မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် အခြားသူများကို လန်းဆန်းစေ သလော

သင်သည် အခြားသူများကို လန်းဆန်းစေ သလော

သင်သည် အခြားသူများကို လန်းဆန်းစေ သလော

လက်ဘနွန်တောင်ကြော၏ တောင်ဘက်စွန်းတွင် ဟေရမုန်တောင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၉,၂၃၂ ပေမြင့်သည်။ ဟေရမုန်တောင်ထိပ်သည် တစ်နှစ်လုံးနီးပါး ဆီးနှင်းဖုံးနေသောကြောင့် ယင်းကိုဖြတ်သန်းသွားသော ညလေနွေးများကို သိပ်သည်းစေပြီး နှင်းများဖြစ်ပေါ်စေသည်။ ထိုအခါ တောင်စောင်းရှိ ထင်းရှူးပင်များနှင့် သီးပင်များ၊ ပိုနိမ့်သောနေရာရှိ စပျစ်ခြံများပေါ် နှင်းများကျလာသည်။ ရှေးခေတ်ဣသရေလနိုင်ငံ၏ ခြောက်သွေ့သောရာသီအတွင်း သီးပင်စားပင်များသည် အစိုဓာတ်ကို ထိုလန်းဆန်းစေသည့်နှင်းမှ အဓိကရရှိသည်။

ဘုရားသခင့်လှုံ့ဆော်မှုဖြင့်ရေးသားသော ဆာလံကျမ်းတွင် ယေဟောဝါအားဝတ်ပြုသူများ၏ လန်းဆန်းဖွယ်စည်းလုံးမှုကို “ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးပေါ်သို့ကျသော နှင်းကဲ့သို့ဖြစ်၏” ဟုခိုင်းနှိုင်းထားသည်။ (ဆာလံ ၁၃၃:၁၊) ဟေရမုန်တောင်သည် သီးပင်စားပင်များ လန်းဆန်းစေရန် နှင်းကျစေသကဲ့သို့ ကျွန်ုပ်တို့လည်း တွေ့ဆုံရသူများကို လန်းဆန်းစေနိုင်သည်။ မည်သို့အားဖြင့်နည်း။

ယေရှု၏လန်းဆန်းစေသောပုံသက်သေ

ယေရှုခရစ်သည် အခြားသူတို့အပေါ် ကောင်းကျိုးများစွာသက်ရောက်စေခဲ့၏။ ကိုယ်တော်နှင့် ခဏတာတွေ့ဆုံရလျှင်ပင် များစွာလန်းဆန်းမှုရရှိနိုင်သည်။ ဥပမာ၊ ခရစ်ဝင်ကျမ်းရေးသူမာကုက ယေရှုသည် “သူငယ်တို့ကိုချီပိုက်၍ သူတို့အပေါ်မှာလက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏” ဟုဖော်ပြခဲ့သည်။ (မာကု ၁၀:၁၆) ယင်းက ထိုကလေးများကို အလွန်လန်းဆန်းစေပေမည်။

မြေကြီးအသက်တာ နောက်ဆုံးညတွင် ယေရှုသည် တပည့်များ၏ခြေကို ဆေးပေးခဲ့သည်။ ကိုယ်တော်၏နှိမ့်ချမှုသည် သူတို့၏နှလုံးသားကို အမှန်ထိမိခဲ့ပေမည်။ ထို့နောက် ကိုယ်တော်က “ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ” ဟုမိန့်ဆိုသည်။ (ယောဟန် ၁၃:၁-၁၇) မှန်ပါသည်၊ သူတို့လည်း နှိမ့်ချဖို့လိုအပ်၏။ တမန်တော်များသည် ယေရှု၏စကားကို ချက်ချင်းသဘောမပေါက်သဖြင့် ထိုနေ့ညတွင်ပင် မည်သူအကြီးမြတ်ဆုံးဖြစ်သည်ကို ထပ်မံငြင်းခုံကြပြန်သည်။ သို့သော် ယေရှု အမျက်မထွက်ခဲ့ပေ။ ယင်းအစား သူတို့ကို စိတ်ရှည်စွာ ကျိုးကြောင်းရှင်းပြခဲ့သည်။ (လုကာ ၂၂:၂၄-၂၇) ထို့ပြင် ကိုယ်တော်သည် “ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု။ တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ်အပ်နှံတော်မူ၏။” ယေရှု၏လန်းဆန်းစေသောပုံသက်သေကို အမှန်တုပထိုက်ပါသည်။—၁ ပေတရု ၂:၂၁၊ ၂၃

ယေရှု ဤသို့မိန့်ဆို၏– “ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။” (မဿဲ ၁၁:၂၉) ယေရှု၏သွန်သင်မှုကို ကိုယ်တိုင်ကြားနာနေရသည်ဟု စိတ်ကူးကြည့်ပါ။ ကိုယ်တော်၏ဇာတိမြို့မှ လူများသည် တရားဇရပ်တွင် ကိုယ်တော်၏သွန်သင်မှုကို ကြားနာပြီးနောက် “ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးကိုလည်းကောင်း အဘယ်မှာရသနည်း” ဟုတအံ့တသြဆိုခဲ့ကြသည်။ (မဿဲ ၁၃:၅၄) ယေရှုဘဝနှင့်ဓမ္မအမှုအကြောင်း ဖတ်ရှုခြင်းက အခြားသူများကို လန်းဆန်းစေနိုင်ပုံနှင့်ပတ်သက်၍ များစွာသွန်သင်ပေးနိုင်သည်။ ယေရှုသည် တည်ဆောက်မှုဖြစ်စေသောအပြောအဆိုနှင့် အခြားသူတို့ကိုကူညီပေးခြင်းတို့တွင် မည်သို့ပုံသက်သေကောင်းချမှတ်ခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။

တည်ဆောက်မှုဖြစ်စေသောစကား ပြောဆိုခြင်း

အဆောက်အအုံတစ်လုံးကို ဖြိုချခြင်းသည် အသစ်ဆောက်လုပ်ခြင်းထက် များစွာလွယ်ကူသည်။ ထိုမူသည် ကျွန်ုပ်တို့၏အပြောအဆိုနှင့်လည်း သက်ဆိုင်၏။ မစုံလင်သောလူသားများအနေဖြင့် ကျွန်ုပ်တို့အားလုံးတွင် အားနည်းချက်၊ ချို့ယွင်းချက်များရှိသည်။ ဘုရင်ရှောလမုန်က “အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သော သူတော်ကောင်း တစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာမရှိ” ဟုဆိုခဲ့၏။ (ဒေ. ၇:၂၀) အခြားသူတစ်ဦး၏အားနည်းချက်များကို ဖော်ပြပြီး ထိခိုက်နစ်နာစေသောစကားများဖြင့် ချိုးချိုးဖဲ့ဖဲ့ပြောဆိုရန် လွယ်ကူသည်။ (ဆာလံ ၆၄:၂-၄) သို့သော် တည်ဆောက်မှုဖြစ်စေသောစကားကို ပြောဆိုရန်မှာ မလွယ်ကူပေ။ ကြိုးစားအားထုတ်မှုလိုအပ်၏။

ယေရှုသည် မိမိ၏အပြောအဆိုဖြင့် လူတို့ကို တည်ဆောက်ပေးခဲ့သည်။ သတင်းကောင်းဟောပြောခြင်းဖြင့် လူတို့ကို လန်းဆန်းစေခဲ့၏။ (လုကာ ၈:၁) ထို့ပြင် တပည့်များကို ကောင်းကင်ခမည်းတော်အကြောင်း ပြောပြခြင်းဖြင့်လည်း လန်းဆန်းစေခဲ့သည်။ (မဿဲ ၁၁:၂၅-၂၇) ထို့ကြောင့် ယေရှုထံ လူတို့ချဉ်းကပ်လိုကြခြင်းမှာ အံ့ဩစရာမဟုတ်ပေ။

သို့သော် ကျမ်းတတ်များနှင့်ဖာရိရှဲများသည် အခြားသူတို့၏လိုအပ်ရာကို ထည့်မစဉ်းစားကြပေ။ သူတို့သည် “ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကို . . . နှစ်သက်ကြ၏” ဟုယေရှုဆိုခဲ့သည်။ (မဿဲ ၂၃:၆-၇) သူတို့သည် သာမန်လူတို့ကို အထင်သေးပြီး “တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကိုခံရသောသူဖြစ်သည်” ဟုဆိုကြ၏။ (ယောဟန် ၇:၄၉) ထိုသဘောထားက လူတို့ကို လန်းဆန်းမှုမဖြစ်စေသည်မှာ သေချာသည်။

ကျွန်ုပ်တို့၏အပြောအဆိုသည် စိတ်ထဲတွင်ရှိသောအရာနှင့် အခြားသူများအပေါ်ရှုမြင်ပုံကို ဖော်ပြလေ့ရှိ၏။ “ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောမိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲက မကောင်းသောအရာကို ထုတ်ဖော်တတ်၏။ အကြောင်းမူကား စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏” ဟုယေရှုမိန့်ဆိုခဲ့သည်။ (လုကာ ၆:၄၅) သို့ဆိုလျှင် ကျွန်ုပ်တို့၏အပြောအဆိုဖြင့် အခြားသူများကို လန်းဆန်းစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။

တစ်ချက်အနေနှင့်၊ စကားမပြောမီ စဉ်းစားပါ။ “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာဆင်ခြင်တတ်၏” ဟု နယပုံပြင် ၁၅:၂၈ ကဆိုသည်။ ထိုသို့စဉ်းစားရန် အချိန်များစွာမလိုပေ။ မည်သို့သောအပြောအဆိုက လန်းဆန်းမှုဖြစ်စေမည်ကို အနည်းငယ်ကြိုတင်စဉ်းစားရုံဖြင့် ဆုံးဖြတ်နိုင်လေ့ရှိသည်။ ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးနိုင်၏– ‘အခု ငါပြောမယ့်စကားက မေတ္တာပါရဲ့လား။ မှန်ကန်ရဲ့လား ဒါမှမဟုတ် ကောလာဟလစကားလား။ ဒီ “အချိန်” မှာ ဒီစကားမျိုး ပြောသင့်သလား။ အပြောခံရတဲ့သူအတွက် လန်းဆန်းပြီး တည်ဆောက်မှုဖြစ်မလား။’ (သု. ၁၅:၂၃) ထိုစကားသည် တည်ဆောက်မှုမဖြစ်ဘဲ ပြောသင့်သောအချိန်လည်းမဟုတ်ပါက နှုတ်ဆိတ်နေနိုင်ရန် ကြိုးစားကြပါစို့။ ထို့ထက်ပိုကောင်းသည်မှာ တည်ဆောက်မှုဖြစ်စေပြီး သင့်တော်သောစကားကို ပြောဆိုပါလေ။ မစဉ်းစားမဆင်ခြင်ဘဲပြောသောစကားသည် “သန်လျက်နှင့်ထိုးသကဲ့သို့” ဖြစ်စေပြီး တည်ဆောက်မှုဖြစ်စေသောစကားမူကား “အနာကိုပင်ပျောက်စေတတ်၏။”—သု. ၁၂:၁၈

ဒုတိယအနေနှင့်၊ ကျွန်ုပ်တို့၏ယုံကြည်သူချင်းများအား ဘုရားသခင့်ရှေ့တော်၌တန်ဖိုးရှိစေသော အချက်များကို အာရုံစိုက်ပါ။ “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်” ဟုယေရှုဆိုသည်။ (ယောဟန် ၆:၄၄) ယေဟောဝါသည် မိမိသစ္စာရှိကျေးကျွန်တစ်ဦးစီ၏ အရည်အချင်းကောင်းများကို မြင်တော်မူသည်။ ပေါင်းသင်းရခက်သောစရိုက်ရှိသည်ဟု ကျွန်ုပ်တို့ယူဆသူများကိုပင် ကိုယ်တော် တန်ဖိုးထားသည်။ သူတို့၏အရည်အသွေးကောင်းများကို တွေ့မြင်ရန် ကြိုးစားခြင်းဖြင့် တည်ဆောက်မှုဖြစ်စေသောစကားများ ပြောဆိုနိုင်ပါလိမ့်မည်။

အခြားသူများကို ကူညီပေးခြင်း

ဖိနှိပ်ခံရသူတို့၏အခြေအနေကို ယေရှု ကောင်းစွာနားလည်သည်။ ယေရှုသည် “လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။” (မဿဲ ၉:၃၅-၃၆) သို့သော် ယေရှုသည် သူတို့၏သနားစဖွယ်အခြေအနေကို တွေ့မြင်ရုံသက်သက်မဟုတ်ဘဲ သူတို့ကို တစ်နည်းနည်းဖြင့် ကူညီပေးခဲ့၏။ “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် [“လန်းဆန်းစေမည်၊” ကဘ]” ဟုဖိတ်ခေါ်ပြီး “ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟုကတိပေးခဲ့သည်။—မဿဲ ၁၁:၂၈၊ ၃၀

ယနေ့ ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ” တွင် အသက်ရှင်နေရ၏။ (၂ တိမောသေ ၃:၁) လူများစွာသည် ‘လောကအမှု၌စိုးရိမ်ခြင်း’ ဖြင့် ဝန်လေးပင်ပန်းနေကြသည်။ (မဿဲ ၁၃:၂၂) အခြားသူများမူ စိတ်ပျက်ဖွယ် ကိုယ်ရေးကိုယ်တာပြဿနာများကြောင့် ဝန်ပိနေကြသည်။ (၁ သက်သာလောနိတ် ၅:၁၄) ထိုသူတို့ကို မည်သို့လန်းဆန်းစေနိုင်သနည်း။ ခရစ်တော်ကဲ့သို့ပင် ကျွန်ုပ်တို့လည်း သူတို့၏ဝန်ကိုပေါ့စေရန် ကူညီပေးနိုင်သည်။

အချို့သူတို့သည် မိမိတို့၏ပြဿနာများအကြောင်း ရင်ဖွင့်ပြောဆိုခြင်းဖြင့် စိတ်ပေါ့ပါးမှုခံစားရသည်။ ထို့ကြောင့် စိတ်ဓာတ်ကျနေသူများ ကျွန်ုပ်တို့ထံလာ၍ပြောဆိုသောအခါ အချိန်ပေးပြီး ဂရုစိုက်နားထောင်သလော။ ကိုယ်ချင်းစာစိတ်ဖြင့် နားထောင်နိုင်ရန် ကိုယ့်ကိုယ်ကိုကြပ်မတ်ဖို့လိုသည်။ မည်သို့ပြန်ပြောရမည် သို့မဟုတ် ပြဿနာကို မည်သို့ဖြေရှင်းပေးရမည်ကို စဉ်းစားနေမည့်အစား ထိုသူပြောဆိုရာကို အာရုံစိုက်နားထောင်ပါ။ အာရုံစိုက်နားထောင်ခြင်း၊ ပြောဆိုနေသူကို ကြည့်နေခြင်း၊ သင့်လျော်သောအခါ ပြုံးခြင်းဖြင့် ဂရုစိုက်ကြောင်း ပြသနိုင်သည်။

ခရစ်ယာန်အသင်းတော်တွင် ယုံကြည်သူချင်းများကို အားပေးရန် အခွင့်အရေးများစွာရှိပါသည်။ ဥပမာ၊ ကျန်းမာရေးပြဿနာနှင့် လုံးပန်းနေရသူများကို အစည်းအဝေးများတွင် အာရုံစိုက်နိုင်သည်။ အစည်းအဝေးမတိုင်မီနှင့်ပြီးနောက်တွင် မိနစ်အနည်းငယ် အားပေးစကားပြောခြင်းဖြင့် သူတို့ကို တည်ဆောက်ပေးနိုင်သည်။ စာအုပ်ကြီးသင်တန်းပျက်သူများကိုလည်း သတိပြုကြည့်နိုင်သည်။ သူတို့ထံဖုန်းဆက်ပြီး သူတို့ကောင်းကျိုးကို စိတ်ဝင်စားကြောင်း ပြောပြနိုင်သည် သို့မဟုတ် ကူညီပေးနိုင်သည်။—ဖိလိပ္ပိ ၂:၄

ခရစ်ယာန်အကြီးအကဲများသည် အသင်းတော်တွင် ကြီးလေးသောတာဝန်များ ထမ်းဆောင်နေကြသည်။ သူတို့နှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျွန်ုပ်တို့ရရှိသော မည်သည့်တာဝန်ကိုမဆို နှိမ့်ချစွာထမ်းဆောင်ခြင်းဖြင့် သူတို့၏ဝန်ကို များစွာပေါ့စေနိုင်သည်။ “သင်တို့ကိုအုပ်သောသူတို့၏စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့ သင်တို့စိတ်ဝိညာဉ်၏အကျိုးအလို့ငှာ စောင့်နေကြ၏။ သင်တို့အကျိုးကိုမဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍ သူတို့သည် စစ်ကြောခြင်းကိုခံရမည်အကြောင်း သတိပြုလျက်နေကြလော့” ဟုကျမ်းစာက အားပေးသည်။ (ဟေဗြဲ ၁၃:၁၇) တလိုတလားစိတ်ဓာတ်တင်ပြခြင်းဖြင့် “ကောင်းမွန်စွာအုပ်သော” အကြီးအကဲများကို လန်းဆန်းစေနိုင်သည်။—၁ တိမောသေ ၅:၁၇

တည်ဆောက်မှုဖြစ်စေသောအပြောအဆိုနှင့် အခြားသူများကိုကူညီပေးခြင်းတို့ဖြင့် ကြွယ်ဝနေလော့

လန်းဆန်းစေသောနှင်းသည် ရုတ်တရက်ကျလာသယောင်ရှိသော်လည်း အမှန်မှာ သေးငယ်သောရေစက် ထောင်ပေါင်းများစွာမှ တဖြည်းဖြည်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အလားတူ၊ ချီးမွမ်းဖွယ်အပြုအမူတစ်ခုမျှဖြင့် အခြားသူများကိုလန်းဆန်းစေနိုင်မည်မဟုတ်ပေ။ ခရစ်တော်ကဲ့သို့သော အရည်အသွေးများ တစ်ဆင့်ပြီးတစ်ဆင့်တိုးများလာရန် အချိန်တိုင်းတင်ပြခြင်းဖြင့်သာ အခြားသူများကို လန်းဆန်းစေနိုင်မည်။

“ညီအစ်ကိုချစ်ခြင်းအရာမှာ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက်စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့” ဟုတမန်တော်ပေါလု ရေးခဲ့သည်။ (ရောမ ၁၂:၁၀) ပေါလု၏အကြံပြုချက်ကို လိုက်လျှောက်ကြပါစို့။ ကျွန်ုပ်တို့၏အပြောအဆို၊ အပြုအမူအားဖြင့် အခြားသူများကို အမှန်လန်းဆန်းစေနိုင်ကြပါစေ။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံများ]

ဟေရမုန်တောင်မှကျသောနှင်းသည် သီးပင်စားပင်များကို အစိုဓာတ်ရရှိစေပြီး လန်းဆန်းစေ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကိုယ်ချင်းစာစိတ်ဖြင့် နားထောင်ပေးသူသည် အခြားသူများကို လန်းဆန်းစေ