မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့မီအောင်လိုက်ရမည့် အရည်အသွေးများ

ကျွန်ုပ်တို့မီအောင်လိုက်ရမည့် အရည်အသွေးများ

ကျွန်ုပ်တို့မီအောင်လိုက်ရမည့် အရည်အသွေးများ

‘ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း [“ခံနိုင်ရည်ရှိခြင်း၊” ကဘ]၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မီအောင်လိုက်ကြလော့။’—၁ တိ. ၆:၁၁

၁။ “မီအောင်လိုက်” ဟူသောစကားလုံး၏ဆိုလိုရင်းကို ဥပမာပြပါ။

“မီအောင်လိုက်” ဟူသည့်စကားလုံးကြားရသည့်အခါ သင့်စိတ်ထဲ အဘယ်အရာပေါ်လာသနည်း။ မောရှေခေတ်က ဣသရေလလူတို့နောက်သို့ အီဂျစ်စစ်တပ် “လိုက်” လာကြသည့်အဖြစ်ကို သင်မြင်ယောင်ပေမည်၊ သူတို့သည် ပင်လယ်နီတွင်ပျက်စီးခဲ့ကြသည်။ (ထွ. ၁၄:၂၃) သို့မဟုတ် ရှေးဣသရေလနိုင်ငံတွင် မတော်တဆလူသတ်မိသူတစ်ဦး ရင်ဆိုင်ကြုံတွေ့ရသည့်အန္တရာယ်ကို သင်မြင်ယောင်ပေမည်။ သူသည် ခိုလှုံရာမြို့အဖြစ်သတ်မှတ်ထားသော မြို့ခြောက်မြို့မှ တစ်မြို့မြို့သို့ အမြန်ရောက်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် “သေစားသေစေသောသူသည် စိတ်မာန်ထစဉ်အခါ လူသတ်ကိုလိုက်လျက် . . . မီ၍သတ်လိမ့်မည်။”—တရား. ၁၉:၆

၂။ (က) ဘုရားသခင်ခေါ်တော်မူသောခရစ်ယာန်တချို့ မီအောင်လိုက်ရသည့်ဆုကား အဘယ်နည်း။ (ခ) ယနေ့ ခရစ်ယာန်အများစုအတွက် အဘယ်မျှော်လင့်ချက်ကို ယေဟောဝါကမ်းလှမ်းထားသနည်း။

အထက်ပါကျမ်းစာဥပမာများနှင့်ခြားနားကာ တမန်တော်ပေါလုရေးခဲ့သော အပြုသဘောဆောင်သည့် ဤသဘောထားကို သုံးသပ်ကြည့်ပါ– “ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကိုရခြင်းငှာ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။” (ဖိ. ၃:၁၄) ယင်းကောင်းကင်အသက်တာဆုကို ပေါလုအပါအဝင် ဘိသိက်ပေးခံရသောခရစ်ယာန် စုစုပေါင်း ၁၄၄,၀၀၀ ရရှိကြကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ သူတို့သည် ယေရှုခရစ်နှင့်အတူ မြေကြီးကို အနှစ်တစ်ထောင်အုပ်ချုပ်ခွင့် ရရှိကြမည်။ ဘုရားသခင်ခေါ်တော်မူခြင်းကိုခံရသော ထိုသူတို့ မီအောင်လိုက်သင့်သည့် အံ့ချီးဖွယ်ပန်းတိုင်ဖြစ်သည်။ သို့သော် ယနေ့ စစ်မှန်သောခရစ်ယာန်ထဲမှ အများစုသည် မျှော်လင့်ချက် သို့မဟုတ် ပန်းတိုင်နောက်တစ်မျိုးရှိကြသည်။ ယေဟောဝါသည် ထိုသူတို့အား အာဒံနှင့်ဧဝဆုံးရှုံးခဲ့ရာဖြစ်သော ပရဒိသုမြေကြီးပေါ် စုံလင်ကျန်းမာသည့်အသက်တာဖြင့် ထာဝစဉ်နေထိုင်ခွင့်မျှော်လင့်ချက်ကို မေတ္တာပါစွာကမ်းလှမ်းတော်မူသည်။—ဗျာ. ၇:၄၊ ၉; ၂၁:၁-၄

၃။ ဘုရားသခင်၏ ကြီးမားလှသောကြင်နာမှုကို ကျေးဇူးတင်လေးမြတ်ကြောင်း ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။

အပြစ်သားဖြစ်သောလူသားတို့သည် မစုံလင်ကြသောကြောင့် မှန်ရာကိုလုပ်ဆောင်ရန် သူတို့၏ကြိုးစားအားထုတ်မှုဖြင့် ထာဝရအသက်ကို မရနိုင်ကြပါ။ (ဟေရှာ. ၆၄:၆) ယေရှုခရစ်အားဖြင့် ဘုရားသခင့်မေတ္တာပါကယ်တင်ခြင်းအစီအစဉ်ကို ယုံကြည်ကြောင်းတင်ပြမှသာလျှင် ထာဝရအသက်ရနိုင်သည်။ ဘုရားသခင်၏ ထိုကြီးမားလှသောကြင်နာမှုကို ကျေးဇူးတင်လေးမြတ်ကြောင်းတင်ပြရန် ကျွန်ုပ်တို့ အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ တစ်နည်းမှာ ဤအမိန့်တော်ကို ကျွန်ုပ်တို့လိုက်နာနိုင်သည်– ‘ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း [“ခံနိုင်ရည်ရှိခြင်း၊” ကဘ]၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မီအောင်လိုက်ကြလော့။’ (၁ တိ. ၆:၁၁) ယင်းအရည်အသွေးများကို ဆင်ခြင်သုံးသပ်ခြင်းက ကျွန်ုပ်တို့တစ်ဦးစီသည် ယင်းအရည်အသွေးများကို “သာ၍အပြည့်အဝ” မီအောင်လိုက်ရန် ပို၍စိတ်ပိုင်းဖြတ်ဖို့ အထောက်အကူပြုပေမည်။—၁ သက်. ၄:၁ကဘ။

“ဖြောင့်မတ်ခြင်း . . . ကို မီအောင်လိုက်ကြလော့”

၄။ ‘ဖြောင့်မတ်ခြင်း’ ကိုမီအောင်လိုက်ခြင်းသည် အရေးကြီးသည်ဟု အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း၊ လူတစ်ဦးသည် အဘယ်ခြေလှမ်းများ စလှမ်းရမည်နည်း။

တိမောသေထံရေးသော တမန်တော်ပေါလု၏ စာနှစ်စောင်စလုံးတွင် မီအောင်လိုက်ရမည့် အရည်အသွေးများကို စာရင်းပြုတင်ပြထားပြီး နှစ်ခုစလုံးတွင် ဦးဆုံးနေရာ၌ ‘ဖြောင့်မတ်ခြင်း’ ပါရှိသည်။ (၁ တိ. ၆:၁၁; ၂ တိ. ၂:၂၂) ထို့ပြင် ကျမ်းစာမှအခြားကျမ်းပိုဒ်များတွင်လည်း ဖြောင့်မတ်ခြင်းကိုမီအောင်လိုက်ရန် အကြိမ်ကြိမ်အားပေးထားသည်။ (သု. ၁၅:၉; ၂၁:၂၁; ဟေရှာ. ၅၁:၁) ထိုသို့စတင်လုပ်ဆောင်နိုင်သည့်နည်းတစ်နည်းမှာ “မှန်သောဘုရားသခင်တစ်ဆူတည်း . . . ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်း” အားဖြင့်ဖြစ်သည်။ (ယော. ၁၇:၃) ဖြောင့်မတ်ခြင်းကို မီအောင်လိုက်ခြင်းက လူတစ်ဦးအား ဘုရားသခင့်အလိုတော်ဆောင်ရန် အတိတ်ကအပြစ်များကိုနောင်တယူပြီး “ပြောင်းလဲ” ရန် လှုံ့ဆော်မည်ဖြစ်သည်။—တ. ၃:၂၀

၅။ ဘုရားသခင်ရှေ့မှောက် ဖြောင့်မတ်သောအနေအထားရှိရန်နှင့် ယင်းကို ဆက်ထိန်းသိမ်းရန် ကျွန်ုပ်တို့အဘယ်အရာပြုရမည်နည်း။

ဖြောင့်မတ်ခြင်းကို စိတ်ရိုးမှန်နှင့်မီအောင်လိုက်ကြသော သန်းနှင့်ချီသောသူတို့သည် မိမိတို့အသက်တာကို ယေဟောဝါထံအပ်နှံကြပြီး ယင်းအပ်နှံမှုကို ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် တင်ပြကြသည်။ ယခု သင်သည် နှစ်ခြင်းခံပြီးသော ခရစ်ယာန်တစ်ဦးဖြစ်ပါက သင့်အသက်တာလမ်းစဉ်သည် ဖြောင့်မတ်ခြင်းကိုမီအောင်လိုက်နေကြောင်း တင်ပြသင့်သည့်လမ်းစဉ်၊ တင်ပြနေပုံရသည့်လမ်းစဉ်ဖြစ်သည်ဟူသည့်အချက်ကို စဉ်းစားမိပါသလော။ ယင်း၏အသွင်အပြင်တစ်ခုမှာ ဘဝအသက်တာတွင် ဆုံးဖြတ်ချက်ချစရာများနှင့် ရင်ဆိုင်ရသည့်အခါ အဘယ်အရာ ‘မှန်သည်၊ မှားသည်’ ကို သမ္မာကျမ်းစာဖြင့် ပိုင်းခြားသိမြင်ခြင်းဖြစ်သည်။ (ဟေဗြဲ ၅:၁၄ ကိုဖတ်ပါ။) ဥပမာ သင်သည် အိမ်ထောင်ပြုနိုင်သည့်အရွယ်ရောက်ပြီဖြစ်သော တစ်ကိုယ်ရေခရစ်ယာန်တစ်ဦးဖြစ်လျှင် နှစ်ခြင်းမခံရသေးသော ခရစ်ယာန်တစ်ဦးဦးနှင့် ချစ်ရေးချစ်ရာတွယ်တာမှုမဖြစ်အောင်ရှောင်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပါသလော။ ယင်းသို့ဆုံးဖြတ်ထားလျှင် သင်သည် ဖြောင့်မတ်ခြင်းကို မီအောင်လိုက်နေသူဖြစ်သည်။—၁ ကော. ၇:၃၉

၆။ ဖြောင့်မတ်ခြင်းကို အမှန်တကယ်မီအောင်လိုက်ရာတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း။

ဖြောင့်မတ်စွာကျင့်ခြင်းသည် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုယူမှတ်ခြင်း သို့မဟုတ် ‘လွန်ကျူးစွာဖြောင့်မတ်ခြင်း’ တို့နှင့်မတူပါ။ (ဒေ. ၇:၁၆) အခြားသူများထက် ပို၍သာလွန်ပုံပေါက်စေရန် ထိုသို့သောဖြောင့်မတ်ခြင်းမျိုးတင်ပြခြင်းကို ယေရှုသတိပေးခဲ့သည်။ (မ. ၆:၁) ဖြောင့်မတ်ခြင်းကို အမှန်တကယ်မီအောင်လိုက်ရာတွင် စိတ်နှလုံးပါဝင်ပတ်သက်သည်—မှားယွင်းသောအတွေးအခေါ်များ၊ သဘောထားများ၊ စိတ်လှုံ့ဆော်မှုများနှင့် သွေးသားဆန္ဒများကို ပြုပြင်ခြင်းပါဝင်သည်။ ယင်းသို့ ဆက်၍လုပ်ဆောင်နေပါက ကျွန်ုပ်တို့သည် ကြီးလေးသည့်အပြစ်များကို ကျူးလွန်မိမည်မဟုတ်ပါ။ (သု. ၄:၂၃ ကိုဖတ်ပါ; ယာကုပ် ၁:၁၄၊ ၁၅ နှင့်နှိုင်းယှဉ်ပါ။) ထို့ပြင် အခြားအရေးကြီးသော ခရစ်ယာန်အရည်အသွေးများကို ကျွန်ုပ်တို့ မီအောင်လိုက်ရာတွင် ကျွန်ုပ်တို့ကို ယေဟောဝါကောင်းချီးပေးကာ ကူညီတော်မူမည်။

‘ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း . . . ကို မီအောင်လိုက်ကြလော့’

၇။ ‘ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း’ ဟူသည်အဘယ်နည်း။

ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းတွင် စိတ်အားထက်သန်စွာအပ်နှံခြင်းနှင့် တည်ကြည်ခြင်းပါဝင်သည်။ သမ္မာကျမ်းစာအဘိဓာန်တစ်အုပ်က ‘ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း’ ဟုပြန်ဆိုသည့် ဂရိစကားလုံးကို “ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ကြောက်ရွံ့မှု လျော့နည်းသွားစေရန် မည်သည့်အရာကိုမျှခွင့်မပြုသည့် သတိဝီရိယရှိသော အရည်အသွေးကောင်း” ဟုဖော်ပြထားသည်ကို မှတ်သားပါ။ ဣသရေလလူမျိုးကို အီဂျစ်ပြည်မှ ဘုရားသခင်လွှတ်မြောက်ပေးပြီးနောက်၌ပင် သူတို့၏မနာခံသည့်လုပ်ရပ်များကိုကြည့်ခြင်းဖြင့် သူတို့သည် ထိုသို့သောဘုရားသခင့်ဝတ်၌မွေ့လျော်မှုတင်ပြရန် အကြိမ်ကြိမ်ပျက်ကွက်ခဲ့ကြသည်။

၈။ (က) အာဒံအပြစ်က အဘယ်မေးခွန်းပေါ်ပေါက်စေခဲ့သနည်း။ (ခ) ယင်း ‘မြင့်မြတ်သောလျှို့ဝှက်ချက်’ ကို မည်သို့ဖော်ထုတ်ခဲ့သနည်း။

စုံလင်သောသူအာဒံ အပြစ်ပြုပြီးနောက် နှစ်ထောင်ချီကြာကာလအတွင်း “လူသားတစ်ဦးဦးသည် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို စုံလင်စွာတင်ပြနိုင်သလော” ဟူသည့်မေးခွန်း ပေါ်ပေါက်ခဲ့သည်။ ရာစုနှစ်များတစ်လျှောက်တွင် အပြစ်ရှိသောမည်သည့်လူသားမျှ ဘုရားသခင်ဝတ်၌မွေ့လျော်သည့်အသက်တာကို စုံလင်စွာမတင်ပြနိုင်ခဲ့ပါ။ သို့သော် အချိန်တန်သည့်အခါ ယေဟောဝါသည် ယင်း ‘မြင့်မြတ်သောလျှို့ဝှက်ချက်’ ကိုဖော်ထုတ်ခဲ့သည်။ ကိုယ်တော်သည် မိမိ၏တစ်ပါးတည်းသော ကောင်းကင်သားတော်၏အသက်ကို မာရိ၏သားအိမ်ထဲပြောင်းရွှေ့ပေးကာ စုံလင်သည့်လူသားတစ်ဦးအနေနှင့် မွေးဖွားစေခဲ့သည်။ ယေရှုသည် အရှက်တကွဲသေရသည့်အဖြစ်အပါအဝင် ကိုယ်တော်၏မြေကြီးအသက်တာတစ်လျှောက်လုံးတွင် မှန်သောဘုရားသခင်အပေါ် ထက်သန်စွာအပ်နှံပြီး အပြည့်အဝတည်ကြည်ခြင်းသည် အဘယ်အရာဆိုလိုကြောင်း တင်ပြခဲ့သည်။ ကိုယ်တော်၏ဆုတောင်းချက်များက ကိုယ်တော်သည် မိမိ၏မေတ္တာရှင်ကောင်းကင်ခမည်းတော်အား အလွန်ကြည်ညိုလေးမြတ်ကြောင်း ဖော်ပြသည်။ (မ. ၁၁:၂၅; ယော. ၁၂:၂၇၊ ၂၈) ထို့ကြောင့် ယေရှု၏အသက်တာလမ်းစဉ်ပုံသက်သေကို ဖော်ပြရာတွင် “မှန်သောကိုးကွယ်ခြင်း” သို့မဟုတ် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း အကြောင်းပြောရန် ပေါလုအား ယေဟောဝါမှုတ်သွင်းတော်မူခဲ့သည်။—၁ တိမောသေ ၃:၁၆ ကိုဖတ်ပါ။

၉။ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို မည်သို့ မီအောင်လိုက်နိုင်သနည်း။

ကျွန်ုပ်တို့သည် မစုံလင်မှုအခြေအနေကြောင့် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို စုံလင်စွာမတင်ပြနိုင်ကြပါ။ သို့သော် ယင်းကို ကျွန်ုပ်တို့ မီအောင်လိုက်နိုင်ကြသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ပုံသက်သေကို တတ်နိုင်သရွေ့ အနီးကပ်လိုက်လျှောက်ဖို့လိုသည်။ (၁ ပေ. ၂:၂၁) သို့ဖြင့် ကျွန်ုပ်တို့သည် ‘ဘုရားသခင်ဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ’ အယောင်ဆောင်တို့နှင့် တူကြမည်မဟုတ်ပါ။ (၂ တိ. ၃:၄-၅) ယင်းက ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းအစစ်အမှန်မှာ အပြင်ပန်းအသွင်အပြင်နှင့် လုံးဝမပတ်သက်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ အပြင်ပန်းအသွင်အပြင် အမှန်ပင် ပါဝင်ပတ်သက်သည်။ ဥပမာ၊ မင်္ဂလာဝတ်စုံတစ်ခုကို ရွေးချယ်သည်ဖြစ်စေ၊ ဈေးဝယ်ထွက်စဉ် ဘယ်အရာဝတ်ဆင်မည်ကို ဆုံးဖြတ်သည်ဖြစ်စေ ကျွန်ုပ်တို့၏အသွင်အပြင်သည် “ဘုရားသခင်အား ရိုသေလေးမြတ်” သည်ဟူသည့် ကျွန်ုပ်တို့၏အဆိုနှင့် အမြဲကိုက်ညီသင့်သည်။ (၁ တိ. ၂:၉၊ ၁၀) မှန်ပါသည်၊ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို မီအောင်လိုက်ရာတွင် ဘုရားသခင်၏ ဖြောင့်မတ်သောစံနှုန်းများကို ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ထည့်သွင်းစဉ်းစားဖို့လိုသည်။

“ယုံကြည်ခြင်း . . . ကို မီအောင်လိုက်ကြလော့”

၁၀။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲနေစေရန် အဘယ်အရာပြုလုပ်ရမည်နည်း။

၁၀ ရောမ ၁၀:၁၇ ကိုဖတ်ပါ။ ခရစ်ယာန်တစ်ဦးသည် ခိုင်မြဲသည့်ယုံကြည်ခြင်းကိုပိုင်ဆိုင်ပြီး ယင်းကိုထိန်းသိမ်းစောင့်ရှောက်ရန် ဘုရားသခင့်နှုတ်မြွက်စကားတော်တွင်တွေ့ရသော အဖိုးထိုက်အမှန်တရားများကို ဆက်၍တွေးတောဆင်ခြင်နေရမည်။ ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ သည် ကျွန်ုပ်တို့အတွက် ကောင်းမွန်လှသော စာပေများစွာ ပြင်ဆင်ပေးသည်။ ထူးခြားသောစာအုပ်သုံးအုပ်မှာ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား၊ ကြီးမြတ်သောဆရာထံမှ သင်ယူလော့နှင့် “ငါ့နောက်သို့လိုက်လော့” တို့ဖြစ်ပြီး ယင်းတို့သည် ကျွန်ုပ်တို့ ခရစ်တော်ကိုပို၍သိကျွမ်းဖို့ အထောက်အကူဖြစ်စေရန် ရည်ရွယ်ထုတ်ဝေထားခြင်းဖြစ်ရာ ကိုယ်တော်ကိုတုပနိုင်စေသည်။ (မ. ၂၄:၄၅-၄၇) ကျွန်အတန်းအစားသည် အစည်းအဝေးများ၊ စည်းဝေးပွဲများ၊ စည်းဝေးကြီးများကိုလည်း စီစဉ်ပေးပြီး ယင်းစည်းဝေးများစွာတွင် “ခရစ်တော်နှင့်ဆိုင်သော တရားစကား” [ကဘ] ကိုအလေးပေးဖော်ပြသည်။ သင်သည် ဘုရားသခင်ပြင်ဆင်ပေးရာတို့ကို “ခါတိုင်းထက် သာ၍အာရုံစိုက်” ခြင်းမှ အကျိုးကျေးဇူးပို၍ရနိုင်သည့် နည်းလမ်းတစ်စုံတစ်ရာကို တွေ့မြင်ပါသလော။—ဟေဗြဲ ၂:၁ကဘ။

၁၁။ ယုံကြည်ခြင်းကိုမီအောင်လိုက်ရာတွင် ဆုတောင်းခြင်းနှင့် နာခံခြင်းသည် အဘယ်ကဏ္ဍမှ ပါဝင်သနည်း။

၁၁ ခိုင်မြဲသည့်ယုံကြည်ခြင်းကိုတည်ဆောက်ရာတွင် ဆုတောင်းခြင်းသည် နောက်ထပ်အကူအညီတစ်ခုဖြစ်သည်။ တစ်ခါက ယေရှု၏နောက်လိုက်များသည် ကိုယ်တော်အား “အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါ” ဟုတောင်းဆိုခဲ့ကြသည်။ ကျွန်ုပ်တို့လည်း ဘုရားသခင်ထံ နှိမ့်ချစွာအလားတူတောင်းဆိုနိုင်သည်။ (လု. ၁၇:၅) ယုံကြည်ခြင်းသည် “ဝိညာဉ်ပကတိ၏အကျိုး” တွင် အသွင်အပြင်တစ်ခုဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းပိုတိုးပွားစေရန် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော် အကူအညီကို တောင်းလျှောက်သင့်သည်။ (ဂလ. ၅:၂၂) ထို့ပြင် ဘုရားသခင့်ပညတ်များကို နာခံခြင်းသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းတွင် ပို၍ပါဝင်နိုင်ကြသည်။ ယင်းက ပျော်ရွှင်မှုများစွာခံစားရစေမည်။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာ” ခြင်းမှရသည့် ကောင်းချီးများကို စဉ်းစားတွေးတောခြင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေမည်။—မ. ၆:၃၃

“ချစ်ခြင်း . . . ကို မီအောင်လိုက်ကြလော့”

၁၂၊ ၁၃။ (က) ယေရှု၏ပညတ်သစ်မှာ အဘယ်နည်း။ (ခ) ခရစ်တော်ကဲ့သို့သောမေတ္တာကို အဘယ်အရေးကြီးသောနည်းလမ်းများဖြင့် ကျွန်ုပ်တို့မီအောင်လိုက်ရမည်နည်း။

၁၂ ၁ တိမောသေ ၅:၁၊ ၂ ကိုဖတ်ပါ။ ခရစ်ယာန်များသည် တစ်ဦးကိုတစ်ဦး မည်သို့မေတ္တာပြနိုင်ပုံနှင့်ပတ်သက်၍ လက်တွေ့ကျဆုံးမစကားကို ပေါလုပေးခဲ့သည်။ ကျွန်ုပ်တို့၏ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းတွင် ကျွန်ုပ်တို့ကို ယေရှုချစ်တော်မူသည့်နည်းတူ “အချင်းချင်းချစ်ကြလော့” ဟူသောပညတ်သစ်ကိုနာခံခြင်း ပါဝင်ရမည်။ (ယော. ၁၃:၃၄) တမန်တော်ယောဟန်က ဤသို့ဖော်ပြခဲ့၏– ‘အကြင်သူသည် လောကစည်းစိမ်ဥစ္စာရှိလျက်ပင် မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍ သနားခြင်းစိတ်ကိုချုပ်တည်း၏၊ ထိုသူ၌ ဘုရားသခင်၏မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း။’ (၁ ယော. ၃:၁၇) လက်တွေ့ကျနည်းဖြင့် မေတ္တာတင်ပြခဲ့သည့်အဖြစ်အပျက်ကို သင်သတိရပါသလော။

၁၃ မေတ္တာကိုမီအောင်လိုက်နိုင်သည့် နောက်နည်းတစ်နည်းမှာ ကျွန်ုပ်တို့၏ညီအစ်ကိုများအပေါ် အငြိုးမသိုထားဘဲ ခွင့်လွှတ်ခြင်းအားဖြင့်ဖြစ်သည်။ (၁ ယောဟန် ၄:၂၀ ကိုဖတ်ပါ။) ယင်းအစား ကျွန်ုပ်တို့သည် ဤမှုတ်သွင်းခံဆုံးမစကားကို လိုက်လျှောက်လိုကြ၏– ‘တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ယေဟောဝါသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။’ (ကော. ၃:၁၃) ဤဆုံးမစကားကို သင်လက်တွေ့တင်ပြနိုင်မည့်သူတစ်ဦးဦး အသင်းတော်အတွင်း ရှိပါသလော။ ထိုသူကို သင်ခွင့်လွှတ်မည်လော။

‘ခံနိုင်ရည်ရှိခြင်း . . . ကို မီအောင်လိုက်ကြလော့’

၁၄။ ဖိလဒေလဖိအသင်းတော်မှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

၁၄ ရေတိုပန်းတိုင်တစ်ခုကို ကြိုးစားဆောင်ရွက်ခြင်းသည် တစ်ကဏ္ဍဖြစ်ပြီး ပန်းတိုင်တစ်ခုသည် ကျွန်ုပ်တို့မီရန်ခက်ခဲသည် သို့မဟုတ် ကျွန်ုပ်တို့မျှော်လင့်ထားသည်ထက် ပို၍ဝေးလွန်းသည့်အခါ နောက်ထပ်တစ်ကဏ္ဍဖြစ်သည်။ ထာဝရအသက်ပန်းတိုင်ကို မီအောင်လိုက်ခြင်းသည် ခံနိုင်ရည်ရှိဖို့လိုသည်မှာ ရှင်းနေပါသည်။ ‘သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်မြွက်တရားကို စောင့်ရှောက်သောကြောင့် . . . စုံစမ်းရာကာလတွင် သင့်ကို ငါစောင့်ရှောက်မည်’ ဟု ဖိလဒေလဖိအသင်းတော်ကို သခင်ယေရှုမိန့်တော်မူခဲ့၏။ (ဗျာ. ၃:၁၀) မှန်ပါသည်၊ ယေရှုသည် ခံနိုင်ရည်ရှိဖို့လိုကြောင်း သွန်သင်တော်မူခဲ့သည်—ယင်းအရည်အချင်းသည် စုံစမ်းမှုများနှင့် သွေးဆောင်မှုများကြုံရချိန်တွင် လက်မလျော့ရန် အထောက်အကူပြုသည်။ ပထမရာစု ဖိလဒေလဖိအသင်းတော်ရှိ ညီအစ်ကိုများသည် ယုံကြည်ခြင်းစမ်းသပ်မှုများစွာကို ထူးခြားစွာ ခံနိုင်ရည်တင်ပြခဲ့ကြရမည်ဖြစ်သည်။ ထို့ကြောင့် ယေရှုက နောက်ကြုံရမည့် သာ၍ကြီးမားသောစမ်းသပ်ရာကာလအတွင်း နောက်ထပ်ကူညီမည်ဟု စိတ်ချစေခဲ့သည်။—လု. ၁၆:၁၀

၁၅။ ခံနိုင်ရည်အကြောင်း ယေရှုအဘယ်အရာ သွန်သင်ခဲ့သနည်း။

၁၅ ယေရှုက မိမိ၏နောက်လိုက်များသည် မယုံကြည်သူဆွေမျိုးများနှင့် လောကရှိလူတို့၏ မုန်းတီးခြင်းကို ခံရမည်ဖြစ်ကြောင်း ကိုယ်တော်သိထားသောကြောင့် သူတို့ကို အနည်းဆုံးနှစ်ကြိမ် ဤသို့အားပေးခဲ့၏– “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည် [“ခံနိုင်ရည်ရှိ၊” ကဘ] ၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” (မ. ၁၀:၂၂; ၂၄:၁၃) ယေရှုသည် ထိုအချိန်က ကိုယ်တော်၏တပည့်များ ခံနိုင်ရည်ရှိရန် လိုအပ်သောခွန်အား မည်သို့ရနိုင်ပုံကိုလည်း ဖော်ပြခဲ့သည်။ ဥပမာတစ်ခုတွင် ဘုရားသခင်၏ “တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့်ခံယူ” သော်လည်း ယုံကြည်ခြင်းစမ်းသပ်မှုနှင့် ရင်ဆိုင်ရချိန်တွင် ဖောက်ပြန်သွားသူတို့ကို ကျောက်ပေါသောမြေနှင့် နှိုင်းယှဉ်ခဲ့သည်။ သို့သော် ကိုယ်တော့်အပေါ်တည်ကြည်သော နောက်လိုက်များသည် ဘုရားသခင်၏တရားစကားကို “စွဲလမ်း” ပြီး “မြဲမြံစွာအသီးသီး” သည့်ကောင်းသောမြေနှင့် နှိုင်းယှဉ်ခဲ့သည်။—လု. ၈:၁၃၊ ၁၅

၁၆။ သန်းနှင့်ချီသောသူတို့ကို ခံနိုင်ရည်ရှိစေရန် အဘယ်မေတ္တာပါပြင်ဆင်ပေးချက်က အထောက်အကူပြုသနည်း။

၁၆ ခံနိုင်ရည်ရှိစေသည့် လျှို့ဝှက်ချက်ကို သင်သတိပြုမိပါသလော။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်တရားတော်ကို ကျွန်ုပ်တို့၏စိတ်နှလုံးအတွင်း ရှင်သန်စေခြင်းဖြင့် ယင်းကို “စွဲလမ်း” ရမည်ဖြစ်သည်။ ဘာသာစကားများစွာဖြင့် ရရှိနိုင်ပြီဖြစ်သော တိကျပြီးဖတ်ရလွယ်သည့် သမ္မာကျမ်းစာဘာသာပြန်ကျမ်းတစ်ခုဖြစ်သော ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာရှိခြင်းသည် ယင်းသို့ပြုလုပ်ရန် လွယ်ကူစေသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော် အပိုင်းတစ်ပိုင်းကို နေ့စဉ်တွေးတောဆင်ခြင်ခြင်းက “မြဲမြံစွာ” သို့မဟုတ် ခံနိုင်ရည်ဖြင့်အသီးသီးနေရန် လိုအပ်သောခွန်အားရရှိဖို့ အထောက်အကူပြုမည်။—ဆာ. ၁:၁၊ ၂

“နူးညံ့သိမ်မွေ့ခြင်း” နှင့် အသင့်အတင့်နေခြင်းကို “မီအောင်လိုက်ကြလော့”

၁၇။ (က) “နူးညံ့သိမ်မွေ့ခြင်း” သည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။ (ခ) ယေရှုသည် နူးညံ့သိမ်မွေ့သူဖြစ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။

၁၇ မိမိမပြောသည့် သို့မဟုတ် မလုပ်သည့်အရာနှင့်ပတ်သက်၍ စွပ်စွဲခံရသည်ကို မည်သူမျှမနှစ်သက်ကြချေ။ မဟုတ်မမှန်သည့်ဝေဖန်ပြစ်တင်မှုကို အများအားဖြင့် စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ချေပတတ်ကြသည်။ “နူးညံ့သိမ်မွေ့ခြင်း” ကိုတင်ပြခြင်းသည် အခြေအနေကို ပို၍ကောင်းမွန်စေသည်။ (သု. ၁၅:၁ ကိုဖတ်ပါ။) မဟုတ်မမှန်ပြစ်တင်ဝေဖန်မှုကို ဖြေရှင်းချိန်တွင် နူးညံ့သိမ်မွေ့ရန်မှာ ခွန်အားများစွာလိုသည်။ ယင်းနှင့်ပတ်သက်၍ ယေရှုခရစ်သည် စုံလင်သည့်ပုံသက်သေကိုပြခဲ့သည်။ “ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု။ တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ်အပ်နှံတော်မူ၏။” (၁ ပေ. ၂:၂၃) ယေရှုပြုခဲ့သည့်အတိုင်းလုပ်ဆောင်ရန် ကျွန်ုပ်တို့ မမျှော်လင့်နိုင်ပါ၊ သို့သော် နူးညံ့သိမ်မွေ့မှုတင်ပြသည့် အတိုင်းအတာကို တိုးတက်စေနိုင်မည်လော။

၁၈။ (က) နူးညံ့သိမ်မွေ့ခြင်းသည် အဘယ်ကောင်းသောအမှုကို ဖြစ်မြောက်အောင်မြင်စေသနည်း။ (ခ) ကျွန်ုပ်တို့မီအောင်လိုက်ရန် အားပေးထားသည့် အခြားအရည်အသွေးမှာ အဘယ်နည်း။

၁၈ ယေရှုကိုတုပသည့်အနေနှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအကြောင်းကို “နူးညံ့သိမ်မွေ့၊ ရိုသေလေးစားစွာဖြေကြား” ရန် “အခါခပ်သိမ်းအသင့်ရှိနေ” နိုင်ကြပါစေ။ (၁ ပေ. ၃:၁၅ကဘ) မှန်ပါသည်၊ ကျွန်ုပ်တို့သည် နူးညံ့သိမ်မွေ့သူဖြစ်ပါက ကျွန်ုပ်တို့၏ဓမ္မအမှုတွင် တွေ့ဆုံသည့်သူနှင့်ဖြစ်စေ၊ ယုံကြည်သူချင်းတို့နှင့်ဖြစ်စေ ဒေါသဖြင့်အငြင်းပွားမှုဖြစ်စေသည့် သဘောထားကွဲလွဲမှုများကို တားဆီးပေးနိုင်သည်။ (၂ တိ. ၂:၂၄၊ ၂၅) နူးညံ့သိမ်မွေ့ခြင်းသည် သင့်တင့်ငြိမ်ဝပ်မှုကိုဖြစ်စေရန် အထောက်အကူပြုသည်။ သို့ဖြစ်၍ ပေါလုက တိမောသေထံရေးသော သူ၏ဒုတိယစာတွင် မီအောင်လိုက်ရမည့် အရည်အသွေးများထဲတွင် “အသင့်အတင့်နေခြင်း” ကိုထည့်သွင်းခဲ့ပုံရသည်။ (၂ တိ. ၂:၂၂; ၁ တိမောသေ ၆:၁၁ နှင့်နှိုင်းယှဉ်ပါ။) မှန်ပါသည်၊ “အသင့်အတင့်နေခြင်း” သည် ကျွန်ုပ်တို့မီအောင်လိုက်ရန် ကျမ်းစာကအားပေးသည့် နောက်ထပ်အရည်အသွေးတစ်ခုဖြစ်သည်။—ဆာ. ၃၄:၁၄; ဟေဗြဲ ၁၂:၁၄

၁၉။ ခရစ်ယာန်အရည်အသွေးခုနစ်ခုကို သုံးသပ်ပြီးနောက် အဘယ်အရာကိုမီအောင်လိုက်ရန် သင်စိတ်ဆုံးဖြတ်ထားသနည်း၊ အဘယ်ကြောင့်နည်း။

၁၉ ကျွန်ုပ်တို့မီအောင်လိုက်ရမည့် ခရစ်ယာန်အရည်အသွေးခုနစ်ခု—ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် အသင့်အတင့်နေခြင်းတို့ကို အကျဉ်းချုပ်သုံးသပ်ခဲ့ပြီဖြစ်သည်။ ယင်းအဖိုးထိုက်အရည်အသွေးများကို ပို၍အပြည့်အဝတင်ပြရန် ကြိုးစားနေကြသည့် ညီအစ်ကို၊ ညီအစ်မများ အသင်းတော်တိုင်းတွင်ရှိသည်မှာ ကောင်းချီးတစ်ခုပင်! ယင်းသည် ယေဟောဝါအား ဂုဏ်တင်စေမည်ဖြစ်ပြီး ကိုယ်တော်အားချီးမွမ်းစရာဖြစ်စေရန် ကျွန်ုပ်တို့တစ်ဦးစီကိုပုံသွင်းဖို့ ကိုယ်တော်အားခွင့်ပြုခြင်းဖြစ်သည်။

တွေးတောဆင်ခြင်ရန်အချက်များ

• ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို မီအောင်လိုက်ခြင်းတွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။

• ယုံကြည်ခြင်းနှင့် ခံနိုင်ရည်ရှိခြင်းကို မီအောင်လိုက်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ထောက်ကူမည်နည်း။

• တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရာတွင် ချစ်ခြင်းက ကျွန်ုပ်တို့အပေါ် မည်သို့သက်ရောက်မှုရှိသင့်သနည်း။

• နူးညံ့သိမ်မွေ့ခြင်းနှင့် အသင့်အတင့်နေခြင်းကို အဘယ်ကြောင့် မီအောင်လိုက်ဖို့လိုသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၂ ပါပုံစာ]

လူများအထင်ကြီးစေရန် ဖြောင့်မတ်ဟန်ဆောင်ခြင်းမပြုဖို့ ယေရှုသတိပေးခဲ့

[စာမျက်နှာ ၁၃ ပါပုံစာ]

ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အမှန်တရားများကို တွေးတောဆင်ခြင်ခြင်းဖြင့် ယုံကြည်ခြင်းကို မီအောင်လိုက်နိုင်

[စာမျက်နှာ ၁၅ ပါပုံစာ]

ချစ်ခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းကို ကျွန်ုပ်တို့ မီအောင်လိုက်နိုင်