လုကာ ၁၅:၁-၃၂

  • ပျောက်​တဲ့​သိုး ပုံဥပမာ (၁-၇)

  • ပျောက်​သွား​တဲ့​ငွေ ပုံဥပမာ (၈-၁၀)

  • ပျောက်​တဲ့​သား ပုံဥပမာ (၁၁-၃၂)

၁၅  အခွန်​ခံ​တွေ​နဲ့ အပြစ်​သား​တွေ​က ယေရှု​ရဲ့​စကား​ကို နား​ထောင်​ဖို့ စု​ရုံး​ရောက်​လာ​ကြ​တယ်။+ ၂  ဖာ​ရိ​ရှဲ​နဲ့ ကျမ်း​တတ်​တွေ​က “ဒီ​လူ​ဟာ အပြစ်​သား​တွေ​ကို ကြို​ဆို​လက်ခံ​တဲ့​အပြင် သူတို့​နဲ့​အတူ စား​သောက်​နေ​ပါလား” ဆို​ပြီး မကျေ​မနပ် ပြော​ကြ​တယ်။ ၃  အဲဒီ​အခါ ယေရှု​က ပုံ​ဥပ​မာ​သုံး​ပြီး အခု​လို​ပြော​တယ်– ၄  “ခင်​ဗျား​တို့​ထဲ​က တစ်​ယောက်​ယောက်​ဆီ​မှာ သိုး​အကောင် ၁၀၀ ရှိ​ပြီး တစ်​ကောင်​ပျောက်​သွား​တယ် ဆို​ပါ​စို့။ ကျန်​တဲ့​သိုး ၉၉ ကောင်​ကို တော​မှာ ထား​ခဲ့​ပြီး ပျောက်​သွား​တဲ့​သိုး​ကို​မ​တွေ့​မချင်း လိုက်​ရှာ​မယ် မဟုတ်​လား။+ ၅  ရှာ​တွေ့​တဲ့​အခါ ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ပြီး ပခုံး​ပေါ် ထမ်း​လာ​တာ​ပဲ။ ၆  အိမ်​ရောက်​တော့ မိတ်ဆွေ​တွေ၊ အိမ်​နီး​ချင်း​တွေ​ကို ခေါ်​ပြီး ‘ပျောက်​တဲ့​သိုး​ကို ပြန်​တွေ့​ပြီ။ ကျွန်​တော်​နဲ့​အတူ ဝမ်း​မြောက်​ကြ​ပါ’+ လို့​ပြော​တတ်​တယ်။ ၇  အလား​တူ​ပဲ။ ကျွန်​တော်​ပြော​မယ်။ ဖြောင့်​မတ်​ပြီး နောင်​တ​ရ​စ​ရာ အကြောင်း​မရှိ​တဲ့​လူ ၉၉ ယောက်​အတွက် ဝမ်း​မြောက်​တာ​ထက် နောင်​တ​ရ​တဲ့​အပြစ်​သား+ တစ်​ယောက်​အတွက် ကောင်း​ကင်​မှာ ပို​လို့​တောင် ဝမ်း​မြောက်​ကြ​လိမ့်​မယ်။ ၈  “အမျိုး​သမီး​တစ်​ယောက်​မှာ​ ဒရက်​မာ* ဆယ်​ပြား​ရှိ​တာ တစ်​ပြား​ပျောက်​သွား​တယ် ဆို​ပါ​စို့။ အဲဒီ​အခါ မီး​ခွက်​ကို​ထွန်း၊ အိမ်​ကို လှည်း​ကျင်း​ပြီး မတွေ့​မချင်း စေ့​စေ့​စပ်​စပ်​ရှာ​မယ်​မ​ဟုတ်​လား။ ၉  ရှာ​တွေ့​တဲ့​အခါ မိတ်ဆွေ​တွေ၊ အိမ်​နီး​ချင်း​တွေ​ကို ခေါ်​ပြီး ‘ပျောက်​သွား​တဲ့ ဒ​ရက်​မာ​တစ်​ပြား​ကို ပြန်​တွေ့​ပြီ။ ကျွန်​မနဲ့​အတူ ဝမ်း​မြောက်​ကြ​ပါ’ လို့​ပြော​တတ်​တယ်။ ၁၀  အလား​တူ​ပဲ။ ကျွန်​တော်​ပြော​မယ်။ အပြစ်​သား​တစ်​ယောက်+ နောင်​တ​ရ​တဲ့​အခါ ဘုရား​သခင့် ကောင်း​ကင်​တ​မန်​တွေ ဝမ်း​မြောက်​ကြ​တယ်။” ၁၁  အဲဒီ​နောက် ယေရှု ပြော​တာ​က– “လူ​တစ်​ယောက်​မှာ သား​နှစ်​ယောက် ရှိ​တယ်။ ၁၂  သား​ငယ်​က ‘အဖေ၊ ကျွန်​တော်ရ​မယ့်​အမွေ ခွဲ​ပေး​ပါ’ လို့​တောင်း​တဲ့​အခါ အဖေက အမွေ​ခွဲ​ပေး​လိုက်​တယ်။ ၁၃  ရက်​အနည်း​ငယ်​ကြာ​တော့ သား​ငယ်​က အမွေ​ဥစ္စာ​ရှိ​သမျှ​ကို ယူ​ပြီး တိုင်း​တစ်ပါး​ကို ထွက်​သွား​တယ်။ အဲဒီ​မှာ အပျော်​အပါး လိုက်​စား​ပြီး ပိုင်​ဆိုင်​သမျှ​ကို သုံး​ဖြုန်း​ပစ်​တယ်။ ၁၄  ဒီ​လို​နဲ့ ရှိ​သမျှ​ကုန်​သွား​တဲ့​အပြင် အဲဒီ​ပြည်​မှာ အကြီး​အကျယ် အငတ်​ဘေး​ဆိုက်​တဲ့​အတွက် သူ​ငတ်​ပြတ်​နေ​တော့​တယ်။ ၁၅  ဒါ​နဲ့ ပြည်​သား​တစ်​ယောက်​ဆီ သွား​ပြီး အတင်း​ခို​ကပ်​နေ​တော့ အဲဒီ​လူ​က သူ့​ကို လယ်​တော​မှာ ဝက်​ကျောင်း​ခိုင်း​တယ်။+ ၁၆  သူ​ဟာ ဝက်​တွေ​စား​တဲ့ ပဲ​တောင့်​ကို​တောင် စား​ချင်​စိတ်​ပေါက်​လာ​တယ်။ ဘယ်​သူ​မှ သူ့​ကို စား​စ​ရာ မပေး​ကြ​ဘူး။ ၁၇  “သူ အသိ​တ​ရားရ​လာ​တဲ့​အခါ ‘ငါ့​အဖေရဲ့ အလုပ်​သမား​တွေ​ဟာ ဝ​ဝ​လင်​လင် စား​ရ​တယ်။ ငါ့​မှာ​တော့ ငတ်​လို့ သေရ​တော့​မယ်။ ၁၈  အခု၊ အဖေ့​ဆီ ပြန်​ပြီး “အဖေ၊ ကျွန်​တော်​ဟာ ကောင်း​ကင်​မှာ​စံ​မြန်း​တဲ့ ဘုရား​သခင်​ကို​ရော အဖေ့​ကို​ပါ ပြစ်​မှား​ပါ​ပြီ။ ၁၉  အဖေ့​သား​လို့​တောင် အခေါ်​မခံ​ထိုက်​တော့​ပါ​ဘူး။ အဖေ့​ဆီ​မှာ အလုပ်​သမား​အနေ​နဲ့ နေ​ခွင့်​ပေး​ပါ” လို့ ပြော​ကြည့်​မယ်’ ဆို​ပြီး​တွေး​မိ​တယ်။ ၂၀  ဒါ​နဲ့ ထ​ပြီး ဖခင်​ဆီ သွား​တယ်။ ဖခင်​က သား​ကို အဝေး​က​နေ လှမ်း​မြင်​တဲ့​အခါ သနား​စိတ် ယို​ဖိတ်​လာ​တော့ ပြေး​ဖက်​ပြီး နမ်း​တယ်။ ၂၁  သား​က​လည်း ‘အဖေ၊ ကျွန်​တော်​ဟာ ကောင်း​ကင်​မှာ​စံ​မြန်း​တဲ့ ဘုရား​သခင်​ကို​ရော အဖေ့​ကို​ပါ ပြစ်​မှား​ပါ​ပြီ။+ အဖေ့​သား​လို့​တောင် အခေါ်​မခံ​ထိုက်​တော့​ပါ​ဘူး’ လို့​ပြော​တယ်။ ၂၂  အဲဒီ​အခါ ဖခင်​က ကျွန်​တွေ​ကို ‘အကောင်း​ဆုံး​ဝတ်​လုံ​ကို မြန်​မြန်​ယူ​လာ​ပြီး သူ့​ကို​ဝတ်​ပေး​ကြ။ လက်​စွပ်​စွပ်​ပေး​ပြီး ဖိ​နပ်​စီး​ပေး​ကြ။ ၂၃  ဆူ​ဖြိုး​တဲ့ နွား​က​လေး​ကို ယူ​ပြီး သတ်​ကြ။ စား​သောက်​ပွဲ လုပ်​ကြ​ရ​အောင်။ ၂၄  ဘာ​ကြောင့်​လဲ​ဆို​တော့ ငါ့​သား​ဟာ သေရာ​က​နေ ပြန်​ရှင်​လာ​ပြီ။+ ပျောက်​သွား​ပြီး​မှ ပြန်​တွေ့​တာ’ လို့​ပြော​ပြီး တ​ပျော်​တ​ပါး စား​သောက်​ကြ​တယ်။ ၂၅  “သား​ကြီး​က​တော့ လယ်​မှာ​ရှိ​နေ​တယ်။ သူ​ပြန်​လာ​ပြီး အိမ်​ရောက်​ခါ​နီး​မှာ တီး​မှုတ်​က​ခုန်​သံ​ကို ကြား​တော့၊ ၂၆  အစေ​ခံ​တစ်​ယောက်​ကို ခေါ်​ပြီး အကျိုး​အကြောင်း မေး​မြန်း​တယ်။ ၂၇  အစေ​ခံ​က ‘သခင့်​ညီ​လေး ပြန်​လာ​တယ်။ ကျန်း​ကျန်း​မာ​မာ​နဲ့ ပြန်​ရောက်​လာလို့ သခင့်​အဖေက ဆူ​ဖြိုး​တဲ့​နွား​လေး​ကို သတ်​ပါ​တယ်’ လို့​ဖြေတယ်။ ၂၈  သား​ကြီး​က စိတ်​ဆိုး​ပြီး အိမ်​ထဲ မဝင်​ဘူး။ အဲဒီ​အခါ ဖခင်​က ထွက်​လာ​ပြီး ဖျောင်း​ဖျ​တယ်။ ၂၉  သား​ကြီး​က ‘ကျွန်​တော် နှစ်​ပေါင်း​များ​စွာ အဖေ့​ဆီ​မှာ အစေ​ခံ​ခဲ့​တယ်။ အဖေ့​စကား​ကို​လည်း တစ်​ခါ​မှ မလွန်​ဆန်​ခဲ့​ဘူး။ ဒါ​ပေမဲ့ အဖေက ကျွန်​တော့်​ကို သူ​ငယ်​ချင်း​တွေ​နဲ့​အတူ စား​သောက်​ပွဲ​လုပ်​ဖို့ ဆိတ်​က​လေး တစ်​ကောင်​တောင် မပေး​ဖူး​ဘူး။ ၃၀  ပြည့်​တန်​ဆာ​တွေ​နဲ့ ပျော်​ပါး​ပြီး အဖေ့​စည်း​စိမ်​ကို သုံး​ဖြုန်း​တဲ့ ဒီ​သား​လည်း ရောက်​လာရော ဆူ​ဖြိုး​တဲ့ နွား​လေး​ကို သတ်​တယ်​ပေါ့’ လို့​ပြော​တယ်။ ၃၁  ဖခင်​က ‘သား​ရယ်၊ မင်း​က အဖေနဲ့​အတူ အမြဲရှိ​နေ​တာ​ပဲ။ အဖေ့ရဲ့ ဥစ္စာ​ရှိ​သမျှ​ဟာ မင်း​ရဲ့​ဥစ္စာတွေ​ပဲ​လေ။ ၃၂  မင်း​ရဲ့​ညီ​လေး​က​တော့ သေရာ​က​နေ ပြန်​ရှင်​လာ​တာ​ပါ။ ပျောက်​သွား​ပြီး​မှ ပြန်​တွေ့​တာ​ပါ။ ဒါ​ကြောင့် ပျော်​ပျော်​ပါး​ပါး ပွဲ​လုပ်​တာ​ပါ’ လို့​ပြော​တယ်။”

အောက်ခြေမှတ်ချက်များ