မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖိစီးမှုကို မည်သို့ ထိန်းချုပ်နိုင်ပုံ

ဖိစီးမှုကို မည်သို့ ထိန်းချုပ်နိုင်ပုံ

ဖိစီးမှုကို မည်သို့ ထိန်းချုပ်နိုင်ပုံ

သမ္မာကျမ်းစာက “ခက်ခဲကျပ်တည်းသောကာလ” အကြောင်းပြောထားသည်။ ဖိစီးမှုအလွန်များသော အချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေရကြောင်း သင်လုံးဝသဘောတူပေမည်။ —၂ တိမောသေ ၃:၁

သင်ကောင်းစွာသိသည့်အတိုင်း တဟုန်းဟုန်းတောက်လောင်နေသောမီးထက် မီးစအနည်းငယ်ကို ငြိမ်းသတ်ရပိုလွယ်ကူ၏။ အလားတူပင် အချိန်အတန်ကြာခံနေရသောဖိစီးမှုများစွာထက် ဖိစီးမှုအနည်းငယ်ကို ထိန်းချုပ်ရ ပိုလွယ်ကူသည်။ ဆရာဝန်တစ်ဦး ဤသို့ပြောသည်– “ကျွန်မတို့ရဲ့အလုပ်များလှတဲ့အသက်တာမှာ ဖိစီးမှုကို နေ့တိုင်းထိန်းချုပ်တဲ့အကျင့်ရှိဖို့ အရမ်းအရေးကြီးတယ်။” *

ဖိစီးမှုကို နေ့တိုင်းထိန်းချုပ်သည့်အကျင့်ပြုလုပ်ရာတွင် ရည်ရွယ်ချက်နှစ်ခုရှိသည်။ ပထမ၊ လျှော့ချ၍ရသော ဖိစီးမှုဖြစ်စေသည့်အရာများကို လျှော့ချရန် ထောက်ကူပေးသည်။ ဒုတိယ၊ ရှောင်လွှဲ၍မရသောဖိစီးမှုအပေါ် ကျွန်ုပ်တို့၏တုံ့ပြန်မှုကို ထိန်းချုပ်ရန် ကူညီပေးသည်။

သမ္မာကျမ်းစာသည် ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် အကူအညီဖြစ်စေနိုင်သည့်လမ်းညွှန်ချက်ပေးပါသလော။

သမ္မာကျမ်းစာအမှန်တရားသည် အရေးကြီး

ကျမ်းစာပါအမှန်တရားများကို လေ့လာသိရှိခြင်းအားဖြင့် ကျွန်ုပ်တို့သည် လန်းဆန်းမှုနှင့် အားပေးမှုဖြစ်စေသည့် ဖန်ဆင်းရှင်၏အတွေးအခေါ်ကို ရရှိနိုင်သည်။ ဘုရားသခင့်တရားစကားသည် အဖိုးတန်လမ်းညွှန်မှုရင်းမြစ်ဖြစ်၏။ အမှန်တွင် ဖိစီးမှုကိုလျော့နည်းစေနိုင်သည့်အမှန်တရားများ သမ္မာကျမ်းစာတွင်ပါရှိသည်။ ယင်းတို့က ကြောက်ရွံ့စိတ်ပျက်ခြင်းမရှိရန် ထောက်ကူပေးနိုင်ပြီး နေ့စဉ်ကြုံတွေ့ရသောဖိစီးမှုများကို အောင်မြင်စွာရင်ဆိုင်ဖြေရှင်းစေနိုင်သည်။—ယောရှု ၁:၇-၉

ကျမ်းစာက ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါသည် “အလွန်ချစ်ခင်စုံမက်၍ သနားကြင်နာမှုရှိတော်မူ” သည်ဟု အာမခံထားခြင်းဖြင့် ဖိစီးမှုကို လျော့နည်းစေရန် ထူးခြားသောနည်းဖြင့်အထောက်အကူပြုသည်။ (ယာကုပ် ၅:၁၁) ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် ပါမောက္ခအဖြစ်အလုပ်လုပ်သော ပက်ထရီရှာဤသို့ရှင်းပြသည်– “ကျွန်မကို များစွာအကူအညီဖြစ်စေတဲ့အရာတစ်ခုက ဘုရားသခင့်အလိုတော်နဲ့ ကိုယ်တော်ပြီးမြောက်စေတဲ့အံ့ဖွယ်အရာတွေကို စဉ်းစားတွေးတောခြင်းပဲဖြစ်တယ်။’’

လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖိနှိပ်မှုနှင့် ဖိစီးမှုခံနေရသော မိမိ၏ပရိသတ်အပေါ် ယေရှု၏မေတ္တာပါပြောဆိုဆက်ဆံမှုက သူတို့အား မည်မျှလန်းဆန်းစေခဲ့မည်ကို စဉ်းစားကြည့်ပါ။ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ သင်တို့ကို ငါလန်းဆန်း [ဆိုလိုသည်မှာ ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းရှိခြင်းမှ လန်းဆန်းမှုရ—The New Testament—An Understandable Version] စေမည်။”—မဿဲ ၁၁:၂၈-၃၀

ယေရှုသည် မိမိပြောသည့်အတိုင်း ကြမ်းတမ်းခက်ထန်သူမဟုတ်ခဲ့ပါ။ ယင်းအစား ကိုယ်တော်သည် မိမိတပည့်များ တစ်နေကုန်တစ်နေခန်း ဟောပြောကြရာမှ ခေတ္တအနားယူရန် စီစဉ်ပေးသည့်အထိ သူတို့၏စိတ်လှုပ်ရှားမှုနှင့် ကာယပိုင်းဆိုင်ရာ လိုအပ်ရာများကို ထည့်သွင်းစဉ်းစားပေးခဲ့သည်။ (မာကု ၆:၃၀-၃၂) အင်အားကုန်ခန်းစေသည့်ဖိစီးမှုများကို ကျွန်ုပ်တို့ကြုံတွေ့ခံစားရသောအခါ ကောင်းကင်ဘုရင်ဖြစ်နေသောယေရှုသည် ထောက်ထားစာနာပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။ ကျွန်ုပ်တို့ “အကူအညီလိုအပ်ချိန်တွင်” သနားကြင်နာမှုရှိစွာ ကိုယ်တော်အကူအညီပေးသည်။—ဟေဗြဲ ၂:၁၇၊ ၁၈; ၄:၁၆

ကောင်းသောပြောဆိုဆက်သွယ်ရေး၏အခန်းကဏ္ဍ

ကောင်းသောပြောဆိုဆက်သွယ်ရေးသည် ဖိစီးမှုကို ထိရောက်စွာကိုင်တွယ်စေနိုင်သည့် အရေးပါဆုံးကိရိယာများထဲမှတစ်ခုဖြစ်သည်။ သမ္မာကျမ်းစာ ဤသို့ဖော်ပြသည်– “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား အကြံတည်တတ်၏။” (သု. ၁၅:၂၂) ထို့ကြောင့် လူများစွာသည် မိမိတို့၏အိမ်ထောင်ဖက်၊ မိတ်ဆွေ သို့မဟုတ် အလုပ်ဖော်တစ်ဦးအား စကားပြောဆိုသောအခါ စိတ်ဖိစီးမှု များစွာလျော့နည်းသွားကြောင်း တွေ့ရှိကြသည်။

အရေးအကြီးဆုံး၊ အသုံးအဝင်ဆုံးနှင့် အလွယ်ကူဆုံး “တိုင်ပင်’’ နိုင်သည့်နည်းမှာ ဘုရားသခင်ထံ ဆုတောင်းခြင်းဖြစ်သည်။ ပုံမှန်ဆုတောင်းခြင်းက သင့်အား “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိရန်” အထောက်အကူပြုနိုင်သည်။ ဆုတောင်းခြင်းကို မှီခိုအားထားခြင်းက “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်း” ကိုသိရှိခံစားရန် ထောက်ကူပေးနိုင်ကြောင်း လူများစွာတွေ့ရှိခဲ့ကြသည်။ ကျမ်းစာကတိတော်ကိုစိတ်စွဲမှတ်ထားခြင်းက ‘စိတ်နှလုံးနှင့်ဉာဏ်’ကို ကာကွယ်ပေးသည်။—ဖိလိပ္ပိ ၄:၆၊ ၇; သု. ၁၄:၃၀

ဖိစီးမှုနှင့်ပတ်သက်၍ အကိုးအကားစာအုပ်တစ်အုပ်က “ကူညီပေးတတ်သောမိတ်ဆွေများရှိသူတို့သည် ကိစ္စရပ်တိုင်းကို မိမိတို့ဘာသာလုပ်ဖို့ကြိုးစားသူတို့ထက် ဖိစီးမှုကို ပို၍ရင်ဆိုင်ဖြေရှင်းတတ်ပြီး စိတ်ကျန်းမာရေးပိုကောင်းတတ်သည်” ဟုဖော်ပြသည်။ စစ်မှန်သောဘုရားသခင်ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတို့၏ထောက်မကူညီပေးမှုရရှိခြင်းထက် သာ၍ကောင်းသောထောက်မကူညီပေးမှုမရှိတော့ပါ။ သူတို့သည် ကျမ်းစာတိုက်တွန်းချက်ကို စိတ်စွဲမှတ်ကာ အတူတကွတွေ့ဆုံကြပြီး အချင်းချင်းအားပေးကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အစည်းအဝေးသို့တက်ရောက်သူတစ်ဦး ဤသို့ပြောခဲ့သည်– “တစ်ခါတလေ ကျွန်တော်အချိန်အကြာကြီးအလုပ်လုပ်ပြီး ဖိစီးမှုတွေ အများကြီးခံနေရတယ်။ ဒါပေမဲ့ အစည်းအဝေးကို တက်ရောက်ပြီး နိဂုံးချုပ်ဆုတောင်းချက်အပြီးမှာ ဖိစီးမှုတွေပျောက်ပြီး လန်းဆန်းသွားတယ်။’’

ဖိစီးမှုကို ရင်ဆိုင်ရာတွင် ဟာသဉာဏ်ရှိခြင်း၏တန်ဖိုးကိုလည်း လျှော့မတွက်သင့်ပါ။ ဒေ. ၃:၄ က “ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏” ဟုဖော်ပြထားသည်။ ရယ်မောခြင်းက လန်းဆန်းစေပြီး ကျန်းမာရေးကောင်းစေ၏၊ အကြောင်းမှာ ဆရာဝန်တစ်ဦးရှင်းပြသကဲ့သို့ “ကျွန်ုပ်တို့ရယ်မောသောအခါ ခန္ဓာကိုယ်က ဝေဒနာသက်သာစေသော အင်ဒေါဖင်း (endorphins) ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပေးပြီး အဒရီနယ်ထုတ်လွှတ်မှုကို ချေဖျက်ပေးသည်။’’ ဇနီးသည်တစ်ဦး ဤသို့ပြောသည်– “အရမ်းစိတ်ဖိစီးခံနေရတဲ့အချိန်တွေမှာ ကျွန်မယောက်ျားက ရယ်စရာတစ်ခုခုပြောလိုက်တယ်၊ အဲဒါက တကယ်သက်သာစေတယ်။”

ဖိစီးမှုကိုလျော့နည်းစေသောအရည်အသွေးများ

သမ္မာကျမ်းစာသည် ဖိစီးမှုကိုလျော့နည်းစေသည့်အရည်အသွေးများကို မွေးမြူရန်အားပေးထားသည်။ ယင်းအရည်အသွေးများတွင် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့” ဖြစ်ပြီး ထိုအရာများကို “[ဘုရားသခင့်] စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေးများ” ဟုခေါ်သည်။ ထို့ပြင် “ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို” ဖယ်ရှားကြရန် ကျွန်ုပ်တို့အား သမ္မာကျမ်းစာတိုက်တွန်းထားသည်။ ထို့နောက် ဤသို့ဆက်ဖော်ပြသည်– ‘အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြလော့။ အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့။’—ဂလာတိ ၅:၂၂၊ ၂၃; ဧဖက် ၄:၃၁၊ ၃၂

အထူးသဖြင့်ယနေ့အချိန်တွင် ယင်းကျမ်းစာသွန်သင်ချက်များအတိုင်း နေထိုင်ခြင်း၏တန်ဖိုးရှိမှုကို ဆရာဝန်တစ်ဦး ဤသို့ရှင်းပြသည်– “လူတွေကို ရိုသေလေးစားစွာပြောဆိုဆက်ဆံတာဟာ ဖိစီးမှုကို အရမ်းသက်သာစေတဲ့အရာဖြစ်တယ်။” ထို့ပြင် မိမိတို့၏စွမ်းရည်ကို သင့်တင့်မျှတစွာရှုမြင်ခြင်းဖြစ်သည့်ကျိုးနွံမှုကို မွေးမြူရန် ကျမ်းစာကထောက်ကူပေးသည်။—မိက္ခာ ၆:၈

ဘုရားသခင်သည် ကျွန်ုပ်တို့အား ကာယ၊ စိတ်ဓာတ်နှင့် စိတ်လှုပ်ရှားမှုတို့တွင် အကန့်အသတ်ရှိကြောင်း၊ ကျွန်ုပ်တို့လုပ်လိုသည့်အရာတိုင်းကို မလုပ်နိုင်ကြောင်း နှိမ့်ချစွာအသိအမှတ်ပြုစေလိုသည်။ ခက်ခဲမည်ဖြစ်သော်လည်း ကျွန်ုပ်တို့အမှန်လုပ်ဆောင်နိုင်သည်ထက်ပိုသော တောင်းဆိုမှုကို အဘယ်အချိန်တွင်နှင့် အဘယ်သို့ငြင်းဆိုရမည်ကို သင်ယူဖို့လိုသည်။

အထက်ဖော်ပြပါ ကျမ်းစာအခြေပြုအကြံပေးချက်အားလုံးကို လက်တွေ့ကျင့်သုံးမည်ဆိုလျှင် ဖိစီးမှုအားလုံးမှ လွတ်မြောက်သွားမည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ အမှန်တွင် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူတို့ အတိုင်းအတာတစ်ခုအထိ ဖိစီးခံရသောအခါ စစ်မှန်သောဝတ်ပြုရေးကို စွန့်သွားကြမည်ဟူ၍ သက်သေပြဖို့ စာတန်အပြင်းအထန်ကြိုးစားနေသည်။ (ဗျာ. ၁၂:၁၇) သို့တိုင် ကျွန်ုပ်တို့သိခဲ့သည့်အတိုင်း ဖိစီးမှုများကို လျှော့ချတတ်ရန်နှင့် ကိုင်တွယ်ဖြေရှင်းနိုင်ရန် အချိန်တန်အကူအညီကို နည်းများစွာဖြင့် ဘုရားသခင်ပေးတော်မူသည်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ရေရှည်ဖြစ်သောဖိစီးမှုခံရသောအခါ သို့မဟုတ် ကျန်းမာရေးပြဿနာဖြစ်စေသည်အထိ အလွန်ပြင်းထန်လာသောအခါ ဆေးကုသမှုခံယူဖို့ ကျန်းမာရေးဆရာဝန်ထံ သွားရောက်တိုင်ပင်ခြင်းသည် ပညာရှိရာရောက်၏။

^ အပိုဒ်၊ 20 ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းရန် ထပ်ဆင့်နည်းလမ်းများအတွက် နိုးလော့! ၂၀၀၅၊ ဖေဖော်ဝါရီ ၈ ရက် [လိပ်] ထုတ် “ဖိစီးမှုမှ သက်သာရာရခြင်း” နှင့် ၂၀၀၁၊ ဖေဖော်ဝါရီ ၈ ရက် [လိပ်] ထုတ် “ယနေ့ခေတ်၏ကသုတ်ကရက်နိုင်မှုကို ရင်ဆိုင်ဖြေရှင်းခြင်း” ဆောင်းပါးများကို ကျေးဇူးပြု၍ ကြည့်ပါ။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

ဖိစီးမှုလျော့နည်းစေသည့်နည်းအချို့

● ကိုယ်တိုင်နှင့် အခြားသူတို့အပေါ် စင်းလုံးချောဖြစ်ဖို့မမျှော်လင့်ပါနှင့်။ —ဒေ. ၇:၁၆

● သင့်လျော်သောဦးစားပေးရာများ ထားပါ။—ဖိလိပ္ပိ ၁:၁၀၊ ၁၁

● ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ —၁ တိမောသေ ၄:၈

● ယေဟောဝါ၏ဖန်ဆင်းရာများတွင် ပျော်မွေ့ပါ။—ဆာလံ ၉၂:၄၊ ၅

● တိတ်ဆိတ်ငြိမ်သက်သောအချိန် ပုံမှန်ရှိစေပါ။—မဿဲ ၁၄:၂၃

● လုံလောက်သောအပန်းဖြေအနားယူချိန်နှင့် အိပ်စက်ချိန်ထားပါ။—ဒေ. ၄:၆

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ပြောဆိုဆက်သွယ်ဖို့ အချိန်ဖယ်ထားခြင်းသည် ဖိစီးမှုလျော့နည်းစေရန် အရေးကြီး

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ခရစ်ယာန်အရည်အသွေးများကို ပြုစုပျိုးထောင်ခြင်းက ဖိစီးမှုကိုလျော့နည်းစေ