မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် အခြားသူများကို ယေဟောဝါနည်းတူ ရှုမြင်သလော

သင်သည် အခြားသူများကို ယေဟောဝါနည်းတူ ရှုမြင်သလော

သင်သည် အခြားသူများကို ယေဟောဝါနည်းတူ ရှုမြင်သလော

“ခန္ဓာကိုယ်၌ စိတ်ဝမ်းကွဲပြားမှုမရှိဘဲ အင်္ဂါအချင်းချင်း ထပ်တူထပ်မျှ ဂရုစိုက်ကြရန်ဖြစ်၏။” —၁ ကော. ၁၂:၂၅၊ ကဘ။

၁။ သင်သည် ဝိညာဉ်ရေးပရဒိသုထဲသို့ စတင်ရောက်ရှိလာချိန်တွင် မည်သို့ခံစားခဲ့ရသနည်း။

ကျွန်ုပ်တို့သည် ဆိုးညစ်သောလောကမှထွက်လာ၍ ယေဟောဝါ၏လူမျိုးတော်နှင့် စတင်ပေါင်းသင်းချိန်တွင် သူတို့၏နွေးထွေးသောမေတ္တာနှင့် ဂရုစိုက်မှုများကို ခံစားရသောကြောင့် ဝမ်းမြောက်ခဲ့ကြပေမည်။ စာတန်၏ထိန်းချုပ်မှုအောက်ရှိ ရိုင်းစိုင်းသော၊ မုန်းတီးမှုပြည့်နေသော၊ ရန်လိုသောလူများနှင့် ကွာခြားလိုက်လေခြင်း! ငြိမ်သက်စည်းလုံးမှုလွှမ်းခြုံနေသော ဝိညာဉ်ရေးပရဒိသုသို့ ကျွန်ုပ်တို့ရောက်ရှိလာခဲ့ပြီ။—ဟေရှာ. ၄၈:၁၇၊ ၁၈; ၆၀:၁၈; ၆၅:၂၅

၂။ (က) အခြားသူများအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံကို အဘယ်အရာက ထိခိုက်စေနိုင်သနည်း။ (ခ) ကျွန်ုပ်တို့ အဘယ်အရာလုပ်ဆောင်ဖို့ လိုသနည်း။

သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ ညီအစ်ကိုများကို ကျွန်ုပ်တို့၏မစုံလင်မှုဟူသော မှန်ဘီလူးဖြင့် စတင်ကြည့်ရှုလာနိုင်သည်။ ကျွန်ုပ်တို့၏မစုံလင်မှုက ညီအစ်ကိုတို့၏အရည်အချင်းကောင်းများကို ရှာဖွေမည့်အစား အပြစ်အနာအဆာများကို ပုံကြီးချဲ့စေနိုင်သည်။ ရိုးရိုးလေးပြောရလျှင် ကျွန်ုပ်တို့သည် သူတို့ကို ယေဟောဝါနည်းတူ ရှုမြင်ရန် မေ့လျော့သွားသည်။ ထိုသို့ဖြစ်မည်ဆိုလျှင် ကျွန်ုပ်တို့၏ရှုမြင်ပုံကို ပြန်ဆန်းစစ်ပြီး ယေဟောဝါ၏ရှုမြင်ပုံနှင့်ကိုက်ညီစေရန် ကြိုးစားရမည်။—ထွ. ၃၃:၁၃

ကျွန်ုပ်တို့၏ညီအစ်ကိုများကို ယေဟောဝါရှုမြင်ပုံ

၃။ ကျမ်းစာက ခရစ်ယာန်အသင်းတော်ကို အဘယ်အရာနှင့် ခိုင်းနှိုင်းထားသနည်း။

၁ ကောရိန္သု ၁၂:၂-၂၆ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း တမန်တော်ပေါလုသည် ဝိညာဉ်တော်ဖွားခရစ်ယာန်အသင်းတော်ကို “အင်္ဂါအများ” ရှိသော ခန္ဓာကိုယ်တစ်ခုနှင့် ခိုင်းနှိုင်းခဲ့၏။ ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် တစ်ခုနှင့်တစ်ခုကွာခြားသကဲ့သို့ အသင်းတော်ရှိအသင်းသားများ၏ ဥပဓိရုပ်နှင့်စွမ်းရည်များလည်း အတော်ပင်ကွာခြားကြသည်။ သို့တိုင် ယေဟောဝါသည် ထိုသူတို့ကိုလက်ခံတော်မူ၏။ သူတို့တစ်ဦးစီကို ချစ်မြတ်နိုးကာ တန်ဖိုးထားတော်မူသည်။ အလားတူ၊ အသင်းတော်ရှိအသင်းသားများလည်း “အင်္ဂါအချင်းချင်း ထပ်တူထပ်မျှ ဂရုစိုက်” သင့်ကြောင်း ပေါလုအကြံပြုသည်။ အခြားသူတို့၏ဥပဓိရုပ်သည် ကျွန်ုပ်တို့နှင့် ကွာခြားနိုင်သောကြောင့် ယင်းအကြံပြုချက်ကိုလိုက်နာရန် ခက်ခဲပေမည်။

၄။ ညီအစ်ကိုများအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံကို အဘယ်ကြောင့် ပြုပြင်ချိန်ညှိဖို့လိုမည်နည်း။

ညီအစ်ကိုတို့၏အားနည်းချက်များကို အာရုံစိုက်တတ်သောသဘောပင် ကျွန်ုပ်တို့တွင် ရှိနေပေမည်။ ယင်းက သေးငယ်သောမြင်ကွင်းတစ်ခုကိုသာ ချိန်နိုင်သည့်မှန်ဘီလူးပါသော ကင်မရာကို အသုံးပြုနေခြင်းနှင့်တူသည်။ သို့သော် ယေဟောဝါ၏ရှုမြင်ပုံမှာ ရိုက်ယူလိုသောအရာအပြင် ယင်း၏ဝန်းကျင်ကိုပါ ချိန်နိုင်သည့် မြင်ကွင်းကျယ်မှန်ဘီလူးနှင့်တူသည်။ ကျွန်ုပ်တို့သည် မိမိတို့မနှစ်မြို့သောအရာကိုသာ ပုံကြီးချဲ့ရှုမြင်တတ်သော်လည်း ယေဟောဝါမူကား လူတစ်ဦး၏အရည်အချင်းကောင်းအားလုံးအပါအဝင် လူတစ်ယောက်လုံးကို သိမြင်တော်မူသည်။ ကျွန်ုပ်တို့သည် ယေဟောဝါကိုတုပရန် ပို၍ကြိုးစားလေ အသင်းတော်အတွင်း မေတ္တာနှင့်စည်းလုံးမှုကို ပို၍တိုးပွားစေနိုင်လေဖြစ်သည်။—ဧ. ၄:၁-၃; ၅:၁၊ ၂

၅။ အခြားသူများကို စစ်ကြောစီရင်ခြင်းသည် အဘယ်ကြောင့် မသင့်လျော်သနည်း။

မစုံလင်သူလူသားများသည်  သူတစ်ပါးကို စစ်ကြောစီရင်တတ်သည့်သဘောရှိကြောင်း ယေရှု ကောင်းစွာသိ၏။ ထို့ကြောင့် “သင်တို့သည် စီရင်ခြင်း မခံရမည်အကြောင်း စီရင်ခြင်းကို မပြုကြနှင့်တော့” ဟု ကိုယ်တော်အကြံပေးခဲ့သည်။ (မ. ၇:၁ကဘ) ယေရှုသည် “စီရင်ခြင်းကိုမပြုနှင့်” ဟုမဆိုဘဲ “စီရင်ခြင်းကို မပြုကြနှင့်တော့” ဟုဆိုထားကြောင်း သတိပြုပါ။ ကိုယ်တော်၏ပရိသတ်ထဲမှ လူအများစုတွင် သူတစ်ပါးကို စစ်ကြောစီရင်သည့်အကျင့်ရှိထားကြောင်း ကိုယ်တော်သိသည်။ ကျွန်ုပ်တို့တွင်လည်း ထိုအကျင့်ရှိနေနိုင်သည်မဟုတ်လော။ သို့ဆိုလျှင် ယင်းကိုပြုပြင်ရန် ကြိုးစားသင့်သည်၊ သို့မှသာ ကျွန်ုပ်တို့ကိုယ်တိုင် ပြင်းထန်စွာ စီရင်ခြင်းမခံရမည်ဖြစ်သည်။ ခန့်အပ်ခံအနေအထားတစ်ခုတွင် ယေဟောဝါအသုံးပြုနေသူတစ်ဦးကို ကျွန်ုပ်တို့ စစ်ကြောစီရင်ပိုင်ခွင့်ရှိသလော သို့မဟုတ် သူ့အား အသင်းသားတစ်ဦးမဖြစ်သင့်ဟု ပြောပိုင်ခွင့်ရှိသလော။ ညီအစ်ကိုတစ်ဦးတွင် အားနည်းချက်အချို့ရှိမည်ဖြစ်သော်လည်း သူ့ကို ယေဟောဝါ ဆက်၍လက်ခံနေသည်ဆိုလျှင် ထိုသူအား ကျွန်ုပ်တို့ငြင်းဆန်ခြင်းမှာ သင့်လျော်ပါမည်လော။ (ယော. ၆:၄၄) ယေဟောဝါသည် ကိုယ်တော့်အဖွဲ့အစည်းကို ဦးဆောင်နေပြီး ပြုပြင်ပြောင်းလဲဖို့လိုအပ်လျှင် ကိုယ်တော်သတ်မှတ်ထားချိန်တွင် အရေးယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အမှန်ယုံကြည်သလော။—ရောမ ၁၄:၁-၄ ကိုဖတ်ပါ။

၆။ ယေဟောဝါသည် မိမိကျေးကျွန်များကို မည်သို့ရှုမြင်တော်မူသနည်း။

ယေဟောဝါ၏ထူးခြားချက်တစ်ခုမှာ ခရစ်ယာန်တစ်ဦးစီသည် ကမ္ဘာသစ်တွင် စုံလင်သည့်အခြေအနေသို့ရောက်သောအခါ အဘယ်စွမ်းရည်များရှိမည်ကို သိမြင်နိုင်ခြင်းဖြစ်၏။ ဝိညာဉ်ရေးတွင် သူတို့မည်မျှတိုးတက်နေကြောင်းကိုလည်း သိတော်မူသည်။ ထို့ကြောင့် ကိုယ်တော်သည် မစုံလင်မှုတိုင်းကို အာရုံစိုက်စရာအကြောင်းမရှိပေ။ “အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏” ဟု ဆာလံ ၁၀၃:၁၂ တွင်ဖော်ပြသည်။ ယင်းကြောင့် ကျွန်ုပ်တို့တစ်ဦးစီ အလွန်ကျေးဇူးတင်စရာပါတကား။—ဆာ. ၁၃၀:၃

၇။ ဒါဝိဒ်အပေါ် ယေဟောဝါ၏ရှုမြင်ပုံမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။

ယေဟောဝါတွင် လူတစ်ဦး၏ကောင်းကွက်ကိုအာရုံစိုက်သော ထူးခြားသည့်အရည်အသွေးရှိကြောင်း ကျမ်းစာက သက်သေထူသည်။ ဒါဝိဒ်နှင့်ပတ်သက်၍ ဘုရားသခင် ဤသို့ဆို၏– ‘ငါ့ကျွန်ဒါဝိဒ်သည် ငါ့ပညတ်ချက်များကိုစောင့်ရှောက်၏။ ငါနှစ်သက်သောအမှုကိုသာပြုကျင့်၍ စိတ်နှလုံးအကြွင်းမဲ့ ငါ့နောက်သို့လိုက်လေ၏။’ (၃ ရာ. ၁၄:၈သမ္မာ) ဒါဝိဒ်သည် အမှားများကျူးလွန်ခဲ့ကြောင်း ကျွန်ုပ်တို့သိထားကြ၏။ သို့သော် ဒါဝိဒ်၏စိတ်နှလုံးသည် ဖြောင့်မတ်ကြောင်း ယေဟောဝါသိရှိသောကြောင့် သူ၏ကောင်းကွက်များကိုသာ ကိုယ်တော် အာရုံစိုက်ခဲ့သည်။—၅ ရာ. ၂၉:၁၇

သင်၏ညီအစ်ကိုများကို ယေဟောဝါနည်းတူ ရှုမြင်ပါ

၈၊ ၉။ (က) ကျွန်ုပ်တို့သည် ယေဟောဝါကို အဘယ်နည်းဖြင့်တုပနိုင်သနည်း။ (ခ) ယင်းကို မည်သို့ဥပမာပေးနိုင်ပြီး ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရရှိသနည်း။

ယေဟောဝါသည် စိတ်နှလုံးကိုသိမြင်နိုင်သော်လည်း ကျွန်ုပ်တို့မူကား မသိမြင်နိုင်ပါ။ ထိုအချက်တစ်ချက်တည်းကပင် သူတစ်ပါးကို စစ်ကြောစီရင်ခြင်းမပြုသင့်သည့် ခိုင်လုံသောအကြောင်းရင်းဖြစ်၏။ အခြားသူတစ်ဦး၏စိတ်ရင်းအားလုံးကို ကျွန်ုပ်တို့မသိမြင်နိုင်ပါ။ နောက်ဆုံးတွင် ပျောက်ကွယ်သွားမည့် လူ့မစုံလင်မှုများကို အာရုံမစိုက်ခြင်းဖြင့် ယေဟောဝါကို ကျွန်ုပ်တို့ ကြိုးစားတုပသင့်သည်။ ဤကိစ္စတွင် ကိုယ်တော်ကိုတုပရန် ကြိုးစားခြင်းသည် မွန်မြတ်သောပန်းတိုင်မဟုတ်ပေလော။ ထိုသို့ပြုပါက ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများနှင့် ပို၍ငြိမ်းချမ်းသင့်မြတ်မှု ရှိလာပါလိမ့်မည်။—ဧ. ၄:၂၃၊ ၂၄

ဥပမာ၊ ယိုယွင်းပျက်စီးနေသော အိမ်တစ်လုံးကို စိတ်ကူးကြည့်ပါ။ ရေတံလျှောက်များပြုတ်ကျပြီး ပြတင်းပေါက်မှန်များကွဲနေသည်၊ မျက်နှာကြက်တွင်လည်း ရေယို၍ပျက်စီးနေသည်။ ထိုအိမ်ကိုကြည့်၍ ဖြိုချသင့်သည်၊ အကြည့်ရဆိုးသည်ဟု လူအများယူဆကြပေမည်။ သို့သော် လူတစ်ဦးမူ ထိုသို့လုံးဝမရှုမြင်ပေ။ သူသည် အပေါ်ယံပျက်စီးမှုများကိုသာ မကြည့်ဘဲ အိမ်၏ဖွဲ့စည်းတည်ဆောက်ပုံ ခိုင်ခံ့ကြောင်း၊ ပြန်ပြုပြင်နိုင်ကြောင်း သတိပြုမိသည်။ သို့နှင့် ထိုအိမ်ကိုဝယ်လိုက်ပြီး အပေါ်ယံပျက်စီးမှုများကိုပြုပြင်ကာ ကြည့်ပျော်ရှုပျော်ဖြစ်စေရန် မွမ်းမံလိုက်သည်။ ထိုအခါ အလွန်လှပသောအိမ်ဟူ၍ လမ်းသွားလမ်းလာများက ကောက်ချက်ချကြသည်။ ထိုအိမ်ကိုပြုပြင်မွမ်းမံသူနှင့် ကျွန်ုပ်တို့တူနိုင်မည်လော။ ညီအစ်ကိုများ၏ အပေါ်ယံအားနည်းချက်များကိုသာ မကြည့်ဘဲ သူတို့၏အရည်အချင်းကောင်းများ၊ ဝိညာဉ်ရေးတွင် နောက်ထပ်တိုးတက်မည့်အလားအလာကို ပိုင်းခြားသိမြင်နိုင်မည်လော။ သို့ဆိုလျှင် ကျွန်ုပ်တို့လည်း ညီအစ်ကိုများ၏ကောင်းကွက်များအတွက် သူတို့ကို ယေဟောဝါနည်းတူ ချစ်မြတ်နိုးလာပေမည်။—ဟေဗြဲ ၆:၁၀ ကိုဖတ်ပါ။

၁၀။ ဖိလိပ္ပိ ၂:၃၊ ၄ မှအကြံပြုချက်သည် ကျွန်ုပ်တို့ကို မည်သို့ထောက်ကူနိုင်သနည်း။

၁၀ အသင်းတော်ရှိ လူတိုင်းနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ကျွန်ုပ်တို့ကိုထောက်ကူနိုင်သော အကြံဉာဏ်အချို့ကို တမန်တော်ပေါလုပေးခဲ့သည်။ ခရစ်ယာန်များကို သူဤသို့တိုက်တွန်းခဲ့၏– “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ့်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။ ကိုယ့်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။” (ဖိ. ၂:၃၊ ၄) နှိမ့်ချမှုက အခြားသူများကို အပြုသဘောဖြင့်ရှုမြင်ရန် ထောက်ကူပေမည်။ အခြားသူများကို စိတ်ဝင်စားမှုပြခြင်းနှင့် သူတို့၏ကောင်းကွက်များကိုရှာဖွေခြင်းတို့က သူတို့ကို ယေဟောဝါနည်းတူ ရှုမြင်နိုင်ရန် ကူညီပေးလိမ့်မည်။

၁၁။ အသင်းတော်အချို့တွင် အဘယ်အပြောင်းအလဲများရှိသနည်း။

၁၁ မကြာသေးမီနှစ်များအတွင်း ကမ္ဘာချီဖွံ့ဖြိုးတိုးတက်မှုများကြောင့် လူများစွာမှာ ပြောင်းရွှေ့နေထိုင်ကြသည်။ ယခု၊ အချို့မြို့များတွင် ဒေသအသီးသီးမှ ပြောင်းရွှေ့လာသူများစွာ နေထိုင်ကြသည်။ ကျွန်ုပ်တို့ဒေသသို့ ပြောင်းရွှေ့လာသူအချို့သည် ကျမ်းစာအမှန်တရားကို စိတ်ဝင်စားလာပြီး ကျွန်ုပ်တို့နှင့်ပူးပေါင်းကာ ယေဟောဝါကိုဝတ်ပြုနေကြပြီ။ သူတို့သည် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” ထွက်လာခြင်းဖြစ်၏။ (ဗျာ. ၇:၉) ရလဒ်အနေနှင့် အသင်းတော်များစွာတွင် လူမျိုးပေါင်းစုံရှိနေသည်။

၁၂။ အချင်းချင်းတို့အပေါ် အဘယ်ရှုမြင်ပုံကို ဆက်ထိန်းသိမ်းထားဖို့လိုသနည်း၊ တစ်ခါတစ်ရံ ယင်းသည် အဘယ်ကြောင့် ခက်ခဲနိုင်သနည်း။

၁၂ ထို့ကြောင့် ကျွန်ုပ်တို့၏အသင်းတော်တွင် အချင်းချင်းကို အပြုသဘောဖြင့် ဆက်ရှုမြင်နိုင်ရန် ပို၍ဂရုပြုဖို့လိုပေမည်။ “ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်” ပြီး “အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့” ဟူသော တမန်တော်ပေတရု၏အကြံပေးချက်ကို စိတ်စွဲမှတ်ထားဖို့လိုသည်။ (၁ ပေ. ၁:၂၃) လူမျိုးအသီးသီးပါဝင်သော အသင်းတော်တွင် စစ်မှန်သောမေတ္တာနှင့်ချစ်ခင်စုံမက်မှုကို ပြုစုပျိုးထောင်ရန် မလွယ်ကူပေ။ ညီအစ်ကိုများ၏ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေး၊ လူမျိုးရေးနောက်ခံတို့သည် ကျွန်ုပ်တို့နှင့် များစွာကွဲပြားပေမည်။ သင်သည် အချို့သူတို့၏ အတွေးအခေါ်နှင့် တုံ့ပြန်မှုများကို နားလည်ရခက်နေသလော။ သူတို့လည်း သင်နှင့်ပတ်သက်၍ ထပ်တူခံစားရပေမည်။ မည်သို့ပင်ဖြစ်စေ၊ “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကို ချစ်ကြလော့” ဟုကျွန်ုပ်တို့အားလုံးကို ညွှန်ကြားထားသည်။—၁ ပေ. ၂:၁၇ကဘ။

၁၃။ ကျွန်ုပ်တို့၏အတွေးအခေါ်ကို မည်သို့ပြုပြင်ပြောင်းလဲဖို့ လိုမည်နည်း။

၁၃ ညီအစ်ကိုအားလုံးအပေါ် ကျွန်ုပ်တို့၏မေတ္တာကို ကျယ်ဝန်းစေနိုင်ရန် ကျွန်ုပ်တို့၏အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲဖို့လိုပေမည်။ (၂ ကောရိန္သု ၆:၁၂၊ ၁၃ ကိုဖတ်ပါ။) “ငါ ဘက်မလိုက်တတ်ပါဘူး၊ ဒါပေမဲ့ . . .” စသည်ဖြင့်ပြောပြီးနောက် လူမျိုးတစ်မျိုးတွင်ရှိတတ်သည်ဟု ကျွန်ုပ်တို့ယူဆသော မနှစ်မြို့ဖွယ်စရိုက်အချို့ကို ပြန်ပြောဖူးသလော။ ထိုသို့ဖြစ်နေခြင်းက အမြစ်စွဲနေသည့်ဘက်လိုက်မှုကို ဖယ်ရှားပစ်ဖို့လိုကြောင်း ဖော်ပြနေပေမည်။ ‘ယဉ်ကျေးမှုမတူသူတွေနဲ့သိကျွမ်းဖို့ ငါ ပုံမှန်ကြိုးစားနေရဲ့လား’ ဟုကိုယ့်ကိုယ်ကို မေးနိုင်သည်။ ထိုသို့ဆန်းစစ်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာညီအစ်ကိုအသင်းအပင်းကို ပို၍လက်ခံကာ ပို၍တန်ဖိုးထားနိုင်ရန် ထောက်ကူပေမည်။

၁၄၊ ၁၅။ (က) အခြားသူများအပေါ် မိမိတို့၏ရှုမြင်ပုံကို ပြုပြင်ပြောင်းလဲခဲ့သူတို့၏ ဥပမာများကို ဖော်ပြပါ။ (ခ) သူတို့ကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။

၁၄ မိမိတို့ရှုမြင်ပုံကို ပြောင်းလဲခဲ့သူတို့၏ နမူနာကောင်းများကို သမ္မာကျမ်းစာတွင်ဖော်ပြထားပြီး တစ်ဦးမှာ တမန်တော်ပေတရုဖြစ်၏။ ဂျူးလူမျိုးဖြစ်သော ပေတရုသည် တစ်ပါးအမျိုးသားတစ်ဦး၏အိမ်သို့မဝင်ဘဲ ရှောင်ခဲ့ပေမည်။ အရေဖျားမလှီးသော တစ်ပါးအမျိုးသား ကော်နေလိ၏အိမ်သို့သွားရန် မိန့်မှာခံရချိန်တွင် သူမည်သို့ခံစားရမည်ကို မြင်ယောင်ကြည့်ပါ။ ပေတရုသည် သူ၏အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲခဲ့ပြီး လူမျိုးအသီးသီးမှလူများကို ခရစ်ယာန်အသင်းသားများဖြစ်လာစေရန် ဘုရားသခင်အလိုတော်ရှိကြောင်း သိမြင်ခဲ့သည်။ (တ. ၁၀:၉-၃၅) နောက်ပိုင်းတွင် တမန်တော်ပေါလုဖြစ်လာသော ရှောလုလည်း ပြုပြင်ပြောင်းလဲပြီး ဘက်လိုက်မှုများကို စွန့်ပယ်ခဲ့သည်။ သူသည် ခရစ်ယာန်များကို အလွန်မုန်းတီးသောကြောင့် “ဘုရားသခင်၏အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးကြောင်း” ဝန်ခံခဲ့သည်။ သို့တိုင် သခင်ယေရှု တည့်မတ်ပေးသောအခါ ပေါလုသည် အကြီးအကျယ်ပြောင်းလဲသွားပြီး တစ်ချိန်က သူ ညှဉ်းဆဲခဲ့သူများထံမှ လမ်းညွှန်ချက်ကိုပင် လက်ခံခဲ့သည်။—ဂလ. ၁:၁၃-၂၀

၁၅ ယေဟောဝါ၏ဝိညာဉ်တော် အကူအညီဖြင့် ကျွန်ုပ်တို့၏သဘောထားကို ပြုပြင်ပြောင်းလဲနိုင်သည်မှာ သေချာသည်။ ကျွန်ုပ်တို့တွင် ဘက်လိုက်မှုများရှိနေကြောင်း သိရပါက ယင်းကိုဖယ်ရှားရန်၊ “အချင်းချင်းစိတ်သဘောမခြားမနား တစ်လုံးတစ်ဝတည်းဖြစ်” ရန် ကြိုးစားကြပါစို့။ (ဧ. ၄:၃-၆) “စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်” ရန် ကျွန်ုပ်တို့ကို ကျမ်းစာတိုက်တွန်းထား၏။—ကော. ၃:၁၄

ခရစ်ယာန်ဓမ္မအမှုတွင် ယေဟောဝါကိုတုပခြင်း

၁၆။ လူတို့နှင့်ပတ်သက်၍ ဘုရားသခင်၏အလိုတော်ကား အဘယ်နည်း။

၁၆ “ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ” ဟု တမန်တော်ပေါလုရေးခဲ့သည်။ (ရော. ၂:၁၁) ယေဟောဝါ၏ရည်ရွယ်ချက်မှာ လူမျိုးအသီးသီးမှ လူများစွာသည် မိမိကို ဝတ်ပြုကိုးကွယ်နိုင်ရန်ဖြစ်၏။ (၁ တိမောသေ ၂:၃၊ ၄ ကိုဖတ်ပါ။) ထို့ကြောင့် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို” ဟောရန် ကိုယ်တော်စီစဉ်ရခြင်းဖြစ်၏။ (ဗျာ. ၁၄:၆) “လယ်ကား ဤလောကဖြစ်၏” ဟုယေရှုမိန့်ဆိုသည်။ (မ. ၁၃:၃၈) ယင်းတို့က သင်နှင့် သင့်မိသားစုအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၁၇။ လူမျိုးအသီးသီးကို ကျွန်ုပ်တို့ မည်သို့ကူညီနိုင်သနည်း။

၁၇ ကျွန်ုပ်တို့အားလုံးသည် အခြားသူများကို ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောရန် ဝေးလံသောဒေသများသို့ သွားရောက်နိုင်ကြမည်မဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့ဒေသတွင်နေထိုင်သော လူမျိုးအသီးသီးကို ဟောပြောနိုင်ကြပေမည်။ ကျွန်ုပ်တို့သည် နှစ်များစွာ ဟောပြောခဲ့သူများကိုသာမဟုတ်ဘဲ အခွင့်အရေးရတိုင်း လူမျိုးအသီးသီးကို သက်သေခံနေပါသလော။ သတင်းကောင်းကို ကောင်းစွာမကြားဖူးသူများကို ဟောပြောရန် စိတ်ပိုင်းဖြတ်ထားပါ။—ရော. ၁၅:၂၀၊ ၂၁

၁၈။ ယေရှုသည် လူတို့ကို စိုးရိမ်မကင်းဖြစ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။

၁၈ လူတိုင်းကိုကူညီဖို့လိုကြောင်း ယေရှု ကောင်းစွာသိရှိထားသည်။ ထို့ကြောင့် ကိုယ်တော်သည် ဒေသတစ်ခုတွင်သာ မဟောပြောခဲ့ပါ။ “မြို့ရွာရှိသမျှတို့ကို ဒေသစာရီလှည့်လည်တော်မူ၏” ဟုကျမ်းစာကဆိုသည်။ ထို့နောက် “လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိ” တော်မူပြီး သူတို့ကိုအကူအညီပေးဖို့လိုကြောင်း ဖော်ပြခဲ့သည်။—မ. ၉:၃၅-၃၇

၁၉၊ ၂၀။ လူခပ်သိမ်းအပေါ်ထားရှိသော ယေဟောဝါနှင့်ယေရှု၏သဘောထားကို ကျွန်ုပ်တို့ အဘယ်နည်းများဖြင့် တုပနိုင်သနည်း။

၁၉ ထပ်တူသဘောထားကို သင် တင်ပြနိုင်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။ အချို့သည် မိမိတို့ဒေသရှိ ရံဖန်ရံခါမှသာ ဟောပြောသောနေရာများတွင် သက်သေခံရန် ကြိုးစားခဲ့ကြသည်။ ယင်းတို့တွင် စီးပွားရေးရပ်ကွက်များ၊ ပန်းခြံများ၊ သယ်ယူပို့ဆောင်ရေးဂိတ်များ၊ အလွယ်တကူမဝင်ရောက်နိုင်သော လူနေအဆောက်အဦ၏ရှေ့မျက်နှာစာများ ပါဝင်သည်။ အခြားသူတို့မူ ဘာသာစကားအသစ်သင်ယူခြင်းဖြင့် ယခု မိမိတို့ဒေသတွင်နေထိုင်သော လူမျိုးစုအချို့ သို့မဟုတ် ယခင်က မကြာခဏသက်သေမခံနိုင်သောဒေသများရှိ လူမျိုးစုများကို သက်သေခံနိုင်ခဲ့ကြသည်။ သူတို့၏မိခင်ဘာသာစကားဖြင့် နှုတ်ခွန်းဆက်စကားကို သင်ယူထားခြင်းက သူတို့၏အကျိုးကို သင် အလွန်စိတ်ဝင်စားကြောင်း ဖော်ပြရာရောက်ပေမည်။ ဘာသာစကားအသစ်ကိုသင်ယူရန် အခြေအနေမပေးလျှင်ပင် ထိုသို့သင်ယူနေသူများကို ကျွန်ုပ်တို့အားပေးနိုင်မည်လော။ တိုင်းတစ်ပါးမှလာသူများကို သက်သေခံနိုင်ရန် အချို့သူတို့ အဘယ်ကြောင့် ထိုသို့လုပ်ဆောင်နေသည်ကို ကျွန်ုပ်တို့ အပျက်သဘောထားမည်မဟုတ်၊ သံသယဝင်မည်မဟုတ်ပါ။ ဘုရားသခင့်အမြင်တွင် လူတိုင်းသည် အဖိုးတန်ပြီး ကျွန်ုပ်တို့လည်း ထပ်တူသဘောထားလိုကြသည်။—ကော. ၃:၁၀၊ ၁၁

၂၀ လူတို့ကို ဘုရားသခင်နည်းတူ ရှုမြင်ခြင်းတွင် သူတို့၏အခြေအနေမည်သို့ပင်ရှိပါစေ သူတို့ကိုဟောပြောခြင်းလည်း ပါဝင်သည်။ အချို့မှာ အိုးအိမ်မရှိ၊ ညစ်ပတ်ပေရေပြီး အကျင့်ပျက်သူဖြစ်ကြောင်း ထင်ရှားနေပေမည်။ အချို့က ကျွန်ုပ်တို့ကို မကြင်မနာဆက်ဆံခဲ့လျှင် သူတို့၏လူမျိုးတစ်ခုလုံးကိုခြုံ၍ အပျက်သဘောဖြင့် မရှုမြင်သင့်ပါ။ ပေါလုသည် အချို့သူတို့၏ ဆိုးဆိုးရွားရွားပြုမူဆက်ဆံခြင်းခံခဲ့ရသော်လည်း သူတို့နှင့်နောက်ခံတူသူများကို မဟောဘဲမနေခဲ့ပါ။ (တ. ၁၄:၅-၇၊ ၁၉-၂၂) အချို့သူတို့ ကောင်းစွာတုံ့ပြန်မည်ကို သူယုံကြည်သည်။

၂၁။ အခြားသူများကို ယေဟောဝါနည်းတူ ရှုမြင်ခြင်းက သင့်ကို မည်သို့ထောက်ကူပေးမည်နည်း။

၂၁ ထို့ကြောင့် ဒေသခံညီအစ်ကိုများ၊ အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းများ၊ ရပ်ကွက်ရှိလူများနှင့် ဆက်ဆံရာတွင် သူတို့ကို ယေဟောဝါနည်းတူ ရှုမြင်ဖို့လိုကြောင်း ထင်ရှားသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ရှုမြင်ပုံကို ပို၍တုပနိုင်လေ ငြိမ်သက်စည်းလုံးမှု ပို၍ရရှိလေဖြစ်မည်။ ထို့ပြင် “မျက်နှာကိုထောက်တော်မမူ” ဘဲ ‘ဖန်ဆင်းတော်မူသော ခပ်သိမ်းသောသတ္တဝါတို့ကို’ မေတ္တာဖြင့်စိတ်ဝင်စားသည့် ယေဟောဝါဘုရားသခင်အား ချစ်မြတ်နိုးလာရန် အခြားသူများကို ပို၍ကူညီပေးနိုင်ပါလိမ့်မည်။—ယောဘ ၃၄:၁၉

သင်ဖြေဆိုနိုင်သလော

• ကျွန်ုပ်တို့၏ညီအစ်ကိုများကို မည်သို့ မရှုမြင်သင့်သနည်း။

• ကျွန်ုပ်တို့၏ညီအစ်ကိုများကို ရှုမြင်ရာတွင် ယေဟောဝါအား မည်သို့တုပနိုင်သနည်း။

• သင်သည် အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းအပေါ် ရှုမြင်ပုံနှင့်ပတ်သက်၍ အဘယ်သင်ခန်းစာများ ရရှိခဲ့သနည်း။

• ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့ပါဝင်သည့်အခါ လူတို့အပေါ် ဘုရားသခင်၏ရှုမြင်ပုံကို မည်သို့တုပနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါပုံစာ]

ယဉ်ကျေးမှုမတူသူများနှင့် သင် မည်သို့သိကျွမ်းလာနိုင်သနည်း

[စာမျက်နှာ ၂၈ ပါပုံစာ]

သင်သည် အဘယ်နည်းများဖြင့် လူများများထံ သတင်းကောင်းရောက်ရှိစေနိုင်သနည်း