မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသင်လူငယ်တို့၊ အနာဂတ်အတွက် တည်ဆောက်နေသလော

အသင်လူငယ်တို့၊ အနာဂတ်အတွက် တည်ဆောက်နေသလော

အသင်​လူငယ်တို့၊ အနာဂတ်​အတွက် တည်ဆောက်​နေ​သလော

“ငါသည် သင်တို့ကို အကျိုး​နည်းစေ​ခြင်း​ငှာ ကြံစည်​သော​အကြံ​မဟုတ်ဘဲ နောင်​အဖို့ မျှော်လင့်​ရာ​ရှိ​မည်​အကြောင်း ငြိမ်​ဝပ်​စေခြင်း​ငှာ​သာ သင်တို့​အဖို့​ကြံစည်​သော အကြံများ​ကို ငါ​သိ​၏။”—ယေရမိ ၂၉:၁၁၊ သ​မ။

၁၊ ၂။ အဘယ်​ခြားနား​သော​နည်းများဖြင့် လူငယ်ဘဝကို ရှုမြင်​နိုင်​သနည်း။

သက်ကြီး​သူ​အများစု​သည် ငယ်ရွယ်စဉ်​ကာလ​ကို ဘဝ၏​အပျော်ဆုံး​အချိန်​ဟု ယူဆကြ​သည်။ ငယ်​စဉ်​က​ရှိခဲ့​သည့် အားမာန်​နှင့် စိတ်အား​ထက်သန်မှု​ကို သူတို့ အမှတ်ရ​တတ်ကြ​၏။ သူတို့သည် တာဝန်​အနည်းငယ်​သာ​ရှိခဲ့​ချိန်၊ ပျော်ရွှင်​မြူးထူး​ခဲ့​ရချိန်၊ အခွင့်အရေး​များစွာ​ရှိခဲ့​ချိန်​တို့ကို တ​သ​သဖြင့် ပြန်ပြောင်း​တွေးတော​ကြသည်။

အသင်​လူငယ်တို့​၏​အမြင်​နှင့် တခြား​စီ​ဖြစ်​နိုင်၏။ သင်တို့သည် လူငယ်​ဘဝ၏​စိတ်ပိုင်း​ဆိုင်ရာ​နှင့် ကာယပိုင်း​ဆိုင်ရာ ပြောင်းလဲမှု​ပြဿနာ​များ ရင်ဆိုင်​နေရ​ပေမည်။ ကျောင်းတွင် ရွယ်တူချင်း​၏​ဖိအား​ကို အပြင်းအထန်​ခံ​နေရ​ပေမည်။ မူးယစ်​ဆေးဝါး​တလွဲ​အသုံးပြုခြင်း၊ အရက်​နှင့် အကျင့်​ယိုယွင်းခြင်း​တို့ကို ကြိုးစား​တွန်းလှန်​နေရ​ပေမည်။ သင်တို့​ထဲ​မှ​အများ​သည် ယုံကြည်ခြင်း​နှင့်​ဆက်နွှယ်​သည့် ကြားနေ​မှု သို့​မဟုတ် တခြား​ပြဿနာ​များ​ကို ရင်ဆိုင်​နေရ​မည်။ မှန်ပါသည်၊ လူငယ်​ဘဝ​သည် ခက်ခဲ​သော​အချိန်​ဖြစ်​နိုင်၏။ သို့​တိုင် လူငယ်​ဘဝ​သည် အခွင့်သာ​သော​အချိန်​ဖြစ်၏။ ဤ​တွင်​မေးစရာ​ပေါ်လာ​သည်​မှာ အဆိုပါ​အခွင့်အရေး​များ​ကို သင်,မည်သို့​အသုံးပြု​မည်​နည်း​ဖြစ်သည်။

သင်၏​လူငယ်ဘဝကို ပျော်မွေ့​လော့

၃။ ရှောလမုန်​သည် လူငယ်များ​ကို အဘယ်​ဆုံးမ​စကား​နှင့် သတိပေး​ချက်​ပေး​ခဲ့​သနည်း။

လူငယ်​ဘဝ တိုတောင်း​လှ​သည်​ဟု သက်ကြီးရွယ်အို​များ ပြောဆို​သည်​မှာ မှန်ကန်​၏။ နှစ်​အနည်းငယ်​အတွင်း​ပင် သင်၏​လူငယ်​ဘဝ​သည် ကုန်လွန်​သွား​လိမ့်​မည်။ ထို့​ကြောင့် ငယ်ရွယ်စဉ်​တွင် ပျော်မွေ့​ပါ​လေ! ဘုရင်​ရှောလမုန်က ဤသို့​ရေးသား​၍ ဆုံးမ​ခဲ့​သည်– “အချင်း​လူပျို၊ အသက်​ပျို​သောအခါ ပျော်မွေ့​လော့။ အသက်​ပျို​စဉ်​ကာလ​တွင် စိတ်​ရွှင်လန်းခြင်း​ရှိ​လော့။ ကိုယ်​အလိုရှိ​ရာ​လမ်း​နှင့် ကိုယ်​ဉာဏ်​ပြ​သော​လမ်း​သို့​လိုက်​လော့။” သို့သော် ရှောလမုန်က “စိတ်​ညှိုးငယ်​ခြင်း​အကြောင်း​နှင့် ကိုယ်​ဆင်းရဲခြင်း​အကြောင်းကို ပယ်ရှား​လော့” ဟု​လူငယ်များ​ကို သတိပေး​ခဲ့​သည်။ ထပ်ဆင့်၍ သူ​ဤသို့​ဆို​သည်– “အသက်ငယ်​ခြင်း​အရာ​နှင့် အရွယ်​ပျို​ခြင်း​အရာ​သည် [အချည်းနှီး]ဖြစ်၏။”—ဒေ. ၁၁:၉၊ ၁၀

၄၊ ၅။ အနာဂတ်​အတွက် ကြိုတင်​ပြင်ဆင်ခြင်း​သည် လူငယ်များ​အတွက် အဘယ်ကြောင့် ပညာရှိရာ​ရောက်​သနည်း။ ဥပမာ​ပေး​ပါ။

ရှောလမုန် အဘယ်အရာကို ဆိုလို​ကြောင်း သင်​သိ​သလော။ ဥပမာ​ပေး​ရ​လျှင် အမွေ​ဖြစ်​နိုင်​သည့် တန်ဖိုး​ရှိ​လက်ဆောင်​တစ်ခု​ရရှိ​သည့် လူငယ်​တစ်ဦး​ကို စဉ်းစား​ကြည့်​ပါ။ ၎င်းကို သူ​မည်သို့​အသုံးပြု​မည်​နည်း။ ယေရှု၏​ဖြုန်းတီးသော​သား​ပုံ​ဥပမာ​ကဲ့သို့ သူသည် ၎င်းကို သုံးဖြုန်း​ပစ်​နိုင်​သည်။ (လုကာ ၁၅:၁၁-၂၃) သို့သော် ငွေ​ကုန်​သွားသော​အခါ မည်သို့​ဖြစ်​မည်​နည်း။ သူသည် မသိ​တတ်​ခဲ့​သည့်​အတွက် ဝမ်းနည်း​ကြေကွဲ​လိမ့်​မည်! တစ်ဖက်​တွင်​မူ၊ သူသည် ထို​အမွေ​ကို နောင်​အနာဂတ်​အတွက် ပညာရှိရှိ ရင်းနှီး​မြှုပ်နှံ​လိုက်​မည်​ဆိုပါစို့။ နောက်ဆုံး​၌ သူသည် ရင်းနှီး​မြှုပ်နှံ​မှု​မှ အကျိုးအမြတ်​ရရှိသော​အခါ လူငယ်​ဘဝတွင် ပျော်ပါး​ဖို့ ငွေ​အားလုံး​မ​ဖြုန်းတီး​ခဲ့​ရ​သဖြင့် သူ​ဝမ်းနည်း​လိမ့်​မည်​ဟု သင်,ထင်​သလော။ လုံးဝ,ဝမ်းနည်း​မည်​မဟုတ်!

သင်၏​လူငယ်ဘဝကို ဘုရားသခင်​ထံ​မှ ဆု​အဖြစ် ယူမှတ်​ကြည့်​ပါ။ ယင်းကို သင်,မည်သို့​အသုံးပြု​မည်​နည်း။ သင်သည် အနာဂတ်​အတွက် အစီအစဉ်​မရှိဘဲ အားရပါးရ အပျော်အပါး​လိုက်စား​ပြီး အားအင်​အကုန်ခံ​နေ​ပေမည်။ ထိုသို့​သာ သင်​ပြုလုပ်​နေလျှင် သင်၏ “အသက်ငယ်​ခြင်း​အရာ​နှင့် အရွယ်​ပျို​ခြင်း​အရာ​သည်” အမှန်ပင် “[အချည်းနှီး]” ဖြစ်​ပေ​လိမ့်​မည်။ သင်၏​လူငယ်ဘဝကို အနာဂတ်​အတွက် အသုံးချခြင်း​သည် သာ၍​ကောင်း​သည် မဟုတ်လော!

၆။ (က) ရှောလမုန်​၏​အဘယ်​ဆုံးမ​စကား​သည် လူငယ်များ​အတွက် လမ်းညွှန်ချက်​ဖြစ်သနည်း။ (ခ) ယေဟောဝါ​သည် လူငယ်များ​အတွက် အဘယ်အရာ​ပြု​လုပ်ပေး​လို​သနည်း၊ လူငယ်​တစ်ဦး​သည် ၎င်း​မှ မည်သို့​အကျိုး​ရရှိနိုင်​သနည်း။

သင်၏​လူငယ်ဘဝကို အကောင်းဆုံး​ဖြစ်စေ​နိုင်​သည့် မူ​တစ်ခု​ကို ရှောလမုန်​ဖော်ပြ​ခဲ့​သည်။ သူက “ယခု​အသက်​ပျိုစဉ်အခါ​ပင် သင့်ကို​ဖန်ဆင်း​တော်​မူ​သော​အရှင်ကို အောက်မေ့လော့” ဟု​ဆို​သည်။ (ဒေ. ၁၂:၁) ယေဟောဝါ​၏​စကား​ကို နားထောင်​၍ အလိုတော်ကို ဆောင်ရွက်​ပါ​ဟူသော ထို​ဆုံးမ​စကား​သည် အောင်မြင်ခြင်း​၏​သော့ချက်​ဖြစ်သည်။ ယေဟောဝါ​သည် ရှေး​ဣသရေလ​လူမျိုး​အတွက် ပြု​လုပ်ပေး​လို​ရာ​ကို ဤသို့​မိန့်ဆိုခဲ့သည်– “ငါသည် သင်တို့ကို အကျိုး​နည်းစေ​ခြင်း​ငှာ ကြံစည်​သော​အကြံ​မဟုတ်ဘဲ နောင်​အဖို့ မျှော်လင့်​ရာ​ရှိ​မည်​အကြောင်း ငြိမ်​ဝပ်​စေခြင်း​ငှာ​သာ သင်တို့​အဖို့​ကြံစည်​သော အကြံများ​ကို ငါ​သိ​၏။” (ယေရမိ ၂၉:၁၁သ​မ) ယေဟောဝါ​သည် သင်တို့​အတွက်​လည်း “နောင်​အဖို့ မျှော်လင့်​ရာ​ရှိ” စေ​လို​၏။ သင်၏​အပြု​အမူ​များ၊ တွေးခေါ်မှု​များနှင့် ဆုံးဖြတ်ချက်​များ​တွင် ကိုယ်တော့်​ကို ထည့်​စဉ်းစား​မည်​ဆိုလျှင် ထို​နောင်​အဖို့​မျှော်လင့်​ရာ​ကို အမှန်​ရရှိ​လိမ့်​မည်။—ဗျာ. ၇:၁၆၊ ၁၇; ၂၁:၃၊ ၄

“ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့”

၇၊ ၈။ လူငယ်​တစ်ဦး​သည် ဘုရားသခင်​ထံ မည်သို့​ချဉ်းကပ်​နိုင်​သနည်း။

ယာကုပ်​က “ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့။ သို့ပြုလျှင် သင်တို့၌​ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟု​တိုက်တွန်း​စဉ်​က ယေဟောဝါ​အား သတိရ​ရန်​အားပေးခဲ့​၏။ (ယာကုပ် ၄:၈) ယေဟောဝါ​သည် ဖန်ဆင်း​ရှင်၊ ကောင်းကင်​အချုပ်အခြာ​ပိုင်သ​အုပ်စိုးရှင်​ဖြစ်​ရာ အားလုံး​တို့၏​ဝတ်ပြုမှု​နှင့် ချီးမွမ်းမှု​ကို ခံထိုက်​တော်​မူ​၏။ (ဗျာ. ၄:၁၁) သို့​တိုင် ကိုယ်တော်​ထံ ကျွန်ုပ်​တို့​ချဉ်းကပ်​ကြ​မည်​ဆိုလျှင် ကိုယ်တော်​သည် ကျွန်ုပ်​တို့​ထံ ချဉ်းကပ်​တော်​မူ​လိမ့်​မည်။ ဤသို့​သော​မေတ္တာပါ​စိတ်ဝင်စားမှု​က သင်၏​စိတ်နှလုံး​ကို နွေးထွေး​စေ​သည်မဟုတ်​လော။—မဿဲ ၂၂:၃၇

ယေဟောဝါ​ထံ နည်း​အမျိုးမျိုးဖြင့် ကျွန်ုပ်​တို့​ချဉ်းကပ်​နိုင်၏။ ဥပမာ၊ တမန်​တော်​ပေါလု​က ဤသို့​ဆို​သည်– “ဆုတောင်း . . . ခြင်း​အမှုကို အမြဲ​ပြု​၍ ကျေးဇူးတော်​ကို ချီးမွမ်း​လျက် စောင့်ရှောက်​ကြလော့။” (ကောလောသဲ ၄:၂) တစ်နည်း​အားဖြင့်​ဆိုလျှင် ဆုတောင်းခြင်း​ဓလေ့​ကို ပြုစု​ပျိုးထောင်​ပါ။ သင့်ကိုယ်​စား သင်၏​ဖခင် သို့​မဟုတ် အသင်းတော်​ရှိ​ခရစ်ယာန်​ချင်း​တစ်ဦး​က ဆုတောင်းပေး​ပြီး​နောက် “အာမင်” ဟု​ဆို​ရုံ​မျှ​ဖြင့် ကျေနပ်​မနေ​ပါ​နှင့်။ ယေဟောဝါ​ထံ ရင်ဖွင့်ပြီး သင်​စဉ်းစား​သည့်​အရာ၊ ကြောက်ရွံ့​သည့်​အရာ၊ ရင်ဆိုင်​နေရ​သည့်​အရာ​ကို ပြောပြ​ဖူး​သလော။ အခြားသူ​တစ်ဦး​အား ဖွင့်​မပြောဝံ့​သည့် အကြောင်းအရာများ​ကို ကိုယ်တော်​အား ပြောပြ​ဖူး​သလော။ ရိုးသား​မှန်ကန်​စွာ​နှင့် နှလုံးပါပါ​တောင်း​သော ဆုတောင်းချက်​များသည် ငြိမ်သက်မှု​ရှိစေသည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ယင်း​တို့​က ယေဟောဝါ​ထံ​ချဉ်းကပ်​စေပြီး ကျွန်ုပ်​တို့​ထံ ကိုယ်တော်​ချဉ်းကပ်​လာ​နေသည်​ဟု ခံစားရ​စေ​၏။

၉။ လူငယ်​တစ်ဦး​သည် ယေဟောဝါ​၏​စကား​ကို မည်သို့​နားထောင်​နိုင်​သနည်း။

ယေဟောဝါ​ထံ ချဉ်းကပ်​နိုင်​သည့် နောက်တစ်နည်း​ကို ဤ​မှုတ်သွင်းခံ​စကား​များ​တွင် တွေ့ရှိ​ရသည်– “နောင်​၌ ပညာရှိ​စေခြင်း​ငှာ အကြံပေး​သည်ကို နားထောင်​၍ ဆုံးမ​သွန်သင်ခြင်း​ကို ခံယူ​လော့။” (သု. ၁၉:၂၀သ​မ) မှန်​၏၊ ယေဟောဝါ​၏​စကား​ကို နားထောင်ပြီး လိုက်လျှောက်​မည်​ဆိုလျှင် သင်၏​အနာဂတ်​အတွက် တည်ဆောက်​နေခြင်း​ဖြစ်သည်။ ယေဟောဝါ​၏​စကား​ကို သင်​နားထောင်​ကြောင်း မည်သို့​ဖော်ပြ​နိုင်​သနည်း။ သင်သည် ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်​ပြီး အစီအစဉ်များ​ကို နားထောင်​မည်​မှာ သေချာ​သည်။ ထို့​ပြင် မိသားစု​ကျမ်းစာ​သင်အံမှု​တွင်​လည်း ပါဝင်ခြင်း​အားဖြင့် “မိဘကို​ရိုသေ​စွာ​ပြု” ပေမည်။ (ဧဖက် ၆:၁၊ ၂; ဟေဗြဲ ၁၀:၂၄၊ ၂၅) ထိုသို့​ပြုခြင်း​သည် ကောင်း​၏။ သို့သော် သင်သည် အစည်းအဝေး​များ​အတွက် ကြိုတင်​ပြင်ဆင်​ရန်၊ ကျမ်းစာ​မှန်မှန်​ဖတ်​ရန်၊ ရှာဖွေ​လေ့လာ​ရန် “အချိန်ကို​ဝယ်ယူ” နေ​သလော။ “ပညာရှိ” ကဲ့သို့ လိုက်လျှောက်​နိုင်​ရန် ဖတ်ရှု​လေ့လာ​သမျှ​ကို ကြိုးစား​ကျင့်သုံး​သလော။ (ဧဖက် ၅:၁၅-၁၇က​ဘ; ဆာလံ ၁:၁-၃) ထိုသို့​ပြုလုပ်​နေလျှင် သင်သည် ယေဟောဝါ​ထံ ချဉ်းကပ်​နေ​၏။

၁၀၊ ၁၁။ လူငယ်များသည် ယေဟောဝါ​၏​စကား​ကို နားထောင်​သောအခါ အဘယ်​ကြီးမားသော အကျိုးကျေးဇူးများ ခံစားရ​သနည်း။

၁၀ နယပုံပြင်​ကျမ်း​၏ အဖွင့်​စကား​များ​တွင် မှုတ်သွင်းခံ​ရသော​စာရေးသူ​က ထို​ကျမ်းစာ​စောင်​၏​ရည်ရွယ်ချက်ကို ဤသို့​ဆို​သည်– “ဉာဏ်ပညာ​နှင့်​ဆုံးမ​သွန်သင်ခြင်း​ကို​သိ၍ ဉာဏ်​နှင့်ယှဉ်သော​စကား​ကို နားလည်​မည်​အကြောင်း၊ ပညာသတိ​ရှိ​ခြင်း၊ ရိုးသား​ဖြောင့်မတ်​စွာ​ကျင့်​ခြင်း၊ ဖြောင့်မှန်​စွာ​ပြုမူခြင်း​အရာ​၌ ဆုံးမ​သွန်သင်ခြင်း​ခံရ​မည်​အကြောင်း၊ မ​လိမ္မာ​သော​သူသည် လိမ္မာ​၍ ပျိုရွယ်သူ​သည် အသိပညာ၊ သမ္မာ​သတိ​နှင့်​ပြည့်စုံ​မည်​အကြောင်း” ဖြစ်သည်။ (သု. ၁:၁-၄သမ္မာ) ထို့​ကြောင့် နယပုံပြင်​ကျမ်း​အပြင် သမ္မာကျမ်းစာ​၏ အခြား​ကျမ်း​စာစောင်​များ​ကို ဖတ်ရှု​ကျင့်သုံး​လျှင် ဖြောင့်မတ်ခြင်း​ကို ပြုစု​ပျိုးထောင်​နိုင်​ပြီး ယေဟောဝါ​ထံ သင်​ချဉ်းကပ်​ခဲ့​ခြင်း​ကို ကိုယ်တော် အားရ​ဝမ်းမြောက်​တော်​မူ​လိမ့်​မည်။ (ဆာလံ ၁၅:၁-၅) သင်သည် ဖြောင့်မှန်​စွာ​ပြုမူ​၍ လိမ္မာ​ပါးနပ်​စွာ အသိပညာ​ရှိ​ရှိ စဉ်းစား​တွေးခေါ်​နိုင်စွမ်း​ရှိလာ​လေ​လေ သာ၍​ကောင်းသော​ဆုံးဖြတ်ချက်​များ ချ​နိုင်​လာ​လေ​လေ​ဖြစ်​မည်။

၁၁ ထိုသို့​ပညာရှိ​စွာ​လုပ်ဆောင်ရန် လူငယ်များ​ကို တောင်းဆိုခြင်း​သည် ကျိုးကြောင်း​မညီညွတ်​သလော။ ညီညွတ်​ပါ​သည်၊ အကြောင်း​မှာ ခရစ်ယာန်​လူငယ်များစွာသည် ထိုသို့​ပြုမူ​လုပ်ဆောင်နေ​ကြ​၏။ ယင်းကြောင့် အခြား​သူများ​သည် သူတို့ကို တန်ဖိုး​ထား​လေးစား​ကြ​ပြီး ‘သူတို့၏​အသက်အရွယ်​နုပျို​သည်ကို အဘယ်သူမျှ မထီမဲ့မြင်​မပြု’ ကြ​ချေ။ (၁ တိမောသေ ၄:၁၂) မိဘများသည် သူတို့​အတွက် ထိုက်​ထိုက်တန်​တန်​ဂုဏ်ယူ​ကြ​ပြီး ယေဟောဝါ​က​လည်း သူတို့သည် မိမိ၏​စိတ်တော်​ကို​ရွှင်လန်း​စေ​သည်​ဟု မိန့်ဆို​သည်။ (သု. ၂၇:၁၁) သူတို့​ငယ်ရွယ်​ကြသော်လည်း ဤ​မှုတ်သွင်းခံ​စကား​များ​မှာ သူတို့နှင့်​သက်ဆိုင်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​ကြ​၏– “စုံလင်ခြင်း​တရားကို စောင့်ရှောက်​လော့။ ဖြောင့်မတ်ခြင်း​တရားကို ကြည့်ရှု​ဆင်ခြင်​လော့။ ထိုသို့​ပြုသောသူ​သည် အဆုံး​၌​ငြိမ်သက်ခြင်း​ကို ခံစားရ​လိမ့်​မည်။”—ဆာလံ ၃၇:၃၇

ကောင်းစွာ​ရွေးချယ်​လော့

၁၂။ လူငယ်များ​၏​အရေးကြီး​ရွေးချယ်မှု​များ​မှ တစ်ခု​ကား အဘယ်နည်း၊ ထို​ရွေးချယ်မှု​သည် အဘယ်ကြောင့် ရေရှည်​ကောင်းကျိုး၊ ဆိုးကျိုး​ရှိ​သနည်း။

၁၂ လူငယ်​ဘဝ​သည် ရွေးချယ်​ပြုမူ​ရမည့်​အချိန်​ဖြစ်​ရာ ၎င်း​တို့​မှ​အချို့​သည် ရေရှည်​အကျိုးကျေးဇူး​ရရှိ​၏။ ယခု သင်၏​ရွေးချယ်မှု​အချို့​သည် နောင်​အနာဂတ်​တွင် ဆိုးကျိုး​သက်ရောက်​နိုင်​သည်။ ပညာရှိရှိ​ဆုံးဖြတ်​ပြုမူ​လျှင် ပျော်ရွှင်​သာယာသော​ဘဝကို ရရှိစေ​၏။ ပညာ​မဲ့​စွာ​ဆုံးဖြတ်​ပြုမူ​လျှင်​ကား ဘဝ​တစ်ခုလုံး ပျက်စီး​သွား​နိုင်၏။ သင်​ရွေးချယ်​ပြုမူ​ရမည့်​အရာ​နှစ်ခု​နှင့်​ပတ်သက်​၍ ယင်းသည် မည်မျှ​မှန်ကန်​သည်ကို သုံးသပ်ကြည့်​ပါ။ ဦးဆုံး၊ မည်သူ​တို့​နှင့်​ပေါင်းသင်း​ရန် သင်​ရွေးချယ်​သနည်း။ ၎င်း​သည် အဘယ်ကြောင့် အရေးကြီး​သနည်း။ မှုတ်သွင်းခံ​နယပုံပြင်​က ဤသို့​ဆို​သည်– “ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏။ လူ​မိုက်​တို့​နှင့်​ပေါင်းဖော်သော​သူ​မူ​ကား ပျက်စီး​တတ်၏။” (သု. ၁၃:၂၀) တစ်နည်း​အားဖြင့်​ဆို​သော် နောက်ဆုံး​တွင် ကျွန်ုပ်​တို့သည် ပညာရှိ​နှင့်​ပေါင်းဖော်​လျှင် ပညာရှိ​ဖြစ်လာ​မည်၊ လူ​မိုက်​နှင့်​ပေါင်းဖော်​လျှင် လူ​မိုက်​ဖြစ်လာ​လိမ့်​မည်။ အဘယ်​လူစားမျိုး​ကို သင်​သာ၍​နှစ်သက်​သနည်း။

၁၃၊ ၁၄။ (က) ပေါင်းသင်းမှု​ပြုခြင်း​တွင် လူ​တို့​နှင့် တိုက်ရိုက်​ဆက်သွယ်ခြင်း​အပြင် အဘယ်အရာ​ပါဝင်​သနည်း။ (ခ) အဘယ်​အမှား​ကို လူငယ်များ ရှောင်ကြဉ်​သင့်​သနည်း။

၁၃ ပေါင်းသင်းမှု​အကြောင်း သင်​စဉ်းစား​လိုက်​သည့်​အခါ လူ​တို့​နှင့်​ပေါင်းသင်းမှု​ပြုခြင်း​ကို သတိရ​ပေမည်။ ယင်းသည် မှန်ကန်​သော်လည်း ထို့​ထက်မက ပါဝင်​ပတ်သက်​နေသည်။ ရုပ်မြင်သံကြား​အစီအစဉ်​တစ်ခု​ကို ကြည့်​သည့်​အခါ၊ တေးဂီတ​နားထောင်​သည့်​အခါ၊ ဝတ္ထု​ဖတ်​သည့်​အခါ၊ ရုပ်ရှင်​ကြည့်​သည့်​အခါ၊ အင်တာနက်​ကို အသုံးပြုသည့်​အခါ သင်သည် ပေါင်းသင်းမှု​ပြု​နေခြင်း​ဖြစ်သည်။ ထို​ပေါင်းသင်းမှု​သည် အကြမ်းဖက်​ခြင်း၊ အကျင့်​ယိုယွင်းခြင်း​ကို​အားပေး​မည်၊ သို့​မဟုတ် မူးယစ်​ဆေးဝါး​တလွဲ​အသုံးပြုခြင်း၊ သောက်ကြူး​ခြင်း၊ သမ္မာကျမ်းစာ​မူများ​နှင့် ဆန့်ကျင်​သည့် အဘယ်အရာကို​မဆို အားပေး​အား​မြှောက်​ပြု​မည်​ဆိုလျှင် သင်သည် ယေဟောဝါ​မရှိ​သကဲ့သို့ ပြုမူ​လုပ်ကိုင်​နေကြ​သော “မိုက်​သော​သူ” နှင့်​ပေါင်းသင်း​ရာ​ရောက်​၏။—ဆာလံ ၁၄:၁

၁၄ သင်သည် ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်ရောက်​ပြီး အသင်းတော်တွင် တက်တက်ကြွကြွ​ရှိနေ​သည့်​အတွက် အကြမ်းဖက်​ရုပ်ရှင်​ကို​ကြည့်​ခြင်း၊ တေး​သွား​ကောင်း​သော်လည်း အဓိပ္ပာယ်​နှစ်ခွ​ရှိသော တေး​သီချင်းများ​ကို နားထောင်ခြင်း​မှ အဘယ်​ဆိုးကျိုး​မျှ​မရနိုင်​ဟု ယူမှတ်​ကောင်း​ယူမှတ်​ပေမည်။ အင်တာနက်​ပေါ်​မှ ညစ်ညမ်း​သော​ဝက်ဘ်ဆိုက်ကို လျှပ်​တစ်​ပြ​က်​ကြည့်​ခြင်း​သည် ဆိုးကျိုး​သက်ရောက်​မည်​မဟုတ်​ဟု သင်ယူ​မှတ်​ပေမည်။ ထိုသို့​ယူမှတ်​လျှင် သင်၏​စဉ်းစား​တွေးခေါ်ပုံ မှားယွင်း​ကြောင်း တမန်​တော်​ပေါလု​ပြော​၏! သူက “မကောင်းသော​သူတို့နှင့်​ပေါင်းဖော်ခြင်း​အားဖြင့် ကောင်းသော​အကျင့်ဓလေ့ ယိုယွင်း​တတ်၏” ဟု​ဆို​သည်။ (၁ ကောရိန္သု ၁၅:၃၃) ဝမ်းနည်းစရာမှာ တိုးတက်​နိုင်သော ခရစ်ယာန်​လူငယ်များစွာသည် ပညာ​မဲ့​သော​ပေါင်းသင်းမှု​များ​ကြောင့် သူတို့၏​ကောင်းသော​အကျင့်​များ ယိုယွင်း​ပျက်စီး​သွားခဲ့ပြီ။ ထို့​ကြောင့် ဤသို့​သော​ပေါင်းသင်းမှု​များ​ကို ရှောင်ကြဉ်​ရန် အခိုင်အမာ​ဆုံးဖြတ်​ပါ။ ထိုသို့​ပြု​မည်​ဆိုလျှင် ပေါလု​၏ ဤ​ဆုံးမ​စကား​ကို သင်​လိုက်လျှောက်​ရာ​ရောက်မည်– “သင်တို့သည် လော[က]ပုံသဏ္ဌာန်​ကို​မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ စုံလင်သော​အရာ​တည်း​ဟူသော ဘုရားသခင်​အလိုတော်​ရှိသော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို သင်​နိုင်​မည်​အကြောင်း စိတ်နှလုံး​ကို​အသစ်​ပြင်ဆင်​၍ ပုံသဏ္ဌာန်​ပြောင်းလဲခြင်း​သို့​ရောက်​ကြလော့။”—ရောမ ၁၂:၂

၁၅။ လူငယ်တို့​ပြု​ရမည့် ဒုတိယ​ရွေးချယ်မှု​ကား အဘယ်နည်း၊ တစ်ခါတစ်ရံ ယင်း​နှင့်​စပ်လျဉ်း၍ အဘယ်​ဖိအားများ ပေး​ခံရ​သနည်း။

၁၅ ဤ​တွင် သင်​ပြုလုပ်​ရမည့် ဒုတိယ​ရွေးချယ်မှု​ဖြစ်၏။ ကျောင်း​ပြီး​သောအခါ သင်​အဘယ်အရာ​ပြုလုပ်​လို​သည်ကို ရွေးချယ်​ရမည့်​အကြောင်း ပေါ်လာ​၏။ အလုပ်အကိုင်​ရှားပါး​သည့်​နိုင်ငံ​တွင် သင်​နေထိုင်​သည်​ဆိုပါ​က ရရှိနိုင်​သည့် အကောင်းဆုံး​အလုပ်ကို လုပ်ကိုင်​ရန် ဖိအား​ပေး​ခံရ​ပေမည်။ သင်သည် ချမ်းသာ​ကြွယ်ဝ​သည့်​နိုင်ငံ​တွင် နေထိုင်ပါ​က ရွေးချယ်စရာ​အလုပ်​များစွာ​ရှိပြီး ယင်း​တို့​မှ​အချို့​သည် အလွန်​မက်မော​စ​ရာ​ဖြစ်​မည်။ သင်၏​ဆရာများ၊ သို့​မဟုတ် မိဘများ​ပင် စိတ်​စေတနာ​ကောင်း​ဖြင့် ချမ်းသာ​ကြွယ်ဝ​စေနိုင်​သည့် ငွေကြေး​ဖူလုံ​သော အလုပ်​တစ်ခု​ကို ရွေးချယ်​လုပ်ကိုင်​ရန် တိုက်တွန်း​ပေမည်။ သို့သော် ထို​အလုပ်​အတွက် သင်တန်း​ယူခြင်း​ဖြင့် ယေဟောဝါ​၏​အမှုတော်ကို ထမ်းဆောင်​နိုင်​ချိန် အလွန်​နည်း​သွားပေ​မည်။

၁၆၊ ၁၇။ ကျမ်းချက်​အသီးသီး​သည် လူငယ်​တစ်ဦး​ကို အလုပ်အကိုင်​အပေါ် ဟန်ချက်ညီ​ညီ မည်သို့​ရှုမြင်​စေနိုင်​ကြောင်း ရှင်းပြပါ။

၁၆ ဆုံးဖြတ်ချက်​မချ​မီ သမ္မာကျမ်းစာ​အကြံဉာဏ်​ကို ရရှိရန် သတိရပါ။ ကိုယ့်​အား​ကိုယ်​ကိုး​ပြီး လုပ်ကိုင်​စားသောက်​ရန် သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို အားပေး​တိုက်တွန်း​ထား​၏။ (၂ သက်သာလောနိတ် ၃:၁၀-၁၂) သို့​တိုင် အခြား​အရာများ​ကိုလည်း ထည့်​စဉ်းစား​ရမည်။ လူငယ်​တစ်ဦး​သည် အလုပ်အကိုင်​ရွေးချယ်​လုပ်ကိုင်​ခြင်း​နှင့်​စပ်လျဉ်း၍ ဟန်ချက်ညီ​နိုင်​ရန် အောက်​ဖော်ပြ​ပါ ကျမ်းချက်​များသည် မည်သို့​ကူညီ​ပေး​နိုင်​ကြောင်း ဖတ်ရှု​၍ စဉ်းစားပါ– သု. ၃၀:၈၊ ၉; ဒေ. ၇:၁၁၊ ၁၂; မဿဲ ၆:၃၃; ၁ ကောရိန္သု ၇:၃၁; ၁ တိမောသေ ၆:၉၊ ၁၀။ အဆိုပါ​အခန်းငယ်​များ​ကို ဖတ်ရှု​ပြီး​နောက် ယင်း​ကိစ္စ​နှင့်​ပတ်သက်​၍ ယေဟောဝါ​၏​အမြင်ကို သင်​တွေ့ရှိ​သလော။

၁၇ ယေဟောဝါ​၏​အမှုတော်ထမ်း​ဆောင်ခြင်း​ကို ဦးစား​မထား​နိုင်​သည့်​အထိ လောက​အလုပ်​သည် ဘယ်​သောအခါ​မျှ အလွန်​အရေး​မကြီး​သင့်​ချေ။ အဆင့်မြင့်​ပညာရေး​ဖြင့် တော်​သင့်​သော​အလုပ်​တစ်ခု​ကို​ရနိုင်​လျှင် ကောင်း​ပေ​၏။ အထက်တန်း​ကျောင်း​ပြီး​နောက် ထပ်ဆင့်​သင်တန်းတက်​စ​ရာ​လိုအပ်​လာ​လျှင် ယင်း​ကိစ္စ​ကို သင်၏​မိဘများနှင့် ဆွေးနွေး​သင့်​သည်။ သို့သော် “သာ၍​အရေးကြီးသော​အရာများ” ဖြစ်သည့် ဝိညာဉ်​ရေးရာ​များ​ကို ဘယ်တော့​မျှ မျက်ခြည်မပြတ်​ပါစေ​နှင့်။ (ဖိလိပ္ပိ ၁:၉၊ ၁၀က​ဘ) ယေရမိ​၏​စာရေး​ဖြစ်သူ ဗာရုတ်​ပြု​ခဲ့​သည့်​အမှား​မျိုး မပြုမိ​စေပါ​နှင့်။ သူသည် လုပ်ငန်းတော်​အခွင့်ထူး​ကို တန်ဖိုး​မထား​တော့​ဘဲ “ကိုယ်​အဖို့ ကြီးစွာ​သော​အရာ​တို့ကို​ရှာ” ခဲ့​လေ​သည်။ (ယေရမိ ၄၅:၅) ဤ​လောက​မှ အဘယ် “ကြီးစွာ​သော​အရာ” မျှ​သူ့ကို ယေဟောဝါ​ထံ​ချဉ်းကပ်​ရန် အကူအညီ​မပေးနိုင်​ကြောင်း၊ ယေရုရှလင်​မြို့​ပျက်စီး​သည့်​အခါ ကပ်ကျော်​စေနိုင်​မည်​မဟုတ်​ကြောင်း အခိုက်အတန့် မေ့လျော့​သွားခဲ့သည်။ ယနေ့ ကျွန်ုပ်​တို့​နှင့်​ပတ်သက်​၍​လည်း ထပ်တူ​ပြောဆို​နိုင်​သည်။

ဝိညာဉ်​ရေးရာ​များ​ကို တန်ဖိုး​ထား​လေးမြတ်​လော့

၁၈၊ ၁၉။ (က) သင်၏​အိမ်နီးချင်း​အများစု​သည် အဘယ်အရာ​နှင့်​ကြုံတွေ့​နေကြ​ရသနည်း၊ သူတို့​အပေါ် သင်,မည်သို့​သဘောထား​သင့်​သနည်း။ (ခ) ဝိညာဉ်​ရေး​အရ ငတ်မွတ်​သူ​အချို့​သည် အဘယ်ကြောင့် ဆာလောင်မှု​မရှိ​သနည်း။

၁၈ မီဒီယာ​မှ​ထုတ်လွှင့်​သော အငတ်ဘေး​ဆိုက်​နေသည့် နိုင်ငံ​များ​ရှိ ကလေး​များ​၏​ရုပ်ပုံများ​ကို တွေ့ဖူး​သလော။ တွေ့ဖူး​မည်​ဆိုလျှင် သူတို့ကို သနား​မိ​မည်​မှာ သေချာ​၏။ သင်၏​အိမ်နီးချင်း​များ​ကို ထို​နည်းတူ​သနား​သလော။ အဘယ်ကြောင့်​သနား​သင့်​သနည်း။ အကြောင်း​မှာ သူတို့​အများစု​သည်လည်း ငတ်ပြတ်​နေကြ​သောကြောင့်​ဖြစ်သည်။ အာမုတ် ဤသို့​ပရောဖက်ပြု​ခဲ့​သော အငတ်ဘေး​ကို သူတို့​ကြုံတွေ့​နေရ​၏– ‘ယေဟောဝါ​မိန့်တော်မူသည်​ကား မွတ်သိပ်ခြင်း​ဘေး​ကို တစ်ပြည်လုံး​၌ ငါ​ဖြစ်​စေသော​ကာလ​ရောက်​လိမ့်​မည်။ အစာ​ခေါင်းပါး​၍ မွတ်သိပ်ခြင်း​ဘေးမ​ဟုတ်၊ ရေငတ်​ခြင်း​ဘေး​လည်း​မဟုတ်၊ ယေဟောဝါ​၏​အမိန့်တော်ကို မကြား​ရသော​မွတ်သိပ်ခြင်း​ဘေး​ဖြစ်​လိမ့်​မည်။’—အာမုတ် ၈:၁၁

၁၉ ဤ​ဝိညာဉ်​ရေး​အငတ်ဘေး ကြုံတွေ့​နေရသူ​အများစု​သည် “ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း သတိ” မပြု​ကြသည်​မှာ အမှန်ပင်။ (မဿဲ ၅:၃က​ဘ) လူအများသည် ဝိညာဉ်​ရေး​ဆာလောင်​နေမှန်း မသိကြ​ချေ။ အချို့​က ကောင်းစွာ​စားသုံး​နေရ​သည်​ဟူ၍ပင် ယူမှတ်​ပေမည်။ သို့ရာတွင် ထိုသို့​ယူမှတ်​လျှင် သူတို့သည် ရုပ်ပစ္စည်း​ပဓာန​ထားခြင်း၊ သိပ္ပံ​ပညာ​ယူဆချက်၊ ကိုယ်ကျင့်တရား​နှင့်​ပတ်သက်​သည့် ကိုယ်ပိုင်​ထင်မြင်ချက်​များနှင့် ဤသို့​သောတ​ခြား​အရာများ​ပါဝင်​သည့် အချည်းနှီး​သက်​သက်​ဖြစ်သော ‘လောက​ပညာ’ ကို ဆည်းပူး​လိုက်စား​နေကြ​သောကြောင့်​ဖြစ်သည်။ မျက်မှောက်ခေတ် “ပညာ” သည် ကျမ်းစာ​သွန်သင်ချက်​များ​ကို ခေတ်​နောက်ကျ​သွား​စေပြီ​ဟု အချို့​ယူမှတ်​ကြ​၏။ သို့သော် ‘လောကသား​တို့သည် မိမိတို့​ပညာ​အားဖြင့် ဘုရားသခင်​ကို​မသိ’ ကြ​ချေ။ လောက​ပညာ​သည် သင့်ကို ဘုရားသခင်​ထံ ချဉ်းကပ်​စေ​လိမ့်​မည်​မဟုတ်။ ယင်းသည် “ဘုရားသခင့်​ရှေ့၌ မိုက်မဲခြင်း” သက်​သက်​ဖြစ်၏။—၁ ကောရိန္သု ၁:၂၀၊ ၂၁; ၃:၁၉

၂၀။ ယေဟောဝါ​အား ဝတ်မပြု​သူများကို တုပ​လို​ခြင်း​သည် အဘယ်ကြောင့် မသင့်​လျော်​သနည်း။

၂၀ ဆာလောင်​နေသော​ကလေး​များ​၏ အဆိုပါ​ရုပ်ပုံများ​ကို သင်​ကြည့်​သောအခါ သူတို့​ကဲ့သို့ သင်,ဖြစ်​လို​သလော။ အမှန်ပင် ဖြစ်​လို​မည်​မဟုတ်! သို့​တိုင် ခရစ်ယာန်​မိသားစု​များ​ရှိ လူငယ်​အချို့​သည် သူတို့​ဝန်းကျင်ရှိ ဝိညာဉ်​ရေး​မွတ်​သိပ်​နေသူတို့​ကဲ့သို့ ဖြစ်​လို​ကြ​ကြောင်း ဖော်ပြ​၏။ ထို​နည်းတူ​စွာ ဤ​လူငယ်များ​က လောက​လူငယ်များသည် အပူအပင်​မရှိ ပျော်ရွှင်​နေကြ​သည်​ဟု ယူမှတ်​ကြသည်။ အဆိုပါ​လူငယ်များသည် ယေဟောဝါ​နှင့် ကင်းကွာ​နေကြ​သည်ကို သူတို့​မေ့​နေကြ၏။ (ဧဖက် ၄:၁၇၊ ၁၈) ဝိညာဉ်​ရေး​ငတ်မွတ်မှု​၏ ဆိုးကျိုး​များ​ကိုလည်း သူတို့​မေ့​နေကြ၏။ ထို​ဆိုးကျိုး​အချို့​မှာ မလိုလား​ဖွယ် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်​ခြင်း၊ အကျင့်​ယိုယွင်းခြင်း၊ ဆေးလိပ်​သောက်​ခြင်း၊ အရက်​သေ​စာ​သောက်ကြူး​ခြင်း​နှင့် မူးယစ်​ဆေးဝါး​အလွဲသုံး​စွဲ​ခြင်း​တို့​ကြောင့် ကာယရေး၊ စိတ်ဓာတ်​ရေး​ထိခိုက်မှု​များ​ဖြစ်သည်။ ဝိညာဉ်​ရေး​ငတ်ပြတ်​မှု​ကြောင့် ပုန်ကန်​လို​စိတ်​ရှိ​ခြင်း၊ မျှော်လင့်ချက်​ကင်းမဲ့​ခြင်း​နှင့် ဘဝတွင် လမ်းညွှန်ချက်​ကင်းမဲ့​ခြင်း​တို့ ဖြစ်​ကြ​ရသည်။

၂၁။ ယေဟောဝါ​အား ဝတ်မပြု​သူများ​၏ စိတ်ထား​မှား​များ​ကို မခံယူ​မိ​ရန် မိမိကိုယ်ကို မည်သို့​ကာကွယ်​နိုင်​သနည်း။

၂၁  ထို့​ကြောင့် သင်သည် ကျောင်းတွင် ယေဟောဝါ​အား ဝတ်မပြု​သူ​ချင်း​များ​ကြား​၌ ရှိနေ​သည့်​အခါ သူတို့၏​လွှမ်းမိုးမှုကို​မခံ​ပါ​နှင့်။ (၂ ကောရိန္သု ၄:၁၈) သူတို့​မှ​အချို့​သည် ဝိညာဉ်​ရေးရာ​များ​ကို မထီမဲ့မြင်​ပြု ပြောဆို​ကြ​ပေမည်။ ထို့​ပြင် အကျင့်​ယိုယွင်းခြင်း၊ သောက်ကြူး​ခြင်း သို့​မဟုတ် ဆဲရေး​တိုင်းထွာ​ခြင်း​တို့သည် သာမန်​ဖြစ်သည်ဟု မီဒီယာ​မှ​တစ်ဆင့် မသိမသာ​ဝါဒဖြန့်​လိမ့်​မည်။ ထို​သြဇာ​လွှမ်းမိုးမှုကို တွန်းလှန်​ပါ။ “ယုံကြည်ခြင်းကိုလည်း​ကောင်း၊ ကိုယ်ကို​ကိုယ်​သိသောစိတ် ကြည်လင်​ခြင်း​ကိုလည်း​ကောင်း စွဲလမ်း” သူများ​နှင့် မှန်မှန်​ပေါင်းသင်း​ပါ။ “သခင်​ဘုရား​၏​အမှုတော်ကို ကြိုးစား​အားထုတ်” လုပ်ဆောင်ခြင်း​၌ အလုပ်​များနေ​ပါ။ (၁ တိမောသေ ၁:၁၈; ၁ ကောရိန္သု ၁၅:၅၈) ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​နှင့် လယ်ကွင်း​လုပ်ငန်း​တို့​တွင် အလုပ်​များနေ​ပါ။ သင်,ကျောင်းတက်​နေစဉ် အခါ​အား​လျော်​စွာ မှန်မှန်ရှေ့ဆောင်​လုပ်ငန်း​၌ ပါဝင်​ပါ။ ဤနည်းဖြင့် သင်၏​ဝိညာဉ်​ရေး​အမြင်ကို ရှင်းလင်း​စေပြီး သင်၏​ဟန်ချက်​ကို မပျက်စီး​စေပါ​နှင့်။—၂ တိမောသေ ၄:၅

၂၂၊ ၂၃။ (က) ခရစ်ယာန်​လူငယ်​တစ်ဦး​သည် အခြားသူများ နားမလည်​နိုင်​သည့်​အရာ​ကို အဘယ်ကြောင့် ရွေးချယ်​ပြုမူ​တတ်​သနည်း။ (ခ) အဘယ်အရာ​ပြုလုပ်​ရန် လူငယ်များ အားပေး​တိုက်တွန်း​ခံရ​သနည်း။

၂၂ ဝိညာဉ်​ရေး​အမြင်​ရှိ​ခြင်း​က အခြားသူများ နားမလည်​နိုင်​သည့် ဆုံးဖြတ်ချက်​များ​ချ​စေ​ပေမည်။ ဥပမာ၊ ခရစ်ယာန်​လူငယ်​တစ်ဦး​သည် အလွန်​တော်​သော တေးဂီတ​ပညာရှင်​ဖြစ်​ပြီး ကျောင်းတွင် ဘာသာရပ်​အားလုံး​၌ ထူးချွန်​သော​ကျောင်းသား​ဖြစ်၏။ သူသည် ကျောင်း​ပြီးသွား​သောအခါ အချိန်ပြည့်​ဧဝံဂေလိ​ဟောပြောသူ သို့​မဟုတ် ရှေ့ဆောင်​အဖြစ် သူ​ရွေးချယ်​ထား​သည့်​အလုပ်ကို လုပ်ကိုင်​နိုင်​ရန် ဖခင်​နှင့်​တွဲဖက်​၍ ပြတင်းပေါက်​သန့်ရှင်းရေး​လုပ်ငန်း​ကို လုပ်ကိုင်​ခဲ့​သည်။ သူ၏​ဆရာများ​သည် သူ၏​ဆုံးဖြတ်ချက်​ကို လုံးလုံး​နားမလည်​နိုင်​ကြသော်လည်း အသင်​သည် ယေဟောဝါ​ထံ ချဉ်းကပ်​သူ​ဖြစ်​လျှင် သဘောပေါက်​နားလည်​လိမ့်​မည်​မှာ သေချာ​သည်။

၂၃ သင်၏​လူငယ့်​စွမ်းပကား​ကို မည်သို့​အသုံးပြု​ရမည်​နှင့်​ပတ်သက်​၍ ဆင်ခြင်​သုံးသပ်​သောအခါ “မှန်သော​အသက်ကို ဝင်စား​လို​သော​ငှာ နောင်​ဘဝ​၌ ကောင်းသော​ဘဏ္ဍာ​ကို မိမိတို့​အဖို့ ဆည်းပူး . . . ထား​လော့။” (၁ တိမောသေ ၆:၁၉) သင်၏​လူငယ်​ဘဝတွင်​မ​က ကျန်​အသက်တာ​တစ်ခုလုံး​တွင် “သင့်ကို​ဖန်ဆင်း​တော်​မူ​သော အရှင်ကို အောက်မေ့လော့။” ၎င်း​သည် အောင်မြင်​သော​အနာဂတ်​ကို တည်ဆောက်​ရန် တစ်ခု​တည်း​သော နည်းလမ်း​ဖြစ်​ပြီး ထို​အနာဂတ်​သည် ဘယ်​သောအခါ​မျှ အဆုံးတိုင်​လိမ့်​မည်​မဟုတ်​ချေ။

သင်၏​ကောက်ချက်​ကား​အဘယ်နည်း

အနာဂတ်​အတွက် ကြိုတင်​စီစဉ်​ရာ​တွင် လူငယ်များ​ကို အဘယ်​မှုတ်သွင်းခံ​ဆုံးမ​စကား​က ကူညီ​ပေး​သနည်း။

လူငယ်​တစ်ဦး​သည် “ဘုရားသခင်​၌ ချဉ်းကပ်” နိုင်​သည့် နည်းလမ်း​အချို့​ကား အဘယ်နည်း။

လူငယ်​တစ်ဦး၏​အနာဂတ်​အတွက် အကျိုး​သက်ရောက်မှု ရှိစေ​မည့် ဆုံးဖြတ်ချက်​အချို့​ကား အဘယ်နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သင်သည် လူငယ့်​အားမာန်​နှင့် စိတ်အား​ထက်သန်မှု​ရှိသမျှ ကုန်ဆုံး​သွား​သည့်​အထိ ကိုယ့်​အကြိုက်​ကိုယ် ပြုလုပ်​နေ​မည်​လော

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ပညာရှိ​ခရစ်ယာန်​လူငယ်များသည် ဝိညာဉ်​ရေး အမြင်​အာရုံ​ကို ရှင်းလင်းစွာ​ထား​ရှိကြ