မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒီစနစ်ဟောင်းရဲ့အဆုံးကို အတူရင်ဆိုင်ခြင်း

ဒီစနစ်ဟောင်းရဲ့အဆုံးကို အတူရင်ဆိုင်ခြင်း

“ငါတို့သည် အင်္ဂါချင်းများဖြစ်ကြ၏။” —ဧ. ၄:၂၅

၁၊ ၂။ ဘုရားသခင်ဟာ သူ့ကိုဝတ်ပြုတဲ့ လူကြီးလူငယ်တွေဆီကနေ ဘယ်လိုဝတ်ပြုကိုးကွယ်မှုမျိုး လိုချင်သလဲ။

သင်ဟာ လူငယ်တစ်ယောက်လား။ ဒါဆိုရင် ယေဟောဝါရဲ့ ကမ္ဘာချီအဖွဲ့အစည်းမှာ တန်ဖိုးရှိသူတစ်ယောက်ဖြစ်တယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ နိုင်ငံများစွာမှာ နှစ်ခြင်းခံသူအများစုဟာ လူငယ်တွေဖြစ်တယ်။ လူငယ်များစွာ ယေဟောဝါရဲ့အမှုတော်ဆောင်ဖို့ ဆုံးဖြတ်တာကို မြင်ရတာ အားရှိစရာပဲ။

လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်သက်တူရွယ်တူတွေနဲ့ ပေါင်းသင်းရတာကို သင် နှစ်သက်သလား။ နှစ်သက်မှာပါ။ ကိုယ့်သက်တူရွယ်တူမိတ်ဆွေတွေနဲ့ ပေါင်းသင်းရတာကို ကျွန်တော်တို့ နှစ်သက်ကြတယ်။ ဒါပေမဲ့ ယေဟောဝါက ကျွန်တော်တို့အားလုံး လူကြီးလူငယ်မရွေး၊ ဘယ်လိုနောက်ခံပဲရှိရှိ သူ့ကို စည်းစည်းလုံးလုံး ဝတ်ပြုစေချင်တယ်။ “ဘုရားသခင်၏အလိုတော်မှာ လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာရန်ဖြစ်၏” လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ (၁ တိ. ၂:၃၊ ၄) ဘုရားသခင်ကိုဝတ်ပြုသူတွေဟာ “လူမျိုးများ၊ လူမျိုးနွယ်များ၊ လူစုများနှင့် ဘာသာစကားများအားလုံးထဲမှ” ထွက်လာသူတွေဖြစ်တယ်လို့ ဗျာဒိတ် ၇:၉ မှာ ဖော်ပြထားတယ်။

၃၊ ၄။ (က) ဒီနေ့ခေတ်လူငယ်များစွာမှာ ဘယ်လိုသဘောထားမျိုးရှိနေသလဲ။ (ခ) ဧဖက် ၄:၂၅ မှာ အသင်းတော်ဟာ ဘာနဲ့တူတယ်လို့ ပေါလု ဖော်ပြခဲ့သလဲ။

ယေဟောဝါကိုဝတ်ပြုတဲ့ လူငယ်တွေနဲ့ ဝတ်မပြုတဲ့လူငယ်တွေ သိပ်ကွာခြားတယ်။ ယေဟောဝါကိုဝတ်မပြုတဲ့ လူငယ်များစွာဟာ ကိုယ့်အတွက်ပဲ၊ ကိုယ်လိုချင်တာကိုပဲ စိတ်ဝင်စားကြတယ်။ ဒီနေ့ခေတ်လူငယ်တွေဟာ အရင်ကထက် ပိုအတ္တကြီးလာတယ်လို့ လေ့လာရေးသမားတချို့ ပြောတယ်။ သူတို့စကားပြောပုံ၊ ဝတ်စားပုံတွေက တခြားသူတွေ၊ အထူးသဖြင့် လူကြီးတွေကို မလေးစားတဲ့ပုံပေါက်နေတယ်။

စာတန့်စနစ်ရဲ့အဆုံးနီးလာလေ ညီအစ်ကိုညီအစ်မတွေနဲ့ စည်းစည်းလုံးလုံးရှိနေဖို့ ပိုအရေးကြီးလာလေပဲ

အဲဒီသဘောထားက နေရာတိုင်းမှာ ပျံ့နှံ့နေတယ်။ ဒါကြောင့် အဲဒီသဘောထားကိုရှောင်ဖို့၊ ယေဟောဝါရဲ့နှစ်သက်မှုရဖို့ဆိုရင် တော်တော်ကြိုးစားအားထုတ်ရမယ်။ ပထမရာစုမှာတောင် ဒီသဘောထားနဲ့ပတ်သက်ပြီး ခရစ်ယာန်တွေကို ပေါလု သတိပေးခဲ့တယ်။ ‘နာခံမှုမရှိသူတို့တွင် ရှင်သန်လှုပ်ရှားလျက်ရှိသော စိတ်ဓာတ်’ လို့ ပေါလု ခေါ်ခဲ့တယ်။ (ဧဖက် ၂:၁–၃ ကိုဖတ်ပါ။) အသင်းတော်ကလူငယ်တွေမှာ အဲဒီလိုစိတ်ထားမျိုးမရှိတဲ့အတွက် ချီးမွမ်းစရာပဲ။ သူတို့က ယေဟောဝါကို ညီအစ်ကိုညီအစ်မတွေနဲ့အတူ စည်းစည်းလုံးလုံး ဝတ်ပြုချင်ကြတယ်။ အသင်းတော်ဟာ အင်္ဂါအစိတ်အပိုင်းတွေ အတူလုပ်ဆောင်နေတဲ့ ခန္ဓာကိုယ်နဲ့တူတယ်ဆိုတာ သူတို့ သဘောပေါက်ကြတယ်။ ပေါလုပြောသလို ကျွန်တော်တို့ဟာ “အင်္ဂါချင်းများဖြစ်” တယ်။ (ဧ. ၄:၂၅) စာတန့်စနစ်ရဲ့အဆုံးနီးလာလေ ညီအစ်ကိုညီအစ်မတွေနဲ့ စည်းစည်းလုံးလုံးရှိနေဖို့ ပိုအရေးကြီးလာလေပဲ။ လက်တွဲမဖြုတ်ဘဲ စည်းစည်းလုံးလုံးရှိနေဖို့ ဘာကြောင့်လိုအပ်တယ်ဆိုတာ နားလည်အောင် ကျမ်းစာပုံနမူနာတချို့ကို သုံးသပ်ကြည့်ကြစို့။

သူတို့ လက်တွဲမဖြုတ် စည်းလုံးညီညွတ်ခဲ့

၅၊ ၆။ လောတနဲ့ မိသားစုဆီကနေ ဘာသင်ခန်းစာ သင်ယူရသလဲ။

ရှေးခေတ်တုန်းက ယေဟောဝါရဲ့လူတွေဟာ ဆိုးဝါးတဲ့အန္တရာယ်တွေ ကြုံခဲ့ရတယ်။ ဒါပေမဲ့ အချင်းချင်း စည်းစည်းလုံးလုံးရှိပြီး ရိုင်းပင်းကူညီတဲ့အခါ ယေဟောဝါ ကာကွယ်ပေးခဲ့တယ်။ လူကြီးလူငယ်မရွေး ဒီကျမ်းစာပုံနမူနာတွေကနေ သင်ခန်းစာယူနိုင်ပါတယ်။ အခု၊ လောတ ဘာဖြစ်ခဲ့တယ်ဆိုတာ ကြည့်ကြစို့။

လောတနဲ့မိသားစု အန္တရာယ်ကြုံနေရတယ်။ ယေဟောဝါက သူတို့နေထိုင်တဲ့ သောဒုံမြို့ကို ဖျက်ဆီးတော့မယ်။ မြို့ထဲကထွက်ပြီး တောင်ပေါ်ကိုပြေးပါလို့ ကောင်းကင်တမန်တွေကတစ်ဆင့် လောတကို သတိပေးတယ်။ ‘အသက်လွတ်အောင်ပြေးကြ’ လို့ သူတို့ပြောတယ်။ (က. ၁၉:၁၂-၂၂ကဘ) လောတနဲ့သမီးနှစ်ယောက်ဟာ ညွှန်ကြားတဲ့အတိုင်းနာခံတယ်။ ဒါပေမဲ့ လောတရဲ့ တခြားမိသားစုဝင်တွေကတော့ မနာခံခဲ့ဘူး။ လောတဟာ သမက်လောင်းတွေကို ထွက်ပြေးဖို့ ပြောတဲ့အခါ ဒီလူကြီး ‘နောက်ပြောင်နေတယ်’ လို့ သူတို့ထင်ကြတယ်။ လောတရဲ့စကားကို ခပ်ပေါ့ပေါ့ပဲ သဘောထားကြတယ်။ ဒါကြောင့် မြို့ကို ဖျက်ဆီးချိန်မှာ သူတို့ သေဆုံးသွားတယ်။ (က. ၁၉:၁၄ကဘ) လောတနဲ့ သမီးနှစ်ယောက်ကတော့ နာခံမှုရှိပြီး စည်းလုံးတဲ့အတွက် အသက်ချမ်းသာရခဲ့တယ်။

၇။ အီဂျစ်ပြည်ကထွက်လာတဲ့ စည်းလုံးတဲ့လူစုကို ယေဟောဝါ ဘယ်လိုကူညီပေးခဲ့သလဲ။

နောက်ပုံနမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။ အစ္စရေးတွေ အီဂျစ်ပြည်ကနေထွက်လာတုန်းက အုပ်စုလေးတွေခွဲပြီး ကိုယ့်လမ်းကိုယ် သွားခဲ့တာမဟုတ်ဘူး။ အဲဒီအစား ကတိထားရာပြည်ကို တစ်စုတစ်ဝေးတည်း အုပ်စုလိုက် သွားခဲ့ကြတယ်။ ပင်လယ်နီကို ယေဟောဝါ နှစ်ခြမ်းခွဲတုန်းကလည်း မောရှေတစ်ယောက်တည်း ဒါမှမဟုတ် အစ္စရေးနည်းနည်းလေးနဲ့ပဲ ဖြတ်သွားခဲ့တာမဟုတ်ဘူး။ မောရှေနဲ့အတူ အစ္စရေးတစ်မျိုးလုံး ဖြတ်သွားပြီး သူတို့ကို ယေဟောဝါ ကာကွယ်ပေးခဲ့တယ်။ (ထွ. ၁၄:၂၁၊ ၂၂၊ ၂၉၊ ၃၀) အစ္စရေးမဟုတ်သူများစွာတောင် ယေဟောဝါကိုဝတ်ပြုဖို့၊ အီဂျစ်ပြည်ကနေထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူတို့အားလုံး စည်းစည်းလုံးလုံး ရှိနေခဲ့တယ်။ (ထွ. ၁၂:၃၈) လူငယ်လေးတွေပဲဖြစ်ကောင်းဖြစ်နိုင်တဲ့ အုပ်စုငယ်တစ်စုက အကောင်းဆုံးလို့ သူတို့ထင်တဲ့လမ်းအတိုင်း သွားခဲ့ရင် တော်တော်မိုက်မဲရာကျမှာပဲ။ ကိုယ့်လမ်းကိုယ်လျှောက်သူတစ်ယောက်ကိုမှ ယေဟောဝါ ကာကွယ်ပေးမှာမဟုတ်ဘူး။—၁ ကော. ၁၀:၁

၈။ ယောရှဖတ်ခေတ်တုန်းက ဘုရားသခင့်လူတွေ ဘယ်လိုစည်းလုံးခဲ့သလဲ။

ဘုရင်ယောရှဖတ်ခေတ်တုန်းက ဘုရားသခင့်လူမျိုးကိုတိုက်ခိုက်ဖို့ စစ်တပ်အလုံးအရင်း ချီတက်လာတယ်။ (၆ ရာ. ၂၀:၁၊ ၂) ကြောက်စရာကောင်းတဲ့ရန်သူတွေ ဝိုင်းရံခံရချိန်မှာ အစ္စရေးတွေ ဘာလုပ်ခဲ့သလဲ။ ယေဟောဝါကို ယုံကြည်ကိုးစားပြီး လမ်းညွှန်မှုရဖို့ ဆုတောင်းခဲ့ကြတယ်။ (၂ ရာဇဝင်ချုပ် ၂၀:၃၊ ၄ ကိုဖတ်ပါ။) ကိုယ်လွတ်ရာလွတ်ကြောင်းအတွက် တစ်ယောက်ချင်းစီ မကြိုးစားခဲ့ဘူး။ အဲဒီအစား သူတို့အားလုံး အတူစုရုံးခဲ့ကြတယ်။ ‘ယုဒပြည်သားအားလုံးနဲ့အတူ သူတို့ရဲ့မိန်းမတွေ၊ သားသမီးတွေ၊ ကလေးတွေပါမကျန် ယေဟောဝါရှေ့မှာ ရပ်နေကြတယ်’ လို့ ကျမ်းစာပြောတယ်။ (၆ ရာ. ၂၀:၁၃ကဘ) လူကြီးလူငယ်မရွေး အစ္စရေးတစ်မျိုးလုံးဟာ ယေဟောဝါကို ယုံကြည်ကိုးစားပြီး မှာထားတဲ့အတိုင်း လုပ်ဆောင်ခဲ့ကြတယ်။ သူတို့ စည်းစည်းလုံးလုံးရှိနေတဲ့အတွက် ရန်သူတွေလက်ကနေ ယေဟောဝါ ကာကွယ်ပေးခဲ့တယ်။ (၆ ရာ. ၂၀:၂၀-၂၇) ဆန့်ကျင်မှုတွေကို ဘုရားသခင့်လူတွေ ဘယ်လို အုပ်စုလိုက်ရင်ဆိုင်နိုင်တယ်ဆိုတာနဲ့ပတ်သက်တဲ့ ပုံနမူနာကောင်းပါပဲ။

၉။ ပထမရာစုခရစ်ယာန်တွေဆီကနေ ဘာသင်ယူနိုင်သလဲ။

ပထမရာစုမှာလည်း ခရစ်ယာန်တွေဟာ ယေဟောဝါကို စည်းလုံးငြိမ်သက်စွာ ဝတ်ပြုခဲ့ကြတယ်။ ဥပမာ၊ ခရစ်ယာန်ဖြစ်လာတဲ့ ဂျူးနဲ့ လူမျိုးခြားအားလုံးဟာ တမန်တော်တွေရဲ့ သွန်သင်ချက်တွေကို လိုက်လျှောက်ကြတယ်။ အတူနေ၊ အတူစားပြီး အတူဆုတောင်းကြတယ်။ (တ. ၂:၄၂) နှိပ်စက်ညှဉ်းပန်းခံရချိန်မှာလည်း စည်းစည်းလုံးလုံး ရှိနေကြတယ်။ တစ်ယောက်ကိုတစ်ယောက် အလိုအပ်ဆုံးအချိန်ဟာ အဲဒီအချိန်ပဲ။ (တ. ၄:၂၃၊ ၂၄) ကျွန်တော်တို့လည်း နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ စည်းစည်းလုံးလုံးရှိနေပြီး အချင်းချင်း ရိုင်းပင်းကူညီဖို့ လိုအပ်တယ်။

ယေဟောဝါရဲ့နေ့ကြီး မရောက်ခင် စည်းလုံးနေပါ

၁၀။ ဘယ်အချိန်မှာ တစ်ခါနဲ့မှမတူအောင် စည်းလုံးညီညွတ်နေဖို့ လိုအပ်သလဲ။

၁၀ လူ့သမိုင်းမှာ အခက်ခဲဆုံးအချိန်ကို သိပ်မကြာခင် ကျွန်တော်တို့ ရင်ဆိုင်ရတော့မယ်။ ပရောဖက်ယောလက အဲဒီနေ့ကို ‘မှောင်မိုက်ပြီး ညို့မှိုင်းတဲ့နေ့’ အဖြစ်ဖော်ပြခဲ့တယ်။ (ယောလ ၂:၁၊ ၂ကဘ; ဇေ. ၁:၁၄) အဲဒီအချိန်မှာ ဘုရားသခင့်လူတွေဟာ တစ်ခါနဲ့မှမတူအောင် စည်းလုံးညီညွတ်နေဖို့ လိုအပ်တယ်။ “တိုင်းနိုင်ငံသည် အတွင်း၌ မသင့်မတင့်ကွဲပြားနေလျှင် ပျက်စီးသွားမည်” လို့ ယေရှုပြောခဲ့တာ သတိရပါ။—မ. ၁၂:၂၅

၁၁။ ဘုရားသခင့်လူမျိုးဟာ ဆာလံ ၁၂၂:၃၊ ၄ ကနေ စည်းလုံးမှုအကြောင်း ဘာသင်ယူနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၁ ဘယ်လောက်အတိုင်းအတာအထိ စည်းလုံးနေဖို့ လိုအပ်သလဲ။ ရှေးခေတ်ဂျေရုဆလင်မြို့ရဲ့ အိမ်ဆောက်နည်းကနေ သင်ယူနိုင်ပါတယ်။ အဲဒီမြို့မှာ အိမ်တွေကို ကပ်ကပ်လေး ဆောက်ကြတယ်။ ဒါကြောင့် ဆာလံဆရာက ‘တပေါင်းတစည်းတည်းဖြစ်အောင်’ တည်ဆောက်ထားတဲ့မြို့လို့ ခေါ်ခဲ့တယ်။ လူတွေဟာ နီးနီးကပ်ကပ်ရှိနေလို့၊ အချင်းချင်းကို အလွယ်တကူ ကာကွယ်ကူညီနိုင်လို့ လုံခြုံတယ်လို့ ခံစားကြရတယ်။ အိမ်တွေ ပူးပူးကပ်ကပ် တည်ရှိနေတာကိုကြည့်ပြီး ဆာလံဆရာဟာ ယေဟောဝါကို ဝတ်ပြုဖို့ လူမျိုးတစ်မျိုးတည်းအဖြစ် စုရုံးခဲ့ကြတဲ့ အစ္စရေးမျိုးနွယ်တွေကိုလည်း သတိရမိမှာပဲ။ (ဆာလံ ၁၂၂:၃၊ ၄ ကိုဖတ်ပါ။) * ယေဟောဝါရဲ့လူမျိုးဟာ အခုနဲ့ မကြာခင်ရောက်လာမယ့် ခက်ခဲချိန်တွေအတွင်း ‘တပေါင်းတစည်းတည်းဖြစ်’ နေဖို့ သိပ်အရေးကြီးတယ်။

ယေဟောဝါရဲ့ရည်ရွယ်ချက်က ကောင်းကင်နဲ့ မြေကြီးပေါ်မှာ ရှိသူအားလုံးကို မိသားစုတစ်စုတည်းအဖြစ် စုစည်းဖို့ဖြစ်တယ်

၁၂။ ယေဟောဝါရဲ့လူမျိုးကို ဂေါဂတိုက်ခိုက်ချိန်မှာ ကယ်တင်ခံရဖို့ ဘာကကူညီပေးမလဲ။

၁၂ ကျွန်တော်တို့ရဲ့စည်းလုံးမှုဟာ အနာဂတ်မှာ ဘာကြောင့် သိပ်အရေးကြီးလာမလဲ။ ယေဟောဝါရဲ့လူမျိုးကို “မာဂေါဂပြည်သား ဂေါဂမင်း” တိုက်ခိုက်လိမ့်မယ်လို့ ယေဇကျေလ အခန်းကြီး ၃၈ မှာ ကြိုဟောထားတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ သွေးစည်းညီညွတ်နေရမယ်။ ကျွန်တော်တို့ကို စာတန့်လောက ကာကွယ်ပေးလိမ့်မယ်လို့ ထင်ရင်တော့ အမှားကြီးမှားလိမ့်မယ်။ အဲဒီအစား ကျွန်တော်တို့ဟာ ညီအစ်ကိုညီအစ်မတွေနဲ့ လက်တွဲမဖြုတ်စတမ်း စည်းလုံးနေရမယ်။ ဒီအုပ်စုအဝင်ဖြစ်ရုံနဲ့ ကယ်တင်ခြင်းရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့တစ်ဦးစီဟာ ယေဟောဝါကို ယုံကြည်ကိုးစားပြီး နာခံမှုရှိရမယ်။ ဒါမှ ယေဟောဝါနဲ့ ယေရှုက အဲဒီတိုက်ခိုက်မှုတစ်လျှောက် ကာကွယ်ပေးပြီး ကမ္ဘာသစ်ထဲ ခေါ်ဆောင်သွားပါလိမ့်မယ်။ (ယောလ ၂:၃၂; မ. ၂၈:၂၀) တစ်ချိန်တည်းမှာ ဘုရားသခင့်လူမျိုးနဲ့ စည်းစည်းလုံးလုံးနေဖို့ လိုအပ်တယ်။ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဆုံးဖြတ်သူတွေကို ယေဟောဝါကယ်တင်မယ်လို့ သင်ထင်သလား။—မိ. ၂:၁၂

၁၃။ ဆွေးနွေးခဲ့တဲ့ ပုံနမူနာတွေကနေ လူငယ်တွေ ဘာသင်ယူနိုင်သလဲ။

၁၃ သင်ဟာ လူငယ်တစ်ယောက်ဖြစ်တယ်ဆိုရင် ညီအစ်ကိုညီအစ်မတွေနဲ့ နီးနီးကပ်ကပ်နေတာ ဘယ်လောက်ပညာရှိမှန်း နားလည်သလား။ ဒါကြောင့် ကိုယ့်သက်တူရွယ်တူတွေနဲ့ပဲ ပေါင်းသင်းချင်စိတ်၊ ကိုယ့်ဝန်းကျင်မှာရှိသူတွေနဲ့ တစ်သီးပုဂ္ဂလနေချင်စိတ်ကို တိုက်လှန်ပါ။ မကြာခင်မှာ လူကြီးလူငယ်မရွေး ကျွန်တော်တို့အားလုံး တစ်ခါနဲ့မှမတူအောင် တစ်ယောက်ကိုတစ်ယောက် လိုအပ်ပါတော့မယ်။ ဒါကြောင့် အခုကတည်းက ညီအစ်ကိုညီအစ်မတွေနဲ့ ရင်းနှီးမှုနှောင်ကြိုး ခိုင်မြဲအောင်လုပ်ပါ။ သူတို့နဲ့အတူ ယေဟောဝါကို အမှုဆောင်ရာမှာ ပျော်မွေ့နေပါ။ ယေဟောဝါရဲ့လူမျိုးနဲ့ စည်းစည်းလုံးလုံးရှိနေခြင်းက အနာဂတ်မှာ သင့်အသက်ကို ကယ်တင်ပါလိမ့်မယ်။

“အင်္ဂါချင်းများဖြစ်ကြ၏”

၁၄၊ ၁၅။ (က) စည်းစည်းလုံးလုံးနေနိုင်အောင် ယေဟောဝါ ဘာကြောင့် လေ့ကျင့်ပေးနေတာလဲ။ (ခ) စည်းစည်းလုံးလုံးနေနိုင်ဖို့ ယေဟောဝါ ဘယ်လိုသွန်သင်ပေးသလဲ။

၁၄ ယေဟောဝါက ကျွန်တော်တို့ကို ညီအစ်ကိုညီအစ်မတွေနဲ့ ‘ပခုံးချင်းယှဉ်ပြီး အမှုဆောင်နိုင်ဖို့’ ကူညီပေးနေတယ်။ (ဇေ. ၃:၈၊ ၉ကဘ) ‘အရာအားလုံးကို ခရစ်တော်၌ ပြန်လည်စုစည်း’ မယ့် အနာဂတ်အချိန်အတွက် လေ့ကျင့်ပေးနေတယ်။ (ဧဖက် ၁:၉၊ ၁၀ ကိုဖတ်ပါ။) ယေဟောဝါရဲ့ရည်ရွယ်ချက်က ကောင်းကင်နဲ့ မြေကြီးပေါ်မှာရှိသူအားလုံးကို မိသားစုတစ်စုတည်းအဖြစ် စုစည်းဖို့ဖြစ်တယ်။ အဲဒီလိုဖြစ်အောင် ယေဟောဝါ လုပ်ဆောင်မယ်ဆိုတာ သံသယဖြစ်ဖို့မလိုဘူး။ လူငယ်တို့၊ သင်တို့လည်း အဲဒီမိသားစုဝင်တွေ ထာဝစဉ်ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့အတူ စည်းစည်းလုံးလုံးရှိနေဖို့ လိုအပ်တယ်ဆိုတာ သိမြင်သလား။

၁၅ အခုကတည်းက အချင်းချင်း စည်းစည်းလုံးလုံးနေနိုင်အောင် ယေဟောဝါလေ့ကျင့်ပေးနေတယ်။ ဒါမှ ကမ္ဘာသစ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မယ်။ “အင်္ဂါအချင်းချင်း ထပ်တူထပ်မျှ ဂရုစိုက်” ဖို့၊ “အချင်းချင်းချစ်ခင်စုံမက်” ဖို့၊ “အချင်းချင်းနှစ်သိမ့်” ဖို့၊ ‘အချင်းချင်းတည်ဆောက်’ ပေးဖို့ ကျွန်တော်တို့ကို ဘုရားသခင် စိတ်ရှည်ရှည် သွန်သင်ပေးနေတယ်။ (၁ ကော. ၁၂:၂၅; ရော. ၁၂:၁၀; ၁ သက်. ၄:၁၈; ၅:၁၁) ကျွန်တော်တို့ မစုံလင်တဲ့အတွက် စည်းလုံးနေဖို့ အမြဲတော့ လွယ်ကူမှာမဟုတ်မှန်း ယေဟောဝါ သိတယ်။ ဒါကြောင့်လည်း ‘အချင်းချင်း ခွင့်လွှတ်’ နေဖို့ တိုက်တွန်းထားတယ်။—ဧ. ၄:၃၂

၁၆၊ ၁၇။ (က) အစည်းအဝေးကျင်းပရတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။ (ခ) ယေရှုရဲ့ပုံနမူနာကနေ လူငယ်တွေ ဘာသင်ယူနိုင်သလဲ။

၁၆ စည်းစည်းလုံးလုံးနေတတ်အောင် ယေဟောဝါကူညီပေးနေတဲ့ နောက်တစ်နည်းကတော့ အစည်းအဝေးတွေအားဖြင့်ဖြစ်တယ်။ အစည်းအဝေးကျင်းပရတဲ့ အကြောင်းရင်းတစ်ခုက အကျင့်ကောင်းတွေကျင့်အောင် အချင်းချင်းအားပေးဖို့ ဖြစ်တယ်ဆိုပြီး ဟေဗြဲ ၁၀:၂၄၊ ၂၅ မှာ သတိပေးထားတယ်။ ယေဟောဝါရဲ့နေ့ကြီး နီးလာတာနဲ့အမျှ အစည်းအဝေးတွေကို ပိုလိုအပ်လာပါလိမ့်မယ်။

၁၇ ဒီကိစ္စမှာ ယေရှုခရစ် စံနမူနာကောင်းချမှတ်ခဲ့တယ်။ ယေဟောဝါရဲ့လူမျိုးနဲ့အတူ အစည်းအဝေးတက်ရတာကို သူသိပ်ပျော်တယ်။ အသက် ၁၂ နှစ်ပဲရှိသေးချိန်မှာတောင် မိဘတွေနဲ့အတူ ဗိမာန်တော်မှာ စုဝေးခဲ့တယ်။ တစ်ရက်မှာတော့ သူ့ကို မိဘတွေ ရှာမတွေ့တော့ဘူး။ တခြားလူငယ်တွေနဲ့ သွားပေါင်းနေလို့လား။ မဟုတ်ပါဘူး။ ယေရှုကို မိဘတွေပြန်ရှာတွေ့တဲ့အခါ ဗိမာန်တော်မှာ ဆရာတွေနဲ့အတူ ကျမ်းစာအကြောင်း ပြောဆိုနေတာ တွေ့ခဲ့ရတယ်။—လု. ၂:၄၅-၄၇

၁၈။ ဆုတောင်းခြင်းက စည်းလုံးမှုကို ဘယ်လိုခိုင်မြဲစေနိုင်သလဲ။

၁၈ ညီအစ်ကိုညီအစ်မတွေအတွက် ဆုတောင်းပေးခြင်း၊ သတ်သတ်မှတ်မှတ်နည်းတွေနဲ့ ကူညီပေးဖို့ ယေဟောဝါဆီ အသနားခံပေးခြင်းအားဖြင့်လည်း စည်းလုံးမှုခိုင်မြဲအောင် လုပ်ဆောင်နိုင်တယ်။ ညီအစ်ကိုညီအစ်မတွေအတွက် ဆုတောင်းပေးမယ်ဆိုရင် သူတို့ကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးရာရောက်တယ်။ ညီအစ်ကိုညီအစ်မတွေကိုချစ်ဖို့၊ အစည်းအဝေးတွေမှာ သူတို့ကို အားပေးဖို့၊ သူတို့အတွက်ဆုတောင်းပေးဖို့ အရေးကြီးတယ်။ လူငယ်တို့၊ အဲဒါတွေကို သင်တို့ ကြိုးစားလုပ်ဆောင်နေသလား။ လုပ်ဆောင်နေတယ်ဆိုရင် အသင်းတော်မှာရှိသူတွေနဲ့ ပိုခင်မင်ရင်းနှီးလာပါလိမ့်မယ်။ အဆုံးရောက်လာချိန်မှာ ကယ်တင်ခံရဖို့ဆိုရင် ကျွန်တော်တို့ဟာ စာတန့်လောကနဲ့မဟုတ်ဘဲ ညီအစ်ကိုညီအစ်မတွေနဲ့ နီးနီးကပ်ကပ်ရှိနေဖို့ လိုအပ်တယ်။

ကျွန်တော်တို့အားလုံး ညီအစ်ကိုညီအစ်မတွေအတွက် ဆုတောင်းပေးနိုင် (အပိုဒ် ၁၈ ကိုကြည့်ပါ)

“အင်္ဂါချင်းများဖြစ်” တယ်ဆိုတာ ဖော်ပြခြင်း

၁၉–၂၁။ (က) ကျွန်တော်တို့ဟာ “အင်္ဂါချင်းများ” ဖြစ်တာကြောင့် ဘာလုပ်ဖို့ လှုံ့ဆော်ခံရသလဲ။ ဥပမာပေးပါ။ (ခ) သဘာဝဘေးတွေ ကြုံရချိန်မှာ ညီအစ်ကိုညီအစ်မတွေ ကူညီပေးပုံကနေ ဘာသင်ယူရသလဲ။

၁၉ ဒီနေ့ခေတ် ယေဟောဝါရဲ့လူမျိုးဟာ “အင်္ဂါချင်းများဖြစ်” တယ်ဆိုတာဖော်ပြတဲ့ ပုံနမူနာအများကြီးရှိတယ်။ (ရော. ၁၂:၅) သဘာဝဘေးတွေကြောင့် ညီအစ်ကိုညီအစ်မတွေ ဒုက္ခရောက်တဲ့အခါ သူတို့အတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ပြီး အတတ်နိုင်ဆုံး ကူညီပေးချင်တယ်။ ၂၀၁၁၊ ဒီဇင်ဘာမှာ ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒနောင်းကျွန်းကို မုန်တိုင်းတိုက်သွားတယ်။ တစ်ညတည်းမှာ ညီအစ်ကိုညီအစ်မအိမ်တွေအပါအဝင် အိမ်ခြေ ၄၀,၀၀၀ ကျော် ရေမြုပ်သွားတယ်။ ဒေသခံကယ်ဆယ်ရေးကော်မတီတွေ မရောက်ခင်မှာတောင် “တခြားဒေသက ညီအစ်ကိုညီအစ်မတွေရဲ့ အထောက်အပံ့တွေ ရောက်နေပြီ” လို့ ဌာနခွဲရုံးက ပြောတယ်။

၂၀ ဂျပန်နိုင်ငံအရှေ့ပိုင်းမှာလည်း ငလျင်ကြီးလှုပ်ပြီး ဆူနာမီလှိုင်းလုံးတွေ ရိုက်ခတ်လာချိန်မှာ ညီအစ်ကိုညီအစ်မတွေ အကြီးအကျယ် ဒုက္ခရောက်ခဲ့တယ်။ အများစုမှာ ဘာဆိုဘာမှ မကျန်တော့ဘူး။ ဥပမာ၊ ညီအစ်မယိုရှီကိုရဲ့အိမ် ပျက်စီးသွားတယ်။ သူဟာ နိုင်ငံတော်ခန်းမနဲ့ ၂၅ မိုင် (ကီလိုမီတာ ၄၀) လောက်ဝေးတဲ့ နေရာမှာ နေထိုင်တယ်။ “ငလျင်လှုပ်ပြီးပြီးချင်း နောက်နေ့မှာပဲ တိုက်နယ်ကြီးကြပ်မှူးနဲ့ နောက်ညီအစ်ကိုတစ်ယောက် ရောက်လာပြီး ကျွန်မတို့ကို လိုက်ရှာလို့ သိပ်အံ့ဩသွားတယ်။ အသင်းတော်ကတစ်ဆင့် ကျွန်မတို့ရဲ့ ဘုရားရေးရာလိုအပ်ချက်တွေကို အလျှံပယ်ဖြည့်ဆည်းပေးလို့ သိပ်ကျေးဇူးတင်တယ်။ အဲဒီအပြင် ကုတ်အင်္ကျီ၊ ရှူးဖိနပ်၊ လွယ်အိတ်နဲ့ ညဝတ်အင်္ကျီတွေကိုလည်း ရရှိခဲ့တယ်” လို့ ဝမ်းပန်းတသာ ပြောရှာတယ်။ ကယ်ဆယ်ရေးကော်မတီဝင်တစ်ယောက် အခုလိုပြောတယ်– “ဂျပန်နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေဟာ တစ်စိတ်တစ်ဝမ်းတည်း အချင်းချင်း ကူညီပေးကြတယ်။ အမေရိကန်ပြည်ထောင်စုကနေတောင် ကူညီပေးဖို့ ညီအစ်ကိုတွေရောက်လာကြတယ်။ ဒီလောက်အဝေးကြီးကို ဘာကြောင့်လာတာလဲလို့ မေးတဲ့အခါ ‘ဂျပန်က ညီအစ်ကိုညီအစ်မတွေ အကူအညီလိုအပ်နေတယ်။ သူတို့နဲ့ ကျွန်တော်တို့က တစ်စည်းတစ်လုံးတည်းပဲ’ လို့ သူတို့ပြန်ဖြေကြတယ်။” အချင်းချင်းကို မေတ္တာစစ်နဲ့ချစ်ကြတဲ့ အဖွဲ့အစည်းအဝင်ဖြစ်ခွင့်ရတာ သင် ဂုဏ်ယူသလား။ ဒီလိုစည်းလုံးမှုကို ယေဟောဝါမြင်တဲ့အခါ ဘယ်လောက် ဝမ်းသာပီတိဖြစ်မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။

၂၁ အခုကတည်းက တစ်ယောက်ကိုတစ်ယောက် မှီခိုအားကိုးတတ်ဖို့ သင်ယူထားမယ်ဆိုရင် အနာဂတ်မှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရာရောက်ပါလိမ့်မယ်။ ကမ္ဘာ့တခြားဒေသက ညီအစ်ကိုညီအစ်မတွေနဲ့ အဆက်အသွယ်ပြတ်သွားရင်တောင် ကိုယ့်ဒေသက ညီအစ်ကိုညီအစ်မတွေနဲ့ စည်းစည်းလုံးလုံး ဆက်ရှိနေနိုင်ပါလိမ့်မယ်။ တိုင်ဖွန်းမုန်တိုင်းကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဂျပန်နိုင်ငံက ညီအစ်မဖူမီကို အခုလိုပြောတယ်– “အဆုံးရောက်ဖို့ သိပ်နီးနေပြီ။ ဒါကြောင့် သဘာဝဘေးတွေ မရှိတော့မယ့်အချိန်ကို မျှော်လင့်ရင်း ညီအစ်ကိုညီအစ်မတွေကို ဆက်ကူညီထောက်မပေးနေဖို့ လိုအပ်တယ်။”

၂၂။ စည်းလုံးမှုက အနာဂတ်မှာ ဘယ်လိုကူညီပေးမလဲ။

၂၂ ညီအစ်ကိုညီအစ်မတွေနဲ့ စည်းလုံးနေဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါရဲ့နေ့ကြီးအတွက် အခုကတည်းက ပြင်ဆင်ပါ။ စာတန့်ဆိုးညစ်တဲ့လောက ဖျက်ဆီးခံရချိန်မှာ ယေဟောဝါဟာ အရင်တုန်းကအတိုင်း သူ့လူမျိုးကို ကယ်တင်ပါလိမ့်မယ်။ (ဟေရှာ. ၅၂:၉၊ ၁၀) သင်ဟာ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ကယ်တင်ခံရဖို့ဆိုရင် ဘုရားသခင့်လူမျိုးနဲ့ စည်းစည်းလုံးလုံးရှိနေဖို့ လိုအပ်တယ်။ အခုရရှိထားတဲ့အရာတွေအတွက် ဘာကြောင့် ကျေးဇူးတင်လေးမြတ်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါလိမ့်မယ်။

^ စာပိုဒ်၊ 11 ဆာလံ ၁၂၂:၃၊ ၄ (ကဘ)– ‘ဂျေရုဆလင်ဟာ တပေါင်းတစည်းတည်းဖြစ်အောင် တည်ဆောက်ထားတဲ့မြို့ပဲ။ အစ္စရေးတွေကိုပေးထားတဲ့ သတိပေးချက်အတိုင်း ယေဟောဝါရဲ့နာမည်ကို ကျေးဇူးတင်ချီးမွမ်းဖို့ “ယ” ရဲ့ မျိုးနွယ်တွေက အဲဒီမြို့ကို တက်သွားကြတယ်။’