မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါတို့ရဲ့စိတ်နဲ့အတူ စွမ်းအားတော် သက်သေခံ

ငါတို့ရဲ့စိတ်နဲ့အတူ စွမ်းအားတော် သက်သေခံ

“ငါတို့သည် ဘုရားသခင်၏သားသမီး ဖြစ်ကြသည်ဟု စွမ်းအားတော်ကိုယ်တိုင် ငါတို့၏စိတ်နှင့်အတူ သက်သေခံ၏။”—ရော. ၈:၁၆

သီချင်း– ၁၀၉၊ ၁၀၈

၁–၃။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ဟာ ဘယ်ဖြစ်ရပ်တွေကြောင့် ထူးခြားတဲ့နေ့ဖြစ်သလဲ။ အဲဒီဖြစ်ရပ်တွေက ကျမ်းစာကြိုဟောချက်ကို ဘယ်လို ပြည့်စုံစေသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

တနင်္ဂနွေနေ့ မနက်ကိုးနာရီလောက်မှာဖြစ်တယ်။ ဂျေရုဆလင်မြို့သူမြို့သားတွေအတွက် စိတ်လှုပ်ရှားစရာ အထူးနေ့ပဲ။ သူတို့ ပင်တေကုတ္တေပွဲ ကျင်းပနေကြတယ်။ ဂျုံရိတ်သိမ်းခါစမှာကျင်းပတဲ့ မြင့်မြတ်တဲ့ပွဲတော် ဖြစ်တယ်။ ယဇ်ပုရောဟိတ်မင်းက ပူဇော်နေကျ နံနက်ယံပူဇော်သကာတွေကို အဲဒီမနက်မှာ ပူဇော်ပြီးပြီ။ အဲဒီနောက် ဦးဆုံးရိတ်တဲ့ဂျုံနဲ့ပြုလုပ်ထားပြီး တဆေးထည့်ဖုတ်ထားတဲ့ မုန့်နှစ်လုံးကို ချီလွှဲရာပူဇော်သကာအဖြစ် ယေဟောဝါဆီ ပူဇော်တယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာဖြစ်တယ်။—ဝတ်. ၂၃:၁၅-၂၀

ဒီချီလွှဲရာပူဇော်သကာကို ယဇ်ပုရောဟိတ်မင်း နှစ်စဥ်နှစ်တိုင်း ပူဇော်လာတာ နှစ်ပေါင်းများစွာ ရှိပြီ။ ဒီပူဇော်သကာဟာ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာဖြစ်ခဲ့တဲ့ သိပ်အရေးကြီးဖြစ်ရပ်တစ်ခုနဲ့ အနီးကပ် ဆက်စပ်နေတယ်။ ဂျေရုဆလင်မြို့က အိမ်တစ်အိမ်ရဲ့ အထက်ခန်းမှာ ယေရှုရဲ့တပည့် ၁၂၀ ဆုတောင်းနေတုန်း အဲဒီဖြစ်ရပ် ဖြစ်ခဲ့တာ။ (တ. ၁:၁၃-၁၅) အဲဒီအကြောင်းကို ပရောဖက်ယောလက နှစ်ပေါင်းရှစ်ရာလောက် ကြိုဟောခဲ့တယ်။ (ယောလ ၂:၂၈-၃၂; တ. ၂:၁၆-၂၁) ဘယ်ဖြစ်ရပ်လဲ။

တမန်တော် ၂:၂–၄ ကိုဖတ်ပါ။ အဲဒီ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဘုရားသခင်က အထက်ခန်းမှာစုဝေးနေတဲ့ တပည့် ၁၂၀ အပေါ် စွမ်းအားတော် သွန်းလောင်းခဲ့တယ်။ (တ. ၁:၈) မြင်ရ,ကြားရတဲ့ အံ့ဖွယ်ရာတွေအကြောင်း သူတို့ ချက်ချင်းဟောပြောတော့တယ်။ ဒီအဖြစ်အပျက်ရဲ့ အရေးကြီးမှုကို တမန်တော်ပေတရု ရှင်းပြပြီးနောက် လူအုပ်ကို အခုလို ပြောတယ်– “နောင်တရကြလော့။ သင်တို့အပြစ်များ ခွင့်လွှတ်ခံရရန် ယေရှုခရစ်၏နာမ၌ လူတိုင်း နှစ်ခြင်းခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော စွမ်းအားတော်တည်းဟူသော ဆုကျေးဇူးကို ရရှိကြမည်။” အဲဒီနေ့မှာ လူသုံးထောင်လောက် နှစ်ခြင်းခံပြီး သန့်ရှင်းသောစွမ်းအားတော် ရရှိခဲ့ကြတယ်။—တ. ၂:၃၇၊ ၃၈၊ ၄၁

၄။ (က) ပင်တေကုတ္တေပွဲနေ့မှာ ဖြစ်ခဲ့တာတွေကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။ (ခ) လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ပင်တေကုတ္တေပွဲနေ့မှာပဲ တခြားဘယ်အရေးကြီးဖြစ်ရပ် ဖြစ်ခဲ့နိုင်သလဲ။ (ဆောင်းပါးအတွက် မှတ်ချက်ကို ကြည့်ပါ။)

ယဇ်ပုရောဟိတ်မင်းဟာ ဘယ်သူ့ကို ပုံဆောင်သလဲ။ နှစ်စဥ် ပင်တေကုတ္တေပွဲနေ့မှာ သူပူဇော်တဲ့ပူဇော်သကာဟာ ဘာကို ပုံဆောင်သလဲ။ ယဇ်ပုရောဟိတ်မင်းဟာ ယေရှုကို ပုံဆောင်တယ်။ သူပူဇော်တဲ့မုန့်နှစ်လုံးဟာ အပြစ်ရှိလူသားတွေထဲက ရွေးကောက်ထားတဲ့ ဘိသိက်ခံတပည့်တွေကို ပုံဆောင်တယ်။ ဘုရားသခင်က သူတို့ကို သားတွေအဖြစ် အသိအမှတ်ပြုလက်ခံတယ်။ “အဦးသီးသောအသီး” ဖြစ်တဲ့ သူတို့ဟာ ကောင်းကင်သွားပြီး ဘုရားသခင့်နိုင်ငံတော်မှာ ယေရှုနဲ့အတူ ဘုရင်တွေအဖြစ် အုပ်ချုပ်ရမှာဖြစ်တယ်။ (ယာ. ၁:၁၈; ၁ ပေ. ၂:၉) ယေဟောဝါဟာ နာခံမှုရှိတဲ့လူသားအားလုံးကို အဲဒီနိုင်ငံအားဖြင့် ကောင်းချီးပေးပါလိမ့်မယ်။ ဒါကြောင့် ကောင်းကင်မျှော်လင့်ချက်ရှိသူတွေအတွက်ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူတွေအတွက်ဖြစ်စေ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ဟာ သိပ်အရေးပါတဲ့နေ့ဖြစ်တယ်။ [၁]

လူတစ်ယောက် ဘယ်လိုနည်းနဲ့ ဘိသိက်ပေးခံရသလဲ

၅။ ဘိသိက်ခံအားလုံး တစ်ပုံစံတည်း ဘိသိက်ပေးခံရတာမဟုတ်မှန်း ဘယ်လို သိရသလဲ။

အထက်ခန်းမှာစုဝေးနေတဲ့ တပည့်တွေဟာ အဲဒီနေ့ကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး။ သူတို့တစ်ယောက်စီရဲ့ ခေါင်းပေါ်မှာ မီးလျှံတွေ ပေါ်လာတယ်။ ဘာသာစကားအမျိုးမျိုးပြောနိုင်စွမ်း ရရှိခဲ့ကြတယ်။ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် သူတို့ ဘိသိက်ပေးခံရတာ သေချာတယ်။ (တ. ၂:၆-၁၂) ဒါပေမဲ့ ဘိသိက်ခံခရစ်ယာန်အားလုံးဟာ အဲဒီလိုသတ်သတ်မှတ်မှတ်ပုံစံနဲ့ သန့်ရှင်းသောစွမ်းအားတော် ရရှိတာမဟုတ်ဘူး။ ဥပမာ၊ အဲဒီနေ့နောက်ပိုင်းမှာ ဘိသိက်ပေးခံရတဲ့ ထောင်နဲ့ချီတဲ့လူတွေရဲ့ခေါင်းပေါ် မီးလျှံလိုအရာမျိုး ပေါ်လာတယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ သူတို့နှစ်ခြင်းခံတဲ့အချိန်မှာ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ဘိသိက်ပေးခံခဲ့ရတယ်။ (တ. ၂:၃၈) နှစ်ခြင်းခံချိန်မှာလည်း ဘိသိက်ခံခရစ်ယာန်အားလုံးတော့ ဘိသိက်ပေးခံရတာမဟုတ်ဘူး။ ရှမာရိမြို့သားတွေဟာ နှစ်ခြင်းခံပြီးနောက်ပိုင်း တစ်ချိန်ချိန်မှာ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ဘိသိက်ပေးခံခဲ့ရတယ်။ (တ. ၈:၁၄-၁၇) ထူးထူးခြားခြားဖြစ်ရပ်တစ်ခုမှာတော့ ကော်နေလိနဲ့ အိမ်သူအိမ်သားတွေဟာ နှစ်ခြင်းမခံခင်ကတည်းက သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ဘိသိက်ပေးခံခဲ့ရတယ်။—တ. ၁၀:၄၄-၄၈

၆။ ဘိသိက်ခံအားလုံး ဘာရရှိသလဲ။ အဲဒါက သူတို့အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။

ဒါကြောင့် ဘိသိက်ခံအားလုံး တစ်ပုံစံတည်း ဘိသိက်ပေးခံရတာမဟုတ်မှန်း ထင်ရှားတယ်။ တချို့က ယေဟောဝါ ဘိသိက်ပေးမှန်း ချက်ချင်း သိရှိကြတယ်။ တချို့ကျတော့ တဖြည်းဖြည်းနဲ့ သိရှိလာကြတယ်။ ဘယ်လိုနည်းနဲ့ ဘိသိက်ပေးခံရပါစေ သူတို့ရရှိတဲ့အရာကို တမန်တော်ပေါလု အခုလို ရှင်းပြတယ်– “သင်တို့ယုံကြည်လာကြပြီးနောက် ကိုယ်တော်အားဖြင့် ဘုရားသခင်သည် ကတိထားတော်မူသည့် သန့်ရှင်းသော စွမ်းအားတော်ဖြင့် သင်တို့ကို တံဆိပ်ခတ်တော်မူ၏။ . . . ထိုစွမ်းအားတော်သည် ငါတို့ရရှိမည့်အမွေ၏ အာမခံချက်ဖြစ်၏။” (ဧ. ၁:၁၃၊ ၁၄) ဒါကြောင့် ယေဟောဝါဟာ သူတို့ကို ကောင်းကင်သွားဖို့ ရွေးချယ်ထားမှန်း သန့်ရှင်းသောစွမ်းအားတော်အားဖြင့် သေချာပေါက်သိရှိစေတယ်။ ဒီနည်းအားဖြင့် သန့်ရှင်းသောစွမ်းအားတော်ဟာ အနာဂတ်မှာ သူတို့ရရှိမယ့်အမွေရဲ့ “အာမခံချက်” ဒါမှမဟုတ် သက်သေခံချက် ဖြစ်လာတယ်။၂ ကောရိန္သု ၁:၂၁၊ ၂၂ နဲ့ ၂ ကောရိန္သု ၅:၅ တို့ကိုဖတ်ပါ။

ဘိသိက်ခံယောက်တိုင်းဟာ ဆက်သစ္စာရှိနေဖို့ ကြိုးစားရမယ်

၇။ ဘိသိက်ခံယောက်တိုင်းဟာ ကောင်းကင်ဆုကျေးဇူးရရှိဖို့ ဘာလုပ်ရမလဲ။

ခရစ်ယာန်တစ်ယောက် ဘိသိက်ပေးခံရတာနဲ့ ကောင်းကင်သွားဖို့ သေချာသွားပြီလား။ မဟုတ်ပါဘူး။ ကောင်းကင်သွားဖို့ ဖိတ်ခေါ်ခံရတာ သေချာတဲ့သဘောပဲ ဖြစ်တယ်။ ဒါပေမဲ့ ကောင်းကင်ဆုကျေးဇူး တကယ်ရ,မရဆိုတာကတော့ သူ့ရဲ့သစ္စာရှိမှုအပေါ် မူတည်တယ်။ ပေတရု အခုလို ရှင်းပြတယ်– “ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်းနှင့် ရွေးချယ်ခြင်းတို့သည် သင်တို့အတွက် သေချာစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား သင်တို့သည် ထိုအရာများကို ဆက်လုပ်ဆောင်နေမည်ဆိုလျှင် မည်သည့်အခါမျှ ၡုံးနိမ့်လိမ့်မည်မဟုတ်။ သို့ဖြင့် ငါတို့၏သခင်၊ ကယ်တင်ရှင်ဖြစ်သော ယေရှုခရစ်၏ ထာဝရနိုင်ငံတော်သို့ ဝင်စားရသောဘုန်းအသရေကို သင်တို့အား ရက်ရက်ရောရော ပေးသနားတော်မူလိမ့်မည်။” (၂ ပေ. ၁:၁၀၊ ၁၁) ဒါကြောင့် ဘိသိက်ခံယောက်တိုင်းဟာ ဆက်သစ္စာရှိနေဖို့ ကြိုးစားရမယ်။ ကောင်းကင်သွားဖို့ ဖိတ်ခေါ်ခံရပေမဲ့ ဆက်သစ္စာမရှိဘူးဆိုရင် ကောင်းကင်ဆုကျေးဇူး ရရှိမှာမဟုတ်ဘူး။—ဟေဗြဲ ၃:၁; ဗျာ. ၂:၁၀

ဘယ်လိုနည်းနဲ့ သိလာသလဲ

၈၊ ၉။ (က) လူတစ်ယောက် ဘယ်လိုနည်းနဲ့ ဘိသိက်ပေးခံရတယ်ဆိုတာကို ဘုရားသခင့်ကျေးကျွန်အများစု နားလည်ဖို့ ဘာကြောင့် ခက်သလဲ။ (ခ) လူတစ်ယောက်ဟာ ကောင်းကင်သွားဖို့ ဖိတ်ခေါ်ခံရမှန်း ဘယ်လိုနည်းနဲ့ သိလာသလဲ။

လူတစ်ယောက် ဘယ်လိုနည်းနဲ့ ဘိသိက်ပေးခံရတယ်ဆိုတာကို ဘုရားသခင့်ကျေးကျွန်အများစု နားလည်ရခက်နိုင်တယ်။ အဲဒါ သဘာဝပါပဲ။ ကိုယ်တိုင်မှ ဘိသိက်ပေးမခံရတာ။ ဘုရားသခင်က လူသားတွေကို ကောင်းကင်မှာမဟုတ်ဘဲ မြေကြီးမှာ ထာဝစဥ်နေထိုင်ဖို့ ဖန်ဆင်းထားတယ်။ (က. ၁:၂၈; ဆာ. ၃၇:၂၉) ဒါပေမဲ့ ခြွင်းချက်အနေနဲ့ တချို့ကိုတော့ ကောင်းကင်မှာ ဘုရင်တွေ၊ ယဇ်ပုရောဟိတ်တွေအဖြစ် အမှုဆောင်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါကြောင့် သူတို့ ဘိသိက်ပေးခံရတဲ့အခါ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ စဥ်းစားတွေးခေါ်ပုံတွေ ပြောင်းလဲသွားပြီး ကောင်းကင်မှာ အသက်ရှင်ဖို့ စောင့်မျှော်ကြတယ်။ဧဖက် ၁:၁၈ ကိုဖတ်ပါ။

လူတစ်ယောက်ဟာ ကောင်းကင်သွားဖို့ ဖိတ်ခေါ်ခံရမှန်း ဘယ်လိုနည်းနဲ့ သိလာသလဲ။ “သန့်ရှင်းသူများဟု ခေါ်ဆိုခြင်းခံရ” တဲ့ ရောမမြို့ကဘိသိက်ခံတွေကို ပေါလု အခုလို ပြောတယ်– “ဘုရားသခင့်စွမ်းအားတော်သည် ငါတို့ကို ကြောက်ရွံ့သည့်အဖြစ်သို့ ပြန်ရောက်စေမည့် ကျွန်၏သဘောကို ခံစေသည်မဟုတ်။ သားများအဖြစ် မွေးစားခြင်းကို ခံရစေ၍ ‘အဗ္ဗ၊ အဖ’ ဟုခေါ်စေ၏။ ငါတို့သည် ဘုရားသခင်၏သားသမီး ဖြစ်ကြသည်ဟု စွမ်းအားတော်ကိုယ်တိုင် ငါတို့၏စိတ်နှင့်အတူ သက်သေခံ၏။” (ရော. ၁:၇; ၈:၁၅၊ ၁၆) ဒါကြောင့် ယေဟောဝါဟာ လူတစ်ယောက်ကို ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်ဖို့ ဖိတ်ခေါ်ထားမှန်း သန့်ရှင်းသောစွမ်းအားတော်အားဖြင့် သေချာပေါက်သိရှိစေတယ်။—၁ သက်. ၂:၁၂

၁၀။ ၁ ယောဟန် ၂:၂၇ မှာ ဘိသိက်ခံတစ်ယောက်ဟာ တခြားသူရဲ့ သွန်သင်မှုကို မလိုအပ်ဘူးလို့ ပြောထားတာ ဘာကို ဆိုလိုသလဲ။

၁၀ ဘုရားသခင့်ဖိတ်ခေါ်မှု ရရှိထားသူကို ဘိသိက်ခံဖြစ်မှန်း တခြားတစ်ယောက်က လာပြောနေဖို့ မလိုဘူး။ သူ့ရဲ့စိတ်ထဲမှာ သေချာပေါက်သိရှိစေဖို့ ယေဟောဝါ လုပ်ဆောင်ပေးထားတယ်။ “သင်တို့သည် သန့်ရှင်းတော်မူသောအရှင်၏ ဘိသိက်ပေးခြင်းကို ခံရကြပြီ။ သင်တို့အားလုံး၌ အသိပညာရှိ၏” လို့ ဘိသိက်ခံခရစ်ယာန်တွေကို တမန်တော်ယောဟန် ပြောတယ်။ သူအခုလို ဆက်ပြောတယ်– “ကိုယ်တော်၏ဘိသိက်ပေးခြင်းသည် သင်တို့၌ ရှိမည်ဆိုလျှင် သင်တို့ကို မည်သူမျှ သွန်သင်ပေးနေရန် မလို။ ဘိသိက်ပေးခြင်းသည် သင်တို့ကို အရာရာသွန်သင်ပေးနေ၏။ ထိုဘိသိက်ပေးခြင်းသည် မှန်ကန်၍ မုသာနှင့်ကင်းလွတ်၏။ သင်တို့သည် သွန်သင်ခံရသည့်အတိုင်း ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်း ရှိနေကြလော့။” (၁ ယော. ၂:၂၀၊ ၂၇) ဘိသိက်ခံတွေဟာ တခြားခရစ်ယာန်တွေလိုပဲ ယေဟောဝါရဲ့ သွန်သင်မှုကို လိုအပ်တယ်။ ဒါပေမဲ့ သူတို့ ဘိသိက်ခံဖြစ်မှန်း တခြားတစ်ယောက်က အတည်ပြုပေးဖို့ မလိုဘူး။ ယေဟောဝါဟာ သူတို့ ဘိသိက်ခံဖြစ်မှန်း တန်ခိုးအကြီးဆုံးစွမ်းအားဖြစ်တဲ့ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် သေချာပေါက်သိရှိစေတယ်။

သူတို့ “တစ်ဖန်မွေးဖွားခြင်း” ခံရ

၁၁၊ ၁၂။ ဘိသိက်ခံတစ်ယောက် ဘယ်လို တွေးမိနိုင်သလဲ။ ဘယ်အချက်ကိုတော့ သူ သေချာပေါက်သိသလဲ။

၁၁ ခရစ်ယာန်တွေ ဘိသိက်ပေးခံရတဲ့အခါ အကြီးအကျယ် အပြောင်းအလဲဖြစ်သွားတယ်။ ဒါကို “တစ်ဖန်မွေးဖွားခြင်း” ခံရတယ်လို့ ယေရှု ခိုင်းနှုိင်းပြောဆိုခဲ့တယ်။ (ယော. ၃:၃၊) “သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံရမည်ဟု ငါပြောသည့်အတွက် အံ့သြခြင်း မရှိနှင့်။ လေသည် တိုက်လိုရာသို့ တိုက်တတ်၏။ လေ၏အသံကို ကြားရသော်လည်း အဘယ်အရပ်က တိုက်လာသည်၊ အဘယ်အရပ်သို့ တိုက်လိမ့်မည်ကို သင်မသိ။ စွမ်းအားတော်ဖြင့် မွေးဖွားသူတိုင်းသည်လည်း ထိုနည်းတူပင်ဖြစ်၏” လို့ ယေရှု ပြောတယ်။ (ယော. ၃:၇၊ ၈) ဘိသိက်ပေးမခံရတဲ့သူကို ဘိသိက်ပေးခံရခြင်းအကြာင်း အပြည့်အဝ နားလည်အောင် ရှင်းပြဖို့ မဖြစ်နိုင်ဘူး။ [၂]

ဘိသိက်ခံတွေဟာ သူတို့ကို ယေဟောဝါ ဖိတ်ခေါ်ထားမှန်း သေချာပေါက်သိကြတယ်

၁၂ ‘တခြားတစ်ယောက်ကို မဟုတ်ဘဲ ငါ့ကိုမှ ယေဟောဝါ ဘာကြောင့် ရွေးတာလဲ’ လို့ ဘိသိက်ခံတွေ တွေးမိနိုင်တယ်။ ဒီတာဝန်ကြီးနဲ့ ထိုက်တန်ရဲ့လားလို့တောင် တွေးမိနိုင်တယ်။ ဒါပေမဲ့ သူတို့ကို ယေဟောဝါ ဖိတ်ခေါ်ထားမှန်း သူတို့ သေချာပေါက်သိတယ်။ အဲဒီအတွက်လည်း သိပ်ပျော်ပြီး ကျေးဇူးတင်တယ်။ အခုလို ပြောခဲ့တဲ့ ပေတရုလို သူတို့ ခံစားရတယ်– “ငါတို့သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သည် ချီးမွမ်းခံရပါစေ။ ကိုယ်တော်သည် ကြီးစွာသော သနားကြင်နာမှုနှင့်အညီ ငါတို့အား တစ်ဖန် မွေးဖွားစေတော်မူ၍ ယေရှုခရစ်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ရှင်သန်သောမျှော်လင့်ချက်ကို ပေးတော်မူ၏။ မပျက်စီးနိုင်သော၊ မညစ်ညူးသော၊ မညှိုးနွမ်းသော အမွေကိုလည်း ပေးတော်မူ၏။ ထိုအမွေတော်သည် သင်တို့အတွက် ကောင်းကင်၌ သိုထား၏။” (၁ ပေ. ၁:၃၊ ၄) အဲဒီစကားတွေကို ဘိသိက်ခံတွေ ဖတ်ရတဲ့အခါ ကောင်းကင်ဖခင် တိုက်ရိုက်စကားပြောနေမှန်း သေချာသိကြတယ်။

၁၃။ လူတစ်ယောက် သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ဘိသိက်ပေးခံရချိန်မှာ စဥ်းစားပုံ ဘယ်လို ပြောင်းသွားသလဲ။ ဘယ်အရာက အဲဒီလို ပြောင်းလဲစေတာလဲ။

၁၃ အဲဒီခရစ်ယာန်တွေဟာ ကောင်းကင်သွားဖို့ ဖိတ်ခေါ်မခံရခင် မြေကြီးမျှော်လင့်ချက် ရှိကြတယ်။ ကမ္ဘာကို ပရဒိသုအဖြစ် ယေဟောဝါ ပြောင်းလဲပေးမယ့်အချိန်၊ ဆိုးသွမ်းမှုအားလုံး ဖယ်ရှားပေးမယ့်အချိန်ကို သူတို့ စောင့်မျှော်ခဲ့တယ်။ သေဆုံးသွားတဲ့ ချစ်ရသူတွေ ထမြောက်လာတာကို ကြိုဆိုနေတယ်လို့တောင် ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ခဲ့မှာပဲ။ ကိုယ်ဆောက်တဲ့အိမ်မှာ နေထိုင်ဖို့၊ ကိုယ်စိုက်တဲ့အပင်ရဲ့ အသီးကို စားဖို့ မျှော်လင့်ခဲ့တယ်။ (ဟေရှာ. ၆၅:၂၁-၂၃) ဒါပေမဲ့ သူတို့ရဲ့စဥ်းစားပုံ ဘာကြောင့် ပြောင်းလဲသွားတာလဲ။ စိတ်ဓာတ်ကျလာလို့၊ အဖြစ်ဆိုးတွေ ဆက်တိုက်ကြုံရလို့ ပြောင်းလဲသွားတာလား။ မြေကြီးပေါ် ထာဝစဥ် အသက်ရှင်ရတာ ငြီးငွေ့စရာကောင်းမှာမို့လို့ ကောင်းကင်သွားဖို့ ရုတ်တရက် အတွေးပေါ်လာတာလား။ ဒါမှမဟုတ် ကောင်းကင်အသက်တာကို စူးစမ်းချင်လို့လား။ မဟုတ်ပါဘူး။ ဘုရားသခင်ဟာ သူတို့ကိုဖိတ်ခေါ်ချိန်မှာ အသုံးပြုခဲ့တဲ့ သန့်ရှင်းသောစွမ်းအားတော်အားဖြင့်ပဲ သူတို့ရဲ့ စဥ်းစားပုံနဲ့ မျှော်လင့်ချက်ကို ပြောင်းလဲပေးခဲ့တယ်။

၁၄။ ဘိသိက်ခံတွေဟာ လက်ရှိမြေကြီးအသက်တာနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။

၁၄ ဒါဆို ဘိသိက်ခံတွေ သေချင်နေတယ်ဆိုတဲ့ သဘောလား။ တမန်တော်ပေါလုက လူ့ခန္ဓာကိုယ်ကို “တဲအိမ်” နဲ့ခိုင်းနှုိင်းပြီး အခုလိုပြောတယ်– “ဤတဲအိမ်၌နေသော ငါတို့သည် ဝန်လေး၍ ညည်းတွားကြ၏။ ငါတို့သည် ဤတဲအိမ်ကို အဝတ်ကဲ့သို့ ချွတ်ပယ်လိုသောကြောင့် မဟုတ်ဘဲ ကောင်းကင်နေအိမ်ကို ဝတ်ဆင်လိုသောကြောင့် ညည်းတွားကြ၏။ သို့ဖြင့် သေတတ်သောအရာကို အသက်ရှင်ခြင်း၌ နစ်မွန်းစေမည်အကြောင်းတည်း။” (၂ ကော. ၅:၄) ဘိသိက်ခံတွေဟာ မသေချင်ကြပါဘူး။ အသက်ရှင်ရတာကို ပျော်မွေ့ပြီး မိသားစုတွေ၊ မိတ်ဆွေတွေနဲ့အတူ ယေဟောဝါကို နေ့ရက်တိုင်း အမှုဆောင်ချင်ကြတယ်။ ဒါပေမဲ့ ဘာပဲလုပ်ဆောင်နေပါစေ အနာဂတ် ကောင်းကင်မျှော်လင့်ချက်က အတွေးထဲမှာ အမြဲရှိနေတယ်။—၁ ကော. ၁၅:၅၃; ၂ ပေ. ၁:၄; ၁ ယော. ၃:၂၊ ၃; ဗျာ. ၂၀:၆

သင် ဖိတ်ခေါ်ခံရသလား

၁၅။ လူတစ်ယောက် သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ဘိသိက်ပေးခံရတယ်ဆိုတာ ဘယ်အချက်တွေကိုကြည့်ပြီး ပိုင်းဖြတ်လို့မရသလဲ။

၁၅ ကောင်းကင်သွားဖို့ သင့်ကို ယေဟောဝါ ဖိတ်ခေါ်ထားသလားလို့ သင် တွေးမိနိုင်တယ်။ အဲဒီလို ခံစားနေရတယ်ဆိုရင် ဒီအရေးကြီးမေးခွန်းတွေကို သုံးသပ်ကြည့်ပါ– ဟောပြောခြင်းလုပ်ငန်းမှာ သင် ထူးထူးခြားခြား ဇွဲထက်သန်နေသလား။ ကျမ်းစာနဲ့ “ဘုရားသခင်၏နက်နဲရာ” တွေ လေ့လာရတာကို နှစ်ခြိုက်သလား။ (၁ ကော. ၂:၁၀) သင့်ရဲ့ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ထူးထူးခြားခြား ကောင်းချီးပေးနေတယ်လို့ ခံစားရသလား။ တခြားအရာမှန်သမျှထက် ယေဟောဝါရဲ့အလိုကို သင် ရှေ့တန်းတင်သလား။ တခြားသူတွေကို ဘုရားရေးရာဘက်မှာ ကူညီပေးဖို့ တာဝန်ရှိနေတယ်လို့ ခံစားရသလား။ သင့်အသက်တာမှာ ယေဟောဝါ နည်းလမ်းများစွာနဲ့ ထူးထူးခြားခြား ကူညီပေးခဲ့တာရှိသလား။ အဲဒီမေးခွန်းတွေကို ဟုတ်တယ်လို့ဖြေဆိုနိုင်ရင် ကောင်းကင်သွားဖို့ သင် ဖိတ်ခေါ်ခံရတယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘိသိက်ခံဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ ဘုရားသခင့်ကျေးကျွန်အားလုံး အဲဒီလိုခံစားရနိုင်လို့ပဲ။ ယေဟောဝါဟာ ဘယ်မျှော်လင့်ချက်ရှိသူကိုမဆို သူ့ရဲ့လိုအပ်ချက်နဲ့အညီ သန့်ရှင်းသောစွမ်းအားတော် ပေးတယ်။ တကယ်တော့ ကောင်းကင်သွားဖို့ သင့်ကို ယေဟောဝါ ဖိတ်ခေါ်ထားသလားလို့ တွေးနေတယ်ဆိုကတည်းက ဖိတ်ခေါ်မခံရတဲ့သဘော ဖြစ်တယ်။ ယေဟောဝါရဲ့ ဖိတ်ခေါ်မှုရရှိသူဟာ ဖိတ်ခေါ်ခံရလား၊ မခံရလားဆိုတာ မရေမရာ မဖြစ်ဘူး။ ဖိတ်ခေါ်ခံရမှန်း သေချာပေါက်သိတယ်။

၁၆။ ဘုရားသခင့်စွမ်းအားတော် ရရှိသူအားလုံး ကောင်းကင်သွားဖို့ ဖိတ်ခေါ်ခံရတာမဟုတ်မှန်း ဘယ်လို သိရသလဲ။

၁၆ ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော်ရရှိပေမဲ့ ကောင်းကင်မျှော်လင့်ချက်မရှိတဲ့ သစ္စာရှိသူများစွာအကြောင်း ကျမ်းစာမှာဖော်ပြထားတယ်။ တစ်ယောက်ကတော့ နှစ်ခြင်းဆရာယောဟန် ဖြစ်တယ်။ ယောဟန်ထက် ကြီးမြတ်တဲ့သူ မရှိဘူးလို့ ယေရှု ချီးမွမ်းပြီးနောက် ကောင်းကင်နိုင်ငံမှာတော့ ယောဟန် ပါဝင်ခွင့်ရမှာမဟုတ်ဘူးလို့ ပြောတယ်။ (မ. ၁၁:၁၀၊ ၁၁) ဒါဝိဒ်လည်း သန့်ရှင်းသောစွမ်းအားတော် ရရှိခဲ့တယ်။ (၁ ရာ. ၁၆:၁၃) နက်နဲတဲ့အမှန်တရားတွေကို နားလည်ဖို့၊ ကျမ်းစာအပိုင်းတွေကို ရေးသားဖို့ သန့်ရှင်းသောစွမ်းအားတော်က သူ့ကို ကူညီပေးခဲ့တယ်။ (မာ. ၁၂:၃၆) ဒါပေမဲ့ “ဒါဝိဒ်သည် ကောင်းကင်သို့ တက်သည်မဟုတ်” လို့ တမန်တော်ပေတရုပြောတယ်။ (တ. ၂:၃၄) ယေဟောဝါဟာ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် အဲဒီကျေးကျွန်တွေကို ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်နိုင်စွမ်း ပေးပေမဲ့ ကောင်းကင်သွားဖို့တော့ မဖိတ်ခေါ်ခဲ့ဘူး။ အဲဒီလိုပြောလို့ သူတို့ မထိုက်တန်ဘူး၊ အရည်အချင်းမပြည့်မီဘူးလို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ မြေကြီးပရဒိသုမှာ သူတို့ကို ယေဟောဝါ ပြန်ထမြောက်ပေးပါလိမ့်မယ်။—ယော. ၅:၂၈၊ ၂၉; တ. ၂၄:၁၅

၁၇၊ ၁၈။ (က) ဒီနေ့ခေတ် ဘုရားသခင့်ကျေးကျွန်အများစုမှာ ဘယ်မျှော်လင့်ချက်ရှိသလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

၁၇ ဒီနေ့ခေတ် ဘုရားသခင့်ကျေးကျွန်အများစုဟာ ကောင်းကင်သွားဖို့ ဖိတ်ခေါ်ခံရသူတွေ မဟုတ်ဘူး။ အာဗြဟံ၊ ဒါဝိဒ်၊ နှစ်ခြင်းဆရာယောဟန်နဲ့ ရှေးသစ္စာရှိသူတွေလို ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက် မြေကြီးပေါ် အသက်ရှင်ဖို့ မျှော်လင့်နေသူတွေဖြစ်တယ်။ (ဟေဗြဲ ၁၁:၁၀) ၁၄၄,၀၀၀ ကတော့ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်ပါလိမ့်မယ်။ သူတို့ထဲက “ကျန်ကြွင်းသူ” တွေပဲ ဒီဆုံးခန်းကာလမှာ မြေကြီးပေါ် အသက်ရှင်နေတယ်။ (ဗျာ. ၁၂:၁၇) ၁၄၄,၀၀၀ ထဲက အများစုကတော့ သစ္စာရှိရှိ သေဆုံးပြီး ကောင်းကင်ရောက်သွားကြပြီ။

၁၈ ကောင်းကင်မျှော်လင့်ချက်ရှိတယ်လို့ ပြောသူတွေကို မြေကြီးမျှော်လင့်ချက်ရှိသူတွေ ဘယ်လို ရှုမြင်သင့်သလဲ။ သင့်အသင်းတော်မှာ တစ်ယောက်ယောက်က အောက်မေ့ရာပွဲအထိမ်းအမှတ်တွေဖြစ်တဲ့ မုန့်နဲ့စပျစ်ဝိုင်ကို စသုံးဆောင်ရင် သူ့ကို ဘယ်လို ဆက်ဆံသင့်သလဲ။ ဘိသိက်ခံလို့ ပြောသူအရေအတွက် မြင့်တက်လာရင် စိုးရိမ်သင့်သလား။ အဲဒီမေးခွန်းတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

^ [၁] (အပိုဒ် ၄) သိနာတောင်မှာ မောရှေကို ပညတ်တရားပေးခဲ့တဲ့အချိန်နဲ့ တစ်ထပ်တည်းကျတဲ့အချိန်မှာ ပင်တေကုတ္တေပွဲကျင်းပခဲ့တာ ဖြစ်နိုင်တယ်။ (ထွ. ၁၉:၁) အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် မောရှေဟာ အဲဒီနေ့မှာ အစ္စရေးလူမျိုးကို ပညတ်ပဋိညာဥ်အောက် ဆောင်သွင်းခဲ့သလို ယေရှုခရစ်လည်း အဲဒီနေ့မှာပဲ ပုံဆောင်အစ္စရေးလူမျိုးဖြစ်တဲ့ ဘိသိက်ခံတွေကို ပဋိညာဥ်သစ်အောက် ဆောင်သွင်းခဲ့တယ်။

^ [၂] (အပိုဒ် ၁၁) တစ်ဖန်မွေးဖွားခြင်းအကြောင်း ထပ်သိချင်ရင် ၂၀၀၉၊ ဧပြီ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၃-၁၁ ကို ကြည့်ပါ။