မိက္ခာ ၆:၁-၁၆

  • အစ္စရေးတွေကို ယေဟောဝါ စွဲချက်တင် (၁-၅)

  • ယေဟောဝါ ဘာများတောင်းဆိုနေလို့လဲ (၆-၈)

    • တရားမျှတမှု၊ သစ္စာစောင့်သိမှု၊ ကျိုးနွံမှု ()

  • အစ္စရေး ကျူးလွန်တဲ့အပြစ်၊ ခံရမယ့်ပြစ်ဒဏ် (၉-၁၆)

 ယေဟောဝါ ပြောတော့မယ်။ နားထောင်ကြ။ ထကြ။ တောင်တန်းတွေရှေ့မှာ မင်းတို့ရဲ့အမှုကို တင်ပြကြ။ မင်းတို့ရဲ့အသံကို တောင်ကုန်းတွေ ကြားပါစေ။+  ၂  တောင်တန်းတို့၊ ကမ္ဘာမြေရဲ့ ခိုင်ခံ့တဲ့အုတ်မြစ်တို့၊ယေဟောဝါ စွဲချက်တင်တာကို နားထောင်ကြ။+ ယေဟောဝါက လူမျိုးတော်ကို စွဲချက်တင်ပြီ။ အစ္စရေးတွေနဲ့ အချေအတင် ပြောဆိုပြီ–+  ၃  “ငါ့လူတို့၊ မင်းတို့ကို ငါဘာလုပ်မိလို့လဲ။ မင်းတို့ ခြေကုန်လက်ပန်းကျအောင် ငါဘာများလုပ်ခဲ့လို့လဲ။+ ငါ့ကို သက်သေပြကြ။  ၄  မင်းတို့ကို အီဂျစ်ပြည်ကနေ ငါခေါ်ထုတ်ခဲ့တယ်။+ ကျွန်ခံရာပြည်ကနေ ရွေးယူခဲ့တယ်။+ မောရှေ၊ အာရုန်၊ မိရိအံကို မင်းတို့ရှေ့ကနေ စေလွှတ်ခဲ့တယ်။+  ၅  ငါ့လူတို့၊ မောဘဘုရင် ဗာလက်က ဘယ်လိုကြံစည်ခဲ့တယ်၊+ဗောရရဲ့သား ဗာလမ်က သူ့ကို ဘယ်လိုပြန်ပြောခဲ့တယ်၊+ရှိတိမ်အရပ်ကနေ+ ဂိလဂါလ အရပ်အထိ+ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သတိရကြပါ။ ဒါမှ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့လုပ်ရပ်တွေကို မင်းတို့သိနိုင်မယ်။”  ၆  ယေဟောဝါရှေ့ကို သွားတဲ့အခါ ဘာယူသွားရမလဲ။ အထက်အရပ်က ဘုရားသခင်ကို ဦးချဖို့ သွားတဲ့အခါ ဘာယူသွားရမလဲ။ အကုန်အစင် မီးရှို့ရာအလှူတွေ၊တစ်နှစ်သားအရွယ် နွားကလေးတွေ ယူပြီး သွားရမလား။+  ၇  ထောင်နဲ့ချီတဲ့ သိုးထီးတွေ၊ဆီတွေစီးဆင်းနေတဲ့ သောင်းနဲ့ချီတဲ့ ချောင်းတွေကို ယေဟောဝါ နှစ်သက်မလား။+ ကိုယ့်ပုန်ကန်မှုအတွက် သားဦးကို၊ကိုယ့်အပြစ်အတွက် ရင်သွေးကို ပေးရမလား။+  ၈  ဘယ်အရာ ကောင်းတယ်ဆိုတာ ဘုရားသခင် ပြောပြပြီးပြီပဲ။ တရားမျှတစွာ ကျင့်ဖို့၊+ သစ္စာစောင့်သိမှုကို မြတ်နိုးဖို့၊+ဘုရားသခင်နဲ့အတူ+ ကျိုးနွံစွာ လျှောက်လှမ်းဖို့ကလွဲလို့+ ယေဟောဝါ ဘာများတောင်းဆိုနေလို့လဲ။  ၉  ယေဟောဝါက မြို့ကို အော်ခေါ်နေတယ်။ လက်တွေ့ကျ ဉာဏ်ပညာရှိသူတွေက နာမတော်ကို ကြောက်ရွံ့ရိုသေကြလိမ့်မယ်။ ကြိမ်တုတ်ကိုရော ကြိမ်တုတ်ခန့်အပ်သူကိုပါ အာရုံစိုက်ကြ။+ ၁၀  လူဆိုးရဲ့အိမ်မှာ မသမာနည်းနဲ့ရှာထားတဲ့ ပစ္စည်းဥစ္စာတွေ၊အလေးမပြည့်တဲ့ ရွံမုန်းစရာ ဧဖာတောင်းတွေ* ရှိသေးလား။ ၁၁  မမှန်တဲ့ ချိန်ခွင်တွေ၊ မမှန်တဲ့ ကျောက်အလေးအိတ်တွေကို သုံးနေရင်ကိုယ်ကျင့်တရားစင်ကြယ်သူ ဖြစ်နိုင်ပါ့မလား။+ ၁၂  သူဌေးသူကြွယ်တွေဆီမှာ အကြမ်းဖက်မှုတွေ ပြည့်နေတယ်။ မြို့သူမြို့သားတွေ လိမ်ညာတယ်။+ လှည့်စားပြောဆိုတတ်တယ်။+ ၁၃  “ဒါကြောင့် ငါက မင်းကိုဒဏ်ခတ်ပြီး အနာတရဖြစ်စေမယ်။+ မင်းရဲ့အပြစ်ကြောင့် မင်းကိုဖျက်ဆီးမယ်။ ၁၄  မင်းဟာ စားရပေမဲ့ တင်းတိမ်မှာ မဟုတ်ဘူး။ ဗိုက်ဟောင်းလောင်း ဖြစ်နေလိမ့်မယ်။+ ပစ္စည်းတွေကို ရွှေ့ပြောင်းပေမဲ့ လုံခြုံအောင် ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး။ ထိန်းသိမ်းထားနိုင်ရင်တောင် ရန်သူလက်ထဲ ငါအပ်မယ်။ ၁၅  မျိုးစေ့ကြဲပေမဲ့ မင်း ရိတ်သိမ်းရမှာ မဟုတ်ဘူး။ သံလွင်သီးနင်းနယ်ပေမဲ့ သံလွင်ဆီကို သုံးရမှာ မဟုတ်ဘူး။ စပျစ်ဝိုင်အသစ်ဖောက်ပေမဲ့ သောက်ရမှာ မဟုတ်ဘူး။+ ၁၆  ဩမရိရဲ့ ဥပဒေတွေ၊ အာဟပ်အမျိုးရဲ့ အကျင့်တွေအတိုင်း မင်း လိုက်လျှောက်တယ်။+ သူတို့အကြံပေးတဲ့အတိုင်း လုပ်တယ်။ ဒါကြောင့် ငါက မင်းကို လူတွေထိတ်လန့်စရာ ဖြစ်စေမယ်။ မြို့သူမြို့သားတွေကို လှောင်ပြောင်စရာ* ဖြစ်စေမယ်။+ လူတွေ နှာခေါင်းရှုံ့တာကို မင်း ခံရလိမ့်မယ်။”+

အောက်ခြေမှတ်ချက်များ

နောက်ဆက်တွဲ ခ၁၄ ကိုကြည့်ပါ။
မူရင်း၊ “လေချွန်စရာ။”