မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိကား အဘယ်သူနည်း’

‘သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိကား အဘယ်သူနည်း’

‘သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိကား အဘယ်သူနည်း’

“သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိတစ်စုံတစ်ယောက်ရှိလျှင် ထိုသူသည် ပညာ၏နူးညံ့သိမ်မွေ့ခြင်းအားဖြင့် မိမိအမှုတို့ကိုပြပါစေ။”—ယာ. ၃:၁၃

၁၊ ၂။ ပညာရှိဟုယူမှတ်ခံရသူများစွာနှင့်ပတ်သက်၍ အဘယ်အရာဆိုနိုင်သနည်း။

ည်သူသည် အမှန်တကယ် ပညာရှိသည်ဟု သင်ထင်သနည်း။ သင့်မိဘများ၊ သက်ကြီးရွယ်အိုတစ်ဦး သို့မဟုတ် ကောလိပ်ပါမောက္ခတစ်ဦးဖြစ်နိုင်သည်။ မည်သူပညာရှိဖြစ်သည်ဟူသော သင့်အမြင်သည် သင့်နောက်ခံနှင့်အခြေအနေများပေါ် မူတည်ပေမည်။ သို့သော် ဘုရားသခင်၏ကျေးကျွန်များသည် ကိုယ်တော့်အမြင်ကိုသာ အဓိကစိတ်ဝင်စားသည်။

ပညာရှိသည်ဟု လောက,က ယူမှတ်သူအားလုံးသည် ဘုရားသခင့်အမြင်တွင် အမှန်တကယ်ပညာမရှိပါ။ ဥပမာ၊ မိမိတို့ကိုယ်ကို ပညာရှိသည်ဟုရှုမြင်သူများနှင့် ယောဘစကားပြောပြီးနောက် “သင်တို့တွင် ပညာရှိတစ်စုံတစ်ယောက်ကိုမျှ ငါမတွေ့” ဟုဆိုခဲ့သည်။ (ယောဘ ၁၇:၁၀) ဘုရားသခင်နှင့်ဆိုင်သောအသိပညာကို ငြင်းပယ်သူအချို့နှင့်ပတ်သက်၍ တမန်တော်ပေါလုက သူတို့သည် “ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌တည်ကြသည်” ဟုရေးခဲ့သည်။ (ရော. ၁:၂၂) “ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ. . .တို့သည် အမင်္ဂလာရှိကြ၏” ဟုလည်း ပရောဖက်ဟေရှာယမှတစ်ဆင့် ယေဟောဝါမိန့်ဆို၏။—ဟေရှာ. ၅:၂၁

၃၊ ၄။ လူတစ်ဦး အမှန်တကယ်ပညာရှိရန် အဘယ်အရာလိုအပ်သနည်း။

ရှင်းနေသည်မှာ လူတစ်ဦးကို အဘယ်အရာက အမှန်တကယ်ပညာရှိစေကြောင်း ကျွန်ုပ်တို့သိရှိဖို့လိုအပ်သည်။ သို့ဖြင့် ဘုရားသခင်၏မျက်နှာသာတော်ကို ရရှိနိုင်မည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ နယပုံပြင် ၉:၁၀ ကဤသို့ဆို၏– ‘ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသောဘုရားသခင်ကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏။’ ပညာရှိသူသည် ဘုရားသခင်ကို တော်မှန်စွာကြောက်ရွံ့ရမည်ဖြစ်ပြီး ကိုယ်တော်၏စံနှုန်းများကို လေးစားရမည်။ သို့သော် ဘုရားသခင်ရှိကြောင်းနှင့် ကိုယ်တော့်ပညတ်စံနှုန်းများရှိကြောင်း အသိအမှတ်ပြုရုံထက်မက လိုအပ်သည်။ ယင်းနှင့်ပတ်သက်၍ တပည့်ဖြစ်သူယာကုပ်က ကျွန်ုပ်တို့၏အတွေးအခေါ်ကို လှုံ့ဆော်ပေး၏။ (ယာကုပ် ၃:၁၃ ကိုဖတ်ပါ။) “ထိုသူသည် . . . ကောင်းမြတ်သောကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကိုပြပါစေ” ဟူသောအသုံးအနှုန်းကို သတိပြုပါ။ စစ်မှန်သောဉာဏ်ပညာသည် သင်နေ့စဉ်ပြုမူပြောဆိုပုံတွင် ပေါ်လွင်နေသင့်သည်။

စစ်မှန်သောဉာဏ်ပညာတွင် မှန်ကန်စွာအကဲဖြတ်ဝေဖန်တတ်ခြင်း၊ အသိပညာနှင့်နားလည်မှုကို ကောင်းစွာကျင့်သုံးခြင်းတို့ပါဝင်သည်။ ထိုသို့သောဉာဏ်ပညာမျိုးကို ကျွန်ုပ်တို့ပိုင်ဆိုင်ကြောင်း အဘယ်အပြုအမူများက ဖော်ပြမည်နည်း။ ဉာဏ်ပညာရှိသူတို့၏အပြုအမူများတွင် ထင်ရှားပေါ်လွင်နေမည့် အရာများကို ယာကုပ်စာရင်းတင်ပြခဲ့သည်။ * ယုံကြည်သူချင်းများအပြင် အသင်းတော်ပြင်ပရှိသူများနှင့် ကောင်းသောဆက်ဆံရေးရှိနိုင်ရန် အဘယ်အရာကကူညီပေးနိုင်သည်ဟု သူဆိုခဲ့သနည်း။

စစ်မှန်သောဉာဏ်ပညာကို မှတ်သားဖော်ပြသည့် အပြုအမူများ

၅။ အမှန်တကယ်ပညာရှိသူသည် မည်သို့ပြုမူဆောင်ရွက်မည်နည်း။

ယာကုပ်သည် ဉာဏ်ပညာကို ကောင်းမြတ်သောအပြုအမူနှင့် ဆက်စပ်ထားကြောင်း အမှတ်ရပါ။ ယေဟောဝါကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏အစဖြစ်သောကြောင့် ဉာဏ်ပညာရှိသူသည် ကိုယ်တော့်နည်းလမ်းတော်များနှင့် စံနှုန်းများအတိုင်း ပြုမူသည်။ စစ်မှန်သောဉာဏ်ပညာဖြင့် ကျွန်ုပ်တို့မွေးဖွားလာခြင်းမဟုတ်ပါ။ သို့တိုင် ပုံမှန်ကျမ်းစာလေ့လာခြင်းနှင့် တွေးတောဆင်ခြင်ခြင်းဖြင့် ယင်းကို ကျွန်ုပ်တို့ရရှိနိုင်ပါသည်။ ယင်းတို့သည် ဧဖက် ၅:၁ တွင်တိုက်တွန်းထားသည့်အတိုင်း “ဘုရားသခင်ကျင့်တော်မူသည်နည်းတူကျင့်” နိုင်ရန် ကူညီပေးပါလိမ့်မည်။ ယေဟောဝါကို ပို၍တုပလေ ကျွန်ုပ်တို့၏အပြုအမူများတွင် ဉာဏ်ပညာကို ပို၍တင်ပြနိုင်လေဖြစ်လိမ့်မည်။ ယေဟောဝါ၏နည်းလမ်းတော်များသည် လူသားများထက် များစွာသာလွန်သည်။ (ဟေရှာ. ၅၅:၈၊ ၉) ထို့ကြောင့် ယေဟောဝါ၏ပြုမူဆောင်ရွက်ပုံကို ကျွန်ုပ်တို့တုပသောအခါ အသင်းတော်ပြင်ပရှိသူတို့သည် ကျွန်ုပ်တို့၏ထူးခြားမှုကို တွေ့မြင်ကြပါလိမ့်မည်။

၆။ နူးညံ့သိမ်မွေ့မှုရှိခြင်းသည် အဘယ်ကြောင့် ဘုရားသခင်ကိုတုပခြင်းဖြစ်သနည်း၊ ထိုအရည်အသွေးတွင် အဘယ်အရာပါဝင်သနည်း။

ယေဟောဝါကိုတုပနိုင်သည့် နည်းတစ်နည်းမှာ “ပညာ၏နူးညံ့သိမ်မွေ့ခြင်း” ရှိခြင်းဖြစ်သည်ဟု ယာကုပ်ဆို၏။ နူးညံ့သိမ်မွေ့ခြင်းတွင် နူးညံ့ညင်သာခြင်းပါဝင်သော်လည်း ခရစ်ယာန်တစ်ဦးသည် တစ်ချိန်တည်းတွင် မျှတစွာပြုမူဆောင်ရွက်စေသည့် ခိုင်မာမှုလည်းရှိရမည်။ ဘုရားသခင်သည် အတိုင်းအဆမဲ့အစွမ်းတန်ခိုးရှိသော်လည်း နူးညံ့သိမ်မွေ့ပြီး ကိုယ်တော့်ထံချဉ်းကပ်ရန် ကျွန်ုပ်တို့မကြောက်ပေ။ ကိုယ်တော့်သားတော်သည် ကိုယ်တော်၏နူးညံ့သိမ်မွေ့မှုကို ကောင်းစွာတုပသောကြောင့် ဤသို့ဆိုနိုင်ခဲ့သည်– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။”—မ. ၁၁:၂၈၊ ၂၉; ဖိ. ၂:၅-၈

၇။ နူးညံ့သိမ်မွေ့မှုတင်ပြရာတွင် ပုံသက်သေကောင်းသူအဖြစ် မောရှေကို အဘယ်ကြောင့် ယူမှတ်နိုင်သနည်း။

နူးညံ့သိမ်မွေ့မှုတင်ပြရာတွင်  ထူးခြားထင်ရှားသူများအကြောင်း ကျမ်းစာတွင်ဖော်ပြထားပြီး တစ်ဦးမှာ မောရှေဖြစ်သည်။ သူသည် ကြီးလေးသောတာဝန်ရရှိထားသော်လည်း “မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ” သူအဖြစ် ဖော်ပြထားသည်။ (တော. ၁၁:၂၉; ၁၂:၃) ယေဟောဝါသည် မိမိ၏အလိုတော်ကို မောရှေထမ်းဆောင်နိုင်ရန် ခွန်အားပေးခဲ့ကြောင်း အမှတ်ရပါ။ ထို့ကြောင့် ယေဟောဝါသည် မိမိရည်ရွယ်ချက်ကိုပြည့်စုံစေရန် နူးညံ့သိမ်မွေ့သူများကို အသုံးပြုလိုတော်မူသည်။

၈။ မစုံလင်သောလူသားများသည် “ပညာ၏နူးညံ့သိမ်မွေ့ခြင်း” ကို မည်သို့တင်ပြနိုင်သနည်း။

“ပညာ၏နူးညံ့သိမ်မွေ့ခြင်း” ကို မစုံလင်သောလူသားများတင်ပြနိုင်သည်မှာ ရှင်းနေပါသည်။ ကျွန်ုပ်တို့နှင့်ပတ်သက်၍ကော အသို့နည်း။ ထိုအရည်အသွေးတင်ပြရာတွင် ကျွန်ုပ်တို့မည်သို့တိုးတက်နိုင်မည်နည်း။ နူးညံ့သိမ်မွေ့ခြင်းသည် ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်က သီးပွင့်စေသောအရည်အသွေးတစ်ခုဖြစ်၏။ (ဂလ. ၅:၂၂၊ ၂၃) ထို့ကြောင့် နူးညံ့သိမ်မွေ့မှုတင်ပြရာတွင် တိုးတက်လာရန် ဘုရားသခင်ထောက်ကူပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချလျက် ကိုယ်တော့်ဝိညာဉ်တော်ရရှိဖို့ ဆုတောင်းပြီး ယင်း၏အရည်အသွေးများကို တင်ပြရန် အလွန်ကြိုးစားအားထုတ်နိုင်သည်။ ဘုရားသခင်သည် “နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကိုသွန်သင်တော်မူ၏” ဟူသောဆာလံဆရာ၏အာမခံချက်က ထိုသို့ပြုလုပ်ရန် ခိုင်မာစွာလှုံ့ဆော်ပေးသည်။—ဆာ. ၂၅:၉

၉၊ ၁၀။ နူးညံ့သိမ်မွေ့ခြင်းတင်ပြရန် အဘယ်ကြိုးစားအားထုတ်မှုလိုအပ်သနည်း၊ အဘယ်ကြောင့်နည်း။

သို့သော် ထိုကဏ္ဍတွင်တိုးတက်ရန် စိတ်အားထက်သန်စွာကြိုးစားဖို့ လိုပေမည်။ အချို့သူတို့မှာ သူတို့၏နောက်ခံကြောင့် နူးညံ့သိမ်မွေ့လိုစိတ်မရှိကြပေ။ ထို့ပြင် ကျွန်ုပ်တို့ဝန်းကျင်ရှိလူတို့သည် ယင်းနှင့်ဆန့်ကျင်ဘက်အမြင်မျိုးဖြစ်သည့် “မီးကိုမီးနှင့်ပြန်တိုက်” ရန် အားပေးကြပေမည်။ သို့သော် ယင်းသို့ပြုခြင်းက အမှန်ပညာရှိသလော။ သင့်အိမ်တွင် မီးစအနည်းငယ် စလောင်နေပါက ယင်းကို ဆီဖြင့်ငြိမ်းသတ်မည်လော သို့မဟုတ် ရေဖြင့်လော။ မီးပေါ်တွင်ဆီလောင်းခြင်းက အခြေအနေကိုပိုဆိုးစေပြီး ရေဖြင့်ငြိမ်းသတ်ခြင်းက မီးငြိမ်းစေနိုင်ပေမည်။ အလားတူ၊ “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုနှိုးဆော်တတ်၏” ဟုကျမ်းစာကသွန်သင်သည်။ (သု. ၁၅:၁၊ ၁၈) နောက်တစ်ကြိမ် အသင်းတော်တွင်ဖြစ်စေ၊ အပြင်တွင်ဖြစ်စေ အမျက်ထွက်စရာအခြေအနေကြုံလာပါက နူးညံ့သိမ်မွေ့စွာတုံ့ပြန်ခြင်းဖြင့် ကျွန်ုပ်တို့တွင် စစ်မှန်သောဉာဏ်ပညာရှိကြောင်း တင်ပြနိုင်ပါသည်။—၂ တိ. ၂:၂၄

၁၀ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း လောကစိတ်ဓာတ်လွှမ်းမိုးခံရသူများစွာသည် နူးညံ့သိမ်မွေ့ခြင်း၊ ငြိမ်းချမ်းစွာနေခြင်း၊ တည်ငြိမ်အေးဆေးခြင်းမရှိကြပေ။ ယင်းအစား အလွန်ခက်ထန်ကြမ်းတမ်းကြသည်။ ယာကုပ်သည် ယင်းကို သတိပြုမိသဖြင့် ထိုစိတ်ဓာတ်ကြောင့် ပျက်စီးသွားခြင်းကို ရှောင်နိုင်ရန် အသင်းတော်တွင်ရှိသူတို့ကို သတိပေးခဲ့သည်။ သူပေးခဲ့သောဆုံးမစကားမှ အဘယ်အရာများ သင်ယူနိုင်သေးသနည်း။

ပညာမဲ့ခြင်း၏ လက္ခဏာများ

၁၁။ အဘယ်စရိုက်လက္ခဏာများမှာ စစ်မှန်သောဉာဏ်ပညာနှင့် လုံးဝဆန့်ကျင်သနည်း။

၁၁ စစ်မှန်သောဉာဏ်ပညာနှင့် တိုက်ရိုက်ဆန့်ကျင်သော စရိုက်လက္ခဏာများအကြောင်း ယာကုပ်ပွင့်ပွင့်လင်းလင်း ရေးသားခဲ့သည်။ (ယာကုပ် ၃:၁၄ ကိုဖတ်ပါ။) ဂုဏ်ပြိုင်ခြင်း၊ တစ်နည်းအားဖြင့် မနာလိုခြင်းနှင့် ငြင်းခုံရန်တွေ့ခြင်းတို့သည် ဇာတိသဘောများဖြစ်ပြီး ဝိညာဉ်သဘောမဟုတ်ပေ။ ဇာတိအတွေးအခေါ်များ ဝင်ရောက်လာပါက အဘယ်အရာဖြစ်နိုင်ကြောင်း သုံးသပ်ကြည့်ပါ။ ယေရှုအသတ်ခံရပြီး မြှုပ်နှံထားသောနေရာတွင် တည်ဆောက်ခဲ့သည်ဟု ယူဆရသည့် ယေရုရှလင်ရှိ သန့်ရှင်းသောဂူဗိမာန်ချာ့ခ်ျကို “ခရစ်ယာန်” အုပ်စုခြောက်စုက ထိန်းချုပ်ထားသည်။ သူတို့၏ဆက်ဆံရေးမှာ အစဉ်ငြင်းခုံရန်တွေ့ခြင်းသာဖြစ်သည်။ ၂၀၀၆ ခုနှစ် တိုင်းမ်မဂ္ဂဇင်းတွင် ခရစ်ယာန်ဘုန်းကြီးများ “ကြာရှည်စွာ ခိုက်ရန်ဖြစ်ပွားပြီး . . . တစ်ဦးကိုတစ်ဦး ဖယောင်းတိုင်ထွန်းသည့်တိုင်ကြီးများနှင့် ရိုက်နှက်ခဲ့” သည့် အစောပိုင်းအခြေအနေတစ်ခုအကြောင်း ဖော်ပြထားသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး လုံးဝအယုံအကြည်မရှိသည်မှာ ချာ့ခ်ျ၏တံခါးသော့များကို မွတ်စလင်တို့ထံ အပ်ထားသည့်အထိဖြစ်သည်။

၁၂။ ဉာဏ်ပညာကင်းမဲ့မှုကြောင့် အဘယ်အရာဖြစ်ပေါ်နိုင်သနည်း။

၁၂ ထိုသို့သောအစွန်းရောက်ငြင်းခုံရန်တွေ့ခြင်းမျိုးသည် ခရစ်ယာန်အသင်းတော်တွင် လုံးဝမရှိသင့်ပေ။ သို့သော် မစုံလင်မှုကြောင့် တစ်ခါတစ်ရံ အချို့သူတို့သည် မိမိတို့၏သဘောထားများကို ခေါင်းမာမာဖြင့် စွဲကိုင်ထားကြသည်။ ယင်းက အတိုင်းအတာတစ်ခုအထိ ငြင်းခုံရန်တွေ့စေနိုင်သည်။ ကောရိန္သုအသင်းတော်တွင် ထိုသို့ဖြစ်ခဲ့ကြောင်း တမန်တော်ပေါလု သတိပြုမိသဖြင့် ဤသို့ရေး၏– ‘ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍ သင်တို့သည် ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။ လောကထုံးစံအတိုင်း ကျင့်ဆောင်ကြသည်မဟုတ်လော။’ (၁ ကော. ၃:၃) ထိုဝမ်းနည်းဖွယ်အခြေအနေသည် ပထမရာစုရှိ ထိုအသင်းတော်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေခဲ့သည်။ ထို့ကြောင့် ယနေ့ ထိုသို့သောသဘောထားများ အသင်းတော်အတွင်း မဝင်ရောက်လာစေရန် အစဉ်သတိပြုဖို့လိုအပ်သည်။

၁၃၊ ၁၄။ ဇာတိသဘောထား မည်သို့ဝင်ရောက်လာနိုင်ကြောင်း ဥပမာပေးပါ။

၁၃ ထိုသို့သောသဘောထားသည် အသင်းတော်အတွင်းသို့ မည်သို့တဖြည်းဖြည်းဝင်ရောက်လာနိုင်သနည်း။ သေးငယ်သောကိစ္စများမှ အစပြုနိုင်သည်။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်နေစဉ် ကိစ္စရပ်များကို မည်သို့ပြုလုပ်သင့်ကြောင်းနှင့်ပတ်သက်၍ သဘောထားကွဲပြားမှုများ ပေါ်ပေါက်လာနိုင်ပါသည်။ ညီအစ်ကိုတစ်ဦးသည် မိမိသဘောထားကို အခြားသူတို့လက်မခံသောကြောင့် အငြင်းအခုံဖြစ်လာပြီး ချလိုက်သောဆုံးဖြတ်ချက်များကို မကျေနပ်ကြောင်း ဝေဖန်ပြောဆိုလာပေမည်။ ဆောက်လုပ်ရေးစီမံကိန်းတွင် အခြားတာဝန်များကိုပင် လက်မခံတော့သည့်အထိ ဖြစ်လာပေမည်။ လူတစ်ဦးထိုသို့ပြုမူခြင်းက အသင်းတော်နှင့်သက်ဆိုင်သော တာဝန်တစ်ခု ပြီးမြောက်အောင်မြင်ခြင်းသည် နည်းစနစ်တစ်ခုခုထက် အသင်းတော်တွင်ရှိသူတို့၏ အသင့်အတင့်နေတတ်သောစိတ်ဓာတ်ပေါ် သာ၍မူတည်သည်ကို လျစ်လျူရှုရာကျပေလိမ့်မည်။ နူးညံ့သိမ်မွေ့သောသဘောကို ယေဟောဝါကောင်းချီးပေးပြီး ငြင်းခုံရန်တွေ့တတ်သောသဘောကို ကိုယ်တော်မနှစ်သက်ပါ။—၁ တိ. ၆:၄၊ ၅

၁၄ နောက်ဥပမာတစ်ခုမှာ အကြီးအကဲတစ်ဦးသည် နှစ်ပေါင်းများစွာအမှုဆောင်ခဲ့သည့်တိုင် ယခု ကျမ်းဆိုင်ရာအရည်အချင်းများ မပြည့်မီတော့ကြောင်း ထင်ရှားနေသည်ကို အကြီးအကဲအဖွဲ့သတိပြုမိချိန်တွင် ဖြစ်နိုင်သည်။ ယခင်ကရရှိခဲ့သော သတ်သတ်မှတ်မှတ်အကြံဉာဏ်ကို ထိုအကြီးအကဲ မလိုက်နာကြောင်း သတိပြုမိသဖြင့် အကြီးအကဲအဖွဲ့နှင့်အတူ တိုက်နယ်ကြီးကြပ်မှူးသည် သူ့ကိုအကြီးအကဲအဖြစ်မှ ဖယ်ရှားသင့်ကြောင်း ထောက်ခံသည်။ ယင်းကို သူမည်သို့ရှုမြင်သင့်သနည်း။ အကြီးအကဲများ၏ဆုံးဖြတ်ချက်နှင့် ကျမ်းဆိုင်ရာအကြံဉာဏ်ကို နှိမ့်ချစိတ်၊ နူးညံ့သိမ်မွေ့စိတ်ဖြင့်လက်ခံပြီး အကြီးအကဲအဖြစ်ပြန်လည်ထမ်းဆောင်နိုင်ရန် အရည်အချင်းပြည့်မီဖို့ စိတ်ပိုင်းဖြတ်မည်လော။ သို့မဟုတ် ယခင်ကရရှိခဲ့သောအခွင့်ထူးကို မရရှိတော့သောကြောင့် စိတ်နာကြည်းကာ မနာလိုဖြစ်နေမည်လော။ ညီအစ်ကိုတစ်ဦးသည် အကြီးအကဲအဖြစ် အမှန်တကယ်အရည်အချင်းမပြည့်မီဘဲ ပြည့်မီသယောင် အဘယ်ကြောင့်ပြုမူရမည်နည်း။ နှိမ့်ချမှုနှင့် နားလည်မှုတင်ပြခြင်းက ပညာရှိလိုက်မည်ဖြစ်ခြင်း!

၁၅။ ယာကုပ် ၃:၁၅၊ ၁၆ ပါဆုံးမစကားသည် အလွန်အရေးကြီးသည်ဟု သင်အဘယ်ကြောင့်ထင်သနည်း။

၁၅ ထိုသဘောထားပေါ်ပေါက်လာနိုင်သည့် အခြားအခြေအနေများလည်း ရှိပါသည်။ သို့သော် အဘယ်အခြေအနေမျိုးပင်ဖြစ်ပါစေ ထိုသို့သောသဘောထားကိုရှောင်ရန် ကြိုးစားအားထုတ်ရမည်။ (ယာကုပ် ၃:၁၅၊ ၁၆ ကိုဖတ်ပါ။) တပည့်ဖြစ်သူယာကုပ်က ထိုသဘောထားကို “မြေကြီးပညာ” ဟုခေါ်ခဲ့သည်၊ အကြောင်းမှာ ယင်းသည် ဇာတိစိတ်ဖြစ်ပြီး အထက်မှသက်ရောက်သောပညာတွင် အခြေမပြုသောကြောင့်ဖြစ်သည်။ အသိဉာဏ်မရှိသောတိရစ္ဆာန်များ၏ စရိုက်လက္ခဏာနှင့်တူသော ဇာတိစိတ်ထားများမှ ပေါက်ဖွားလာသောကြောင့် ယင်းတို့သည် “ဇာတိပကတိပညာ၊” တစ်နည်းအားဖြင့် “တိရစ္ဆာန်သဘော” လည်းဖြစ်၏။ “နတ်ဆိုးပညာ” လည်းဖြစ်၏၊ အကြောင်းမှာ ယင်းတို့သည် ဘုရားသခင့်ရန်သူ၊ နတ်ဆိုးများ၏ စရိုက်လက္ခဏာဖြစ်သောကြောင့်တည်း။ ထိုသို့သောသဘောထားများကို ခရစ်ယာန်တစ်ဦး တင်ပြခြင်းက မသင့်လျော်လိုက်လေခြင်း!

၁၆။ အဘယ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့ လိုအပ်သနည်း၊ ထိုသို့ပြုလုပ်ရာတွင် မည်သို့အောင်မြင်နိုင်သနည်း။

၁၆ အသင်းတော်သားတိုင်းသည် မိမိကိုယ်ကိုဆန်းစစ်ပြီး ထိုသို့သောစရိုက်များကိုဖျောက်ဖျက်ရန် ကြိုးစားအားထုတ်သင့်သည်။ အသင်းတော်တွင်သွန်သင်သူများဖြစ်သော ကြီးကြပ်မှူးများသည်လည်း အပျက်သဘောထားများကို ဖယ်ရှားဖို့လိုကြောင်း အသိအမှတ်ပြုသင့်သည်။ ကျွန်ုပ်တို့၏မစုံလင်မှုနှင့် ဤလောက၏သြဇာလွှမ်းမိုးမှုကြောင့် ထိုသို့ဖျောက်ဖျက်ရာတွင် အောင်မြင်ဖို့ မလွယ်ကူပေ။ ထိုအကျင့်များကိုဖျောက်ဖျက်ခြင်းက ရွှံ့ထူပြီးချောမွတ်သောတောင်စောင်းကို ကြိုးစားတက်နေခြင်းနှင့် တူပေမည်။ ကိုင်စရာတစ်ခုခုမရှိပါက နောက်သို့လျှောကျမည်သာဖြစ်သည်။ သို့သော် ကျမ်းစာပါသွန်သင်ချက်များကို ခိုင်မြဲစွာစွဲကိုင်ခြင်းအပြင် ဘုရားသခင့်ကမ္ဘာချီအသင်းတော်၏ အကူအညီဖြင့် ကျွန်ုပ်တို့ရှေ့သို့တိုးတက်နိုင်ပါသည်။—ဆာ. ၇၃:၂၃၊ ၂၄

ဉာဏ်ပညာရှိသူတစ်ဦး ကြိုးစားတင်ပြသော အရည်အသွေးများ

၁၇။ ဉာဏ်ပညာရှိသူသည် မကောင်းမှုပြုရန် သွေးဆောင်ခံရချိန်တွင် မည်သို့တုံ့ပြန်လေ့ရှိသနည်း။

၁၇ ယာကုပ် ၃:၁၇ ကိုဖတ်ပါ။ “အထက်မှသက်ရောက်သောပညာ” တင်ပြခြင်းမှ ရရှိလာသောအရည်အသွေးအချို့ကို သုံးသပ်ခြင်းဖြင့် အကျိုးရရှိနိုင်ပါသည်။ စင်ကြယ်ခြင်းတွင် ကျွန်ုပ်တို့၏အပြုအမူနှင့် ရည်ရွယ်ချက်များ စင်ကြယ်သန့်ရှင်းခြင်း ပါဝင်သည်။ ဆိုးညစ်သောအရာများကို ချက်ချင်းငြင်းပယ်ရမည်။ ထိုသို့ပြုလုပ်ခြင်းသည် အလိုအလျောက်တုံ့ပြန်ခြင်းဖြစ်သင့်၏။ ဥပမာ၊ ဆရာဝန်သည် နာဗ်ကြောအဖွဲ့၏လုပ်ဆောင်မှုကို စမ်းသပ်ရန် သင့်ဒူးခေါင်းအောက်ရှိအရွတ်ကို ရော်ဘာတူဖြင့်ခေါက်ပေမည်။ ထိုအခါ သင့်ခြေထောက်မှာ အလိုအလျောက် ကန်ကျောက်လိုက်သည်။ ယင်းမှာ အလိုအလျောက်ဖြစ်ပြီး စဉ်းစားနေစရာပင်မလိုပေ။ မကောင်းမှုပြုရန် သွေးဆောင်ခံရသောအခါတွင်လည်း ထိုသို့ပင်ဖြစ်သင့်၏။ ကျွန်ုပ်တို့၏စင်ကြယ်မှုနှင့် ကျမ်းစာဖြင့်လေ့ကျင့်ထားသော ကိုယ်ကိုယ်ကိုယ်သိစိတ်သည် မကောင်းမှုကိုငြင်းပယ်ရန် အလိုအလျောက်လှုံ့ဆော်ပေးသင့်သည်။ (ရော. ၁၂:၉) သမ္မာကျမ်းစာတွင် ထိုနည်းဖြင့်တုံ့ပြန်ခဲ့သည့် ယောသပ်၊ ယေရှုစသောသူတို့၏ ပုံသက်သေများကို ဖော်ပြထားသည်။—က. ၃၉:၇-၉; မ. ၄:၈-၁၀

၁၈။ (က) အသင့်အတင့်နေတတ်ခြင်း၊ (ခ) အသင့်အတင့်နေခြင်းငှာပြုစုခြင်း ဟူသည်အဘယ်အရာကို ဆိုလိုသနည်း။

၁၈ စစ်မှန်သောဉာဏ်ပညာရှိသူသည် အသင့်အတင့်နေတတ်ရန်လည်း လို၏။ ယင်းတွင် ငြိမ်သက်မှုကိုပြိုကွဲစေသည့် ရန်စခြင်းအပြင် ရန်တွေ့လိုသောသဘောထားနှင့် အပြုအမူတို့ကို ရှောင်ခြင်းပါဝင်သည်။ ယင်းနှင့်ပတ်သက်၍ ယာကုပ် ဤသို့ပြောဆိုခြင်းဖြင့် ထပ်ဆင့်အချက်အလက်များပေးခဲ့သည်– “အသင့်အတင့်နေခြင်းငှာ ပြုစုတတ်သောသူတို့သည် ဖြောင့်မတ်ခြင်းတရား၏မျိုးစေ့ကို ငြိမ်သက်စွာကြဲတတ်ကြ၏။” (ယာ. ၃:၁၈) “အသင့်အတင့်နေခြင်းငှာပြုစု” ဟူသောအသုံးအနှုန်းကို သတိပြုပါ။ အသင်းတော်တွင် ကျွန်ုပ်တို့ကို ငြိမ်သက်စေသူများအဖြစ် လူသိများသလော သို့မဟုတ် ငြိမ်သက်မှုဖြိုခွဲသူများအဖြစ်လော။ ကျွန်ုပ်တို့သည် အခြားသူများနှင့် မကြာခဏ သဘာထားကွဲလွဲကာ အလွယ်တကူ စိတ်ဆိုးနာကြည်းသလော သို့မဟုတ် သူတို့ကို စိတ်ဆိုးနာကြည်းစေသလော။ ငါကအဲဒီလိုပဲ ဟုဆိုကာ မိမိစရိုက်ကို အခြားသူများလက်ခံပေးစေရန် အတင်းအကျပ်ပြုသလော သို့မဟုတ် အခြားသူများကို အမှန်တကယ် စိတ်ဆိုးနာကြည်းစေသည့် စရိုက်များကို ဖျောက်ဖျက်ရန် နှိမ့်ချစွာကြိုးစားနေသလော။ ကျွန်ုပ်တို့သည် အခြားသူများနှင့် အသင့်အတင့်နေနိုင်ရန် ကြိုးစားပြီး အမှားများကို ခွင့်လွှတ်ကာ မေ့ပျောက်လိုက်ဖို့ အသင့်ရှိသူအဖြစ် လူသိများသလော။ မိမိကိုယ်ကိုရိုးသားစွာဆန်းစစ်ခြင်းက ထိုကိစ္စ၌ စစ်မှန်သောဉာဏ်ပညာတင်ပြရာတွင် တိုးတက်စရာရှိသေးသလောဆိုသည်ကို သိမြင်စေပါလိမ့်မည်။

၁၉။ လူတစ်ဦးသည် အကျိုးသင့်အကြောင်းသင့်ရှိသူအဖြစ် မည်သို့လူသိများလာနိုင်သနည်း။

၁၉ အထက်မှသက်ရောက်သောဉာဏ်ပညာကို ထင်ဟပ်စေသောအရည်အသွေးများတွင် ဖြည်းညင်းသောသဘော တစ်နည်းအားဖြင့် အကျိုးသင့်အကြောင်းသင့်ရှိခြင်းကို ယာကုပ်ထည့်သွင်းဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ကျမ်းစာမူနှင့်မသက်ဆိုင်သောကိစ္စများတွင် ကျွန်ုပ်တို့၏ကိုယ်ပိုင်စံနှုန်းအတိုင်းသာ လိုက်နာရန် အတင်းအကျပ်မပြုဘဲ အခြားသူများကို အလျှော့ပေးလိုက်လျောတတ်သလော။ နူးညံ့ညင်သာခြင်း၊ ချဉ်းကပ်ပြောဆိုရလွယ်ခြင်းတွင် နာမည်ကောင်းရှိပါသလော။ ယင်းတို့က ကျွန်ုပ်တို့သည် အကျိုးသင့်အကြောင်းသင့်ရှိသူများဖြစ်ရန် ကြိုးစားနေကြောင်း တင်ပြပါသည်။

၂၀။ ဆွေးနွေးသုံးသပ်ခဲ့သည့်အတိုင်း ဘုရားသခင်နှစ်သက်သောအရည်အသွေးများကို တင်ပြခြင်းဖြင့် အဘယ်ရလဒ်ရရှိမည်နည်း။

၂၀ ယာကုပ်ရေးခဲ့သော ဘုရားသခင်နှစ်သက်သည့်အရည်အသွေးများကို ညီအစ်ကိုညီအစ်မများ ယခုထက်ပို၍ ကြိုးစားတင်ပြသောအခါ အသင်းတော်တွင် အလွန်နှစ်မြို့ဖွယ်အခြေအနေရှိမည်ပင်! (ဆာ. ၁၃၃:၁-၃) တစ်ဦးနှင့်တစ်ဦးပြောဆိုဆက်ဆံရာတွင် နူးညံ့သိမ်မွေ့ခြင်း၊ အသင့်အတင့်နေတတ်ခြင်း၊ အကျိုးသင့်အကြောင်းသင့်ရှိခြင်းတို့ တင်ပြမည်ဆိုပါက ကောင်းမွန်သောဆက်ဆံရေးရှိမည်ဖြစ်သည့်အပြင် ကျွန်ုပ်တို့တွင် “အထက်မှသက်ရောက်သောပညာ” ရှိကြောင်း ထင်ရှားစေပါလိမ့်မည်။ အခြားသူများကို ယေဟောဝါနည်းတူရှုမြင်တတ်ရန် သင်ယူခြင်းက ထိုအရည်အသွေးများတင်ပြရာတွင် မည်သို့ထောက်ကူနိုင်ကြောင်း နောက်ဆောင်းပါးတွင်သုံးသပ်ကြပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ယာကုပ်၏စကားများသည် အသင်းတော်ရှိအသက်ကြီးသူများ သို့မဟုတ် ‘ဆရာများ’ ကို အဓိကရည်ညွှန်းကြောင်း စကားစပ်ကဖော်ပြသည်။ (ယာ. ၃:၁) ထိုသူတို့သည် စစ်မှန်သောဉာဏ်ပညာတင်ပြရာတွင် အမှန်ပင် ပုံသက်သေကောင်းဖြစ်သင့်သည်၊ သို့သော် ကျွန်ုပ်တို့အားလုံးလည်း ယာကုပ်၏ဆုံးမစကားမှ သင်ယူနိုင်ပါသည်။

သင်ရှင်းပြနိုင်သလော

• အဘယ်အရာက ခရစ်ယာန်တစ်ဦးကို အမှန်တကယ် ပညာရှိစေသနည်း။

• စစ်မှန်သောဉာဏ်ပညာကိုတင်ပြရာတွင် မည်သို့တိုးတက်လာနိုင်သနည်း။

• “အထက်မှသက်ရောက်သောပညာ” မတင်ပြသူတို့တွင် အဘယ်စရိုက်များကို တွေ့မြင်ရသနည်း။

• အဘယ်အရည်အသွေးများကို ယခုထက်ပို၍ ပြုစုပျိုးထောင်ရန် သင်စိတ်ပိုင်းဖြတ်ထားသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါပုံစာ]

ယနေ့၊ ငြင်းခုံရန်တွေ့ ခြင်းသည် မည်သို့မသိမသာဖြစ်ပေါ်လာနိုင်သနည်း

[စာမျက်နှာ ၂၄ ပါပုံစာ]

သင်သည် မကောင်းမှုကိုငြင်းပယ်ရန် အလိုအလျောက်တုံ့ပြန်သလော