မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြည့်ရှုလော့! အံ့ဖွယ်သောအလင်းတော်ပါတကား!

ကြည့်ရှုလော့! အံ့ဖွယ်သောအလင်းတော်ပါတကား!

ကြည့်ရှုလော့! အံ့ဖွယ်သောအလင်းတော်ပါတကား!

သင်သည် အမှောင်ထုထဲ စမ်းတဝါးဝါးသွားလာဖူးလျှင် အလွန်စိတ်ပျက်စရာကောင်းကြောင်း သိပေမည်။ အလင်းကိုသာမြင်ရလျှင် စိတ်ချမ်းသာလိုက်မည်ဖြစ်ခြင်း! မှောင်မိုက်နှင့်တူသော အခြေအနေတစ်မျိုးကို သင်ကြုံဖူးကောင်းကြုံဖူးပေမည်။ ပြဿနာတစ်ခုကို လုံးဝဖြေရှင်း၍မရနိုင်သည့်အခြေအနေက မှောင်မိုက်ထဲရောက်နေသည့်အလားဖြစ်၏။ ပြဿနာဖြေရှင်းနည်းကို သိရှိသွားသည့်အခါ အလင်းတန်းကို တစ်စတစ်စမြင်တွေ့လိုက်ရသည့်နှယ်ဖြစ်သည်။ ထိုသို့မှောင်မိုက်ထဲမှ အလင်းထွန်းလင်းလာခြင်းသည် အံ့ဖွယ်တစ်ပါးပင်။

ပထမရာစုမှ လူအများစုသည် ဝိညာဉ်ရေးမှောင်မိုက်ထဲတွင် ရှိနေကြသည်။ ယခင်ယုံကြည်ခြင်းကိုစွန့်ပြီး ခရစ်ယာန်ဖြစ်လာသူတို့ကို တမန်တော်ပေါလုက ဘုရားသခင်သည် သူတို့အား “မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူ” သည်ဟုရေးခဲ့၏။ (၁ ပေတရု ၂:၉) ယင်းသည် သူတို့အတွက် အမှောင်အတိမှ တောက်ပသောအလင်းဆီသို့ ခေါ်သွင်းခံရခြင်းနှင့်တူသည်။ အထီးကျန်ကာ မျှော်လင့်ချက်ကင်းမဲ့နေသည့်အဖြစ်မှ ဘေးကင်းလုံခြုံသော မိသားစုတစ်စုထဲ ရောက်ရှိလာသည့်အခြေအနေနှင့်လည်း နှိုင်းယှဉ်နိုင်သည်။—⁠ဧဖက် ၂:၁၊ ၁၂

“သင်သည် ရှေးဦးစွာသောချစ်ခြင်းမေတ္တာလျော့ပြီ”

ကနဦးခရစ်ယာန်များသည် စစ်မှန်သောခရစ်ယာန်ယုံကြည်ချက်ဖြစ်သော ‘အမှန်တရား’ ကိုတွေ့ရှိခဲ့ကြသည်။ (ယောဟန် ၁၈:၃၇) အမှန်တရား၏အံ့ဖွယ်အလင်းတော်ကို သူတို့တွေ့မြင်ခဲ့ရပြီး ဝိညာဉ်ရေးမှောင်မိုက်မှ ထွန်းတောက်သောအလင်းရောင်ထဲ ခေါ်ဆောင်ခံရခြင်းပင်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ခရစ်ယာန်အချို့သည် စိတ်ထက်သန်မှု လျော့နည်းသွား၏။ ဥပမာ၊ ပထမရာစုအကုန်ပိုင်းတွင် ဧဖက်အသင်းတော်၌ ကြီးလေးသောပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ရှင်ပြန်ထမြောက်သွားသော ယေရှုခရစ်သည် ထိုပြဿနာကိုရည်ညွှန်းကာ ဤသို့ဆို၏– “သင်သည် ရှေးဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌အပြစ်တင်စရာရှိ၏။ ထိုကြောင့် . . . အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင်တရလော့။” (ဗျာ. ၂:၄၊ ၅) ဧဖက်မြို့မှခရစ်ယာန်များသည် ဘုရားသခင်နှင့်အမှန်တရားကို ချစ်မြတ်နိုးစိတ် အမြဲရှင်သန်နေဖို့လိုသည်။

ကျွန်ုပ်တို့ကော။ ကျွန်ုပ်တို့လည်း ကျမ်းစာပါအံ့ဖွယ်အမှန်တရားဖြစ်သော အလင်းရောင်ကို တွေ့မြင်ရသောကြောင့် ရွှင်မြူးခဲ့ကြသည်။ အမှန်တရားကို ကျွန်ုပ်တို့ချစ်မြတ်နိုးလာသည်။ သို့သော် ဖြစ်လေ့ဖြစ်ထရှိသောအခက်အခဲများ ကြုံရသည့်အခါ အမှန်တရားကိုချစ်မြတ်နိုးစိတ် လျော့နည်းသွားနိုင်သည်။ ထို့ပြင် ‘နောက်ဆုံးကာလ’ က အခြေအနေကိုပိုဆိုးစေနိုင်သည်။ “ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ” တို့နှင့်ပြည့်နှက်နေသည့် “ခဲယဉ်းသောကာလ” တွင် ကျွန်ုပ်တို့အသက်ရှင်နေရသည်။ (၂ တိမောသေ ၃:၁၊ ၂) ထိုသူတို့က ကျွန်ုပ်တို့၏ဇွဲကိုလျော့နည်းစေပြီး ယေဟောဝါအား ချစ်မြတ်နိုးစိတ်ကို အေးစက်သွားစေနိုင်သည်။

မူလကရှိခဲ့သောချစ်မေတ္တာ ပျောက်ဆုံးနေပါက ‘အရင်နေရာအရပ်ကိုအောက်မေ့၍ နောင်တရ’ ဖို့လိုသည်။ ဝိညာဉ်ရေးတွင် ပြန်သန်စွမ်းရန် ကြိုးစားရမည်။ ထို့ပြင် အမှန်တရားကိုချစ်မြတ်နိုးသည့်စိတ် လျော့နည်းမသွားအောင် ကြိုးစားရမည်။ ကျွန်ုပ်တို့အားလုံး အပြုသဘောထားဆက်ရှိနေရန်၊ ဘုရားသခင်နှင့်အမှန်တရားကို ချစ်မြတ်နိုးစိတ် ဆက်ထိန်းသိမ်းသွားရန် အရေးကြီးလှသည်။

အမှန်တရားသည် ကျွန်ုပ်တို့ကို လွှတ်လိမ့်မည်

လူသန်းပေါင်းများစွာကို စိတ်ရှုပ်ထွေးစေသည့် အရေးကြီးမေးခွန်းများကို ကျမ်းစာက ဖြေဆိုပေးသောကြောင့် ဝိညာဉ်ရေးအမှန်တရားအလင်းသည် အံ့ဖွယ်ဖြစ်၏။ ထိုမေးခွန်းများအနက် အချို့မှာ– ကျွန်ုပ်တို့ အဘယ်ကြောင့် ဤတွင်ရောက်ရှိနေသနည်း။ ဘဝရည်ရွယ်ချက်ကား အဘယ်နည်း။ ဆိုးသွမ်းမှုများ အဘယ်ကြောင့်တည်ရှိနေရသနည်း။ နောင်ဘဝရှိပါသလောတို့ဖြစ်ကြ၏။ အယူဝါဒဆိုင်ရာ အံ့ဖွယ်အမှန်တရားအလင်းကို ယေဟောဝါထွန်းလင်းပေးတော်မူသည်။ ယင်းအတွက် ကျွန်ုပ်တို့ အမှန်ကျေးဇူးတင်သင့်သည်မဟုတ်လော။ ကျွန်ုပ်တို့သင်ယူသိရှိခဲ့ရာများအတွက် ကျေးဇူးမသိတတ်သည့်သဘော ဘယ်တော့မျှမရှိပါစေနှင့်!

‘အမှန်တရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်’ ဟုတပည့်များကို ယေရှုမိန့်တော်မူ၏။ (ယောဟန် ၈:၃၂) ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာသည် အပြစ်နှင့်သေခြင်းအောက်မှ လွတ်မြောက်စေနိုင်၏။ သို့သော် ထိုအဖိုးထိုက်အမှန်တရားများကလည်း အမှောင်အတိဖုံးလွှမ်းနေသောလောက၏ အသိပညာကင်းမဲ့မှု၊ မရေရာမသေချာမှုများမှ လွတ်မြောက်စေနိုင်သည်။ သင်ယူသိရှိခဲ့ရာများကို လေးမြတ်စိတ်ဖြင့်တွေးတောဆင်ခြင်ခြင်းက ယေဟောဝါနှင့်ကိုယ်တော့်နှုတ်မြွက်တော်ကို ချစ်မြတ်နိုးစိတ်ရှင်သန်နေစေမည်။

သက်သာလောနိတ်မြို့မှ ခရစ်ယာန်များထံ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– ‘ငါတို့ဟောပြောသော ဘုရားသခင်၏နှုတ်မြွက်တော်ကို သင်တို့သည် ခံယူကြသောအခါ လူ၏နှုတ်ထွက်စကားကိုမခံမယူဘဲ ဘုရားသခင်၏နှုတ်မြွက်တော်အမှန်ဖြစ်သည်နှင့်အညီ ယုံကြည်ခြင်းသို့ရောက်သော သင်တို့အထဲ၌ပြုပြင်သော ဘုရားသခင်၏နှုတ်မြွက်တရားကို ခံယူကြသည်။’ (၁ သက်သာလောနိတ် ၂:၁၃) သက်သာလောနိတ်မြို့သားများသည် ‘ဝမ်းမြောက်ခြင်းနှင့်တကွ [ဘုရားသခင့်]နှုတ်မြွက်တော်ကိုခံယူ’ ကြသည်။ သူတို့သည် “မှောင်မိုက်၌” ရှိမနေတော့ဘဲ “အလင်း၏သား” များဖြစ်လာကြသည်။ (၁ သက်သာလောနိတ် ၁:၄-၇; ၅:၄၊ ၅) ယေဟောဝါသည် ဖန်ဆင်းရှင်ဖြစ်ပြီး အတိုင်းအဆမဲ့တန်ခိုးရှင်၊ ဉာဏ်ပညာနှင့်ပြည့်စုံ၍ မေတ္တာကရုဏာရှင်ဖြစ်တော်မူကြောင်း ထိုခရစ်ယာန်များသိရှိလာကြသည်။ သားတော်ယေရှုခရစ်၏ ရွေးဖိုးပူဇော်သကာအားဖြင့် မိမိတို့အပြစ်များပြေစေခြင်းငှာ ယေဟောဝါချေဖျက်ပေးကြောင်း အခြားခရစ်ယာန်များနည်းတူ သူတို့သိရှိလာကြသည်။—⁠တမန်တော် ၃:၁၉-၂၁

သက်သာလောနိတ်မြို့သားများသည် ကျမ်းစာအမှန်တရားအကြောင်း အလုံးစုံမသိသည့်တိုင် အသိပညာကို မည်သည့်နေရာမှ ရယူနိုင်ကြောင်း သိရှိထားကြသည်။ ကျမ်းစာသည် ဘုရားသခင်၏လူကို “စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ” ဖြစ်စေနိုင်၏။ (၂ တိမောသေ ၃:၁၆၊ ၁၇) သက်သာလောနိတ်ရှိ ခရစ်ယာန်များအနေဖြင့် ကျမ်းစာကို ဆက်၍လေ့လာကာ ဘုရားသခင်ထံမှလာသောအလင်းသည် အံ့ဖွယ်ဖြစ်ကြောင်း အကြိမ်ကြိမ် ကြုံတွေ့ခံစားနိုင်ကြသည်။ သူတို့ အစဉ်မပြတ်ဝမ်းမြောက်ခဲ့ကြ၏။ (၁ သက်သာလောနိတ် ၅:၁၆) ကျွန်ုပ်တို့လည်း ထပ်တူပင်။

ကျွန်ုပ်တို့လမ်းခရီးအတွက် အလင်း

အလင်းသည် အံ့ဖွယ်ဖြစ်ရသည့်အကြောင်းရင်းတစ်ခုကို ဖော်ပြရာတွင် ဆာလံဆရာ ဤသို့သီကျူးခဲ့၏– နှုတ်မြွက်တော်သည် “အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏။” (ဆာလံ ၁၁၉:၁၀၅) ဘုရားသခင့်နှုတ်မြွက်တော်မှတစ်ဆင့်ရရှိသော လမ်းပြမှုက လမ်းမှန်သို့ပြသပေးပြီး ဘဝကိုအဓိပ္ပာယ်ရှိစေသည်။ လမ်းပျောက်သွားသည့် သင်္ဘောကဲ့သို့ ဖြစ်စရာအကြောင်းမရှိပေ။ အမှန်တရားကို သိရှိကျင့်သုံးခြင်းက ‘ခပ်သိမ်းသောသွန်သင်ချက်လေတိုက်၍ ဖရိုဖရဲလွင့်’ သွားသောအဖြစ်မှ ကာကွယ်ပေးနိုင်သည်။—⁠ဧဖက် ၄:၁၄

“မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။” ‘ယာကုပ်အမျိုး၏ဘုရားသခင် မစတော်မူသောသူ၊ မိမိဘုရားသခင်ကို မျှော်လင့်သောသူသည် မင်္ဂလာရှိ၏’ ဟုကျမ်းစာကဖော်ပြသည်။ (ဆာလံ ၁၄၆:၃၊) ထို့ပြင် ယေဟောဝါကို ကိုးစားခြင်းက စိုးရိမ်ကြောက်လန့်ခြင်းမရှိရန် ကူညီပေးနိုင်သည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– ‘အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။’ (ဖိလိပ္ပိ ၄:၆၊ ၇) ဘုရားသခင့်နှုတ်မြွက်တော်အလင်း၏ လမ်းပြမှုကိုခံယူခြင်းက အမှန်ပင် အကျိုးကျေးဇူးရရှိစေပါသည်။

လောက၌ အလင်းအိမ်များကဲ့သို့ ထွန်းလင်း

ဘုရားသခင့်နှုတ်မြွက်တော်သည် အံ့ဖွယ်ဖြစ်ရသည့် နောက်အကြောင်းရင်းတစ်ခုမှာ ယင်းက လူတို့အား ဂုဏ်အရှိဆုံးတာဝန်ကို ရရှိစေသည်။ ‘သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသွန်သင်ကြလော့။ ငါသည်လည်း ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်’ ဟုတပည့်များကို ယေရှုမိန့်မှာသည်။ ထိုမိန့်မှာချက်ကို “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ” ဟူသောစကားဖြင့် အစပြုခဲ့သည်။—⁠မဿဲ ၂၈:၁၈-၂၀

လူခပ်သိမ်းတို့အား သတင်းကောင်းဟောပြော၍ ကျမ်းစာအမှန်တရားသွန်သင်ပေးရာတွင် ခရစ်ယာန်စစ်များကို မည်သူထောက်ကူနေကြောင်း သုံးသပ်ကြည့်ပါ။ ယေရှုသည် မိမိနောက်လိုက်များနှင့် အစဉ်မပြတ်ရှိမည်ဟု ကတိပြုခဲ့သည်။ ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်ခြင်းနှင့် “ကောင်းသောအကျင့်” များကျင့်ခြင်းဖြင့် “အလင်းကို လင်းစေ” သည့်အခါ ကိုယ်တော်ထောက်မကူညီတော်မူသည်။ (မဿဲ ၅:၁၄-၁၆) ဤသတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် ကောင်းကင်တမန်များလည်း ပါဝင်နေကြသည်။ (ဗျာ. ၁၄:၆) ယေဟောဝါဘုရားသခင်ကော။ တမန်တော်ပေါလုက “ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား၊ ဘုရားသခင်ပေတည်း” ဟုရေးသားခဲ့၏။ “ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူချင်း” ဖြစ်ခွင့်ရခြင်းက ဂုဏ်ယူစရာပင်။—⁠၁ ကောရိန္သု ၃:၆၊

ဘုရားသခင်အပ်နှင်းထားသောတာဝန်ကို ကြိုးစားထမ်းဆောင်ရာတွင် ကောင်းချီးခံစားရပုံကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်ပေးသနားသောအခွင့်ထူးဖြစ်သည့် ‘လောက၌ အလင်းအိမ်များကဲ့သို့ထွန်းလင်း’ ရခြင်းကို ဘယ်အရာနှင့်မျှမနှိုင်းယှဉ်နိုင်ပါ။ ကျွန်ုပ်တို့၏အပြောအဆို၊ အမူအကျင့်တွင် သမ္မာကျမ်းစာမှအလင်းကို ထွန်းလင်းပြခြင်းဖြင့် စိတ်ရိုးဖြောင့်သူများကို ကူညီပေးနိုင်ကြသည်။ (ဖိလိပ္ပိ ၂:၁၅သမ္မာ) ဘုရားသခင်သည် ကျွန်ုပ်တို့၏လုပ်ဆောင်မှုနှင့် ‘နာမတော်ကိုထောက်၍ ပြသောမေတ္တာကို မေ့လျော့သည်တိုင်အောင် မကောင်းမှုကိုပြုတော်မူသည်မဟုတ်’ သောကြောင့် ကျွန်ုပ်တို့ ဇွဲဖြင့်ဟောပြောသွန်သင်နေသည်နှင့်အမျှ ရွှင်လန်းအားရနိုင်ကြသည်။—⁠ဟေဗြဲ ၆:၁၀

“မျက်စဉ်းကို ငါ့ထံမှာဝယ်လော့”

ပထမရာစုရှိ လောဒိကိအသင်းတော်ထံရေးသော စာတွင် ယေရှုဤသို့မိန့်ဆို၏– “သင်၏မျက်စိမြင်စေခြင်းငှာ [“မျက်စဉ်းကို ငါ့ထံမှာဝယ်လော့၊” ကဘ] . . .။ ငါချစ်သမျှသောသူတို့၏အပြစ်ကို ငါစစ်ဆေး၍ သူတို့ကိုဆုံးမတတ်၏။” (ဗျာ. ၃:၁၈၊ ၁၉) ဝိညာဉ်ရေးတွင် မျက်ကန်းဖြစ်နေခြင်းကို ကုစားနိုင်သည့် “မျက်စဉ်း” မှာ ယေရှု၏သွန်သင်ဆုံးမချက်များဖြစ်သည်။ ဝိညာဉ်ရေးအမြင် ကြည်လင်ပြတ်သားနေလိုလျှင် ကိုယ်တော်၏ဆုံးမစကားနှင့် ကျမ်းစာမှလမ်းညွှန်ချက်များကို လက်ခံလိုက်နာရမည်။ ခရစ်တော်၏စိတ်သဘောကိုမွေးမြူပြီး ကိုယ်တော့်ပုံသက်သေကို လိုက်နာသင့်သည်။ (ဖိလိပ္ပိ ၂:၅; ၁ ပေတရု ၂:၂၁) သို့သော် မျက်စဉ်းကို အခမဲ့မရနိုင်ပါ။ “မျက်စဉ်းကို ငါ့ထံမှာဝယ်လော့” ဟုယေရှုဆိုခဲ့၏။ ယင်းကိုဝယ်ယူနိုင်ရန် အချိန်နှင့်ခွန်အားစိုက်ထုတ်ရမည်။

ကျွန်ုပ်တို့သည် အမှောင်ထဲမှထွက်၍ လင်းထိန်နေသောအခန်းတစ်ခုထဲ ဝင်လိုက်သည့်အခါ ချက်ချင်း မျက်စိမဖွင့်နိုင်ပေ။ အလားတူ ကျမ်းစာလေ့လာရန်၊ အမှန်တရားအလင်းကို တွေ့မြင်နိုင်ရန် အချိန်ယူဖို့လိုသည်။ သင်ယူသိရှိရာကို ဆင်ခြင်တွေးတောရန်၊ ထိုအမှန်တရားသည် မည်မျှအဖိုးထိုက်ကြောင်း စဉ်းစားရန် အချိန်ယူရမည်။ ပေးဆပ်လိုက်ရသည့်အဖိုးအခမှာ မများလွန်းပါ။ အဘယ်ကြောင့်နည်း။ အလင်းတော်သည် အံ့ဖွယ်ဖြစ်သောကြောင့်ပေတည်း!

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

‘သင်၏မျက်စိမြင်စေခြင်းငှာ မျက်စဉ်းကိုငါ့ထံမှာဝယ်လော့’