မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ရှစ်

စိတ်ပျက်ခဲ့ရပေမဲ့ သူ ခံနိုင်ရည်ရှိ

စိတ်ပျက်ခဲ့ရပေမဲ့ သူ ခံနိုင်ရည်ရှိ

၁။ ရှိလော​မြို့​က လူအားလုံး ဘာကြောင့် ဝမ်းနည်းပူဆွေး နေကြ​သလဲ။

ရှမွေလ​ဟာ ရှိလော​မြို့သား​တွေ​လို​ပဲ ဝမ်းနည်းပူဆွေး နေပါ​လိမ့်မယ်။ အမျိုး​သမီး​တွေ၊ က​လေး​တွေ​ဟာ အိမ်​ပြန်​မလာ​နိုင်​တော့​တဲ့ ဖခင်​တွေ၊ ခင်​ပွန်း​တွေ၊ သား​တွေ၊ အစ်​ကို​တွေ၊ မောင်​တွေ​ရဲ့ သတင်း​ဆိုး​ကြောင့် ဝမ်း​နည်း​ပူ​ဆွေး​ပြီး ငို​ယို​နေ​ကြ​တ​ယ်။ ဘာကြောင့်လဲ။ ဖိလိတိ​လူတွေနဲ့ တိုက်ခဲ့​တဲ့ စစ်ပွဲမှာ အစ္စရေး​စစ်သား ၄,၀​၀​၀ ကျဆုံး​ခဲ့​တာ သိပ်​မကြာသေး​ဘူး။ အခုလည်း စစ်သား ၃၀,၀​၀​၀ လောက် ထပ်​ကျဆုံး​ပြန်​ပြီ။—၁ ရှ. ၄:၁၊ ၂၊ ၁၀

၂၊ ၃။ ဘယ်​အဖြစ်ဆိုး​တွေ​က ရှိလော​မြို့​အပေါ် ရှက်​စ​ရာ၊ ဂုဏ်​ကျက်သရေ ဆုံးရှုံး​စ​ရာ ဖြစ်စေ​ခဲ့သလဲ။

အဲဒါက အဖြစ်ဆိုး​တွေ အများကြီး​ထဲ​က တစ်ခု​ပဲ ရှိသေးတယ်။ ပုရောဟိတ်မင်း ဧလိရဲ့ သား​ဆိုး နှစ်ယောက် ဟောဖနိ​နဲ့ ဖိနဟတ်​တို့ဟာ ပဋိညာဉ်သေတ္တာ​ကို ရှိလော​မြို့ကနေ စစ်မြေပြင်​ဆီ သယ်​သွားကြတယ်။ တဲတော်​ရဲ့ အသန့်ရှင်းဆုံး အခန်း​ထဲမှာ ထား​နေ​ကျ သေတ္တာတော်​ဟာ ဘုရားသခင် ရှိနေတယ်​ဆိုတာကို တင်​စားတယ်။ အစ္စရေး​တွေ​က အဲဒီ​သေတ္တာတော်​ကို စစ်နိုင်​ဖို့ အဆောင်​လက်ဖွဲ့​အနေနဲ့ ရှေ့တန်း​ကို မိုက်​မိုက်မဲ​မဲ သယ်​သွားကြတယ်။ ဒါပေမဲ့ သူတို့ ထင်သလို​မဖြစ်​ဘဲ ဖိလိတိ​လူတွေက သေတ္တာတော်​ကို သိမ်းယူ​သွားပြီး ဟောဖနိ​နဲ့ ဖိနဟတ်​တို့ကို သတ်ပစ်​လိုက်ကြတယ်။—၁ ရှ. ၄:၃-၁၁

ရှိလော​မြို့​က ဝတ်ပြုရာ​တဲတော်မှာ သေတ္တာတော်​ရှိနေလို့ ဂုဏ်ယူ​ခဲ့​တာ ရာစုနှစ်ချီ ရှိခဲ့​ပြီ။ အခုတော့ သေတ္တာတော် မရှိတော့ဘူး။ အဲဒီ​သတင်း​ကိုလည်း​ကြား​ရော အသက် ၉၈ နှစ်​ရှိတဲ့ ဧလိ​ဟာ ခုံ​ပေါ်ကနေ နောက်​ပြန်​လှန်​ကျ​ပြီး သေဆုံးသွားတယ်။ အဲဒီ​နေ့မှာပဲ မုဆိုးမ​ဖြစ်သွားတဲ့ သူ့ရဲ့​ချွေးမ​လ​ည်း ကလေး​မွေး​ရင်း သေဆုံး​သွား​ရှာတယ်။ သူ​မသေ​ခင်မှာ “အစ္စရေး​တို့ရဲ့ ဘုန်းအသရေ​ဟာ တိုင်းတစ်ပါး​ကို ပါသွား​ပြီ” လို့​ပြောခဲ့တယ်။ သူ​ပြောတဲ့​အတိုင်းပဲ ရှိလော​မြို့ရဲ့ အခြေအနေ​ဟာ အကြီးအကျယ် ပြောင်းလဲ​သွားတယ်။—၁ ရှ. ၄:၁၂-၂၂

၄။ ဒီ​အခန်းမှာ ဘယ်​အကြောင်းကို ဆွေးနွေး​မလဲ။

ဒီလို​စိတ်ပျက်​စ​ရာ အခြေအနေတွေကို ရှမွေလ ဘယ်လို ခံရပ်နိုင်​မလဲ။ ယေဟောဝါ​ဘုရားရဲ့ ကာကွယ်မှု​နဲ့ မျက်နှာသာတော်​ကို ဆုံးရှုံး​လိုက်ရ​တဲ့ လူတွေကို ကူညီ​ပေးဖို့ သူ့ရဲ့ ယုံကြည်ခြင်းက တောင့်ခံ​နိုင်​ပါ့မလား။ ကျွန်တော်တို့ အားလုံး​လ​ည်း အခက်အခဲ​တွေ၊ စိတ်ပျက်​စရာတွေ​ကြောင့် ယုံကြည်ခြင်း စမ်းသပ်ခံရ​နိုင်တယ်။ ဒါကြောင့် ရှမွေလ​ဆီကနေ ဘာတွေ ထပ်​သင်ယူ​နိုင်မလဲ​ဆိုတာ ကြည့်ကြစို့။

“ဖြောင့်မတ်ခြင်း ဆောင်ကြဉ်း​ပေးခဲ့”

၅၊ ၆။ အနှစ် ၂၀ ကာလ​အကြောင်း ကျမ်းစာ​မှတ်တမ်းက ဘာကို အာရုံစိုက် ဖော်ပြသလဲ။ အဲဒီ​အတောအတွင်း ရှမွေလ ဘာတွေ လုပ်​နေသလဲ။

ကျမ်း​စာ​မှတ်​တမ်း​က ရှ​မွေ​လ​အကြောင်း​ကို ဒီ​မှာ​ရပ်​ထား​ပြီး ပ​ဋိ​ညာ​ဉ်​သေတ္တာ​တော်​အကြောင်း ဆ​က်​ဖော်​ပြတယ်။ သေတ္တာတော်​ကို ယူသွား​မိ​လို့ ဖိလိတိ​လူတွေ ဒဏ်ခတ်​ခံရပြီး ဘာကြောင့် ပြန်ပေး​ကြ​ရတဲ့​အကြောင်း ဖော်ပြတယ်။ ရှမွေလ​အကြောင်းကို နောက်​အနှစ် ၂၀ လောက်​ကြာ​မှ ကျမ်းစာက ပြန်​ဖော်ပြတယ်။ (၁ ရှ. ၇:၂) အဲဒီ​နှစ်တွေ​အတွင်း သူ ဘာတွေ​လုပ်​နေသလဲ။ ကျမ်းစာမှာ ဖော်ပြ​ထား​ပါတယ်။

အကြီး​အကျယ် ဆုံး​ရှုံး​မှု​နဲ့ စိတ်​ပျက်​စ​ရာတွေ​ကို အစ္စရေး​တွေ ကို​င်​တွယ်​ဖြေရှင်း​နိုင်​အောင် ရှ​မွေ​လ ဘယ်​လို ကူညီ​ပေး​နိုင်​သလဲ

အဲဒီ​နှစ်တွေ မတိုင်ခင် “ရှမွေလ​က အစ္စရေးတွေကို ဘုရားရဲ့​စကားတော်​တွေ ပြန်​ပြောပြ” နေတယ်လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (၁ ရှ. ၄:၁) ရှ​မွေ​လ​ဟာ အစ္စရေး​မြို့ သုံး​မြို့​ကို နှစ်တိုင်း လ​ည်​ပတ်​ပြီး အ​ငြင်း​ပွား​မှု​တွေ၊ ပြဿ​နာ​တွေ​ကို ဖြေရှင်း​ပေး​တ​ယ်။ အဲဒီနောက် သူ့ရဲ့​ဇာတိ​မြို့​ဖြစ်တဲ့ ရာ​မ​မြို့ကို ပြန်လာ​လေ့​ရှိတယ်လို့ မှတ်တမ်းက ဖော်ပြတယ်။ (၁ ရှ. ၇:၁၅-၁၇) ရှမွေလ​ဟာ အမြဲတမ်း အလုပ်များ​နေတဲ့​သူ ဖြစ်တယ်။ အဲဒီ​အနှစ် ၂၀ အတွင်း သူ့မှာ လုပ်စရာတွေ အများကြီး​ရှိတာ သေချာတယ်။

ကျမ်း​စာ​က ရှ​မွေ​လ​ရဲ့ အသက်တာ အနှစ် ၂၀ လောက်​ကို မဖော်​ပြ​ပေမဲ့ အဲဒီ​အတော​အတွင်း ယေဟောဝါ​ဘုရား​ရဲ့​အမှု​တော်​မှာ သူ အလုပ်များနေမယ်ဆိုတာ ​သေချာတယ်

၇၊ ၈။ (က) အနှစ် ၂၀ ကြိုးစား​အလုပ်လုပ်​ပြီးတဲ့နောက် လူတွေကို ရှမွေလ ဘာ​ပြောခဲ့​သလဲ။ (ခ) ရှမွေလရဲ့ အာမခံချက်ကို လူတွေ ဘယ်လို တုံ့ပြန်​ခဲ့သလဲ။

ဧလိရဲ့​သား​တွေဟာ လိင်​အကျင့်​ယိုယွင်း​ပြီး အကျင့်ပျက်​ခဲ့​တဲ့​အတွက် လူတွေရဲ့ ယုံကြည်ခြင်း​လ​ည်း တဖြည်းဖြည်း လျော့နည်း​လာတယ်။ အဲဒါကြောင့် လူ​အတော်များများ​က ရုပ်တုတွေကို ကိုးကွယ်​လာ​ကြ​ပုံ​ရတယ်။ ဒါပေမဲ့ အနှစ် ၂၀ ကြိုးစား​အလုပ်လုပ်​ပြီးနောက် လူတွေကို ရှမွေလ ဒီ​သတင်းကို ပေးခဲ့တယ်– “ယေဟောဝါ​ဘုရားဆီ စိတ်စွမ်း​ရှိသမျှနဲ့ ပြန်လာ​ချင်တယ်​ဆိုရင် တိုင်းတစ်ပါး​ဘုရားတွေ၊ အာရှတရက် ရုပ်တုတွေကို ဖယ်ရှား​လိုက်ပါ။ ယေဟောဝါ​ဆီမှာ​ပဲ စိတ်​ပုံအပ်​ထားပါ၊ စိတ်​မ​ယို​င်​ကြနဲ့။ ကိုယ်တော်​တစ်ပါးတည်းကိုပဲ ဝတ်ပြုပါ။ ဒါဆိုရင် ဖိလိတိ​လူတွေ​လက်ကနေ ကယ်တင်​လိမ့်မယ်။”—၁ ရှ. ၇:၃

“ဖိလိတိ​လူတွေ​လက်” ကြောင့် အစ္စရေး​လူတွေဟာ အကြီးအကျယ် ဒုက္ခရောက်​နေ​ကြတယ်။ အစ္စရေး​စစ်တပ် မ​ရှု​မလှ ရှုံးနိမ့်​သွားတဲ့​အတွက် ဖိလိတိ​လူတွေဟာ ဒဏ်ခတ်​မခံရ​ဘဲ ဘုရားရဲ့ လူမျိုးကို နှိပ်စက်​နိုင်ပြီ​လို့ ထင်နေ​ကြတယ်။ ဒါပေမဲ့ အစ္စရေး​လူတွေ ယေဟောဝါ​ဘုရားဆီ ပြန်လှည့်​လာ​ရင် အခြေအနေ​တွေ ပြောင်းလဲ​သွားမယ်လို့ ရှမွေလ အာမ​ခံခဲ့တယ်။ သူတို့ ပြန်လှည့်​လာ​ချင်​ကြပါ​သလား။ သူတို့ဟာ ရုပ်တုတွေကို ဖယ်ရှားပြီး “ယေဟောဝါ တစ်ပါးတည်းကိုပဲ ဝတ်ပြု​ကြ​တော့” တဲ့​အတွက် ရှမွေလ အားရ​ကျေနပ်​ခဲ့​တ​ယ်။ ဒါနဲ့ ဂျေရုဆလင်​မြောက်ဘက်​က တောင်တန်း​ထူထပ်​တဲ့ မိဇပါ​မြို့မှာ စုဝေး​ဖို့ လူတွေကို ရှမွေလ မှာ​လိုက်တယ်။ လူတွေ စုဝေး​လာပြီး အစာရှောင်​ကြတယ်၊ ရုပ်တု​ကိုးကွယ်တဲ့ သူတို့ရဲ့ အပြစ်တွေ​အတွက် နောင်တ​ယူ​ခဲ့​ကြတယ်။၁ ရှမွေလ ၇:၄-၆ ကိုဖတ်ပါ။

ယေဟောဝါ​ဘုရားရဲ့ လူ​တွေ နောင်​တ​ရ​ပြီး စု​ဝေး​နေ​တဲ့​အချိန်​က သူတို့​ကို တိုက်​ခိုက်​ဖို့ အခွင့်​ကောင်း​ပဲ​လို့ ဖိလိတိ​လူ​တွေ ထင်ခဲ့

၉။ ဖိလိတိ​လူတွေ ဘာ​အခွင့်ကောင်း​ကို မြင်ခဲ့သလဲ။ အန္တရာယ် ကျရောက်​လာတဲ့အခါ ဘုရား​လူမျိုး ဘာလုပ်ခဲ့ကြသလဲ။

ဒါပေမဲ့ အဲဒီလို စုဝေး​နေတဲ့​အကြောင်း ဖိလိတိ​လူတွေ သိသွား​ပြီး အစ္စရေး​လူ​တွေ​ကို တိုက်ခိုက်​ဖို့ အခွင့်ကောင်း​ပဲ​လို့ ယူဆ​ခဲ့​ကြတယ်။ ယေဟောဝါကို ကိုးကွယ်သူ အစ္စရေး​လူတွေကို ချေမှုန်း​ဖို့ မိဇပါ​မြို့ကို စစ်တပ်​လွှတ်လိုက်တယ်။ ဖိလိတိ​စစ်တပ် လာ​နေတဲ့​သတင်းကို အစ္စရေး​လူတွေ ကြားတဲ့​အခါ ထိတ်လန့်​သွားပြီး သူတို့​အတွက် ဆုတောင်း​ပေးဖို့ ရှမွေလ​ကို တောင်းဆို​ခဲ့​ကြတယ်။ ဒါနဲ့ ရှမွေလ​က ဆုတောင်း​ပေးတဲ့​အပြင် ပူဇော်သက္ကာ ဆက်သ​ပေးခဲ့တယ်။ အဲဒီလို ပူဇော်​နေတဲ့​အချိန်မှာ​ပဲ ဖိလိတိ​စစ်တပ်​က မိဇပါ​မြို့ကို တိုက်ခိုက်​ဖို့ ရောက်လာတယ်။ အဲဒီအခါ ရှမွေလရဲ့ ဆုတောင်းချက်ကို ယေဟောဝါ​ဘုရား အဖြေ​ပေးခဲ့တယ်။ ယေဟောဝါဟာ ဒေါသ​ထွက်ပြီး “အကြီးအကျယ် မိုးခြိမ်း​စေတဲ့​အတွက် ဖိလိတိ​လူတွေ က​စဉ့်​က​လျား​ဖြစ်​ကုန်​ပြီး စစ်​ရှုံး​သွားတယ်” လို့ မှတ်တမ်းက ဆို​တယ်။—၁ ရှ. ၇:၇-၁၀

၁၀၊ ၁၁။ (က)  ယေဟောဝါ​ဘုရား​ဖြစ်​ပေါ်​စေ​ခဲ့​တဲ့ မိုး​ခြိမ်း​သံ​က ထူး​ခြား​တ​ယ်​လို့ ဘာ​ကြောင့် ပြော​နိုင်​သလဲ။ (ခ) မိ​ဇ​ပါ​မြို့​က​နေ စ​တိုက်​ခဲ့​တဲ့ စစ်​ပွဲ​ကြောင့် ဘာ​တွေ ဖြစ်​ပျက်​ခဲ့​သလဲ။

၁၀ ကျ​ယ်​လောင်​တဲ့ မိုး​ခြိမ်း​သံ​ကြောင့် ဖိလိတိ​လူ​တွေ​ဟာ က​လေး​တွေ​လို ပြေး​ပုန်း​မ​ယ်​လို့ ထင်​သလား။ ဒီ​လူတွေ​ဟာ သန်​မာ​ထွား​ကျိုင်း​ပြီး စစ်​ရ​ည်​ဝ​နေ​တဲ့ စစ်​သား​တွေ​ပါ။ ဒါ​ကြောင့် အဲဒီ​မိုး​ခြိမ်း​သံ​က သူတို့​ကြား​ဖူး​တဲ့ မိုး​ခြိမ်း​သံ​နဲ့ လုံး​ဝ​မတူ​တာ ဖြစ်ရမယ်။ မိုး​ခြိမ်း​သံ​က ကျ​ယ်​လွန်း​လို့​လား။ အဲဒီ​အသံ​က တိမ်​ကင်း​စင်​တဲ့ ကောင်း​ကင်​က​နေ ထွက်​လာ​တာ​လား။ ဒါ​မှ​မဟုတ် ပတ်ပတ်​လည်​မှာ​ရှိ​တဲ့ တောင်​စောင်း​တွေ​က​နေ ပဲ့​တင်​ထပ်​ပြီး ထွက်​ပေါ်​လာ​တာ​လား။ ဘာ​ပဲ​ဖြစ်​ဖြစ် အဲဒီ​အသံ​ကြီး​ကြောင့် ဖိလိတိ​လူ​တွေ​ဟာ အရမ်း​ကြောက်​သွား​ကြ​တ​ယ်။ အ​လန့်​တ​ကြား​ဖြစ်​သွား​လို့ တိုက်​မယ်​ခိုက်​မ​ယ်​ဆို​တဲ့ သူတို့​ရဲ့ အကြံ​အစ​ည်​က ချက်​ချင်း​ပဲ ပြောင်း​လဲ​သွား​တ​ယ်။ ဒီတော့ အစ္စရေး​အမျိုး​သား​တွေ​ဟာ မိဇပါ​မြို့​က​နေ ထွက်​လာ​ကြ​ပြီး ဖိလိတိ​လူ​တွေ​ကို ဂျေ​ရု​ဆ​လင်​မြို့ အနောက်​တောင်​ဘက်၊ အတော်​ဝေး​ဝေး​အထိ လိုက်​တိုက်​ခိုက်​ခဲ့​ကြ​တ​ယ်။—၁ ရှ. ၇:၁၁

၁၁ အဲဒီ​စစ်​ပွဲ​ဟာ ဘုရား​သခင့်​လူမျိုး​တော်​အတွက် သိပ်​အရေး​ပါ​တဲ့ ​အပြောင်း​အလဲ​တစ်​ခု ဖြစ်​ခဲ့​ပါ​တ​ယ်။ တရား​သူကြီး​အဖြစ် ရှ​မွေ​လ အုပ်​ချုပ်​တဲ့ နောက်​ပိုင်း​နှစ်​တွေ​မှာ ဖိလိတိ​လူ​တွေ​ဟာ ဆ​က်​တိုက် တပ်​ဆုတ်​ခဲ့​ကြ​ရ​တ​ယ်။ သူတို့ သိမ်း​ယူ​ထား​တဲ့​မြို့ တစ်​မြို့​ပြီး​တစ်​မြို့ အစ္စရေး​လူ​တွေ​လက်​ထဲ ပြန်​ရောက်​လာ​တ​ယ်။—၁ ရှ. ၇:၁၃၊ ၁၄

၁၂။ ရှ​မွေ​လ​ဟာ “ဖြောင့်​မတ်​ခြင်း ဆောင်ကြဉ်း​ပေးခဲ့တယ်” ​ဆို​တဲ့ အဓိပ္ပာယ်​က ဘာလဲ။ ဘယ်​အရည်​အသွေး​တွေ​က သူ့​ကို ဆ​က်​အောင်​မြင်​စေ​ခဲ့​သလဲ။

၁၂ ရာ​စု​နှစ်​အတော်​ကြာ​ပြီး​နောက် တမန်​တော်​ပေါလု​က “ဖြောင့်​မတ်​ခြင်း ဆောင်ကြဉ်း​ပေးခဲ့” ကြ​တဲ့ တရား​သူကြီး​တွေ​နဲ့ ပ​ရော​ဖက်​တွေ စာ​ရင်း​ထဲမှာ ရှမွေလ​ကို ထည့်​သွင်း​ဖော်​ပြ​တ​ယ်။ (ဟီ. ၁၁:၃၂၊ ၃၃) ရှ​မွေ​လ​ဟာ ဘုရား​ရှေ့​မှာ မှန်​ရာ​ကို လုပ်​ဆောင်​ခဲ့​သလို တ​ခြား​သူ​တွေ​ကို​လ​ည်း အဲဒီအတိုင်း​လုပ်​ဖို့ အား​ပေး​ခဲ့​တ​ယ်။ သူ့​မှာ စိတ်​ပျက်​စ​ရာတွေ ရှိ​ပေမဲ့ ကိုယ့်​တာဝန်​ကို သစ္စာ​ရှိ​ရှိ ထမ်း​ဆောင်​ရင်း ယေဟောဝါ​ဘုရား​ကို စိတ်​ရှည်​ရှည် စောင့်​ဆိုင်း​ခဲ့​တ​ယ်။ ဒီလို​နည်း​နဲ့ ဖြောင့်​မတ်​ခြင်း​တရား​ကို ဆ​က်​ကျင့်​သုံး​နိုင်​ခဲ့​တ​ယ်။ ဒါ့​အပြင် သူ့မှာ ကျေး​ဇူး​တင် လေးမြတ်​တတ်​စိတ် ​ရှိ​တ​ယ်။ မိ​ဇ​ပါ​မြို့​မှာ အောင်​ပွဲ​ခံ​ပြီး​တဲ့​နောက် ယေဟောဝါ​ဘုရား ကူညီ​ပေး​တာ​ကို သတိ​ရ​ဖို့ အ​ထိမ်း​အမှတ်​ကျောက်​တိုင်​တစ်ခု စိုက်​ထူ​ခဲ့​တ​ယ်။—၁ ရှ. ၇:၁၂

၁၃။ (က) ရှ​မွေ​လ​ကို အတုယူ​ချင်​တ​ယ်​ဆို​ရင် ဘယ်​အရည်​အသွေး​တွေ​ကို မွေး​မြူ​ဖို့ လို​သလဲ။ (ခ) အရည်​အသွေး​ကောင်း​တွေ​ကို ဘယ်​အချိန်​မှာ မွေး​မြူ​တာ​က အကောင်း​ဆုံး​ဖြစ်​သလဲ။

၁၃ သင်​ကော “ဖြောင့်​မတ်​ခြင်း ​ဆောင်ကြဉ်း​ပေး” ချင်​ပါ​သလား။ ဒီလို​ဆို​ရင် ရှမွေလ​ရဲ့ စိတ်​ရှည်​မှု၊ စိတ်​နှိမ့်​ချ​မှု​နဲ့ ကျေး​ဇူး​တင်​လေး​မြတ်​မှု​တို့​ကို သင်​ယူ​သင့်​တ​ယ်။ (၁ ပေတရု ၅:၆ ကို​ဖတ်​ပါ။) အဲဒီ​အရည်​အသွေး​တွေ မွေးမြူဖို့ မလို​အပ်​တဲ့​သူ ဘယ်​သူ​ရှိ​သ​လဲ။ ရှ​မွေ​လ​ဟာ အဲဒီ​အရည်​အသွေး​တွေ​ကို ငယ်​ငယ်​က​တည်း​က မွေး​မြူ​ခဲ့​လို့ သူ့​အတွက် အထောက်​အကူ ဖြစ်​ခဲ့​တ​ယ်။ ဘာ​ကြောင့်​လဲ​ဆို​တော့ သူ အသက်​ကြီး​လာ​တဲ့​အခါ ပို​စိတ်​ပျက်​စ​ရာ​ကောင်း​တဲ့ အခြေ​အ​နေ​တွေ​ကို ကြုံတွေ့ခဲ့​ရ​လို့​ပါ​ပဲ။

“သခင့်​သားတွေ​လ​ည်း သခင့်​လမ်းစဉ် မလိုက်​ကြဘူး”

၁၄၊ ၁၅။ (က) ရှ​မွေ​လ “အသက်​ကြီး” လာ​တဲ့​အခါ ဘယ်လို အကြီးအကျယ် ​စိတ်​ပျက်​ခဲ့​ရ​သလဲ။ (ခ) ရှမွေလ​ဟာ ဧ​လိ​လို ရှုတ်ချ​ပြစ်တင်ခံ​ထိုက်တဲ့ ဖခင်​လား။ ရှင်း​ပြပါ။

၁၄ ရှ​မွေ​လ​အကြောင်း နောက်​တစ်​ခါ ဖော်​ပြ​ချိန်​မှာ​တော့ သူ “အသက်​ကြီး” နေ​ပြီ။ ဒီ​အချိန်​မှာ သူ့​သား ယောလ​နဲ့ အ​ဘိ​ယ​တို့​လ​ည်း အရွယ်​ရောက်​နေကြပြီ။ ဒါနဲ့ ရှမွေလ​က သူ​တရား​စီရင်​တဲ့​အခါ ကူညီ​ပေးဖို့ တာဝန်​ပေး​တ​ယ်။ ဒါ​ပေမဲ့ သူ​ယုံ​စား​မိ​တာ အကြီး​အကျယ် မှား​သွား​တ​ယ်။ ရှမွေလ​က ရိုး​သား​ဖြောင့်​မတ်​သ​လောက် သူ့​သား​တွေ​က​တော့ အခွင့်​အရာ​ကို အ​လွဲ​သုံး​စား​လုပ်​ကြ​တယ်၊ တရား​မျှ​တ​မှု မရှိ​တဲ့​အပြင် လာဘ်​စား​ကြ​တ​ယ်။—၁ ရှ. ၈:၁-၃

၁၅ တစ်​နေ့​ကျ​တော့ အစ္စရေး​အကြီးအကဲ​တွေ​က သက်​ကြီး​ရွယ်​အို ရှ​မွေ​လ​ဆီ​လာ​ပြီး “သခင့်​သားတွေ​လ​ည်း သခင့်​လမ်းစဉ် မလိုက်​ကြဘူး” လို့ လာ​တိုင်​ကြ​တ​ယ်။ (၁ ရှ. ၈:၄၊ ၅) အဲဒါကို ရှမွေလ သိသလား။ မှတ်​တမ်း​မှာ မဖော်​ပြ​ထား​ဘူး။ ဒါပေမဲ့ ရှ​မွေ​လ​ဟာ ဧ​လိ​လို​တော့ မဟုတ်​ပါဘူး။ သူဟာ ရှုတ်ချ​ပြစ်တင်ခံ​ထိုက်တဲ့ ဖခင် ​မဟုတ်​ခဲ့​ဘူး။ ဧလိ​ကျတော့ သူ့​သား​တွေ ဆိုး​သွမ်း​နေ​တာ​ကို မဆုံးမ​တဲ့​အပြင် ဘုရား​သခင်​ထက် သား​တွေ​ကို ပို​ချီး​မြှောက်​တဲ့​အတွက် ယေဟောဝါ​ဘုရား​က သူ့ကို အပြစ်​ပေး ဆုံးမ​ခဲ့​ရတယ်။ (၁ ရှ. ၂:၂၇-၂၉) ရှမွေလ​ဆီ​မှာ​တော့ အဲဒီ​လို အပြစ်​တင်​စရာ ယေဟောဝါ​ဘုရား မ​တွေ့ခဲ့​ဘူး။

သား​ဆိုး​တွေ​ကြောင့် စိတ်​ပျက်​ခဲ့​ရ​တာ​ကို ရှ​မွေ​လ ဘယ်​လို ကို​င်​တွယ် ဖြေရှင်း​ခဲ့ သလဲ

၁၆။ က​လ​န်​က​ဆန်​လုပ်​တဲ့ သား​သမီး​တွေ​ကြောင့် မိ​ဘ​တွေ ဘယ်​လို​ခံစား​ရ​သလဲ။ မိ​ဘ​တွေ​ဟာ ရှ​မွေ​လ​ရဲ့ စံ​န​မူ​နာ​က​နေ နှစ်​သိမ့်​မှု​နဲ့ လမ်း​ညွှန်​မှု ဘယ်​လို​ရ​နိုင်​မလဲ။

၁၆ သား​တွေ ဆိုး​သွမ်း​နေ​တာ​ကို ရှ​မွေ​လ သိ​လိုက်​ရ​တဲ့​အခါ အရှက်ကွဲ​သွားတယ်၊ စိုး​ရိမ်​ပူ​ပန်​ပြီး စိတ်​ပျက်​ခဲ့​ရတယ်လို့ ကျမ်းစာ​မှတ်​တမ်း​မှာ မဖော်​ပြ​ထား​ဘူး။ ဒါ​ပေမဲ့ ရှ​မွေ​လ ဘယ်​လို ခံစား​ခဲ့​ရ​မ​ယ်​ဆို​တာ ဒီ​နေ့​ခေတ် မိ​ဘ​တွေ ကောင်း​ကောင်း သိ​နား​လ​ည်​ပါ​လိမ့်​မ​ယ်။ ဆိုး​သွမ်း​တဲ့ ဒီ​ခေတ်​မှာ မိ​ဘ​ရဲ့ အခွင့်​အာ​ဏာ​နဲ့ ဆုံးမ​မှု​ကို သား​သမီး​တွေ က​လ​န်​က​ဆန်​လုပ်​တာ နေ​ရာ​တကာ​မှာ တွေ့နေ​ရတယ်။ (၂ တိမောသေ ၃:- ကို​ဖတ်​ပါ။) စိတ်​သော​က​ရောက်​နေ​ကြ​တဲ့ မိ​ဘ​တွေ​ဟာ ရှမွေလ​ရဲ့ စံ​န​မူ​နာ​က​နေ နှစ်​သိမ့်​မှု​နဲ့ လမ်း​ညွှန်​မှု ရ​နိုင်​တ​ယ်။ သား​တွေ​က သစ္စာ​မရှိကြ​ပေမဲ့ ရှမွေလ​ကတော့ ဆ​က်​သစ္စာ​ရှိ​ခဲ့​တ​ယ်။ ပြော​ဆို​ဆုံးမ​တာ​ကို သား​သမီး​တွေ နားမထောင်​ပေမဲ့ မိ​ဘ​ရဲ့ ပုံသက်သေ​က သူတို့​တွေ​အတွက် စွဲမှတ်စရာ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ မိ​ဘ​တွေ​ဟာ ရှ​မွေ​လ လုပ်​ခဲ့​တဲ့​အတိုင်း ကောင်း​ကင်​ဖခင် ယေဟောဝါ​ရဲ့​စိတ်​တော်​ကို ရွှင်​လ​န်း​အောင် လုပ်​နိုင်​တဲ့ အခွင့်​အရေး အမြဲ​ရှိ​ပါ​တ​ယ်။

“ကျွန်တော်တို့ကို အုပ်ချုပ်မယ့် ဘုရင်​တစ်ပါး ခန့်အပ်​ပေးပါ”

၁၇။ အစ္စရေး အ​ကြီး​အကဲ​တွေ​က ရှ​မွေ​လ​ဆီ​မှာ ဘာ​ကို မရ​မ​က တောင်း​ဆို​ကြသလဲ။ ဒါ​ကို ရှ​မွေ​လ ဘယ်လို​တုံ့​ပြန်​ခဲ့​သလဲ။

၁၇ ရှ​မွေ​လ​ရဲ့ သား​တွေ​ဟာ ကိုယ့်ရဲ့​လော​ဘ​ကြီး​မှု၊ ကိုယ်​ကျိုး​ရှာ​မှု​က လူ​တွေ​ကို ဘယ်​လောက် ထိ​ခိုက်​မ​ယ်​ဆို​တာ မစဉ်း​စား​ကြ​ဘူး။ အစ္စရေး အကြီးအကဲ​တွေ​က “တခြား​လူမျိုး​တွေ​လို ကျွန်တော်တို့ကို အုပ်ချုပ်မယ့် ဘုရင်​တစ်ပါး ခန့်အပ်​ပေးပါ” လို့ ရှ​မွေ​လ​ကို လာ​ပြော​ကြ​တ​ယ်။ ဒီလို​တောင်း​ဆို​တဲ့​အတွက် အ​ပယ်​ခံ​လိုက်​ရ​ပြီလို့ ရှ​မွေ​လ ခံစား​ခဲ့​ရ​သလား။ ယေဟောဝါ​ဘုရား​ကိုယ်​စား အစ္စရေး​တွေ​ကို တရား​သူကြီး​အ​နေ​နဲ့ ရှ​မွေ​လ အုပ်​စိုး​လာ​တာ ဆယ်​စု​နှစ်​ချီ ​ရှိ​နေ​ပြီ။ အခု သူတို့​ဟာ​ ရှ​မွေ​လ​လို သာ​မ​န်​ပ​ရော​ဖက်​တစ်​ယောက် မဟုတ်​ဘဲ သူတို့​ကို တရား​စီရင်​ဖို့ ဘုရင်​တစ်ပါး လိုချင်​နေ​တ​ယ်။ အိမ်​နီး​ချင်း​နိုင်​ငံ​တွေ​မှာ ဘုရင်​တွေ ရှိ​သလို အစ္စရေး​တွေ​က​လ​ည်း ဘုရင်​တစ်ပါး ရ​ချင်​နေ​တ​ယ်။ အဲဒီအခါ ရှ​မွေ​လ ဘယ်​လို​တုံ့ပြန်​ခဲ့​သလဲ။ အဲဒီ​ကိစ္စ​ကို ရှ​မွေ​လ “သဘောမကျ” ဘူး​လို့ ကျမ်းစာမှာ ဖတ်​ရ​တ​ယ်။—၁ ရှ. ၈:၅၊ ၆

၁၈။ ယေဟောဝါ​ဘုရား​က ရှ​မွေ​လ​ကို ဘယ်လို နှစ်​သိမ့်​ပေး​သလဲ။ အစ္စရေး​တွေ​ရဲ့ ကြီး​လေး​တဲ့​အပြစ်​ကို ဘယ်​လို ဖော်​ပြခဲ့​သလဲ။

၁၈ ဒီ​ကိစ္စ​ကို ယေဟောဝါ​ဘုရား​ဆီ ရှ​မွေ​လ ဆုတောင်း​တင်​ပြ​တဲ့​အခါ ကိုယ်​တော် ဒီ​လို​ဖြေကြား​ခဲ့​တယ်– “လူတွေ တောင်းဆိုတဲ့​အတိုင်း လိုက်လျော​ပေးလိုက်ပါ။ တကယ်တော့ သူတို့က မင်းကို​ငြင်းပယ်​တာ မဟုတ်ဘူး။ ငါ့ကို ဘုရင်အဖြစ် လက်မခံဘဲ ငြင်းပယ်​လိုက်တာ။” ဒီ​စကား​တွေ​က ရှ​မွေ​လ​ကို စိတ်​သက်​သာ​စေ​ခဲ့​ပါ​လိမ့်​မ​ယ်။ ဒါ​ပေမဲ့ အစ္စရေး​လူ​တွေ​က အနန္တ​တန်ခိုးရှင် ဘုရားသခင်​ကို တကယ်​စော်​ကား​နေ​ကြ​တာ​ပဲ။ အစ္စရေး​တွေ​ဟာ လူ​သား​ရှ​င်​ဘုရင် တောင်း​ဆို​တဲ့​အတွက် အကြီး​အကျယ် ပေး​ဆ​ပ်​ရ​လိမ့်​မ​ယ်​လို့ ရှ​မွေ​လ​ကို ယေဟောဝါ​ဘုရား သတိ​ပေး​ခိုင်း​တ​ယ်။ ဘုရား​သခင် ပြော​ခိုင်း​တဲ့​အတိုင်း ရှ​မွေ​လ ပြော​ပြ​တဲ့​အခါ အစ္စရေး​တွေ​က “ဘာပဲ​ဖြစ်ဖြစ်၊ ကျွန်တော်တို့ကို အုပ်ချုပ်မယ့် ဘုရင်​ရှိ​မှ ဖြစ်မယ်” ဆို​ပြီး မရ​မ​က တောင်း​ဆို​ကြ​တ​ယ်။ ဘုရား​သခင်​ရဲ့​စကား​ကို အမြဲ​နာ​ခံ​တဲ့ ရှ​မွေ​လ​ဟာ ဘုရား​ရွေး​ပေး​တဲ့ ဘုရင်​ကို ဘိ​သိ​က်​ပေး​လိုက်​ပါတယ်။—၁ ရှ. ၈:၇-၁၉

၁၉၊ ၂၀။ (က) အစ္စရေး​ဘုရင်​အဖြစ် ရှောလု​ကို ဘိ​သိ​က်​ပေး​ဖို့ ယေဟောဝါ​ဘုရား​ရဲ့ ညွှန်​ကြား​ချက်​ကို ရှမွေ​လ ဘယ်​လို ​နာ​ခံ​ခဲ့​သလဲ။ (ခ) ယေဟောဝါရဲ့ လူမျိုး​ကို ရှ​မွေ​လ ဘယ်​လို ဆ​က်​ကူညီ​ပေး​ခဲ့​သလဲ။

၁၉ ဒါ​ပေမဲ့ ရှ​မွေ​လ ဘယ်​လို​ပုံ​စံ​မျိုး​နဲ့ နာ​ခံ​မှု​ပြခဲ့​ပါသလဲ။ မ​ကျေ​မ​နပ်​နဲ့ ဝတ်​ကျေ​တမ်း​ကျေ နာခံ​ခဲ့​ပါ​သ​လား။ စိတ်​ပျက်​သွား​ပြီး နာ​ကြည်း​တဲ့​စိတ်​တွေ ဝင်​ခဲ့​ပါသလား။ တ​ခြား​သူ​တွေ​သာ​ဆို​ရင် အဲဒီ​လို ဖြစ်​သွား​နိုင်​ပေမဲ့ ရှ​မွေ​လ​က​တော့ ​မဖြစ်​ခဲ့​ပါ​ဘူး။ ရှောလု​ကို ဘိ​သိ​က်​ပေးပြီး သူဟာ ယေဟောဝါ​ဘုရား​ကိုယ်​တိုင် ရွေး​ချယ်​တဲ့​သူ​ပဲ​လို့ ရှ​မွေ​လ အသိ​အမှတ်​ပြု ပြောဆို​ခဲ့​တ​ယ်။ ဘုရင်​အသစ် ရှောလု​ကို ကြို​ဆို​ပြီး လက်​အောက်​ခံ​တဲ့​အ​နေ​နဲ့ သူ့​ကို ရှမွေလ နမ်း​ခဲ့​တ​ယ်။ အဲဒီ​နောက် အစ္စရေး​တွေ​ကို ရှ​မွေ​လ​က “ဒီမှာ​ကြည့်ကြ။ ယေဟောဝါ​ဘုရား ရွေးချယ်တာ သူ​ပဲ။ လူတွေ​ထဲမှာ သူ့လို​လူ မရှိဘူး” ဆိုပြီး ပြောတယ်။—၁ ရှ. ၁၀:၁၊ ၂၄

၂၀ ရှ​မွေ​လ​ဟာ ယေဟောဝါ​ရွေး​ချယ်​ထား​သူ​ရဲ့ အမှား​တွေ​ကို မဟုတ်​ဘဲ ကောင်း​ကွက်​တွေ​ကို​ပဲ အာ​ရုံ​စိုက်​ခဲ့​တ​ယ်။ သူ​ကိုယ်​တိုင်​လ​ည်း စိတ်​အပြောင်း​အလဲ​မြန်​တဲ့ လူ​တွေ​ရဲ့ မျက်​နှာ​သာ​ရ​ဖို့​ထက် ဘုရား​သခင်​အပေါ် သစ္စာ​တည်​ကြည်​ဖို့​ကို​ပဲ အာ​ရုံ​စိုက်​ခဲ့​တ​ယ်။ (၁ ရှ. ၁၂:၁-၄) ရှ​မွေ​လ​ဟာ သူ​ရ​ရှိ​ထား​တဲ့ တာဝန်​ကို သစ္စာ​ရှိ​ရှိ ထမ်း​ဆောင်​ဖို့ ကြိုးစား​ခဲ့​တ​ယ်။ ယေဟောဝါ​ဘုရား​နဲ့ ဆက်ဆံ​ရေး ပျက်​ပြား​သွား​နိုင်​တဲ့ အန္တရာယ်​တွေ​အကြောင်း အစ္စရေး​တွေ​ကို သတိ​ပေး​တ​ယ်။ ယေဟောဝါ​ဘုရား​အပေါ် ဆ​က်​သစ္စာ​ရှိ​ကြ​ဖို့ အား​ပေး​တိုက်တွန်း​ခဲ့​တ​ယ်။ ရှ​မွေ​လ​ပြောတဲ့ ဆုံးမ​စကား​တွေ​က အစ္စရေး​တွေရဲ့ စိတ်​နှလုံးကို ထိ​မိ​သွား​လို့ သူတို့​ကိုယ်​စား ဘုရား​သခင်​ဆီ ဆုတောင်း​ပေး​ဖို့ တောင်း​ပန်​ခဲ့​ကြ​တ​ယ်။ အဲဒီ​အခါ သူ​ဒီ​လို​ပြော​ခဲ့​တာ​က မှတ်​သား​စ​ရာ​ပါ​ပဲ– “ခင်ဗျားတို့​အတွက် ကျွန်တော် ဆုမတောင်း​ပေး​တော့​ဘူးဆိုရင် ယေဟောဝါ​ဘုရားကို ပြစ်မှား​ရာ​ရောက်မှာပေါ့။ အဲဒီလို ပြစ်မှား​ဖို့​ဆိုတာ စဉ်း​တောင် မစဉ်းစားဝံ့​ပါဘူး။ ကောင်းမွန်​မှန်ကန်တဲ့ လမ်း​ကို ကျွန်တော် ဆက်ပြီး သွန်သင်ပေး​ဦး​မှာပါ။”—၁ ရှ. ၁၂:၂၁-၂၄

မ​နာ​လို​စိတ်၊ နာ​ကြည်း​စိတ်​တွေ မရှိ​ဖို့ ရှ​မွေ​လ​ရဲ့ စံ​န​မူ​နာ​က သတိပေး

၂၁။ အခွင့်​အရေး​တစ်​ခု​ကို တ​ခြား​သူ​တစ်​ယောက် ရ​သွား​လို့ သင်​စိတ်​ပျက်​ခဲ့​ရ​တ​ယ်​ဆို​ရင် ရှ​မွေ​လ​ရဲ့ စံနမူနာက ဘယ်​လို အကူ​အညီ ဖြစ်​စေ​နိုင်​သလဲ။

၂၁ အခွင့်​အရေး​တစ်​ခု​ကို တ​ခြား​သူ​တစ်​ယောက် ရ​သွား​လို့ သင် စိတ်​ပျက်​ဖူး​သလား။ မ​နာ​လို​ဖြစ်​တာ၊ စိတ်​နာ​ကြည်း​တာ​မျိုး ဘယ်​တော့​မှ မဖြစ်​ဖို့ ရှ​မွေ​လ​ရဲ့ စံ​န​မူ​နာ​က သတိ​ပေး​တ​ယ်။ (ပညာအလိမ္မာ ၁၄:၃၀ ကို​ဖတ်​ပါ။) ဘုရား​သခင်​အပေါ်​သစ္စာ​ရှိ​တဲ့ ကျေး​ကျွန် တစ်ယောက်စီ​ကို စိတ်​ကျေ​နပ်​အား​ရ​စေမယ့် အလုပ်​တွေ ကိုယ်​တော်​ပေး​နိုင်​ပါ​တ​ယ်။

“ရှောလု​အတွက် မင်း ဘယ်လောက်​ကြာကြာ ပူဆွေး​နေမှာ​လဲ”

၂၂။ ရှ​မွေ​လ​ဟာ ရှောလု​ရဲ့ ဘယ်​ကောင်း​ကွက်​တွေ​ကို တွေ့မြင်​ခဲ့​သလဲ။

၂၂ ရှ​မွေ​လ​ဟာ ရှောလု​ရဲ့ ကောင်း​ကွက်​တွေ​ကို တွေ့​မြင်​ခဲ့​တ​ယ်။ တွေ့​လ​ည်း တွေ့မြင်​သင့်​ပါ​တ​ယ်။ ဘာကြောင့်လဲ​ဆိုတော့ သူဟာ တကယ် ထူး​ခြား​တဲ့​သူ​ဖြစ်လို့ပဲ။ အရပ်​ရှည်​ပြီး ခန့်​ညား​ချောမော​တဲ့ ရှောလု​ဟာ ရဲ​စွမ်း​သတ္တိ​ရှိ​တဲ့​အပြင် လုပ်​ရ​ည်​ကို​င်​ရ​ည်​လ​ည်း ရှိ​တ​ယ်။ အစ​ပိုင်း​မှာ ကျိုးနွံ​မှု​ရှိ​တ​ယ်၊ ဘဝင်​လ​ည်း မ​မြင့်​ဘူး။ (၁ ရှ. ၁၀:၂၂၊ ၂၃၊ ၂၇) အဲဒီ​လို အရည်​အသွေး​ကောင်း​တွေ သူ့​မှာ ရှိတဲ့​အပြင် လွတ်လပ်​စွာ ရွေးချယ်ခွင့်​လ​ည်း ရှိတယ်။ တစ်​နည်း​အား​ဖြင့် ကိုယ့်​ဘဝကိုယ် ရွေးချယ်​ဆုံးဖြတ်​ပိုင်ခွင့်​ရှိ​တ​ယ်။ (တရား. ၃၀:၁၉) အဲဒီ​အ​ခွင့်​အရေး​ကို သူ​ကောင်း​ကောင်း အသုံးပြု​ခဲ့​ပါ​သလား။

၂၃။ ရှောလု​မှာ တန်​ဖိုး​ရှိ​တဲ့ ဘယ်​အရည်​အသွေး အရင်​ဆုံး ပျောက်​ဆုံး​သွား​သလဲ။ ဘယ်​လို ဆက်ပြီး မာန​ထောင်​လွှား​ခဲ့​သလဲ။

၂၃ လူ​တစ်​ယောက်​ဟာ အာ​ဏာ​ရ​လာ​ပြီဆို​ရင် ကျိုးနွံ​မှု​အရည်​အသွေး အရင်​ဆုံး ပျောက်​သွား​တတ်​တာ​က ဝမ်း​နည်း​စ​ရာ​ပါ​ပဲ။ အာ​ဏာ​ရ​ပြီး သိပ်​မကြာ​ခင်မှာ ရှော​လ​ဟာ မာ​န​ထောင်​လွှား​လာ​တ​ယ်။ ရှ​မွေ​လ​က​နေ​တစ်ဆင့် ယေဟောဝါ​ဘုရား​ပေး​တဲ့ ​ညွှန်​ကြား​ချက်​တွေ​ကို ရှောလု မလိုက်နာ​တော့​ဘူး။ တစ်​ခါ​က​ဆို​ရင် ရှောလု စိတ်​မရှည်​တော့​လို့ ရှ​မွေ​လ​ဆက်သ​ရမယ့် ​ပူ​ဇော်​သက္ကာ​ကို သူ​ကိုယ်​တိုင် ​ပူ​ဇော်​လိုက်​တ​ယ်။ အဲဒီ​အတွက် ရှောလု​ကို ရှ​မွေ​လ ပြင်း​ပြင်း​ထန်ထန် သတိ​ပေး​ခဲ့​ပြီး ရှောလု​ရဲ့​မိ​သား​စု​မှာ မင်း​ဆ​က် မတည်​ရ​ဘူးလို့ ကြို​ပြော​လိုက်​တ​ယ်။ အဲဒီလို ဆုံးမ​တာ​ကို ရှောလု လက်ခံ​မ​ယ့်​အစား ပို​ဆိုးတဲ့ လုပ်​ရပ်​တွေ​ကိုတောင် ဆက်လုပ်​ခဲ့​တ​ယ်။—၁ ရှ. ၁၃:၈၊ ၉၊ ၁၃၊ ၁၄

၂၄။ (က) အာ​မ​လက်​လူ​တွေ​နဲ့ စစ်​တိုက်​တဲ့​အခါ ယေဟောဝါ​ဘုရား​ကို ရှောလု မ​နာ​ခံ​ဘဲ ဘာလုပ်ခဲ့​သလဲ။ (ခ) ဆုံးမ​ခံ​ရ​တဲ့​အခါ ရှောလု ဘယ်​လို တုံ့​ပြန်​ခဲ့​သလဲ။ ယေဟောဝါ​ဘုရား ဘယ်​လို ဆုံး​ဖြတ်​ခဲ့​သလဲ။

၂၄ အာ​မ​လက်​လူ​တွေ​ကို စစ်​သွား​တိုက်​ဖို့ ရှောလု​ကို ရှ​မွေ​လ​က​နေ​တစ်ဆင့် ယေဟောဝါ​ဘုရား မိန့်မှာ​တ​ယ်။ ယေဟောဝါ ​ညွှန်​ကြား​တဲ့​အ​ထဲ​မှာ မင်း​ဆိုး​အာ​ဂတ်​ကို သတ်​ပစ်​ဖို့​လ​ည်း ပါ​တ​ယ်။ ဒါပေမဲ့ ရှောလု​ဟာ အာ​ဂတ်​မင်း​ကို အသက်​ချမ်း​သာ​ပေး​တဲ့​အပြင် ဖျက်​ဆီး​ပစ်​ရ​မ​ယ့် လက်​ရ​ပစ္စည်း​တွေ​ထဲ​က အကောင်း​ဆုံး​တွေ​ကို ချန်​ထား​တ​ယ်။ ရှောလု​ကို ရှမွေလ ဆုံးမ​တဲ့အခါ သူ အရင်​လို​မဟုတ်​တော့ဘဲ ပြောင်း​လဲ​သွား​ပြီဆို​တာ သိလိုက်​ရ​တယ်။ လက်ခံမယ့်​အစား ရှာ​ကြံ​အကြောင်း​ပြတယ်၊ ဆင်​ခြေ​ပေး​တ​ယ်၊ ရှင်း​ချက်​တွေ​ထုတ်​တ​ယ်၊ အပြစ်​လွတ်​အောင် ရှောင်​တိမ်း​ပြော​ဆို​တဲ့​အပြင် လူ​တွေ​အပေါ် အပြစ်​ပုံ​ချ​ဖို့ ကြိုး​စား​လိုက်​သေး​တယ်။ လက်​ရ​ပစ္စည်း​တ​ချို့​က ယေဟောဝါ​ဘုရား​ကို ​ပူ​ဇော်​ဖို့​ပါ​လို့ ပြော​ပြီး ဆုံးမ​ပဲ့​ပြင်​မှု​ကို အလေး​အနက်​မထား​ဘဲ ငြင်း​ပယ်​ဖို့ ရှောလု ကြိုး​စား​ခဲ့​တ​ယ်။ အဲဒီ​အခါ ရှ​မွေ​လ​က “ယေဟောဝါ​ဘုရားကို နာခံ​တာ​ဟာ ပူဇော်သက္ကာ​ထက် ပို​ကောင်းတယ်” လို့ ပြော​လိုက်​တ​ယ်။ ရှောလု​ကို ရှ​မွေ​လ သတ္တိ​ရှိ​ရှိ ပြ​စ်​တင်​ပြော​ဆို​ခဲ့​ပြီး ယေဟောဝါ​ဘုရား​ရဲ့ ဆုံး​ဖြတ်​ချက်​ကို​လ​ည်း ပြော​လိုက်​တယ်။ အဲဒါက ဘုရင့်​အာဏာကို ရှောလု​ဆီကနေ ရုပ်သိမ်း​ပြီး သူ့​ထက် ပို​ထိုက်တန်​သူကို ပေးမှာ​ဖြစ်တယ်။ *၁ ရှ. ၁၅:၁-၃၃

၂၅၊ ၂၆။ (က) ရှ​မွေ​လ​ဟာ ရှောလု​အတွက် ဘာ​ကြောင့် ​ပူဆွေး​ခဲ့သလဲ။ ယေဟောဝါ​ဘုရား​က ရှ​မွေ​လ​ကို ဘယ်​လို ည​င်​ည​င်​သာ​သာ ဆုံးမ​ခဲ့​သလဲ။ (ခ) ယေ​ရှဲ​အိမ်​ကို ရောက်တော့ ရှ​မွေ​လ ဘာ​သင်​ခန်း​စာ ရခဲ့​သလဲ။

၂၅ ရှောလု​ရဲ့ မနာခံမှုကြောင့် ရှ​မွေ​လ အရမ်း​ဝမ်း​နည်း​ခဲ့​တ​ယ်။ အဲဒီ​ကိစ္စ​နဲ့​ပတ်​သက်​ပြီး ယေဟောဝါ​ဘုရား​ရှေ့ တစ်​ည​လုံး ငို​ကြွေး​ခဲ့​တ​ယ်။ ရှောလု​ရဲ့ အရည်​အသွေး​ကောင်းတွေကို ရှ​မွေ​လ မြင်​တွေ့ခဲ့​လို့ သူ့​ဆီ​က​နေ အများ​ကြီး မျှော်​လင့်​ခဲ့​ပေ​မဲ့ အခု​တော့ တစ်​စ​စီ ပျက်​စီး​သွား​ပါ​ပြီ။ အရင်​က သူ​သိ​ခဲ့​တဲ့ ရှောလု​ဟာ အခု​တော့ အများ​ကြီး ​ပြောင်း​လဲ​သွား​ပြီ။ သူ့​ရဲ့ အရည်​အသွေး​ကောင်း​တွေ ပျောက်​ဆုံး​ကုန်​ပြီ။ ယေဟောဝါ​ဘုရား​ကို ဖီ​ဆန်​တဲ့​အထိပဲ။ ဒါ​ကြောင့် ရှောလု​ကို ရှမွေလ ထပ်အတွေ့​မခံ​တော့​ဘူး။ ဒါ​ပေမဲ့ နောက်ပိုင်းမှာ ရှမွေလ​ကို ယေဟောဝါ​ဘုရားက ဒီ​လို ည​င်​ည​င်​သာ​သာ တည့်​မတ်​ပေး​ခဲ့​ရတယ်– “ရှောလု​အတွက် မင်း ဘယ်လောက်​ကြာကြာ ပူဆွေး​နေမှာ​လဲ။ အခု၊ သူ့ကို အစ္စရေး​ဘုရင်အဖြစ်​ကနေ ငါ​ပယ်​လိုက်ပြီ။ ဒါကြောင့် သိုး​ချို​ထဲ ဆီ​ဖြည့်​ပြီး ဘက်သလီဟင်​မြို့သား ယေရှဲ​ဆီ​ကို သွားပါ။ သူ့​သားတစ်ယောက်​ကို ဘုရင်အဖြစ် ငါ​ရွေးချယ်​ထားတယ်။”​—၁ ရှ. ၁၅:၃၄၊ ၃၅။ ၁၆:၁

၂၆ ယေဟောဝါ​ဘုရား​ရဲ့ ရ​ည်​ရွယ်​ချက် ပြည့်​စုံ​ဖို့​ဆိုတာ သစ္စာ​မရှိ​တဲ့ မစုံလင်​သူ လူ​သား​တွေ​အပေါ် မ​မူတည်​ဘူး။ လူ​တစ်​ယောက် သစ္စာ​မရှိ​တော့​ရင် ယေဟောဝါ​က တ​ခြား​သူ​တစ်​ယောက်​ကို မိမိ​အလို​တော် ထမ်း​ဆောင်​စေ​ပါ​လိမ့်​မ​ယ်။ ဒါနဲ့​ပဲ သက်ကြီး​ရွယ်​အို ရှ​မွေ​လ​ဟာ ရှောလု​ကြောင့် ဝမ်းနည်း​မနေ​တော့​ဘူး။ ယေဟောဝါ​ဘုရား ညွှန်​ကြား​တဲ့​အတိုင်း ဗက်လင်​မြို့​က ယေ​ရှဲ​ရဲ့​အိမ်​ကို​သွား​ပြီး ရုပ်​ရ​ည်​ခန့်​ညား​တဲ့ သား​တွေ​နဲ့ တွေ့​လိုက်တယ်။ အပြင်​ပန်း အသွင်​အပြင်​ကို​ပဲ မကြည့်​ဖို့ အစ​က​တည်း​က ရှ​မွေ​လ​ကို ဘုရား​သခင် သတိ​ပေး​ထားတယ်။ (၁ ရှမွေလ ၁၆: ကို​ဖတ်ပါ။) နောက်​ဆုံး ယေ​ရှဲ​ရဲ့​သား အငယ်​ဆုံး​၊ ဒါဝိဒ်​ကို ရှ​မွေ​လ​တွေ့​ခဲ့​တယ်။ သူ​က ယေဟောဝါ​ဘုရား ရွေး​ချယ်​ထား​တဲ့​သူ​ပါ​ပဲ။

စိတ်​ပျက်​စ​ရာ​ကောင်းတဲ့ ဘယ်​အခြေ​အ​နေ​မျိုးကို​မဆို ယေဟောဝါ​ဘုရား ဖြေရှင်းနိုင်တဲ့အပြင် ကောင်း​ချီး​အဖြစ်​တောင် ပြောင်း​လဲ​ပေး​နိုင်​တ​ယ်​ဆို​တာ ရှ​မွေ​လ တွေ့​မြင်​ခဲ့

၂၇။ (က) ဘာ​က ရှ​မွေ​လ​ရဲ့ ယုံ​ကြည်​ခြင်း​ကို ပို​ပြီး ခိုင်​မြဲလာ​စေ​သလဲ။ (ခ) ရှ​မွေ​လ ချမှတ်​ခဲ့​တဲ့ စံ​န​မူ​နာ​ကို သင် ဘယ်​လို သဘောထား​သလဲ။

၂၇ ရှ​မွေ​လ မ​ကွယ်​လွန်​ခင် နောက်​ပိုင်း​နှစ်​တွေ​မှာ ရှောလု​အစား ​ဒါဝိဒ်​ကို ရွေးချယ်​ခဲ့​တဲ့ ယေဟောဝါ​ဘုရား​ရဲ့ ဆုံး​ဖြတ်​ချက် မှန်တယ်​ဆို​တာ ပိုပြီး ရှင်း​ရှင်း​လင်း​လင်း သိ​မြင်​လာတယ်။ ရှောလု​ဟာ ဒါဝိဒ်​ကို သတ်​ပစ်​ချင်​တဲ့​အထိ မ​နာ​လို​ဖြစ်​လာ​ပြီး အယူ​ဖောက်​ပြန်​တဲ့​သူ​တောင် ဖြစ်​သွား​တ​ယ်။ ဒါဝိဒ်​ကျတော့ ရဲ​ရ​င့်​သူ၊ တည်​ကြည်​သူ၊ ယုံ​ကြည်​ခြင်း​ရှိ​ပြီး သစ္စာ​စောင့်​သိ​သူ​ဖြစ်​ကြောင်း ဖော်​ပြခဲ့​တ​ယ်။ ရှ​မွေ​လ​လ​ည်း ကွယ်လွန်​ခါနီး​လေ ယုံ​ကြည်​ခြင်း ပို​ခိုင်​ခံ့​လေ​ပဲ။ စိတ်ပျက်​စ​ရာ​ကောင်းတဲ့ ဘယ်​အခြေအနေ​မျိုးကို​မဆို ယေဟောဝါ​ဘုရား ဖြေရှင်း​ပေး​နိုင်တယ်။ အဲဒီအပြင် ကောင်းချီး​အဖြစ်​တောင် ပြောင်းလဲ​ပေး​နိုင်တယ်ဆိုတာ ရှမွေလ တွေ့မြင်​လိုက်ရတယ်။ အနှစ်​တစ်​ရာ​ နီးပါး အသက်ရှင်​ခဲ့​တဲ့ ရှ​မွေ​လ​ရဲ့ ဘဝ​မှတ်တမ်း​ဟာ တကယ်​ထူး​ခြား​ပြီး မှတ်သား​စ​ရာ​ကောင်းပါတယ်။ ဒါကြောင့် သစ္စာ​ရှိ​တဲ့ ရှမွေလ ကွယ်​လွန်​သွား​တဲ့​အခါ အစ္စရေး​တစ်မျိုး​လုံး ဝမ်းနည်း​ပူ​ဆွေး​ခဲ့​ကြ​တ​ယ်။ ဒီနေ့ ယေဟောဝါ​ရဲ့ ကျေး​ကျွန်​တွေ​ဟာ “ရှ​မွေ​လ​ရဲ့​ယုံ​ကြည်​ခြင်း​ကို ငါ အတု​ယူ​မလား” ဆို​ပြီး ကိုယ့်​ကိုယ်​ကိုယ် မေး​သင့်တယ်။

^ အပိုဒ်၊ 24 ရှ​မွေ​လ​ကိုယ်​တိုင် အာ​ဂတ်​ဘုရင်​ကို သတ်​ပစ်​ခဲ့​တ​ယ်။ ဒီ​ဆိုး​သွမ်း​တဲ့ ဘုရင်​ရော သူ့​မိ​သား​စု​ပါ သနား​ကြင်နာ​မှု မရ​ထိုက်​ဘူး။ ရာ​စု​နှစ်​တွေ ကုန်​လွန်​ပြီး​နောက်​ပိုင်း​မှာ “အာ​ဂတ်​လူမျိုး ဟာ​မ​န်” ဟာ ဘုရား​လူမျိုး​ကို မျိုး​ဖြုတ်​ သတ်ပစ်ချင်တဲ့​အထိ ဆိုး​ခဲ့​တ​ယ်။—ဧသ. ၈:၃။ ဒီ​စာ​အုပ်​ရဲ့ အခန်း ၁၅ နဲ့ ၁၆ တို့​ကို ကြည့်​ပါ။