မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပေးကမ်းခြင်းမှရသည့် ပျော်ရွှင်မှုကို သင်သိပါသလော

ပေးကမ်းခြင်းမှရသည့် ပျော်ရွှင်မှုကို သင်သိပါသလော

ပေးကမ်း​ခြင်း​မှ​ရသည့် ပျော်ရွှင်မှု​ကို သင်​သိပါသလော

ခရစ်ယာန်​လုပ်ငန်းတော်တွင် အနှစ် ၅၀ နီးပါး တက်တက်ကြွကြွ ပါဝင်​ခဲ့​သည့် ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​ဖြစ်သည်။ သူ့​ခမျာ အသက်အရွယ်​ကြီးရင့်သော​ကြောင့် အားနည်းနေ​ရှာ​သော်လည်း ဆောက်​ပြီး​ခါ​စ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို လည်ပတ်​ကြည့်ရှု​ရန် စိတ်​ဆုံးဖြတ်ထား​သည်။ ခရစ်ယာန်​ညီအစ်ကို​တစ်ဦး၏ အကူအညီ​ဖြင့် ခန်းမ​ထဲ​ဝင်​သွား​ကာ သူ​ရည်ရွယ်​ထား​သည့်​အတိုင်း အလှူငွေ​သေတ္တာ​ဆီ​သို့ တန်းတန်းမတ်မတ် ဖြည်းဖြည်းချင်း လျှောက်​သွား​၏။ ထို့နောက် သူ​စုဆောင်း​ထား​သည့် ငွေ​အနည်းငယ်​ကို အလှူငွေ​သေတ္တာ​ထဲ ထည့်​လိုက်​လေ​သည်။ ခန်းမ​ဆောက်လုပ်ရေး​တွင် သူ​မပါဝင်နိုင်​သော်လည်း တစ်နည်း​နည်းဖြင့် ကူညီ​ပေး​လို​၏။

ဤ​ခရစ်ယာန်​အမျိုးသမီး​သည် အခြား​သစ္စာ​တည်ကြည်​သည့် အမျိုးသမီး​တစ်ဦး​ဖြစ်သူ ဝတ်ပြုရာ​အိမ်တော် ဘဏ္ဍာတိုက်​ထဲ​သို့ ကြေးနီ​ဒ င်္ဂါး​နှစ်ပြား သွင်းချ​နေသည်​ကို ယေရှု​တွေ့မြင်​တော်​မူ​ခဲ့​သည့် “ဆင်းရဲသော​မုဆိုးမ” ကို သတိ​ရစေ​ပေမည်။ သူ၏​အခြေအနေ​ကို ကျွန်ုပ်​တို့​မသိကြ​ရ​သော်လည်း ထို​စဉ်​က ခင်ပွန်း​မရှိသည့် အမျိုးသမီး​တစ်ဦး​သည် ငွေ​ရေး​ကြေး​ရေး အလွန်​ခက်ခဲ​ပေမည်။ သူ့ကို ယေရှု​သနား​မိ​မည်​မှာ သေချာ​ပါ​သည်၊ သူ၏​အခြေအနေ​ကို ကိုယ်တော် အပြည့်အဝ​သိ​နားလည်​ပေမည်။ သူ့ကို မိမိ၏​နောက်လိုက်​များ​အတွက် စံနမူနာ​အဖြစ် တင်ပြ​ရာ​တွင် ကိုယ်တော်​သည် သူ၏​အနည်းငယ်​သော ပေးကမ်းမှု​ကို “[သူ၏] အသက်မွေး​စ​ရာ ဥစ္စာ​ရှိသမျှ” ဟု​ခေါ်ဆို​ခဲ့​သည်။—မာကု ၁၂:၄၁-၄၄

ဤ​ဆင်းရဲသော​မုဆိုးမ​သည် အဘယ်ကြောင့် ထို​မျှ​အနစ်နာခံ လှူဒါန်းခဲ့​ရသနည်း။ သူသည် ယေဟောဝါ​ဘုရားသခင်​အား အလွန်​တ​ရာ ကြည်ညို​ကိုင်းရှိုင်း​၍ ယေရုရှလင်​မြို့၌ ဗဟို​ပြုသော ကိုယ်တော်​၏​ဝတ်ပြုရာ​အိမ်တော်ကို တန်ဖိုး​ထားသော​ကြောင့် ဖြစ်သည်။ သူသည် အကန့်အသတ်​သာ လုပ်ဆောင်​နိုင်​သော်လည်း မြင့်မြတ်​သော​လုပ်ငန်းတော်​ကို တိုးမြှင့်​ပေး​လို​၏။ သည့်​အပြင် သူတတ်​နိုင်​သမျှ ပေးလှူခြင်း​မှ စစ်မှန်သော​ရွှင်လန်းမှု ခံစားရ​၍​ဖြစ်​မည်။

ယေဟောဝါ​၏​လုပ်ငန်းတော်​ကို ထောက်ပံ့​ကူညီ​ရန် ပေးကမ်း​ခြင်း

ရုပ်ပစ္စည်း​နှင့် ငွေကြေး​ဥစ္စာ​တို့​ဖြင့် ထောက်ပံ့​ပေးခြင်း​သည် စစ်မှန်သော​ဝတ်ပြုရေး​၏ မရှိမဖြစ်​လိုအပ်သော အစိတ်အပိုင်း​တစ်ခု အမြဲ​ဖြစ်​ခဲ့​သည့်​အပြင် ယင်း​မှ ကြီးမားသော​ရွှင်လန်းမှု ရရှိခဲ့သည်​မှာ အမြဲ​ဖြစ်၏။ (၁ ရာဇဝင်ချုပ် ၂၉:၉) ရှေး​ဣသရေလ​နိုင်ငံ​တွင် ဝတ်ပြုရာ​အိမ်တော်ကို ပြုပြင်​မွမ်းမံ​ပေး​ရန်​သာမက ထို​တွင်​ရှိ ယေဟောဝါ​၏​ဝတ်ပြုရေး ကဏ္ဍအသီးသီး​ကို နေ့စဉ်​ဆောင်ရွက်​သွား​ရန် အလှူငွေများ​ကို အသုံးပြုလေ့​ရှိသည်။ ဝတ်ပြုရာ​အိမ်တော်တွင် အမှုထမ်းဆောင်​နေကြ​သည့် လေဝိ​သားများ​ကို ထောက်ပံ့​ပေး​ရန် ဣသရေလ​လူမျိုး​သည် မိမိတို့၏​ခြံထွက်​သီးနှံ​မှ ဆယ်ဖို့တစ်ဖို့​ပေး​ရမည်ဟု ပညတ်တရား​က ချမှတ်​ထား​သည်။ လေဝိ​သားများ​သည်လည်း မိမိတို့​ရရှိ​သည့်​အသီးအနှံ​ထဲ​မှ ဆယ်ဖို့တစ်ဖို့​ကို ယေဟောဝါ​အား ပေးဆက်​ကြ​ရမည်​ဖြစ်သည်။—တောလည်ရာ ၁၈:၂၁-၂၉

ခရစ်ယာန်​များသည် ပညတ်ပဋိညာဉ်​ကို လိုက်လျှောက်ရန် မလို​တော့​သော်လည်း စစ်မှန်သော​ဝတ်ပြုရေးကို ဘုရားသခင့်​ကျေးကျွန်​များ ထောက်ပံ့​ကူညီ​ရမည့်​မူ​မှာ ပြောင်းလဲ​မသွား​ချေ။ (ဂလာတိ ၅:၁) ထို့​ပြင် ပထမ​ရာစု​ခရစ်ယာန်​များသည် ချို့တဲ့​နေသည့် ညီအစ်ကို​များ​အား ပေးကမ်း​ခြင်း​ကို ရွှင်လန်းစရာ​အဖြစ် ယူဆ​ခဲ့​ကြ​၏။ (တမန်​တော် ၂:၄၅၊ ၄၆) ဘုရားသခင်​သည် ကောင်းချီး​များ ရက်ရက်ရောရော ပေး​တော်​မူ​သည်​နည်းတူ အခြား​သူများကို ရက်ရော​သင့်​ကြောင်း တမန်​တော်​ပေါလု​က ခရစ်ယာန်​များ​အား သတိပေး​ခဲ့​သည်။ သူ​ဤသို့​ရေးသားခဲ့​၏– “ဤ​ဘဝ​၌ ငွေ​ရ​တတ်သော​သူတို့သည် မာန်​မာန​စိတ်​နှင့်​ကင်းလွတ်​၍၊ မ​မြဲ​သော​စည်းစိမ်​ကို​မကိုးစား​ဘဲ၊ ငါ​တို့​ခံစား​ဖို့​ရာ အလုံးစုံ​တို့ကို ကြွယ်ဝ​စွာ​ပေးသနား​တော်​မူ​သော အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​ကို ကိုးစား​ရမည်​အကြောင်း​နှင့်၊ သူတစ်ပါး​အား​ကျေးဇူးပြု​ခြင်း၊ ကောင်းသော​အကျင့်​၌ ကြွယ်ဝ​ပြည့်စုံခြင်း၊ စွန့်ကြဲ​ချင်​သော​စေတနာ​စိတ်​ရှိ​ခြင်း၊ အချင်းချင်း​ဆက်ဆံခြင်း၊ မှန်သော​အသက်ကို​ဝင်စား​လို​သော​ငှာ၊ နောင်​ဘဝ​၌ ကောင်းသော​ဘဏ္ဍာ​ကို မိမိတို့​အဖို့ ဆည်းပူးခြင်း​တို့ကို​ပြု​ရမည်​အကြောင်း ပညတ်​ထား​လော့။” (၁ တိမောသေ ၆:၁၇-၁၉; ၂ ကောရိန္သု ၉:၁၁) “ခံယူ​ခြင်း​အရာ​ထက် ပေးကမ်း​ခြင်း​အရာ​သည် သာ၍[ပျော်ရွှင်]သည်” ဟု ယေရှု​မိန့်မှာ​ခဲ့​ခြင်း​သည် မှန်ကန်ကြောင်း မိမိ၏​ဘဝ​အတွေ့အကြုံ​မှ ပေါလု​ပြောဆို​နိုင်​ခဲ့​သည်။—တမန်​တော် ၂၀:၃၅သမ္မာ။

မျက်မှောက်ခေတ် ခရစ်ယာန်​ပေးကမ်း​ခြင်း

ယနေ့ ယေဟောဝါသက်သေ​များသည် ငွေ​အင်အား​ဖြင့် အချင်းချင်း​ကူညီ​ပေးခြင်း၊ ဘုရားသခင့်​လုပ်ငန်းတော်​ကို ထောက်ပံ့​ကူညီ​ပေးခြင်း​အမှုကို ဆက်လက်​ပြုလုပ်​နေကြ​သည်။ ငွေ​အင်အား​အနည်းငယ်​သာ​ရှိသူတို့​ပင် မိမိတို့​တတ်နိုင်​သလော​က် ပေးကမ်း​ကြ​၏။ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ သည် အဆိုပါ​ရန်ပုံငွေ​များ​ကို အကောင်းဆုံးနည်း​ဖြင့် အသုံးချ​ရန် ယေဟောဝါ​ရှေ့ တာဝန်​ရှိသည်​ဟု ယူမှတ်​ကြ​၏။ (မဿဲ ၂၄:၄၅) ထို​ရန်ပုံငွေ​ကို ဌာနခွဲရုံး​လုပ်ငန်းများ ဆောင်ရွက်ရန်၊ သမ္မာကျမ်းစာ​နှင့် ကျမ်းစာ​စာပေ​များ​ကို ဘာသာပြန်​ထုတ်ဝေ​ရန်၊ ကြီးမားသော ခရစ်ယာန်​စည်းဝေးပွဲ​များ​ကို စီစဉ်​ပေး​ရန်၊ နယ်လှည့်​ကြီးကြပ်မှူး​များနှင့် ခရစ်ယာန်​သာသနာပြု​များ​ကို လေ့ကျင့်ပေး​ပြီး စေလွှတ်​ရန်၊ သဘာဝဘေးဒဏ်​ကျရောက်​သည့်​အခါ ကယ်ဆယ်​ရန်​နှင့် အခြား​မရှိမဖြစ်​လိုအပ်​သည့် လုပ်ငန်းများ​ကို​ထမ်းဆောင်​ရန် အသုံးပြု​ကြသည်။ ဤ​လုပ်ငန်း​တစ်ခု​ဖြစ်သည့် ဝတ်ပြုရာ​နေရာများ ဆောက်လုပ်​ပေးခြင်း​ကို အာရုံစိုက်​ကြပါစို့။

ယေဟောဝါသက်သေ​များသည် ဝိညာဉ်​ရေး​ပညာပေး​မှု​နှင့် တည်ဆောက်မှု​ရှိ ပေါင်းသင်းမှု​မှ အကျိုး​ရယူရန် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​တွင် ပတ်စဉ်​အကြိမ်ကြိမ်​တွေ့ဆုံ​ကြသည်။ သို့သော်၊ နိုင်ငံ​များစွာ​၏ စီးပွားရေး​အခြေအနေ​များ​ကြောင့် ဒေသခံ​သက်သေခံ​များသည် ငွေကြေး​အကူအညီ​မရ​ရှိလျှင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ ဆောက်လုပ်​နိုင်စွမ်း​မရှိ​ချေ။ ထို့​ကြောင့်၊ ၁၉၉၉ ခုနှစ်​တွင် ယေဟောဝါသက်သေ​များသည် ပို​၍​ဆင်းရဲ​သည့်​နိုင်ငံ​များ​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ ဆောက်လုပ်​ရန် ငွေ​အင်အား​ပို​ရှိသော​နိုင်ငံ​များ​မှ ရန်ပုံငွေ​များ​ကို အသုံးပြုသည့်​အစီအစဉ်ကို စတင်​လိုက်​ကြ​လေ​သည်။ ထို့​အပြင် ထောင်သောင်း​မ​က​သော စေတနာ့​ဝန်ထမ်း​များသည် မကြာခဏ​ပင် အဆိုပါ​ဆင်းရဲသော​နိုင်ငံ​များ​၏ ဝေးခေါင်​သည့်​ဒေသ​များ​သို့​သွားပြီး မိမိတို့၏​အချိန်​နှင့် အစွမ်းအစ​တို့ကို ပေးဆက်​ခဲ့​ကြပြီ။ ဆောက်လုပ်ရေး​၌​ပါဝင်​ကြ​စဉ် ဒေသခံ​သက်သေခံ​များသည် ဆောက်လုပ်ရေး​နှင့် ပြုပြင်​ထိန်းသိမ်းရေး အတတ်ပညာ​များ​ကို သင်ယူ​ကြ​၏၊ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ရန်ပုံငွေ​ဖြင့် လိုအပ်သော ပစ္စည်း​ကိရိယာ​များ​ကို ဝယ်ယူ​နိုင်​ကြ​၏။ ယခု ဆောက်လုပ်​ပြီး​ခါ​စ ခန်းမ​အသစ်များ​ကို အသုံးပြု​ကြ​ရသော သက်သေခံ​များသည် မိမိတို့၏​ယုံကြည်သူချင်း​များ လှူဒါန်းခဲ့​ကြ​သည့် အချိန်​နှင့်​ငွေ​အင်အား​ကို အလွန်​ကျေးဇူး​တင်​လျက်​ရှိနေကြ​သည်။ ထို့​ပြင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်​ကို ပြုပြင်​ထိန်းသိမ်း​ရန်၊ ဆောက်လုပ်ရေး​ကုန်ကျ​စရိတ် ကာမိ​စေရန် လတိုင်း အလှူငွေ​ထည့်ဝင်​ကြ​ရာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ ထပ်​ဆောက်လုပ်​နိုင်​စေ​သည်။

ဒေသခံ​နည်း​စနစ်​များနှင့် ဒေသခံ​ဆောက်လုပ်ရေး​ပစ္စည်း​များ​ကို အသုံးပြု၍ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​ကို ဆောက်လုပ်​ခဲ့​ကြ​၏။ ၎င်းတို့သည် ခမ်းနား​ကြီးကျယ်​သော ခန်းမ​များ​မဟုတ်သော်လည်း ရှု​ချင်​စ​ဖွယ်​ဖြစ်​ရုံ​မ​က အသုံးတည့်​ပြီး နေရ​ထိုင်​ရ​ကောင်း​သည်။ ဆောက်လုပ်ရေး​အစီအစဉ်ကို ၁၉၉၉ ခုနှစ်​တွင် စတင်​ခဲ့​စဉ်​က ငွေကြေး​အကန့်အသတ်​ရှိ နိုင်ငံ​ပေါင်း ၄၀ ခန့် ပါဝင်​သည်။ ထို​အချိန်​ကတည်းက ဆောက်လုပ်ရေး​အစီအစဉ်ကို တိုးချဲ့​ခဲ့​ကြ​ရာ ယခု ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ​၏ အသင်းတော်​ထက်ဝက်ကျော်​မ​က ပါဝင်​သည့် နိုင်ငံ​ပေါင်း ၁၁၆ နိုင်ငံ​တွင် ဆောက်လုပ်​နေကြ​ရ၏။ လွန်ခဲ့သော​ငါး​နှစ်​က ဤ​အစီအစဉ်​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ပေါင်း ၉,၀၀၀ ကျော် ဆောက်​လုပ်ပေးခဲ့​ရာ တစ်နေ့​လျှင် ပျမ်းမျှ ခန်းမ​အသစ် ၅ ခု​ကျော် ဆောက်​ခဲ့​ခြင်း​ဖြစ်၏! သို့​တိုင်၊ ထို ၁၁၆ နိုင်ငံ​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ် ၁၄,၅၀၀ ကို​ဆောက်​ဖို့ ကျန်ရှိ​နေပါ​သေး​သည်။ ယေဟောဝါ​၏​ကောင်းချီး​နှင့် ကမ္ဘာ​တစ်ဝန်း​ရှိ သက်သေခံ​များ​၏ တလိုတလား​စိတ်ဓာတ်​နှင့် ရက်ရောမှု​တို့​ကြောင့် လိုအပ်​နေသော​ခန်းမ​များ​ကို ဆောက်​လုပ်ပေး​ရန် ရန်ပုံငွေ​များ အလုံအလောက်​ရှိ​မည်​ဟု မျှော်လင့်​ရ၏။—ဆာလံ ၁၂၇:၁

ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​ကြောင့် တိုးပွား​လာ

ဤသို့​ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့​ခြင်း​က ဒေသခံ​သက်သေခံ​များနှင့် ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​တို့​အပေါ် အဘယ်​အကျိုး​သက်ရောက်မှု​ရှိစေ​သနည်း။ နေရာ​ဒေသ​အတော်များများ​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ် ဆောက်လုပ်​ပြီး​သည့်​နောက်ပိုင်း၌ စည်းဝေး​တက်ရောက်သူ​ဦးရေ သိသိသာသာ တိုးများ​လာ​သည်။ ဘရွန်ဒီ​နိုင်ငံ​မှ ဤ​မှတ်တမ်း​တွင် စံနမူနာ​တစ်ခု တွေ့ရှိ​ရ၏– “ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ဆောက်လုပ်​ပြီး​သည်​နှင့်​တစ်ပြိုင်နက် လူတွေနဲ့ ပြည့်လျှံ​သွားတော့​သည်။ ဥပမာ၊ အစည်းအဝေး​များ​၌ တက်ရောက်သူ ပျမ်းမျှ ၁၀၀ ခန့်​ရှိ အသင်းတော်​တစ်ခု​အတွက် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု ဆောက်​လုပ်ပေး​နေကြ​သည်။ သူတို့၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်​တွင် ထိုင်ခုံ​အလုံးပေါင်း ၁၅၀ ကို ကောင်းစွာ​စီ​ထည့်​ပေး​နိုင်၏။ သို့သော် ခန်းမ​ဆောက်လုပ်​ပြီးစီး​သည့်​အခါ စည်းဝေးများ​ကို လူပေါင်း ၂၅၀ တက်ရောက်​ကြ​လေ​သည်။”

အဘယ်ကြောင့် ဤမျှ​များပြား​လာ​ရသနည်း။ အကြောင်းရင်း​တစ်ခု​မှာ စည်းဝေး​ကျင်းပ​ရာ​နေရာ မရှိကြ​၍ သစ်ပင်​အောက် သို့​မဟုတ် ကွင်းပြင်​တွင် မဖြစ်​မနေ​စည်းဝေး​လုပ်ကြ​သည့် ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ အုပ်စု​များ​ကို လူတို့သည် တစ်ခါတစ်ရံ သင်္ကာမကင်း​ဖြစ်တတ်​ကြသည်။ နိုင်ငံ​တစ်နိုင်ငံ​တွင် လူမျိုးစု​အကြမ်းဖက်မှု​သည် ထို​ကဲ့သို့​သော ဘာသာရေး​အုပ်စုငယ်​များ​ကြောင့်​ဖြစ်သည်ဟု ယူမှတ်​ကြ​ရာ ဥပဒေ​အရ ဘာသာရေး​အစည်းအဝေး​များ​ကို ဝတ်ပြုရာ​အိမ်ထဲ​တွင် ကျင်းပ​ရမည်ဟု အမိန့်ချမှတ်​ထား​၏။

ထို့​အပြင် ကိုယ်ပိုင်​ခန်းမ​များ​ရှိ​ထားခြင်း​ဖြင့် ယေဟောဝါသက်သေ​များသည် ဓမ္မ​ဆရာ​တစ်ဦး၏ တပည့်​နောက်လိုက်​များ​မဟုတ်​ကြောင်း လူထု​အား တင်ပြ​ခွင့်​ရစေသည်။ ယေဟောဝါသက်သေ​များ​၏ ဇင်ဘာဘွေ​ဌာနခွဲရုံး​က ဤသို့​စာရေး​ပြောပြ​၏– “ယခင်​က ဤ​ဒေသ​ရှိ ညီအစ်ကို​များသည် သီးသန့်​အိမ်များတွင် စည်းဝေး​ကျင်းပ​ခဲ့​ကြ​ရသည်၊ ထို​အခါ ဒေသခံ​ပြည်သူ​လူထု​က ၎င်း​အသင်းတော်ကို သူတို့​စည်းဝေး​ကျင်းပ​သော အိမ်ပိုင်ရှင်​၏​အမည်​ဖြင့် နာမည်​တပ်​ခေါ်​တတ်ကြ​၏။ သို့ဖြင့် ညီအစ်ကို​များ​ကို ‘မစ္စတာ ဘယ်သူ​ဘယ်ဝါ’ ၏​ချာ့ခ်ျ​မှ​သူများ​ဟူ၍ ခေါ်ဆို​ကြသည်။ ယခု​တွင်​မူ ခန်းမ​တိုင်း​တွင် ‘ယေဟောဝါသက်သေ​များ​၏ နိုင်ငံတော်​ခန်းမ’ ဟူသော ပေါ်လွင်​ထင်ရှား​သည့် ဆိုင်းဘုတ်​များ​တပ်ဆင်​ထား​ရာ ၎င်းကို လူ​တို့​တွေ့ မြင်​သောအခါ သဘောထား​ပြောင်းလဲ​လာ​ကြ​ပေ​ပြီ။”

ဝမ်းမြောက်​ရွှင်လန်းစွာ ပေးကမ်း​သူများ

“စေတနာ​စိတ်​နှင့်​လှူ​သော​သူကိုသာ ဘုရားသခင်​နှစ်သက်​တော်​မူ​၏” ဟု တမန်​တော်​ပေါလု​က ရေးသားခဲ့​၏။ (၂ ကောရိန္သု ၉:၇) အလှူငွေများ​များ ထည့်ဝင်​လှူဒါန်းခြင်း​က အမှန်တကယ်​ပင် များစွာ​အကူအညီ​ဖြစ်စေ​သည်။ သို့သော် ယေဟောဝါသက်သေ​များ​၏​လုပ်ငန်း​အတွက် ထည့်ဝင်​လှူဒါန်း​ကြ​သည့် ရန်ပုံငွေ​အတော်များများ​သည် နိုင်ငံတော်​ခန်းမ​ရှိ အလှူငွေ​သေတ္တာ​များ​မှ ဖြစ်၏။ အလှူငွေများ​များ​ထည့်​သည်​ဖြစ်စေ၊ အနည်းငယ်​သာ​ထည့်​သည်​ဖြစ်စေ အလှူငွေ​အားလုံး​သည် အရေးပါ​၏၊ ယင်းကို တန်ဖိုး​လည်း​ထား​၏။ ယေရှုသည် ကြေးနီ​ဒ င်္ဂါး​နှစ်ပြား ထည့်ဝင်​လှူဒါန်းခဲ့​သည့် ဆင်းရဲသော​မုဆိုးမ​ကို တွေ့ မြင်နိုင်​သည့်​နေရာတွင် ရှိခဲ့​ကြောင်း ပြန်​အမှတ်ရပါ။ ကောင်းကင်တမန်​များနှင့် ယေဟောဝါ​လည်း သူ့ကို တွေ့မြင်​သည်။ အဆိုပါ​မုဆိုးမ​၏​အမည်​ကို ကျွန်ုပ်​တို့​မသိ​ရ​ပါ၊ သို့​တိုင် ယေဟောဝါ​သည် ကိုယ်ကျိုးမငဲ့​သော သူ၏​လုပ်ရပ်​ကို သမ္မာကျမ်းစာ​ထဲ​တွင် အစဉ်အမြဲ မှတ်တမ်းတင်​စေတော်မူ​ခဲ့​၏။

ကျွန်ုပ်​တို့၏ အလှူငွေများ​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး​အပြင် အရေးပါသည့် ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​နှင့်​ဆိုင်သော အခြား​ကဏ္ဍ​များ​ကို​ပါ ပံ့ပိုး​ပေး​ပါ​သည်။ ဤနည်းဖြင့် ပူးပေါင်း​ဆောင်ရွက်ခြင်း​က ကျွန်ုပ်​တို့အား ရွှင်လန်း​ဝမ်းမြောက်​စေ​ကာ “ဘုရားသခင်​၏​ကျေးဇူးတော်​ကို ချီးမွမ်းစရာ​အကြောင်း” ဖြစ်ပေါ်​စေ​သည်။ (၂ ကောရိန္သု ၉:၁၂) ဘီနင်​နိုင်ငံ​မှ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ညီအစ်ကို​များ​က ဤသို့​သတင်းပို့​၏– “အပြည်ပြည်ဆိုင်ရာ ညီအစ်ကို​အသင်းအပင်း​မှ လက်ခံရ​ရှိသည့် ငွေကြေး​အကူအညီ​အတွက် ကျေးဇူး​တင်​ကြောင်း ဆုတောင်းသံ​များသည် ယေဟောဝါ​ထံ နေ့စဉ် ရောက်ရှိ​သွား​သည်။” တစ်ချိန်တည်း​တွင် ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို ငွေ​အင်အား​ဖြင့် ပံ့ပိုး​ကူညီ​ခွင့်​ရရှိကြ​သူ ကျွန်ုပ်​တို့အားလုံး ခရစ်ယာန်​ပေးကမ်း​ခြင်း​မှ​ရရှိ​သည့် ပျော်ရွှင်မှု​ကို ခံစား​ကြ​ရ၏!

[စာမျက်နှာ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အချို့​သူများ​လှူဒါန်း​ရန် ရွေးချယ်​ကြ​ပုံ နည်းလမ်းများ

ကမ္ဘာချီ​လုပ်ငန်း​အတွက် ပါဝင်​လှူဒါန်းခြင်း

များစွာသော​သူတို့သည် “ကမ္ဘာချီ​လုပ်ငန်း​အတွက်​အလှူငွေ—မဿဲ ၂၄:၁၄” ဟု​ရေးထား​သော အလှူငွေ​သေတ္တာ​တွင် ထည့်ဝင်​ရန် မိမိတို့၏​ငွေကြေး​များ​ကို သီးသန့်​ဖယ်​ထား​ကြသည်။

အသင်းတော်များ​သည် ယင်း​အလှူငွေများ​ကို မိမိတို့၏​သက်ဆိုင်ရာ​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏​ရုံး​သို့ လစဉ်​ပေး​ပို့​ကြသည်။ စေတနာအလျောက်​ထည့်ဝင်​သော ငွေကြေး​အလှူငွေများ​ကို Watch Tower Bible and Tract Society of Pennsylvania, c/o Office of the Secretary and Treasurer, 25 Columbia Heights, Brooklyn, New York 11201-2483, သို့​မဟုတ် သင့်​နိုင်ငံ​ကို တာဝန်​ယူ​ပေး​ရသော ဌာနခွဲရုံး​သို့ တိုက်ရိုက်​ပေး​ပို့​နိုင်​သည်။ ချက်​လက်မှတ်​များ​ကို “ကင်းမျှော်စင်” သို့​ပေး​သင့်​သည်။ ကျောက်​မျက်​ရတနာ​နှင့် အခြား​တန်ဖိုး​ရှိ​အရာများ​ကိုလည်း လှူဒါန်း​နိုင်​သည်။ ဤသို့​ပေး​ပို့​လှူဒါန်း​ရာ​တွင် လုံးလုံးလျားလျား​လှူဒါန်း​ကြောင်း ဖော်ပြ​သည့် စာတို​ကလေး​ပါ ထည့်​ပေး​သင့်​သည်။

ကန့်သတ်ချက်​ဖြင့် လှူဒါန်းခြင်း အစီအစဉ်

ကင်းမျှော်စင်​အသင်း​၏​အကျိုးအတွက် ငွေ​ကို ယုံကြည်​စိတ်ချ​စွာ အပ်နှံ​ထား​နိုင်​ပါ​သည်။ သို့သော် လှူဒါန်း​သူ​တောင်းခံ​လာ​ပါ​က အလှူငွေကို ပြန်လည်​ပေးအပ်​ပါ​မည်။ ထပ်မံ​သိ​လို​ပါ​က အထက်တွင် ဖော်ပြ​ထားသော လိပ်စာ​ရှိ The office of the Secretary and Treasurer ကို ကျေးဇူးပြု​၍ ဆက်သွယ်​ပါ။

လှူဒါန်း​ရန်​စီစဉ်​ထားခြင်း

ငွေကြေး လုံးလုံးလျားလျား ပေးအပ်​ခြင်း​အပြင် ကမ္ဘာချီ​နိုင်ငံတော်​လုပ်ငန်း​ကို အထောက်အကူ​ပြု​ရန် အခြား​ပေးကမ်း​နည်း​များ​ရှိသည်။ ၎င်း​တို့​တွင် အောက်ပါ​နည်း​များ ပါဝင်​သည်–

အာမခံ– ကင်းမျှော်စင်​အသင်း​အမည်​ဖြင့် အသက်​အာမခံကြေး​ခံစားခွင့်​များ၊ အငြိမ်းစား​ခံစားခွင့်​များ​ကို ပြု​လုပ်ပေး​နိုင်​သည်။

ဘဏ်​စာရင်း​များ– ဘဏ်​ရှင်း​တမ်း​များ၊ ငွေစု​စာအုပ်​များ၊ အငြိမ်းစား​ခံစားခွင့်​စာရင်း​များ​ကို ဒေသန္တရ​ဘဏ်​စည်းကမ်း​များ​အရ ကင်းမျှော်စင်​အသင်း​ထံ အပ်နှံ သို့​မဟုတ် ကာယ​ကံ​ရှင် သေဆုံး​မှ လွှဲပြောင်းပေး​ရန် စီစဉ်​နိုင်​သည်။

အစုရှယ်ယာ​လက်မှတ်​နှင့် ငွေချေး​စာချုပ်​များ– အစုရှယ်ယာ​လက်မှတ်​များနှင့် ငွေချေး​စာချုပ်​များ​ကို လုံးလုံးလျားလျား ပေးအပ်​လှူဒါန်း​နိုင်​သည်။

အိမ်ရာ​အဆောက်အအုံ​များ– ရောင်းချ​နိုင်သော အိမ်ရာ​အဆောက်အအုံ​များ​ကို လှူဒါန်းခြင်း​နှင့်​ပတ်သက်​၍ လုံးလုံးလျားလျား​ဖြစ်စေ၊ လှူဒါန်း​သူ အသက်ရှင်​နေသရွေ့ နေထိုင်ရန်​အပိုင်း​ကို ချန်လှပ်​၍​ဖြစ်စေ ပေးအပ်​လှူဒါန်း​နိုင်​သည်။ ဤသို့​ပေးလှူ​ရန် စာချုပ်​စာတမ်း​မပြု​မီ သင့်​နိုင်ငံ​မှ ဌာနခွဲရုံး​ကို အကြောင်းကြား​ပါ။

နှစ်စဉ်​ထောက်ပံ့ကြေး– နှစ်စဉ်​ထောက်ပံ့ကြေး​သည်​ငွေကြေး သို့​မဟုတ် အာမခံ​ပစ္စည်း​များ​ကို ကင်းမျှော်စင်​အသင်း​သို့ လွှဲပြောင်းပေး​သော အစီအစဉ်​တစ်ခု​ဖြစ်သည်။ ယင်း​အတွက် လှူဒါန်း​သူ သို့​မဟုတ် လှူဒါန်း​သူ​အမည် သတ်မှတ်​ထားသော တစ်ဦး​တစ်ယောက်​သည် နှစ်စဉ်​ထောက်ပံ့ကြေး​ငွေ​အပေါ် သတ်မှတ်​ထား​သည့် ထုတ်ပေး​ငွေ​ကို တစ်သက်လုံး နှစ်စဉ်​ရရှိ​သွား​မည်။ လှူဒါန်း​သူသည် နှစ်စဉ်​ထောက်ပံ့ကြေး ဝင်ငွေ​ခွန်​မှ လွတ်ငြိမ်းခွင့်​ပြု​ငွေ​ကို ရရှိ​သွား​မည်။

သေတမ်းစာ​နှင့် လွှဲအပ်​စာ​များ– ပစ္စည်းဥစ္စာ သို့​မဟုတ် ငွေကြေး​များ​ကို ကင်းမျှော်စင်​အသင်း​သို့ တရားဝင်​သေတမ်းစာ​ဖြင့် အမွေ​ပေးလှူ​ဒါန်း​နိုင်​သည် သို့​မဟုတ် လွှဲအပ်​စာချုပ်​တွင် ကင်းမျှော်စင်​အသင်း​က အကျိုး​ခံစားခွင့်​ရှိသူ​အဖြစ် ပါဝင်​စေနိုင်​သည်။ ဤသို့​ခရစ်ယာန်​ဘာသာရေး​အဖွဲ့အစည်း​ကို လွှဲအပ်​ရာ​တွင် အခွန်​နှင့်​ပတ်သက်​သည့် အကျိုးအမြတ်​တစ်စုံတစ်ရာ​ကို ဖြစ်ထွန်း​စေ​ပေမည်။

“လှူဒါန်း​ရန်​စီစဉ်​ထားခြင်း” ဝေါဟာရ​က အဓိပ္ပာယ်​သက်ရောက်​စေသည့်​အတိုင်း ဤသို့​လှူဒါန်း​သော​နည်း​များ​ကို ပြု​ရာ​တွင် လှူဒါန်း​သူ​ဘက်​မှ ကြိုတင်​စီစဉ်​ထားမှု​အချို့ လိုအပ်​ပေမည်။ လှူဒါန်း​ရန်​စီစဉ်​ထား​သည့် နည်း​တစ်မျိုး​မျိုး​ဖြင့် ယေဟောဝါသက်သေ​များ​၏ ကမ္ဘာချီ​လုပ်ငန်း​ကို အကျိုးပြု​ရန် ဆန္ဒရှိ​သူများ​အတွက် အကူအညီ​ဖြစ်​ဖို့ ကမ္ဘာချီ​ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို အကျိုးပြု​ဖို့ လှူဒါန်း​ရန် စီစဉ်​ထားခြင်း ဟု​ခေါင်းစဉ်​တပ်ထား​သည့် အင်္ဂလိပ်​နှင့် စပိန်​ဘာသာ​တို့​ဖြင့် ဘရိုရှာ​ကို အသင်းမ​က ပြင်ဆင်​ပြီး​ခဲ့ပြီ။ မေတ္တာဖြင့်​လွှဲအပ်​သော​ပစ္စည်း​များ​ကို ယခု သို့​မဟုတ် သေတမ်းစာ​ဖြင့် ပေးအပ်​သည့် နည်း​အမျိုးမျိုးကို ဖော်​ပြပေး​ရန် ဤ​ဘရိုရှာ​ကို​ရေးသားခဲ့​ခြင်း​ဖြစ်သည်။ ဤ​ဘရိုရှာ​ကို​ဖတ်ရှု​ပြီး ဥပဒေ​အရ သို့​မဟုတ် အခွန်​အရ အကြံပေး​သူများ​နှင့်​သော်လည်း​ကောင်း၊ လှူဒါန်းခြင်း​ဆိုင်ရာ စီမံ​ဌာန​နှင့်​သော်လည်း​ကောင်း ဆွေးနွေး​ပြီး​နောက် ကမ္ဘာချီ​ယေဟောဝါသက်သေ​များ​၏​လုပ်ငန်း​ကို ကူညီ​ထောက်ပံ့​ပေး​နိုင်​သူများစွာ​ရှိခဲ့​ပြီး အခွန်​ကင်းလွတ်ခွင့် တိုး၍​ရရှိစေ​ခဲ့​ကြ​ပါ​သည်။ လှူဒါန်းခြင်း​ဆိုင်ရာ စီမံ​ဌာန​မှ ၎င်း​ဘရိုရှာ​ကို တိုက်ရိုက်​တောင်းယူ​နိုင်​ပေမည်။

ထပ်ဆင့်​သိ​လိုလျှင် အောက်​ဖော်ပြ​ပါ လိပ်စာ သို့​မဟုတ် သင့်​နိုင်ငံ​တွင် လုပ်ငန်း​ကို စီမံကွပ်ကဲ​သော ယေဟောဝါသက်သေ​များ​၏​ရုံး၊ လှူဒါန်းခြင်း​ဆိုင်ရာ​စီမံ​ဌာန​သို့ စာရေး​၍​ဖြစ်စေ၊ တယ်လီဖုန်း​ဆက်၍​ဖြစ်စေ ဆက်သွယ်​နိုင်​ပါ​သည်။

Charitable Planning Office

Watch Tower Bible and Tract Society of Pennsylvania

100 Watchtower Drive,

Patterson, New York 12563-9204

Telephone: (845) 306-0707

[စာမျက်နှာ ၂၀၊ ၂၁ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေ​များ​၏ ဝတ်ပြုရာ​နေရာ​အဟောင်း​များနှင့် အသစ်များ

ဇမ်ဘီယာ

ဗဟို​အာဖရိက​သမ္မတနိုင်ငံ