖြောင့်မတ်​၏​ဟု​ဆိုနိုင်​သည်။ သမ္မာကျမ်းစာ​ဆို​သည့်​အတိုင်း​ပင် “ထာဝရ​ဘုရား​၏​လမ်းခရီးတော်​ရှိသမျှ​တို့သည် ဖြောင့်မတ်​၍ ခပ်သိမ်း​သော​အမှုတော်​တို့သည် သန့်ရှင်း​ကြ​ပါ​၏။”—ဆာလံ ၁၄၅:၁၇

၆။ မိမိ​ခေတ်​မှ မယုံကြည်​သူ​ဂျူး​အချို့​နှင့်​ပတ်သက်​၍ ပေါလု​အဘယ်​သို့​ဆို​ခဲ့​သနည်း၊ အဘယ်ကြောင့်​နည်း။

တမန်​တော်​ပေါလု​သည် ရောမမြို့​ရှိ ခရစ်ယာန်​များ​ထံ​စာရေး​ရာ​တွင် ဤ​အချက်​ကို အလေးပေး​ဖော်ပြ​ခဲ့​သည်။ မယုံကြည်​သူ​ဂျူး​အချို့​နှင့်​ပတ်သက်​၍ သူ​ဤသို့​ရေးသားခဲ့​သည်– “ထို​သူတို့သည် ဘုရားသခင်​၏​ဖြောင့်မတ်ခြင်း​တရားကို​မသိဘဲ၊ ကိုယ်​ဖြောင့်မတ်ခြင်း​ကို​တည်စေခြင်း​ငှာ ရှာကြံ​သောကြောင့်၊ ဘုရားသခင်​၏​ဖြောင့်မတ်ခြင်း​တရားကို ဝန်မခံ​ကြ။” (ရောမ ၁၀:၃) ထို​သူတို့သည် “ဘုရားသခင်​၏​ဖြောင့်မတ်ခြင်း​တရားကို​မသိ” ဟု ပေါလု အဘယ်ကြောင့်​ပြော​ရသနည်း။ သူတို့သည် ပညတ်တရား​တည်း​ဟူသော ဘုရားသခင်​၏​ဖြောင့်မတ်​သော​စံ​များ သွန်သင်ခံ​ခဲ့​ကြ​ရသည်​မဟုတ်လော။ အမှန်​သွန်သင်ခံ​ခဲ့​ကြ​ရသည်။ သို့သော် ထို​သူ​အများစု​သည် ဖြောင့်မတ်ခြင်း​တရားကို လူသားချင်း​ဆက်ဆံ​ရာ​၌​အသုံးပြု​ရမည့် မိမိတို့၏​လမ်းညွှန်​စံ​အဖြစ် ယူမှတ်​မည့်​အစား ယင်းသည် ဘာသာရေး​စည်းမျဉ်း​များ​ကို လစ်ဟင်း​မှုမရှိ၊ အပင်ပန်းခံ​စောင့်စည်း​ကာ​မှ ရရှိ​လာနိုင်​သော အကျင့်​မွန်​ဖြစ်သည်ဟု သဘောထားကြ​၏။ ယေရှု​ခေတ်​မှ ဘာသာရေး​ခေါင်းဆောင်​များ​ကဲ့သို့ သူတို့သည် တရား​သဖြင့်​ပြုခြင်း​နှင့် ဖြောင့်မတ်ခြင်း​တရား​တို့၏ ဆိုလိုရင်း​ကို နားလည်​လွဲ​ခဲ့​ကြသည်။—မဿဲ ၂၃:၂၃-၂၈

၇။ ယေဟောဝါ​၏​ဖြောင့်မတ်ခြင်း​ကို မည်သို့​ဖော်ပြ​ထား​သနည်း။

လုံးဝ​ခြားနား​စွာ ယေဟောဝါ​၏​ဖြောင့်မတ်ခြင်း​ကို ကိုယ်တော်​၏​စီရင်ချက်​အားလုံး​တွင် အထင်အရှား​တွေ့မြင်​ရ၏။ ကိုယ်တော်​၏​ဖြောင့်မတ်ခြင်း​တရား​က တမင်​အမှား​ပြုသူ​များ​၏​အပြစ်​များ​ကို လျစ်လျူ​မ​ရှု​စေ​သော်လည်း ယင်းက ကိုယ်တော်​အား ကြောက်ရွံ့​ပြီး ခပ်​ခွာ​ခွာ​နေ​စေသော အကြင်နာ​ကင်းမဲ့​၍ တင်းမာ​သော ဘုရားသခင်​မဖြစ်စေ​ပါ။ ယင်းအစား ကိုယ်တော်​၏​ဖြောင့်မတ်​သော​လုပ်ရပ်များ​သည် ကိုယ်တော့်​ထံ​လူ​တို့​ချဉ်းကပ်​စေ​၍ အပြစ်​၏​ကြောက်မက်​ဖွယ်​ဆိုးကျိုး​များ​မှ ကယ်တင်​ခံရ​ရန် အခြေအမြစ်​ကို​ပေးသနား​တော်​မူ​ခဲ့ပြီ။ ထို့​ကြောင့် ယေဟောဝါ​ကို “ဖြောင့်မတ်​သော​ဘုရား[သခင်]၊ ကယ်တင်​သော​ဘုရား[သခင်]” ဟု​ဆို​ခြင်း​သည် လုံးဝ​သင့်လျော်​ပေ​သည်။—ဟေရှာယ ၄၅:၂၁

ဖြောင့်မတ်ခြင်း​နှင့် ကယ်တင်ခြင်း

၈၊ ၉။ ပညတ်တရား​သည် ဘုရားသခင့်​ဖြောင့်မတ်ခြင်း​ကို အဘယ်​နည်းများဖြင့် ဖော်ပြ​သနည်း။

ဘုရားသခင့်​ဖြောင့်မတ်ခြင်း​နှင့် ကိုယ်တော်​၏​ကယ်တင်ခြင်း​ဆိုင်ရာ မေတ္တာပါ​သော​လုပ်ရပ်များ​၏ ဆက်စပ်မှု​ကို​နားလည်​ဖို့ မောရှေ​မှ​တစ်ဆင့် ဣသရေလ​လူမျိုး​အား ပေး​ခဲ့​သည့်​ပညတ်တရား​ကို သုံးသပ်ကြည့်​ပါ။ ပညတ်တရား​သည် ယုံမှားဖွယ်​မရှိ ဖြောင့်မတ်​ပေ​၏။ မောရှေ၏​နှုတ်ဆက်​စကား​တွင် ဣသရေလ​လူမျိုးကို သူ​ဤသို့​သတိပေး​ခဲ့​သည်– “ငါသည် ယနေ့ သင်တို့၌​ထားသော​တရား​အပေါင်း​နှင့်​အမျှ ဖြောင့်မတ်​သော​စီရင်ထုံး​ဖွဲ့​ချက်​တို့ကို​ရသော အဘယ်​လူမျိုး​ကြီး​ရှိ​သနည်း။” (တရားဟောရာ ၄:၈) ရာစုနှစ်များစွာ​ကြာပြီးနောက် ဒါဝိဒ်​မင်း​က ဣသရေလ​အမျိုး​ကို ဤသို့​အတိအလင်း​ပြော​ခဲ့​သည်– “ထာဝရ​ဘုရား​၏ စီရင်တော်မူချက်​တို့သည် . . . တရား​နှင့်​ညီ​၍ တညီတညွတ်​တည်း​ဖြောင့်မတ်​ကြ​၏။”—ဆာလံ ၁၉:၉

ယေဟောဝါ​သည် အမှားအမှန်​ဆိုင်ရာ မိမိ၏​စုံလင်သော​စံ​ကို ပညတ်တရား​အားဖြင့် ထင်ရှားစေ​တော်​မူ​၏။ ပညတ်တရား​သည် ဘာသာရေး​ကိစ္စရပ်​များ​တွင်​မ​က စီးပွားရေး​ကိစ္စ​များ၊ အိမ်ထောင်ရေး၊ စားသုံး​ရမည့်​အစာ၊ ကျန်းမာ​ရေး​နှင့်​ညီညွတ်သော​အကျင့်​များနှင့် တရားရေး​ဆုံးဖြတ်ချက်​များ​၌​ပါ ဣသရေလ​လူမျိုး မည်သို့​ကျင့်ကြံ​ပြုမူ​ရမည့်​အကြောင်း အသေးစိတ်​ဖော်ပြ​သည်။ ထို့​အပြင် ပညတ်တရား​တွင် ပညတ်​ချိုးဖောက်​သူများကို အရေးယူ​သည့် တင်းကျပ်သော​ဥပဒေ​များ​ပါရှိ​ပြီး အချို့​ကိစ္စ​များ​တွင် ပညတ်တရား​သည် သေဒဏ်​ပင်​ချမှတ်​သည်။ * သို့သော် ပညတ်တရား​၌​ပါ​သော ဘုရားသခင့်​ဖြောင့်မတ်​သော တောင်းဆိုချက်​များသည် ယနေ့ လူအများ​ဆို​သကဲ့သို့ လူတို့၏​လွတ်လပ်မှု​နှင့် ပျော်ရွှင်မှု​ကို​ဆုံးရှုံး​စေသည့် ကြမ်းတမ်း​ခက်ထန်​၍ ငြီးငွေ့​ဖွယ်​ဝန်ထုပ်​ဖြစ်ပါ​သလော။

၁၀။ ယေဟောဝါ​အား​ချစ်​မြတ်နိုးသူ​များသည် ကိုယ်တော်​၏​ပညတ်တရား​ကို မည်သို့​ယူမှတ်​ကြ​သနည်း။

၁၀ ယေဟောဝါ​အား ချစ်​မြတ်နိုးသူ​များသည် ကိုယ်တော်​၏​ဖြောင့်မတ်​သော ပညတ်တော်​များနှင့် ဥပဒေ​များ​၌ အလွန်​မွေ့လျော်​ခဲ့​ကြသည်။ သာဓက​အနေ​နှင့် ကျွန်ုပ်​တို့​တွေ့ရှိ​ခဲ့​သည့်​အတိုင်း ဘုရင်​ဒါဝိဒ်​သည် ယေဟောဝါ​၏​စီရင်တော်မူချက်​များ ဖြောင့်မတ်​မှန်ကန်ကြောင်း အသိအမှတ်ပြု​ရုံ​မ​က ၎င်းတို့ကို အလွန်​မြတ်နိုး​ပြီး ကျေးဇူး​တင်​ခဲ့​သည်။ ယေဟောဝါ​၏​တရားတော်​များ၊ စီရင်တော်မူချက်​များနှင့်​စပ်လျဉ်း၍ သူ​ဤသို့​ရေးသားခဲ့​သည်– “ရွှေ​ထက်မက များစွာသော​ရွှေ​စင်​ထက် နှစ်သက်ဖွယ်​ဖြစ်၍ ပျားရည်​ထက်မက ပျား​လ​ပို့​ထက်​ချို​ကြ​၏။ တရားတော်​အားဖြင့် ကိုယ်တော်​၏​ကျွန်​သည် သတိရ​၍ တရား​စောင့်​ခြင်း​အကျိုး​သည်​ကြီး​လှ​ပါ​၏။”—ဆာလံ ၁၉:၇၊ ၁၀၊ ၁၁

၁၁။ ပညတ်တရား​သည် ‘ခရစ်တော်​ထံ​သို့​ပို့ဆောင်သော​အထိန်း’ ဖြစ်​ကြောင်း မည်သို့​ထင်ရှား​သနည်း။

၁၁ ရာစုနှစ်များစွာ​ကြာပြီးနောက် ပေါလု​သည် ပညတ်တရား​၏ သာ၍​ကြီးမားသော​တန်ဖိုး​ကို ညွှန်ပြ​ခဲ့​သည်။ ဂလာတိ​မြို့သား​များ​ထံ သူ​ဤသို့​စာရေး​ခဲ့​သည်– “ငါ​တို့သည် ယုံကြည်ခြင်း​အားဖြင့် ဖြောင့်မတ်​ရာ​သို့​ရောက်​စေခြင်း​ငှာ ပညတ်တရား​သည် ခရစ်တော်​ထံ​သို့ ငါ​တို့ကို​ပို့ဆောင်​၍ ငါ​တို့၏​အထိန်း​ဖြစ်​သတည်း။” (ဂလာတိ ၃:၂၄) ပေါလု​ခေတ်တွင် အထိန်း (စာသင်​သော​ဆရာ၊ နိုင်ငံတော်​စာ​ကြောင်း​ကြားညှပ်​ကျမ်း) တစ်ဦး​သည် အိမ်ထောင်စု​ကြီး​တစ်ခု​ရှိ အ​ခိုင်း​အစေ သို့​မဟုတ် ကျေးကျွန်​တစ်ဦး​ဖြစ်သည်။ သူ၏​တာဝန်​မှာ ကလေး​သူငယ်​များ​ကို​စောင့်ထိန်း​၍ ကျောင်း​သို့ ကြို​ပို့ပေး​ရ၏။ အလားတူ၊ ပညတ်တရား​သည် အိမ်နီးချင်း​နိုင်ငံ​များ​၏ ယုတ်ညံ့​သော​ကိုယ်ကျင့်တရား​နှင့် ဘာသာရေး​ထုံးတမ်းများ​မှ ဣသရေလ​လူမျိုး​ကို ကာကွယ်​ပေး​၏။ (တရားဟောရာ ၁၈:၉-၁၃; ဂလာတိ ၃:၂၃) ထို့​အပြင် ပညတ်တရား​က ဣသရေလ​လူမျိုး​ကို သူတို့ အပြစ်သား​များ​ဖြစ်​ကြောင်း၊ ခွင့်လွှတ်​ခြင်း​နှင့် ကယ်တင်ခြင်း​လိုအပ်ကြောင်း သိရှိ​စေ​ခဲ့​သည်။ (ဂလာတိ ၃:၁၉) ယဇ်​ပူဇော်​ခြင်း​အစီအစဉ်များ​က​လည်း ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်​လိုအပ်ကြောင်း​နှင့် မေရှိယ​အစစ်အမှန်​ကို မည်သို့​ခွဲခြား​သိမြင်​နိုင်​ကြောင်း ပရောဖက်ပြု​ပုံစံ​ပေး​သည်။ (ဟေဗြဲ ၁၀:၁၊ ၁၁၊ ၁၂) ယေဟောဝါ​သည် ပညတ်တရား​အားဖြင့် ကိုယ်တော်​၏​ဖြောင့်မတ်ခြင်း​ကို ဖော်ပြ​သည်​မှန်​သော်လည်း လူတို့၏​အကျိုးနှင့် ထာဝရ​ကယ်တင်ခြင်း​ကို​ရည်​မျှော်​လျက် ထိုသို့​ပြု​ခဲ့​ခြင်း​ဖြစ်သည်။

ဖြောင့်မတ်​သည်​ဟု ဘုရားသခင်​ယူမှတ်​သူများ

၁၂။ ဣသရေလ​လူမျိုး​သည် ပညတ်တရား​ကို ဂရုတစိုက်​လိုက်နာ စောင့်ရှောက်ခြင်း​အားဖြင့် အဘယ်​အကျိုး​ခံစား​နိုင်​မည်​နည်း။

၁၂ ယေဟောဝါ​ပေးသနား​သော ပညတ်တရား​သည် နည်း​အမျိုးမျိုးဖြင့် ဖြောင့်မတ်​တော်​မူ​သောကြောင့် ၎င်းကို​နာခံခြင်း​အားဖြင့်ဣသရေလ​လူမျိုး​သည် ဘုရားသခင်​ရှေ့ ဖြောင့်မတ်​သော​အနေအထား ရရှိနိုင်​ကြသည်။ ကတိထားရာပြည်​ထဲ ဝင်ရောက်​ခါနီး​တွင် ဣသရေလ​လူမျိုး​ကို မောရှေ​ဤသို့​သတိပေး​ခဲ့​သည်– “ငါ​တို့​ဘုရားသခင် ထာဝရ​ဘုရား​မှာ​ထား​တော်​မူ​သည်​အတိုင်း ဤ​ပညတ်​အလုံးစုံ​တို့ကို ရှေ့တော်၌​ကျင့်​စောင့်​ခြင်း​ငှာ သတိပြု​လျှင် ဖြောင့်မတ်​ရာ​သို့ ရောက်​ရ​ကြလိမ့်မည်။” (တရားဟောရာ ၆:၂၅) ထို့​အပြင် ယေဟောဝါ​ဤသို့​ကတိပြု​တော်​မူ​၏– “ငါ​စီရင်ထုံး​ဖွဲ့​ချက်​တို့ကို စောင့်ရှောက်​ရ​ကြ​မည်။ ထို​အကျင့်ကို​ကျင့်​သော​သူသည် ထို​အကျင့်​အားဖြင့်​အသက်ရှင်​လိမ့်​မည်။ ငါသည် ထာဝရ​ဘုရား​ဖြစ်၏။”—ဝတ်ပြုရာ ၁၈:၅; ရောမ ၁၀:၅

၁၃။ ဖြောင့်မတ်​သော​ပညတ်တရား​ကို ကျင့်​စောင့်​ဖို့ မိမိလူ​တို့ကို​တောင်းဆိုခြင်း​ကြောင့် ယေဟောဝါ​သည် မတရား​ဟု​ဆို​မည်​လော။ ရှင်းပြပါ။

၁၃ ဝမ်းနည်းစရာမှာ ဣသရေလ​လူမျိုး​သည် လူမျိုးတစ်မျိုး​အနေ​နှင့် “ပညတ်​အလုံးစုံ​တို့ကို ရှေ့တော်၌​ကျင့်​စောင့်” ဖို့​ပျက်ကွက်​ခဲ့​ကြသော​ကြောင့် ကတိထားရာ​ကောင်းချီး​များ​ကို မခံစား​ခဲ့​ရ​ကြ​ချေ။ ဘုရားသခင့်​ပညတ်တရား​တော်​သည် စုံလင်​ပြီး သူတို့မှာ​မူ မစုံလင်​ကြ​သည့်​အတွက် ဘုရားသခင့်​ပညတ်ချက်​များ​ကို မကျင့်​စောင့်​နိုင်​ကြ​ချေ။ ထို့​ကြောင့် ဘုရားသခင်​သည် မတရား၊ မဖြောင့်မတ်​ဟု​ဆို​မည်​လော။ မဆို​နိုင်​ပေ။ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “သို့​ဖြစ်၍၊ အဘယ်​သို့​ပြော​ရမည်​နည်း။ ဘုရားသခင်​သည် မတရားသော​အမှုကိုပြု​တော်​မူ​သလော။ ထိုသို့​မပြော​ရ။” (ရောမ ၉:၁၄) အမှန်​မှာ၊ ပညတ်တရား​မပေး​မီ​နှင့် ပေး​ပြီး​နောက်​ပင်​လျှင် ဘုရားသခင်​သည် မစုံလင်​၍​အပြစ်သား​များ​ဖြစ်​ကြသော လူတစ်ဦး​ချင်း​စီ​ကို ဖြောင့်မတ်​သူ​အဖြစ် ယူမှတ်​တော်​မူ​ခဲ့ပြီ။ ဘုရားသခင်​ကို​ကြောက်ရွံ့​သော ထို​သူများ​တွင် နောဧ၊ အာဗြဟံ၊ ယောဘ၊ ရာခပ်​နှင့် ဒံယေလ​တို့​ပါဝင်​သည်။ (ကမ္ဘာဦး ၇:၁; ၁၅:၆; ယောဘ ၁:၁; ယေဇကျေလ ၁၄:၁၄; ယာကုပ် ၂:၂၅) သို့​ဖြစ်၍ မေးစရာ​မှာ အဘယ်အရာ​ပေါ်​အခြေ​ပြုပြီး ဤသူတို့ကို ဖြောင့်မတ်​သည်​ဟု ဘုရားသခင်​ယူမှတ်​တော်​မူ​ခဲ့​သနည်း။

၁၄။ လူတစ်ဦး​သည် “ဖြောင့်မတ်” ၏​ဟု ကျမ်းစာ​ဆို​သောအခါ အဘယ်အရာကို​ဆိုလို​သနည်း။

၁၄ လူတစ်ဦးကို “ဖြောင့်မတ်” သူ​ဟု ကျမ်းစာ​ဆို​သောအခါ သူသည် အပြစ်​မရှိ သို့​မဟုတ် စုံလင်​သည်​ဟု​မဆိုလို​ပေ။ ယင်းအစား ဘုရားသခင်​နှင့် လူ​တို့​ရှေ့ သူတို့​တာဝန်​ကျေပွန်​သည်​ဟူ၍ အဓိပ္ပာယ်​ရှိသည်။ ဥပမာ၊ နောဧ​သည် “ဖြောင့်မတ်​သော​သူ၊” ဘုရားသခင် “မှာ​ထား​တော်​မူ​သည်​အတိုင်း . . . ပြု” သောကြောင့် “မိမိ​အမျိုး [တစ်ခေတ်​တည်း​သားများ​အလယ်] ၌ စုံလင်သော​သူ​ဖြစ်၏” ဟု​သမုတ်​ခံ​ခဲ့​ရသည်။ (ကမ္ဘာဦး ၆:၉၊ ၂၂; မာလခိ ၃:၁၈) နှစ်ခြင်း​ဆရာ​ယောဟန်​၏ မိဘများ​ဖြစ်သော ဇာခရိ​နှင့် ဧလိရှဗက်​တို့သည် “ထာဝရ​ဘုရား​၏​ပညတ်တရား​တော် အမျိုးမျိုး​တို့ကို ကျင့်ဆောင်​၍ အပြစ်တင်​ခွင့်​နှင့်​လွတ်​သဖြင့်၊ ဘုရားသခင့်​ရှေ့တော်၌ ဖြောင့်မတ်ခြင်း . . . ရှိကြ​၏။” (လုကာ ၁:၆) ထို့​ပြင် ဣသရေလ​လူမျိုး​မဟုတ်သော ကော်နေလိ​အမည်​ရှိသူ အီတလီ​တပ်မှူး​တစ်ဦး​သည် “ဘုရားသခင်​ကို​ကြောက်ရွံ့​၍ [“ဖြောင့်မတ်၊” က​ဘ]” သည်​ဟု​ဖော်ပြ​ခံရ​သည်။—တမန်​တော် ၁၀:၂၂

၁၅။ ဖြောင့်မတ်ခြင်း​တရားသည် အဘယ်အရာ​နှင့် အလွန်​နီးစပ်​သနည်း။

၁၅ ထို့​အပြင် လူ​တို့​တွင်​ရှိ ဖြောင့်မတ်ခြင်း​တရားသည် ဘုရားသခင့်​ပြဋ္ဌာန်းချက်​များ​ကို လိုက်နာ​စောင့်ရှောက်ခြင်း​မျှ​သာ​မဟုတ်ဘဲ လူတစ်ဦး​၏​နှလုံး​တွင်​ရှိ သူ၏​ယုံကြည်ခြင်း၊ ယေဟောဝါ​နှင့် ကိုယ်တော့်​ကတိတော်​များ​ကို ကျေးဇူး​တင်​လေးမြတ်ခြင်း​နှင့် များစွာ​ဆက်စပ်​သည်။ သမ္မာကျမ်းစာ​က အာဗြဟံ​သည် “ထာဝရ​ဘုရား​ကို​ယုံကြည်​သည်​ဖြစ်၍ သူ၏​ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း​ကဲ့သို့​မှတ်တော်မူ​၏” ဟု​ဆို​သည်။ (ကမ္ဘာဦး ၁၅:၆) အာဗြဟံ​သည် ဘုရားသခင်ရှိသည်​ကို ယုံကြည်​သည်​သာမက “အမျိုးအနွယ်” ဆိုင်ရာ ဘုရားသခင်​၏​ကတိတော်​ကိုလည်း သူ​ယုံကြည်​စိတ်ချ​ခဲ့​သည်။ (ကမ္ဘာဦး ၃:၁၅; ၁၂:၂; ၁၅:၅; ၂၂:၁၈) ဤသို့​သော​ယုံကြည်ခြင်း​နှင့် ယင်း​နှင့်​ညီသော အကျင့်​များ​ပေါ်​အခြေပြု​လျက် ယေဟောဝါ​သည် အာဗြဟံ​နှင့် အခြား​တည်ကြည်မှု​ရှိ​သူများ မစုံလင်​ကြသော်လည်း သူတို့နှင့်​ဆက်ဆံ​၍ ကောင်းချီး​ပေး​နိုင်​တော်​မူ​၏။—ဆာလံ ၃၆:၁၀; ရောမ ၄:၂၀-၂၂

၁၆။ ရွေးနုတ်ဖိုး​ကို​ယုံကြည်ခြင်းက အဘယ်​အကျိုးကျေးဇူးများ​ရှိစေ​သနည်း။

၁၆ အဆုံး​တွင် လူ​တို့​ရှိ​ဖြောင့်မတ်ခြင်း​တရားသည် ယေရှု​ခရစ်​၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်ကို ယုံကြည်ခြင်း​အပေါ် အမှီပြု​သည်။ ပထမ​ရာစု​ခရစ်ယာန်​များနှင့်​စပ်လျဉ်း၍ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ယေရှု​ခရစ်​ရွေးနုတ်​တော်​မူ​သော​အားဖြင့် အဖိုးကို​မပေး​ဘဲ ဘုရားသခင်​၏​ကျေးဇူးတော်​ကြောင့် ဖြောင့်မတ်​ရာ​သို့​ရောက်​ရ​ကြ​၏။” (ရောမ ၃:၂၄) ဤ​တွင် ပေါလု​သည် ကောင်းကင်​နိုင်ငံတော်​တွင် ခရစ်တော်​နှင့်အတူ တွဲဖက်​အမွေခံရန် ရွေးချယ်ခံ​ရမည့်​သူများ​အကြောင်း ပြောဆို​နေခြင်း​ဖြစ်သည်။ သို့ရာတွင် ယေရှု၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်​သည် အခြားသူ​သန်းပေါင်း​များစွာ​တို့အတွက်​လည်း ဘုရားသခင့်​ရှေ့မှောက်တော်​တွင် ဖြောင့်မတ်​သော အနေအထား​ရရှိ​ခွင့်​ပေး​သည်။ တမန်​တော်​ယောဟန်​သည် အဆင်းအာရုံ​တစ်ခု​တွင် “အဘယ်သူမျှ​မရေတွက်​နိုင်သော လူများ​အပေါင်းတို့သည် ဖြူ​သော​ဝတ်လုံကို​ဝတ်ဆင်​လျက်၊ . . . ပလ္လင်တော်​ရှေ့ သိုးသငယ်​ရှေ့မှာ​ရပ်နေ​ကြ” သည်ကို တွေ့ခဲ့​ရ၏။ သူတို့သည် “မိမိတို့​ဝတ်လုံကို သိုးသငယ်​၏​အသွေး​၌​လျှော်​၍​ဖြူ​စေ” သောကြောင့် သူတို့၏​ဝတ်လုံ​ဖြူ​များ​က ဘုရားသခင်​၏​ရှေ့တွင် သန့်ရှင်း​ဖြောင့်မတ်​သော​အနေအထား​ရှိ​ခြင်း​ကို ပုံဆောင်​သည်။—ဗျာဒိတ် ၇:၉၊ ၁၄

ယေဟောဝါ​၏​ဖြောင့်မတ်ခြင်း​၌ မွေ့လျော်ခြင်း

၁၇။ ဖြောင့်မတ်ခြင်း​တရားကို မီအောင်လိုက်​ရာ​တွင် အဘယ်​ခြေလှမ်း​များ လှမ်း​ကြ​ရမည်​နည်း။

၁၇ ယေဟောဝါ​သည် လူသား​တို့ကို ဖြောင့်မတ်​သော​အနေအထား​ရရှိ​စေဖို့ မိမိ၏​သားတော် ယေရှု​ခရစ်​ကို မေတ္တာ​ရှိ​စွာ ပေးအပ်​ခဲ့​သော်လည်း ထို​အနေအထား​ကို အလိုအလျောက်​မရနိုင်​ကြ​ချေ။ သူတို့သည် ရွေးနုတ်ဖိုး​ကို ယုံကြည်​ကြောင်း​တင်ပြ​ကြ​ရမည်၊ မိမိ၏​ဘဝကို ဘုရားသခင့်​အလိုတော်နှင့်​ညီညွတ်​စေ​၍ ရေ​တွင်​နှစ်ခြင်း​ခံ​ပြီး ယေဟောဝါ​ထံ မိမိကိုယ်ကို​ဆက်ကပ်​အပ်နှံ​ရမည်။ ထို့နောက် ဖြောင့်မတ်ခြင်း​တရား​နှင့်​တကွ အခြား​ဝိညာဉ်​ရေး အရည်အချင်းများ​ကို ဆက်၍​မီအောင်လိုက်​ရမည်။ ကောင်းကင်​ခေါ်တော်မူ​ခြင်း​ခံရ​သော နှစ်ခြင်း​ခံ​ခရစ်ယာန်​တစ်ဦး​ဖြစ်သူ တိမောသေ​ကို ပေါလု​ဤသို့​တိုက်တွန်း​ခဲ့​သည်– “ဖြောင့်မတ်​စွာ​ကျင့်​ခြင်း၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​တို့ကို မီအောင်လိုက်​ကြလော့။” (၁ တိမောသေ ၆:၁၁; ၂ တိမောသေ ၂:၂၂) ထို့​ပြင် ယေရှု​က “ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့​ဦးစွာ [“ဆက်၍၊” က​ဘ] ရှာ​ကြလော့” ဟု​မိန့်တော်မူသော​အခါ ဆက်လက်​ကြိုးပမ်း​ဖို့​လို​ကြောင်း အလေးအနက်​ဖော်ပြ​ခဲ့​သည်။ ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​များ ခံစား​ရဖို့ ကျွန်ုပ်​တို့​ကြိုးစား​အားထုတ်​နေကြ​မည်​ဖြစ်သော်လည်း ယေဟောဝါ​၏​ဖြောင့်မတ်​သော​နည်းလမ်းများ​ကို မီအောင်လိုက်​ဖို့ ထပ်တူ​ကြိုးစား​အားထုတ်ပါ​သလော။—မဿဲ ၆:၃၃

၁၈။ (က) ဖြောင့်မတ်ခြင်း​တရားကို မီအောင်လိုက်​ဖို့ အဘယ်ကြောင့်​မလွယ်ကူ​သနည်း။ (ခ) လောတ​၏​ပုံ​နမူနာ​မှ ကျွန်ုပ်​တို့​အဘယ်အရာ သင်ယူ​နိုင်​သနည်း။

၁၈ ဖြောင့်မတ်ခြင်း​တရားကို​မီအောင်လိုက်​ဖို့ အမှန်ပင်​မလွယ်ကူ​ပေ။ ယင်း​သို့​ဖြစ်​ရခြင်း​မှာ ကျွန်ုပ်​တို့အားလုံး​သည် မစုံလင်သူ​များ​ဖြစ်​ကြ​ပြီး ကျွန်ုပ်​တို့၏​ဇာတိ​သဘော​က မဖြောင့်မတ်​တတ်သော​ကြောင့်​ဖြစ်သည်။ (ဟေရှာယ ၆၄:၆) ထို့​အပြင် ကျွန်ုပ်​တို့​ပတ်လည်​ရှိ လူအများသည် ယေဟောဝါ​၏​ဖြောင့်မတ်​သော​နည်းလမ်းတော်​များ​ကို မလေးစား​ကြ​ချေ။ ကျွန်ုပ်​တို့၏​အခြေအနေ​သည် နာမည်​ပျက်​သော သောဒုံ​မြို့၌​နေထိုင်ခဲ့​သူ လောတ​၏​အခြေအနေ​နှင့် ဆင်တူ​ယိုးမှား​ဖြစ်သည်။ ရောက်​အံ့​ဆဲ​ဆဲ​ဖျက်ဆီးခြင်း​ဘေး​မှ လောတ​ကို ယေဟောဝါ အဘယ်ကြောင့်​ကယ်လွှတ်​ခဲ့​ကြောင်း တမန်​တော်​ပေတရု​ရှင်းပြသည်။ ပေတရု​ဤသို့​ဆို​၏– “ထို​ဖြောင့်မတ်​သော​သူသည် မတရားသော​သူတို့တွင်​နေစဉ်​အခါ၊ သူတို့၏​မတရားသော​အမှု​များ​ကို နေ့တိုင်း​မပြတ်​မျက်စိ​မြင်​လျက်၊ နား​ကြား​လျက်​ရှိသဖြင့်၊ မိမိ​ဖြောင့်မတ်​သော​စိတ်နှလုံး​ကို ပြင်းစွာ​ညှဉ်းဆဲ​ရ၏။” (၂ ပေတရု ၂:၇၊ ၈) ထို့​ကြောင့် ကျွန်ုပ်​တို့​တစ်ဦးစီ​သည် မိမိကိုယ်ကို​ဤသို့​မေးသင့်​သည်– ‘ကျွန်ုပ်​တို့​ပတ်လည်​ရှိ အကျင့်​ယိုယွင်းမှု​များ​ကို နှလုံးထဲတွင် တိတ်တဆိတ်​သဘောကျ​နေပါသလော။ ခေတ်​စား​နေသည့် အကြမ်းဖက်​သော​အပန်းဖြေမှု သို့​မဟုတ် အားကစား​အမျိုးမျိုးကို ကျွန်ုပ်​မသတီ​ရုံ​မျှ​ဖြစ်သလော။ သို့​မဟုတ် လောတ​ကဲ့သို့ ထိုသို့​သောမ​ဖြောင့်မတ်​သည့်​အမှု​များ​ကြောင့် စိတ်​အနှောင့်အယှက်​ပြင်းစွာ​ခံရ​သလော။’

၁၉။ ဘုရားသခင့်​ဖြောင့်မတ်ခြင်း​၌ မွေ့လျော်​ကြ​မည်​ဆိုလျှင် အဘယ်​ကောင်းချီး​များ​ကို ခံစား​ကြ​ရမည်​နည်း။

၁၉ အန္တရာယ်​ထူပြော​၍ မသေချာ​မရေရာ​သော ဤ​ခေတ်​ကာလ​တွင် ယေဟောဝါ​၏​ဖြောင့်မတ်ခြင်း​၌ မွေ့လျော်ခြင်း​မှ လုံခြုံမှု​နှင့် ကာကွယ်​မှု​ရရှိနိုင်​သည်။ “အို​ထာဝရ​ဘုရား တဲ​တော်​၌ အဘယ်သူ​သည် တည်း​ရ​ပါ​မည်​နည်း။ သန့်ရှင်းသော​တောင်တော်​ပေါ်မှာ အဘယ်သူ​သည်​နေရ​ပါ​မည်​နည်း” ဟူသော မေးခွန်း​ကို ဒါဝိဒ်​မင်း​က “ဖြောင့်မတ်​သော​အကျင့်၊ တရားသော​အမှုကိုပြု​ကျင့် . . . သော​သူ” ဟု​ဖြေဆိုခဲ့သည်။ (ဆာလံ ၁၅:၁၊ ၂) ဘုရားသခင့်​ဖြောင့်မတ်ခြင်း​ကို မီအောင်လိုက်​ပြီး ၎င်း​၌​မွေ့လျော်ခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် ကိုယ်တော်​နှင့်​ဆက်ဆံ​ရေး​ကောင်း​ရှိပြီး ကိုယ်တော်​၏​မျက်နှာသာ​နှင့် ကောင်းချီး​ကို ဆက်လက်​ခံစား​နိုင်​ကြ​မည်။ သို့ဖြင့် ကျွန်ုပ်​တို့၏​ဘဝ​သည် ကျေနပ်စရာ​ကောင်းပြီး ကိုယ့်​သိက္ခာ​ကိုယ်​လေး​စား၍ စိတ်​ငြိမ်သက်မှု​ရှိသော​ဘဝ​ဖြစ်​ပေ​လိမ့်​မည်။ “ဖြောင့်မတ်ခြင်း​တရား​နှင့် [“ချစ်ခင်​ကြင်နာ​မှု၊” က​ဘ] ကို​ရှာ​သော​သူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ်​အသရေ​ထင်ရှား​ခြင်း​ကို​တွေ့​တတ်၏” ဟု​ဘုရားသခင့်​နှုတ်မြွက်တော်​က​ဆို​၏။ (သု. ၂၁:၂၁) ထို့​အပြင် ဟုတ်မှန်ရာကို ကျွန်ုပ်​တို့​အတတ်နိုင်ဆုံး ကြိုးစား​လုပ်ဆောင်ခြင်းက လူ​လူ​ချင်း​ဆက်ဆံ​ရေး​ကောင်းပြီး ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​ဘက် ဘဝ​အရည်အသွေး​တိုးတက်​မြင့်မား​စေ​သည်။ ဆာလံဆရာ​ဤသို့​ဖော်ပြ​ခဲ့​သည်– “ခပ်သိမ်း​သောအခါ​တို့​၌ တရားကို​စောင့်ရှောက်​၍ ဖြောင့်မတ်​စွာ​ကျင့်​သော​သူတို့သည် မင်္ဂလာ​ရှိကြ​၏။”—ဆာလံ ၁၀၆:၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 မောရှေ​ပညတ်တရား​၏​ကျယ်ပြန့်​မှု​နှင့်​စပ်လျဉ်း၍ အသေးစိတ်​အချက်အလက်​များ​ကို​သိ​လိုလျှင် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ကျမ်း​စာစောင်​များ​အပေါ် ထိုးထွင်း​သိမြင်ခြင်း [လိပ်] အတွဲ ၂၊ စာမျက်နှာ ၂၁၄-၂၀ ပါ “ပညတ်ပဋိညာဉ်​၏​အင်္ဂါရပ်​အချို့” ဆောင်းပါး​ကို​ရှု။

သင်​ရှင်းပြ​နိုင်​သလော

• ဖြောင့်မတ်ခြင်း​တရား​ဟူသည် အဘယ်နည်း။

• ကယ်တင်ခြင်း​နှင့် ဘုရားသခင့်​ဖြောင့်မတ်ခြင်း​တရားသည် မည်သို့​ဆက်စပ်​သနည်း။

• အဘယ်အရာ​ပေါ်​အခြေပြု​လျက် လူ​တို့ကို ဖြောင့်မတ်​သည်​ဟု ဘုရားသခင်​ယူမှတ်​သနည်း။

• ယေဟောဝါ​၏​ဖြောင့်မတ်ခြင်း​တရား၌ ကျွန်ုပ်​တို့ မည်သို့​မွေ့လျော်​နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဒါဝိဒ်​မင်းကြီး​သည် ဘုရားသခင့် ပညတ်တော်​များ​ကို အလွန်​မြတ်နိုး​ကြောင်း ဖော်ပြ​ခဲ့

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

နောဧ၊ အာဗြဟံ၊ ဇာခရိ၊ ဧလိရှဗက်​နှင့် ကော်နေလိ​တို့ကို ဖြောင့်မတ်​သူများ​ဟု ဘုရားသခင်​ယူမှတ်ခဲ့။ အကြောင်းရင်းကို သင်​သိ​သလော