မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘စွမ်းအားတော်သည် ဘုရားသခင်၏နက်နဲရာတို့ကို စစ်ဆေး၏’

‘စွမ်းအားတော်သည် ဘုရားသခင်၏နက်နဲရာတို့ကို စစ်ဆေး၏’

‘စွမ်းအားတော်သည် ဘုရားသခင်၏နက်နဲရာတို့ကို စစ်ဆေး၏’

“စွမ်းအားတော်သည် ခပ်သိမ်းသောအရာ၊ ဘုရားသခင်၏နက်နဲရာတို့ကိုပင် စစ်ဆေး၏။” —၁ ကော. ၂:၁၀

၁။ ၁ ကောရိန္သု ၂:၁၀ တွင် သန့်ရှင်းသောစွမ်းအားတော်၏ အဘယ်ကဏ္ဍကို ပေါလုအလေးပေး ဖော်ပြခဲ့သနည်း။ အဘယ်မေးခွန်းများ ပေါ်ပေါက်လာသနည်း။

ယေဟောဝါ၏သန့်ရှင်းသောစွမ်းအားတော်လုပ်ဆောင်မှုအတွက် ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်ကြသည်။ သမ္မာကျမ်းစာတွင် စွမ်းအားတော်ကို ကူညီမစသူ၊ ဆုကျေးဇူး၊ သက်သေခံနှင့် ကျွန်ုပ်တို့အတွက် အသနားခံပေးသူအဖြစ် ဖော်ပြထားသည်။ (ယော. ၁၄:၁၆; တ. ၂:၃၈; ရော. ၈:၁၆၊ ၂၆၊ ၂၇) သန့်ရှင်းသောစွမ်းအားတော်လုပ်ဆောင်မှု၏ အရေးပါသော နောက်ကဏ္ဍတစ်ခုအကြောင်း တမန်တော်ပေါလု ဤသို့ရှင်းပြခဲ့သည်– “စွမ်းအားတော်သည် ခပ်သိမ်းသောအရာ၊ ဘုရားသခင်၏နက်နဲရာတို့ကိုပင် စစ်ဆေး၏။” (၁ ကော. ၂:၁၀) နက်နဲသောကျမ်းစာအမှန်တရားကို ဖော်ပြရန် ယေဟောဝါသည် အမှန်ပင် မိမိ၏သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြုတော်မူသည်။ ယင်းအကူအညီမပါဘဲ ဘုရားသခင်၏ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ နားလည်နိုင်မည်မဟုတ်ပါ။ (၁ ကောရိန္သု ၂:၉-၁၂ ကိုဖတ်ပါ။) သို့သော် ယင်းနှင့်ပတ်သက်သည့်မေးခွန်းများစွာ ပေါ်လာသည်– ‘စွမ်းအားတော်သည် ဘုရားသခင်၏နက်နဲရာတို့ကို’ မည်သို့စစ်ဆေးသနည်း။ ပထမရာစုတွင် ယေဟောဝါသည် မည်သူမှတစ်ဆင့် ဤအရာများကို ဖွင့်ပြသနည်း။ ကျွန်ုပ်တို့အချိန်တွင် စွမ်းအားတော်သည် ဤနက်နဲရာများကို မည်သို့နှင့် မည်သူတို့မှတစ်ဆင့် ဖော်ပြသနည်း။

၂။ စွမ်းအားတော်သည် အဘယ်နည်းနှစ်နည်းဖြင့် လုပ်ဆောင်သနည်း။

စွမ်းအားတော်လုပ်ဆောင်သည့် နည်းနှစ်နည်းကို ယေရှုဖော်ပြခဲ့သည်။ ကိုယ်တော်မသေဆုံးမီလေးတွင် တပည့်များအား “ခမည်းတော်သည် ငါ၏နာမ၌ စေလွှတ်တော်မူသော ကူညီမစသူဖြစ်သည့် သန့်ရှင်းသောစွမ်းအားတော်သည် သင်တို့အား ခပ်သိမ်းသောအရာများကို သွန်သင်တော်မူမည်။ ငါပြောခဲ့သမျှကိုလည်း မှတ်မိစေတော်မူမည်” ဟုပြောခဲ့သည်။ (ယော. ၁၄:၂၆) ထို့ကြောင့် သန့်ရှင်းသောစွမ်းအားတော်သည် သွန်သင်သူ၊ မှတ်မိစေသူအဖြစ် လုပ်ဆောင်မည်ဖြစ်သည်။ သွန်သင်သူအနေနှင့် ယခင်က ခရစ်ယာန်များနားမလည်ခဲ့သည့်အရာများကို နားလည်စေရန် ကူညီပေးမည်ဖြစ်သည်။ မှတ်မိစေသူအနေနှင့် သူတို့အား ရှင်းပြခဲ့သည့်အရာများကို ပြန်သတိရစေပြီး မှန်ကန်စွာကျင့်သုံးနိုင်ရန် ကူညီပေးမည်ဖြစ်သည်။

ပထမရာစုတွင်

၃။ “ဘုရားသခင်၏နက်နဲရာတို့” သည် အဆင့်ဆင့်ဖော်ပြခံရမည်ဖြစ်ကြောင်း ယေရှု၏အဘယ်စကားများက ဖော်ပြသနည်း။

ယေရှုကိုယ်တိုင် တပည့်များအား သူတို့ယခင်ကမသိခဲ့သည့် အမှန်တရားများစွာကို သင်ပေးခဲ့သည်။ သို့တိုင် သူတို့သင်ယူရမည့်အရာများစွာ ရှိသေးသည်။ ယေရှုက တပည့်များအား “သင်တို့အား ငါပြောစရာများစွာ ရှိသေးသော်လည်း သင်တို့သည် ယခု မခံယူနိုင်ကြ။ သို့သော် အမှန်တရားကိုဖော်ပြသော စွမ်းအားတော် ရောက်လာသောအခါ အမှန်တရားကို သင်တို့ အပြည့်အဝနားလည်စေရန် သွန်သင်ပြသလိမ့်မည်။” (ယော. ၁၆:၁၂၊ ၁၃) “ဘုရားသခင်၏နက်နဲရာတို့” သည် စွမ်းအားတော်ဖြင့် အဆင့်ဆင့်ဖွင့်ပြခံရမည်ဖြစ်ကြောင်း ယေရှုဖော်ပြခဲ့သည်။

၄။ စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောစွမ်းအားတော်သည် သွန်သင်သူ၊ မှတ်မိစေသူအဖြစ် မည်သို့လုပ်ဆောင်ခဲ့သနည်း။

စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ဂျေရုဆလင်မြို့၌ စုဝေးနေသော ခရစ်ယာန် ၁၂၀ အပေါ် “အမှန်တရားကိုဖော်ပြသော စွမ်းအားတော်” သက်ရောက်ခဲ့သည်။ ယင်းတွင် မြင်နိုင်၊ ကြားနိုင်သော သက်သေအထောက်အထားများ ရှိခဲ့သည်။ (တ. ၁:၄၊ ၅၊ ၁၅; ၂:၁-၄) တပည့်များသည် “ဘုရားသခင်၏အံ့ဖွယ်အမှုများအကြောင်း” ကို ဘာသာစကားအမျိုးမျိုးဖြင့် ဟောပြောခဲ့ကြသည်။ (တ. ၂:၅-၁၁) ယခုအချိန်သည် အသစ်သောအကြောင်းအရာကို ဖွင့်ပြချိန်ဖြစ်သည်။ ပရောဖက်ယောလသည် သန့်ရှင်းသောစွမ်းအားတော်သွန်းလောင်းခြင်းအကြောင်းကို ကြိုတင်ပရောဖက်ပြုခဲ့၏။ (ယောလ ၂:၂၈-၃၂) ကြည့်ရှုနေသူများသည် မည်သူမျှမမျှော်လင့်ထားသည့်နည်းဖြင့် ယင်းအချက်ပြည့်စုံလာသည်ကို မြင်တွေ့ခဲ့ကြပြီး တမန်တော်ပေတရုက ယင်းအဖြစ်အပျက်နှင့်ပတ်သက်၍ ဦးဆောင်ရှင်းပြခဲ့သည်။ (တမန်တော် ၂:၁၄-၁၈ ကိုဖတ်ပါ။) တပည့်များကြုံတွေ့ခဲ့ရာများသည် ရှေးပရောဖက်ပြုချက်ပြည့်စုံချက်ဖြစ်ကြောင်း ပေတရုအား ရှင်းရှင်းလင်းလင်း နားလည်စေခြင်းဖြင့် သန့်ရှင်းသောစွမ်းအားတော်သည် သွန်သင်သူအဖြစ်လုပ်ဆောင်ခဲ့သည်။ ပေတရုသည် ယောလ၏ပရောဖက်ပြုချက်ကိုသာမက ဒါဝိဒ်၏ဆာလံကျမ်းနှစ်ချက်ကိုပါ ကိုးကားခဲ့သည့်အတွက် စွမ်းအားတော်သည် မှတ်မိစေသူအဖြစ်လည်း လုပ်ဆောင်ခဲ့သည်။ (ဆာ. ၁၆:၈-၁၁; ၁၁၀:၁; တ. ၂:၂၅-၂၈၊ ၃၄၊ ၃၅) ထိုတွင်စုရုံးရောက်ရှိနေသူအားလုံး မြင်ခဲ့၊ ကြားခဲ့ရာများသည် အမှန်ပင် ဘုရားသခင်၏နက်နဲရာများဖြစ်သည်။

၅၊ ၆။ (က) စီးအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့ပြီးနောက် ပဋိညာဉ်သစ်နှင့်ပတ်သက်၍ အဘယ်အရေးကြီးသောမေးခွန်းများကို ဖြေဆိုရန်လိုခဲ့သနည်း။ (ခ) မည်သူများက ဤမေးခွန်းများကို ဦးဆောင်ကိုင်တွယ်ခဲ့သနည်း၊ မည်သို့ဆုံးဖြတ်ချက်ချခဲ့သနည်း။

ပထမရာစုခရစ်ယာန်များ နားလည်ဖို့လိုသည့်အကြောင်းအရာများစွာ ရှိသေးသည်။ ဥပမာ၊ ယင်းပင်တေကုတ္တေပွဲနေ့တွင် စတင်အကျိုးသက်ရောက်ခဲ့သည့် ပဋိညာဉ်သစ်နှင့်ပတ်သက်၍ မေးခွန်းများစွာရှိနေသည်။ ပဋိညာဉ်သစ်သည် ဂျူးများ၊ ဂျူးဘာသာဝင်များနှင့်သာ သက်ဆိုင်သလော။ လူမျိုးခြားများလည်း ယင်းတွင် ပါဝင်ကာ သန့်ရှင်းသောစွမ်းအားတော်သွန်းလောင်းခြင်းကို ခံရနိုင်သလော။ (တ. ၁၀:၄၅) လူမျိုးခြားယောက်ျားများသည် အရေးဖျားလှီးခြင်းခံရန်နှင့် မောရှေပညတ်ကိုလိုက်နာရန် လိုအပ်မည်လော။ (တ. ၁၅:၁၊) ယင်းတို့သည် အလွန်အရေးကြီးသောမေးခွန်းများဖြစ်သည်။ ယေဟောဝါ၏စွမ်းအားတော်သည် ဤနက်နဲရာများကို စစ်ဆေးရန်လိုအပ်ခဲ့သည်။ မည်သူမှတစ်ဆင့် ဖွင့်ပြခဲ့သနည်း။

သုံးသပ်ရမည့်ကိစ္စများ ပေါ်ပေါက်လာတိုင်း တာဝန်ရှိညီအစ်ကိုများက ဦးဆောင်ကိုင်တွယ်ခဲ့သည်။ ပေတရု၊ ပေါလုနှင့် ဗာနဗတို့သည် အုပ်ချုပ်ရေးအဖွဲ့၏အစည်းအဝေးတွင် ရောက်ရှိနေပြီး အရေဖျားမလှီးသောလူမျိုးခြားများအား ယေဟောဝါမည်သို့ဆက်ဆံသည်ကို ပြန်ပြောပြခဲ့သည်။ (တ. ၁၅:၇-၁၂) ဤအထောက်အထားနှင့် ဟေဗြဲကျမ်းစောင်များတွင် ပါဝင်သောအချက်များကို ပြန်သုံးသပ်ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့သည် သန့်ရှင်းသောစွမ်းအားတော်၏အကူအညီဖြင့် ဆုံးဖြတ်ချက်ချခဲ့သည်။ ထို့နောက် ထိုဆုံးဖြတ်ချက်ကို အသင်းတော်များသို့ စာဖြင့်အကြောင်းကြားခဲ့သည်။—တမန်တော် ၁၅:၂၅-၃၀; ၁၆:၄၊ ၅ တို့ကိုဖတ်ပါ; ဧ. ၃:၅၊ ၆

၇။ နက်နဲသောအမှန်တရားများကို အဘယ်နည်းများဖြင့် ဖွင့်ပြခဲ့သနည်း။

ယောဟန်၊ ပေတရု၊ ယာကုပ်နှင့် ပေါလုတို့ စွမ်းအားတော်တိုက်တွန်းမှုဖြင့်ရေးခဲ့သောစာများမှတစ်ဆင့် အခြားကိစ္စများစွာကို ရှင်းလင်းစွာ နားလည်လာခဲ့သည်။ သို့သော် ခရစ်ယာန်ကျမ်းစောင်များ ရေးသားပြီးနောက် တစ်ချိန်ချိန်တွင် ပရောဖက်ပြုနိုင်စွမ်းနှင့် အသိပညာကိုအံ့ဖွယ်ဖွင့်လှစ်ပြနိုင်စွမ်းတို့ ပျောက်ကွယ်သွားခဲ့သည်။ (၁ ကော. ၁၃:၈) စွမ်းအားတော်သည် သွန်သင်သူနှင့် မှတ်မိစေသူအဖြစ် ဆက်လက်လုပ်ဆောင်မည်လော။ ဘုရားသခင်၏နက်နဲရာများကို စစ်ဆေးရန် ခရစ်ယာန်များကို ဆက်၍ကူညီပေးမည်လော။ ယင်းသို့ပြုလုပ်မည်ဖြစ်ကြောင်း ပရောဖက်ပြုချက်များက ဖော်ပြသည်။

ဆုံးခန်းကာလတွင်

၈၊ ၉။ ဆုံးခန်းကာလတွင် မည်သူတို့သည် ထိုးထွင်းသိမြင်ဉာဏ်နှင့် “ထွန်းလင်း” ကြမည်နည်း။

ဆုံးခန်းကာလနှင့်ပတ်သက်၍ ကောင်းကင်တမန်တစ်ပါး ဤသို့ကြိုတင်ပြောခဲ့သည်– “ထိုးထွင်းသိမြင်ဉာဏ်ရှိသူတို့သည် မိုးမျက်နှာကျက်၏အရှိန်အဝါကဲ့သို့လည်းကောင်း၊ လူအများတို့ကို ဖြောင့်မတ်ရာသို့ရောက်စေသူတို့လည်း ကြယ်များကဲ့သို့လည်းကောင်း ကာလအစဉ်ထွန်းလင်းကြလိမ့်မည်။ . . . မှန်သောအသိပညာ တိုးပွားလိမ့်မည်။” (ဒံ. ၁၂:၃၊ ၄ကဘ) မည်သူတို့သည် ထိုးထွင်းသိမြင်ဉာဏ်ရှိသူတို့ဖြစ်ပြီး မည်သူတို့သည် အလင်းထွန်းလင်းမည်နည်း။ ယေရှု၏ ဂျုံစပါးနှင့် ပေါင်းပင်ပုံဥပမာတွင် သဲလွန်စပေးထားသည်။ လောကစနစ်နိဂုံးပိုင်းနှင့်ပတ်သက်၍ ကိုယ်တော်က “ထိုအခါ ဖြောင့်မတ်သူတို့သည် မိမိတို့အဖ၏နိုင်ငံတော်တွင် နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်” ဟုဖော်ပြခဲ့သည်။ (မ. ၁၃:၃၉၊ ၄၃) မိမိ၏ရှင်းပြချက်တွင် ယေရှုက “ဖြောင့်မတ်သူတို့” ကို ကောင်းကင်မျှော်လင့်ချက်ရှိသည့် “နိုင်ငံတော်သားများအဖြစ်” ဖော်ပြခဲ့သည်။—မ. ၁၃:၃၈

ကောင်းကင်မျှော်လင့်ချက်ရှိသူအားလုံး “ထွန်းလင်း” ကြမည်လော။ မှန်ပါသည်၊ ခရစ်ယာန်အားလုံးသည် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပါဝင်ကြပြီး အစည်းအဝေးများတွင် တစ်ဦးကိုတစ်ဦး တည်ဆောက်ပေးကြခြင်းဖြင့် အလင်းထွန်းလင်းကြသည်။ ကောင်းကင်မျှော်လင့်ချက်ရှိသူများက ပုံသက်သေပြကြမည်ဖြစ်သည်။ (ဇာ. ၈:၂၃) သို့သော် ယင်းတို့အပြင် ဆုံးခန်းကာလတွင် နက်နဲရာများ ဖွင့်ပြခံရမည်ဖြစ်သည်။ ဒံယေလပရောဖက်ပြုချက်မှတ်တမ်းသည် ထိုအချိန်အထိ “တံဆိပ်ခတ်ထား” ခံရသည်။ (ဒံ ၁၂:၉) စွမ်းအားတော်သည် ဤနက်နဲရာများကို မည်သူမှတစ်ဆင့်၊ မည်သို့အားဖြင့် စစ်ဆေးမည်နည်း။

၁၀။ (က) နောက်ဆုံးသောနေ့ရက်များတွင် စွမ်းအားတော်သည် နက်နဲသောအမှန်တရားများကို မည်သူမှတစ်ဆင့် ဖွင့်လှစ်ပြသနည်း။ (ခ) ယေဟောဝါ၏သာ၍ကြီးမြတ်သော ပုံဆောင်ဝတ်ပြုရာအိမ်တော်နှင့်ပတ်သက်သောအမှန်တရား ရှင်းလင်းလာပုံကို ဖော်ပြပါ။

၁၀ ကျွန်ုပ်တို့ခေတ်တွင် နက်နဲရာများကို ဖွင့်ပြရမည့်အချိန် ရောက်လာသောအခါ သန့်ရှင်းသောစွမ်းအားတော်သည် “သစ္စာနှင့်သတိပညာရှိသောကျွန်” ကိုကိုယ်စားပြုသည့် ကမ္ဘာ့ဌာနချုပ်ရှိ တာဝန်ရှိညီအစ်ကိုများအား ယခင်က နားမလည်ခဲ့သည့် နက်နဲသောအမှန်တရားများကို သိမြင်နားလည်လာစေရန် ကူညီပေးသည်။ (မ. ၂၄:၄၅; ၁ ကော. ၂:၁၃) ပြုပြင်ပြောင်းလဲရန်လိုသည့်ရှင်းပြချက်များကို အုပ်ချုပ်ရေးအဖွဲ့ တစ်ဖွဲ့လုံးက သုံးသပ်ကြသည်။ (တ. ၁၅:၆) သူတို့သိရှိခဲ့ရာများကို အားလုံးအကျိုးအတွက် ပုံနှိပ်ထုတ်ဝေပေးသည်။ (မ. ၁၀:၂၇) အချိန်ကုန်လွန်လာသည်နှင့်အမျှ ထပ်ဆင့်ရှင်းပြချက်များ လိုအပ်လာနိုင်ပြီး ယင်းတို့ကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြပေးသည်။— “ပုံဆောင်ဝတ်ပြုရာအိမ်တော်၏အဓိပ္ပာယ်ကို စွမ်းအားတော်ဖွင့်လှစ်ပြပုံ” လေးထောင့်ကွက်ကိုကြည့်ပါ။

ယနေ့စွမ်းအားတော်၏လုပ်ဆောင်မှုမှ အကျိုးရရှိပုံ

၁၁။ ဘုရားသခင်၏နက်နဲရာများကို သန့်ရှင်းသောစွမ်းအားတော်ဖော်ထုတ်ခြင်းမှ ယနေ့ခရစ်ယာန်အားလုံး မည်သို့အကျိုးခံစားကြရသနည်း။

၁၁ သစ္စာရှိခရစ်ယာန်အားလုံးသည် ဘုရားသခင်၏နက်နဲရာများကို ဖော်ထုတ်သည့် သန့်ရှင်းသောစွမ်းအားတော်၏လုပ်ဆောင်မှုမှ အကျိုးခံစားရသည်။ ပထမရာစုခရစ်ယာန်များနည်းတူ ကျွန်ုပ်တို့လည်း သန့်ရှင်းသောစွမ်းအားတော်အကူအညီဖြင့် လေ့လာကြပြီး နားလည်လာသည့်အချက်အလက်များကို နောက်ပိုင်းတွင် ပြန်သတိရကာ လက်တွေ့ကျင့်သုံးကြသည်။ (လု. ၁၂:၁၁၊ ၁၂) ကျွန်ုပ်တို့သည် ထုတ်ဝေထားသော နက်နဲသည့် ကျမ်းစာအမှန်တရားများကို နားလည်ရန် အတန်းပညာများစွာ တတ်မြောက်စရာမလိုပါ။ (တ. ၄:၁၃) ဘုရားသခင့်နက်နဲရာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏နားလည်မှုကို မည်သို့တိုးတက်စေနိုင်သနည်း။ အကြံပြုချက်အချို့ကို သုံးသပ်ကြည့်ကြစို့။

၁၂။ အဘယ်အချိန်တွင် သန့်ရှင်းသောစွမ်းအားတော်ကို တောင်းခံသင့်သနည်း။

၁၂ သန့်ရှင်းသောစွမ်းအားတော်အတွက် ဆုတောင်းပါ။ သမ္မာကျမ်းစာကို လေ့လာတော့မည်ဆိုလျှင် သန့်ရှင်းသောစွမ်းအားတော် ကျွန်ုပ်တို့ကို လမ်းညွှန်ပေးပါရန် ဦးစွာဆုတောင်းသင့်သည်။ ကျွန်ုပ်တို့တစ်ဦးတည်းလေ့လာသည်ဖြစ်စေ၊ လေ့လာရန်အချိန်အနည်းငယ်သာရသည်ဖြစ်စေ ယင်းသို့ပြုလုပ်သင့်သည်။ ဤသို့သော နှိမ့်ချသည့်အသနားခံချက်သည် ကျွန်ုပ်တို့ကောင်းကင်ခမည်းတော်ကို ပျော်ရွှင်စေမည်ဖြစ်သည်။ ယေရှုပြောခဲ့သကဲ့သို့ ကျွန်ုပ်တို့စိတ်ရင်းမှန်ဖြင့်တောင်းလျှောက်လျှင် ယေဟောဝါသည် သန့်ရှင်းသောစွမ်းအားတော်ကို ရက်ရက်ရောရော ပေးတော်မူလိမ့်မည်။—လု. ၁၁:၁၃

၁၃၊ ၁၄။ အစည်းအဝေးများအတွက် ပြင်ဆင်ခြင်းသည် ဘုရားသခင်၏နက်နဲရာများကိုနားလည်ရန် မည်သို့ကူညီပေးသနည်း။

၁၃ အစည်းအဝေးများအတွက် ပြင်ဆင်ပါ။ ကျွန်ုပ်တို့သည် ကျွန်ထံမှ “အချိန်တန်အစာ” ရရှိကြသည်။ “ကျွန်” သည် ကျမ်းစာဆိုင်ရာအကြောင်းအရာများကို ပြင်ဆင်ပေးခြင်း၊ လေ့လာရန်နှင့် အစည်းအဝေးများအတွက် အစီအစဉ်များပြုလုပ်ပေးခြင်းဖြင့် မိမိ၏တာဝန်ကို လုပ်ဆောင်နေသည်။ “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး” အား တစ်စုံတစ်ရာ လုပ်ဆောင်ဖို့မတောင်းဆိုမီ သူတို့သည် သေသေချာချာ၊ စေ့စေ့စပ်စပ် လေ့လာသုံးသပ်ကြသည်။ (၁ ပေ. ၂:၁၇; ကော. ၄:၁၆; ယု. ၃) အကြံပြုချက်များကို ကျွန်ုပ်တို့ အတတ်နိုင်ဆုံး လိုက်လျှောက်ကြသည့်အခါ သန့်ရှင်းသောစွမ်းအားတော်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။—ဗျာ. ၂:၂၉

၁၄ ခရစ်ယာန်အစည်းအဝေးများအတွက် ပြင်ဆင်သောအခါ ညွှန်းထားသောကျမ်းချက်များကို ဖွင့်ဖတ်ကာ ယင်းတို့သည် လေ့လာနေသည့်အကြောင်းအရာနှင့် မည်သို့ဆက်စပ်ကြောင်း စဉ်းစားဆင်ခြင်ခြင်းက ကောင်းပါသည်။ ဤအလေ့အကျင့်သည် သမ္မာကျမ်းစာကို တဖြည်းဖြည်း ပိုနားလည်လာစေသည်။ (တ. ၁၇:၁၁၊ ၁၂) ယင်းသို့ဖွင့်ဖတ်ထားလျှင် သန့်ရှင်းသောစွမ်းအားတော်၏အကူအညီဖြင့် ယင်းတွင်ပါဝင်သောအကြောင်းအရာများကို ပြန်မှတ်မိစေရန် အထောက်အကူဖြစ်နိုင်သည်။ ထို့ပြင် ကျမ်းစာအုပ်မှဖွင့်ဖတ်ထားမည်ဆိုလျှင် ကျွန်ုပ်တို့လိုအပ်လာသောအခါ ယင်းကျမ်းချက်ရှိသည့်နေရာကို ရှာတွေ့ရန် အထောက်အကူဖြစ်စေနိုင်သည်။

၁၅။ ထုတ်ဝေထားသည့်စာပေများကို အဘယ်ကြောင့် အမီဖတ်ရှုသင့်သနည်း၊ ယင်းကို သင်မည်သို့ လုပ်ဆောင်သနည်း။

၁၅ ထုတ်ဝေသမျှကို အမီဖတ်ရှုပါ။ အချို့စာပေများသည် အစည်းအဝေးများတွင် မလေ့လာသော်လည်း ယင်းကို ကျွန်ုပ်တို့အကျိုးအတွက် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ လူထုကိုဝေငှသည့်စာပေများပင် ကျွန်ုပ်တို့အတွက်ဖြစ်သည်။ ဗျာများနေသောဤလောကတွင် ကျွန်ုပ်တို့သည် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာကို စောင့်ဆိုင်းရသည့်အချိန်များရှိသည်။ ကျွန်ုပ်တို့မဖတ်ရသေးသော သို့မဟုတ် ဖတ်၍မပြီးသေးသော စာပေတစ်ခုခုကို ယူဆောင်သွားမည်ဆိုလျှင် ဤအခွင့်အရေးကိုအသုံးချကာ ယင်းကို ဖတ်နိုင်သည်။ အချို့တို့မှာ လမ်းလျှောက်နေစဉ် သို့မဟုတ် ကားစီးနေစဉ်တွင် အသံသွင်းထားသည့် နောက်ဆုံးထုတ်စာပေများကို နားထောင်ကြသည်။ လူတန်းစားမရွေးဖတ်ရှုနိုင်ရန် သေချာသုတေသနပြုထားသောကြောင့် ဤစာပေအားလုံးသည် ဘုရားသခင်နှင့်ပတ်သက်သောအမှန်တရားများကို နားလည်စေပြီး တန်ဖိုးထားလေးမြတ်စိတ် တိုးများလာစေနိုင်သည်။—ဟေဗြဲ ၂:၂

၁၆။ စိတ်တွင်ပေါ်လာသောမေးခွန်းများကို မှတ်သားထားပြီး ဆက်ရှာဖွေလေ့လာခြင်းမှ အဘယ်အကျိုးရရှိနိုင်သနည်း။

၁၆ တွေးတောဆင်ခြင်ပါ။ သမ္မာကျမ်းစာ သို့မဟုတ် ကျမ်းစာအခြေပြုစာပေများကို ဖတ်ရှုသောအခါ တွေးတောဆင်ခြင်ရန် အချိန်ယူပါ။ ဖတ်ရှုသောအရာကို စဉ်းစားသောအခါ မေးခွန်းများ ပေါ်လာပေမည်။ ယင်းမေးခွန်းများကို မှတ်သားထားနိုင်ပြီး နောက်ပိုင်းတွင် ထပ်ဆင့်လေ့လာနိုင်သည်။ ကျွန်ုပ်တို့သိလိုသည့်အရာများကို ထပ်ဆင့်လေ့လာခြင်းသည် နှိုက်နှိုက်ချွတ်ချွတ်လေ့လာမှုပြုလုပ်နေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ရရှိလာသော သိနားလည်မှုသည် ကျွန်ုပ်တို့၏အဖိုးတန်ဘဏ္ဍာဖြစ်လာပြီး လိုအပ်လာသောအခါ ယင်းတို့ကို ထုတ်သုံးနိုင်သည်။—မ. ၁၃:၅၂

၁၇။ မိသားစု သို့မဟုတ် ကိုယ်ပိုင်လေ့လာမှုတွင် သင် အဘယ်အရာလုပ်ဆောင်နေသနည်း။

၁၇ မိသားစုဝတ်ပြုမှုအတွက် အချိန်ဇယားဆွဲပါ။ ကိုယ်ပိုင်လေ့လာမှု သို့မဟုတ် မိသားစုလေ့လာမှုအတွက် သီတင်းပတ်၏ ညနေပိုင်းတစ်ခု သို့မဟုတ် တစ်ချိန်ချိန်ကို သီးသန့်သတ်မှတ်ထားရန် အုပ်ချုပ်ရေးအဖွဲ့က ကျွန်ုပ်တို့အားလုံးကို အားပေးသည်။ အစည်းအဝေးအစီအစဉ်ကို ပြုပြင်ပြောင်းလဲထားခြင်းကြောင့် ဤအကြံပြုချက်ကို လိုက်နာရန် အခွင့်အရေးရရှိစေသည်။ မိသားစုဝတ်ပြုမှုညချမ်းတွင် အဘယ်အကြောင်းအရာများကို သုံးသပ်ကြသနည်း။ အချို့က ကျမ်းစာဖတ်ရှုကြပြီး မေးခွန်းပေါ်လာသော အခန်းငယ်များကို သုတေသနပြုကာ ရှင်းပြချက်များကို ကျမ်းချက်၏ဘေးတွင် အတိုချုပ်မှတ်ချက်များ ရေးထားကြသည်။ မိသားစုအများစုမှာ လေ့လာသောအကြောင်းအရာသည် မိသားစုနှင့်မည်သို့သက်ဆိုင်ကြောင်း အချိန်ယူဆွေးနွေးကြသည်။ အချို့အိမ်ထောင်ဦးစီးများသည် မိသားစုလိုက်လေ့လာရန် လိုအပ်သည်ဟုယူဆသောအကြောင်းအရာကို ရွေးချယ်သည်၊ သို့မဟုတ် မိသားစုလေ့လာလိုသည့်အကြောင်းအရာ သို့မဟုတ် မေးခွန်းများကို သုံးသပ်ကြသည်။ ဆက်လုပ်ဆောင်သွားသည်နှင့်အမျှ သုံးသပ်မည့်အခြားအကြောင်းအရာများကို သင်စဉ်းစားမိပေမည်။ *

၁၈။ ဘုရားသခင်နှင့်ဆိုင်သော နက်နဲသည့်အမှန်တရားများ လေ့လာခြင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် မရှောင်လွဲသင့်သနည်း။

၁၈ စွမ်းအားတော်သည် ကူညီမစသူအဖြစ် လုပ်ဆောင်မည်ဟု ယေရှုပြောခဲ့သည်။ ထို့ကြောင့် ဘုရားသခင်နှင့်ဆိုင်သော နက်နဲသည့်အမှန်တရားများ လေ့လာခြင်းကို မရှောင်လွဲသင့်ပါ။ ယင်းအမှန်တရားများသည် “ဘုရားသခင်ကိုသိသောဉာဏ်” တွင် အပါအဝင်ဖြစ်ပြီး ယင်းတို့ကိုလေ့လာရန် ကျွန်ုပ်တို့ကို အားပေးထားသည်။ (သု. ၂:၁-၅ ကိုဖတ်ပါ။) ယင်းတွင် “ဘုရားသခင်သည် မိမိကို ချစ်သောသူတို့အတွက် ပြင်ဆင်ထားတော်မူ” သောအရာများစွာ ဖော်ပြထားသည်။ ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို ပို၍လေ့လာရန် ကျွန်ုပ်တို့ကြိုးစားအားထုတ်သည်နှင့်အမျှ “ခပ်သိမ်းသောအရာ၊ ဘုရားသခင်၏နက်နဲရာတို့ကိုပင် စစ်ဆေး” ရန် သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့ကို ကူညီပေးပါလိမ့်မည်။—၁ ကော. ၂:၉၊ ၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု၊ အောက်တိုဘာ၊ ၂၀၀၈၊ စာမျက်နှာ ၈ ကိုလည်းကြည့်ပါ။

သင်မည်သို့ဖြေဆိုမည်နည်း

• “ဘုရားသခင်၏နက်နဲရာတို့ကို” စစ်ဆေးရာတွင် စွမ်းအားတော်သည် အဘယ်နည်းနှစ်နည်းဖြင့် ကျွန်ုပ်တို့ကို ကူညီပေးသနည်း။

• ပထမရာစုတွင် သန့်ရှင်းသောစွမ်းအားတော်သည် နက်နဲသောအမှန်တရားများကို မည်သူတို့မှတစ်ဆင့် ဖော်ပြခဲ့သနည်း။

• ကျွန်ုပ်တို့ခေတ်တွင် ကိစ္စရပ်များကို ပို၍ရှင်းလင်းနားလည်စေရန် သန့်ရှင်းသောစွမ်းအားတော် မည်သို့လုပ်ဆောင်သနည်း။

• စွမ်းအားတော်၏လုပ်ဆောင်မှုမှ အကျိုးရရှိရန် သင် အဘယ်အရာပြုလုပ်နိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၂ ပါလေးထောင့်ကွက်]

 ပုံဆောင်ဝတ်ပြုရာအိမ်တော်၏အဓိပ္ပာယ်ကို စွမ်းအားတော်ဖွင့်လှစ်ပြပုံ

ပထမရာစုတွင် ဖွင့်ပြခဲ့သော “ဘုရားသခင်၏နက်နဲရာတို့” တွင် ပို၍အရေးကြီးသော ဝတ်ပြုရေးအစီအစဉ်ဖြစ်သည့် ပုံဆောင်ဝတ်ပြုရာ အိမ်တော်ပါဝင်ပြီး ယင်းကို တဲတော်နှင့် နောက်ပိုင်း ဝတ်ပြုရာအိမ်တော်များဖြင့် ကြိုတင်ပုံရိပ်ပြခဲ့သည်။ ပေါလုက ယင်းအစီအစဉ်ကို “လူတို့မဆောက်ဘဲ ယေဟောဝါတည်ဆောက်တော်မူသော စစ်မှန်သောတဲတော်” ဟုခေါ်ခဲ့သည်။ (ဟေဗြဲ ၈:၂) ယင်းသည် ယေရှုခရစ်၏ ပူဇော်ရာယဇ်နှင့် ယဇ်ပုရောဟိတ်အရာအားဖြင့် ဘုရားသခင်ထံချဉ်းကပ်နိုင်သည့် အစီအစဉ်ဖြစ်သော သာ၍ကြီးမြတ်သည့် ပုံဆောင်ဝတ်ပြုရာအိမ်တော်ဖြစ်သည်။

“စစ်မှန်သောတဲတော်” သည် ယေရှုနှစ်ခြင်းခံပြီး စုံလင်သောပူဇော်ရာယဇ်ဖြစ်လာမည့်သူအဖြစ် ကိုယ်တော်ကို ယေဟောဝါလက်ခံသည့်အချိန် စီအီး ၂၉ တွင် စတင်တည်ရှိခဲ့သည်။ (ဟေဗြဲ ၁၀:၅-၁၀) ကိုယ်တော်သေဆုံးကာ ထမြောက်ပြီးနောက် ပုံဆောင်ဝတ်ပြုရာအိမ်တော်၏ အသန့်ရှင်းဆုံးအခန်းသို့ဝင်ကာ “ဘုရားသခင့်ရှေ့တော်မှောက်” တွင် မိမိ၏ပူဇော်ရာယဇ်တန်ဖိုးကို ဆက်သခဲ့သည်။—ဟေဗြဲ ၉:၁၁၊ ၁၂၊ ၂၄

အခြားကျမ်းတစ်ချက်တွင် တမန်တော်ပေါလုက ကောင်းကင်မျှော်လင့်ချက်ရှိသောခရစ်ယာန်များသည် ‘ယေဟောဝါ၏ သန့်ရှင်းသောဝတ်ပြုရာအိမ်တော်အဖြစ် ကြီးထွားလာ’ သည်ဟု ရေးခဲ့သည်။ (ဧ. ၂:၂၀-၂၂) ဤဝတ်ပြုရာအိမ်တော်သည် နောက်ပိုင်း ဟေဗြဲခရစ်ယာန်များထံ ရေးသားခဲ့သော မိမိ၏စာတွင်ပါသည့် “စစ်မှန်သောတဲတော်” နှင့် အတူတူပင်လော။ အတူတူပင်ဖြစ်သည်ဟု ယေဟောဝါ၏ကျေးကျွန်များ ဆယ်စုနှစ်များစွာကြာ ယူဆခဲ့ကြသည်။ ကောင်းကင်မျှော်လင့်ချက်ရှိသူတို့သည် ယေဟောဝါ၏ကောင်းကင်ဆိုင်ရာ ဝတ်ပြုရာအိမ်တော်၏ “ကျောက်များ” ဖြစ်လာရန် မြေကြီးပေါ်တွင် ပြင်ဆင်ခြင်းခံရသည်ဟု ထင်မှတ်ခဲ့ကြသည်။—၁ ပေ. ၂:၅

သို့သော် ၁၉၇၁ ခုနှစ်ရောက်သည့်အခါ ကျွန်အတန်းအစားမှ တာဝန်ရှိညီအစ်ကိုများက ဧဖက်ကျမ်းတွင် ပေါလုဖော်ပြခဲ့သော ဝတ်ပြုရာအိမ်တော်သည် ယေဟောဝါ၏ သာ၍ကြီးမြတ်သော ပုံဆောင်ဝတ်ပြုရာအိမ်တော် မဖြစ်နိုင်ကြောင်း စတင်သိမြင်လာခဲ့သည်။ “စစ်မှန်သောတဲတော်” သည် ရှင်ပြန်ထမြောက်ပြီးသော ကောင်းကင်မျှော်လင့်ချက်ရှိသူတို့နှင့် တည်ဆောက်မည်ဆိုလျှင် ယင်းတဲတော်သည် ကောင်းကင်သို့သူတို့ ရှင်ပြန်ထမြောက်သော “သခင်ရောက်ရှိတော်မူချိန်” တွင်စတင်တည်ရှိလာရမည်ဖြစ်သည်။ (၁ သက်. ၄:၁၅-၁၇) သို့သော် တဲတော်ကိုရည်ညွှန်းကာ ပေါလုက ဤသို့ရေးခဲ့သည်– ‘ဤတဲတော်သည် ယခုရောက်ရှိနေသော သတ်မှတ်ထားချိန်အတွက် ပုံဆောင်ချက်ဖြစ်၏။’—ဟေဗြဲ ၉:၉

ယင်းကျမ်းချက်များနှင့် အခြားကျမ်းချက်များကို ဂရုတစိုက်နှိုင်းယှဉ်ကြည့်သည့်အခါ ပုံဆောင်ဝတ်ပြုရာအိမ်တော်ကို အဆင့်ဆင့်ဆောက်လုပ်ခြင်းမဟုတ်သည့်အပြင် ကောင်းကင်မျှော်လင့်ချက်ရှိသည့် ခရစ်ယာန်များသည် ယင်းတွင်ပါဝင်ရန် “ကျောက်များ” အဖြစ် မြေကြီးပေါ်တွင် ကြိုတင်ပြင်ဆင်ခံရခြင်းလည်း မဟုတ်ပါ။ ယင်းအစား ကောင်းကင်မျှော်လင့်ချက်ရှိသည့် ခရစ်ယာန်များသည် ရင်ပြင်တွင် အမှုဆောင်နေကြပြီး ပုံဆောင်ဝတ်ပြုရာအိမ်တော်၏ သန့်ရှင်းရာဌာနတွင် “ချီးမွမ်းခြင်းယဇ်ကို” ဘုရားသခင်ထံ နေ့စဉ်ပူဇော်နေကြသည်။—ဟေဗြဲ ၁၃:၁၅

[စာမျက်နှာ ၂၃ ပါပုံစာ]

“ဘုရားသခင်၏နက်နဲရာတို့ကို” ကျွန်ုပ်တို့ မည်သို့ ပို၍ နားလည်နိုင်သနည်း