ယာကုပ် ၃:၁-၁၈

  • လျှာ​ကို​ထိန်း​ချုပ်​ခြင်း (၁-၁၂)

    • အများ​စု​ဟာ ဆ​ရာတွေ မဖြစ်​သင့် ()

  • အထက်​အရပ်​က​လာ​တဲ့ ဉာဏ်​ပညာ (၁၃-၁၈)

 ညီ​အစ်ကို​တို့၊ ခင်ဗျား​တို့​ထဲ​က အများ​စု​ဟာ ဆရာတွေ  မဖြစ်​သင့်​ဘူး။ ဆရာတွေ​ ဖြစ်​မယ်​ဆို​ရင် ပို​ပြင်းထန်​တဲ့ တရား​စီရင်​မှု​ကို ခံ​ရ​လိမ့်​မယ်။+ ၂  ကျွန်တော်​တို့​အား​လုံး​ ခဏ​ခဏ မှား​တတ်​ကြ​တယ်။+ စကား​မမှား​ဖူး​တဲ့​သူ​ဟာ ပြည့်ဝ​စုံလင်​သူ၊ တစ်ကိုယ်​လုံး​ကို ထိန်း​နိုင်​တဲ့​သူ​ပဲ။ ၃  မြင်း​ကို လို​ရာ​ခိုင်း​ချင်​တဲ့​အခါ ဇက်​ကြိုး ခွံ့​လိုက်​ရင် မြင်း​တစ်​ကောင်​လုံး​ကို ထိန်း​နိုင်​ပြီ။ ၄  ဧရာမ​သင်္ဘော​တွေ​လည်း လေ​ပြင်း​တိုက်​လို့ မျော​ပါ​သွား​တဲ့​အခါ သေးငယ်​တဲ့ တက်မ​တစ်​ချောင်း​နဲ့ ပဲ့​ကိုင်​လိုက်​ရင် သွား​ချင်​တဲ့​ဘက်​ကို ဦးတည်​စေ​နိုင်​တယ်။ ၅  အလား​တူ လျှာ​ဟာ သေးငယ်​တဲ့ အင်္ဂါ​အစိတ်​အပိုင်း ဖြစ်ပေမဲ့ အလွန်​အကျွံ ဝါကြွား​တတ်​တယ်။ မီးစ​လေး​တစ်စ​က သစ်တော​ကြီး​တစ်​ခု​လုံး​ကို လောင်​ကျွမ်း​စေ​သလို​ပါ​ပဲ။ ၆  လျှာ​ဟာ မီး​ပဲ။+ ခန္ဓာ​ကိုယ် အစိတ်​အပိုင်း​တွေ​ထဲ​မှာ လျှာ​ဟာ ဆိုးညစ်​မှု​နဲ့ ပြည့်​နှက်​နေ​တယ်။ တစ်​ကိုယ်​လုံး​ကို ညစ်​ညူး​စေ​တယ်။+ တစ်​ဘဝ​လုံး​ကို လောင်ကျွမ်း​စေ​နိုင်​တယ်။ ဂေဟင်နာ* အရပ်​လို ဖျက်ဆီး​တတ်​တယ်။ ၇  သားရဲတွေ၊ ငှက်​တွေ၊ တွားသွား​သတ္တဝါ​တွေ၊ ပင်လယ်​သတ္တဝါ​တွေ​ကို ယဉ်ပါး​အောင် ထိန်း​လို့ ရ​တယ်၊ ထိန်း​လည်း ထိန်း​ခဲ့​ကြ​တယ်။ ၈  လျှာ​ကို​တော့ ဘယ်​လူသား​မှ မထိန်း​နိုင်​ဘူး။ လျှာ​ဟာ ထိန်း​လို့ မရ​တဲ့​အရာ၊ ထိခိုက်​နစ်နာ​စေ​တဲ့​အရာ​ပဲ။ သေ​စေ​နိုင်​တဲ့ အဆိပ်​နဲ့ ပြည့်​နေ​တယ်။+ ၉  ကျွန်တော်​တို့​က အဖ​ဘုရား​သခင် ယေဟောဝါ​ကို* လျှာ​နဲ့ ချီးမွမ်း​တတ်​တယ်။ “ဘုရား​သခင်​နဲ့ တူ​အောင်”+ ဖန်ဆင်း​ထား​တဲ့ လူ​ကို​လည်း အဲ​ဒီ​လျှာ​နဲ့​ပဲ ကျိန်ဆဲ​တတ်​တယ်။ ၁၀  နှုတ်​တစ်​ခု​တည်း​က​နေ ချီးမွမ်း​ခြင်း​ရော ကျိန်ဆဲ​ခြင်း​ပါ ထွက်​လာ​တယ်။ ညီ​အစ်ကို​တို့၊ အဲ​ဒီ​လို​ဖြစ်​နေ​တာ မကောင်း​ဘူး။+ ၁၁  စမ်း​ရေ​တစ်ပေါက်​တည်း​က​နေ ရေ​ချို​ရော ရေ​ခါး​ပါ ထွက်​တတ်​သလား။ ၁၂  ညီ​အစ်ကို​တို့၊ သဖန်း​ပင်​မှာ သံလွင်​သီး သီး​တတ်​သလား။ စပျစ်​ပင်​မှာ သဖန်း​သီး သီး​တတ်​သလား။+ ရေ​ငန်​အိုင်​မှာ ရေ​ချို​ထွက်​တတ်​သလား။ ၁၃  ဉာဏ်​ပညာ​နဲ့ သိ​နားလည်​နိုင်စွမ်း ရှိ​တဲ့​သူ ခင်​ဗျား​တို့​ထဲ​မှာ ရှိ​သလား။ ရှိ​တယ်​ဆို​ရင် အမူ​အကျင့်​ကောင်း​နဲ့ သက်သေ​ပြရ​မယ်။ ဉာဏ်​ပညာ​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ နူးညံ့​သိမ်​မွေ့ခြင်း​နဲ့ အရာရာ​ကို လုပ်ဆောင်​တတ်​သူ ဖြစ်​ရ​မယ်။ ၁၄  ဒါ​ပေမဲ့ ခင်ဗျား​တို့​ရင်​ထဲ​မှာ မနာ​လို​စိတ် များ​နေ​ရင်၊+ ငြင်းခုံ​ရန်တွေ့​ချင်​စိတ် ရှိ​နေ​ရင်*+ မိမိ​ဉာဏ်​ပညာ​အတွက် မဝါကြွား​ပါ​နဲ့။+ အဲ​ဒီ​လို​ဝါကြွား​နေ​ရင် လိမ်ညာ​ပြော​နေ​တာ​ပဲ။ ၁၅  အဲ​ဒါ​ဟာ အထက်​က လာ​တဲ့ ဉာဏ်​ပညာ မဟုတ်​ဘူး။ ဒီ​လော​က​နဲ့​ဆိုင်​တဲ့၊+ အပြစ်​ရှိ​တဲ့ အလို​ဆန္ဒ​နောက် လိုက်​သူ​တွေ​နဲ့​ဆိုင်​တဲ့၊ နတ်ဆိုး​နဲ့​ဆိုင်​တဲ့ ပညာ​ပဲ။ ၁၆  မနာ​လို​စိတ်၊ ငြင်းခုံ​ရန်တွေ့​ချင်​စိတ်* ရှိ​တဲ့​နေရာ​မှာ စည်း​စနစ် မရှိတာတွေ၊ ယုတ်ညံ့​တာ​တွေ ရှိ​တတ်​တယ်။+ ၁၇  အထက်​က လာ​တဲ့ ဉာဏ်​ပညာ​ကို ပိုင်​ဆိုင်​တဲ့​သူ​ဟာ ဦးဆုံး​အနေ​နဲ့ စင်ကြယ်​တယ်။+ ပြီး​တော့ သင့်သင့်​မြတ်မြတ် နေ​တတ်​တယ်။+ အကျိုး​သင့်​အကြောင်း​သင့် ရှိ​တယ်။+ နာခံ​ဖို့ အသင့်​ရှိ​တယ်။ ကရုဏာတွေ၊ အကျင့်​ကောင်း​တွေ​နဲ့* ပြည့်စုံ​တယ်။+ မျက်နှာ​မလိုက်​တတ်​ဘူး။+ သူတော်ကောင်း​အဖြစ် ဟန်​မဆောင်​ဘူး။+ ၁၈  ဒါ့​အပြင် ဖြောင့်မတ်​ခြင်း​မျိုး​စေ့​ဟာ သင့်မြတ်​စေ​သူ​အတွက်*+ ငြိမ်သက်​တဲ့ အခြေ​အနေ​မှာ+ ကြဲ​ထား​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
“အတ္တ​ဆန်​တဲ့ ရည်​မှန်း​ချက်​ရှိ​နေ​ရင်” လည်း​ဖြစ်​နိုင်။
“အတ္တ​ဆန်​တဲ့ ရည်​မှန်း​ချက်” လည်း​ဖြစ်​နိုင်။
မူ​ရင်း၊ “အသီး​အပွင့်​ကောင်း။”
“သင့်မြတ်​စေ​သူ​က ဖြောင့်​မတ်​ခြင်း​မျိုး​စေ့​ကို” လည်း​ဖြစ်​နိုင်။