မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂလာတိ၊ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲကျမ်းတို့မှ ပေါ်လွင်ချက်များ

ဂလာတိ၊ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲကျမ်းတို့မှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ဂလာတိ၊ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲကျမ်းတို့မှ ပေါ်လွင်ချက်များ

ရစ်ယာန်အချို့သည် ယုဒဝါဒီများကြောင့် စစ်မှန်သောဝတ်ပြုရေးမှ သွေဖည်သွားကြကြောင်း တမန်တော်ပေါလုကြားသိရသောအခါ “ဂလာတိပြည်၌ရှိသော အသင်းတော်များ” ထံ အားပါသောစာတစ်စောင်ရေးခဲ့သည်။ (ဂလ. ၁:၂) စီအီး ၅၀-၅၂ အတွင်းရေးသားခဲ့သောယင်းစာတွင် တိုက်ရိုက်ကျသောဆုံးမစကားနှင့် အားပါသောတိုက်တွန်းချက်တို့ ပါရှိသည်။

ဆယ်နှစ်ခန့်ကြာပြီးနောက်တွင် ပေါလုသည် “ခရစ်တော်ယေရှုကြောင့် အကျဉ်းသား” တစ်ဦးအနေနှင့် ရောမတွင်ရှိစဉ် ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲအသင်းတော်များထံသို့ ကောင်းမွန်သောအကြံဉာဏ်နှင့် မေတ္တာပါသောအားပေးမှုပါသည့်စာ ရေးခဲ့သည်။ (ဧ. ၃:၁ကဘ) ယနေ့ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာပါ ဂလာတိ၊ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲကျမ်းတို့မှသတင်းစကားကို အာရုံစိုက်ခြင်းဖြင့် အကျိုးရရှိနိုင်သည်။—ဟေဗြဲ ၄:၁၂

“ဖြောင့်မတ်ရာသို့ရောက်ကြသည်”—မည်သို့အားဖြင့်နည်း

(ဂလ. ၁:၁–၆:၁၈)

ယုဒဝါဒီများက ပေါလုအား အသရေဖျက်ရန် စဉ်းလဲစွာကြိုးစားသောကြောင့် ပေါလုသည် မိမိဘဝအသေးစိတ်အချက်အလက်တချို့ကို ဖော်ပြခြင်းဖြင့် မိမိ၏တမန်တော်အရာကို ကာကွယ်သည်။ (ဂလ. ၁:၁၁–၂:၁၄) သူတို့၏မှားယွင်းသည့်သွန်သင်ချက်များကို ချေပသည့်အနေနှင့် ဤအချက်ကိုပေါလုဖော်ပြ၏– “လူသည် ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ ခရစ်တော်ယေရှုကို ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်” သည်။—ဂလ. ၂:၁၆ကဘ။

ခရစ်တော်သည် ‘ပညတ်တရားလက်၌ရှိသူတို့ကို ရွေးနုတ်’ ပြီး ခရစ်ယာန်လွတ်လပ်မှု၌ပျော်မွေ့ရန် လွှတ်ခြင်းအခွင့်ကိုပေးသည်ဟု ပေါလုဆို၏။ ပေါလုသည် ဂလာတိအသင်းသားများအား ဤသို့ပြင်းထန်စွာသတိပေးဆုံးမ၏– “လွှတ်ခြင်းအခွင့်၌တည်နေသဖြင့် ကျွန်ခံရာထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တစ်ဖန်မခံကြနှင့်။”—ဂလ. ၄:၄၊ ၅; ၅:၁

ကျမ်းစာမေးခွန်းများအဖြေ–

၃:၁၆-၁၈၊ ၂၈၊ ၂၉—အာဗြဟံနှင့်ဖွဲ့ခဲ့သောပဋိညာဉ်သည် တရားဝင်နေဆဲလော။ တရားဝင်နေဆဲပင်။ ပညတ်ပဋိညာဉ်သည် နောက်ထပ်တစ်ခုဖြစ်သည်၊ အာဗြဟံနှင့်ဖွဲ့ခဲ့သော ဘုရားသခင့်ပဋိညာဉ်ကို အစားထိုးခြင်း မဟုတ်ပါ။ ထို့ကြောင့် ပညတ်တရားကို “ပယ်ရှင်း” ပြီးနောက်၌ပင် အာဗြဟံပဋိညာဉ်သည် အကျိုးသက်ရောက်နေဆဲဖြစ်သည်။ (ဧ. ၂:၁၅) ယင်း၏ကတိတော်များသည် အာဗြဟံ၏စစ်မှန်သော “အမျိုးအနွယ်”—အဓိကပုဂ္ဂိုလ်ဖြစ်သူ ခရစ်တော်ယေရှုနှင့် “ခရစ်တော်နှင့်စပ်ဆိုင်” သူတို့—အထိဆက်၍သွားသည်။

၆:၂—“ခရစ်တော်၏တရား” ကား အဘယ်နည်း။ ယင်းတရားတွင် ယေရှုသွန်သင်ခဲ့ရာ၊ မိန့်မှာခဲ့ရာအားလုံး ပါဝင်သည်။ အထူးသဖြင့် “အချင်းချင်းချစ်ကြလော့” ဟူသောပညတ်ပါသည်။—ယော. ၁၃:၃၄

၆:၈—ကျွန်ုပ်တို့သည် မည်သို့ “ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲ” ကြသနည်း။ ဘုရားသခင့်ဝိညာဉ်တော် ကျွန်ုပ်တို့အပေါ် လွတ်လွတ်လပ်လပ်စီးဆင်းခွင့်ပြုခြင်းဖြင့် အသက်ရှင်ခြင်းဖြစ်သည်။ ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲခြင်းတွင် ဝိညာဉ်တော်ပိုစီးဆင်းစေသည့် လုပ်ဆောင်မှုများတွင် နှလုံးအကြွင်းမဲ့လုပ်ဆောင်ခြင်း ပါဝင်သည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၁:၆-၉ခရစ်ယာန်အကြီးအကဲများသည် အသင်းတော်တွင် ပြဿနာများပေါ်လာသောအခါ ချက်ချင်းလုပ်ဆောင်ရန်လိုအပ်သည်။ သူတို့သည် ကျမ်းချက်များနှင့် ကောင်းစွာကျိုးကြောင်းဆင်ခြင်ခြင်းဖြင့် မှားယွင်းသောဆင်ခြင်မှုများကို အလျင်အမြန်ချေပနိုင်သည်။

၂:၂၀ရွေးနုတ်ဖိုးသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်ကိုယ်တော်တိုင်စီစဉ်ပေးသော ဆုကျေးဇူးဖြစ်သည်။ ယင်းအတိုင်းရှုမြင်ရန် ကျွန်ုပ်တို့သင်ယူသင့်သည်။—ယော. ၃:၁၆

၅:၇-၉မကောင်းသောအပေါင်းအသင်းများသည် ‘အမှန်တရားကိုနားမထောင်စေခြင်းငှာ ဆီးတား’ နိုင်သည်။ သူတို့ကိုရှောင်ခြင်းသည် ပညာရှိရာရောက်သည်။

၆:၁၊ ၂၊ ။ ကျွန်ုပ်တို့သည် သတိလက်လွတ်ဖြစ်ကာ မှားယွင်းသောခြေလှမ်း လှမ်းမိသောကြောင့် ခက်ခဲသောအခြေအနေနှင့်ရင်ဆိုင်နေရခြင်းကဲ့သို့သော ဝန်ထုပ်ကိုထမ်းရာတွင် “ဝိညာဉ်ဆုကျေးဇူးကိုခံရသော” သူတို့သည် ကူညီပေးနိုင်သည်။ သို့သော် ဝိညာဉ်ရေးရာတာဝန်များ ထမ်းဆောင်ခြင်းနှင့်ပတ်သက်လျှင် မိမိတို့ကိုယ်တိုင် လုပ်ဆောင်ကြရမည်။

‘ရှိသမျှတို့ကို ခရစ်တော်၌ချုပ်ချာစေတော်မူလိမ့်သတည်း’

(ဧ. ၁:၁–၆:၂၄)

ဧဖက်အသင်းသားများထံရေးသောစာတွင် ခရစ်ယာန်စည်းလုံးမှုဆိုင်ရာ အဓိကအကြောင်းကို ပေါ်လွင်စေလျက် ပေါလုဤသို့ဆို၏– “ကာလအချိန်စေ့စုံခြင်း . . . တွင်ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ချုပ်ချာစေတော်မူလိမ့်သတည်း။” အားလုံးကို “ယုံကြည်ခြင်း . . . တညီတညွတ်တည်း” ရှိရန်ထောက်ကူပေးသော ‘လူ့အသွင်ဆုလာဘ်များ’ ကိုခရစ်တော်ပေးထားတော်မူ၏။—ဧ. ၁:၁၀; ၄:၈ကဘ၊ ၁၃။

ခရစ်ယာန်များသည် ဘုရားသခင်ကိုဂုဏ်တင်ပြီး စည်းလုံးမှုတိုးပွားစေဖို့ “လူသစ်ကို ယူတင်ဝတ်ဆောင်” ကာ “ခရစ်တော်ကိုခန့်ညားသောအားဖြင့် အချင်းချင်းတစ်ယောက်အောက်တစ်ယောက် ကိုယ်ကိုနှိမ့်ချလျက်နေ” သင့်သည်။ ဝိညာဉ်ရေးလက်နက်စုံကိုဝတ်ဆင်ခြင်းအားဖြင့် ‘စာတန်၏ပရိယာယ်တို့ကို ဆီးတား’ ဖို့လည်းလိုသည်။—ဧ. ၄:၂၄; ၅:၂၁; ၆:၁၁

ကျမ်းစာမေးခွန်းများအဖြေ–

၁:၄-၇—ဝိညာဉ်တော်ဖွားခရစ်ယာန်များမမွေးဖွားမီ ကြာမြင့်စွာကပင် မည်သို့ကြိုတင်သတ်မှတ်ထားသနည်း။ တစ်ဦးချင်းစီအနေနှင့်မဟုတ်ဘဲ အုပ်စုလိုက်အနေနှင့် သို့မဟုတ် အတန်းအစားတစ်ခုအနေနှင့် ကြိုတင်သတ်မှတ်ထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ကနဦးမိဘ သားသမီးမမွေးဖွားမီ၊ အပြစ်ရှိသောလူ့လောက မတည်မရှိမီ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာဦး ၃:၁၅ တွင်မှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်သည် အပြစ်ရှိသောလူသားတစ်ဦးကို ကိုယ်ဝန်မဆောင်မီ ကြေညာခဲ့ခြင်းဖြစ်ပြီး ကောင်းကင်တွင်ခရစ်တော်နှင့်အတူအုပ်စိုးမည့် ကိုယ်တော့်နောက်လိုက်တချို့ရှိကြောင်း ဘုရားသခင့်ရည်ရွယ်ချက်ပါဝင်သည်။—ဂလ. ၃:၁၆၊ ၂၉

၂:၂ကဘ—လောကစိတ်ဓာတ်သည် လေနှင့်မည်သို့တူသနည်း၊ ယင်းသည် လောကအပေါ် မည်သို့သြဇာလွှမ်းမိုးသနည်း။ ‘လောကစိတ်ဓာတ်’ ဖြစ်သော လွတ်လပ်လို၊ မနာခံလိုသည့်စိတ်ဓာတ်သည် ကျွန်ုပ်တို့ရှူရှိုက်နေသောလေကဲ့သို့ပင် နေရာအနှံ့ ပျံ့နှံ့နေသည်။ (၁ ကော. ၂:၁၂) ယင်း၏ပြင်းထန်သော၊ သဲသဲမဲမဲပြုလုပ်တတ်သောသြဇာလွှမ်းမိုးမှုဖြင့် လောကအပေါ် ဩဇာတန်ခိုးလွှမ်းမိုးသည်။

၂:၆—ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် မြေကြီးတွင်ရှိနေစဉ် “ကောင်းကင်အရပ်၌နေရာ” ရသည်ဟု မည်သို့ဆိုနိုင်သနည်း။ ဤတွင် “ကောင်းကင်အရပ်” ဟူသည့်အသုံးအနှုန်းသည် သူတို့အားကတိပေးထားသော ကောင်းကင်ဆိုင်ရာအမွေကို ရည်ညွှန်းနေခြင်းမဟုတ်ပါ။ “သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိတ်ခပ်ခြင်းကိုခံရ” ခြင်းကြောင့် ရရှိလာသည့် ချီးမြှင့်ခံဝိညာဉ်ရေးအနေအထားကို ဖော်ပြခြင်းဖြစ်သည်။—ဧ. ၁:၁၃၊ ၁၄

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၄:၈၊ ၁၁-၁၅ယေရှုခရစ်သည် “များစွာသောသူတို့ကို ဖမ်းသွားတော်မူ” ၏၊ ဆိုလိုသည်ကား ခရစ်ယာန်အသင်းတော်ကို အားပေးတည်ဆောက်ရန် ဆုလာဘ်များအဖြစ်အသုံးပြုဖို့ စာတန်ထိန်းချုပ်မှုအောက်မှ သူတို့ကို ခေါ်ယူခဲ့သည်။ ကျွန်ုပ်တို့သည် ဦးဆောင်နေသူတို့ကို နာခံမှုပြခြင်း၊ လက်အောက်ခံခြင်းနှင့် အသင်းတော်အစီအစဉ်များတွင် ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် “မေတ္တာစိတ်နှင့် . . . ခရစ်တော်မှာ အရာရာတို့၌ကြီးပွား” နိုင်ကြသည်။—ဟေဗြဲ ၁၃:၇၊ ၁၇

၅:၂၂-၂၄၊ ၃၃ဇနီးသည်တစ်ဦးသည် မိမိ၏ခင်ပွန်းအား လက်အောက်ခံသည့်အပြင် ရိုသေရန်ဖြစ်သည်။ “နူးညံ့ငြိမ်သက်ခြင်းသဘော” တင်ပြခြင်း၊ ခင်ပွန်းသည်အား ကောင်းစွာပြောဆိုဆက်ဆံပြီး သူ့ဆုံးဖြတ်ချက်များ ရလဒ်ကောင်းရစေရန် ပူးပေါင်းလုပ်ဆောင်ကာ သူ့အား ဂုဏ်တင်ဖို့ ကြိုးစားခြင်းဖြင့် ထိုသို့ပြုလုပ်နိုင်သည်။—၁ ပေ. ၃:၃၊ ၄; တိ. ၂:၃-၅

၅:၂၅၊ ၂၈၊ ၂၉ခင်ပွန်းသည်တစ်ဦးသည် မိမိကိုယ်ကို “ကျွေးမွေး” သကဲ့သို့ ဇနီးသည်၏ ကိုယ်ကာယပိုင်း၊ စိတ်ပိုင်းနှင့် ဝိညာဉ်ရေးပိုင်းတို့တွင် ကောင်းစွာထောက်မနေသူ ဖြစ်သင့်သည်။ သူသည် ဇနီးသည်နှင့်အတူ အချိန်လုံလုံလောက်လောက်အသုံးပြုခြင်းနှင့် အပြောအဆို၊ အပြုအမူတို့တွင် နူးညံ့သိမ်မွေ့စွာ ဆက်ဆံခြင်းအားဖြင့်လည်း မြတ်နိုးသင့်သည်။

၆:၁၀-၁၃နတ်ဆိုးအင်အားစုများကို ခုခံတွန်းလှန်ရန်မှာ ဘုရားသခင်ထံမှ ဝိညာဉ်ရေးလက်နက်စုံကို နှလုံးအကြွင်းမဲ့ ယူတင်ဝတ်ဆောင်ရန်လိုသည်။

“တစ်နည်းတည်းကျင့်” ကြ

(ဖိ. ၁:၁–၄:၂၃)

ဖိလိပ္ပိအသင်းသားများထံရေးသော ပေါလု၏စာတွင် မေတ္တာအကြောင်းကို အလေးပေးဖော်ပြခဲ့သည်။ သူဤသို့ပြောသည်– ‘သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာအမျိုးမျိုးရှိမည်အကြောင်း ငါဆုတောင်း၏။’ ယုံကြည်စိတ်ချလွန်းခြင်းထောင်ချောက်ကိုရှောင်ရန် သူတို့အားကူညီပေးကာ ဤသို့တိုက်တွန်း၏– “ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကိုယ်ကိုကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့။”—ဖိ. ၁:၉-၁၁; ၂:၁၂

“အထက်အရပ်သို့ ဘုရားသခင်၏ခေါ်တော်မူခြင်း ဆုကျေးဇူးကိုရရန် ပန်းတိုင်သို့” လိုက်ပြေးဖို့ ရင့်ကျက်သောသူတို့ကို ပေါလုအားပေးသည်။ သူဤသို့ဆို၏– “ယခုမီသမျှအတိုင်း တစ်နည်းတည်းကျင့်၍ တစ်သဘောတည်းရှိရကြမည်။”—ဖိ. ၃:၁၄ [ကဘ]-၁၆။

ကျမ်းစာမေးခွန်းများအဖြေ–

၁:၂၃—ပေါလုသည် အဘယ် “အကျိုးနှစ်ပါး” ကြားတွင် ကျဉ်းမြောင်းစွာရှိနေပြီး အဘယ်အရာမှ “လွတ်မြောက်” [ကဘ] ရန်တောင့်တသနည်း။ ပေါလုသည် သူကြုံခဲ့ရသည့်အခြေအနေများကြောင့် ဖြစ်နိုင်ခြေရှိသော ရှင်ခြင်း သို့မဟုတ် သေခြင်း အခြေအနေနှစ်ရပ်ကြားတွင် ရှိခဲ့သည်။ (ဖိ. ၁:၂၁) မိမိရွေးချယ်မည့်အရာကိုမဖော်ပြဘဲ “[“လွတ်မြောက်၊” ကဘ] ၍ ခရစ်တော်နှင့်အတူနေခြင်း” ကိုတောင့်တကြောင်း ဖော်ပြသည်။ (ဖိ. ၃:၂၀၊ ၂၁; ၁ သက်. ၄:၁၆) ယင်း “လွတ်မြောက်” ခြင်းသည် ခရစ်တော်ရောက်ရှိချိန်အတွင်း ပေါလုအတွက် ယေဟောဝါပြင်ဆင်ပေးခဲ့သောဆုကို ရရှိခြင်းဖြစ်မည်။—မ. ၂၄:၃

၂:၁၂၊ ၁၃—ယေဟောဝါသည် ကျွန်ုပ်တို့ ‘အလိုရှိစေရန်၊ အကျင့်ကျင့်စေရန်’ အဘယ်နည်းဖြင့် လုပ်ဆောင်တော်မူသနည်း။ ယေဟောဝါ၏အမှုတော်တွင် အတတ်နိုင်ဆုံးလုပ်ဆောင်ရန် ကျွန်ုပ်တို့အလိုဆန္ဒတိုးပွားစေဖို့ ကျွန်ုပ်တို့၏စိတ်နှလုံးကို ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်က ပြုပြင်ပေးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် “ကိုယ်ကိုကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်” ရာတွင် အကူအညီမဲ့မဟုတ်ကြပါ။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၁:၃-၅ဖိလိပ္ပိအသင်းသားများသည် ရုပ်ပစ္စည်းအရ ဆင်းရဲကြသော်လည်း ရက်ရောမှုတင်ပြရာတွင် ကျွန်ုပ်တို့အတွက် ကောင်းသောပုံသက်သေချမှတ်ခဲ့သည်။—၂ ကော. ၈:၁-၆

၂:၅-၁၁ယေရှုပုံသက်သေပြသည့်အတိုင်း စိတ်နှိမ့်ချခြင်းသည် အားနည်းချက်မဟုတ်ဘဲ ကိုယ်ကျင့်တရားကြံ့ခိုင်မှု၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ထို့ပြင် ယေဟောဝါသည် စိတ်နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူသည်။—သု. ၂၂:၄

၃:၁၃ကဘ။ “နောက်၌ကျန်ရစ်သောအရာများ” တွင် ဝင်ငွေကောင်းသောအလုပ်၊ ချမ်းသာကြွယ်ဝသောမိသားစုရှိခြင်းကြောင့် ခံစားရသောလုံခြုံမှု သို့မဟုတ် ကျွန်ုပ်တို့နောင်တယူခဲ့ပြီး “ဆေးကြောသန့်ရှင်း” ခဲ့ပြီးဖြစ်သည့် အတိတ်ကကြီးလေးသည့်အပြစ်များပင် ပါဝင်ပေမည်။ (၁ ကော. ၆:၁၁) ကျွန်ုပ်တို့သည် ထိုအရာများကို မေ့ပျောက်သင့်၏၊ ဆိုလိုသည်မှာ ယင်းတို့နှင့်ပတ်သက်၍ စိုးရိမ်စိတ်မရှိတော့ဘဲ “ရှေ့၌ရှိသောအရာတို့ကိုလှမ်း” ယူကြသည်။

“ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်း”

(ကော. ၁:၁–၄:၁၈)

ကောလောသဲအသင်းသားများထံရေးသော မိမိ၏စာတွင် ပေါလုသည် အယူမှားဆရာများ၏ မှားယွင်းသောသဘောထားများကို ဖော်ထုတ်သည်။ ကယ်တင်ခြင်းသည် ပညတ်တရား၏တောင်းဆိုချက်များပေါ်တွင်မဟုတ်ဘဲ “မြဲမြံစွာယုံကြည်” ခြင်းအပေါ် တည်မှီနေကြောင်း ကျိုးကြောင်းပြပေးသည်။ ပေါလုသည် ကောလောသဲအသင်းသားများအား ဤသို့အားပေး၏– ‘[ခရစ်တော်] ၌ တည်ဆောက်ခြင်းရှိလျက် ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက် ထိုသခင်၌ကျင်လည်ကြလော့။’ ထိုသို့မြဲမြံစွာစွဲလမ်းခြင်းသည် သူတို့အား မည်သို့အကျိုးသက်ရောက်သင့်သနည်း။—ကော. ၁:၂၃; ၂:၆၊ ၇

ပေါလုဤသို့ရေးသည်– “စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။ သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းအုပ်စိုးစေ။” တမန်တော်က သူတို့ကို ဤသို့ပြောသည်– ‘လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ်။ ယေဟောဝါ၏အမှုတော်ကိုဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့။’ အသင်းတော်အပြင်ဘက်ရှိသူတို့နှင့်ပတ်သက်၍ သူဤသို့ဆိုသည်– ထိုသူတို့ကို “ပညာနှင့်ကျင့်ဆောင် [“ဆက်ဆံ၊” ကဘ]” ကြလော့။—ကော. ၃:၁၄၊ ၁၅၊ ၂၃; ၄:၅

ကျမ်းစာမေးခွန်းများအဖြေ–

၂:၈—ပေါလုသတိပေးခဲ့သော  ‘လောကတရားနု [“လောက၏အခြေခံတရား၊” ကဘ]’ ကားအဘယ်နည်း။ ယင်းတို့မှာ စာတန့်လောက၏အခြေခံတရားဖြစ်သည်—လောကကို ဖွဲ့စည်း၊ လမ်းညွှန် သို့မဟုတ် လှုံ့ဆော်ပေးသည့် အခြေခံတရား သို့မဟုတ် မူများဖြစ်သည်။ (၁ ယော. ၂:၁၆) ယင်းတို့ထဲတွင် အတွေးအခေါ်၊ ရုပ်ဝါဒနှင့် ဤလောက၏မှားယွင်းသောဝတ်ပြုရေးတို့ ပါဝင်သည်။

၄:၁၆—လောဒိကိအသင်းသားများထံရေးသောစာသည် အဘယ်ကြောင့် ကျမ်းစာ၏အစိတ်အပိုင်းအဝင်မဟုတ်သနည်း။ ယင်းစာတွင် ယနေ့အတွက် လိုအပ်သောသတင်းအချက်အလက်များ မပါဝင်ခဲ့သောကြောင့်ဖြစ်နိုင်သည်။ သို့မဟုတ် အခြားကျမ်းရင်းဝင်ကျမ်းစောင်များမှ အချက်အလက်များကို ထပ်ကျော့ထားခြင်းဖြစ်ပေမည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၁:၂၊ ၂၀ဘုရားသခင်၏မဟာကြင်နာမှုကြောင့် ကိုယ်တော်ပြင်ဆင်ပေးသည့်ရွေးနုတ်ဖိုးသည် အပြစ်ရှိသည်ဟူသော ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိစိတ်ကို စင်ကြယ်စေနိုင်ပြီး အတွင်းငြိမ်သက်မှုကို ပေးနိုင်သည်။

၂:၁၈၊ ၂၃“စိတ်နှိမ့်ချခြင်း [“ဟန်ဆောင်နှိမ့်ချခြင်း၊” ကဘ]”—ဖြစ်နိုင်သည်မှာ ရုပ်ပစ္စည်းများကိုစွန့်လွှတ်ခြင်း သို့မဟုတ် ကိုယ်ကာယကိုနှိပ်စက်ခြင်းအားဖြင့် အခြားသူတို့အထင်ကြီးစေရန် ဟန်ဆောင်နှိမ့်ချခြင်း—သည် “ဇာတိပကတိ၏ စိတ်နှလုံးအချည်းနှီးထောင်လွှား” ခြင်း၏လက္ခဏာတစ်ရပ်ဖြစ်သည်။