မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိကောဒင် ထံမှသင်ခန်းစာယူလော့

နိကောဒင် ထံမှသင်ခန်းစာယူလော့

နိကောဒင် ထံ​မှ​သင်ခန်းစာယူ​လော့

“ငါ​၌ ဆည်းကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်ကို​ကိုယ်​ငြင်းပယ်​ရမည်။ ကိုယ်လက်​ဝါး​ကပ်တိုင်​ကို နေ့တိုင်း​ထမ်း၍ ငါ့​နောက်သို့​လိုက်ရမည်။” (လုကာ ၉:၂၃) စိတ်​နှိမ့်ချသော​တံငါသည်​များနှင့် အထင်သေး​ခံရ​သော​အခွန်ခံ​တစ်ဦး​တို့သည် ထို​ဖိတ်ခေါ်ချက်​ကို တလိုတလား​လက်ခံခဲ့​ကြ​၏။ သူတို့သည် အရာရာကို​စွန့်​၍ ယေရှု​နောက်သို့​လိုက်​လာ​ကြသည်။—မဿဲ ၄:၁၈-၂၂; လုကာ ၅:၂၇၊ ၂၈

ယေရှု၏​ဖိတ်ခေါ်ချက်​ကို ယနေ့​ထိ​တိုင် ကြားနေ​ရပြီး ယင်းကို လူအများ လက်ခံ​တုံ့ပြန်​ခဲ့​ကြပြီ။ သို့သော် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​လေ့လာ​နေ​သူ​အချို့​သည် ‘ကိုယ်ကို​ကိုယ်​ငြင်းပယ်​ပြီး ကိုယ်လက်​ဝါး​ကပ်တိုင်​ကို​ထမ်း’ ရန်​တွန့်ဆုတ်​နေကြ၏။ သူတို့သည် ယေရှု၏​တပည့်​များ​ဖြစ်​ရသည့်​တာဝန်​နှင့် အခွင့်ထူး​ကို​လက်ခံရန် အင်​တင်​တင်​ဖြစ်နေ​ကြသည်။

ယေရှု၏​ဖိတ်ခေါ်ချက်​ကို လက်ခံ​ပြီး ယေဟောဝါ​ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​ရန် အချို့​က အဘယ်ကြောင့်​တွန့်ဆုတ်​နေကြ​ရသနည်း။ ဘုရားသခင်​တစ်ဆူတည်း​ရှိသည်​ဟူသော ဂျူး-ခရစ်ယာန်​အယူဝါဒ​ဖြင့် ကြီးပြင်း​မလာသူတို့​အတွက် အတိုင်းအဆမဲ့​တန်ခိုး​ကြီး​ဖန်ဆင်း​ရှင်​တစ်ပါး တည်ရှိ​သည်ကို အပြည့်အဝ​နားလည်​လာရန် အချိန်​အတန်ကြာ အမှန်​လို​ပေမည်။ သို့သော် ဘုရားသခင်​တကယ်​တည်ရှိ​သည်ကို ယုံကြည်​စိတ်ချ​လာပြီး​နောက်​၌​ပင် အချို့​က ယေရှု၏​ခြေရာ​ကို မလိုက်လျှောက်​တော့​ဘဲ နောက်ဆုတ်​သွား​ကြ​၏။ သူတို့ ယေဟောဝါသက်သေ​ဖြစ်လာ​ပါ​က မိမိတို့၏​ဆွေမျိုး​များနှင့် မိတ်ဆွေများ မည်သို့​ထင်မှတ်​ကြ​မည်​ကို သူတို့​စိုးရိမ်​ကြ​၏။ ကျွန်ုပ်​တို့​နေထိုင်​ရသည့်​အချိန်​၏ အရေးကြီးမှုကို မျက်ခြည်ပြတ်​သွား​ကြသော အခြားသူများ​မှာ​မူ ထင်ပေါ်​ကျော်ကြား​ရန်​နှင့် ပစ္စည်းဥစ္စာ​စုဆောင်း​ရန် ပို​အာရုံစိုက်​ကြသည်။ (မဿဲ ၂၄:၃၆-၄၂; ၁ တိမောသေ ၆:၉၊ ၁၀) မည်သို့​ပင်​ဖြစ်စေ​ကာ​မူ၊ ယေရှု၏​နောက်လိုက်​များ​ဖြစ်လာ​ရန် ဆုံးဖြတ်ချက်​မချ​ရဲ​သူများ​အတွက် ယေရှု​ခေတ်​က လူကုံထံ​ဂျူး​အရာရှိ နိကောဒင်​၏​မှတ်တမ်း​မှ သင်ခန်းစာယူ​နိုင်​သည်။

အခွင့်အရေး​ကောင်း​များ​ဖြင့် ကောင်းချီး​ခံစားရ

ယေရှု၏​မြေကြီး​ဓမ္မ​အမှု​စတင်​ပြီး ခြောက်​လ​ခန့်​တွင် ယေရှုသည် “ဘုရားသခင့်​အထံတော်​မှ ကြွလာ​တော်​မူ​သော​ဆရာ” ဖြစ်​ကြောင်း နိကောဒင်​အသိအမှတ်ပြု​လေ​သည်။ စီ.အီး. ၃၀၊ ပသခါပွဲ​၌ ယေရုရှလင်​မြို့တွင် များ​မကြာသေးမီ​က ယေရှု​ပြုလုပ်​ခဲ့​သော အံ့ဖွယ်ရာများ​ကို နိကောဒင်​စွဲမှတ်​သွား​၍ ယေရှုကို မိမိ​ယုံကြည်​ကြောင်း ပြောပြ​ရန်​နှင့် ဤ​ဆရာ​ကို ပိုမို​သိကျွမ်း​ရန် ညအမှောင်​ယံ​တွင် ကိုယ်တော်​ထံ​ရောက်ရှိ​လာ​သည်။ ထို​အခါ ယေရှု​က ဘုရားသခင့်​နိုင်ငံတော်​ထဲ​ဝင်နိုင်​ရန် “ဒုတိယ​မွေးခြင်း” ခံ​ဖို့​လိုအပ်ကြောင်း လေးနက်​သော​အမှန်တရားကို နိကောဒင်​အား ပြောပြ​လေ​သည်။ ထို​အချိန်တွင် ယေရှု​က “ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လော[က]သားတို့​ကို ချစ်တော်မူ​၏” ဟု​မိန့်ဆိုခဲ့သည်။—ယောဟန် ၃:၁-၁၆

နိကောဒင်​ရှေ့ ထူးမြတ်​လှ​သော​အလားအလာ​ရှိသည်​တကား! သူသည် ယေရှု၏​ရင်းနှီးသော​အဖော်​တစ်ဦး​ဖြစ်​လာနိုင်​ပြီးယေရှု၏​မြေကြီး​အသက်တာ​ကဏ္ဍအသီးသီး​ကို သက်သေ​ခံနိုင်​ပေမည်။ ဂျူး​အရာရှိ​တစ်ဦး​အနေ​နှင့်​ရော ဣသရေလ​ဆရာ​တစ်ဦး​အနေ​နှင့်​ပါ နိကောဒင်​သည် ဘုရားသခင့်​စကားတော်​ကို ကောင်းစွာ​သိရှိ​ထား​သူ​တစ်ဦး​ဖြစ်သည်။ ယေရှုကို ဘုရားသခင်​စေလွှတ်​လိုက်​သော ဆရာ​အဖြစ် သူ​အတိအကျ​ဖော်ပြ​နိုင်​ခြင်း​ကို​ထောက်​သော် သူ့​တွင် အတွင်းကျကျ​သိရှိနိုင်စွမ်း​ရှိကြောင်း ထင်ရှား​သည်။ နိကောဒင်​သည် ဝိညာဉ်​ရေးရာ​များ​ကို စိတ်ဝင်စား​ပြီး အလွန်​စိတ်​နှိမ့်ချ​သူ​ဖြစ်သည်။ နိမ့်ကျသော​လက်သမား​သားကို ဘုရားသခင်​စေလွှတ်​လိုက်​သူ​အဖြစ် လက်ခံရန် ဂျူး​တရားရုံး​ချုပ်​အဖွဲ့ဝင်​တစ်ဦး​အတွက် တကယ်​ကို​ခက်​လိုက်​မည်​ဖြစ်​ခြင်း! ယေရှု၏​တပည့်​တစ်ဦး​ဖြစ်​ခြင်း​တွင် ဤ​အရည်အသွေး​အားလုံး​သည် တန်ဖိုး​ဖြတ်​မရ​ပေ။

ဤ​နာဇရက်​မြို့သား​ကို နိကောဒင်​၏​စိတ်ဝင်စားမှု​က လျော့နည်း​မသွား​ပေ။ နှစ်နှစ်ခွဲ​အကြာ သကေနေပွဲ​တော်​၌ ဆဲန်ဟီဒရင်​စည်းဝေး​တစ်ခု​ကို နိကောဒင်​တက်ရောက်​ခဲ့​သည်။ ထို​အချိန်တွင် နိကောဒင်​သည် “ထို​မင်း​များ​အဝင်” ဖြစ်နေ​သေး​၏။ ယဇ်ပုရောဟိတ်​အကြီး​တို့​နှင့် ဖာရိရှဲ​တို့သည် ယေရှုကို​ဖမ်းဆီး​ရန် မင်းလုလင်​တို့ကို စေလွှတ်​လိုက်​သည်။ ထို​မင်းလုလင်​တို့သည် ပြန်​လာ၍ “ထို​သူ​ဟောပြော​သကဲ့သို့ အဘယ်သူမျှ​မ​ဟော​စ​ဖူး​ပါ” ဟု​လျှောက်​ကြ​၏။ ဖာရိရှဲ​တို့​က သူတို့ကို​အထင်သေး​စွာ​ဖြင့် “သင်တို့ကို​ပင် လှည့်ဖြား​ပြီ​လော။ မင်း​များ၊ ဖာရိရှဲ​များ​တို့​တွင် သူ့ကို​ယုံကြည်​သော​သူ တစ်စုံ​တစ်ယောက်မျှ​ရှိသလော။ တရားကို​မသိသော ဤ​လူများ​တို့သည် ကျိန်ခြင်း​ကို​ခံရ​သော​သူ​ဖြစ်သည်” ဟု​ဆို​ကြ​၏။ ထို​အခါ နိကောဒင်​သည် မျိုသိပ်​မထား​နိုင်​တော့​ချေ။ သူက “ငါ​တို့​တရားသည် လူကို​မ​စစ်၊ သူ့​အမှုကို​မသိ​မီ​က​ပင် ရှေ့​မ​ဆွ​က ဆုံးဖြတ်​တတ်​သလော” ဟု​ဆို​သည်။ ထို​အခါ အခြား​ဖာရိရှဲ​တို့သည် သူ့​ဘက်​သို့​လှည့်၍ “သင်သည်​လည်း ဂါလိလဲ​ပြည်သား​ဖြစ်သလော။ စစ်​ဦး​လော့။ ဂါလိလဲ​ပြည်​၌ အဘယ်​ပရောဖက်​မျှ မ​ပေါ်​မ​ထွန်း​သည်ကို​မှတ်​လော့” ဟူ၍ အပြစ်ရှာ​ကြသည်။—ယောဟန် ၇:၁၊ ၁၀၊ ၃၂၊ ၄၅-၅၂

နောက်​ခြောက်​လ​ခန့်အကြာ စီ.အီး. ၃၃၊ ပသခါပွဲ​နေ့တွင် ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ်​မှ ယေရှု၏​အလောင်း​တော်​ချ​လိုက်​သည်ကို နိကောဒင်​တွေ့မြင်​ခဲ့​သည်။ သူသည် ဆဲန်ဟီဒရင်​အဖွဲ့ဝင် နောက်​တစ်ဦး​ဖြစ်သော အ​ရိ​မဿဲ​မြို့သား​ယောသပ်​နှင့်​ပူးပေါင်း​၍ ယေရှု၏​အလောင်း​တော်​ကို သင်္ဂြိုဟ်​ရန်​ပြင်ဆင်​ကြသည်။ သင်္ဂြိုဟ်​ဖို့​အတွက် နိကောဒင်​သည် အင်္ဂလိပ်​ပေါင် ၇၂ ပေါင်​နှင့်​ညီမျှ​သော ရောမ​ပေါင် ၁၀၀ ခန့်​အလေးချိန်​ရှိ “မုရန်​နှင်​အ​ကျော်​ကို​ရောနှော​သော နံ့သာ​ပျောင်း​ကို” ယူဆောင်​လာ​သည်။ ယင်း​အတွက် အတော်​ကုန်ကျ​မည်​ဖြစ်သည်။ “လှည့်ဖြား​သော​သူ” ဟု​ဖာရိရှဲ​များ​ခေါ်​သည့် ယေရှု​နှင့်​ပတ်သက်​သူ​အဖြစ် သတ်မှတ်​ခံရ​ရန် သတ္တိ​ရှိဖို့လို​၏။ သူတို့​နှစ်ဦး​သည် ယေရှု၏​အလောင်း​တော်​ကို မြန်မြန်ဆန်ဆန်​ပြင်ဆင်​ပြီး​နောက် အနီးရှိ သင်္ချိုင်းတွင်းသစ်​တစ်ခု​တွင် သင်္ဂြိုဟ်​ခဲ့​သည်။ သို့သော် နိကောဒင်​သည် ၎င်း​အချိန်အထိ​ပင် ယေရှု၏​တပည့်​တစ်ဦး​အဖြစ် သတ်မှတ်​မခံရ​သေး​ချေ!—ယောဟန် ၁၉:၃၈-၄၂; မဿဲ ၂၇:၆၃; မာကု ၁၅:၄၃

မပြုရ​သည့်​အကြောင်းရင်း

နိကောဒင်​သည် ‘ကိုယ်ကို​ကိုယ်​ငြင်းပယ်​ပြီး ကိုယ်လက်​ဝါး​ကပ်တိုင်​ကို​ထမ်း’ ၍​ယေရှု​နောက်လိုက်​ရန် အဘယ်ကြောင့်​တွန့်ဆုတ်​ခဲ့​ကြောင်းကို ယောဟန်​၏​မှတ်တမ်း​တွင် မဖော်​ပြ​ခဲ့​ချေ။ သို့သော် ဤ​ဖာရိရှဲ​၏​မတင်မကျ​ဖြစ်နေ​မှု​ကို ရှင်းပြ​သည့်​သဲလွန်စ​အချို့​ကို သူ​ပေး​ထား​သည်။

ဦးဆုံး​အနေ​နှင့် ဂျူး​အရာရှိ​သည် “ည​အခါ ယေရှု​ထံ​တော်​သို့​လာ” သည်​ဟု ယောဟန်​ထောက်ပြ​ခဲ့​သည်။ (ယောဟန် ၃:၂) ကျမ်း​ပညာရှင်​တစ်ဦး​က “နိကောဒင်​သည် ကြောက်ရွံ့​ခြင်း​ကြောင့်​မဟုတ်ဘဲ ယေရှု​နှင့်​စကားပြော​ခြင်း​ကို နှောင့်ယှက်​မည့်​လူအုပ်​ကြောင့် ည​အခါ​လာ​ရခြင်း​ဖြစ်သည်” ဟု​ဆို​သည်။ သို့သော် ယောဟန်​က အ​ရိ​မဿဲ​မြို့သား​ယောသပ်​ကို “ယုဒ​လူ​တို့ကို​ကြောက်​၍ မထင်မရှား​တပည့်တော်​ဖြစ်သည်” ဟု​ဖော်ပြ​သည့် ကျမ်းချက်​တွင်​ပင် နိကောဒင်​အား “ည​အခါ ယေရှု​ထံ​တော်​သို့​လာသော” သူ​ဟု​ဖော်ပြ​သည်။ (ယောဟန် ၁၉:၃၈၊ ၃၉) ထို့​ကြောင့် ယေရှု​ခေတ်​မှ​အခြား​သူများ​သည် ကိုယ်တော်​နှင့်​ပတ်သက်​ရမည်ကို ကြောက်ရွံ့​သကဲ့သို့ပင် နိကောဒင်​သည်လည်း “ယုဒ​လူ​တို့ကို​ကြောက်” သောကြောင့် ယေရှု​ထံ ည​အခါ​လာ​ခဲ့​ခြင်း​ဖြစ်​နိုင်​ဖွယ်​ရှိသည်။—ယောဟန် ၇:၁၃

သင်၏​ဆွေမျိုး​များ၊ မိတ်ဆွေများ သို့​မဟုတ် လုပ်ဖော်ဆောင်ဖက်​များ​က မည်သို့​ပြောဆို​မည်​ကို စိုးရိမ်​သောကြောင့် ယေရှု၏​တပည့်ဖြစ်​ရန် သင်​ဆုံးဖြတ်ချက်​မချ​ခြင်း​လော။ “လူကို​ကြောက်ရွံ့​ခြင်း​သဘော​သည် ကျော့ကွင်း​ကို​ထောင်​တတ်၏” ဟု​နယပုံပြင်​ကျမ်း​က​ဆို​သည်။ ထို​ကြောက်ရွံ့​မှု​ကို သင်​မည်သို့​ဖြေရှင်း​နိုင်​မည်​နည်း။ နယပုံပြင်​ကျမ်း​က ဤသို့​ဆို​သည်– “ထာဝရ​ဘုရား[သခင်]ကို​ခိုလှုံ​သော​သူ​မူ​ကား လုံခြုံ​လိမ့်​မည်။” (သု. ၂၉:၂၅) ယေဟောဝါ​အား ယုံကြည်​ကိုးစားမှု​တိုးပွား​စေရန် သင်သည် ဘေးကျပ်နံကျပ်​အခြေအနေ​မျိုး​ကြုံ​ရသောအခါ မိမိကို ဘုရားသခင်​မစ​ကြောင်း ကိုယ်တိုင်​ကိုယ်​ကျ​ခံစား​ရဖို့​လို​သည်။ ယေဟောဝါ​ထံ ဆုတောင်း​ပါ၊ သင့်​ဝတ်ပြုရေး​နှင့်​ပတ်သက်​၍ အသေးအမွှား​ဆုံးဖြတ်ချက်​များ​ကို​ပင် သတ္တိရှိရှိ​ဆုံးဖြတ်​နိုင်​ရန် ကိုယ်တော်​၏​အကူအညီကို တောင်းဆို​ပါ။ သို့ပြုလျှင် ယေဟောဝါ​အပေါ် သင်၏​ယုံကြည်​ကိုးစားမှု​သည် တဖြည်းဖြည်း​တိုးပွား​လာ​လိမ့်​မည်၊ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ အရေးကြီးသော​ဆုံးဖြတ်ချက်​များ​ကို သင်​ချ​နိုင်​လာ​ပါ​လိမ့်​မည်။

အုပ်ချုပ်​ရသူ​တစ်ဦး​အနေ​ဖြင့်​လည်း နိကောဒင်​သည် သူ၏​ရာထူး​နှင့် ဂုဏ်​သိက္ခာ​ကြောင့် မိမိကိုယ်ကို​ငြင်းပယ်​ရန် အရေးကြီး​ခြေလှမ်း​ကို မလှမ်း​ဝံ့​ခြင်း​ဖြစ်​ခဲ့​ပေမည်။ ထို​အချိန်၌ သူသည် ဆဲန်ဟီဒရင်​အဖွဲ့ဝင်​တစ်ဦး​အနေ​ဖြင့် သူ၏​ရာထူးကို အလွန်​ခုံမင်​နေဆဲ​ရှိ​မည်။ သင်သည် လူ့​အဖွဲ့အစည်း​တွင် ဂုဏ်​သိက္ခာ​ရှိ ရာထူး​ဆုံးရှုံး​မည် သို့​မဟုတ် တိုးတက်​ကြီးပွား​မည့်​အလားအလာ​အချို့​ကို စွန့်လွှတ်​ရမည်​ဖြစ်သော​ကြောင့် ခရစ်တော်​၏​တပည့်ဖြစ်​လာရန် နှောင့်နှေး​နေပါသလော။ စကြဝဠာ​တွင် အကြီး​မြင့်​ဆုံး​အရှင်​၏​အလိုတော်နှင့်​အညီ​ဖြစ်သော၊ သင်၏​တောင်းဆိုချက်​များ​ကို ဖြည့်ဆည်း​ပေး​ရန် တလိုတလား​ရှိသော ကိုယ်တော်​၏​အမှုတော်ကို ထမ်းဆောင်ခြင်း​ဂုဏ်​သိက္ခာ​နှင့် အဆိုပါ​အရာများ​ကို နှိုင်းယှဉ်​၍​မရနိုင်​ချေ။—ဆာလံ ၁၀:၁၇; ၈၃:၁၈; ၁၄၅:၁၈

နိကောဒင် တွန့်ဆုတ်​နေရ​သည့် အခြား​ဖြစ်​နိုင်​ဖွယ်​အကြောင်းရင်း​တစ်ခု​မှာ သူ၏​စည်းစိမ်ဥစ္စာ​ကြောင့်​ဖြစ်​နိုင်​သည်။ ဖာရိရှဲ​တစ်ဦး​အနေ​နှင့် သူသည် “ငွေ​ကို​တပ်မက်သော” အခြားသူများ​၏ လွှမ်းမိုးမှုကို​ခံ​ခဲ့​ရ​ပေမည်။ (လုကာ ၁၆:၁၄) တန်ဖိုး​ကြီးသော မုရန်​နှင့်​အ​ကျော်​ကို​ရော​ထား​သည့် နံ့သာ​ပျောင်း​ကို သူ​ဝယ်​နိုင်​ခြင်း​က သူ၏​ချမ်းသာ​ကြွယ်ဝမှု​ကို​ဖော်ပြ​၏။ မျက်မှောက်ခေတ်​ရှိ အချို့​သူတို့သည် မိမိတို့၏​စည်းစိမ်ဥစ္စာ​အတွက် စိုးရိမ်​ကြသော​ကြောင့် ခရစ်ယာန်​တစ်ဦး၏​တာဝန်​များ​ကို ထမ်းဆောင်​ဖို့ ဆုံးဖြတ်ချက်​ချရန် နှောင့်နှေး​နေခြင်း​ဖြစ်သည်။ သို့သော် ယေရှု​က မိမိ၏​နောက်လိုက်​များ​အား ဤသို့​သတိပေး​ခဲ့​၏– “အဘယ်​သို့​စားသောက်​ရမည်ဟု အသက်​အဖို့ မစိုးရိမ်​ကြ​နှင့်။ အဘယ်​သို့​ဝတ်​ရမည်ဟု ကိုယ်​အဖို့​မစိုးရိမ်​ကြ​နှင့်။ . . . ထို​အရာများ​ကို သင်တို့သည် အသုံး​လို​ကြောင်းကို ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် သိတော်မူ၏။ ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့​ဦးစွာရှာ​ကြလော့။ နောက်​မှ ထို​အရာများ​ကို ထပ်၍​ပေး​တော်​မူ​လတ္တံ့” ဟု​မိမိ၏​နောက်လိုက်​များ​အား သတိပေး​ခဲ့​၏။—မဿဲ ၆:၂၅-၃၃

သူသည် များစွာ​ဆုံးရှုံး​ခဲ့​ရ

စိတ်ဝင်စားစရာ​မှာ ယောဟန်​ခရစ်ဝင်​ကျမ်း​တစ်ခု​တည်း​၌​သာ ဖော်ပြ​ထားသော နိကောဒင်​၏​မှတ်တမ်း​တွင် သူသည် ယေရှု၏​နောက်လိုက်​ဖြစ်လာ​သည်၊ မဖြစ်​လာ​သည်ကို မပြောပြ​ထားခြင်း​ဖြစ်သည်။ ရှေး​ထုံးတမ်း​စကား​တစ်ခု​က နိကောဒင်​သည် ယေရှု​ဘက်​ရပ်တည်​ကာ နှစ်ခြင်း​ခံ​ခဲ့​ပြီး ဂျူး​တို့၏​နှိပ်စက်​ညှဉ်းပန်းမှု​ပစ်မှတ်​ဖြစ်​လာ၍ ရာထူး​ပြုတ်​သွား​ကာ နောက်ဆုံး​တွင် ယေရုရှလင်​မြို့မှ မောင်းထုတ်​ခံ​ခဲ့​ရ၏​ဟု​ဆို​သည်။ မည်သို့​ပင်​ဖြစ်ပါစေ၊ တစ်ခု​သေချာ​သည်​မှာ– ယေရှု​ကမ္ဘာ​ပေါ်​ရှိ​စဉ် သူ​တွန့်ဆုတ်​နေခဲ့​သောကြောင့် များစွာ​ဆုံးရှုံး​ခဲ့​ရ၏။

နိကောဒင်​သည် သခင်​ယေရှု​နှင့် ဦးဆုံး​တွေ့ဆုံ​ခဲ့​ချိန်​ကတည်းက ကိုယ်တော်​နောက်လိုက်​ခဲ့​မည်​ဆိုလျှင် သူသည် ယေရှု၏​ရင်းနှီးသော​တပည့်​တစ်ဦး ဖြစ်လာ​နိုင်၏။ နိကောဒင်​၏​အသိပညာ၊ ထိုးထွင်း​သိမြင်မှု၊ နှိမ့်ချမှု​နှင့် ဝိညာဉ်​ရေးရာ​လိုအပ်ရာ​များ​ကို သတိထား​မှု​တို့​က သူ့​အား ထင်ရှားသော​တပည့်​တစ်ဦး​ဖြစ်လာ​စေနိုင်​သည်။ သူသည် ကြီးမြတ်သော​ဆရာ​၏ အံ့ဖွယ်​မိန့်ဆိုချက်​များ​ကို ကြား​ရပြီး ယေရှု၏​ပုံ​ဥပမာ​များ​မှ အရေးကြီး​သင်ခန်းစာများ​ရ​၍ ယေရှု​လုပ်ဆောင်​ပြ​ခဲ့​သော အံ့ဖွယ်ရာများ​ကို ကိုယ်တိုင်​တွေ့မြင်​ရ​လျက် တမန်​တော်​များနှင့်​ခွဲခွာ​ခါနီး ယေရှု၏​နှုတ်​ခွန်း​ဆက်​မှာကြားချက်​မှ ခွန်အား​ရယူ​နိုင်​ပါ​လိမ့်​မည်။ သို့သော် ထို​အရာအားလုံးကို သူ​ဆုံးရှုံး​ခဲ့​ရ၏။

နိကောဒင်​၏​တွန့်ဆုတ်​မှု​ကြောင့် သူများစွာ​ဆုံးရှုံး​ခဲ့​ပါ​သည်။ ထို​ဆုံးရှုံးမှု​များ​တွင် ယေရှု၏​ဤ​ဖိတ်ခေါ်ချက်​လည်း​ပါဝင်​၏– “ဝန်လေး၍​ပင်ပန်း​သော​သူအပေါင်း​တို့ ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည် ချမ်းသာပေး​မည်။ ငါ့​ထမ်းပိုး​ကို​တင်၍ ထမ်း​ကြလော့။ ငါ့ထံ၌​နည်းခံ​ကြလော့။ ငါသည် နူးညံ့​သိမ်မွေ့​နှိမ့်ချသော စိတ်သဘော​ရှိ၏။ သင်တို့​စိတ်နှလုံး​သည် သက်သာခြင်း​သို့​ရ​လိမ့်​မည်။ အကြောင်း​မူ​ကား ငါ့​ထမ်းပိုး​သည် ထမ်း​လွယ်​၏။ ငါ့​ဝန်​လည်း​ပေါ့​၏။” (မဿဲ ၁၁:၂၈-၃၀) နိကောဒင်​သည် ယေရှု​ကိုယ်တော်တိုင်​ထံ​မှ ဤ​လန်းဆန်းမှု​ရ​ခွင့်​ကို ဆုံးရှုံး​ခဲ့​သည်!

အသင်​ကော မည်သို့​နည်း

၁၉၁၄ ခုနှစ်​ကတည်းက ယေရှု​ခရစ်​သည် ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော် ဘုရင်​အဖြစ် ကောင်းကင်​တွင် ခန့်အပ်​ခံ​ခဲ့​ရပြီ။ ကိုယ်တော်​ရောက်ရှိချိန်​အတွင်း ဖြစ်ပျက်​မည့်​အရာများ​ကို​ကြိုဟော​ရာ​တွင် ဤ​အကြောင်းလည်း​ပါဝင်​သည်– “လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း နိုင်ငံတော်​နှင့်ယှဉ်သော​ဧဝံဂေလိတရား​ကို လောကီ​နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည်​ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) အဆုံး​မတိုင်မီ ထို​ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​သည် ပြီးမြောက်​အောင်မြင်​ရမည်။ ယေရှု​ခရစ်​သည် မစုံလင်​သော​လူသားများ​အား ဤ​လုပ်ငန်း​တွင် ပါဝင်​လုပ်ဆောင်​စေ​လို​သည်။ အသင်​လည်း ဤ​လုပ်ငန်း​တွင် ပါဝင်​နိုင်​ပေ​သည်။

ယေရှုသည် ဘုရားသခင်​ထံ​တော်​မှ​လာ​သည်ကို နိကောဒင်​အသိအမှတ်ပြု​ခဲ့​၏။ (ယောဟန် ၃:၂) ကျမ်းစာ​လေ့လာခြင်း​အားဖြင့် အသင်​လည်း အလားတူ​သဘော​ထိုင်​ပေမည်။ ကျမ်းစာ​စံနှုန်း​များနှင့်​အညီ သင့်​အသက်တာ​လမ်းစဉ်​ကို သင်​ပြောင်းလဲ​ခဲ့​ပေမည်။ ကျမ်းစာ​အသိပညာ​ထပ်ဆင့်​ရရှိရန် ယေဟောဝါသက်သေ​များ​၏ အစည်းအဝေး​များ​ကို​ပင် သင်​တက်ရောက်​နေ​ပေမည်။ ဤ​ကြိုးစား​မှုများ​အတွက် သင့်ကို​ချီးမွမ်း​ရမည်။ သို့​တိုင် နိကောဒင်​သည် ယေရှုကို ဘုရားသခင်​စေလွှတ်​လိုက်​သူ​အဖြစ် လေးမြတ်​ကြောင်း ဖော်ပြ​ရုံ​ထက်မက​ပြုလုပ်​ရန် လိုအပ်​ခဲ့​၏။ သူသည် ‘ကိုယ်ကို​ကိုယ်​ငြင်းပယ်​ပြီး ကိုယ်လက်​ဝါး​ကပ်တိုင်​ကို အမြဲ​ထမ်း၍ [ယေရှု] နောက်သို့​လိုက်’ ဖို့​လို​သည်။—လုကာ ၉:၂၃

တမန်​တော်​ပေါလု​၏​စကား​ကို နှလုံး​သွင်း​ပါ။ “သင်တို့သည် ဘုရားသခင်​၏​ကျေးဇူးတော်​ကို အကျိုးမဲ့​မခံကြ​နှင့်​ဟု ငါ​တို့သည် အမှုတော်ကို​ဆောင်ရွက်​သော​သူ​ချင်း​ဖြစ်၍ သင်တို့ကို နှိုးဆော်​သွေးဆောင်ပါ​၏။ [ဘုရားသခင်​၏] ဗျာဒိတ်တော်​အချက်​ဟူ​မူ​ကား၊ ‘နှစ်သက်ဖွယ်သော​အချိန်၌ သင်၏​စကား​ကို ငါ​နားထောင်​ပြီ။ ကယ်တင်​ရာ​နေ့ရက်​ကာလ​၌ သင့်ကို​ငါ​မစ​ပြီ’ ဟု​လာ​သည်​နှင့်​အညီ ယခု​ပင် နှစ်သက်ဖွယ်သော​အချိန်​ရှိ၏။ ယခု​ပင် ကယ်တင်​ရာ​နေ့ရက်​ကာလ​ရှိ၏” ဟု​သူ​ဆို​၏။—၂ ကောရိန္သု ၆:၁၊ ၂

သင့်ကို လှုံ့ဆော်ပေး​သည့် ယုံကြည်ခြင်း​တိုးပွား​စေဖို့ ယခု​အချိန်တန်​လေ​ပြီ။ ထိုသို့​ဖြစ်စေ​ရန် သမ္မာကျမ်းစာ​မှ သင်​လေ့လာ​ခဲ့​ရာ​များ​ကို တွေးတော​ဆင်ခြင်​ပါ။ ယေဟောဝါ​ထံ ဆုတောင်း​ပြီး ဤသို့​သော​ယုံကြည်ခြင်း​မျိုး​တင်ပြ​နိုင်​ရန် အကူအညီ​တောင်းခံ​ပါ။ ကိုယ်တော်​၏​ကူညီ​မစမှု​ကို သင်​ရရှိသော​အခါ ကိုယ်တော့်​ကို သင်​တန်ဖိုး​ထား​လေးမြတ်​ပြီး ချစ်​မြတ်နိုးသည့်​အတွက် သင်သည် ‘ကိုယ်ကို​ကိုယ်​ငြင်းပယ်​ပြီး ကိုယ်လက်​ဝါး​ကပ်တိုင်​ကို နေ့တိုင်း​ထမ်း၍ ယေရှု​ခရစ်​၏​နောက်သို့​လိုက်’ လို​ပေမည်။ ယခု​ပင် သင်​လုပ်ဆောင်​မည်​လော။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အစပိုင်း​တွင် နိကောဒင်​သည် ယေရှု​ဘက် သတ္တိရှိရှိ​ရပ်တည်ခဲ့

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အတိုက်အခံ​ကြား​မှ ယေရှု၏​အလောင်း​တော်​ကို သင်္ဂြိုဟ်​ရန် နိကောဒင် ကူညီ​ပြင်ဆင်​ပေး​ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကိုယ်ပိုင်​လေ့လာမှု​နှင့် ဆုတောင်းခြင်း​က သင့်​အား လုပ်ဆောင်ရန် ခွန်အား​ပေး​နိုင်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေရှု​ခရစ်​၏​ဦးဆောင်မှု​အောက်တွင် အမှုထမ်း​ရသည့်​အခွင့်ထူး​ကို သင်​လက်ခံ​မည်​လော