ဇေဖနိ ၃:၁-၂၀

  • ဂျေရုဆလင်ဟာ ပုန်ကန်တဲ့မြို့၊ အကျင့်ပျက်တဲ့မြို့ (၁-၇)

  • တရားစီရင်ခြင်း၊ ပြန်စုသိမ်းခြင်း (၈-၂၀)

    • စင်ကြယ်တဲ့ ဘာသာစကားဖြစ်အောင် ပြောင်းလဲ ()

    • နှိမ့်ချရိုကျိုးသူတွေ ကယ်တင်ခံရ (၁၂)

    • ဇိအုန်ကြောင့် ယေဟောဝါ ရွှင်လန်း (၁၇)

 ပုန်ကန်တတ်တဲ့မြို့၊ ညစ်ညူးတဲ့မြို့၊ ဖိနှိပ်တတ်တဲ့မြို့ဟာ အဖြစ်ဆိုး ကြုံရလိမ့်မယ်။+  ၂  သူဟာ ဘုရားသခင့်စကားကို မနာခံဘူး။+ ဆုံးမတာကို လက်မခံဘူး။+ ယေဟောဝါကို မကိုးစားဘူး။+ ဘုရားသခင်ရဲ့ အနားကို မလာဘူး။+  ၃  သူ့ရဲ့မင်းသားမှူးမတ်တွေဟာ ဟိန်းဟောက်နေတဲ့ ခြင်္သေ့တွေပဲ။+ တရားသူကြီးတွေဟာ ညမှာကျက်စားတဲ့ ဝံပုလွေတွေပဲ။ မနက်ကျရင် ဝါးဖို့ အရိုးတစ်ချောင်းတောင် မချန်တဲ့သူတွေပဲ။  ၄  ပရောဖက်တွေကလည်း ရိုင်းစိုင်းတဲ့သူတွေ၊ သစ္စာဖောက်တွေပဲ။+ ပုရောဟိတ်တွေက သန့်ရှင်းမြင့်မြတ်ရာကို ညစ်ညူးစေတယ်။+ ပညတ်ချက်တွေကို ချိုးဖောက်တယ်။+  ၅  သူ့အလယ်မှာစံမြန်းတဲ့ ယေဟောဝါကတော့ ဖြောင့်မတ်တယ်။+ အမှားကင်းတယ်။ တရားစီရင်ချက်တွေအကြောင်း မနက်တိုင်း အသိပေးတယ်။+ နေအလင်းရောင်လို မပျက်မကွက် အသိပေးတယ်။ ဒါပေမဲ့ မဖြောင့်မတ်သူဟာ ရှက်ရကောင်းမှန်း မသိဘူး။+  ၆  “လူမျိုးတွေကို ငါဖျက်ဆီးခဲ့တယ်။ မြို့ရိုးထောင့်မျှော်စင်တွေ ပျက်စီးသွားတယ်။ သူတို့ရဲ့လမ်းတွေကို ဖျက်ဆီးလိုက်တဲ့အတွက် လမ်သွားလမ်းလာ တစ်ယောက်မှ မရှိဘူး။ တစ်ယောက်မကျန် ပျက်စီးကုန်ပြီဖြစ်လို့ မြို့တွေမှာ နေထိုင်သူ မရှိတော့ဘူး။+  ၇  ‘ငါ့ကို မင်း ကျိန်းသေကြောက်ရွံ့လာမှာပါ။ ဆုံးမစကားကို လက်ခံမှာပါ’+ လို့ ငါပြောခဲ့တယ်။ အဲဒီလိုဆိုရင် သူ့နေရာဟာ ဖျက်ဆီးခံရမှာ မဟုတ်ဘူး။+ အခုတော့ ဒါတွေအားလုံးအတွက် ငါဒဏ်ပေးရတော့မယ်။ ဒါတောင် သူတို့က အကျင့်ပျက်ဖို့ ဆန္ဒပြင်းပြနေတုန်းပဲ။+  ၈  ယေဟောဝါ ပြောတာက– ‘ဒါကြောင့် တိုက်ခိုက်လုယက်ဖို့ ငါရောက်လာမယ့်နေ့* မတိုင်မချင်း ငါ့ကို စိတ်ရှည်ရှည် စောင့်နေပါ။+ လူမျိုးတွေကို စုဝေးဖို့၊ နိုင်ငံတွေကို စုစည်းဖို့ ငါ စီရင်ဆုံးဖြတ်ထားတယ်။ အမျက်တော်မီးကို သူတို့အပေါ် အကုန်အစင် သွန်းလောင်းမယ်။+ မီးလိုတောက်လောင်တဲ့ ငါ့ရဲ့ထက်သန်တဲ့စိတ်ကြောင့် မြေတစ်ပြင်လုံး လောင်ကျွမ်းသွားမယ်။+  ၉  အဲဒီအချိန်မှာ လူတွေရဲ့ ဘာသာစကားကို စင်ကြယ်တဲ့ဘာသာစကား ဖြစ်အောင် ငါပြောင်းလဲပေးမယ်။ လူတွေက ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းကြလိမ့်မယ်။ ငါ့ကို စည်းလုံးစွာ ဝတ်ပြုကြလိမ့်မယ်။’*+ ၁၀  ငါ့ကို အသနားခံနေသူတွေ၊ ကွဲလွင့်နေတဲ့ ငါ့လူတွေဟာ အီသီယိုးပီးယား မြစ်ဝှမ်းဒေသကနေ ငါ့ဆီ လက်ဆောင်တွေ ယူလာကြလိမ့်မယ်။+ ၁၁  ငါ့ကိုပုန်ကန်တဲ့ လုပ်ရပ်တွေကြောင့် အဲဒီနေ့မှာ မင်းကို အရှက်ခွဲမှာ မဟုတ်ဘူး။+ အဲဒီအခါ ထောင်လွှားဝါကြွားသူတွေကို မင်းဆီကနေ ငါဖယ်ရှားမယ်။ ငါ့ရဲ့ သန့်ရှင်းတဲ့တောင်ပေါ်မှာ+ မင်း ထောင်လွှားနိုင်တော့မှာ မဟုတ်ဘူး။ ၁၂  နှိမ့်ချရိုကျိုးသူတွေကို မင်းဆီမှာ ငါကျန်ရစ်စေမယ်။+ ယေဟောဝါရဲ့ နာမည်ကို သူတို့ ခိုလှုံကြလိမ့်မယ်။ ၁၃  ကျန်ကြွင်းတဲ့ အစ္စရေးတွေဟာ+ မဖြောင့်မတ်တာတစ်ခုမှ လုပ်မှာမဟုတ်ဘူး။+ လိမ်ညာမှာ၊ လှည့်စားပြောဆိုမှာ မဟုတ်ဘူး။ သူတို့ စားသောက်ပြီး လဲလျောင်းရလိမ့်မယ်။ ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။”+ ၁၄  အို ဇိအုန်သမီးပျို၊ ရွှင်လန်းစွာ ကြွေးကြော်ပါ။ အို အစ္စရေး၊ အောင်သံလွှင့်ပါ။+ အို ဂျေရုဆလင်သမီးပျို၊+ အူလှိုက်သည်းလှိုက် ရွှင်လန်းဝမ်းမြောက်ပါ။ ၁၅  ယေဟောဝါက တရားစီရင်ချက်တွေကို မင်းဆီကနေ ဖယ်ရှားလိုက်ပြီ။+ ရန်သူတွေကို မောင်းထုတ်လိုက်ပြီ။+ မင်းအလယ်မှာ အစ္စရေးတို့ရဲ့ဘုရင် ယေဟောဝါ စံမြန်းနေပြီ။+ ဘေးဆိုးတွေကို မင်း ကြောက်စရာမလိုတော့ဘူး။+ ၁၆  အဲဒီနေ့မှာ ဂျေရုဆလင်ကို ပြောမှာက– “ဇိအုန်၊ မကြောက်နဲ့။+ လက်အား မလျော့နဲ့။ ၁၇  မင်းရဲ့ဘုရား ယေဟောဝါဟာ မင်းနဲ့အတူ ရှိတယ်။+ တန်ခိုးကြီးတဲ့အရှင်ဖြစ်လို့ မင်းကို ကယ်တင်လိမ့်မယ်။ မင်းကြောင့် အကြီးအကျယ် အားရ ရွှင်လန်းလိမ့်မယ်။+ မင်းကိုချစ်တဲ့စိတ်နဲ့ ပီတိဖြာနေလိမ့်မယ်။* မင်းကြောင့် ရွှင်လန်းစွာ ကြွေးကြော်ပြီး ဝမ်းမြောက်လိမ့်မယ်။ ၁၈  ပွဲတော်မလာနိုင်လို့ ဝမ်းနည်းနေသူတွေကို ငါစုသိမ်းမယ်။+ မင်းကြောင့် ကဲ့ရဲ့ရှုတ်ချခံရလို့ သူတို့ မလာနိုင်ကြတာ။+ ၁၉  အဲဒီအချိန်မှာ မင်းကို ဖိနှိပ်တဲ့သူတွေကို ငါအရေးယူမယ်။+ ထော့နဲ့ထော့နဲ့ဖြစ်နေသူကို ကယ်တင်မယ်။+ တကွဲတပြားဖြစ်နေသူကို ပြန်စုသိမ်းမယ်။+ အရှက်တကွဲဖြစ်ခဲ့ရတဲ့ တိုင်းပြည်တွေမှာ ချီးမွမ်းခံရသူတွေ၊ ကျော်ကြားသူတွေ ဖြစ်စေမယ်။ ၂၀  အဲဒီအချိန်မှာ မင်းတို့ကို ငါပြန်ခေါ်လာမယ်။ ပြန်စုသိမ်းမယ်။ မင်းတို့ရဲ့သုံ့ပန်းတွေကို ပြန်ခေါ်လာတာ ကိုယ်တိုင် မြင်ရမယ်။+ ကမ္ဘာပေါ်က လူအားလုံးအလယ်မှာ မင်းတို့ကို ကျော်ကြားသူတွေ၊ ချီးမွမ်းခံရသူတွေ ဖြစ်စေမယ်”+ လို့ ယေဟောဝါ ပြောတယ်။

အောက်ခြေမှတ်ချက်များ

“သက်သေအဖြစ် ငါရောက်လာမယ့်နေ့” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ရင်ပေါင်တန်းပြီး ငါ့ကို ဝတ်ပြုကြလိမ့်မယ်။”
ဒါမှမဟုတ်၊ “တိတ်ဆိတ်နေလိမ့်မယ်။”