မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖိစီးမှု—ကျွန်ုပ်တို့အပေါ် မည်သို့ သက်ရောက်သနည်း

ဖိစီးမှု—ကျွန်ုပ်တို့အပေါ် မည်သို့ သက်ရောက်သနည်း

ဖိစီးမှု—ကျွန်ုပ်တို့အပေါ် မည်သို့ သက်ရောက်သနည်း

ကား သို့မဟုတ် ရထားမီရန် သင်လောနေသောအခါ အဘယ်အရာဖြစ်ပျက်သနည်း။ သင့်ခန္ဓာကိုယ်၏တုံ့ပြန်မှု ဖြစ်သည့် သွေးဖိအားမြင့်တက်ခြင်းနှင့် နှလုံးခုန်နှုန်းပိုမြန်လာခြင်းကို ခံစားမိမည်မှာသေချာသည်။ သင်လောနေသည့်အရာကို မမီလိုက်လျှင်ပင် သင့်နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်းမှာ များသောအားဖြင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။

ဖိစီးမှုကိုကြာရှည်ခံစားနေရလျှင်မူ အခြေအနေမှာ တစ်မျိုးတမည် ဖြစ်သွားပေမည်။ စိုးရိမ်ပူပန်ခြင်း၊ ကြွက်သားတင်းမာလာခြင်း၊ သွေးတိုးခြင်းနှင့် အစာမကြေဖြစ်ခြင်းတို့မှာမူ ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် အချိန်ကြာရှည်တတ်သည်။ စိတ်ဖိစီးမှုမှာ လုံးလုံးပျောက်မသွားကြောင်း လူများစွာတွေ့ရှိလာကြသည်။ ဥပမာအနေနှင့် တက်လမ်းမရှိသောအလုပ်တွင် ပိတ်မိနေကြသည်ဟု လူများစွာ ခံစားရကြသည်။ ဖိစီးမှုက သင့်ခန္ဓာကိုယ်နှင့် ကျန်းမာရေးကို မည်သို့ထိခိုက်စေသနည်း။

ဖိစီးမှုကို သင့်ခန္ဓာကိုယ်တုံ့ပြန်ပုံ

ဖိစီးမှုကို ခန္ဓာကိုယ်မည်သို့တုံ့ပြန်ကြောင်း ကောင်းစွာနားလည်သူ ဒေါက်တာ အယ်ရင်းဗန်ဒါမာဗာဝီက ရှင်းပြသည်။ ဖိစီးမှုခံရသောအခါ ကိုယ်ခန္ဓာက ချက်ချင်းတုံ့ပြန်ပြီး ဦးနှောက်မှထုတ်လွှတ်သောဓာတုပစ္စည်းနှင့် ဟော်မုန်းများကို ခန္ဓာကိုယ်အနှံ့ အလျင်အမြန်ပျံနှံ့စေကာ အရေးပေါ်အခြေအနေကို ချက်ချင်းတုံ့ပြန်ရန် ခန္ဓာကိုယ်အတွင်းရှိအင်္ဂါအသီးသီးကို တပ်လှန့်ထားသည်။

အမြင်၊ အကြား၊ အတွေ့အထိအပါအဝင် သင့်အာရုံအားလုံးသည် ထူခြားသောလုပ်ဆောင်မှုအတွက် ချက်ချင်းအဆင်သင့်ဖြစ်နေသည်။ သင့်ဦးနှောက်က ချက်ချင်းတုံ့ပြန်ပြီး အဒရီနယ်ဂလင်းက ဟော်မုန်းများထုတ်လွှတ်၏၊ ယင်းက ဖိစီးမှုခံရသောအခြေအနေကိုကိုင်တွယ်ရန် လိုအပ်သောအဘယ်အရာမဆိုအတွက် သင့်ကြွက်သားများနှင့် နှလုံး၊ အဆုတ်နှင့် အခြားကိုယ်အင်္ဂါများကို အသင့်ဖြစ်စေသည်။

ထို့ကြောင့် အရေးပေါ်အခြေအနေတွင် ဖိစီးမှုကိုသင့်ခန္ဓာကိုယ်တုံ့ပြန်ပုံက အသက်ကို ကယ်နိုင်သည်၊ ဥပမာ သင့်ထံပြေးဝင်လာသောကားကို လွတ်အောင်ရှောင်ထွက်စေနိုင်သည်။ သို့သော် ဖိစီးမှုကို အမြဲခံစားရပါက အခြေအနေမှာ လုံး၀ခြားနားသွားသည်။

ဖိစီးမှု ရန်သူဖြစ်လာချိန်

သင်သည် ဖိစီးမှုကို တစ်ချိန်လုံးခံနေရသည်ဆိုလျှင်ကော မည်သို့နည်း။ သင့်ကြွက်သားများဆက်တင်းမာနေမည်၊ သွေးဖိအားနှင့်သွေးခုန်နှုန်းမြင့်တက်နေမည်၊ ကိုလက်စထရောဓာတ်၊ အဆီ၊ အချိုဓာတ်၊ ဟော်မုန်းနှင့် အခြားဓာတုပစ္စည်းတို့သည် သွေးထဲတွင် ပမာဏများစွာနှင့် အချိန်အတော်ကြာရှိနေသည်။ ယင်းဓာတုပစ္စည်းတို့သည် အချိန်တိုအတွင်းနှင့် ပြင်းထန်ပြီး ဖြစ်ခဲသည့်လုပ်ဆောင်မှုများအတွက်ဖြစ်သည်၊ သို့သော် ယင်းဓာတုပစ္စည်းပမာဏများစွာ ကြာရှည်စွာရှိနေခြင်းက နောက်ဆုံးတွင် အရေးကြီးသောခန္ဓာအစိတ်အပိုင်းများကို ပျက်စီးသွားစေနိုင်သည်။ အကျိုးဆက်များကား အဘယ်နည်း။

ခါးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်းနှင့် ကြွက်သားများတင်းမာခြင်းတို့ကို သင်စတင်ခံစားရပေမည်။ ဆရာဝန်များအဆိုအရ ဤလက္ခဏာများသည် ကြာရှည်ဖြစ်ပေါ်သည့်ဖိစီးမှုနှင့် ဆက်နွှယ်လေ့ရှိသည်။ ကြာရှည်ဖြစ်ပေါ်သည့်ဖိစီးမှုက ဖန်တီးပြုလုပ်နိုင်စွမ်းကို ဟန့်တားသည့်အပြင် စိတ်အားထက်သန်မှုကို တိုက်စားကာ လူမှုဆက်ဆံရေးကို ပျက်ပြားစေနိုင်သည်။ အူဆိုင်ရာရောဂါ၊ ဝမ်းလျှောခြင်းနှင့် အစာပြွန်နာကျင်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ကြာရှည်ဖြစ်ပေါ်သည့်ဖိစီးမှု၏အကျိုးဆက်များမှာ ပို၍ပြင်းထန်နိုင်သည်။ ယင်းက လေဖြတ်ခြင်း၊ ရုတ်တရက်နှလုံးဖောက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးကြောဖောက်ပြန်မှုနှင့် ဆီးချိုရောဂါများဖြစ်ပေါ်စေ သို့မဟုတ် ပို၍ဆိုးစေနိုင်သည်။

“ကြာရှည်ဖြစ်ပေါ်သည့်ဖိစီးမှုက ကောတီဆောဟော်မုန်းကိုထွက်စေသောကြောင့် ဝမ်းဗိုက်နှင့်ကျောဘက်တွင် အဆီများ စုလာတတ်သည်” ဟုဗန်ဒါမာဝီရေးသားသည်။ နှင်းခူနာနှင့် အရေပြားပေါ်အနီကွက်များပေါ်သည့်ရောဂါကဲ့သို့သော အရေပြားရောဂါများသည် ဖိစီးမှုကြောင့် ဖြစ်လာတတ် သို့မဟုတ် ဖိစီးမှုကြောင့် ပိုမိုဆိုးဝါးလာတတ်သည်။ ပြင်းထန်သောဖိစီးမှုက စိတ်ကျဝေဒနာ၊ ပို၍ရန်လိုတတ်ခြင်းနှင့် ပင်ပန်းနွမ်းလျခြင်းတို့နှင့်လည်း ဆက်နွှယ်နေသည်။ ကြာရှည်ဖြစ်ပေါ်သည့်ဖိစီးမှုက မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှုကိုလည်း ရာသက်ပန်ထိခိုက်စေသည်။ ကြာရှည်ဖြစ်ပေါ်သည့်ဖိစီးမှုက ကိုယ်ခံအားစနစ်ကိုအားနည်းသွားစေပြီး လူတစ်ဦးအား သာမန်အအေးမိခြင်းမှ ကင်ဆာနှင့် ခန္ဓာကိုယ်အတွင်း ရောဂါကာကွယ်သည့်ပစ္စည်းအလိုအလျောက်တုံ့ပြန်ခြင်းကဲ့သို့သော ရောဂါများအထိ ခုခံနိုင်စွမ်းလျော့နည်းစေနိုင်သည်။

ဖိစီးမှုက စိတ်ပိုင်း၊ ကာယပိုင်း၊ စိတ်လှုပ်ရှားမှုနှင့် ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးစသည့် ကျွန်ုပ်တို့ဘ၀ကဏ္ဍအားလုံးတွင် သက်ရောက်မှုများစွာရှိသည်။ ထို့ကြောင့် ဖိစီးမှုကို မည်သို့ထိန်းချုပ်ရမည်ကိုသိရှိရန် လိုအပ်၏။ သို့တိုင် ဖိစီးမှုအပေါ်ကိုယ်ခန္ဓာက လုံး၀မတုံ့ပြန်ခြင်းကိုမူ ကျွန်ုပ်တို့မလိုလားကြချေ။ အဘယ်ကြောင့်နည်း။

ဖိစီးမှုကို လျင်မြန်ဖျတ်လတ်သော မြင်းတစ်ကောင်နှင့် နှိုင်းယှဉ်နိုင်သည်။ ယင်းကိုစီးခြင်းက ပျော်ရွှင်ပြီးစိတ်လှုပ်ရှားစရာကောင်း၏။ သို့သော် ယင်းကို လုံး၀မထိန်းချုပ်ထားပါက ကျွန်ုပ်တို့အတွက် အသက်အန္တရာယ်ရှိနိုင်သည်။ အလားတူပင် ထိန်းချုပ်ကိုင်တွယ်နိုင်သောဖိစီးမှုက ဖန်တီးပြုလုပ်နိုင်စွမ်း၊ စိတ်အားထက်သန်မှုနှင့် ကောင်းသောကျန်းမာရေးကိုဖြစ်စေပြီး ကျွန်ုပ်တို့ဘ၀ကို ပျော်ရွှင်လန်းဆန်းစေနိုင်သည်။

သို့သော် ကျွန်ုပ်တို့အသက်ရှင်ရကျိုးနပ်စေရန် ဖိစီးမှုကို မည်သို့ထိန်းချုပ်ထားနိုင်သနည်း။ နောက်ဆောင်းပါးတွင် ဖိစီးမှုကိုကောင်းစွာထိန်းချုပ်နိုင်မည့်နည်းလမ်းနှင့် ယင်းအပေါ်ကျွန်ုပ်တို့၏တုံ့ပြန်မှုအကြောင်း ဆွေးနွေးထားပါသည်။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

ဉာဏ်ပညာပြည့်ဝပြီး မေတ္တာရှိဖန်ဆင်းရှင်က ‘ထူးဆန်းစွာဖန်ဆင်းထား’

ရေပန်းစားနေသော သီအိုရီနှင့်ဆန့်ကျင်လျက် ဖိစီးမှုကိုကိုယ်ခန္ဓာ၏တုံ့ပြန်ပုံသည် သမိုင်းအကြိုခေတ်လူသားများက ရှေးခေတ်မမ်းမတ်ဆင်ကြီးများနှင့် အစွယ်ကွေးကျားများ၏ ခြိမ်းခြောက်မှုကိုတုံ့ပြန်ရာမှ ဖြစ်ပေါ်ကျန်ရှိခဲ့ခြင်းမဟုတ်ပေ။ သို့အစား ကျွန်ုပ်တို့၏ရှုပ်ထွေးလှသော ဇီ၀ကမ္မဖြစ်စဉ်သည် ကျွမ်းကျင်သောဖန်ဆင်းရှင်က ပြောင်မြောက်စွာပုံသွင်းထားခြင်းဖြစ်သည်။ ဥပမာ ရှုပ်ထွေးလှသောသွေးခဲစေခြင်းစနစ်၊ ရောဂါကူးစက်မှုကိုတိုက်ခိုက်နိုင်စွမ်းနှင့် အနာကျက်နိုင်စွမ်းတို့၏အံ့သြဖွယ်ကောင်းမှု၊ ဖိစီးမှုကို ခန္ဓာကိုယ်ကစနစ်တကျတုံ့ပြန်ပုံ အားလုံးတို့သည် ဉာဏ်ပညာပြည့်၀ပြီးမေတ္တာရှိသော ဒီဇိုင်နာတစ်ဦးကြောင့်ဖြစ်ကြောင်း ထင်ရှားသည်။

ခန္ဓာကိုယ်ရှိဤစနစ်များက ကျွန်ုပ်တို့သည် ‘ကြောက်မက်ဖွယ်၊ ထူးဆန်းစွာဖန်ဆင်းခံရ’ ကြောင်း အတည်ပြုပေးသည်။ (ဆာလံ ၁၃၉:၁၃-၁၆ကဘ) ဘုရားသခင်သည် လူသားများအား ဘ၀ကိုမွေ့လျော်စေရန် အံ့ဖွယ်နည်းဖြင့် ဖန်ဆင်းသည့်အပြင် ကာယရေးနှင့် ကိုယ်တော်နှင့်ကောင်းသောဆက်ဆံရေးရှိရန် မေတ္တာပါပြင်ဆင်ပေးချက်များက ရောက်လာတော့မည့် မြေကြီးပရဒိသုတွင် နာကျင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်း သို့မဟုတ် သေခြင်းတို့ ရှိတော့မည်မဟုတ်ကြောင်း စိတ်ချစေသည်။—ဗျာ. ၂၁:၃-၅

[စာမျက်နှာ ၅ ပါ ပုံကြမ်း/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ကြာရှည်ဖြစ်ပေါ်သော ဖိစီးမှုက ခန္ဓာကိုယ်အပေါ် သက်ရောက်သော ဆိုးကျိုးများ

ခေါင်းကိုက်ခြင်း

ဇက်ကြောတက်ခြင်း

သွားကြိတ်ခြင်း

ခါးနာခြင်း

နှလုံးရောဂါ

ကိုယ်တွင်းကိုယ်ပအနာ

ကြွက်တက်ခြင်း