မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်တော်တို့ကိုချစ်ကြောင်း ယေဟောဝါ ဘယ်နည်းတွေနဲ့ ဖော်ပြသလဲ

ကျွန်တော်တို့ကိုချစ်ကြောင်း ယေဟောဝါ ဘယ်နည်းတွေနဲ့ ဖော်ပြသလဲ

“ငါတို့ကို ခမည်းတော် မည်မျှချစ်တော်မူကြောင်း ဆင်ခြင်ကြလော့။” —၁ ယော. ၃:၁

သီချင်း– ၉၁၁၃

၁။ ဘယ်အကြောင်း အလေးအနက်ဆင်ခြင်ဖို့ တမန်တော်ယောဟန် အားပေးခဲ့သလဲ။ ဘာကြောင့်လဲ။

တမန်တော်ယောဟန်က ယေဟောဝါရဲ့ ကြီးမားတဲ့မေတ္တာအကြောင်း အလေးအနက်ဆင်ခြင်ဖို့ အားပေးထားတယ်။ “ငါတို့ကို ခမည်းတော် မည်မျှချစ်တော်မူကြောင်း ဆင်ခြင်ကြလော့” လို့ ၁ ယောဟန် ၃:၁ မှာ သူပြောတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက်ချစ်မှန်း၊ ဘယ်လိုမေတ္တာပြမှန်း တွေးတောဆင်ခြင်တဲ့အခါ ကိုယ်တော်နဲ့ ပိုရင်းနှီးလာပြီး ပိုချစ်လာပါလိမ့်မယ်။

၂။ လူတချို့က သူတို့ကို ယေဟောဝါချစ်မှန်း ဘာကြောင့် နားလည်ရခက်ကြသလဲ။

လူတွေကို ဘုရားချစ်တယ်ဆိုတာ တချို့ နားလည်ရခက်ကြတယ်။ ဘုရားက လူတွေကို ဂရုမစိုက်ဘူး၊ ပညတ်ချက်တွေထုတ်ပြီး မလိုက်နာသူတွေကို အပြစ်ပေးဖို့လောက်ပဲ ကြည့်နေတယ်လို့ သူတို့ ထင်ကြတယ်။ လူတချို့ကလည်း ဘုရားက ရက်စက်ပြီး ဘုရားကိုချစ်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆကြတယ်။ တချို့ကျတော့လည်း လူတွေ ဘာလုပ်လုပ် သူတို့ကို ဘုရားချစ်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ သင် ကျမ်းစာလေ့လာတဲ့အခါ ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားကို သိလာတယ်။ မေတ္တာဟာ ယေဟောဝါရဲ့ အကြီးမားဆုံးအရည်အသွေးဖြစ်မှန်း၊ သင့်အတွက် ရွေးနုတ်ဖိုးအဖြစ် သားတော်ကို ပေးခဲ့မှန်း သင် သိလာတယ်။ (ယော. ၃:၁၆; ၁ ယော. ၄:၈) ဒါပေမဲ့ သင့်ရဲ့ ဘဝနောက်ခံကြောင့် ယေဟောဝါရဲ့မေတ္တာကို နားလည်ရခက်နေဆဲဖြစ်နိုင်တယ်။

၃။ ယေဟောဝါရဲ့မေတ္တာကို နားလည်ဖို့ ဘာက ကူညီပေးမလဲ။

ဦးဆုံး၊ ယေဟောဝါရဲ့မေတ္တာကို နားလည်ဖို့ဆိုရင် ကျွန်တော်တို့ကို ဖန်ဆင်းသူဟာ ယေဟောဝါဖြစ်မှန်း နားလည်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ကို ကိုယ်တော် အသက်ပေးထားတယ်။ (ဆာလံ ၁၀၀:၃–၅ ကိုဖတ်ပါ။) ဒါကြောင့် ကျမ်းစာမှာ ပထမဆုံးလူသားကို “ဘုရားသခင်၏သား” လို့ ဖော်ပြထားတယ်။ (လု. ၃:၃၈) ယေရှုကလည်း ယေဟောဝါကို “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ” လို့ခေါ်ဖို့ သင်ပေးတယ်။ (မ. ၆:၉) မှန်ပါတယ်။ ယေဟောဝါဟာ ကျွန်တော်တို့ကို အသက်ပေးထားတဲ့ ဖခင်ဖြစ်တယ်။ ကျွန်တော်တို့ကို ဖခင်မေတ္တာမျိုးနဲ့ ချစ်မြတ်နိုးတယ်။

၄။ (က) ယေဟောဝါဟာ ဘယ်လိုဖခင်မျိုးလဲ။ (ခ) ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးမလဲ။

လူတချို့က ဖခင်ကို မေတ္တာပြည့်ဝသူအဖြစ် တွေးကြည့်ဖို့ ခက်ကြတယ်။ ဖခင်ရဲ့နှိပ်စက်မှုဒဏ်ကြောင့် စိတ်ဒဏ်ရာရနေတာဖြစ်နိုင်တယ်။ ယေဟောဝါကတော့ သူ့သားသမီးတွေကို ဘယ်တော့မှ အဲဒီလိုဆက်ဆံမှာမဟုတ်ဘူး။ ကိုယ်တော်ဟာ အကောင်းဆုံးဖခင်ဖြစ်တယ်။ (ဆာ. ၂၇:၁၀) ကျွန်တော်တို့ကို အရမ်းချစ်ပြီး နည်းလမ်းများစွာနဲ့ ဂရုစိုက်တယ်။ ယေဟောဝါရဲ့မေတ္တာကို ခံစားရလေ ကိုယ်တော့်ကို ပိုချစ်လေ ဖြစ်လာလိမ့်မယ်။ (ယာ. ၄:၈) ကျွန်တော်တို့ကိုချစ်ကြောင်း ယေဟောဝါဖော်ပြတဲ့ နည်းလေးနည်းကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ နောက်ဆောင်းပါးမှာတော့ ယေဟောဝါကိုချစ်ကြောင်း ကျွန်တော်တို့ဖော်ပြနိုင်တဲ့ နည်းလေးနည်းကို ဆွေးနွေးပါမယ်။

ယေဟောဝါဟာ မေတ္တာပြည့်ဝပြီး ရက်ရော

၅။ လူသားအားလုံးကို ဘုရားသခင် ဘာပေးထားသလဲ။

ဂရိနိုင်ငံ၊ အေသင်မြို့ဟာ ရုပ်တုတွေနဲ့ ပြည့်နေမှန်း၊ မြို့သားတွေဟာ သူတို့ရဲ့ဘုရားတွေကို အသက်ပေးရှင်အဖြစ် ယုံကြည်ကြမှန်း တမန်တော်ပေါလု သတိထားမိတယ်။ ဒါကြောင့် “လောကနှင့် လောက၌ရှိသမျှကို ဖန်ဆင်းတော်မူသော ဘုရားသခင်” အကြောင်း သူတို့ကို ပြောပြတယ်။ “ဘုရားသခင်သည် လူအပေါင်းတို့ကို အသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ အရာခပ်သိမ်းကို ပေးတော်မူ” ကြောင်း၊ “ငါတို့သည် ကိုယ်တော်ကြောင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိ” ကြောင်း သူပြောတယ်။ (တ. ၁၇:၂၄၊ ၂၅၊ ၂၈) မှန်ပါတယ်။ ယေဟောဝါဟာ ကျွန်တော်တို့ကို ချစ်လို့ အသက်ရှင်ဖို့၊ အသက်တာကို ပျော်မွေ့ဖို့ လိုအပ်ရာမှန်သမျှ ပေးထားတယ်။ ကိုယ်တော်ပေးထားတဲ့ အရာတချို့အကြောင်း စဉ်းစားကြည့်ပါ။

၆။ ကျွန်တော်တို့အတွက် ဘယ်လိုစံအိမ်မျိုး ယေဟောဝါ ပေးထားသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ဥပမာ၊ ယေဟောဝါက ကျွန်တော်တို့အတွက် လှပတဲ့စံအိမ်တစ်ခု ပြင်ဆင်ပေးထားတယ်။ (ဆာ. ၁၁၅:၁၅၊ ၁၆) ကိုယ်တော်ဖန်ဆင်းထားတဲ့ စကြဝဠာတစ်ခုလုံးမှာ ကမ္ဘာဂြိုဟ်ဟာ အထူးခြားဆုံးဖြစ်ပုံရတယ်။ သိပ္ပံပညာရှင်တွေဟာ အာကာသထဲက ဂြိုဟ်ပေါင်းများစွာကို ရှာဖွေလေ့လာခဲ့ကြတယ်။ ဒါပေမဲ့ လူသားတွေ ရှင်သန်နိုင်ဖို့ လိုအပ်ရာမှန်သမျှရှိတဲ့ တခြားဂြိုဟ်တစ်ခုကိုမှ မတွေ့ကြဘူး။ ယေဟောဝါဟာ ကမ္ဘာကို လူသားတွေ အသက်ရှင်နေနိုင်ရုံလောက်သာ မဟုတ်ဘဲ လှပပြီး ပြည့်စုံလုံခြုံတဲ့နေရာလေးအဖြစ်ပါ ဖန်တီးပေးထားတယ်။ (ဟေရှာ. ၄၅:၁၈) ဖခင်ယေဟောဝါ ပေးထားတဲ့ ကမ္ဘာ့စံအိမ်အကြောင်း စဉ်းစားလိုက်တဲ့အခါ ကျွန်တော်တို့ကို ကိုယ်တော် ဘယ်လောက်ချစ်မှန်း ခံစားနားလည်ရတယ်။ယောဘ ၃၈:၄၊ နဲ့ ဆာလံ ၈:၃–၅ တို့ကိုဖတ်ပါ။

၇။ ကျွန်တော်တို့ကို ဖန်ဆင်းထားပုံက ယေဟောဝါရဲ့မေတ္တာကို ဘယ်လိုဖော်ပြသလဲ။

ကျွန်တော်တို့ကိုချစ်ကြောင်း ယေဟောဝါ ဖော်ပြတဲ့ နောက်တစ်နည်းကတော့ ကိုယ်တော့်ကိုတုပနိုင်တဲ့ အရည်အသွေးတွေ ထည့်သွင်းဖန်ဆင်းထားခြင်းပဲ။ (က. ၁:၂၇) ဒါကြောင့်လည်း ကိုယ်တော့်မေတ္တာကို ခံစားသိရှိနိုင်ပြီး ကိုယ်တော့်ကို ချစ်ကြောင်း ပြန်ဖော်ပြနိုင်တယ်။ အဲဒီလိုလုပ်ခြင်းကနေ ကျွန်တော်တို့ စစ်မှန်တဲ့ပျော်ရွှင်မှု ရရှိမယ်ဆိုတာ ယေဟောဝါသိတယ်။ မိဘမေတ္တာခံစားရတဲ့ ကလေးတွေဟာ သိပ်ပျော်ရွှင်ကြတယ်။ ကျွန်တော်တို့လည်း ဖခင်ယေဟောဝါနဲ့ ရင်းရင်းနှီးနှီးရှိရင် ပျော်ရွှင်မယ်လို့ ယေရှုသင်ပေးတယ်။ (မ. ၅:၃) ကျွန်တော်တို့ “ပျော်မွေ့နိုင်ရန် အရာခပ်သိမ်း” ကို ယေဟောဝါ ပေးထားတယ်။ ကိုယ်တော်ဟာ သိပ်ရက်ရောပြီး ကျွန်တော်တို့ကို သိပ်ချစ်တာ ထင်ရှားတယ်။—၁ တိ. ၆:၁၇; ဆာ. ၁၄၅:၁၆

ယေဟောဝါဟာ ကျွန်တော်တို့ကို အမှန်တရားသင်ပေး

၈။ ယေဟောဝါရဲ့ သွန်သင်မှုကို ကျွန်တော်တို့ ဘာကြောင့် ရရှိချင်သလဲ။

ဖခင်တွေဟာ သားသမီးတွေကို သိပ်ချစ်တယ်။ သူတို့ အလိမ်ခံရတာမျိုး၊ လှည့်စားခံရတာမျိုး မဖြစ်စေချင်ဘူး။ ဒါပေမဲ့ ဒီနေ့ခေတ် မိဘများစွာကတော့ ကျမ်းစာထဲက အမှားအမှန်စံနှုန်းတွေကို လက်မခံတဲ့အတွက် သားသမီးတွေကို ကောင်းကောင်း လမ်းမပြနိုင်ဘူး။ ဒါကြောင့် ဝမ်းနည်းစရာပြဿနာတွေ ကြုံရလေ့ရှိတယ်။ (သု. ၁၄:၁၂) ဒါပေမဲ့ ယေဟောဝါကတော့ ‘အမှန်တရားရဲ့ ဘုရား’ ဖြစ်တဲ့အတွက် သားသမီးတွေကို အကောင်းဆုံးလမ်းပြပေးနိုင်တယ်။ (ဆာ. ၃၁:၅ကဘ) မိမိနဲ့ပတ်သက်တဲ့ အမှန်တရား၊ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို သင်ပေးတယ်။ အကောင်းဆုံးဘဝလမ်းစဉ်ကိုလည်း ပြပေးတယ်။ (ဆာလံ ၄၃:၃ ကိုဖတ်ပါ။) ကျွန်တော်တို့ကို သိပ်ချစ်မှန်းဖော်ပြဖို့ ဘယ်အမှန်တရားတွေကို ယေဟောဝါ သင်ပေးသလဲ။

ခရစ်ယာန်ဖခင်တွေဟာ သားသမီးတွေကို အမှန်တရားအကြောင်း သင်ပေးခြင်း၊ ကောင်းကင်ဖခင်နဲ့ ဆက်ဆံရေးကောင်းရှိအောင် ကူညီပေးခြင်းအားဖြင့် ယေဟောဝါကို တုပကြ (အပိုဒ် ၈-၁၀ ကိုကြည့်ပါ)

၉၊ ၁၀။ (က) ယေဟောဝါဟာ သူနဲ့ပတ်သက်တဲ့ အမှန်တရားကို ဘာကြောင့် ဖော်ပြတာလဲ။ (ခ) ကျွန်တော်တို့နဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်အကြောင်း ယေဟောဝါ ဘာသင်ပေးသလဲ။

ဦးဆုံး၊ ယေဟောဝါဟာ ကျွန်တော်တို့ကို သူ့အကြောင်း သိစေချင်တဲ့အတွက် သူနဲ့ပတ်သက်တဲ့ အမှန်တရားကို ဖော်ပြပေးတယ်။ (ယာ. ၄:၈) မိမိနာမည်ကိုလည်း ပြောပြတယ်။ ကျမ်းစာထဲမှာ ဘုရားသခင့်နာမည်ဟာ တခြားနာမည်တွေထက် အကြိမ်ပေါင်းများစွာ ပိုပါရှိတယ်။ မိမိ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ် ဆိုတာကိုလည်း ပြောပြတယ်။ ယေဟောဝါ ဖန်ဆင်းထားတာတွေကို ကြည့်တဲ့အခါ ကိုယ်တော်ဟာ တန်ခိုးရှင်၊ ဉာဏ်ကြီးရှင်ဖြစ်မှန်း သိရတယ်။ (ရော. ၁:၂၀) ကျမ်းစာလေ့လာတဲ့အခါ ကိုယ်တော်ဟာ တရားမျှတပြီး ကျွန်တော်တို့ကို သိပ်ချစ်မှန်း သိရတယ်။ ယေဟောဝါရဲ့ အရည်အသွေးကောင်းတွေကို ပိုသိလာလေ ကိုယ်တော်နဲ့ပိုရင်းနှီးလာလေပဲ။

ယေဟောဝါရဲ့ အရည်အသွေးကောင်းတွေကို ပိုသိလာလေ ကိုယ်တော်နဲ့ ပိုရင်းနှီးလာလေပဲ

၁၀ ကျွန်တော်တို့နဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်အကြောင်းလည်း ယေဟောဝါ ဖော်ပြတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော့်မိသားစုဝင်တွေ ဖြစ်တယ်ဆိုတာ ပြောပြတယ်။ မိသားစုဝင်တိုင်းနဲ့ စည်းစည်းလုံးလုံး၊ သင့်သင့်မြတ်မြတ် လုပ်ဆောင်နိုင်ဖို့ ဘာတွေလိုအပ်တယ်ဆိုတာကိုလည်း သင်ပေးတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို အကောင်းအဆိုး ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းနဲ့ မဖန်ဆင်းထားမှန်း ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (ယေ. ၁၀:၂၃) ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို ယေဟောဝါသိတယ်။ ကိုယ်တော့်အခွင့်အာဏာကို အသိအမှတ်ပြုပြီး နာခံမှသာ ပျော်ရွှင်ကျေနပ်စရာ အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ အဲဒီအရေးကြီးအမှန်တရားကို ယေဟောဝါသင်ပေးတာဟာ ကျွန်တော်တို့ကို ချစ်လို့ပဲ။

၁၁။ ကျွန်တော်တို့ရဲ့ မေတ္တာရှင်ဖခင်ဟာ အနာဂတ်နဲ့ပတ်သက်ပြီး ဘာပြောသလဲ။

၁၁ မေတ္တာပြည့်ဝတဲ့ဖခင်ဟာ သားသမီးတွေရဲ့ နောင်ရေးအတွက် သိပ်စိတ်ပူတယ်။ သူတို့ရဲ့နောင်ရေး လှပစေချင်တယ်။ ဝမ်းနည်းစရာကတော့ ဒီနေ့ခေတ် လူအများစုဟာ နောင်ရေးနဲ့ပတ်သက်လာရင် ဘာဆိုဘာမှ မသိကြဘူး။ အရည်မရအဖတ်မရတာတွေ လုပ်ပြီး ဘဝအချိန်တွေကို ဖြုန်းတီးပစ်ကြတယ်။ (ဆာ. ၉၀:၁၀) ကျွန်တော်တို့ရဲ့ဖခင် ယေဟောဝါကတော့ လောလောဆယ် ပျော်ရွှင်တဲ့ဘဝရဖို့ ဘယ်လိုအသက်ရှင်ရမယ်ဆိုတာ သင်ပေးရုံမက လှပတဲ့အနာဂတ်ကတိကိုလည်း ပေးထားတယ်။

ယေဟောဝါဟာ သားသမီးတွေကို လမ်းပြဆုံးမ

၁၂။ ကာဣနနဲ့ ဗာရုတ်ကို ယေဟောဝါ ဘယ်လိုကူညီပေးခဲ့သလဲ။

၁၂ ကာဣန အပြစ်လုပ်မိတော့မှာကို ယေဟောဝါတွေ့တဲ့အခါ အချိန်မီတည့်မတ်ပေးတယ်။ ‘ဘာကြောင့် ဒီလောက်တောင် ဒေါသထွက်ပြီး မျက်နှာပျက်နေရတာလဲ။ မင်းသာ အခုကစပြီး ကောင်းတာလုပ်မယ်ဆိုရင် မျက်နှာသာ ပြန်ရမှာပဲ’ လို့ ပြောတယ်။ (က. ၄:၆၊ ၇ကဘ) ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီကို ကာဣန လက်မခံတဲ့အတွက် ဒုက္ခရောက်ခဲ့တယ်။ (က. ၄:၁၁-၁၃) နောက်တစ်ကြိမ်မှာလည်း ဗာရုတ်ဟာ မှားယွင်းတဲ့အတွေးအခေါ်ကြောင့် ခြေကုန်လက်ပန်းကျပြီး စိတ်ဓာတ်ကျလာတာ ယေဟောဝါ သတိထားမိတယ်။ ဒါနဲ့ သူ့အတွေးအခေါ် မှားနေမှန်း၊ ပြောင်းလဲဖို့လိုမှန်း သတိပေးခဲ့တယ်။ ယေဟောဝါရဲ့ ဆုံးမစကားကို ဗာရုတ်နားထောင်တဲ့အတွက် အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်။—ယေ. ၄၅:၂-၅

၁၃။ သစ္စာရှိကျေးကျွန်တွေ အခက်အခဲကြုံဖို့ ယေဟောဝါ ဘာကြောင့် ခွင့်ပြုခဲ့တာလဲ။

၁၃ ယေဟောဝါဟာ ကျွန်တော်တို့ကို ချစ်လို့ လမ်းပြဆုံးမတယ်။ (ဟေဗြဲ ၁၂:၆) ဆုံးမမှုဆိုတာ ဒဏ်ပေးရုံလောက်သာ မဟုတ်ဘူး။ ပုံစံအမျိုးမျိုးရှိတယ်။ အဲဒီထဲမှာ လေ့ကျင့်မှုလည်း ပါဝင်တယ်။ လူတော်လူကောင်းတွေ ဖြစ်လာအောင် သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါလေ့ကျင့်ပေးခဲ့တဲ့ ကျမ်းစာပုံနမူနာတွေ အများကြီးရှိတယ်။ ဥပမာ၊ ယောသပ်၊ မောရှေ၊ ဒါဝိဒ်တို့ဟာ အဆိုးရွားဆုံးအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတယ်။ အဲဒီအချိန်တွေတစ်လျှောက် သူတို့နဲ့အတူ ယေဟောဝါရှိခဲ့တယ်။ ခက်ခဲချိန်တွေမှာ သင်ယူခဲ့ရတာတွေက ရှေ့မှာ ယေဟောဝါပေးမယ့် တာဝန်ကြီးတွေအတွက် သူတို့ကို အသင့်ပြင်ပေးခဲ့တယ်။ မိမိလူတွေကို ယေဟောဝါ ဘယ်လိုကူညီ၊ လေ့ကျင့်ပေးမှန်း ကျမ်းစာမှာဖတ်ရတဲ့အခါ ကျွန်တော်တို့ကို ယေဟောဝါ တကယ်ချစ်တယ်လို့ ခံစားလာရတယ်။သုတ္တံ ၃:၁၁၊ ၁၂ ကိုဖတ်ပါ။

၁၄။ ကျွန်တော်တို့ အမှားလုပ်မိရင်တောင် ယေဟောဝါ ဘယ်လိုမေတ္တာပြသလဲ။

၁၄ ကျွန်တော်တို့ အမှားလုပ်မိရင်တောင် ယေဟောဝါ မေတ္တာဆက်ပြတယ်။ ကိုယ်တော့်ဆုံးမမှုကို လက်ခံပြီး နောင်တယူမယ်ဆိုရင် ကျွန်တော်တို့ကို ‘အကြွင်းမဲ့ ခွင့်လွှတ်’ ပါလိမ့်မယ်။ (ဟေရှာ. ၅၅:၇ကဘ) အဲဒါ ဘာကိုဆိုလိုသလဲ။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုနဲ့ပတ်သက်ပြီး ဒါဝိဒ်ပြောခဲ့တဲ့စကားတွေက ကရုဏာကြီးမားတဲ့ဖခင်ကို ကျွန်တော်တို့ရရှိထားမှန်း ဖော်ပြတယ်– ‘ဘုရားက ငါ့အမှားတွေကို ခွင့်လွှတ်တယ်။ ဝေဒနာတွေကို ပျောက်ကင်းစေတယ်။ ငါ့အသက်ကို သင်္ချိုင်းတွင်းကနေ ဆယ်ယူတယ်။ ငါ့ကို ခိုင်မြဲတဲ့မေတ္တာ၊ ကရုဏာတွေနဲ့ သရဖူဆောင်းပေးတယ်။ နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလို အပြစ်တွေကို ငါတို့နဲ့ အလှမ်းဝေးစေတယ်။’ (ဆာ. ၁၀၃:၃၊ ၄၊ ၁၂ကဘ) ယေဟောဝါဟာ ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ လမ်းပြဆုံးမတယ်။ အဲဒီလိုအခါမျိုးမှာ ကျွန်တော်တို့ဘက်က ချက်ချင်းပြုပြင်ပြောင်းလဲသလား။ ကျွန်တော်တို့ကိုချစ်လို့ ယေဟောဝါ ဆုံးမတယ်ဆိုတာ အမြဲသတိရပါ။—ဆာ. ၃၀:၅

ယေဟောဝါ ကာကွယ်ပေး

၁၅။ ကျွန်တော်တို့ကိုချစ်ကြောင်း ယေဟောဝါ ဖော်ပြတဲ့ နောက်တစ်နည်းက ဘာလဲ။

၁၅ မေတ္တာပြည့်ဝတဲ့ဖခင်ဟာ မိသားစုကို အန္တရာယ်တွေကနေ ကာကွယ်ပေးတယ်။ ကျွန်တော်တို့ရဲ့ဖခင် ယေဟောဝါလည်း အဲဒီလိုပဲ။ ‘ဘုရားက သစ္စာစောင့်သိသူတွေရဲ့ အသက်ကို စောင့်ရှောက်တယ်။ လူဆိုးတွေလက်ကနေ သူတို့ကို ကယ်တင်တယ်’ လို့ ဆာလံဆရာပြောတယ်။ (ဆာ. ၉၇:၁၀ကဘ) မျက်စိဟာ သိပ်တန်ဖိုးရှိလို့ မျက်စိကိုထိတာနဲ့ ကျွန်တော်တို့ ချက်ချင်းကာကွယ်တတ်တယ်။ အဲဒီလိုပဲ၊ ကျွန်တော်တို့ဟာ ယေဟောဝါအတွက် သိပ်တန်ဖိုးရှိလို့ ကျွန်တော်တို့ကို ထိတာနဲ့ ကိုယ်တော် ချက်ချင်းကာကွယ်ပေးတယ်။ဇာခရိ ၂:၈ ကိုဖတ်ပါ။

ကျွန်တော်တို့ဟာ ယေဟောဝါအတွက် သိပ်တန်ဖိုးရှိလို့ ကျွန်တော်တို့ကို ထိတာနဲ့ ကိုယ်တော် ချက်ချင်းကာကွယ်ပေးတယ်

၁၆၊ ၁၇။ ယေဟောဝါဟာ မိမိလူမျိုးကို ဘယ်လိုကာကွယ်ပေးသလဲ။

၁၆ မိမိလူမျိုးကို ယေဟောဝါကာကွယ်ပေးတဲ့ နည်းတစ်နည်းကတော့ ကောင်းကင်တမန်တွေအားဖြင့်ပဲ။ (ဆာ. ၉၁:၁၁) ကောင်းကင်တမန်တစ်ပါးတည်းက အာရှုရိစစ်သား ၁၈၅,၀၀၀ ကို တစ်ညတည်းမှာ သတ်ပစ်လိုက်ပြီး ဘုရားသခင့်လူမျိုးကို ကယ်တင်ခဲ့တယ်။ (၄ ရာ. ၁၉:၃၅) ပထမရာစုမှာလည်း ကောင်းကင်တမန်တွေဟာ ပေတရု၊ ပေါလုနဲ့ တခြားတပည့်တွေကို ထောင်ကနေလွတ်မြောက်အောင် ကယ်တင်ခဲ့တယ်။ (တ. ၅:၁၈-၂၀; ၁၂:၆-၁၁) မကြာသေးခင်က အာဖရိကနိုင်ငံတစ်ခုမှာ အကြီးအကျယ်စစ်ဖြစ်တယ်။ တိုက်ခိုက်မှု၊ ခိုးဝှက်မှု၊ မုဒိမ်းမှု၊ သတ်ဖြတ်မှုတွေကြောင့် တိုင်းပြည်ဟာ ရစရာမရှိအောင် ဗြောင်းဆန်နေတယ်။ ညီအစ်ကိုညီအစ်မတစ်ယောက်မှ မသေဆုံးပေမဲ့ အများစုကတော့ ရှိစုမဲ့စုအားလုံး ဆုံးရှုံးသွားတယ်။ ဒါပေမဲ့ သူတို့အားလုံး ယေဟောဝါရဲ့မေတ္တာနဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ခံစားခဲ့ရတယ်။ ဒီလောက်ကြုံရတာတောင် အပြုံးမပျက် ပျော်ရွှင်နေဆဲပဲ။ သူတို့ဆီ ဌာနချုပ်ကိုယ်စားလှယ်တစ်ယောက် လည်ပတ်ပြီး အခြေအနေမေးကြည့်တဲ့အခါ “ယေဟောဝါရဲ့ကျေးဇူးကြောင့် အားလုံးအဆင်ပြေပါတယ်” လို့ပြန်ဖြေကြတယ်။

၁၇ သတေဖန်လို ကျေးကျွန်တချို့ကတော့ ယေဟောဝါအပေါ်ထားတဲ့ သစ္စာသမာဓိကြောင့် အသက်သေဆုံးတဲ့အထိ ကြုံကြရတယ်။ အဲဒီအခြေအနေတွေ မကြုံရအောင် ယေဟောဝါ အမြဲတမ်းတော့ မတားဆီးပေးဘူး။ ဒါပေမဲ့ စာတန့်ပရိယာယ်အမျိုးမျိုးအကြောင်း သတိပေးခြင်းအားဖြင့် အုပ်စုလိုက်ကိုတော့ ကာကွယ်ပေးတယ်။ (ဧ. ၆:၁၀-၁၂) ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ်စာပေတွေကတစ်ဆင့် အဲဒီသတိပေးချက်တွေကို ကျွန်တော်တို့ရရှိတယ်။ ဥပမာ၊ အင်တာနက်နဲ့ ငွေတပ်မက်ခြင်းအန္တရာယ်၊ အကျင့်ပျက်ကြမ်းတမ်းတဲ့ ရုပ်ရှင်၊ စာအုပ်နဲ့ ဂိမ်းအန္တရာယ်တွေကို သိရှိလာရတယ်။ ကျွန်တော်တို့ကို ယေဟောဝါချစ်ပြီး ကာကွယ်ပေးချင်တာ သိပ်ထင်ရှားတယ်။

ကြီးမားလှတဲ့အခွင့်ထူး

၁၈။ ယေဟောဝါရဲ့ မေတ္တာနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရသလဲ။

၁၈ မောရှေဟာ ယေဟောဝါကို အမှုဆောင်ခဲ့တဲ့ နှစ်တွေအကြောင်း ပြန်စဉ်းစားလိုက်တဲ့အခါ သူ့ကို ယေဟောဝါချစ်မှန်း ယုံကြည်စိတ်ချလာတယ်။ ‘နံနက်ခင်းမှာ ခိုင်မြဲတဲ့မေတ္တာပြပြီး စိတ်ကျေနပ်စေပါ။ ဒါမှ တစ်သက်လုံး ရွှင်လန်းစွာသီချင်းဆိုပြီး ဝမ်းမြောက်နိုင်မှာပါ’ လို့သူပြောတယ်။ (ဆာ. ၉၀:၁၄ကဘ) ယေဟောဝါရဲ့မေတ္တာကို သိရှိခံစားခွင့်ရထားတာဟာ အကြီးမားဆုံးအခွင့်ထူးနဲ့ ကောင်းချီးဖြစ်တယ်။ “ငါတို့ကို ခမည်းတော် မည်မျှချစ်တော်မူကြောင်း ဆင်ခြင်ကြလော့” ဆိုပြီး တမန်တော်ယောဟန်လိုပြောဖို့ ကျွန်တော်တို့ လှုံ့ဆော်ခံရပါတယ်။—၁ ယော. ၃:၁