မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှိပ်စက်ညှဉ်းပန်းခံရသော်လည်း ပျော်ရွှင်ကြ

နှိပ်စက်ညှဉ်းပန်းခံရသော်လည်း ပျော်ရွှင်ကြ

နှိပ်စက်​ညှဉ်းပန်း​ခံရ​သော်လည်း ပျော်ရွှင်​ကြ

‘ငါ့​ကြောင့် သင်တို့ကို ကဲ့ရဲ့​ညှဉ်းဆဲ​၍ မမှန်​ဘဲ​လျက် အပြစ်​တကာ​တင်​ကြသောအခါ၊ သင်တို့သည် ပျော်ရွှင်​ကြ​၏။’—မဿဲ ၅:၁၁

၁။ ပျော်ရွှင်မှု​နှင့် နှိပ်စက်​ညှဉ်းပန်းမှု​တို့​အကြောင်း မိမိ၏​နောက်လိုက်​များ​ကို ယေရှု အဘယ်​သို့​အာမခံ​သနည်း။

ယေရှုသည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောရန် မိမိ၏​တမန်​တော်​များ​ကို ပထမ​ဆုံး​အကြိမ်​စေလွှတ်ခဲ့​ချိန်​က သူတို့သည် ဆန့်ကျင်မှု ရင်ဆိုင်​ရမည်ဟု သတိပေး​ခဲ့​သည်။ သူတို့ကို ကိုယ်တော် ဤသို့​မိန့်တော်မူ​ခဲ့​သည်– “လူအပေါင်း​တို့သည်​လည်း ငါ့​နာမ​ကြောင့် သင်တို့ကို​မုန်း​ကြလိမ့်မည်။” (မဿဲ ၁၀:၅-၁၈၊ ၂၂) သို့ရာတွင် ထိုသို့​မိန့်တော်​မ​မူ​မီ အဆိုပါ​ဆန့်ကျင်မှု​သည် တမန်​တော်​များနှင့် အခြားသူများ​၏​စစ်မှန်သော​ပျော်ရွှင်မှု​ကို အန္တရာယ်​မပြု​နိုင်​ကြောင်း ကိုယ်တော်​၏​တောင်ပေါ်​တရားတော်​တွင် ကိုယ်တော် အာမခံခဲ့​သည်။ စင်စစ်​အားဖြင့် ပျော်ရွှင်​ခြင်း​သည် ခရစ်ယာန်​များ​အဖြစ် နှိပ်စက်​ညှဉ်းပန်း​ခံရ​ခြင်း​နှင့်​ပင် ဆက်စပ်​ကြောင်း ယေရှု​ဖော်ပြ​ခဲ့​သည်! နှိပ်စက်​ညှဉ်းပန်း​ခြင်း​သည် မည်သို့ ပျော်ရွှင်​စေနိုင်​သနည်း။

ဖြောင့်မတ်ခြင်း​တရား​အတွက် ဆင်းရဲခံ​ရခြင်း

၂။ ယေရှု​နှင့် တမန်​တော်​ပေတရု​တို့၏​အဆို​အရ မည်သို့သော​ဆင်းရဲခြင်း​သည် ပျော်ရွှင်မှု​ရရှိစေ​သနည်း။

အ​ဋ္ဌ​မ​မြောက်​ပျော်ရွှင်မှု​ကို ယေရှု​ဤသို့ မိန့်တော်မူ၏– ‘ဖြောင့်မတ်ခြင်း​တရား​ကြောင့် နှောင့်ယှက်​ညှဉ်းဆဲခြင်း​ကို ခံရ​သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ အကြောင်း​မူ​ကား၊ ကောင်းကင်​နိုင်ငံတော်​သည် ထို​သူတို့၏​နိုင်ငံ​ဖြစ်၏။’ (မဿဲ ၅:၁၀) ဆင်းရဲခံ​ရခြင်း​ကိုယ်နှိုက်​သည် ကောင်းသော​အမှု​မဟုတ်ပါ။ တမန်​တော်​ပေတရု​က ဤသို့​ရေးသားခဲ့​သည်– “ကိုယ်​အပြစ်​ကြောင့်​ဒဏ်​ခံရသော​အခါ သည်းခံ​လျှင်၊ အဘယ်​ချီးမွမ်းစရာ​ရှိ​သနည်း။ ကောင်းမွန်​စွာ​ပြု​၍​ဆင်းရဲခံ​ရသောအခါ သည်းခံ​လျှင်၊ ဘုရားသခင့်​ရှေ့တော်၌ ကျေးဇူးရှိ​၏။” ဤသို့​လည်း သူ​ဆက်​ဖော်ပြ​ခဲ့​သည်– “လူ​အသက်ကို​သတ်​သော​အပြစ်၊ သူ့​ဥစ္စာ​ကို​ခိုး​သော​အပြစ်၊ ဒုစရိုက်​ကို​ပြုသော​အပြစ်၊ သူတစ်ပါး​အမှု၌​ရောနှော​သော​အပြစ်​ရှိ၍၊ သင်တို့တွင် အဘယ်သူမျှ​မခံ​စေ​နှင့်။ ခရစ်ယာန်​ဖြစ်သော​ကြောင့်​ခံရ​လျှင်​မူ​ကား၊ ရှက်ကြောက်ခြင်း​မရှိစေ​နှင့်။ ထို​အမှု​ကြောင့်​ခံရ​လျှင် ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်း​စေ။” (၁ ပေတရု ၂:၂၀; ၄:၁၅၊ ၁၆) ယေရှု​ပြော​သည့်​အတိုင်း​ဆိုလျှင် ဖြောင့်မတ်ခြင်း​တရား​အတွက် ဆင်းရဲခြင်း​ကို​ခံရ​လျှင် ပျော်ရွှင်မှု​ရရှိ​မည်​ဖြစ်သည်။

၃။ (က) ဖြောင့်မတ်ခြင်း​တရား​အတွက် နှိပ်စက်​ညှဉ်းပန်း​ခံရ​ခြင်း​သည် အဘယ်အရာကို ဆိုလို​သနည်း။ (ခ) နှိပ်စက်​ညှဉ်းပန်းမှု​သည် အစောပိုင်း​ခရစ်ယာန်​များ​အပေါ် အဘယ်​အကျိုး​သက်ရောက်​ခဲ့​သနည်း။

စစ်မှန်သော​ဖြောင့်မတ်မှု​ကို ဘုရားသခင့်​အလိုတော်နှင့် မိန့်မှာချက်​များ လိုက်နာခြင်း​ဖြင့် တိုင်းတာ​နိုင်​သည်။ ထို့​ကြောင့် ဖြောင့်မတ်ခြင်း​တရား​အတွက် ဆင်းရဲခံ​ရခြင်း​သည် ဘုရားသခင့်​စံနှုန်း​များ သို့​မဟုတ် တောင်းဆိုချက်​များ​ကို ချိုးဖောက်​ရန် ဖိအားပေး​မှုများ​ကို ခုခံ​တွန်းလှန်​ခြင်း​ကြောင့် ဆင်းရဲခံ​ရခြင်း​ဖြစ်၏။ တမန်​တော်​များသည် ယေရှု၏​နာမ​ဖြင့် မဟောပြော​ရ​ဟူ​သည့်​အမိန့်​ကို ငြင်းဆန်​ပြီး ဆက်​ဟောပြောခဲ့​ကြသော​ကြောင့် ဂျူး​ခေါင်းဆောင်​များ​၏ နှိပ်စက်​ညှဉ်းပန်း​ခြင်း​ကို ခံ​ခဲ့​ကြ​ရသည်။ (တမန်​တော် ၄:၁၈-၂၀; ၅:၂၇-၂၉၊ ၄၀) ယင်းကြောင့် သူတို့၏​ရွှင်လန်းမှု ပျောက်ဆုံး​သွား​သလော၊ မဟောပြော​တော့​ဘဲ နေခဲ့​ကြ​သလော။ ဝေးလေစွ! “တမန်​တော်​တို့သည်​လည်း၊ သခင်​ယေရှု၏​နာမ​ကြောင့် မိမိတို့သည် အရှက်ကွဲခြင်း​ကို​ခံထိုက်​ကြသည်​ဟု​မှတ်တော်မူ​သောကြောင့် ဝမ်းမြောက်​သော​စိတ်​ရှိ၍ လွှတ်တော်​မှ​ထွက်သွား​ကြ​၏။ [ဝတ်ပြုရာ​အိမ်]တော်​၌​လည်းကောင်း၊ အိမ်​၌​လည်းကောင်း နေ့တိုင်း​အစဉ်​ဆုံးမ​သွန်သင်​လျက်၊ ယေရှုသည် ခရစ်တော်​ဖြစ်၏​ဟူ၍ ဧဝံဂေလိတရား​ကို မပြတ်​ဟောပြောလျက်​နေကြ၏။” (တမန်​တော် ၅:၄၁၊ ၄၂) ဤသို့​နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရသော​ကြောင့် သူတို့​ရွှင်လန်း​အားရ​စွာ​ဖြင့် ဟောပြောခြင်း​လုပ်ငန်း​ကို ဇွဲ​လုံ့လ​နှင့်​ဆောင်ရွက်ရန် အားသစ်လောင်း​ခံ​ခဲ့​ရသည်။ နောက်ပိုင်း​တွင် ထို​အစောပိုင်း​ခရစ်ယာန်​များသည် ဧကရာဇ်​ဝတ်ပြုမှု​ကို မပြု​လုပ်ခဲ့ကြ​သောကြောင့် ရောမ​များ​၏​နှိပ်စက်​ညှဉ်းပန်းမှု​ကို ခံ​ခဲ့​ကြ​ရသည်။

၄။ ခရစ်ယာန်​များ နှိပ်စက်​ညှဉ်းပန်း​ခံရ​သည့် အကြောင်းရင်း​တချို့​ကား အဘယ်နည်း။

မျက်မှောက်ခေတ်တွင် ယေဟောဝါသက်သေ​များသည် ‘ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း’ ကို​ဟောပြောကြ​သောကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံရ​ကြ​၏။ (မဿဲ ၂၄:၁၄) သူတို့၏​ခရစ်ယာန်​အစည်းအဝေး​များ​ကို ပိတ်ပင်​သည့်​အခါ သမ္မာကျမ်းစာ​မိန့်မှာ​သည့်​အတိုင်း အတူတကွ​စည်းဝေး​ခြင်း​အမှုကို သူတို့​ရပ်တန့်​မည့်​အစား နှိပ်စက်​ညှဉ်းဆဲ​ခံ​ဖို့ အသင့်ရှိ​ကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သူတို့၏​ခရစ်ယာန်​ကြားနေ​ခြင်း၊ သွေး​ကို​တလွဲ​မ​သုံး​ခြင်း​တို့​ကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ကြ​ရသည်။ (ယောဟန် ၁၇:၁၄; တမန်​တော် ၁၅:၂၈၊ ၂၉) သို့သော်​ငြား​လည်း ဖြောင့်မတ်ခြင်း​တရား​အတွက် ဤသို့​ရပ်တည်ခြင်း​ကြောင့် ယနေ့ ဘုရားသခင့်​လူမျိုး​သည် စိတ်​ငြိမ်သက်မှု​နှင့် ပျော်ရွှင်မှု​ရရှိ​ကြသည်။—၁ ပေတရု ၃:၁၄

ခရစ်တော်​အတွက် ကဲ့ရဲ့​ခံရ​ကြ

၅။ မျက်မှောက်ခေတ်တွင် ယေဟောဝါ​၏​လူမျိုး နှိပ်စက်​ညှဉ်းပန်း​ခံရ​သည့် အကြောင်းရင်း​ကား အဘယ်နည်း။

တောင်ပေါ်​တရားတော်​တွင် ယေရှု​ဖော်ပြ​ခဲ့​သည့် န​ဝ​မ​မြောက်​ပျော်ရွှင်မှု​သည်လည်း နှိပ်စက်​ညှဉ်းပန်းမှု​နှင့် ဆက်စပ်​သည်။ ကိုယ်တော်​ဤသို့​မိန့်တော်မူ၏– ‘ငါ့​ကြောင့် သင်တို့ကို ကဲ့ရဲ့​ညှဉ်းဆဲ​၍ မမှန်​ဘဲ​လျက် အပြစ်​တကာ​တင်​ကြသောအခါ၊ သင်တို့သည် ပျော်ရွှင်​ကြ​၏။’ (မဿဲ ၅:၁၁) ယေဟောဝါ​၏​လူမျိုး နှိပ်စက်​ညှဉ်းပန်း​ခံရ​သည့်​အဓိက​အကြောင်း​မှာ သူတို့သည် လက်ရှိ​အစီအစဉ်​စနစ်ဆိုး​၏​အစိတ်အပိုင်း မဟုတ်​ကြ​၍​ဖြစ်သည်။ ယေရှု​က မိမိ၏​တပည့်တော်​များ​ကို ဤသို့​မိန့်တော်မူ​ခဲ့​သည်– ‘သင်တို့သည် လောက​နှင့်​ဆက်ဆံ​လျှင်၊ လောကသား​တို့သည် မိမိတို့​နှင့်​ဆက်ဆံ​သော​သင်တို့ကို ချစ်​ကြလိမ့်မည်။ သင်တို့သည်​လောက​နှင့်​မဆက်ဆံ၊ လောက​ထဲ​က ငါ​ရွေးကောက်​သော​သူ​ဖြစ်သော​ကြောင့်၊ လောကသား​တို့သည် သင်တို့ကို​မုန်း​ကြ​၏။’ (ယောဟန် ၁၅:၁၉) အလားတူ​ပင် တမန်​တော်​ပေတရု​က “ယခု​မှာ သင်တို့သည် သူတို့နှင့်​အတူ​မဆက်ဆံ၊ ကာ​မ​ဂုဏ်​၌ လွန်ကျူး​ညစ်ညူး​စွာ​မပြု​သည်​အရာ​ကို သူတို့သည်​အံ့ဩ​၍ ကဲ့ရဲ့​တတ်ကြ​၏” ဟု​ဖော်ပြ​ခဲ့​သည်။—၁ ပေတရု ၄:၄

၆။ (က) အကြွင်းအကျန်​နှင့် ၎င်းတို့၏​အပေါင်းပါများ​သည် အဘယ်ကြောင့် ကဲ့ရဲ့​ညှဉ်းဆဲ​ခံ​ကြ​ရသနည်း။ (ခ) ထိုသို့​ကဲ့ရဲ့​ခံရ​ခြင်း​ကြောင့် ကျွန်ုပ်​တို့၏​ပျော်ရွှင်မှု လျော့နည်း​သွား​သလော။

အစောပိုင်း​ခရစ်ယာန်​များသည် ယေရှု၏​နာမကို​အမှီပြု၍ ဆက်လက်​ဟောပြောခဲ့​ကြသော​ကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံရ​ကြ​ကြောင်း ကျွန်ုပ်​တို့ သိရှိ​ခဲ့​ကြ​ရပြီး​ဖြစ်သည်။ ခရစ်တော်​က ကိုယ်တော်​၏​နောက်လိုက်​များ​အား “မြေကြီးစွန်း​တိုင်အောင် ငါ​၏​သက်သေ​ဖြစ်​ကြလိမ့်မည်” ဟု​တာဝန်​ပေး​ခဲ့​သည်။ (တမန်​တော် ၁:၈) ခရစ်တော်​၏ ဝိညာဉ်​တော်​ဖွား တည်ကြည်သော​ညီအစ်ကို​အကြွင်းအကျန်​သည် ၎င်းတို့၏​တည်ကြည်သော​အပေါင်းပါ “လူအုပ်ကြီး” ၏​ထောက်မ​ကူညီ​မှု​ဖြင့် ယင်း​တာဝန်​ကို စိတ်အား​ထက်သန်​စွာ ဆောင်ရွက်​ခဲ့​ကြသည်။ (ဗျာ. ၇:၉) ထို့​ကြောင့် စာတန်​သည် “ဘုရားသခင်​၏​ပညတ်တော်​တို့ကို​ကျင့်​၍၊ ယေရှု၏​သက်သေခံ​တော်​မူ​ချက်​ကို စွဲလမ်း​သော​သူ​တည်း​ဟူသော ထို​မိန်းမ​၌​ကြွင်း​သော​အမျိုးအနွယ် [ဘုရားသခင့်​အဖွဲ့အစည်း​၏​ကောင်းကင်​ဆိုင်ရာ​အပိုင်း] ကို စစ်တိုက်ခြင်း​ငှာ​သွား​၏။” (ဗျာ. ၁၂:၉၊ ၁၇) ယေဟောဝါသက်သေ​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​ဖြောင့်မတ်ခြင်း​တရား​တည်ရာ​ကမ္ဘာသစ် မတည်ထောင်​စေရန် တားဆီး​သည့် လူ့​အုပ်စိုးမှု​အားလုံး​ကို ဖျက်ဆီး​ပစ်​မည့် ဘုရားသခင့်​နိုင်ငံတော်​အစိုးရ​၏ နန်းထိုင်​ဘုရင် ယေရှု​အကြောင်း သက်သေခံ​ဟောပြော​ကြသည်။ (ဒံယေလ ၂:၄၄၊ ၄၅; ၂ ပေတရု ၃:၁၃) ဤသို့​ပြုသော​ကြောင့် ကျွန်ုပ်​တို့ ကဲ့ရဲ့​ညှဉ်းဆဲ​ခံရ​ကြသည်၊ သို့သော် ခရစ်တော်​၏​နာမ​ကြောင့် ဆင်းရဲခံ​ကြ​ရသည့်​အတွက် ကျွန်ုပ်​တို့ ပျော်ရွှင်​ကြ​ပါ​သည်။—၁ ပေတရု ၄:၁၄

၇၊ ၈။ ဆန့်ကျင်သူ​များသည် အစောပိုင်း​ခရစ်ယာန်​များ​အကြောင်း မည်သို့​မဟုတ်မမှန် ပြောဆို​ခဲ့​ကြ​သနည်း။

လူတို့သည် ယေရှု၏​တပည့်​များ​ကို “မမှန်​ဘဲ​လျက် အပြစ်​တကာ​တင်​ကြသောအခါ” သူတို့သည် ပျော်ရွှင်သူ​များ​အဖြစ် မိမိတို့​ကိုယ်ကို ယူမှတ်​သင့်​ကြောင်း ကိုယ်တော်​မိန့်မှာ​ခဲ့​သည်။ (မဿဲ ၅:၁၁) အစောပိုင်း​ခရစ်ယာန်​များ ထိုသို့​ပင် ယူမှတ်ခဲ့​ကြ​ပါ​သည်။ စီ.အီး. ၅၉-၆၁ ခန့်​တွင် ရောမမြို့​၌ တမန်​တော်​ပေါလု အကျယ်ချုပ်​ခံ​ခဲ့​ရသောအခါ ဂျူး​ခေါင်းဆောင်​များ​က ခရစ်ယာန်​များ​အကြောင်း ဤသို့​ပြောဆို​ခဲ့​ကြသည်– “ဤ​ဘာသာသည် အရပ်ရပ်​တို့​၌ ကဲ့ရဲ့​အပြစ်တင်​ခြင်း​ကို​ခံရ​သော​ဘာသာ​ဖြစ်သည်​ကို အကျွန်ုပ်​တို့​သိ​ကြသည်။” (တမန်​တော် ၂၈:၂၂) ပေါလု​နှင့် သိလ​တို့သည် ‘လောက​နိုင်ငံ​ကို​မှောက်လှန်’ ၍ “ကဲသာ​ဘုရင်​၏​အမိန့်တော်ကို ဆန့်ကျင်ဘက်​ပြု” သော​သူများ​အဖြစ် စွပ်စွဲ​ခံ​ခဲ့​ကြ​ရသည်။—တမန်​တော် ၁၇:၆၊ ၇

ရောမ​အင်ပါယာ​အုပ်စိုးချိန်​က ခရစ်ယာန်​များ​အကြောင်းကို ကေ.အက်စ်. လ​တိုး​ရက်​က ဤသို့​ရေးသား​ဖော်ပြ​ခဲ့​သည်– “အမျိုးမျိုး​စွပ်စွဲ​ခံ​ခဲ့​ကြ​ရသည်။ အယူမှား​သော​ဘာသာရေး​ပွဲလမ်းသဘင်​များ​တွင် ခရစ်ယာန်​များ မပါဝင်​ခဲ့​ကြသော​ကြောင့် သူတို့ကို ဘုရားသခင်​မဲ့​ဝါဒီ​များ​ဟု သမုတ်​ခဲ့​ကြ​၏။ ဘဝတူ​လူ့​အဖွဲ့အစည်း​၏ ပွဲလမ်းသဘင်​များ​ကို ရှောင်ကြဉ်​ကြ​ခြင်း​ကြောင့် လူသား​မျိုးနွယ်​ကို မုန်းတီး​သူများ​ဟူ၍ ပြောင်လှောင်​ခံ​ခဲ့​ကြ​ရသည်။ . . . ညဘက်​တွင် ယောက်ျား​မိန်းမ​များ အတူတကွ​စုဝေး​ကြ​ကာ . . . ရော​ထွေး​ကာ​မဆက်ဆံ​ကြသည်​ဟု ပြောဆို​ခံရ​ကြ​၏။ . . . [ခရစ်တော်​၏​သေခြင်း​အောက်မေ့ရာပွဲ] ကို ယုံကြည်သူများ​ရှေ့တွင်​သာ ကျင်းပ​လေ့​ရှိကြ​သောကြောင့် ခရစ်ယာန်​များသည် နို့စို့​ကလေး​တစ်ဦး​ကို ပုံမှန်​ပူဇော်​ပ​သ​ကြ​ပြီး ၎င်း​၏​အသွေး​နှင့် အသားကို စားသုံး​ကြသည်​ဟူ၍ ကော​လာ​ဟ​လ​သတင်း လွှင့်​ကြသည်။” ထို့​အပြင် အစောပိုင်း​ခရစ်ယာန်​များသည် ဧကရာဇ်​ဝတ်ပြုမှု​ဓလေ့​ထုံးစံ​ကို ငြင်းပယ်​ကြသော​ကြောင့် နိုင်ငံတော်​၏​ရန်သူများ​အဖြစ်​လည်း စွပ်စွဲ​ခံရ​ကြသည်။

၉။ ပထမ​ရာစု​ခရစ်ယာန်​များသည် မဟုတ်မမှန်​စွပ်စွဲ​ခံရ​ခြင်း​ကို​မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း၊ ယနေ့ အခြေအနေ​ကား အသို့နည်း။

ထိုသို့​သော မဟုတ်မမှန်​စွပ်စွဲချက်​များ​ကြောင့် အစောပိုင်း​ခရစ်ယာန်​များသည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို မဟောပြော​ဘဲ မနေ​ခဲ့​ကြ​ပါ။ စီ.အီး. ၆၀-၆၁ ၌ “ဧဝံဂေလိတရား” သည် ‘လောက​နိုင်ငံ​တစ်လျှောက်​လုံး​တွင် အသီးသီးခြင်း၊ တိုးပွားခြင်း’ ရှိခဲ့​သဖြင့် “ကောင်းကင်​အောက်​၌​ရှိသမျှ​သော . . . သတ္တဝါ​တို့အား ဟောပြော” ခဲ့ပြီ​ဟု ပေါလု​ကြွေးကြော်​နိုင်၏။ (ကောလောသဲ ၁:၅၊ ၆၊ ၂၂) ယနေ့လည်း အလားတူ​ဖြစ်ပျက်​နေပါ​သည်။ ယေဟောဝါသက်သေ​များသည် ပထမ​ရာစု​ခရစ်ယာန်​များ​နည်းတူ​ပင် မဟုတ်မမှန်​စွပ်စွဲ​ခံ​နေရ​ကြ​၏။ သို့​တိုင် ယနေ့ ဘုရားသခင့်​နိုင်ငံ​သတင်း​ဟောပြောခြင်း​လုပ်ငန်း​သည် အောင်မြင်​နေပြီး ထို​လုပ်ငန်း​တွင်​ပါဝင်သူ​တို့​လည်း ပျော်ရွှင်မှု​များစွာ ခံစား​နေကြ​ရသည်။

ပရောဖက်​များ​ကဲ့သို့ နှိပ်စက်​ညှဉ်းပန်း​ခံရ​၍ ပျော်ရွှင်​နိုင်​ကြ

၁၀၊ ၁၁။ (က) ယေရှုသည် န​ဝ​မ​မြောက်​ပျော်ရွှင်မှု​အကြောင်း​သုံးသပ်​ရာ​တွင် မည်သို့​နိဂုံး​ချုပ်​ခဲ့​သနည်း။ (ခ) ပရောဖက်​များသည် အဘယ်ကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ကြ​ရသနည်း။ ဥပမာ​များ​ပေး​ပါ။

၁၀ ယေရှုသည် န​ဝ​မြောက်​ပျော်ရွှင်မှု​ကို ဤသို့​ဖော်ပြ​ကာ နိဂုံး​ချုပ်​ခဲ့​သည်– “ဝမ်းမြောက်​ရွှင်မြူး​ခြင်း​ရှိကြလော့။ အကြောင်း​မူ​ကား၊ . . . သင်တို့​ရှေ့​က​ပေါ်ထွန်း​သော ပရောဖက်​တို့ကို ထို​နည်းတူ​ညှဉ်းဆဲ​ကြပြီ။” (မဿဲ ၅:၁၂) တည်ကြည်မှု​မရှိသော ဣသရေလ​လူမျိုး​ကို သတိပေး​ရန် ယေဟောဝါ စေလွှတ်ခဲ့​သည့်​ပရောဖက်​များ​ကို မကြိုဆို​ကြ​ဘဲ မကြာခဏ နှိပ်စက်​ညှဉ်းဆဲ​ခဲ့​ကြသည်။ (ယေရမိ ၇:၂၅၊ ၂၆) တမန်​တော်​ပေါလု​က “ထို​မှတစ်ပါး၊ အဘယ်​သို့​ပြောစရာ​ရှိသေး​သနည်း။ . . . ပရောဖက်​တို့​အကြောင်း​များ​ကို ပြော​၍​မကုန်နိုင်။ ထို​သူတို့သည် ယုံကြည်ခြင်း​အားဖြင့် . . . ကဲ့ရဲ့​ရိုက်ပုတ်​ခြင်း၊ ချည်နှောင်ခြင်း​ကို​ခံ​၍ ထောင်​ထဲမှာ​နေရ​သဖြင့်၊ စုံစမ်းခြင်း​ကို​ခံရ​ကြ​၏” ဟု​ရေးသား သက်သေခံ​ခဲ့​သည်။—ဟေဗြဲ ၁၁:၃၂-၃၈

၁၁ မင်းဆိုး​အာဟပ်​နှင့် သူ၏​ဇနီး​ယေဇဗေလ​လက်ထက်​တွင် ယေဟောဝါ​၏​ပရောဖက်​များစွာ​သည် ဓား​ဖြင့်​ကွပ်မျက်​ခံ​ခဲ့​ကြ​ရသည်။ (၃ ဓမ္မ​ရာဇဝင် ၁၈:၄၊ ၁၃; ၁၉:၁၀) ပရောဖက်​ယေရမိ​သည် ထိတ်​တုံး​ခတ်​ခံ​ခဲ့​ရပြီး​နောက် ရေတွင်း​ပျက်​ထဲ ပစ်ချ​ခံ​ခဲ့​ရ၏။ (ယေရမိ ၂၀:၁၊ ၂; ၃၈:၆) ပရောဖက်​ဒံယေလ​သည် ခြင်္သေ့​တွင်း​ထဲ ပစ်ချ​ခံ​ခဲ့​ရသည်။ (ဒံယေလ ၆:၁၆၊ ၁၇) ခရစ်ယာန်​ခေတ်​မတိုင်မီ​က ဤ​ပရောဖက်​အားလုံး​သည် ယေဟောဝါ​၏​စင်ကြယ်သော​ဝတ်ပြုရေးကို ခုခံ​ကာကွယ်​ပေး​ခဲ့​ကြသော​ကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ကြ​ရသည်။ ပရောဖက်​များစွာကို ဂျူး​ဘာသာရေး​ခေါင်းဆောင်​များ​က နှိပ်စက်​ညှဉ်းပန်း​ခဲ့​သည်။ ယေရှု​က ကျမ်းတတ်​များနှင့် ဖာရိရှဲ​များ​ကို “ပရောဖက်​တို့ကို​သတ်​သော​သူတို့၏ အမျိုးအနွယ်” ဟု​ခေါ်ဆို​ခဲ့​သည်။—မဿဲ ၂၃:၃၁

၁၂။ ယေဟောဝါသက်သေ​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ရှေးခေတ်​ပရောဖက်​များ​နည်းတူ နှိပ်စက်​ညှဉ်းပန်း​ခံရ​ခြင်း​ကို အခွင့်ထူး​တစ်ခု​ဟု အဘယ်ကြောင့် ယူမှတ်​ကြ​သနည်း။

၁၂ ယနေ့ ယေဟောဝါသက်သေ​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ထက်ထက်သန်သန်​ဟောပြောကြ​သောကြောင့် မကြာခဏ နှိပ်စက်​ညှဉ်းပန်း​ခံရ​ကြသည်။ ကျွန်ုပ်​တို့သည် “အတင်း​အဓမ္မ​ဘာသာ​သွင်း” သည်​ဟု ရန်လို​သူများ​က စွပ်စွဲ​ကြ​၏၊ သို့သော် ကျွန်ုပ်​တို့​အရင် ယေဟောဝါ​၏​တည်ကြည်သော​ကိုးကွယ်​သူများ​လည်း အလားတူ ကဲ့ရဲ့​ဝေဖန်ခံ​ခဲ့​ကြ​ရ​ကြောင်း ကျွန်ုပ်​တို့​သိ​ကြသည်။ (ယေရမိ ၁၁:၂၁; ၂၀:၈၊ ၁၁) ရှေးခေတ်​ပရောဖက်​များ ညှဉ်းဆဲ​ခံ​ခဲ့​ရသည့် ထပ်တူ​အကြောင်းရင်း​အတွက် ကျွန်ုပ်​တို့​ညှဉ်းဆဲ​ခံရ​ခြင်း​ကို အခွင့်ထူး​အဖြစ် ယူမှတ်​ကြသည်။ တပည့်​ဖြစ်သူ​ယာကုပ်​က ဤသို့​ရေးသားခဲ့​သည်– ‘ငါ့​ညီအစ်ကို​တို့၊ ထာဝရ​ဘုရားသခင်​၏​နာမတော်​ကို​အမှီပြု၍ ဟောပြောသော ပရောဖက်​တို့သည် ဆင်းရဲခြင်း၊ သည်းခံခြင်း​၏​ပုံသက်သေ​ကို​ပြ​ကြပြီ​ဟု မှတ်​ကြလော့။ သည်းခံ​နိုင်သော​သူတို့သည် ပျော်ရွှင်​သည်​ဟူ၍ ငါ​တို့သည်​ခေါ်​ကြ​၏။။’—ယာကုပ် ၅:၁၀၊ ၁၁

ပျော်ရွှင်​ရခြင်း အကြောင်းကောင်း​များ

၁၃။ (က) နှိပ်စက်​ညှဉ်းပန်းမှု​ခံရ​သဖြင့် ကျွန်ုပ်​တို့ အဘယ်ကြောင့် စိတ်ဓာတ်​မကျ​ကြ​သနည်း။ (ခ) ကျွန်ုပ်​တို့ကို မြဲမြံ​ခိုင်ခံ့​စေ​သည်​ကား အဘယ်နည်း၊ ယင်းက အဘယ်အရာကို သက်သေထူ​သနည်း။

၁၃ နှိပ်စက်​ညှန်း​ပန်း​ခံရ​ခြင်း​ကြောင့် စိတ်ဓာတ်ကျ​မည့်​အစား ကျွန်ုပ်​တို့သည် ပရောဖက်​များ၊ အစောပိုင်း​ခရစ်ယာန်​များနှင့် ခရစ်တော်​ယေရှု​ကိုယ်တော်တိုင်​၏​ခြေရာ​ကို လိုက်နေ​ကြောင်း သိ​ကြ​၍ နှစ်သိမ့်မှု​ရရှိ​ကြသည်။ (၁ ပေတရု ၂:၂၁) ကျွန်ုပ်​တို့သည် တမန်​တော်​ပေတရု​၏ အောက်ပါ​စကား​အစ​ရှိသည့် နှုတ်မြွက်​စကားတော်​မှ ကျေနပ်မှု​များစွာ​ရရှိ​ကြသည်– “ချစ်သူ​တို့၊ သင်တို့ကို​စုံစမ်း​စ​ရာ​ဖို့ ယခု​ခံရ​သော​မီး​စစ်​ခြင်း​အရာ​ကို​ကား၊ သင်တို့၌ အံ့သြဖွယ်​သော​အရာ​ဖြစ်သည်ဟု​ထင်​မှတ်၍၊ အံ့သြခြင်း​မရှိကြ​နှင့်။ ခရစ်တော်​၏​နာမ​ကြောင့် ကဲ့ရဲ့​ခြင်း​ကို​ခံရ​လျှင် ပျော်ရွှင်​ကြ​၏။ အကြောင်း​မူ​ကား၊ ဘုရားသခင်​၏​ဘုန်းကြီး​သော​ဝိညာဉ်တော်သည် သင်တို့​အပေါ်မှာ​ကျိန်းဝပ်​တော်​မူ​၏။” (၁ ပေတရု ၄:၁၂၊ ၁၄) ယေဟောဝါ​၏​ဝိညာဉ်တော်သည် ကျွန်ုပ်​တို့​အပေါ် ကျိန်းဝပ်​ပြီး ခွန်​အားပေး​သောကြောင့်​သာ နှိပ်စက်​ညှဉ်းပန်း​ခံရ​စဉ် မြဲမြံ​စွာ​ရပ်တည်​နိုင်​ကြ​ကြောင်း ကိုယ်ပိုင်​အတွေ့အကြုံ​မှ ကျွန်ုပ်​တို့​သိ​ကြသည်။ သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ထောက်မမှုကို​ခံရ​ခြင်း​က ယေဟောဝါ​၏​ကောင်းချီး​ကို ကျွန်ုပ်​တို့​ခံစား​နေရ​ကြောင်း သက်သေထူ​သည်၊ ယင်းက ပျော်ရွှင်မှု​များစွာ ပေး​သည်။— ဆာလံ ၅:၁၂; ဖိလိပ္ပိ ၁:၂၇-၂၉

၁၄။ ဖြောင့်မတ်ခြင်း​တရား​အတွက် နှိပ်စက်​ညှဉ်းပန်း​ခံရ​ခြင်း​ကို ဝမ်းမြောက်စရာ အဘယ်​အကြောင်း​များ​ရှိ​သနည်း။

၁၄ ဖြောင့်မတ်ခြင်း​တရား​ကြောင့် ဆန့်ကျင်မှု​နှင့် နှိပ်စက်​ညှဉ်းပန်းမှု​ခံရ​သည့်​အတွက် ကျွန်ုပ်​တို့ ပျော်ရွှင်​နိုင်​သည့် နောက်ထပ်​အကြောင်းရင်း​တစ်ခု​မှာ ကျွန်ုပ်​တို့သည် ဘုရားသခင်​ဝတ်၌ မွေ့လျော်​သည့် စစ်မှန်သော​ခရစ်ယာန်​များ​အဖြစ် အသက်ရှင်နေ​ထိုင်​ကြ​ကြောင်း သက်သေထူ​သောကြောင့်​ဖြစ်သည်။ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– “ယေရှု​ခရစ်​၏​တရားတော်​နှင့်​အညီ၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်​၍​နေခြင်း​ငှာ အလိုရှိ​သော​သူအပေါင်း​တို့သည် ညှဉ်းဆဲခြင်း​ကို​ခံရ​ကြလိမ့်မည်။” (၂ တိမောသေ ၃:၁၂) စမ်းသပ်ခံ​ရသည့်​အခါ ဖြောင့်မတ်​တည်ကြည်​ခြင်း​အားဖြင့် စာတန် စိန်ခေါ်​ပြောဆို​ခဲ့​သော ဤ​စကား​မှား​ကြောင်း ဖော်ပြ​နိုင်​၍ ကျွန်ုပ်​တို့​အလွန်​ပျော်ရွှင်​ကြသည်၊ သူ​ပြော​သည်​ကား ယေဟောဝါ​ဖန်ဆင်း​ထားသော​သတ္တဝါ​အားလုံး​သည် ကိုယ်ကျိုး​အတွက်သာ ကိုယ်တော်​အား ဝတ်ပြု​နေကြ၏​ဟူ၍​ဖြစ်သည်။ (ယောဘ ၁:၉-၁၁; ၂:၃၊ ၄) ယေဟောဝါ​၏​ဖြောင့်မတ်​သော​ပိုင်သ​အုပ်စိုးမှု သံသယ​ကင်းရှင်းရေး​တွင် အလွန်​သေးငယ်သော​ကဏ္ဍ​မှ​ပင် ကျွန်ုပ်​တို့​ပါဝင်ခွင့်​ရ​ကြ​၍ ဝမ်းမြောက်​ကြသည်။— သု. ၂၇:၁၁

ဆုကျေးဇူး​ရသည့်​အတွက် ဝမ်းမြောက်​ရွှင်မြူး​ကြလော့

၁၅၊ ၁၆။ (က) “ဝမ်းမြောက်​ရွှင်မြူး​ခြင်း​ရှိကြ” ရန် အဘယ်​အကြောင်းရင်းကို ယေရှု​ဖော်ပြ​ခဲ့​သနည်း။ (ခ) ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​အတွက် ကောင်းကင်​တွင်​သိုထား​သော ဆုကျေးဇူး​ကား အဘယ်နည်း၊ ၎င်းတို့၏​အပေါင်းပါ “အခြားသိုး” တို့သည်​လည်း ဆုကျေးဇူး​ကို မည်သို့​ရရှိကြ​မည်​နည်း။

၁၅ ရှေးခေတ်​ပရောဖက်​များ​နည်းတူ ရှုတ်ချ​ပြစ်တင်၊ နှိပ်စက်​ညှဉ်းပန်း​ခံရ​သည့်​အတွက် ရွှင်လန်း​ရသော နောက်ထပ်​အကြောင်း​တစ်ခု​ကို ယေရှု​ဖော်ပြ​ခဲ့​သည်။ န​ဝ​မ​မြောက် ပျော်ရွှင်မှု​ကို​ဖော်ပြ​ပြီး အဆုံး​တွင် ကိုယ်တော် ဤသို့​ဆို​သည်– “ဝမ်းမြောက် [“ခုန်ပေါက်၊” က​ဘ] ရွှင်မြူး​ခြင်း​ရှိကြလော့။ အကြောင်း​မူ​ကား၊ ကောင်းကင်ဘုံ​၌ သင်တို့၏​အကျိုး​သည် ကြီး​လှ​ပေ​၏။” (မဿဲ ၅:၁၂) တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– “အပြစ်​တရား​၏​အ​ခ​ကား သေခြင်း​ပေ​တည်း။ ဘုရားသခင်​ပေး​တော်​မူ​သော ဆုကျေးဇူး​တော်​ကား၊ ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ထာဝရ​အသက်​ပေ​တည်း။” (ရောမ ၆:၂၃) မှန်ပါသည်၊ ‘ကြီးမားသော​ဆုကျေးဇူး’ ကား အသက်ဆု​ဖြစ်​ပြီး အဖိုး​ပေး​ဝယ်ယူ​နိုင်​သည့်​အ​ခ​မဟုတ်​ချေ။ ယင်းသည် အခမဲ့​ဆုကျေးဇူး​တစ်ခု​ဖြစ်၏။ ယေဟောဝါ​ထံ​တော်​မှ​ရသည့်​ဆုကျေးဇူး​ဖြစ်သော​ကြောင့် ယင်းသည် “ကောင်းကင်” ဆုကျေးဇူး ဖြစ်၏​ဟု ယေရှု​ဆို​သည်။

၁၆ ဝိညာဉ်​တော်​ဖွား​များသည် “အသက်​သရဖူ” ကို​ရရှိကြ​၏၊ သို့ဖြင့် သူတို့သည် ခရစ်တော်​နှင့်အတူ မသေ​နိုင်သော​ကောင်းကင်​အသက်တာ ရရှိ​ကြသည်။ (ယာကုပ် ၁:၁၂၊ ၁၇) မြေကြီး​မျှော်လင့်ချက်​ရှိသော “အခြားသိုး” တို့သည် မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်​ရ​ရန် မျှော်လင့်​ကြသည်။ (ယောဟန် ၁၀:၁၆; ဗျာ. ၂၁:၃-၅) ထို​လူတန်းစား​နှစ်မျိုး​စ​လုံး​အတွက် ထို “ဆုကျေးဇူး” သည် သူတို့​လုပ်ဆောင်​၍ ရယူခဲ့​ကြ​ရာ​မဟုတ်​ချေ။ ဝိညာဉ်​တော်​ဖွား​များနှင့် “အခြားသိုး” တို့သည် ယေဟောဝါ​၏ “ထူးမြတ်​သော မခံစားထိုက်​သည့်​ကျေးဇူးတော်” ကြောင့် ၎င်း​ဆုကျေးဇူး​ကို ရရှိကြ​ခြင်း​ဖြစ်​သဖြင့် တမန်​တော်​ပေါလု​က “ပြော​၍​မကုန်နိုင်​သော ဘုရားသခင်​၏​ဆုကျေးဇူး​တော်​ကို​အောက်မေ့​၍ ချီးမွမ်း​ခြင်း​ရှိစေ​သတည်း” ဟု​ဆို​ခဲ့​ခြင်း​ဖြစ်သည်။—၂ ကောရိန္သု ၉:၁၄၊ ၁၅

၁၇။ နှိပ်စက်​ညှဉ်းပန်း​ခံရသော​အခါ ကျွန်ုပ်​တို့​အဘယ်ကြောင့် ဝမ်းမြောက်​နိုင်​ကာ ပုံဆောင်​သဘော​အရ “ရွှင်မြူး” နိုင်​ကြ​သနည်း။

၁၇ ဧကရာဇ်​နီ​ရိုး​၏ ရက်ရက်စက်စက်​နှိပ်စက်​ညှဉ်းပန်း​ခြင်း​ကို ခံရ​ကြ​မည့်​ဆဲ​ဆဲ​ရှိ ခရစ်ယာန်​များ​ထံ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– ‘ထို​မျှ​မ​က၊ ဆင်းရဲခြင်း​ကို​ခံ​၍ ဝါကြွား​ဝမ်းမြောက်ခြင်း​ရှိကြ​၏။ အကြောင်း​မူ​ကား၊ ဆင်းရဲခြင်း​သည် သည်းခံခြင်း​ကို​ပြုစု​တတ်၏။ သည်းခံခြင်း​သည်လည်း သက်သေ​ထင်ရှား​ခြင်း​ကို​ပြုစု​တတ်၏။ သက်သေ​ထင်ရှား​ခြင်း​သည်လည်း မျှော်လင့်ခြင်း​ကို​ပြုစု​တတ်၏။ ထို​မျှော်လင့်ခြင်းသည် ရှက်ကြောက်​စ​ရာ​အကြောင်း​နှင့်​ကင်းလွတ်​၏။’ ထပ်ဆင့်၍ ဤသို့​လည်း ဖော်ပြ​ခဲ့​သည်– “မျှော်လင့်​လျက် ဝမ်းမြောက်​ကြလော့။ ဆင်းရဲ [ခက်ခဲ​ခြင်း] ရောက်​သောအခါ သည်းခံ​ကြလော့။” (ရောမ ၅:၃-၅; ၁၂:၁၂) ကျွန်ုပ်​တို့၏​မျှော်လင့်ချက်​သည် ကောင်းကင်​နှင့်​ဆိုင်​သည်​ဖြစ်စေ၊ မြေကြီး​နှင့်​ဆိုင်​သည်​ဖြစ်စေ စမ်းသပ်မှု​အောက် တည်ကြည်မှု​ရှိသည်​အတွက် ရရှိ​မည့်​ဆုကျေးဇူး​မှာ ကျွန်ုပ်​တို့​ရရှိနိုင်​သည့်​အရာ​မှန်သမျှ​တို့​ထက် သာလွန်​ကြီးမြတ်​ပါ​သည်။ ကျွန်ုပ်​တို့၏​ဘုရင် ယေရှု​ခရစ်​၏​လက်အောက်​တွင် မေတ္တာရှင်​ခမည်းတော်​ယေဟောဝါ​အား ထာဝစဉ်​ဝတ်ပြု​ချီးမွမ်း​ရမည့်​အလားအလာ ရှိသည့်​အတွက် ကျွန်ုပ်​တို့၏​ရွှင်လန်းမှု​မှာ များ​လှ​ပါ​သည်။ ကျွန်ုပ်​တို့သည် ပုံဆောင်​သဘော​အရ ‘ရွှင်မြူး’ နိုင်​ကြ​ပါ​သည်။

၁၈။ အဆုံးနီးလာ​သည်​နှင့်​အမျှ လူမျိုးအပေါင်း​တို့ မည်သို့​ပြု​ရန် မျှော်လင့်​နိုင်​သနည်း၊ ယေဟောဝါ​မူ မည်သို့​လုပ်ဆောင်​တော်​မူ​မည်​နည်း။

၁၈ အချို့​နိုင်ငံ​များ​တွင် ယေဟောဝါသက်သေ​များသည် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရ​ကြ​ပြီး ယခု​ပင် ညှဉ်းဆဲ​ခံ​နေကြ​ရသည်။ ဤ​အစီအစဉ်​စနစ်​၏​ဆုံးခန်း​နှင့်​ပတ်သက်​သည့် ပရောဖက်ပြုချက်​တွင် ယေရှု​က စစ်မှန်သော​ခရစ်ယာန်​များ​ကို ဤသို့​သတိပေး​ခဲ့​သည်– “ငါ​၏​နာမ​ကြောင့်​လည်း ခပ်သိမ်း​သော​လူမျိုး​တို့သည် သင်တို့ကို​မုန်း​ကြလိမ့်မည်။” (မဿဲ ၂၄:၉) အဆုံးနီးလာ​သည်​နှင့်​အမျှ စာတန်​သည် ယေဟောဝါ​၏​လူမျိုးအပေါ် လူမျိုးအပေါင်း​တို့၏​မုန်းတီးမှု ပိုမို​သိသာ​ထင်ရှား​လာ​စေရန်​ပြု​လိမ့်​မည်။ (ယေဇကျေလ ၃၈:၁၀-၁၂၊ ၁၄-၁၆) ယင်းက ယေဟောဝါ အရေးယူ​ဆောင်ရွက်ရန် အချိန်တန်ပြီ​ဖြစ်​ကြောင်း အချက်ပြ​ပါ​လိမ့်​မည်။ “ထိုသို့​ငါသည် ကိုယ်ကို​ချီး​မြှောက်၍ ရိုသေ​ဖွယ်​သော ဂုဏ်​လက္ခဏာကို​ပြ​လျက် များစွာသော​လူမျိုး​တို့​ရှေ့မှာ ထင်ရှားသော​အခါ ငါသည် ထာဝရ​ဘုရား[သခင်]ဖြစ်​ကြောင်းကို သူတို့​သိရ​ကြလိမ့်မည်​ဟု မိန့်တော်မူ၏။” (ယေဇကျေလ ၃၈:၂၃) သို့ဖြင့် ယေဟောဝါ​သည် မိမိ၏​နာမတော်မြတ်​ကို သန့်ရှင်း​မြင့်မြတ်​စေ​ကာ မိမိ၏​လူမျိုး​ကို နှိပ်စက်​ညှဉ်းပန်းမှု​အောက်​မှ ကယ်လွှတ်​တော်​မူ​လိမ့်​မည်။ ထို့​ကြောင့် ‘တည်ကြည်သော​သူသည် ပျော်ရွှင်​၏။’—ယာကုပ် ၁:၁၂က​ဘ။

၁၉။ ‘ယေဟောဝါ​၏​နေ့ကြီး’ ကို​စောင့်မျှော်​ရင်း ကျွန်ုပ်​တို့ အဘယ်အရာ လုပ်ဆောင်​သင့်​သနည်း။

၁၉ ယေဟောဝါ​၏ ‘နေ့ကြီး’ နီးလာသည်နှင့်​အမျှ ယေရှု၏​နာမ​ကြောင့် မိမိတို့သည် “အရှက်ကွဲခြင်း​ကို ခံထိုက်​ကြသည်” ဟု ယူမှတ်​ကြသော​ကြောင့် ဝမ်းမြောက်​ကြပါစို့။ (၂ ပေတရု ၃:၁၀-၁၃; တမန်​တော် ၅:၄၁) အစောပိုင်း​ခရစ်ယာန်​များ​ကဲ့သို့ ကျွန်ုပ်​တို့​လည်း ယေဟောဝါ​၏​ဖြောင့်မတ်​သော​ကမ္ဘာသစ်​တွင်​ရရှိ​မည့် ဆုကျေးဇူး​ကို စောင့်မျှော်​ရင်း ခရစ်တော်​နှင့် ကိုယ်တော့်​နိုင်ငံတော်​အုပ်စိုးမှု​အကြောင်း “ဧဝံဂေလိတရား​ကို မပြတ်​ဟောပြောလျက်​နေကြ” စို့။—တမန်​တော် ၅:၄၂; ယာကုပ် ၅:၁၁

ပြန်လည်​သုံးသပ်ခြင်း​ဖြင့်

ဖြောင့်မတ်ခြင်း​တရား​အတွက် ညှဉ်းဆဲ​ခံ​ခြင်း​သည် အဘယ်အရာကို ဆိုလို​သနည်း။

နှိပ်စက်​ညှဉ်းပန်းမှု​သည် အစောပိုင်း​ခရစ်ယာန်​များ အပေါ် အဘယ်​အကျိုး​သက်ရောက်​သနည်း။

ယေဟောဝါသက်သေ​များသည် ရှေးခေတ်​ပရောဖက်​များ​နည်းတူ နှိပ်စက်​ညှဉ်းပန်း​ခံရ​သည်​ဟု အဘယ်ကြောင့် ဆိုနိုင်​သနည်း။

နှိပ်စက်​ညှဉ်းပန်း​ခံရ​သဖြင့် ကျွန်ုပ်​တို့ အဘယ်ကြောင့် “ဝမ်းမြောက်​ရွှင်မြူး” နိုင်​ကြ​သနည်း။

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

‘သင်တို့ကို ကဲ့ရဲ့​ညှဉ်းဆဲ​ကြသောအခါ၊ သင်တို့သည် ပျော်ရွှင်​ကြ​၏’

[Credit Line]

Group in prison: Chicago Herald-American