မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မွန်မြတ်သောလုပ်ငန်းများအတွက် လူမျိုးတစ်မျိုးအနေဖြင့်သန့်စင်ခံရ

မွန်မြတ်သောလုပ်ငန်းများအတွက် လူမျိုးတစ်မျိုးအနေဖြင့်သန့်စင်ခံရ

မွန်မြတ်သော​လုပ်ငန်းများ​အတွက် လူမျိုးတစ်မျိုး​အနေ​ဖြင့်​သန့်စင်​ခံရ

“ကိုယ်ခန္ဓာ​၏​အညစ်အကြေး၊ စိတ်​ဝိညာဉ်​၏​အညစ်အကြေး​ရှိသမျှ​တို့​နှင့် ကိုယ်ကို​ကိုယ်​ကင်းစင် [“သန့်စင်၊” က​ဘ] စေ​လျက်၊ ဘုရားသခင်​ကို​ကြောက်ရွံ့​၍ သန့်ရှင်းခြင်း . . . နှင့်​ပြည့်စုံ​ကြ​ကုန်​အံ့။”—၂ ကောရိန္သု ၇:၁

၁။ ယေဟောဝါ​အား ဝတ်ပြုသူ​များ​ထံ​မှ ကိုယ်တော်​အဘယ်အရာ​တောင်းဆို​သနည်း။

“ထာဝရ​ဘုရား​၏​တောင်တော်​ပေါ်​သို့ အဘယ်သူ​သည် တက်​ရမည်​နည်း။ သန့်ရှင်း​ရာ​ဌာနတော်​၌ အဘယ်သူ​သည် ရပ်နေ​ရမည်​နည်း။” ရှေးခေတ်​ဣသရေလ​နိုင်ငံ​၏​ဘုရင် ဒါဝိဒ်​သည် ယေဟောဝါ​နှစ်သက်​လက်ခံ​နိုင်သော ဝတ်ပြုမှု​နှင့်​စပ်လျဉ်း၍ စဉ်းစား​တွေးတော​စေသည့် ထို​မေးခွန်း​ကို​ထုတ်ခဲ့​သည်။ ထို့နောက် “သန့်ရှင်းသော​လက်​နှင့် ဖြူစင်​သော​နှလုံး​ရှိသောသူ၊ မုသာ​ကို​မ​မှီဝဲ​မ​ဆည်းကပ် မ​မှန်သော​ကျိန်ဆို​ခြင်း​ကို​မပြု​သော​သူ” ပေ​တည်း​ဟု သူ​ဖြေဆိုခဲ့သည်။ (ဆာလံ ၂၄:၃၊ ၄) လူတစ်ဦး​သည် သန့်ရှင်းခြင်း​၏​ပြယုဂ်​ဖြစ်​တော်​မူ​သော ယေဟောဝါ​၏ နှစ်သက်​လက်ခံမှု​ရ​ရန် စင်ကြယ်​၍​သန့်ရှင်း​ရမည်။ အစောပိုင်း​တွင် ဣသရေလ​ပရိသတ်အပေါင်း​ကို ယေဟောဝါ​ဤသို့​သတိပေး​ခဲ့​သည်– “ငါသည် သန့်ရှင်းသော​ကြောင့် သင်တို့လည်း ကိုယ်ကို​ကိုယ်​သန့်ရှင်း​စေ​၍ သန့်ရှင်းခြင်း​ရှိ​ရ​ကြ​မည်။”—ဝတ်ပြုရာ ၁၁:၄၄၊ ၄၅; ၁၉:၂

၂။ စစ်မှန်သော​ဝတ်ပြုရေးတွင် စင်ကြယ်​ခြင်း​အရေးပါမှု​ကို ပေါလု​နှင့်​ယာကုပ်တို့ မည်သို့​အလေးပေး​ဖော်ပြ​ခဲ့​ကြ​သနည်း။

ရာစုနှစ်များစွာ​ကြာပြီးနောက် အကျင့်​ယိုယွင်းသော ကောရိန္သု​မြို့ရှိ ခရစ်ယာန်​ချင်း​များ​ထံ တမန်​တော်​ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ထို့​ကြောင့် ချစ်သူ​တို့၊ ထို​ကတိတော်​များနှင့် ငါ​တို့သည်​ဆိုင်​ကြသည်​ဖြစ်၍၊ ကိုယ်ခန္ဓာ​၏​အညစ်အကြေး၊ စိတ်​ဝိညာဉ်​၏​အညစ်အကြေး​ရှိသမျှ​တို့​နှင့် ကိုယ်ကို​ကိုယ်​ကင်းစင်​စေ​လျက် ဘုရားသခင်​ကို​ကြောက်ရွံ့​၍ သန့်ရှင်းခြင်း . . . နှင့်​ပြည့်စုံ​ကြ​ကုန်​အံ့။” (၂ ကောရိန္သု ၇:၁) လူတစ်ဦး​သည် ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး​ရှိပြီး ကိုယ်တော်​ကတိထားရာ ကောင်းချီး​များ​ကို​ခံစား​ရဖို့ ကာယ​နှင့် ဝိညာဉ်​ရေး​အညစ်အကြေး၊ ပျက်စီး​ယိုယွင်းမှု​မှ ကင်းစင်​ရ​ပေမည်။ ထို​နည်းတူ ဘုရားသခင်​နှစ်သက်​လက်ခံ​နိုင်သော ဝတ်ပြုမှု​နှင့်​ပတ်သက်​၍ တပည့်တော်​ယာကုပ် ဤသို့​ရေးသားခဲ့​သည်– “ခမည်းတော်​ဘုရားသခင့်​ရှေ့၌ စင်ကြယ်​သန့်ရှင်းသော [အကျင့်] ဟူ​မူ​ကား၊ မိဘ​မရှိသော​သူငယ်​တို့​နှင့် မုဆိုးမ​တို့သည် ဆင်းရဲခံ​ရသောအခါ၊ သူတို့ကို​ကြည့်ရှု​ပြုစု​ခြင်း၊ ကိုယ်တိုင်​လည်း လော[က]အညစ်အကြေး​နှင့်​ကင်းစင်​အံ့​သော​ငှာ စောင့်ရှောက်ခြင်း​ပေ​တည်း။”—ယာကုပ် ၁:၂၇

၃။ ကျွန်ုပ်​တို့၏​ဝတ်ပြုမှု​ကို ဘုရားသခင်​နှစ်သက်​လက်ခံနိုင်ဖို့ အဘယ်အရာကို အလွန်​အလေးအနက်​ထား​သင့်​သနည်း။

စစ်မှန်သော​ဝတ်ပြုရေးတွင် စင်ကြယ်၊ သန့်ရှင်းခြင်း​သည် အရေးပါ​လှ​သောကြောင့် ဘုရားသခင့်​မျက်နှာသာ​ရ​လို​သူ မည်သူ​မဆို ဤ​တောင်းဆိုချက်​ကို​ပြည့်မီ​ဖို့ အလွန်​အလေးအနက်​ထား​သင့်​သည်။ ယနေ့ လူ​တို့​တွင် သန့်ရှင်းခြင်း​နှင့်​ပတ်သက်​၍ စံနှုန်း​များနှင့် အယူအဆ​အမျိုးမျိုး​ရှိကြသည်​မှန်​သော်လည်း သန့်ရှင်း၍ နှစ်သက်​လက်ခံဖွယ်​ဖြစ်သည်ဟု ယေဟောဝါ​ယူမှတ်​ရာ​ကို ကျွန်ုပ်​တို့​သိ​နားလည်​ပြီး လိုက်နာ​ဖို့​လို​သည်။ ဤ​ကိစ္စ​တွင် ဘုရားသခင်​အား​ဝတ်ပြုသူ​များ​ထံ​မှ ကိုယ်တော်​အဘယ်အရာ​တောင်းဆို​ကြောင်း၊ သူတို့သည် သန့်ရှင်း​ပြီး နှစ်သက်​လက်ခံနိုင်ဖွယ်​သူများ ဖြစ်လာ​နိုင်​ဖို့ ကိုယ်တော်​အဘယ်အရာ လုပ်ဆောင်ပေး​ခဲ့​ကြောင်း ကျွန်ုပ်​တို့​သိရှိဖို့​လို​၏။—ဆာလံ ၁၁၉:၉; ဒံယေလ ၁၂:၁၀

စစ်မှန်သော​ဝတ်ပြုရေး​အတွက် စင်ကြယ်​ခြင်း

၄။ စင်ကြယ်​ခြင်း​ဆိုင်ရာ ကျမ်းစာ​အယူအဆကို ရှင်းပြပါ။

စင်ကြယ်​သည်​ဟု​ဆို​ရာ​တွင် အညစ်အကြေး သို့​မဟုတ် ညစ်ညမ်းမှု​မှ ကင်းစင်​ခြင်း​မျှ​ဖြစ်၏​ဟု လူအများ​ယူမှတ်​သည်။ သို့သော် စင်ကြယ်​ခြင်း​အကြောင်း​ဖော်ပြ​သော သမ္မာ​ကျမ်းစာ​ပါ ဟေဗြဲ​နှင့် ဂရိ​စကားလုံး​အတော်များများ​သည် ကာယရေး​စင်ကြယ်မှု မျှ​သာ​မဟုတ်ဘဲ အများအားဖြင့် ကျင့်ဝတ်​နှင့် ဝိညာဉ်​ရေး​ပိုင်း​သဘော ပိုမို​သက်ရောက်​သည်။ ထို့​ကြောင့် ကျမ်းစာ​စွယ်စုံ​ကျမ်း​တစ်ခု​က ဤသို့​ဆို​သည်– “‘စင်ကြယ်’ နှင့် ‘မစင်ကြယ်’ ဟူသော​ဝေါဟာရ​များသည် တစ်ကိုယ်ရေ​သန့်ရှင်းမှု​နှင့် မဆက်စပ်​လှ​ချေ၊ အဓိက​အနေ​နှင့် ဘာသာရေး​သဘော​အရ​ဖြစ်သည်။ သို့​ဖြစ်၍ ‘သန့်ရှင်းခြင်း’ နှင့်​ဆိုင်သော​မူ​သည် ဘဝ​ကဏ္ဍ​အားလုံးနီးပါး​ကို အကျိုး​သက်ရောက်​သည်။”

၅။ မောရှေ​ပညတ်​သည် ဣသရေလလူ​တို့​ဘဝတွင် စင်ကြယ်​ခြင်း​ကို အဘယ်​အတိုင်းအတာ​အထိ စည်းမျဉ်း​ချမှတ်​ထား​သနည်း။

အမှန်​မှာ မောရှေ​ပညတ်​တွင် ဣသရေလလူ​တို့၏ ဘဝ​ကဏ္ဍ​အားလုံးနီးပါး​အတွက် စည်းမျဉ်း​ဥပဒေ​များ​ပါရှိ​ပြီး အဘယ်အရာ​သည် စင်ကြယ်​၍ လက်ခံနိုင်ဖွယ်​ဖြစ်​ခဲ့​သည်၊ မဖြစ်ခဲ့​သည်ကို အသေးစိတ်​ဖော်ပြ​ထား​ပါ​သည်။ ဥပမာ၊ ဝတ်ပြုရာကျမ်း​အခန်းကြီး ၁၁ မှ ၁၅ တွင် စင်ကြယ်​ခြင်း​နှင့် မစင်ကြယ်ခြင်း​ဆိုင်ရာ အသေးစိတ်​ညွှန်ကြားချက်​များ​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရသည်။ တိရစ္ဆာန်​အချို့​သည် မစင်ကြယ်​ပေ၊ ယင်း​တို့ကို ဣသရေလ​လူမျိုး​တို့ မစား​ရ​ကြ။ သားဖွားခြင်း​ကြောင့် အမျိုးသမီး​တစ်ဦး​သည် အချိန်​အကန့်အသတ် မစင်ကြယ်​သူ​ဖြစ်​ပေ​လိမ့်​မည်။ အရေပြား​ရောဂါ​အချို့၊ အထူးသဖြင့် နူနာ​ရောဂါ​နှင့် ယောက်ျား၊ မိန်းမ​တို့၏ လိင်​အင်္ဂါ​မှ​ထွက်​သော​အရည်​တို့သည်​လည်း လူတစ်ဦးကို မစင်ကြယ်​သူ ဖြစ်စေ​နိုင်၏။ ပညတ်တရား​က မစင်ကြယ်​သော​အခြေအနေ​များ​တွင် အဘယ်အရာ​ပြုလုပ်​သင့်​ကြောင်း အသေးစိတ်​ဖော်ပြ​သည်။ ဥပမာ၊ တောလည်ရာ ၅:၂၊ ၃ တွင်​ဤသို့​ဖတ်​ရသည်– “ငါ​နေသော​တပ်​ကို​မ​ညစ်ညူး​စေခြင်း​ငှာ ဣသရေလ​အမျိုးသား​တို့သည် နူ​သော​သူ၊ ရိ​နာ​စွဲ​သော​သူ၊ အသေကောင်​ထိ​၍ မစင်ကြယ်​သော​သူ ယောက်ျား​မိန်းမ​အပေါင်း​တို့ကို တပ်ပြင်​မှာ​နေရာ​ချထား​ရမည်​အကြောင်း ဆင့်ဆို​လော့။”

၆။ စင်ကြယ်​ခြင်း​နှင့်​ဆိုင်သော ပညတ်ချက်​များ​ကို အဘယ်​ရည်ရွယ်ချက်​ဖြင့် ပေး​ခဲ့​သနည်း။

ယေဟောဝါ​ထံ​မှ​လာသော ၎င်း​ပညတ်ချက်​နှင့် အခြား​ပညတ်​များသည် ဆေး​ဘက်​ဆိုင်ရာ​နှင့် ဇီဝ​က​မ္မ​ဆိုင်ရာ​အယူအဆ​များ​မပေါ်မီ ကြိုတင်​ဖော်ပြ​နှင့်​ပြီး ယင်း​တို့ကို လိုက်နာ​ကြသောအခါ လူ​တို့​အကျိုး​ခံစား​ကြ​ရသည်မှာ သေချာ​၏။ သို့သော် ၎င်း​ပညတ်​ဥပဒေ​များ​ကို ကျန်းမာ​ရေး​အတွက်​ကျင့်ထုံး သို့​မဟုတ် ဆေး​ဘက်​ဆိုင်ရာ လမ်းညွှန်ချက်များ​အဖြစ်​သာ ပေး​ခဲ့​ခြင်း​မဟုတ်ပေ။ ၎င်းတို့သည် စစ်မှန်သော​ဝတ်ပြုရေး​၏ ကဏ္ဍ​တစ်ခု​ဖြစ်​ခဲ့​သည်။ ၎င်း​စည်းမျဉ်း​များသည် အစာ​စားခြင်း၊ ကလေး​မွေးဖွားခြင်း၊ အိမ်ထောင်ရေး​အစ​ရှိသည့် လူတို့၏​နေ့စဉ် ဘဝ​အသက်တာ​နှင့်​သက်ဆိုင်​ခြင်း​က ယေဟောဝါ​ထံ အကြွင်းမဲ့​ဆက်ကပ်​အပ်နှံထားသူ​တို့၏ ဘဝ​ကဏ္ဍအသီးသီး​တွင် အဘယ်အရာ သင့်လျော်​သည်၊ မသင့်​လျော်​သည်ကို သူတို့၏​ဘုရားသခင် ယေဟောဝါ ဆုံးဖြတ်​ပိုင်ထိုက်​ကြောင်း ထင်ရှားစေ​သည်။—တရားဟောရာ ၇:၆; ဆာလံ ၁၃၅:၄

၇။ ပညတ်တရား​ကို လိုက်နာ​စောင့်ရှောက်ခြင်း​ဖြင့် အဘယ်​ကောင်းချီး​များ​ကို ဣသရေလ​လူမျိုး ခံစားရ​မည်​နည်း။

ပညတ်ပဋိညာဉ်​သည် ဣသရေလ​လူမျိုး​ဝန်းကျင်ရှိ နိုင်ငံ​များ​၏ ညစ်ညမ်း​သော​အကျင့်​များ​မှ သူတို့ကို​ကာကွယ်​ပေး​ခဲ့​သည်။ ယေဟောဝါ​၏​မျက်မှောက်တော်၌ စင်ကြယ်​စွာ​နေဖို့ ပြဋ္ဌာန်းချက်​များ​အပါအဝင် ပညတ်တရား​ကို သစ္စာရှိ​ရှိ​လိုက်နာခြင်း​ဖြင့် ဣသရေလ​လူမျိုး​သည် ဘုရားသခင့်​အမှုထမ်း​ရန်​နှင့် ကောင်းချီး​ရရှိရန် ထိုက်တန်​သူများ​ဖြစ်​ကြ​ပေမည်။ ယင်း​နှင့်​စပ်လျဉ်း၍ လူမျိုးတော်ကို ယေဟောဝါ​ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့သည် ငါ့​စကား​ကို​အမှန်​နားထောင်​၍ ငါ့​ပဋိညာဉ်​ကို​စောင့်ရှောက်​လျှင် အခြားသော​လူမျိုးတကာ​တို့​ထက် သင်တို့သည် ငါ​ပိုင်ထိုက်​သော ဘဏ္ဍာတော်​ဖြစ်​ရ​ကြလိမ့်မည်။ မြေကြီး​ရှိသမျှသည် ငါ​၏​ဥစ္စာ​ဖြစ်၏။ သင်တို့သည်​လည်း မင်း​စည်းစိမ်​ရှိသော​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်းသော​လူမျိုး​ဖြစ်​ရ​ကြလိမ့်မည်။”—ထွက်မြောက်ရာ ၁၉:၅၊ ၆; တရားဟောရာ ၂၆:၁၉

၈။ စင်ကြယ်​ခြင်း​နှင့်​ပတ်သက်​၍ ပညတ်​ထား​ရာ​ကို ယနေ့ ခရစ်ယာန်​များ အဘယ်ကြောင့်​ဂရုပြု​သင့်​သနည်း။

ဣသရေလ​လူမျိုး​သည် စင်ကြယ်၊ သန့်ရှင်း​ပြီး ယေဟောဝါ နှစ်သက်​လက်ခံ​နိုင်​တော်​မူ​မည့်​သူများ မည်သို့​ဖြစ်လာ​နိုင်​ကြောင်းကို ပညတ်တရား​တွင် အသေးစိတ်​ဖော်ပြ​ထား​သည်​ဖြစ်​ရာ မျက်မှောက်ခေတ်​ခရစ်ယာန်​များလည်း ၎င်း​ပြဋ္ဌာန်းချက်​တို့ကို ပြည့်မီ၊ မမီ အသေအချာ​သုံးသပ်​သင့်​သည်မဟုတ်​ပေ​လော။ ခရစ်ယာန်​တို့သည် ပညတ်တရား​အောက်​မရှိကြ​သော်လည်း ပေါလု​ဖော်ပြ​သကဲ့သို့ ၎င်းတို့သည် “နောက်​ဖြစ်လတ္တံ့​သော​အရာ​တို့၏ အရိပ်​ဖြစ်​ကြ​၏။ ကိုယ်​မူ​ကား ခရစ်တော်​၏​ကိုယ်​ဖြစ်” ကြောင်းကို စိတ်စွဲ​မှတ်​ကြ​ရမည်။ (ကောလောသဲ ၂:၁၇; ဟေဗြဲ ၁၀:၁) “ငါသည် . . . ပြောင်းလဲခြင်း​မရှိ” ဟု​ဆို​သော ယေဟောဝါ​ဘုရားသခင်​က စစ်မှန်သော​ဝတ်ပြုရေးတွင် စင်ကြယ်၊ သန့်ရှင်းမှုကို ယခင်​က ထို​မျှ​လောက်​အရေးတကြီး ရှုမြင်ခဲ့​လျှင် ယနေ့ ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​မျက်နှာသာ​ရရှိ​ပြီး ကောင်းချီး​ခံစား​လို​ပါ​က ကာယရေး၊ ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး စင်ကြယ်မှု​ကို အလေးအနက်​ထား​ရ​ကြ​မည်။—မာလခိ ၃:၆; ရောမ ၁၅:၄; ၁ ကောရိန္သု ၁၀:၁၁၊ ၃၁

ကာယရေး​စင်ကြယ်မှု​က ကျွန်ုပ်​တို့ကို​ထောက်ခံ​ပေး

၉၊ ၁၀။ (က) ကာယရေး​စင်ကြယ်မှု​သည် ခရစ်ယာန်​တစ်ဦး​အတွက် အဘယ်ကြောင့်​အရေးကြီး​သနည်း။ (ခ) ယေဟောဝါသက်သေ​တို့၏ စည်းဝေးကြီး​များနှင့်​စပ်လျဉ်း၍ အဘယ်​ကောက်ချက်​များ ချ​လေ့​ရှိကြ​သနည်း။

ကာယရေး​စင်ကြယ်မှု​သည် စစ်မှန်သော​ဝတ်ပြုရေး​၏ အရေးပါသော​ကဏ္ဍ​တစ်ခု​ဖြစ်​ဆဲ​လော။ ကာယရေး​စင်ကြယ်မှု​တစ်ခု​တည်း​က​သာ လူတစ်ဦးကို ဘုရားသခင်​၏​စစ်မှန်သော​ဝတ်ပြုသူ မဖြစ်စေ​သော်လည်း ထို​သူသည် အခြေအနေ​ပေး​သ၍ ကာယရေး​အရ​စင်ကြယ်​ရန်​မှာ အမှန်ပင်​လျောက်ပတ်​သည်။ အထူးသဖြင့်၊ ယနေ့ လူအများသည် သူတို့​ကိုယ်ကို​ဖြစ်စေ၊ သူတို့၏​အဝတ်အစား​နှင့် သူတို့၏​ပတ်ဝန်းကျင်​ကို​ဖြစ်စေ စင်ကြယ်​စွာ​ထား​ဖို့ အလေး​မထား​ကြ​ချိန်​တွင် ယင်း​သို့​ပြု​နေကြ​သူတို့ကို ပတ်ဝန်းကျင်​က သတိပြုမိ​လေ့​ရှိသည်။ ၎င်း​က အကျိုးရှိ​စေနိုင်​သည်၊ ကောရိန္သု​မြို့ရှိ ခရစ်ယာန်​များ​ကို ပေါလု​ဤသို့​ဆို​ခဲ့​သည့်​အတိုင်း​ပင်​ဖြစ်​နိုင်​သည်– “ငါ​တို့သည် . . . အမှုတော်​ဆောင် ရာထူး​၌ အပြစ်တင်​ခွင့်​မရှိစေ​ခြင်း​ငှာ မှောက်မှား​ရန်​အကြောင်းကို​မျှ​မပြု​ဘဲ ဘုရားသခင့်​အမှုတော်​ဆောင်​များ​အဖြစ် အနည်း​နည်း​အားဖြင့် ကိုယ်ကို​ထောက်ခံကြ​သည်။”—၂ ကောရိန္သု ၆:၃၊ ၄သ​မ။

၁၀ ယေဟောဝါသက်သေ​များသည် အထူးသဖြင့် သူတို့၏​စည်းဝေးကြီး​များ​တွင် တွေ့မြင်​ကြ​ရသော စင်ကြယ်မှု၊ စည်းစနစ်ကျ​န​မှု၊ လေးစားဖွယ်​အပြု​အမူ၊ အလေ့အကျင့်​တို့​ကြောင့် အစိုးရ​အရာရှိများ​၏​ချီးမွမ်း​ခြင်း​ကို မကြာခဏ​ခံ​ခဲ့​ကြ​ရပြီ။ ဥပမာ၊ အီတလီ​နိုင်ငံ၊ စ​ဗို​နာ​ပြည်နယ်​၌ ကျင်းပ​ခဲ့​သော စည်းဝေးကြီး​တစ်ခု​နှင့်​ပတ်သက်​၍ လာ​စ​တဲ​န်​ပါ​သတင်းစာ​က ဤသို့​ကောက်ချက်​ချ​သည်– “အဆောက်အအုံ​ထဲ လျှောက်​သွား​သည့်​အခါ ချက်ချင်း​သတိပြုမိ​သည့်​အရာ​မှာ ၎င်းကို​အသုံးပြု​ကြ​သူများ​၏ စင်ကြယ်မှု​နှင့် စည်းစနစ်ကျ​န​မှု​ဖြစ်သည်။” ဘရာဇီး​နိုင်ငံ၊ ဆောပိုလို​မြို့ရှိ အားကစားရုံ​တစ်ရုံ​တွင် သက်သေခံ​များ စည်းဝေးကြီး​တစ်ခု ကျင်းပ​ပြီး​နောက် အားကစားရုံ​၏​အရာရှိ​က ၎င်း​၏​သန့်ရှင်းရေး​အဖွဲ့ ကြီးကြပ်သူ​ကို ဤသို့​ပြော​ခဲ့​သည်– “ခု​အချိန်​ကစပြီး ယေဟောဝါသက်သေ​တွေ လုပ်ခဲ့တဲ့​အတိုင်း အားကစားရုံ​ကို စင်ကြယ်​စေချင်တယ်။” ၎င်း​အားကစားရုံ​မှ အရာရှိ​နောက်​တစ်ဦး​က ဤသို့​ဆို​ခဲ့​သည်– “ယေဟောဝါသက်သေ​တွေ အားကစားရုံ​ကို ငှား​ချင်​တဲ့​အခါ ရက်စွဲ​ကိုပဲ ကျွန်တော်​တို့​စိုးရိမ်​တာ။ တခြား​ဘာမှ စိတ်ပူ​စ​ရာ​မရှိဘူး။”

၁၁၊ ၁၂။ (က) တစ်ကိုယ်ရေ​သန့်ရှင်းမှု​နှင့်​ပတ်သက်​၍ အဘယ်​ကျမ်းစာမူ​ကို စိတ်စွဲ​မှတ်​သင့်​သနည်း။ (ခ) ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​အမူအကျင့်၊ အသက်ရှင်ပုံ​တို့​နှင့်​ပတ်သက်​၍ အဘယ်​မေးခွန်းများ မေး​နိုင်​သနည်း။

၁၁ ကျွန်ုပ်​တို့​ဝတ်ပြု​ကိုးကွယ်​ရာ​နေရာ​၏ စင်ကြယ်မှု​နှင့် စည်းစနစ်ကျ​န​မှု​က ကျွန်ုပ်​တို့​ကိုးကွယ်​သော​ဘုရားသခင်​အား ဂုဏ်တင်​ချီးမွမ်းစရာ ဖြစ်သည်​ဆိုလျှင် ကျွန်ုပ်​တို့၏​နေ့စဉ်​အသက်တာတွင် ၎င်း​အရည်အချင်းများ​ကို တင်ပြခြင်း​သည် ထပ်တူ​ထပ်​မျှ​အရေးပါ​၏။ သို့သော် ကိုယ့်​အိမ်​တွင် ကိုယ်​ကြိုက်​သလို​ပြုမူ​နေထိုင်ခွင့်​ရှိသည်​ဟု ကျွန်ုပ်​တို့​ယူဆ​ပေမည်။ ဝတ်စား​ဆင်ယင်​မှု​နှင့်​ပတ်သက်​လျှင်​လည်း သက်သောင့်သက်သာ​ရှိပြီး ကြိုက်​နှစ်သက်ရာကို ကျွန်ုပ်​တို့​ရွေးချယ်​ဝတ်ဆင်​ခွင့်​ရှိသည်​မှာ မှန်​ပါ​၏! သို့​တိုင် ထိုသို့​ပြုမူခြင်း​အားလုံး​သည် များသောအားဖြင့် အကြွင်းမဲ့​မဟုတ်။ ဥပမာ၊ အချို့​အစားအစာ​များ​ကို ရွေးချယ်​စားသုံး​ရန်​အကြောင်း ဆွေးနွေး​ရာ​တွင် ခရစ်ယာန်​ချင်း​တို့အား ပေါလု​ဤသို့​သတိပေး​ခဲ့​ကြောင်း သတိရပါ– “သင်တို့​အခွင့်​ကို အားနည်း​သော​သူတို့၌ ထိမိ​၍​လဲစရာ​အကြောင်း​မဖြစ်စေ​ခြင်း​ငှာ သတိပြု​ကြလော့။” ထို့နောက် အဖိုးတန်​သော​ဤ​မူကို သူ​ဖော်ပြ​ခဲ့​သည်– “အပြစ်​မသင့်​ဘဲ ခပ်သိမ်း​သော​အရာ​ကို ပြု​နိုင်​သည်​မှန်​စေ​တော့။ ခပ်သိမ်း​သော​အမှုအရာ​တို့သည် သူတစ်ပါးကို​တည်ဆောက်​တတ်​သည်မဟုတ်။” (၁ ကောရိန္သု ၈:၉; ၁၀:၂၃) ပေါလု​၏​အကြံပေး​ချက်​သည် စင်ကြယ်​ခြင်း​ကိစ္စ​တွင် ကျွန်ုပ်​တို့​နှင့် မည်သို့​သက်ဆိုင်​သနည်း။

၁၂ ဘုရားသခင့်​အမှုဆောင်​တစ်ဦး​သည် စင်ကြယ်​၍ စည်းစနစ်ကျ​စွာ အသက်ရှင်နေ​ထိုင်​ရန် လူ​တို့​မျှော်လင့်​ကြ​ခြင်း​သည်ကျိုးကြောင်း​ဆီလျော်​ပါ​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​နေအိမ်​နှင့် ဝန်းကျင်​အသွင်အပြင်​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ အမှုဆောင်​များ​၏​တန်ဖိုး​ကို ယုတ်လျော့​မသွား​စေရန် အသေအချာ​ဂရုစိုက်​သင့်​သည်။ ကျွန်ုပ်​တို့၏​နေအိမ်​က ကျွန်ုပ်​တို့​အကြောင်း၊ ကျွန်ုပ်​တို့၏​ယုံကြည်ချက်များ​အကြောင်း အဘယ်​သက်သေခံချက်​ကို​ပေး​သနည်း။ အခြား​သူများကို ကျွန်ုပ်​တို့​အခိုင်အမာ​ညွှန်း​တတ်သော၊ စင်ကြယ်​၍ စည်းစနစ်ကျ​သည့် ဖြောင့်မတ်​သော​ကမ္ဘာသစ်​တွင်​နေထိုင်ရန် ကျွန်ုပ်​တို့ အမှန်တကယ်​တောင့်တ​ကြောင်း​ဖော်ပြ​သလော။ (၂ ပေတရု ၃:၁၃) ထို​နည်းတူ၊ အပန်းဖြေ​ချိန်​၌​ဖြစ်စေ၊ အမှုဆောင်ချိန်​၌​ဖြစ်စေ ကျွန်ုပ်​တို့၏​အသွင်အပြင်​သည် ကျွန်ုပ်​တို့​ဟောပြောသော​သတင်းတရားကို ဆွဲဆောင်မှု​ပို​ရှိစေ​သလော၊ တန်ဖိုး​လျော့နည်းစေ​သလော။ ဥပမာ၊ မက္ကဆီကို​နိုင်ငံ​မှ သတင်းထောက်​တစ်ဦး ဤသို့​ကောက်ချက်​ချ​ခဲ့​သည်ကို ဂရုပြုပါ– “ယေဟောဝါသက်သေ​တွေ​မှာ လူငယ်​အတော်များများ​ပါဝင်​ကြတယ်၊ ထူးခြား​တာ​က သူတို့ရဲ့​ဆံပင်ပုံစံ၊ စင်ကြယ်မှု​နဲ့ တင့်တယ်​လျောက်ပတ်​တဲ့ ဝတ်ဆင်​မှု​ပဲ။” ဤသို့​သော​လူငယ်​လူရွယ်​များ ကျွန်ုပ်​တို့​အလယ်တွင်​ရှိ​ခြင်း​သည် ဝမ်းမြောက်စရာ​ပင်!

၁၃။ ကျွန်ုပ်​တို့၏​နေ့စဉ်​ဘဝ​အသက်တာ​ကဏ္ဍ​အားလုံး စင်ကြယ်​၍ စည်းစနစ်ကျ​ဖို့ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

၁၃ ကျွန်ုပ်​တို့​ကိုယ်ခန္ဓာ၊ ကျွန်ုပ်​တို့​ပိုင်ဆိုင်ရာ​များနှင့် ကျွန်ုပ်​တို့၏​နေအိမ်​ကို အစဉ်​စင်ကြယ်​စွာ၊ စည်းစနစ်ကျ​န​စွာ ရှိစေ​ခြင်း​သည် အပြော​ထက် အလုပ်​သာ၍​ခက်​ပေ​သည်။ လိုအပ်​သည်​မှာ ဈေးကြီး​သည့်​တန်ဆာပလာ​အမျိုးမျိုး၊ စက်ကိရိယာ​အမျိုးမျိုး​မဟုတ်ဘဲ ကောင်းစွာ​စီစဉ်​မှု​ရှိ​ခြင်း​နှင့် တစ်သမတ်တည်း​အားထုတ်ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့​ခန္ဓာကိုယ်၊ ကျွန်ုပ်​တို့​အဝတ်အစား၊ ကျွန်ုပ်​တို့​နေအိမ်၊ ကား​အစ​ရှိသည်​တို့ကို စင်ကြယ်​စေဖို့ အချိန်ဖယ်​ထား​ရမည်။ နေ့စဉ်​ဘဝ​လုပ်ငန်းဆောင်တာ​များ​အပြင် အမှုဆောင်ခြင်း၊ အစည်းအဝေး​တက်​ခြင်း​နှင့် ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်ခြင်း​တို့​ဖြင့် အလုပ်​များနေ​ခြင်း​က ဘုရားသခင်​နှင့် လူ​တို့​အရှေ့ စင်ကြယ်​၍ နှစ်သက်​လက်ခံနိုင်ဖွယ် အနေအထား​ကို ဆက်​ထိန်းသိမ်း​ရန်​တာဝန်​မရှိ​ဟု​မဆို​နိုင်​ပေ။ “ခပ်သိမ်း​သော​အမှုအရာ​တို့သည် မိမိတို့​အချိန်​ရှိ၏” ဟူသော အကျွမ်းတဝင်​ရှိကြ​သော​မူ​သည် ကျွန်ုပ်​တို့၏ ဤ​ဘဝ​ကဏ္ဍ​တွင်​လည်း ထပ်တူ​ထပ်​မျှ​သက်ဆိုင်​၏။—ဒေ. ၃:၁

မ​ညစ်ညူး​သော​နှလုံး

၁၄။ ကာယရေး​စင်ကြယ်မှု​ထက် ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​စင်ကြယ်မှု​တို့​က ပို​အရေးကြီး​သည်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၁၄ ကာယ​စင်ကြယ်မှု​ကို​ဂရုပြု​ဖို့ အရေးကြီး​သကဲ့သို့ ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​စင်ကြယ်မှု​ကို အလေးထားဖို့ သာ၍​အရေးကြီး​သည်။ ဤသို့​ကျွန်ုပ်​တို့​ကောက်ချက်​ချ​ရခြင်း​မှာ ဣသရေလ​လူမျိုး​သည် ကာယရေး​မစင်ကြယ်မှု​ကြောင့်​မဟုတ်ဘဲ ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​ဘက် ဖောက်ပြန်​ခဲ့​ကြ​ခြင်း​ကြောင့် ယေဟောဝါ​၏​ငြင်းပယ်မှု​ကို​ခံ​ခဲ့​ရ​ကြောင်းကို ပြန်သတိရ​ခြင်း​ကြောင့်​ဖြစ်သည်။ သူတို့သည် ‘အပြစ်ရှိ​သော​အမျိုး၊ မကောင်းမှု​ဝန်ကို​ထမ်းရွက်​သောလူစု’ ဖြစ်​ကြသော​ကြောင့် သူတို့​ပူဇော်​သမျှ၊ လဆန်းနေ့၊ ဥပုသ်​နေ့​တို့ကို သူတို့​စောင့်​ခဲ့​ခြင်း​နှင့် သူတို့၏​ဆုတောင်းချက်​များ​ပင်​လျှင် ကိုယ်တော်​အတွက် ပင်ပန်း​စ​ရာ​ဖြစ်​ကြောင်း ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် သူတို့ကို ယေဟောဝါ​မိန့်ဆိုခဲ့သည်။ ဘုရားသခင့်​မျက်နှာသာတော်​ကို ပြန်လည်​ရရှိ​လိုလျှင် သူတို့​အဘယ်အရာ​ပြုသင့်​သနည်း။ “ကိုယ်ကို​ကိုယ်​ဆေးကြော​ကြလော့။ ကိုယ်ကို​ကိုယ်​စင်ကြယ်​စေ​ကြ​လော။ သင်တို့ [မကောင်းမှု] များ​ကို ငါ့​မျက်မှောက်​မှ ပယ်ရှား​ကြလော့။ မကောင်းသော​အကျင့်ကို ဖြတ်​ကြလော့” ဟု ယေဟောဝါ​မိန့်မှာ​ခဲ့​သည်။—ဟေရှာယ ၁:၄၊ ၁၁-၁၆

၁၅၊ ၁၆။ အဘယ်အရာက လူတစ်ဦးကို ညစ်ညူး​စေ​သည်​ဟု ယေရှု​မိန့်ဆိုခဲ့​သနည်း၊ ယေရှု၏​စကား​များ​မှ ကျွန်ုပ်​တို့​မည်သို့​အကျိုး​ရရှိနိုင်​သနည်း။

၁၅ ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​စင်ကြယ်မှု ပို​၍​အရေးကြီးကြောင်း​ကို​နားလည်​ရန် ဖာရိရှဲ​များနှင့် ကျမ်းတတ်​များ​က ယေရှု၏​တပည့်တော်​များသည် အစာ​မစား​မီ လက်မ​ဆေး​ကြသော​ကြောင့် မစင်ကြယ်​ဟု​ဆို​သောအခါ ကိုယ်တော်​မိန့်ဆိုခဲ့​သော​စကား​ကို သုံးသပ်ကြည့်​ပါ။ “ခံတွင်း​သို့​ဝင်​သော​အရာ​သည် လူကို​ညစ်ညူး​စေ​သည်မဟုတ်။ ခံတွင်း​မှ​ထွက်​သော​အရာ​သည် ညစ်ညူး​စေသော​အရာ​ဖြစ်သည်” ဟု​ဆို​လျက် ထို​ကိစ္စ​ကို​တည့်မတ်​ပေး​ခဲ့​သည်။ ထို့နောက် ယေရှု​ဤသို့​ရှင်းပြ​ခဲ့​သည်– “ခံတွင်း​မှ​ထွက်​သော​အရာ​မူ​ကား၊ နှလုံး​ထဲ​က​ထွက်​လာ၍ လူကို ညစ်ညူး​စေသော​အရာ​ဖြစ်၏။ မကောင်းသော​ကြံစည်ခြင်း၊ လူ့​အသက်ကို​သတ်​ခြင်း၊ သူ့​မယား​ကို​ပြစ်မှားခြင်း၊ မိန်းမ​လွတ်​နှင့်​မှားယွင်း​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုးခြင်း၊ မမှန်​သော​သက်သေ​ကို​ခံ​ခြင်း၊ သူ့​အသရေ​ကို​ဖျက်​ခြင်း​အရာ​တို့သည် နှလုံး​ထဲ​က​ထွက်​လာ၍၊ လူကို​ညစ်ညူး​စေသော​အရာ​ဖြစ်​ကြ​၏။ လက်မ​ဆေး​ဘဲ​လျက် အစာကို​စားခြင်း​မူ​ကား၊ လူကို​ညစ်ညူး​စေ​သည်မဟုတ်။”—မဿဲ ၁၅:၁၁၊ ၁၈-၂၀

၁၆ ယေရှု၏​စကား​များ​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။ ဆိုးညစ်ခြင်း၊ အကျင့်​ယိုယွင်းခြင်း​နှင့် မစင်ကြယ်​သော​အကျင့်​များသည် ဆိုးညစ်​ယိုယွင်း​၍ မစင်ကြယ်​သော စိတ်​တိမ်း​ညွတ်​မှုများ​မှ​စတင်​ကြောင်း ယေရှု​ညွှန်ပြ​ခဲ့​သည်။ တပည့်တော်​ယာကုပ်​ဖော်ပြ​သည့်​အတိုင်း “မိမိ​တပ်မက်သော​စိတ် ဆွဲငင်​ဖြားယောင်း​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား၊ အပြစ်​သွေးဆောင်ခြင်း​သို့​ရောက်​တတ်၏။” (ယာကုပ် ၁:၁၄၊ ၁၅) ထို့​ကြောင့် ယေရှု​ဖော်ပြ​သော ကြီး​လေး​သည့်​အပြစ်​များ​ကို ကျွန်ုပ်​တို့​မကျူးလွန်​လို​ပါ​က ထို​အရာများ​နှင့်​ပတ်သက်သော မည်သည့်​စိတ်​တိမ်း​ညွတ်​မှု​ကို​မဆို ကျွန်ုပ်​တို့​နှလုံး​ထဲ​မှ အမြစ်​မကျန် လှန်ပစ်​ရ​ပေမည်။ ဆိုလိုသည်မှာ ကျွန်ုပ်​တို့​ဖတ်ရှု၊ ကြည့်ရှု၊ နားထောင်​ရာ​တို့ကို သတိပြု​ရမည်​ဖြစ်သည်။ ယနေ့ လွတ်လပ်​စွာ​ပြောဆို​ခွင့်​နှင့် အနုပညာ​လုပ်ပိုင်ခွင့်​ရှိ၏​ဟု​ဆို​ကာ ဖျော်ဖြေရေး​နှင့် ကြော်ငြာ​လုပ်ငန်းများ​သည် သွေးသား​ဆန္ဒ​များ​ကို​ဖြေသိမ့်​ပေး​သော အသံ​နှင့်​ရုပ်ပုံများ​ကို တရ​စပ်​ထုတ်လုပ်​ပေး​နေသည်။ ကျွန်ုပ်​တို့​နှလုံးထဲတွင် ထို​အရာ​အနည်းငယ်​မျှ အမြစ်​မ​စွဲ​စေရန် စိတ်ပိုင်းဖြတ်​သင့်​သည်။ အဓိက​အချက်​မှာ ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​ပြီး ကိုယ်တော်​နှစ်သက်​လက်ခံနိုင်ဖို့ စင်ကြယ်​၍ မ​ညစ်ညူး​သော​နှလုံးကို ဆက်၍​ထိန်းသိမ်း​ထား​ရန် ကျွန်ုပ်​တို့​အဆက်မပြတ်​သတိရှိ​ရမည်။—သု. ၄:၂၃

မွန်မြတ်သော​လုပ်ငန်းများ​အတွက် သန့်စင်​ခံရ​ခြင်း

၁၇။ ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို အဘယ်ကြောင့် စင်ကြယ်သော​အနေအထား​သို့ ရောက်ရှိ​စေ​ခဲ့​သနည်း။

၁၇ ယေဟောဝါ​၏​အကူအညီ​ဖြင့် ကိုယ်တော့်​ရှေ့တော်မှောက်​တွင် ကျွန်ုပ်​တို့​စင်ကြယ်သော​အနေအထား​ရှိ​ခြင်း​သည် အမှန်ပင် ကောင်းချီး​မင်္ဂလာ​နှင့် အကာအကွယ်​ဖြစ်သည်။ (၂ ကောရိန္သု ၆:၁၄-၁၈) ထို့​အပြင် ယေဟောဝါ​သည် သတ်သတ်မှတ်မှတ်​ရည်ရွယ်ချက်​တစ်ခု​အတွက် မိမိ၏​လူမျိုးတော်ကို စင်ကြယ်သော​အနေအထား​သို့ ရောက်ရှိ​စေ​ကြောင်းကို​လည်း ကျွန်ုပ်​တို့​သိ​နားလည်​ကြသည်။ ပေါလု​က ခရစ်တော်​ယေရှုသည် “ခပ်သိမ်း​သော [မကောင်းမှု] မှ ငါ​တို့ကို​ရွေးနုတ်ခြင်း​ငှာ​လည်းကောင်း၊ ကောင်းသော​အကျင့်​ဘက်၌ စိတ်အားကြီး [“မွန်မြတ်သော​လုပ်ငန်းများ​အတွက် ဇွဲရှိ၊” က​ဘ] ၍၊ ပိုင်ထိုက်တော်မူ​သော​အမျိုး​ကို မိမိ​အဖို့​စင်ကြယ်​စေခြင်း​ငှာ​လည်းကောင်း ကိုယ်ကို​ကိုယ်​စွန့်ကြဲ​တော်​မူ” ကြောင်း တိတု​အား​ပြော​ခဲ့​သည်။ (တိတု ၂:၁၄) သန့်စင်​ခံရ​သော​လူမျိုးတစ်မျိုး​အနေ​နှင့် အဘယ်​လုပ်ငန်းများ​အတွက် ကျွန်ုပ်​တို့​ဇွဲရှိ​သင့်​သနည်း။

၁၈။ ကျွန်ုပ်​တို့သည် မွန်မြတ်သော​အလုပ်များ​အတွက် ဇွဲရှိ​ကြောင်း မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။

၁၈ ဦးဆုံး​အနေ​နှင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို လူသိရှင်ကြား​ကြေညာ​ခြင်း​တွင် ကျွန်ုပ်​တို့​ကြိုးစား​အားထုတ်​သင့်​သည်။ (မဿဲ ၂၄:၁၄) ထိုသို့​ပြုခြင်း​ဖြင့် မည်သည့်​အညစ်အကြေး​မဆို​မရှိသော​ကမ္ဘာ​မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​နိုင်​ဖို့​မျှော်လင့်ချက်ကို နေရာအနှံ့​ရှိ​လူ​ခပ်သိမ်း​အား ကျွန်ုပ်​တို့​ကမ်း​လှမ်း​ကြသည်။ (၂ ပေတရု ၃:၁၃) မွန်မြတ်သော​လုပ်ငန်းများ​တွင် ကျွန်ုပ်​တို့၏​နေ့စဉ်​အသက်တာ​၌ ဘုရားသခင့်​ဝိညာဉ်​တော်​အသီးများ​ကို တင်ပြခြင်း​ပါဝင်​ပြီး ထို​နည်း​အားဖြင့် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​ကို ဂုဏ်တင်​နေကြ​သည်။ (ဂလာတိ ၅:၂၂၊ ၂၃; ၁ ပေတရု ၂:၁၂) ထို့​ပြင် သဘာဝဘေးဒဏ်​များ၊ လူ့​ဝမ်းနည်းပူဆွေးမှု​များ​ကြောင့် ဝမ်းနည်း​ပက်လက်​ဖြစ်နေ​ကြ​မည့် အမှန်တရား၌​မရှိသူ​များ​ကိုလည်း ကျွန်ုပ်​တို့​မေ့မထား​ကြ​ပါ။ ပေါလု​၏ ဤ​တိုက်တွန်း​နှိုးဆော်ချက်​ကို ကျွန်ုပ်​တို့​စိတ်​စွဲမှတ်​ထား​ကြသည်– “ထို့​ကြောင့် ငါ​တို့သည်​အဆင်သင့်​သည်​အတိုင်း ယုံကြည်ခြင်း​၏​အိမ်သူအိမ်သား​တို့​၌ အထူးသဖြင့်​ကျေးဇူးပြု​လျက် ခပ်သိမ်း​သော​သူတို့အား ကျေးဇူးပြု​ကြ​ကုန်​အံ့။” (ဂလာတိ ၆:၁၀) သန့်ရှင်း​စင်ကြယ်သော​နှလုံး​နှင့် စိတ်ရင်းမှန်​ဖြင့်​ပြုသော ဤ​လုပ်ငန်း​အားလုံး​ကို ဘုရားသခင်​အမှန်​နှစ်သက်​တော်​မူ​၏။—၁ တိမောသေ ၁:၅

၁၉။ ကာယရေး၊ ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​စင်ကြယ်မှု​ဆိုင်ရာ မြင့်မားသော​စံ​ကို ကျွန်ုပ်​တို့​ဆက်​ထိန်းသိမ်း​မည်​ဆိုလျှင် အဘယ်​ကောင်းချီး​များ ခံစားရ​မည်​နည်း။

၁၉ အမြင့်မြတ်ဆုံး​အရှင်​၏ ကျေးကျွန်​များ​အနေ​နှင့် ပေါလု​၏​ဤ​စကား​များ​ကို ကျွန်ုပ်​တို့​နှလုံး​သွင်း​ကြသည်– “ညီအစ်ကို​တို့၊ အသက်ရှင်ခြင်း​လက္ခဏာ၊ သန့်ရှင်းခြင်း​လက္ခဏာ ဘုရားသခင်​နှစ်သက်​တော်​မူ​ဖွယ်​သော​လက္ခဏာ​နှင့် ပြည့်စုံသော​ယဇ်ကို သင်တို့သည်​ပူဇော်​၍၊ မိမိ​ကိုယ်ခန္ဓာ​ကို ဘုရားသခင်​အားဆက်​ကပ်​ခြင်း​တည်း​ဟူသော သင်တို့​ပြု​အပ်သော​ဝတ်​ကို​ပြု​မည်​အကြောင်း၊ ဘုရားသခင်​၏​ကရုဏာတော်​ကို​ထောက်ထား​၍၊ သင်တို့ကို ငါ​တိုက်တွန်း​နှိုးဆော်​ပေ​၏။” (ရောမ ၁၂:၁) ယေဟောဝါ​၏​သန့်စင်ခြင်း​ခံရ​သော​အခွင့်ထူး​ကို တန်ဖိုး​ထား​ကြ​ပြီး ကာယရေး၊ ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​စင်ကြယ်မှု​ဆိုင်ရာ မြင့်မားသော​စံ​ကို အတတ်နိုင်ဆုံး ဆက်လက်​ထိန်းသိမ်း​ထား​နိုင်​ကြပါစို့။ ဤသို့​ပြုခြင်း​က ယခု​အချိန်၌ ကိုယ်ကို​ကိုယ်​လေးစားမှု​ရှိစေပြီး ကျေနပ်​ရောင့်ရဲမှု​ရရှိစေ​မည်​သာမက ဘုရားသခင်​သည် ‘အရာခပ်သိမ်း​ကို အသစ်​ပြုလုပ်’ သောအခါ “ရှေး​ဖြစ်​ဖူး​သော​အရာ” တည်း​ဟူသော လက်ရှိ​ဆိုးသွမ်း၊ ညစ်ညူး​သော​စနစ် ကွယ်ပျောက်​သွား​သည်ကို တွေ့မြင်​ရမည့်​အလားအလာ​ရှိစေပါ​လိမ့်​မည်။—ဗျာဒိတ် ၂၁:၄၊ ၅

သင်​မှတ်မိ​သလော

• စင်ကြယ်​ခြင်း​ဆိုင်ရာ ပညတ်​များစွာကို ဣသရေလ​လူမျိုး​အား အဘယ်ကြောင့် ပေး​ခဲ့​ရသနည်း။

• ကာယရေး​စင်ကြယ်မှု​က ကျွန်ုပ်​တို့​ဟောပြောသော​သတင်းတရားကို မည်သို့​ဆွဲဆောင်မှု​ပို​ရှိစေ​သနည်း။

• ကာယရေး​စင်ကြယ်မှု​ထက် ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​စင်ကြယ်မှု​တို့​က အဘယ်ကြောင့်​ပို​အရေးကြီး​သနည်း။

• ကျွန်ုပ်​တို့သည် ‘မွန်မြတ်သော​လုပ်ငန်းများ​အတွက် ဇွဲရှိ’ သော​လူမျိုးတစ်မျိုး​ဖြစ်​ကြောင်း မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ကာယ​သန့်ရှင်းမှု​က ကျွန်ုပ်​တို့​ဟောပြောသော သတင်းတရားကို ဆွဲဆောင်မှု​ပို​ရှိစေ

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ဆိုးညစ်သော​အတွေး​များ​က ဆိုးညစ်သော​လုပ်ရပ်များ​ကို ပြုလုပ်​စေ​ကြောင်း ယေရှု​သတိပေး​ခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သန့်စင်​ခံရ​သော လူမျိုးတစ်မျိုး​အနေ​ဖြင့် ယေဟောဝါသက်သေ​များသည် မွန်မြတ်သော လုပ်ငန်းများ​အတွက် ဇွဲရှိ​ကြ